ဒါကြောင့် သင်ဟာ တိုက်ခိုက်ရတော့တယ်။
အချိန်နဲ့နေရာကိုသိထားရင် မိုင်ပေါင်းများစွာ ရှေ့တန်းမှာလာပြီး တိုက်ခိုက်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ရင် ဘယ်တောင်ပံဘက်က ညာတောင်ပံဘက်ဆီ ကူညီတိုက်ခိုက်ဖို့ လုပ်နိုင်မှာမဟုတ်ဘူး ညာဘက်ကလည်း ဘယ်ဘက်ကို သွားကူလို့ရမှာ မဟုတ်ဘူး။ ရှေ့တန်းကတပ်တွေက နောက်ပိုင်းကတပ်တွေကို မကူနိုင် နောက်တန်းကတပ်တွေကလည်း ရှေ့တန်းကတပ်တွေကို မကူနိုင်ဘဲဖြစ်နေမယ်။ တစ်တပ်နဲ့ တစ်တပ်သိပ်ပြီး ဝေးနေကြမယ်ဆိုရင် ပိုဆိုးတယ်။
တပ်သားဦးရေများရုံနဲ့ အောင်ပွဲမရနိုင်ဘူး။ ရန်သူရဲ့ တပ်သားဦးရေများနေပေမယ့်၊ မိမိတို့ကို လာမတိုက်ခိုက်နိုင်အောင် တားဆီးလို့ရတယ်။
ဒါကြောင့် ရန်သူရဲ့အားနည်းချက် အားသာချက်တွေကို သိနိုင်ရန်အတွက် သူ့ရဲ့စစ်ဆင်ရေးစီမံ အကွက်ချထားပုံကို ဆန်းစစ်ကြည့်ပါ။ ရန်သူဘယ်လိုလှုပ်ရှားလေ့ရှိသလဲဆိုတာ သိရအောင် သူ့ကို လှုပ်လှုပ်ရွရွဖြစ်လာအောင်ဆွပေးပါ။ ဘယ်နေရာတွေမှာ အားနည်းချက်တွေရှိသလဲဆိုတာ သိရအောင် ရန်သူရဲ့တပ်ဖွဲ့များ ဖြန့်ကျက်ချထားပုံကို သိအောင်လုပ်ပါ။ မိမိရဲ့တပ်များကို ဖြန့်ကျက်နေရာ ချထားတဲ့အခါ အဓိကကတော့ ရန်သူအနေနဲ့ မိမိတို့တပ်ကို ဘယ်လိုဖြန့်ကျက်ထားတယ်ဆိုတာ အသေအချာမသိနိုင်အောင် ချထားဖို့လိုတယ်။ ဒါဆိုရင် ရန်သူက မိမိတို့တပ်ကို တော်လှန်နိုင်မှာ မဟုတ်ဘူး။ တိုက်ခိုက်ရေးအစီအစဉ်တွေလည်း ချမှတ်နိုင်မှာမဟုတ်တော့ဘူး။
မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
ပြိုင်ဘက်အကြောင်း သတင်းအချက်အလက်ရထားရင် တပန်းသာပါတယ်
----------------------
Ford က Taurus ဆိုတဲ့ မော်တော်ကားကို စတင်ထုတ်လုပ်ကာစတုန်းက သူ့ရဲ့အင်ဂျင်နီယာများဟာ ပြိုင်ဘက်များရဲ့ကားကို တစ်စစီဖျက်ပြီး ဘယ်အစိတ်အပိုင်းတွေကို မိမိတို့ကားအတွက် အဆင်ပြေအောင် သုံးသွားလို့ရမလဲဆိုတာ လေ့လာခဲ့ကြရတာဖြစ်တယ်။ ဒါ့အပြင် ဒီကားအတွက် သုတေသနတွေလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်။ ဒီကားကို သုံးစွဲကြသူတွေ၊ ဒီကားကို ဝယ်ယူရောင်းချကြတဲ့သူတွေရဲ့ ရောင်းချရတဲ့အခြေအနေတွေနဲ့ ဝန်ဆောင်မှုတွေကို Ford ကိုယ်တိုင် သွားလေ့လာခဲ့တယ်။ အဲသလို လေ့လာချက်များအရ ဝယ်ယူသုံးစွဲသူတွေ လိုချင်တဲ့အချက်ပေါင်း ၁၄,၀၀၀ ကျော်ကို သိရှိခဲ့ရတယ်။ ဒီအချက်များကို Taurus ကားထုတ်လုပ်ရာမှာ ထည့်သွင်းဖြည့်ဆည်းပေးလိုက်တဲ့အခါ အဲဒီခေတ်အခါတုန်းက ရောင်းအကောင်းဆုံးကား ဖြစ်လာခဲ့ပါတယ်။
သတင်းအချက်အလက်များကို အချိန်နဲ့တပြေးညီရရှိထားရင် အောင်မြင်လာနိုင်တယ်။ သတင်းအချက်အလက်ဆိုတာ ကြက်ဥများလိုပဲ လတ်လတ်ဆတ်ဆတ် ရှိလေကောင်းလေပဲ။
အောက်ပါတို့ဟာ သင့်ပြိုင်ဘက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များရယူနိုင်တဲ့ နည်းများဖြစ်ပါတယ်။
- သူဘာလုပ်နေသလဲဆိုတာ စောင့်ကြည့်ပါ။ သတိထားကြည့်ရင် မြင်တွေ့နိုင်တာတွေ အများကြီးပါ။
- ဘာတွေမလုပ်ဘဲနေသလဲဆိုတာကိုလည်း စောင့်ကြည့်ပါ။ ဒီအချက်က မိမိက သူများနှိုင်းယှဉ်ရင်သာ လာစေနိုင်တဲ့ အဓိကသော့ချက်ဖြစ်တယ်။
- နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းလေ့လာပါ။ ပြိုင်ဘက်ရဲ့ အားနည်းချက်များနဲ့ အားသာချက်များကို သိလာနိုင်တယ်။
- စံနှုန်းတစ်ရပ်သတ်မှတ်ပါ။ ဒါမှ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ သိလာမှာဖြစ်တယ်။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာတုန်းက Ovid က ရေးခဲ့တာရှိတယ်။ ''အသိသုတရအောင်သင်ယူခြင်းဟာ မှန်ကန်တဲ့အလုပ်ဖြစ်တယ်။ ရန်သူဆီကတောင် ရအောင်သင်ယူသင့်တယ်'' တဲ့။
စီးပွားရေးလုပ်ငန်းအောင်မြင်ဖို့အတွက် အခြေခံလိုအပ်ချက်က ဝယ်ယူသူတွေနဲ့ နီးနီးကပ်ကပ်ရှိနေခြင်း ဖြစ်တယ်။ ဒါကြောင့်လဲ စီးပွားရေးလုပ်ငန်းတွေရဲ့ ရှေ့ဆောင်အရာရှိများဟာ အရောင်းအဝယ်ဖြစ်နေတဲ့ နေရာ (ဈေးကွက်) များကို ကိုယ်တိုင်သွားရောက်လေ့လာနေကြတာဖြစ်တယ်။ ဝယ်ယူကြသူတွေဟာ ဘယ်လိုတွေ့မြင်နေ ကြတယ်ဆိုတာ နားလည်ဖို့လိုတယ်။ ဒါအပြင် မိမိတို့ကိုယ်တိုင်လည်း သူတို့လိုပဲ တွေးမြင်တတ်ဖို့ လိုတယ်။
ခေတ်အဆက်ဆက်မတိုးနိုင်တဲ့ စာအုပ်ဖြစ်တဲ့ The Exceptional Executive ဆိုတဲ့ စာအုပ်ထဲမှာ Levinson က အောက်ပါအတိုင်းရေးသားခဲ့ပါတယ်။
''မိမိလုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်သူဆိုတာ သိပ္ပံနည်းကျကျိုးကြောင်းဆီလျော်တဲ့ အသိပညာကို သဘောပေါက်နားလည်ရမယ်။ သူနားလည်ထားတာကို အသုံးချတတ်ရမှာ ဖြစ်တယ်။ အဲသလိုမဟုတ်ရင် မိမိဘယ်လိုမှ မကာကွယ်နိုင်တဲ့ အင်အားစုတွေရဲ့ ထိုးနှက်ခြင်းကို ခံရမှာပဲ အသိပညာဗဟုသုတသာ ရှိမယ်ဆိုရင် သူ့အတွက် ရွေးချယ်ဆောင်ရွက်လုပ်ကိုင်နိုင်တာတွေ ရှိနေတာပါပဲ။ ဒါဆိုရင် သူ့ကိုယ်သူလည်း နိုင်သွားပြီ။ သူ့အလုပ်ကိုလည်း နိုင်သွားပြီ'' တဲ့။ ဘယ်လိုလုပ်မလဲဆိုတာ ဆုံးဖြတ်ချက်ချရာမှ သက်ဆိုင်ရာအချက်အလက်တွေ သိထားတာအကောင်းဆုံးဖြစ်တယ်။
ညွန့်သောင်း