ရွှေဆိုတာမြန်မာလူမျိုးတွေအတွက် မရှိဝမ်းစာ ရှိတန်ဆာလို့ဆိုကြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှု၊ ပြုပြင်မွမ်းမံ အချောကိုင်မှု၊ ရောင်းဝယ်မှုလုပ်ငန်းတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ ရွှေလက်ဝတ်ရတနာ ရောင်းချမှုလုပ်ငန်းတွေမှာ စံချိန်စံညွှန်းမီပြီး မှန်ကန်တဲ့ဈေးနှုန်းတွေနဲ့ ရောင်းချနိုင်ဖို့ ကြပ်မတ်ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းကို ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က Panda Hotel မှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ ၁၁ ကြိမ်မြောက်နှစ်ပတ်လည် အသင်းသားစုံညီ အစည်း အဝေးမှာ ၂၀၁၄ ခုနှစ်မှာဖြစ်လာနိုင်တဲ့ ရွှေဈေးကွက်အခြေအနေနဲ့ပတ်သတ်ပြီး ရွှေလုပ်ငန်းရှင်တချို့နဲ့တွေဆုံမေးမြန်းဖြစ်ခဲ့တာတွေကို ရွှေကိုအမြတ်တနိုးဝယ်ယူစု ဆောင်းချင်သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။
ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်နှင့်ရတနာရွှေဆိုင်) အတွင်းရေးမှူး မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ၂၀၁၄ ခုနှစ်မှာဖြစ်မယ့် ရွှေဈေးကွက်ရဲ့အလားအလာကတော့ နိုင်ငံတကာမှာ ဖြစ်လာမယ့် ရွှေဈေးကွက်ပေါ်မှာလည်း အဓိကမူတည်နေပါတယ်။ အမေရိကန်နိုင်ငံရဲ့စီးပွားရေး ဖြစ်တဲ့ဗဟိုဘဏ်ပေါ်လစီ၊ အီးယူရဲ့စီးပွာရေးနဲ့ပတ်သတ်တဲ့Impact တွေ၊ နောက်ပြီးကျွန်တော်တို့အာရှမှာရှိတဲ့ China ရဲ့စီးပွားရေးImpact တွေပေါ်မှာမူတည်ပြီး နိုင်ငံတကာ ဈေးနှုန်းကလည်း ပြောင်းလဲသွားတာပါ။ ကျွန်တော်တို့မြန်မာ နိုင်ငံကလည်း နိုင်ငံတကာဈေးနှုန်းအတိုင်းလိုက်ပြောင်းလဲ နေတာဆိုတော့ အဲဒါတွေအပေါ်မှာ အများကြီးမူတည်နေ ပါတယ်။ ရွှေကိုတော့မြန်မာလူမျိုးတွေက စုဆောင်းလေ့ ရှိကြပါတယ်။ စုဆောင်းထားနိုင်ရင်လည်း ကောင်းပါတယ်။ တစ်နည်းသုံးသပ်မယ်ဆိုရင်တော့ အရင်တုန်းကရွှေဈေးက ကျပ် ၇၈၀,၀၀၀၊ ၇၉၀,၀၀၀ လောက်အထိ ဖြစ်ဖူးတယ်၊ ဒီနေ့ ဒီအချိန်အခါမှာကျပ် ၆၅၀,၀၀၀၊ ၆၄၀,၀၀၀ ထိ ဆိုတော့ တစ်သိန်းကျော်လောက် ကျသွားတဲ့သဘောမှာ ရှိပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ရွှေဝယ်မယ်ဆိုရင် မဆိုးဘူးဆိုတဲ့အနေအထားမှာရှိနေပါတယ်။ ဒီထက်ဈေးကျလည်း နည်းနည်းပဲကျမှာပါ။ ဈေးနှုန်းတက်မယ့်အလားအလာကတော့ ကျွန်တော့်စိတ်ထင် International Situation အရ သိပ်တက်မယ့်အလားအလာ မရှိနိုင်လောက်ဘူးလို့ ထင်ပါတယ်။ ရွှေဈေးကျတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ငွေ ကြေးဈေးကွက်နဲ့ သက်ဆိုင်မှု မရှိဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဒေါ်လာတွေကို Open လုပ်လိုက်တဲ့အခါ ဗဟိုဘဏ်ကတော့အဓိကငွေလဲနှုန်းတွေ ထိန်းပေးတဲ့ သဘောပါပဲ။
ဦးခင်မောင်ဟန် (Future ရွှေကုမ္ပဏီ၊ သပိတ်ကျင်း) ဗဟိုအလုပ်အမှုဆောင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ရွှေဈေးကွက်ရဲ့အလားအလာကတော့ ရွှေဟာအခြေအနေသုံး ရပ်ပေါ်မှာမူတည်ပြီး ဖြစ်ပေါ်လာတာပါ။ ကမ္ဘာ့ပေါက်ဈေး ပေါ်မူတည်သလို မြန်မာနိုင်ငံငွေကြေး လဲလှယ်တဲ့နှုန်းထား၊ ရွှေဈေးကွက်ရဲ့ရောင်းလိုအား ဝယ်လိုအားစတဲ့အခြေနေသုံးရပ်ပေါ် မူတည်နေပါတယ်။ ရွှေကြမ်းရည်ထုတ်လုတ်တဲ့အနေအထားပေါ်လည်း မူတည်နေပါတယ်။ ဒီဈေးကွက်ပေါ်မှာပဲဖြစ်တဲ့အတွက် လာမယ့်နှစ်ဈေးကွက်အလားအလာမှာရွှေလုပ်ငန်းတွေပိုမိုဖွံ့ဖြိုးတိုးတက်လာရင်တော့ ရွှေအထွက် ပိုလာမှာပေါ့။ အတက်အကျကတော့ အတိအကျမပြောနိုင်ပေမယ့်ခုနကပြောခဲ့တဲ့သုံးချက်ပေါ် မူတည်နေပါတယ်။ ပိုက်ဆံရှိရင် မြန်မာလူမျိုးတွေဟာရွှေကို နှစ်ခြိုက်တဲ့အထဲ မှာပါတဲ့အတွက် ရွှေကို စုဆောင်းကြတာပါပဲ။ နောက်ပြီးတော့ရွှေဟာ Store Value လည်း ရှိပါတယ်။ လက်ဝတ် လက်စားတွေမှာ ရွှေကိုဝတ်ဆင်တာရှိတယ်။ ကိန်းသေစနစ်နဲ့သုံးတာလည်း ရှိပါတယ်။ အရင်တုန်းကတော့ ဘဏ်လုပ်ငန်းတွေ မတိုးတက်တုန်းကတော့ ရွှေကိုရင်းနှီးမြှုပ်နှံမှုအနေနဲ့ အိမ်မှာဝယ်ယူစုဆောင်း ကြတယ်။ ဒီနေ့လိုဘဏ်လုပ်ငန်းတွေ တိုးတက်လာတော့ ဘဏ်မှာပဲထားတာတွေလည်း ရှိမှာပေါ့။ ဒါပေမဲ့လည်းမြန်မာလူမျိုးတွေရဲ့ အလေ့အထဖြစ်တဲ့ ရွှေဝယ် ယူစုဆောင်းတဲ့ အလေ့အထကတော့ ရှိနေဦးမှာပါ။
ဦးကျော်မြင့် (ရွှေမြင်းပျံရွှေသန့်စင်လုပ်ငန်း၊ မန္တလေး) ဒုဥက္ကဋ္ဌ (၁) မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ၂၀၁၄ ခုနှစ်မှာဖြစ်လာမယ့်ရွှေဈေးနှုန်းက သိပ်တက်နိုင်တဲ့ အပိုင်းတော့ မတွေ့ရဘူး။ တည်ငြိမ်မယ့်အပိုင်းတော့ရှိပါတယ်။ ရွှေဈေးတက်တယ်၊ ကျတယ်ဆိုတာ အကြောင်း တွေအများကြီးရှိပါတယ်။ အဲဒီအကြောင်းတွေငါးချက် လောက်ရှိတဲ့အထဲမှာ ငွေဈေးပါမယ်၊ ရွှေဈေးကလည်း တည်ငြိမ်မယ်ဆိုတော့ ကမ္ဘာ့ဈေးတစ်ခုပဲ ကစားနေတာပါ။ လောလောဆယ်တော့ ကမ္ဘာ့ဈေးပေါ်မူ တည်နေတာပေါ့။ အဲလိုသွားနေတဲ့အပေါ်မှာရွှေဈေးနှုန်း တအားကြီးကွာခြားမှု မဖြစ်အောင်ရွှေလုပ်ငန်းရှင်များအသင်းက ထိန်းပေးတဲ့သဘော မျိုးရှိပါတယ်။ ဒါကြောင့် အဓိပ္ပာယ်ကိုက ကျွန်တော်တို့သည် စီးပွားရေးချည်းလုပ်လို့မရဘူး၊ ဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ဖို့လည်း လိုပါတယ်။ ရွှေရဲ့သဘောတရားက အားလုံးကြိုက်ကြပါတယ်။ ကြားခံပစ္စည်း အနေနဲ့လည်း ထားတယ်။ လက်ဝတ်လက်စားအနေနဲ့လည်း သုံးစွဲကြတယ်။ ရွှေဆိုင်တွေလည်း တအားတိုးလာတယ်။ ဒီလိုတိုးလာတာဟာလည်း ဝယ်တဲ့သူများတယ်လို့ယူဆလို့ရပါတယ်။ ပြီးတော့ ရွှေကအချိန်မရွေးပြန်ရောင်းလို့ရတယ်။ ရွှေကပေါက် ဈေးရှိတယ်။ ဘယ်အချိန်ပြန် ရောင်းရောင်း ငွေပေါ်တယ်လေ။ အဲလိုချက်ချင်းရောင်းလို့ ဝယ်လို့ရတဲ့အတွက်လည်း ရွှေကို အများနှစ်ခြိုက်သဘောကျနေတာ ဖြစ်ပါတယ်။
Dr ရဲသူအောင် Managing Director vivo Group of Companies ၂၀၁၄ ခုနှစ်ရွှေဈေးကွက်ရဲ့အလားအလာဆိုရင် အမေရိကန် စီးပွားရေးပေါ်မှာမူတည်နေပါတယ်။ အမေရိကန်စီးပွားရေးကျနေတယ်လို့ကျွန်တော်တို့သိထားပါတယ်။ အဲလိုမျိုးကျလာရင်ရွှေဈေးက အပေါ်ကိုရောက်လာမယ့်အနေအထားရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရွှေဈေးတက်လာနိုင်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ Personal အမြင်ပါ။ ဘာကြောင့်လည်းဆိုတော့အမေရိကန်စီးပွားရေးကကျနေတယ်လို့ထင်လို့ပါ။ ပြီးခဲ့တဲ့လတွေတုန်းကဈေးနှုန်းက တော်တော်လေး ကျနေတော့မှန်းရခက်ပါတယ်။ အမေရိကန်စီးပွားရေးကလည်း Down Trend ဘက်ကို ကျနေပါတယ်။ ဒါပေမဲ့လည်း ပြန်ပြီးဦးမော့လာမယ်လို့ ထင်ပါတယ်။ ဘယ်လောက်ထိဦးမော့နိုင်မလဲ၊ ဘယ်လောက်ကြာကြာဦးမော့နိုင်မလဲ၊ ဘယ်အချိန်မှာ ဦးမော့နိုင်မလဲဆိုတာကတော့ တကယ့်ဈေးကွက်ရဲ့လက်တွေ့ဖြစ်ပေါ်မှုအပိုင်း မှာ Fluctuation ဖြစ်နိုင်ပါတယ်။ လက်ရှိကတော့ကမ္ဘာ့ဈေးပေါ်မူတည်နေတဲ့အတွက်ကြောင့် ရွှေလုပ်ငန်းရှင်အသင်းအနေနဲ့ ထိန်းရခက်ပါတယ်။ ဘယ်နိုင်ငံမှာမဆို ကမ္ဘာ့ဈေးပေါ်မူတည်ပြီး Local ဈေးလည်းပြောင်းလဲနိုင်တာကြောင့် ထိန်းဖို့ခက်ခဲပါတယ်။ မတန်တဆဈေးနှုန်းတွေ ပြောင်းလဲမယ်ဆိုရင်တော့ သက်ဆိုင်ရာ လူကြီးတွေက ထိန်းမယ်လို့ ထင်ပါတယ်။
မို့မို့လတ်မောင်