လူဆိုတဲ့အမျိုးက အပြိုင်အဆိုင် သိပ်ဝါသနာပါကြတာကလား။ သိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပြိုင်တတ်ကြတယ်။ သိပ်ပြီးပြိုင်ချင်စိတ်တွေ၊ နိုင်ချင်စိတ်တွေ များလာတဲ့အခါ အကန့်အသတ်ဆိုတဲ့စကားလုံးကို မေ့တတ်လာကြတယ်။ စွမ်းဆောင်ရည်အမှန်ကို သတိမရတော့ဘူး။ ဒီအချက်ကိုအသုံးချပြီးဂေါက်ကွင်းမှာ အနိုင်ယူလေ့ရှိတဲ့ အန်ကယ်လ်ကြီးတစ်ယောက်ရဲ့ လျှို့ဝှက်ချက်ကလေး ပြောပြပါမယ်။
တစ်မနက်မှာ ဂေါက်ရိုက်ကြတော့ အန်ကယ်လ်ကြီးလည်း ပါတယ်။ ရိုက်ရင်းနဲ့သတ်မှတ်ရိုက်ချက် ၃ (Par 3) ကျင်းတစ်ကျင်းကို ရောက်တယ်။ ဂရင်းက ရေဝိုင်းနေတဲ့ဂရင်း (Island Green)။ ရိုက်ချက်ကသေသပ် တိကျဖို့ လိုတယ်။ တိုရင်ရေကျမယ်။ များရင် ရေကျမယ်။ ဘယ်ညာထွက်ရင် ရေကျမယ်။ ဒီလိုကျင်းတိုတွေ မှာ လောင်းကြေးကလည်း စုံတတ်တယ်။ တစ်ချက်တည်းနဲ့ ဂရင်းပေါ်ရောက်ကြေး (On)၊ သတ်မှတ်ရိုက်ချက် (Par)၊ တစ်ချက်လျော့ (Birdie) စသဖြင့် တိုးလာတတ်ကြတယ်။ ဒီတော့ အမှားမခံဘူး။ မှားရင် ကားသွားမယ်။
အန်ကယ်လ်ကြီးက ပထမဦးဆုံးရိုက်တယ်။ ဂရင်းပေါ်ရောက်သွားတယ်။ အနည်းဆုံးဂရင်းပေါ် ရောက်ကြေးတော့ ခိုင်သွားပြီ။ ဒုတိယအလှည့်ရိုက်မယ့် သူက လှမ်းမေးတယ်။
''အန်ကယ်လ်ကြီး ဘာတုတ်နဲ့ရိုက်တာလဲ''
''သံ ၉''
အန်ကယ်လ်ကြီးရဲ့အဖြေကြားချိန်မှာ မေးတဲ့ဆရာ အာရုံနောက်သွားတယ်။ သူပုံမှန်ရိုက်နေတာ သံတုတ် နံပါတ် ၈။ တစ်ခါတလေဆိုရင် ၇ တောင် ရိုက်သေးတာ။ ဒီအဘိုးကြီး လူကို လာစားနေပြီ။ မဟုတ်သေးပါဘူး။
''အန်ကယ်လ်ကြီး တုတ်လေးခဏလောက်''
အန်ကယ်လ်ကြီးဆီက တုတ်တောင်းကြည့်တယ်။
''ဘာလဲ။ မောင်ရင်က မေးလည်းမေးသေး တယ်။ မယုံဘူးလား။ ရော့ ဒီမှာကြည့်''
ဟုတ်ပ။ သံတုတ် နံပါတ် ၉။ သူတောင် ၉ ရိုက်သေးတာ၊ ငါကဘာဖြစ်လို့ ၈ ရိုက်ရမှာလဲ။ စိတ်ထဲမှာ ဖြစ်လာတဲ့အတွေးနဲ့အတူ ကယ်ဒီကို သံတုတ် ၉ ပေးဖို့ တောင်းလိုက်တယ်။
''ဆရာခါတိုင်း ၈ ရိုက်နေကျပါ''
''ဟေ့ လျှာမရှည်နဲ့။ နင်က ဆရာလား၊ ငါက ဆရာလား။ တောင်းတာသာပေးစမ်း''
ဂေါက်သီးဘောလုံးကို တည်တယ်။ သက်သောင့်သက်သာရပ်တယ်။ ရိုက်တယ်။ ကောင်းလိုက်တဲ့ ထိချက်။ ဘောလုံးက ငြိမ်ပြီးဖြောင့်ဖြောင့်တန်းတန်း ထွက်သွားတယ်။
''ဟာ''
ဂရင်းပေါ်ရောက်ဖို့ တစ်ပေလောက်အလိုမှာ ရေထဲကျသွားတယ်။ လှည့်ကြည့်လိုက်တော့ အန်ကယ်လ်ကြီးက ပြုံးလို့။
''အန်ကယ်လ်ကြီး တုတ်လေး ပြပါဦး''
''ကြည့်ပါဗျာ။ ရော့''
သူ့တုတ်နဲ့ကိုယ့်တုတ်က အမျိုးအစားတံဆိပ်လည်း အတူတူ။ မော်ဒယ်လည်း အတူတူ။ အခုအရှည်တိုင်းကြည့်လိုက်တော့လည်း အတူတူ။ တစ်ခုခုတော့ မှားနေပါပြီ။ ခေါင်းကို မသက်မသာယမ်းရင်း အန်ကယ်လ်ကြီးကို တုတ်ပြန်ပေးလိုက်တယ်။
ဂေါက်သီးရိုက်အပြီး စားသောက်အောင်ပွဲခံတော့ အန်ကယ်လ်ကြီးကို ကပ်ပြီးမေးကြည့်တယ်။ ဒါသွေးရိုးသားရိုး မဟုတ်ဘူး။ လျှို့ဝှက်ချက်တစ်ခုတော့ ရှိရမယ်ပေါ့။ မြင်းဖြူစီးရင်း အရှိန်ကလေးရလာတော့ အန်ကယ်လ်ကြီးက တိုးတိုးလေးပြောတယ်။ မင်းသိချင်ရင် စိန်ပီတာကို မေးကြည့်တဲ့။
စိန်ပီတာက ဂေါက်တုတ် အရောင်းအဝယ်လည်း လုပ်တယ်။ ဂေါက်တုတ်လက်ကိုင်ဂရစ် (Grip) လဲတာ၊ ဂေါက်တုတ်ရိုးတံ (Shaft) လဲတာ၊ တုတ်ပြင်တာတွေ လုပ်တယ်။ စိန်ပီတာက ရယ်ပြီးပြောပါတယ်။
''ဟားဟား။ ဒါ အန်ကယ်လ်ကြီးက မင်းကိုခင်လွန်းလို့ ပြောပြလိုက်တာ။ ဒီလိုကွ။ သူက သူ့သံတုတ်တွေရဲ့တုတ်ခေါင်း (Club Head) တွေရဲ့ မျက်နှာပွင့် (Loft) တွေကို ဒီဂရီ ပြန်ပြင်ထားတာ။ ဥပမာကွာ၊ သူများ သံတုတ်နံပါတ် ၉ က ၄၉ ဒီဂရီဆိုရင် သူ့တုတ် က ၄၆-၄၇ ဒီဂရီ ဖြစ်မယ်ပေါ့ကွာ။ အဲဒီတော့ တုတ်ချင်းတူစေဦးတော့ သူ့တုတ်က ပိုပြေးတယ်။ ထိတာချင်းတူရင် ပိုဝေးဝေးရောက်တယ်။ ရှင်းပြီလား''။ စိန်ပီတာ ပြောတာနားထောင်ရင်း အန်ကယ်လ်ကြီးရဲ့ မျက်နှာပြုံးပြုံးကြီးကို မြင်ယောင်နေမိပါတယ်။
မောင်စံပေါ