လုပ်ငန်းခွင်ကဏ္ဍအသီးသီးမှာတွေ့ရတဲ့ အမျိုးသမီးများ၏ လုပ်ခလစာ၊ ရာထူးနှင့် အခွင့်အရေးများ အမျိုးသားများနှင့် တန်းတူမဖြစ်ရခြင်း အကြောင်းရင်းများကို နိုင်ငံကြီးများတွင် လေ့လာမှုများပြုလုပ်ခဲ့ပြီး ထိုမှတွေ့ရှိလာသော လက်တွေ့ကျသည့် လေ့လာချက်များကို ဖော်ပြပေးလိုက်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသား၊ အမျိုးသမီးတန်းတူ အခွင့်အရေးကိစ္စရပ်များကို လုပ်ငန်းရှင်များ၊ အစိုးရများသာမက အမျိုးသမီးများကိုယ်တိုင်နှင့် သူတို့၏လက်တွဲဖော်များကသာလျှင် ဦးဆောင်ပြောင်းလဲနိုင်မည့်အကြောင်း ဤဆောင်းပါးက မီးမောင်းထိုးပြထားသည်။
လုပ်ခလစာတန်းတူရရှိရေး ဘာတွေက အဟန့်အတားဖြစ်နေလဲ
----------------------
ဆယ်စုနှစ်များစွာတည်ရှိခဲ့သည့် လုပ်ခလစာ တန်းတူရရှိရေး ဥပဒေများရှိထားသည့်တိုင် အမျိုးသမီးများ၏ ဝင်ငွေသည် အမျိုးသားများထက်များစွာ နိမ့်ကျလျက်ပင် ရှိသေးသည်။ အဘယ်ကြောင့်နည်း။
''ကျွန်မမိခင်တစ်ယောက် အမြဲဖြစ်ချင်ခဲ့ပါတယ်'' ဟု Meghan ဆိုသည့် ကလေးနှစ်ယောက်မိခင်ဖြစ်သူ ဗြိတိသျှအမျိုးသမီးတစ်ဦးက ပြောခဲ့ဖူးသည်။ သူသည်စီးပွားရေးနှင့် စာရင်းကိုင်ဘွဲ့တစ်ခုရရှိပြီး အတတ်ပညာသင်တန်းများ တက်ရောက်ခဲ့ကာ အလွန်ကြိုးစားသူတစ်ဦးဖြစ်သည်။ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တစ်ခုကို ပိုင်ဆိုင်လိုသည့် ဆန္ဒလည်းရှိခဲ့ပြီး သူမသည် လန်ဒန်မြို့ရှိ စာရင်းအင်းကုမ္ပဏီကြီးတစ်ခုတွင် အငယ်တန်းအဆင့်ဝန်ထမ်းများအား စီမံခန့်ခွဲရသူတစ်ဦးဖြစ်သည်။ သမီးလေးကို မွေးဖွားပြီးနောက် သူမ၏ ''အလုပ်အကိုင်'' နှင့် သူမအမြဲတမ်းတခဲ့သည့် ''မိခင်တစ်ဦးဖြစ်ရခြင်း'' တို့ကြား ရွေးချယ်ရမည့်အဖြစ်နှင့် ရင်ဆိုင်ရတော့သည်။ သူမ၏ အထက်အရာရှိက အခြေအနေနှစ်ခုကို ချိန်ညှိနိုင်သည့် အလုပ်အချိန်ဇယားတစ်ခုခွင့်ပြုဖို့ ငြင်းဆန်ခြင်းခံရသောအခါ အလုပ်မှ နုတ်ထွက်ခဲ့ရတော့သည်။
ခြောက်နှစ်တာကြာပြီးနောက် သူမသည် ယခင်ရရှိခဲ့သည့်လစာ၏ တစ်စိတ်တစ်ပိုင်းမျှသာရှိသည့် ဝင်ငွေဖြင့် ကလေးပြုစုသူတစ်ဦးဖြစ်လာသည်။ ယခုအခါ အိမ်ထောင်ကွာရှင်းပြီးနောက် စာရင်းအင်းလုပ်ငန်းတွင် ပညာရှင်တစ်ဦးအဖြစ်ရပ်တည်နေခြင်းက သူမ၏မိသားစုအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခု ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် တစ်ဦးတည်းသော အုပ်ထိန်းသူမိခင်တစ်ဦးအဖြစ် ရပ်တည်နေရသည့် သူမအဖို့အဆင်ပြေနိုင်သည့် အလုပ်အချိန်ဇယားရှိသော အလုပ်အကိုင်တစ်ခုရှာဖွေရရှိရေးမှာ မဖြစ်နိုင်သည့် အရာတစ်ခုကဲ့သို့ပင်ဖြစ်သည်။
ဤကဲ့သို့သောဖြစ်ရပ်များမှာ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေရသည့် အမျိုးသမီးများအတွက် ''မိခင်တစ်ဦးဖြစ်ရခြင်းအပေါ် ဒဏ်ခတ်ခံရခြင်း'' များ ပေါင်းစပ်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
စင်စစ်ဤအချက်မှာ ချမ်းသာသည့်နိုင်ငံများတွင် ''အမျိုးသားများနှင့် အမျိုးသမီးများကြား လစာနှုန်းထား နီးစပ်မှုမရှိတော့ခြင်း'' ၏ အဓိကအကြောင်းရင်းပင်ဖြစ်သည်။ အလုပ်ရှင်များအနေနှင့် ''နာရီပေါင်းများစွာ အလုပ်လုပ်ခြင်း'' အား ပေးဆပ်နိုင်မှုနှင့် ခေါင်းဆောင်နိုင်မှုတို့၏ အလားအလာ အရည်အသွေးများအဖြစ် ရှုမြင်ကြသည်။ သို့သော် ကုန်ကျစရိတ်များပြီး ရှားပါးလှသည့် ကလေးငယ်ပြုစုသည့်ဌာနများနှင့် တိုတောင်းသည့် ကလေးကျောင်းတက်ချိန်များကြောင့် ''မိသားစုတစ်ခုတွင် အနည်းဆုံးလူတစ်ဦး အိမ်၌ရှိရန်လိုအပ်သည့်'' လောကကြီးဖြစ်လျက် ထိုပုဂ္ဂိုလ်မှာလည်း ''မိခင်ဖြစ်သူ'' သာ ဖြစ်နေလေ့ရှိသည်။
OECD (စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း) ၏ အဖွဲ့ဝင်ဖြစ်သည့် အလယ်အလတ်တန်းစားဝင်ငွေနှင့် ချမ်းသာသောနိုင်ငံများတွင်၊ အချိန်ပြည့်အလုပ်လုပ်ကိုင်သည့် အမျိုးသမီးများ၏ ပျမ်းမျှလုပ်ခလစာသည် အမျိုးသားများလစာ၏ ၈၅ ရာခိုင်နှုန်းသာရှိသည်။ ဤအချက်မှာ အများထင်မြင်ထားသကဲ့သို့ အလုပ်ရှင်များက ''အမျိုးသမီးများထက် ယင်းတို့၏နေရာတွင် လုပ်ကိုင်နေသည့် အမျိုးသားများကို လစာပိုပေးသည်'' ဆိုသော အယူအဆကြောင့်မဟုတ်ပေ။
အတိုင်ပင်ခံတစ်ဦးဖြစ်သူ ကောန်ဖယ်ရီ (Korn Ferry) ၏ နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် လေ့လာကောက်ယူထားသည့် အချက်အလက်များအရ အလုပ်ရှင်တစ်ဦးတည်းထံတွင် လုပ်နေသည့်အမျိုးသားများနှင့် ထပ်တူအလုပ်ကို လုပ်ကိုင်နေသည့် အမျိုးသမီးများသည် အမျိုးသားများရရှိသည့် လစာ၏ ၉၈ ရာခိုင်နှုန်းကို ရရှိနေကြကြောင်းတွေ့ရှိရသည်။ လစာကွာခြားရသည့် အကြောင်းရင်းမှန်မှာ နှစ်ခုဖြစ်နိုင်သည်။ တစ်ခုမှာ ''ရာထူးတက်ဖို့ အခွင့်အရေး နည်းပါးပြီး၊ လစာနည်းသည့် ရာထူးနေရာများတွင် အမျိုးသမီးဦးရေသည် အမျိုးသားများထက်များပြားနေခြင်း'' နှင့် အခြားတစ်ခုမှာ ''အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် မတူညီသောအလုပ်အကိုင်အမျိုးအစားနှင့် ရာထူးများအားဖြင့် ကွဲပြားခြားနားမှုဖြစ်နေပြီး အမျိုးသမီးများအနေနှင့် လစာနည်းသည့် ကဏ္ဍများတွင် လုပ်ကိုင်သူပိုမိုများပြား နေသောကြောင့်'' စသည်တို့ဖြစ်သည်။
ထိပ်သီးခုနစ်နိုင်ငံတွင်ရှိသည့် အဆင့်မြင့်အုပ်ချုပ်သူရာထူးများတွင် လုပ်ကိုင်နေသူများအနက် ငါးပုံတစ်ပုံသာ အမျိုးသမီးများဖြစ်ကြသည်။ ဥရောပနိုင်ငံများတစ်ခွင် လက်အောက်ခံအမှုထမ်းအများစုမှာ အမျိုးသမီးများ ဖြစ်လေ့ရှိကြသည့်တိုင် အစည်းအရုံးအုပ်ချုပ်သူများမှာ အမျိုးသားများဖြစ်ဖို့များပေသည်။ အမေရိကန်အမျိုးသမီးများလုပ်ကိုင်ကြသည့် ထိပ်ဆုံးအလုပ်အကိုင်လေးခုမှာ ကျောင်းဆရာမ၊ သူနာပြုဆရာမ၊ အတွင်းရေးမှူးနှင့် ကျန်းမာရေး အကူအလုပ်များဖြစ်ကြပြီး ယင်းအလုပ်အကိုင်အားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ အမျိုးသမီးထုဖြစ်သည်။
လစာနည်းလေ့ရှိသည့်အလုပ်များ
-----------------------
အမျိုးသမီးများကြီးစိုးသည့် အလုပ်အကိုင်များသည် အဆင့်ပိုနိမ့်ပြီး လစာနည်းလေ့ရှိသည်။ OECD နိုင်ငံများရှိ မူလတန်းပြ ဆရာ/ဆရာမများ၏ လစာသည် ဘွဲ့ရအလုပ်အကိုင်များရရှိသည့် ပျမ်းမျှလစာ၏ ၈၁ ရာခိုင်နှုန်း ရှိသည်။ သူနာပြုများသည် ရဲအရာရှိများထက် လစာနည်းကြသည်။ သန့်ရှင်းရေးလုပ်သူများသည် အဆောက်အဦးထိန်းသိမ်းသူများထက် ဝင်ငွေနည်းကြသည်။ အမျိုးသမီးများ၏ ဝင်ငွေနည်းနေခြင်းက လင်မယားကွာရှင်းပြီးလျှင်သော်လည်းကောင်း၊ လင်ယောက်ျားသေဆုံးသောအခါတွင်သော်လည်းကောင်း ဆင်းရဲနွမ်းပါးခြင်းဖြင့် အဆုံးသတ်ကြရသည်ဟု အဓိပ္ပာယ်သက်ရောက်နေပေသည်။
ပညာရေးဘက်တွင် အမျိုးသားစံပြဖြစ်သူများ နည်းပါးနေခြင်းကြောင့်ဆိုသည့် အယူအဆက ကျောင်းများတွင် ယောကျ်ားလေးများက မိန်းကလေးများထက် ညံ့နေသည့်ဖြစ်ရပ်၏ အကြောင်းရင်းတစ်ခုဖြစ်သည်။
အမျိုးသမီးများနှင့် အမျိုးသားများ အသီးသီးကြီးစိုးနေကြသည့် အလုပ်များတွင် အပြန်အလှန်ဝင်ရောက် လုပ်ကိုင်ကြမည်ဆိုလျှင် ယင်းတို့၏အကြား၊ လုပ်ခလစာ ကွာဟနေသည့် အတိုင်းအတာ လျော့နည်းသွားလိမ့်မည် ဖြစ်သည်။ သို့သော် အမေရိကန်နိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာအောင် အမျိုးသမီး၊ အမျိုးသားအလုပ်အကိုင်ခွဲခြားလုပ်ကိုင်မှုများ ပိုမိုများပြားလာခဲ့ပြီးနောက် လုပ်ငန်းခွင်တွင်း အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ လုပ်ကိုင်သည့်အခြေအနေမျိုးမဖြစ်ပျက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုခန့်ပင် ရှိနေပြီဖြစ်သည်။ ဥရောပ ၁၂ နိုင်ငံအား လေ့လာရာတွင် အမျိုးသမီးများလုပ်ကိုင်သည့် အလုပ်အကိုင်အများစုကို အမျိုးသမီးများသာ မျှဝေလုပ်ကိုင်လာကြသည့်အချက်မှာ ၁၉၉၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ပြောင်းလဲမှုသိပ်မရှိသေးကြောင်း တွေ့ရှိရသည်။ သြစတြေးလျနိုင်ငံတွင်လည်း အလားတူပုံစံမျိုး တွေ့ရသည်။
ကွဲထွက်သွားသည့်လမ်းနှစ်သွယ်
---------------------
အမျိုးသားများရော အမျိုးသမီးများပါ မိမိတို့နှစ်သက်ရာ ဘာသာရပ်များကို လွတ်လပ်စွာရွေးချယ်သင်ယူခွင့်ရှိကြပြီး လုပ်ငန်းခွင်ခွဲခြားဆက်ဆံမှုများအား တားမြစ်ထားသည်မှာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဖြစ်သည့်တိုင် လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံသည့် သာဓကပေါင်းများစွာ ရှိနေပေသေးသည်။
ကနေဒါနိုင်ငံမှပြုလုပ်သည့် စမ်းသပ်မှုတစ်ခုတွင် ထပ်တူထပ်မျတူညီသည့် အလုပ်တစ်ခုကို (ဦးဆောင်မူ၊ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုစသည့်) အင်အားပါသော စကားလုံးများဖြင့်လည်းကောင်း၊ (ပံ့ပိုးပေးနိုင်စွမ်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိခြင်းစသည့်) အမျိုးသမီးဆန်သော စကားလုံးများဖြင့်လည်းကောင်း ကြော်ငြာခဲ့သည်။ အင်အားပါသော ကြော်ငြာမှာ အမျိုးသမီးထုအပေါ်ဆွဲဆောင်မှုသိပ်မရှိခဲ့ပေ။ စင်စစ် ၎င်းတို့အနေနှင့် ယင်းအလုပ်ကို လုပ်ကိုင်နိုင်ခြင်းမရှိဟု ယူဆခြင်းကြောင့်မဟုတ်ဘဲ ကြော်ငြာပါ အချက်အလက်များအရ အမျိုးသားများကို ဦးစားပေးခေါ်ယူထားသည့် မိမိတို့နှင့်မသက်ဆိုင်သောအလုပ်ဟု ယူဆကြသောကြောင့်ဖြစ်သည်။
အမျိုးသမီးများကြီးစိုးသည့် အလုပ်များအပေါ် အမျိုးသားများနောက်တွန့်စေသည့်အကြောင်းမှာလည်း အလားတူပင်ဖြစ်သည်။ ၁၈၉၀ ပြည့်နှစ် အချိန်ကာလများအတွင်း သူနာပြုများလိုက်နာရမည့် ခေတ်မီအခြေခံဥပဒေသများပြုစုခဲ့သည့် ဖလောရင့်နိုက်တင်ဂေးကလည်း ''အမျိုးသားများသည် ၎င်းတို့၏ နှလုံးသားများအတွင်း မည်မျှပင်နူးညံ့သိမ်မွေ့နေပါစေ ယင်းတို့၏ သန်မာကြမ်းတမ်းသည့် လက်များက သူနာပြုအလုပ်နှင့်သင့်တော်မှုမရှိ'' ဟု ယုံကြည်ခဲ့သည်။ တရားရုံးမှချမှတ်သည့် အမိန့်အရ ၁၉၈၁ ခုနှစ်ကျမှသာလျှင် အမေရိကန်ရှိ သူနာပြုသင်တန်းကျောင်းအချို့တွင် အမျိုးသားသင်တန်းသားများ စတင်လက်ခံခဲ့သည်။
စီးပွားရေးနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ ဘွဲ့ဒီဂရီရယူသူများတွင် အမျိုးသမီးအရေအတွက် အချိုးအစား အစဉ်တစိုက်များပြားလာသော်လည်း အုပ်ချုပ်သူနေရာများနှင့် အထက်ပိုင်းရာထူးများတွင်မူ အမျိုးသမီးဦးရေတိုးတက်မှုအချိုးအစားက အမီမလိုက်နိုင်သေးပေ။ အမေရိကန်နိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ စီးပွားရေးဆိုင်ရာ ကောလိပ်ဒီဂရီများ၏ ထက်ဝက်ကို အမျိုးသမီးများက ရယူခဲ့ကြသည်။ သို့သော် အထက်တန်းစီမံခန့်ခွဲရေးအဆင့် ရာထူးများတွင်မူကား အမျိုးသမီးဦးရေ၏ အချိုးအစားမှာ ငါးပုံတစ်ပုံအတိုင်းပင် ရှိနေပေသေးသည်။
အမျိုးသမီးများသည် ရာထူးတိုးရေးအတွက် တောင်းဆိုလေ့မရှိခဲ့လှသော်လည်း ယခုအခါ ထိုသို့မဟုတ်တော့ပေ။ MCKINSEY ၏ ၂၀၁၆ ခုနှစ်တွင်လုပ်သည့် စစ်တမ်းကောက်ယူမှုအရ အမေရိကန်နိုင်ငံ တစ်ခုလုံးရှိ အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးများတောင်းဆိုနေကြပြီဖြစ်ကြောင်း တွေ့ရှိရသည်။ အဆင့်နိမ့်ရာထူးများမှလွဲ၍ အမျိုးသမီးများသည်လည်း အမျိုးသားများ၏ နှုန်းထားအတိုင်း ရာထူးတိုးပေးခြင်းခံနေရပြီဖြစ်သည်။ အဆင့်နိမ့်ရာထူးများတွင်မူ အမျိုးသမီးများ၏ ရာထူးတိုးနှုန်းမှာ နောက်ကျန်နေဆဲဖြစ်သည်။ ဖြစ်နိုင်သည့်အကြောင်းရင်းမှာ အုပ်ချုပ်သူများအနေနှင့် အိမ်ထောင်ပြုသည့် အမျိုးသမီးများနှင့် မကြာမီ အိမ်ထောင်ပြုမည့် အမျိုးသမီးများအား ရာထူးတိုးပေးရန် တုံ့ဆိုင်းနေကြခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။
အလွန်အရေးပါသော ပထမဦးဆုံးအကြိမ် ရာထူးတိုးခံရမည့်အခွင့်အရေးနှင့် အိမ်ထောင်စတင်ထူထောင်လိုသည့် အချိန်တို့ တိုက်ဆိုင်နေခြင်းမှာ မကြာခဏဖြစ်လေ့ရှိသော အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ စစ်တမ်းကောက်ယူမှုတစ်ခုတွင် အမျိုးသမီးများအနေနှင့်၊ အမျိုးသားများထက် လျော့နည်းသော လစာနှုန်းထားစတင်ရရှိသည့် အသက်အပိုင်းအခြားမှာ ပထမဆုံးကလေးစတင်ရရှိသည့် အသက်အပိုင်းအခြားနှင့် တိုက်ဆိုင်နေသည်ဆိုသည့် အချက်ကိုဖော်ပြထားသည်။ HARVARD UNIVERSITY မှ CLAUDIA GOLDMAN ဆိုသူကလည်း ကောလိပ်ကျောင်းဆင်း အမေရိကန်အမျိုးသမီးများနှင့်ပတ်သက်၍ အလားတူပုံစံမျိုးတွေ့ရှိခဲ့သည်။
THE ECONOMISTနှင့် YOUGOV တို့ကဲ့သို့သော လူထုသဘောထားကောက်ခံလေ့ရှိသည့် စာစောင်များက အမေရိကန်၊ သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမန်နှင့် စကင်ဒီနေးဗီးယန်းနိုင်ငံများ၌ သုတေသနပြုလုပ်ရာတွင် အလုပ်လုပ်ချိန်အပေါ် ကလေးငယ်များက မည်သို့အကျိုးသက်ရောက်မှုရှိသည်ဆိုသည့်အချက်ကို ဤနှစ်အစပိုင်းက တိုင်းတာခဲ့သည်။ ကလေးငယ်ရှိသည့် အမျိုးသမီးများ၏ ၄၄.၇၅ ရာခိုင်နှုန်းသည် အလုပ်လုပ်သည့်အချိန်ကို လျှော့ချခြင်းဖြင့်သော်လည်းကောင်း သက်သာသည့်အလုပ်အကိုင်များသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်းအားဖြင့်သော်လည်းကောင်း ယင်းတို့၏လုပ်အားကို လျှော့ချခဲ့ရပြီး အလားတူအခြေအနေနှင့် ရင်ဆိုင်ရသည့် အမျိုးသားများ၏ ၁၃.၃၇ ရာခိုင်နှုန်းသာလျှင် ၎င်းတို့၏လုပ်အားကို လျှော့ချခဲ့ကြကြောင်းသိရသည်။ ထိုကဲ့သို့ လျှော့ချခဲ့သည့် အမျိုးသားများ၏ ထက်ဝက်ကျော်ခန့်မှာ ၎င်းတို့၏ဇနီးများကပါ လုပ်အားလျှော့ချခဲ့ကြကြောင်းပြောခဲ့ကြသည်။
အမျိုးသမီးများအနေနှင့် ကလေးငယ်များအား ဦးစားပေးနေရသည့်အချိန်တွင် နောက်ကျကျန်ရစ်ခဲ့ကြရစမြဲ ဖြစ်သည်။ မကြာမီက အမေရိကန်နိုင်ငံတွင်ပြုလုပ်သည့် လေ့လာမှုတစ်ခုအရ မိခင်ဖြစ်ရခြင်းကြောင့် ပေးဆပ်ရသည့် အဖိုးအခအဖြစ် အမျိုးသမီးတစ်ဦး၏ပျမ်းမျှဝင်ငွေသည် ကလေးငယ်တစ်ဦးရတိုင်း ၄ ရာခိုင်နှုန်း ကျဆင်းရပြီး ဝင်ငွေအကောင်းဆုံး ကျွမ်းကျင်သူလူဖြူအမျိုးသမီးတစ်ဦးအဖို့ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းရကြောင်း သတ်မှတ်ခဲ့သည်။ ဗြိတိန်နိုင်ငံသူ မိခင်တစ်ဦးအတွက်မှာမူ အလုပ်လက်မဲ့ကာလတစ်လျှောက် နှစ်စဉ်ဝင်ငွေ ၂ ရာခိုင်နှုန်းကျဆင်းရပြီး ကျောင်းထွက်လက်မှတ်ကောင်းကောင်း ရှိထားသူတစ်ဦးအဖို့ ၄ ရာခိုင်နှုန်းကျဆင်းရသည်။
မိခင်ဖြစ်ကာစအမျိုးသမီးအချို့မှာ မိမိတို့၏ရင်သွေးငယ်များကို အနီးကပ်ပြုစုလိုသောကြောင့် အလုပ်မှ ထွက်ကြသည်။ နိုင်ငံပေါင်းများစွာတွင် အများလက်ခံကြသည့် အယူအဆတစ်ခုမှာ အလုပ်လုပ်နေသည့် မိခင်ရှိသော ကျောင်းနေသည့် အရွယ်မတိုင်သေးသည့် ကလေးငယ်တစ်ဦးမှာ အန္တရာယ်ရှိသည်ဆိုသည့် အချက်ပင်ဖြစ်သည်။
အမျိုးသမီးများစွာတို့မှာ ပညာအရည်အချင်းမြင့်မားစွာမလိုအပ်သော၊ အတွေ့အကြုံအနည်းငယ်သာ လိုအပ်သော အလုပ်များသို့ ပြောင်းလဲလုပ်ကိုင်ကြသည်။ ဗြိတိန်နိုင်ငံရှိ အလုပ်လုပ်သူအမျိုးသမီးထု၏ သုံးပုံတစ်ပုံ ၃၃ ရာခိုင်နှုန်းနီးပါးက သူမတို့၏ပညာအရည်အချင်းနှင့် သင့်တော်သည့်အလုပ်ထက် နိမ့်ကျသောအလုပ်များ လုပ်ကိုင်ကြရကြောင်းပြောဆိုကြသည်။ အလားတူအဖြစ်အပျက်မှာ အမျိုးသားအလုပ်သမားထုအတွင်းတွင် လေးပုံတစ်ပုံ ၂၅ ရာခိုင်နှုန်းပင်မရှိပေ။ ၂၀၁၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် လူလိုအပ်နေသည့် သိပ္ပံပညာနှင့် အင်ဂျင်နီယာကဏ္ဍ၌ သက်ဆိုင်ရာဘွဲ့ရအမျိုးသမီးများ၏ ၁၅ ရာခိုင်နှုန်းသာလျှင် ၎င်းတို့နှင့်သက်ဆိုင်သည့် အထူးပြုကဏ္ဍများတွင် အလုပ်ရရှိကြသည်။ အလားတူ အမျိုးသားပညာရှင်များ၏ ၃၁ ရာခိုင်နှုန်းမှာ အလုပ်ရရှိကြသည်။ အမျိုးသမီးလုပ်သားထု၏ ငါးပုံတစ်ပုံနီးပါးမှာ အလုပ်လက်မဲ့ဖြစ်နေကြပြီး အရည်အချင်းတူ အမျိုးသားလုပ်သားထု အလုပ်လက်မဲ့အချိုး၏ နှစ်ဆဖြစ်သည်။
ကလေးငယ်၏ မိဘနှစ်ဦးအနက် အဘယ်ကြောင့် မိခင်ဖြစ်သူက အလုပ်ထွက်အနစ်နာခံလေ့ရှိသနည်းဆိုသည့်အချက်ကို တူညီသောအခြေအနေများတွင် လေ့လာရာထုံးစံအတိုင်း အမျိုးသားများက အမျိုးသမီးများထက် လုပ်ခလစာပိုရသည်ဆိုသည့်အချက်ကြောင့် ဆိုသည်မှာ ထင်ရှားသည်။ သို့ရာတွင် အခြားအကြောင်းရင်းများလည်း ရှိပေသေးသည်။ ဖခင်ဖြစ်စ အမျိုးသားတစ်ဦးသည် မိခင်ဖြစ်စမျိုးသမီးတစ်ဦးထက် လုပ်ငန်းခွင်တွင် ပိုမိုအရာရောက်နှင့်ပြီး ဖြစ်နေလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ခင်ပွန်းသည်ဖြစ်သူက ဇနီးသည်ထက် အသက်ကြီးလေ့ရှိသောကြောင့် ဖြစ်သည်။
အိမ်ထောင်တွင်း ထင်မြင်ချက်လွဲချော်တိမ်းစောင်းမှုကလည်း ကဏ္ဍတစ်ခုအနေနှင့် ပါဝင်ကောင်း ပါဝင်နိုင်ပေသည်။ ယနေ့အိမ်ထောင်ရှင်အမျိုးသားများသည် ၎င်းတို့ဖခင်များခေတ်ကာလကထက် မိမိတို့ကလေးငယ်ကို ပိုမိုဂရုစိုက်ပြုစုလေ့ရှိသည့်တိုင် အမှန်တကယ်ရှိသည့် အခြေအနေထက် မိမိတို့ကိုယ်ကိုပိုမိုတွက်ဆကောင်းတွက်ဆမိနေခြင်းလည်း ဖြစ်နိုင်ပေသည်။ မိခင်ဖြစ်ရခြင်းက ၎င်းတို့ဇနီးများ၏ အလုပ်အကိုင်အား မည်မျှထိခိုက်စေခဲ့ကြောင်း သတိထားမိချင်မှ ထားမိကြမည်ဖြစ်သည်။ ကလေးအနှီးလဲလှယ်ခြင်းနှင့် ကျောင်းကြိုပို့လုပ်ခြင်းစသည့် အလုပ်များထက်ကျော်လွန်၍ လုပ်ကိုင်ဖူးသည့် သူများအနေနှင့် ခံစားချက်အပြည့်အဝကို သိသာစွာသဘောပေါက်ကြမှာဖြစ်သည်။
မိမိ၏ကလေးများကို အချိန်ပြည့်ထိန်းကျောင်းပြုစုခဲ့ရသည့် TIM RUTHE-RFORD-JOHNSON ဆိုသူက မိမိသည် အိမ်တွင်အချိန်ပြည့်ကလေးထိန်းသူ ဖခင်တစ်ဦးဖြစ်ကြောင်းကို ကလေးကစားကွင်းများတွင် ဦးစွာကြေညာလေ့ရှိကြောင်းပြောပြခဲ့သည်။ ''ဒီကိစ္စဟာ ကျွန်တော့်အတွက် ကြီးမားတဲ့မေးခွန်းကြီးတစ်ခုလိုပဲ တစ်ချိန်လုံးခံစားနေရတယ်'' ဟုလည်း ဆိုခဲ့သည်။
ဘယ်လိုဖြေရှင်းကြမလဲ
-------------------------
ကလေးများပြုစုထိန်းကျောင်းခြင်းနှင့် အလုပ်တာဝန်များကို မိဘဖြစ်သူနှစ်ဦးမည်ကဲ့သို့ ပေါင်းစပ်ဖြေရှင်းကြမည်ဆိုသည့် ဆုံးဖြတ်ချက်ချရာတွင် အစိုးရ၏မူဝါဒများကလည်း ကဏ္ဍတစ်ခုအနေနှင့် ပါဝင်လျက်ရှိသည်။ အမျိုးသားများနှင့် အမျိုးသမီးများ၏ အသက်မွေးဝမ်းကျောင်း ရှေ့အလားလာနှင့် မျှော်လင့်ချက်များအပြင် ကုမ္မဏီများ၏ အလုပ်ခန့်ထားခြင်းနှင့် ရာထူးတိုးပေးခြင်းစသည့် အချက်တို့အားလည်း ယင်းမူဝါဒများက ပုံဖော်ပေးကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် နိုင်ငံများစွာ၌ ကလေးမွေးဖွားခြင်းခွင့်ကို လစာပြည့်ဖြင့် ခံစားခွင့်ပြုခဲ့ကြသည်။ တစ်နှစ်သို့မဟုတ် တစ်နှစ်ထက်နည်းသော ခွင့်ရက်ဖြစ်စဉ်များတွင် အမျိုးသမီးများအား အလုပ်အကိုင်ခန့်ထားရေးကို မြင့်တက်စေခဲ့သည်။ ချမ်းသာသည့်နိုင်ငံများအနက် အမျိုးသမီးဝန်ထမ်းများ ကိုယ်ဝန်ဆောင်ခြင်းနှင့်ပတ်သက်၍ တရားဝင်ခွင့်သတ်မှတ်ပေးထားခြင်းမရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံတွင် အမျိုးသမီးများသည် ကလေးမွေးဖွားပြီး ဆယ်ရက်အတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြသည်။ သို့သော် လုပ်ငန်းခွင်သို့ လုံးဝပြန်လည်ဝင်ရောက်ခြင်းမရှိသည့် အမျိုးသမီးများစွာလည်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏မွေးကာစ ရင်သွေးငယ်အား ကလေးထိန်းဌာနတွင် အပ်နှံထားရစ်ခဲ့ရမည့်အဖြစ်ကို မခံစားနိုင်သောကြောင့်သော်လည်းကောင်း၊ ယင်းအတွက် ကုန်ကျမည့်စားရိတ်မှာ ၎င်းတို့၏ ဝင်ငွေတစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးနီးပါးနှင့် ညီမျှလိမ့်မည် ဖြစ်သည့်အတွက်ကြောင့်သော်လည်းကောင်း ဖြစ်သည်။
၁၉၇၀ ပြည့်နှစ်ပိုင်းကာလများက စကင်ဒီနေးဗီးယားနိုင်ငံများသည် ကလေးမိဘဖြစ်လာသူ ဝန်ထမ်းနှစ်ဦးလုံးအတွက် တရားဝင်ခွင့်ကို ပထမဦးဆုံးသတ်မှတ်သည့် နိုင်ငံများဖြစ်လာသည်။ ယင်းခွင့်ကို မိဘဖြစ်သူနှစ်ဦးက မိမိတို့ဆန္ဒအတိုင်း အဆင်ပြေသလို ခွဲဝေယူနိုင်ကြသည်။ သို့သော် အမျိုးသားဝန်ထမ်းအနည်းငယ်သာ ထိုခွင့်ကို ယူကြသည်။ ပိုမိုသင့်လျော်သော လစာနှုန်းထား သို့မဟုတ် ခံစားခွင့်အတွက် ကြိုတင်သတ်မှတ်လျာထားခြင်းတို့က ဖခင်ဖြစ်သူဝန်ထမ်းများအတွက် အထောက်အကူဖြစ်စေသည်။ လုပ်ခလစာ၏ ၈၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ အစားထိုးပေးသော ဆွီဒင်နှင့် နော်ဝေးနိုင်ငံများတွင် ဖခင်ဖြစ်လာသည့် အမျိုးသားဝန်ထမ်း ၉၀ ရာခိုင်နှုန်းက မိဘများခံစားရသည့်ခွင့်ကို စတင်ယူနေကြပြီဖြစ်သည်။ ဂျာမနီနိုင်ငံတွင်ဆိုလျှင် ကလေးမိဘဖြစ်သူများ ရသည့်ခွင့်အချို့ကို ခွဲဝေယူသည့် အမျိုးသားဝန်ထမ်းများအား နှစ်လစာဆုကြေးငွေပေးရန် သတ်မှတ်လိုက်ပြီးသည့်နောက်ပိုင်း၊ ဖခင်ဖြစ်လာသည့် အမျိုးသားဝန်ထမ်းများခွင့်ယူသည့်နှုန်းမှာ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ၂၁ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းသို့တက်လာခဲ့သည်။
၂၀၁၆ ခုနှစ်က ဆွီဒင်နိုင်ငံတွင် ဖခင်ဖြစ်သူများအတွက် ကြိုတင်သတ်မှတ်ထားသောခွင့်ကို နှစ်လမှ သုံးလအထိ တိုးမြှင့်ထားခဲ့သည်။ ခင်ပွန်းဖြစ်သူက ထိုခွင့်မျိုးတစ်လယူတိုင်း ၎င်း၏ဇနီးသည် လစာငွေအား နောင်လေးနှစ်အကြာတွင် ၇ ရာခိုင်နှုန်းမြင့်တက်စေမည် ဖြစ်သည်။
ကလေးမွေးဖွားခြင်းနှင့် သက်ဆိုင်သည့်ခွင့်ကို တိုးမြှင့်သည့် နိုင်ငံအရေအတွက် များပြားလာသည့်တိုင်၊ OECD မှ သတ်မှတ်သည့်အတိုင်း လစာဝင်ငွေ၏ သုံးပုံ နှစ်ပုံနှင့်ညီမျှသည့် ခံစားခွင့်ပေးသည့် နိုင်ငံအနည်းငယ်သာ ရှိပေသည်။ ဗြိတိန်နိုင်ငံတွင် ကလေးမွေးဖွားခြင်းနှင့် သက်ဆိုင်သည့် ခွင့်အချို့ကို မိဘဖြစ်သူနှစ်ဦးမျှဝေယူခွင့် ရှိသော်လည်း ခွင့်ခံစားချိန်ရရှိသည့်လစာမှာ နည်းလှပေသည်။ အမျိုးသားအများစုမှာ ဆုံးရှုံးမည့်အတိုင်းအတာကို တွက်ဆမိသောအခါ မိမိတို့၏ လုပ်ငန်းခွင်မှ အနားယူရမည့်အကြံကို စွန့်လွှတ်လေ့ရှိကြကြောင်း MR DAVIES ဆိုသူက ပြောကြားခဲ့သည်။ ထို့ကြောင့် ခေတ်နှင့်အမီလိုက်၍ ပြောင်းလဲနေသည့် ဇနီးမောင်နှံတို့မှာ ၁၉၅၀ ပြည့်နှစ် အိမ်ထောင်မိသားစုများအသွင် ပြန်ဖြစ်သွားကြတော့သည်။
မိခင်များအားကူညီရန်အတွက် ဖခင်များအားလည်း ကူညီကြဖို့လို
---------------
အမြော်အမြင်ရှိစွာချမှတ်ထားသည့် ကလေးမီးဖွားခွင့်မူဝါဒများ၊ ရက်ရောစွာ စီစဉ်ပေးထားသည့် ကလေးထိန်းလုပ်ငန်းများနှင့် စကင်ဒီနေးဗီးယားနိုင်ငံများ၏ ကလေးဖခင်များခံစားရသည့် ခွင့်လစာနှုန်းထားမျိုးများရှိနေသည့်တိုင် လိုက်လျောညီထွေ အဆင်ပြေသည့် လုပ်ငန်းခွင်စံမျိုးမရှိဘဲနှင့်တော့ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူလိုက်နိုင်မည်မဟုတ်ပေ။ ယင်းအချက်က အမျိုးသားများအားလည်း ဖခင်ကောင်းများဖြစ်စေရန် အထောက်အကူပြုလိမ့်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံရှိ အသက်ငယ်ရွယ်သူ ဖခင်ဝန်ထမ်းဦးရေ ထက်ဝက်နီးပါးသည် မိမိတို့၏မိသားစုကိစ္စများနှင့် မိမိတို့အလုပ်များကြား ချိန်ညှိနိုင်သည့် ဖိအားနည်းသော အလုပ်အကိုင်များသို့ ပြောင်းရွှေ့လုပ်ကိုင်လိုကြောင်း ပြောဆိုကြသည်။ သို့သော် ယင်းသို့လုပ်ခြင်းအားဖြင့် မိမိတို့၏ အလုပ်အကိုင်များကို ထိခိုက်နိုင်ကြောင်းကို အမျိုးသမီးဝန်ထမ်းများထက် အမျိုးသားဝန်ထမ်းများက နှစ်ဆခန့် ပိုမိုတွေးတောမိကြလိမ့်မည်ဖြစ်သည်။
ကလေးမီးဖွားခြင်းအတွက် ခွင့်နှစ်ရက်သာပေးသည့် နယ်သာလန်နိုင်ငံမှ ဒတ်ချလူမျိုးဖခင်ဖြစ်သူ ဝန်ထမ်းတစ်ဦးက ယင်းခွင့်နှင့်သက်ဆိုင်သည့် စုပေါင်းတွေ့ဆုံပွဲတစ်ခုတွင် ''GOOGLE ကတောင် ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဗျာ'' ဟု ညည်းညူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ''ဖခင်တစ်ဦးအတွက် ကလေးငယ်ပြုစုခြင်းနှင့် မိမိအလုပ်အကိုင်တို့အတူ ယှဉ်တွဲလုပ်ကိုင်ရေး'' နှင့်ပတ်သက်သည့် အကြံဉာဏ်များကို GOOGLE တွင် ရှာဖွေရာ၌ '' မိခင်တစ်ဦးအတွက် ကလေးငယ်ပြုစုခြင်းနှင့် မိမိ၏အလုပ်အကိုင် ယှဉ်တွဲလုပ်ကိုင်ခြင်း'' အကြောင်းကို ဆိုလိုပါသလားဟု ပြန်လည်အမေးခံရသောကြောင့် ဖြစ်သည်။ အမျိုးသားများနှင့် အမျိုးသမီးတို့၏ပြင်းပြသည့် ဆန္ဒနှင့်ရည်မှန်းချက်များ အသွင်တူလာသည့်အခါ ၎င်းတို့နှင့်ပတ်သက်သည့် စုံစမ်းလေ့လာချက်များအပေါ် တုံ့ပြန်မှုများသည်လည်း သာ၍တူညီလာမည်ဖြစ်သည်။
ခွဲခြားခံရခြင်း
-------------
ယခုနှစ်အစောပိုင်းက လူထုဆန္ဒကောက်ခံသည့် THE ECONOMIST နှင့် YOUGOV စာစောင်နှစ်ခုမှ လူအများ မိမိတို့၏အလုပ်အကိုင်နှင့် မိသားစုအရေးအခင်းများကြားတွင် မည်ကဲ့သို့ချိန်ညှိနေထိုင်ကြသနည်းဆိုသည့် မေးခွန်းအား နိုင်ငံရှစ်နိုင်ငံရှိ လူများအားမေးမြန်းခဲ့သည်။ ''မိသားစုအတွင်း၌ အိမ်တွင်းမှုကိစ္စများနှင့် ကလေးပြုစုခြင်းအလုပ်များကို အမျိုးသမီးများက တာဝန်ယူရသည်'' ဟု ထင်မြင်ယူဆသည့် အမျိုးသားထုက အမျိုးသမီးထုထက် နှစ်ဆ သုံးဆခန့် ပိုနည်းကြောင်းတွေ့ရသည်။ ထိုတာဝန်များကို အညီအမျှ ခွဲဝေယူကြသည်ဟုဆိုကြဖို့ ပိုများသည်။ ပထမဆုံးကလေးမွေးဖွားသည့်အခါ မည်သူကအလုပ်လုပ်ခြင်းကို လျှော့ချသနည်းဆိုသည့်မေးခွန်းကို မေးမြန်းရာတွင် ထင်မြင်ချက်ကွာဟမှုနောက်တစ်ခုကို တွေ့ရပြန်သည်။ နှစ်ဖက်စလုံးက ''မိမိတို့၏ အိမ်ထောင်ဖက်များက အလုပ်လျှော့လုပ်ခါ ချိန်ညှိမှုများလုပ်ပါသည်''ဟု မဖြေကြဘဲ ''မိမိတို့သာလျှင် အခြေအနေနှင့်ကိုက်ညီအောင် အလုပ်ကို ချိန်ညှိလုပ်ကိုင်ကြရပါသည်'' ဟု ဖြေကြားကြသည်။ ပြင်သစ်နိုင်ငံတွင်မူ အမြင်ကွာဟမှုအများဆုံးဖြစ်သည်။ အမျိုးသမီးများထု၏ ၅၅ ရာခိုင်နှုန်းက သူမတို့သာလျှင် အလုပ်လျှော့လုပ်ကြသည်ဟုဆိုကြပြီး၊ မိမိတို့၏ဇနီးများသာလျှင် အလုပ်လျှော့လုပ်ကြသည်ဟု ပြောသည့် အမျိုးသားထုအရေအတွက်၏ နှစ်ဆခန့်ရှိသည်။ မည်သည့်ဘက်ကပို၍ တိကျမှန်ကန်သည်ကို ရှင်းလင်းစွာမသိရသော်လည်း လူများစွာတို့သည် မိမိတို့ အိမ်ထောင်ဖက်များ၏ကဏ္ဍ၊ အစစ်အမှန်ကို လစ်လျူရှုထားကြသည်မှာ သိသာလှပေသည်။ ၎င်းတို့၏ဇနီးများ အလုပ်ခွင်တွင် ပိုမိုလုပ်ကိုင်နိုင်ရေးအတွက် အမျိုးသားများအနေနှင့် အိမ်မှုကိစ္စများကို လုပ်ကိုင်နေကြသည်ဆိုသည့်တိုင် ၎င်းတို့အနေနှင့် လိုအပ်နေသည့် အချက်များအား သတိမပြုမိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ကျား-မ အခွင့်အရေးတန်းတူ၊ တာဝန်ယူမှုတန်းတူဖြစ်ရေးတို့ကို အိမ်တွင်းစကားဝိုင်းများတွင် တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးကြခြင်းဖြင့်သာ မြှင့်တင်နိုင်မည်ဖြစ်ပေသည်။
Ref :The Gender Gap, Economist
ဟေဘလု (လေးမိုင်)