ထပ်မံလေ့လာသင်ယူခြင်း

septcover1

ထပ်မံလေ့လာသင်ယူခြင်း (Further Studies) လုပ်ရန် အဘယ်ကြောင်းလိုအပ်ပါသနည်း။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်လိုချင်သောကြောင့်လား၊ အလုပ်ရှာဖွေရသည့် ဖိစီးမှု လျော့နည်းစေရန်၊ အလုပ်ရရှိမှု လွယ်ကူစေရန်ကြောင့်လား၊ သင့်မိဘ၊ သို့မဟုတ် အကြီးအကဲတစ်ဦးဦး၏ အကြံပေးမှုကို လိုက်နာလိုသောကြောင့်လား၊ အသိပညာနှင့် လေ့လာလိုက်စားရမှုကို ခုံမင်သောကြောင့်လား၊ သင်ရည်မှန်းထားသည့် အလုပ်အကိုင်လမ်းကြောင်း တိုးတက်မှုရရှိစေရန်အတွက်လား၊ အလုပ်အကိုင် လမ်းကြောင်းသစ် ပြောင်းလဲလိုသောကြောင့်လား၊ လက်ရှိလုပ်နေသည့်အလုပ်မှ လွတ်မြောက်ချင်သောကြောင့်လားစသည့် မေးခွန်းများမေးကြည့်နိုင်သည်။ ထပ်မံလေ့လာသင်ယူလိုစိတ်၏ နောက်ကွယ်မှာရှိနေသည့် တွန်းအားတစ်စုံတစ်ရာကို သေသေချာချာ နားလည်ခြင်းက မည်သည့်အရာကို ထပ်မံသင်ယူမည်နည်းဆိုသည်ကို ရွေးချယ်ရာတွင် အကောင်းဆုံးရွေးချယ်နိုင်ရန် ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့ခေတ်ကဲ့သို့ အပြိုင်အဆိုင်များပြီး မိမိ၏ Personal Brand ကို မိမိကိုယ်တိုင် တည်ဆောက်ယူရသည့် အချိန်ကာလမှာ Further Studies လုပ်ရန် မဖြစ်မနေလိုအပ်သည့် အခြေအနေဖြစ်လာပါသည်။ ထို့ကြောင့် ပညာရှင်များနှင့် ကိုယ်တိုင် Further Studies လုပ်နေသည့် လုပ်ငန်းရှင်များ၏ အတွေ့အကြုံများကိုမေးမြန်းပြီး ယခုလ၏ Cover Story အဖြစ် တင်ဆက်လိုက်ပါသည်။

[caption id="attachment_26691" align="alignnone" width="370"]draunghtunthetFurther Studies လုပ်ဖို့စဉ်းစားရင် ခပ်ပေါ့ပေါ့ ကျောင်းတက်တာလို့မစဉ်းစားဘဲ ဘဝအတွက် စဉ်းစားတဲ့ပုံစံဖြစ်လာရင် ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ကိုယ့်ဟာကိုယ်ချင့်ချိန်ရမယ့်ပုံစံဖြစ်လာမယ်။ [/caption]

ဒေါက်တာအောင်ထွန်းသက်

အကြံပေးပညာရှင်

 CEO Business & Management Magazine

Further Studies ဆိုတာ ပညာဆက်သင်တာကို ပြောတာဖြစ်ပါတယ်။ သာမန်အားဖြင့်ပြောရင်တော့  အလုပ်ခွင်နဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဘွဲ့တစ်ခုရပြီးတဲ့အခါ ဆက်လက်ပြီး ပညာသင်တာကို အခြေခံထားပြီး ပြောရမှာဖြစ်ပါတယ်။ အရင်တုန်းကနဲ့ အခုအခြေအနေကို ကြည့်မယ်ဆိုရင် အရင်တုန်းက Further Studies လုပ်ဖို့ဆိုရင် နိုင်ငံတော်အစိုးရကလွှတ်တဲ့ ပညာတော်သင်အခွင့်အရေးရဖို့ လျှောက်ရပါတယ်။ အဲဒီကနေမှ ပညာတော်သင်ခွင့်ရတာများပါတယ်။ အခုကျတော့ ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေ ပြောင်းလာတဲ့အခါ Further Studies က နိုင်ငံတော်က လွှတ်တာမဟုတ်တော့ဘဲ မိမိအဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ မိသားစုကပဲဖြစ်ဖြစ် လွှတ်တာမျိုးတွေဖြစ်လာတယ်။ ဆရာပြောချင်တာက Further Studies က အရင်လို လူနည်းစုပဲ တက်ခွင့်ရတာမျိုး မဟုတ်တော့ဘူး။ အရင်တုန်းက ကိုယ်ပိုင်ငွေရှိရင်တောင် သွားလို့ရတဲ့အနေအထားမျိုးမဟုတ်ခဲ့ဘူး။ ဒီဘက်ခေတ်မှာတော့ ကိုယ်က ငွေတတ်နိုင်လို့ရှိရင်၊ ငွေမတတ်နိုင်ရင်တောင် ထူးချွန်လို့ရှိရင် Scholarship တွေ လျှောက်ပြီး Further Studies လုပ်နိုင်တဲ့အခြေအနေမျိုး ဖြစ်နေပါပြီ။

Further Studies လို့ ယေဘုယျအနေနဲ့ ပြောလို့ရှိရင် ဘွဲ့လွန်တက်တာကို ပြောတာဖြစ်ပါတယ်။ ဘွဲ့ရပြီးသားလူတစ်ယောက်က Further Studies ဆက်လုပ်တယ်ဆိုရင် မဟာသိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့တို့ ယူတာကို ပြောတာဖြစ်ပါတယ်။ Further Studies မှာဆိုရင် အနိမ့်ဆုံးအဆင့် Diploma ၊  နောက်တစ်ဆင့်က Master တက်တာရှိတယ်၊ PhD တက်တာရှိတယ်။ အခု ဆရာတို့ နိုင်ငံရဲ့ ပြောင်းလဲလာတဲ့အခြေအနေအရ Further Studies အတွက် သြစတြေးလျ၊ အမေရိကား၊ စင်ကာပူ စသဖြင့် သွားကြတယ်။

အရေးကြီးတာကတော့ ဘွဲ့လွန်သင်တန်းတွေ တက်ဖို့ ကိုယ့်မှာအရည်အချင်းရှိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Further Studies လုပ်ဖို့ဆိုတာ ကိုယ့်ဆန္ဒတစ်ခုရှိရုံနဲ့ Further Studies လုပ်ခွင့်ရမှာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ ဝင်ခွင့်အရည်အချင်းတွေ ပြည့်စုံဖို့ လိုအပ်ပါတယ်။

တက္ကသိုလ်တစ်ခုနဲ့တစ်ခုက ပြင်ဆင်ရတဲ့အပိုင်းမှာ လိုအပ်ချက်ချင်းမတူကြဘူး။ ကိုယ်တက်ချင်တဲ့ ကျောင်း၊ ကိုယ်တက်ချင်တဲ့ဘာသာရပ်၊ ကိုယ်တက်ချင်တဲ့အတန်းကိုကြည့်ပြီးတော့ လိုအပ်ချက်တွေ စုဆောင်းရတယ်၊ တင်ပြရတယ်။ ကျောင်းကသတ်မှတ်ချက်တွေ ပြည့်စုံရင် လက်ခံမှာပဲ။ ကိုယ်တိုင်ကြိုးစားပြီး ပြည့်စုံအောင် လုပ်ရမယ်။ သူများကိုလည်း အားကိုးလို့မရဘူး။

အလုပ်လုပ်ရင်း Further Studies လုပ်တဲ့အပိုင်းကို ပြောရမယ်ဆိုရင် ပြည်တွင်းမှာပဲ အလုပ်လုပ်ရင်း DBA တို့၊ MBA တို့တက်တာမျိုးတွေ့ရပါတယ်။ ဒီလိုတက်ကြတာက ကိုယ့်အလုပ်မှာ ဒီထက်မြင့်တဲ့ရာထူးနဲ့ တာဝန်လိုချင်လို့၊ ကိုယ့်မှာရှိတဲ့ဘွဲ့တစ်ခုနဲ့ မလုံလောက်လို့ လုပ်တာက တစ်ပိုင်းဖြစ်ပါတယ်။ ဒီအတွက် ရန်ကုန်တက္ကသိုလ်မှာလည်း IR သင်တန်းတွေ၊ Law သင်တန်းတွေ ရှိတယ်။ ကိုယ့်မှာရှိတဲ့ဘွဲ့တစ်ခုနဲ့ မလုံလောက်ဘူးလို့ ယူဆရင်တော့ Further Studies ယူရမှာပဲ။

အခုချိန်မှာတော့ Further Studies မယူလို့ မရတဲ့အခြေအနေဖြစ်သွားပြီ။ ဘွဲ့တစ်ခုတည်းနဲ့ အလုပ်လုပ်နိုင်တဲ့သူက တော်တော်ရှားသွားပြီ။ ဘွဲ့တစ်ခုတည်းနဲ့ လုပ်တဲ့အလုပ်ဆိုရင်လည်း ကျဉ်းမြောင်းတဲ့၊ အကန့်အသတ်ရှိတဲ့အလုပ်မျိုးဖြစ်နိုင်တယ်။ ပြိုင်ဆိုင်မှုတွေများတဲ့ အလုပ်ခွင်မှာ ဘွဲ့များများရှိတဲ့သူက ပိုပြီးတော့ အခြေအနေကောင်းမှာပဲ။ အလုပ်တစ်ခုကို ဝိုင်းလျှောက်ကြတယ်ဆိုရင် သူများထက်လည်း အရည်အချင်းမသာဘဲ Further Studies လည်း မရှိတဲ့သူက မရနိုင်ဘူး။ ဒါကြောင့် ဆရာပြောချင်တာက Further Studies က မယူမဖြစ်လုပ်ရမယ့် ကြိုးစားမှုတစ်ခုဖြစ်ပါတယ်။

Further Studies အတွက် ငွေဘယ်လောက် အကုန်အကျခံသင့်သလဲဆိုရင် Further Studies အတွက် သုံးတဲ့ငွေကို ကိုယ်ဘယ်လိုမြင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကုန်ကျစရိတ်လို့မမြင်ဘဲ ရင်းနှီးမြှုပ်နှံမှုလို့မြင်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလိုက်တာက တစ်ချိန်ကျရင် ပြန်ရမယ်လို့ယူဆတဲ့အတွက် နိုင်ငံတကာမှာဆိုရင် ဘဏ်ကနေ ငွေချေးပြီးတော့ Further Studies လုပ်ကြတာတွေကို တွေ့ရပါတယ်။ ဒါမျိုးတွေ ဖြစ်လာရင်တော့ တော်တော်ကောင်းပါတယ်။ မဟုတ်ရင် Further Studies လုပ်ဖို့က တော်တော်ခဲယဉ်းတဲ့အနေအထားမျိုး ဖြစ်နေတယ်။

Further Studies လုပ်ဖို့စဉ်းစားရင် ခပ်ပေါ့ပေါ့ ကျောင်းတက်တာလို့မစဉ်းစားဘဲ ဘဝအတွက် စဉ်းစားတဲ့ပုံစံဖြစ်လာရင် ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာ ကိုယ့်ဟာကိုယ်ချင့်ချိန်ရမယ့်ပုံစံဖြစ်လာမယ်။ တချို့တွေကျတော့လည်း မိဘတတ်နိုင်လို့ ကျောင်းတက်ဖို့ ငွေရှိတယ်။ မတတ်နိုင်ဘူးဆိုရင်တော့ ငွေချေးရမှာပဲ။ အဲဒီလိုငွေချေးတာမှာ အမေရိကားလိုနိုင်ငံမျိုးတွေမှာ ငွေချေးပြီး ပြန်ဆပ်ဖို့ အခက်အခဲတွေအများကြီးရှိတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး ဆိုရင်လည်း စွန့်စားမှုပြုလုပ်ရမှာပဲ။ ဒါပေမဲ့ ကိုယ်ကသိပ်ထူးချွန်ရင်တော့ Further Studies လုပ်ချင်တဲ့သူအတွက် Scholarship တွေအများကြီးရှိပါတယ်။

ပြည်တွင်းမှာ Further Studies လုပ်တာရှိတယ်။ ပြည်ပမှာ Further Studies လုပ်တာရှိတယ်။ ပြည်ပ Further Studies ကို စဉ်းစားမယ်ဆိုရင် ငွေကုန်ကြေးကျပိုများမယ်။ ပြည်တွင်းမှာဆိုရင်တော့ အများကြီး သက်သာမယ်။ ဒါပေမဲ့ ပြည်ပသွားပြီး Further Studies လုပ်မယ်၊ ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင် ကိုယ်ပြန်ရတာက ပိုများမယ်။ ဒီနေရာမှာ ပြည်ပသွားတယ်ဆိုလို့ အမေရိကားသွားတယ်ဆိုတာမျိုးနဲ့လည်း မပြည့်စုံဘူး။ အမေရိကားမှာက ကျောင်းတွေအများကြီးရှိတယ်။ ဒီကျောင်းတွေထဲကမှ ထင်ရှားတဲ့ကျောင်း၊ နာမည်ကောင်းရှိတဲ့ ကျောင်းကိုရွေးရမယ်။ ပြည်တွင်းမှာဆိုရင်လည်း Further Studies အတွက် ကျောင်းတွေရှိပေမဲ့ ရိုက်စားတွေက အများကြီးပဲ။ အတုလုပ်နေတဲ့ကျောင်းတွေ အများကြီးရှိတယ်။ ဘွဲ့လက်မှတ်ကို ပိုက်ဆံနဲ့ရောင်းစားတဲ့ ကျောင်းတွေရှိနေတယ်။ အလိမ်အညာတွေရှိတဲ့အခါ ကိုယ်ရတဲ့ဘွဲ့က အတုကြီးပါဆိုရင် ရှက်စရာကြီး။ ဒါကြောင့် အလွယ်ဖြတ်လမ်းကိုမလိုက်ဘဲ တကယ်တန်ဖိုးရှိတဲ့၊ သိက္ခာရှိတဲ့ တက္ကသိုလ်တွေ တက်ဖို့လိုပါတယ်။

ပညာရေးဝန်ကြီးဌာနာက ဖွင့်တဲ့သင်တန်းတွေ၊ ရန်ကုန်တက္ကသိုလ်က ဖွင့်တဲ့သင်တန်းတွေကတော့ တကယ်ကို သိက္ခာရှိပါတယ်။

[caption id="attachment_26699" align="alignnone" width="370"]uzayyathuramonအိမ်မှာ စာဖတ်ခန်းရှိပါတယ်။ ဒီလို စာဖတ်စရာ နေရာလေးတစ်ခု အတည်တကျလေးထားရှိတာက ပိုပြီးတော့ စာဖတ်ဖြစ်စေပါတယ်။[/caption]

ဦးဇေယျသူရမွန်

CEO & Founder

Myanmar Central Power Co Ltd

Further Studies လုပ်ဖို့ ဘာကြောင့်လိုအပ်ပါသလဲ။ ကိုယ်တိုင်အနေနဲ့ Further Studies လုပ်တဲ့အခါမှာ ကျောင်းဘယ်လိုရွေးချယ်ပါသလဲ . . .

ဒီနေ့ခေတ်မှာ လုပ်ငန်းတွေက Competitive ဖြစ်ဖို့ ပိုပြီး လိုအပ်လာတယ်။ Horizontal Integration ၊ Vertical Integration ဆိုတာ Competitive Strategy မှာရှိပါတယ်။ ဒါတွေကိုတော့ ကျွမ်းကျင်ရမှာပေါ့။ အဲဒီမှာ ကိုယ့်လုပ်ငန်းက Horizontal Integration ဖြစ်သင့်လား၊ Vertical Integration  ဖြစ်သင့်လားဆိုတာကိုတော့ ကြည့်တတ်ရမယ်။ တစ်ခါတလေ ကြည့်ရုံနဲ့မရဘဲ ချတွက်ရတာတွေလည်းရှိပါတယ်။ ဒီလိုချတွက်နိုင်ဖို့ဆိုရင်တော့ Higher Education လိုပါတယ်။ လိုတာမှ ကျောင်းကောင်းကောင်း တက်ဖို့လည်း လိုပါတယ်။ ကျောင်းကောင်းတွေမှာ Research တွေရှိပါတယ်။ အဲဒီ Research တွေကနေမှ သီအိုရီအသစ်တွေ ထွက်တယ်။ အဲဒါကို လက်ခံနိုင်၊ မနိုင်ဆိုတာအပေါ် Thesis တွေလုပ်တယ်။ ဒါကြောင့် အရည်အသွေးရှိတဲ့ ပညာရေးကလိုအပ်တာပါ။ Harvard ၊ Oxford ကျောင်းဆင်းတစ်ယောက်နဲ့ ဒီဘက် တိုကျိုတက္ကသိုလ်က ကျောင်းဆင်းတစ်ယောက်နဲ့ ယှဉ်ကြည့်ရင်တောင် ယေဘုယျအနေနဲ့ Input ရတာချင်း မတူပါဘူး။ ဒီလို Input ချင်းကွာတဲ့အခါ Output ချင်းလည်း ကွာပါတယ်။

လက်ရှိမှာ ကျွန်တော်က University of Chicago Booth School of Business ရဲ့ Executive MBA တက်နေတာဖြစ်ပါတယ်။

ကျောင်းတက်ရတဲ့ပုံစံကိုလည်း ပြောပြပေးပါဦး . . .

ကျောင်းကတော့ နှစ်နှစ်ကြာပါတယ်။ လစဉ် တစ်လကို တစ်ပတ်တက်ရပါတယ်။ သွားတက်ရတဲ့နေရာက သုံးနေရာရှိပါတယ်။ အမေရိကား၊ လန်ဒန်နဲ့ ဟောင်ကောင် တို့ပါ။ လန်ဒန်နဲ့ ဟောင်ကောင်က သင်တဲ့ပုံစံ အတူတူပဲ။ လန်ဒန်ကတော့ European Campus ဖြစ်ပြီး ဟောင်ကောင်ကတော့ Asian Campus ပါ။ China က ကျောင်းသားတွေ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ ရုရှားက ကျောင်းသားတွေ ပါလာပါတယ်။ နောက်ပြီး ဟောင်ကောင်နဲ့ လန်ဒန်နဲ့က ပြောင်းရတာလွယ်ပါတယ်။ ဒီတစ်လမှာ ဟောင်ကောင်မှာမတက်ဘဲ  လန်ဒန်မှာသွားတက်မယ် ဆိုရင်လည်းရတယ်။ လန်ဒန်နဲ့ ဟောင်ကောင်မှာ သင်တာက တအားများတယ်။ မနက် ၈ နာရီခွဲ ကျောင်းရောက်တယ်။ ၉ နာရီမှာ အတန်းစတယ်။ အတန်းပြီးတာနဲ့ Group Work ပါ တစ်ခါတည်းပေးလိုက်တယ်။ တစ်ခါတလေ Group Work သိပ်များတဲ့အခါ မနက်သုံးနာရီအထိ လုပ်ရပါတယ်။ အမေရိကားကတော့ သင်တဲ့ပုံစံမတူပါဘူး။ အမေရိကားမှာကျတော့ တစ်ပတ်ကို သုံးရက်ပဲသင်တယ်။ အဲဒီတော့ ဘာသာရပ်တစ်ခုကို သုံးလလောက်ကြာတယ်။ ကျွန်တော်ကတော့ မတက်မနေရ ဘာသာရပ်တွေအတွက်ပဲ အမေရိကားမှာ သွားတက်ပါတယ်။

ဘာသာရပ်တိုင်းအတွက် Paper တွေ ရေးရပါတယ်။ Group လိုက်ရေးရတာရှိသလို Individual ရေးရတာလည်းရှိပါတယ်။ ကျောင်းမှာ Noble Prize Winner က Lecture လာပေးတာလည်းရှိပါတယ်။ အိုဘားမားကလည်း နိုင်ငံရေးမလုပ်ခင်မှာ Chicago University ရဲ့ Law School က Law Lecturer ဖြစ်ပါတယ်။

စာဖတ်ချိန် ဘယ်လိုပေးပါသလဲ . . .

ရတဲ့အချိန်မှာတော့ စာဖတ်ပါတယ်။ သီးသန့်အချိန်တော့ မပေးနိုင်ဘူး။ စာအကြွေးတွေလည်း အများကြီးရှိပါတယ်။ အိမ်မှာ စာဖတ်ခန်းရှိပါတယ်။ ဒီလို စာဖတ်စရာ နေရာလေးတစ်ခု အတည်တကျလေးထားရှိတာက ပိုပြီးတော့ စာဖတ်ဖြစ်စေပါတယ်။ အပြင်ထွက်တဲ့အချိန်လည်း နည်းသွားတယ်။ အရေးကြီးတဲ့လူမှုရေးကိစ္စတွေ သွားတာကလွဲရင် ကျန်တဲ့အချိန်မှာ စာပဲဖတ်ချင်နေတယ်။ ဖတ်စရာတွေကလည်း အများကြီးပဲ။ အဲဒီလို ဖတ်ရင်းနဲ့ပဲ ကိုယ်မသိတာ၊ ကိုယ်လိုချင်တာကို ဘယ်လိုရှာရမလဲဆိုတာ သိသွားတယ်။

septcover2

ဒီနေရာမှာ နိုင်ငံခြားမှာ သင်လာတာက မြင့်နေပြီး မြန်မာနိုင်ငံအခြေအနေမှာ ပြန်သုံးဖို့ ကွာခြားနေတာကို ဘယ်လိုညှိယူပါသလဲ . . .

အခြေခံကတော့ အတူတူပါပဲ။ ဒါပေမဲ့ သင်တဲ့ထဲမှာ မြင့်တာတွေရှိပါတယ်။ ဒီမှာ လုံးဝပြန်ပြီး သုံးလို့မရတာတွေလည်းရှိပါတယ်။ တဲ့သုံးလို့ရတာတွေရှိသလို နည်းနည်းမျှပြီး သုံးရတာတွေလည်းရှိပါတယ်။ ဥပမာ - ကျွန်တော်သင်ရတဲ့ Financial Strategy တစ်ခုဆိုလို့ရှိရင် Marriott Hotel အကြောင်း ဖြစ်ပါတယ်။ လုပ်ငန်းက အဖေလက်ထက်မှာ စခဲ့တယ်။ အဲဒီမှာလုပ်ငန်းက တအားကြီးလာပြီး သားလက်ထက် ရောက်လာတယ်။ အဲဒီမှာ Hotel ရဲ့ Property ရော၊ Management ရောတွဲထားတယ်။ အဲဒီမှာ Hotel Management က တအားကောင်းနေတယ်။ ဒါပေမဲ့ သူ့ရဲ့ Property တွေ အားလုံးက ဈေးတွေကျနေတယ်။ အဲဒီတော့ ခွဲထုတ်လိုက်တယ်။ ဒီလိုခွဲထုတ်လိုက်တော့ Hotel Management က တက်သွားပြီး Property ကိုလည်း ထိန်းလိုက်နိုင်တယ်။ ဒါမျိုးဆိုရင် ဒီမှာသုံးလို့မရသေးဘူး။

ကိုယ်တိုင် Further Studies လုပ်ထားတာကို Top Management တွေကို ပြန် Share လုပ်ဖို့ကော အစီအစဉ် ရှိပါသလား . . .

ကျွန်တော့်ရဲ့ Management Team ကိုတော့ Informal နည်းနဲ့ Share လုပ်ပါတယ်။

မြန်မာနိုင်ငံက CEO တော်တော်များများက ရထားတဲ့ဘွဲ့ကတစ်ခု၊ လုပ်နေတာက တစ်ခုဆိုတာမျိုး ဖြစ်နေတယ်။ ဒီလိုမျိုးဆိုရင် Further Studies အတွက် နှစ်နှစ်မတက်နိုင်ရင် တခြား ဘယ်လို Course မျိုးက အကျိုးရှိနိုင်မလဲ . . .

Singpore Institute of Management (SIM) က နိုင်ငံခြားက Professor တွေနဲ့တွဲပြီးတော့သင်တဲ့ Jobs of the CEO ဆိုတဲ့ Training လေးရှိပါတယ်။ အဲဒါက တစ်ပတ်လောက်ပဲ ကြာပါတယ်။ ဒါလေးတက်လိုက်တဲ့အခါ နားတွေ၊ မျက်စိတွေ ပွင့်သွားပါတယ်။ နိုင်ငံခြားက Professor တွေဆီက သင်ယူရတဲ့အရသာကို သိသွားပါတယ်။ အဲဒီမှာ အီရန်လူမျိုး Professor တစ်ယောက်ပါတယ်။ သူက ဆွစ်ဇာလန်က တက္ကသိုလ်တွေ၊ Harvard University တို့တွေမှာ သင်ပေးနေတာပါ။ Harvard မှာ သင်တုန်းကဆိုရင် Michael Porter က သူ့တပည့်ပါ။ အဲဒီ Training မှာ Professor လေးယောက်လောက်က တစ်ပြိုင်တည်း Intensive သင်တာပါ။ ဒီတော့ Input တွေအများကြီး ရပါတယ်။

ဒီ Course မှာပါတဲ့ Program တွေဆိုရင် Day 1 & Day 2 မှာ Developing a Competitive Strategy ၊ Day 3 & Day 4 မှာ Building a Competitive Human Capital Strategy ၊ Day 4 မှာ Leading Successful Organisational Change နဲ့ Day 5 မှာ Building a Sustainable Ecosystem for Innovation & Change ဆိုပြီး သင်ရပါတယ်။ Program Fee ကတော့ စင်ကာပူ ဒေါ်လာ ၁၆,၀၀၀ ဝန်းကျင်ဖြစ်ပါတယ်။

[caption id="attachment_26690" align="alignnone" width="370"]dawtinmamasoeFurther Studies လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် Confidence ရှိလာတယ်။ တကယ်တတ်မြောက်အောင် ကြိုးစားခဲ့ရင် ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်နိုင်သလို Impression လည်း တက်စေပါတယ်။[/caption]

ဒေါ်တင်မမစိုး

HR Consultant cum MD

Billion Force Services Co Ltd

လုပ်ဖြစ်ခဲ့တဲ့ Further Studies တွေနဲ့ Further Studies လုပ်ဖို့ ဘယ်လိုရွေးချယ်ခဲ့တယ်ဆိုတာ ပြောပြပေးပါ . . .

လုပ်ဖြစ်ခဲ့တဲ့ Further Studies ဆိုတဲ့ နေရာမှာ First Degree အနေနဲ့ စီးပွားရေးတက္ကသိုလ်က BEcon (Statistics) နဲ့ ကျောင်းပြီးတော့ ကျောင်းပြီးရင် ဘာလုပ်မလဲဆိုတာကို စဉ်းစားဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ်က ဘယ်နေရာမှာ ထူးချွန်တယ်၊ အားနည်းချက်၊ အားသာချက်တွေက ဘာတွေလဲဆိုတာကို အဓိက စဉ်းစားဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိသလောက်က ကိုယ်က လူတွေရဲ့ Resource နဲ့ပတ်သက်ပြီး တွေးခေါ်ရတာ၊ မူဝါဒတွေ သတ်မှတ်တာ၊ အရည်အသွေးမြှင့်တင်ပေးတာတွေ စိတ်ဝင်စားတယ်ဆိုတာကို အကဲခတ်မိတဲ့အတွက် ဒီစိတ်ဝင်စားမှုနဲ့လိုက်ဖက်တဲ့ အလုပ်ဘာရှိမလဲ၊ တစ်ချိန်ကျရင် Boom ဖြစ်လာမယ့် အလုပ်က ဘာရှိမလဲဆိုတာကို ကြည့်တဲ့အခါမှာ အဲဒီအချိန်မှာ HR က တဖြည်းဖြည်းနဲ့ မြန်မာပြည်မှာ Boom စဖြစ်ခါစ ဖြစ်တာကြောင့် ကိုယ့်ရဲ့ Talent အရ HR လိုင်းကိုသွားရင် ပိုပြီးအောင်မြင်မယ်ဆိုပြီး တွေးဖြစ်ခဲ့ပါတယ်။

ဒါကြောင့် အဲဒီအချိန်ကတည်းက HR လိုင်းကိုသွားရင် လိုအပ်မယ့်အရာတွေကို စဉ်းစားဖြစ်ခဲ့ပါတယ်။ နောက်ပြီး Service လုပ်ငန်းပဲလုပ်လုပ်၊ Trading လုပ်ငန်းပဲလုပ်လုပ် အလုပ်လုပ်ပြီဆိုရင် Organization ကို အုပ်ချုပ်ရတာတွေ ပါလာမှာဖြစ်တဲ့အတွက် အဲဒီအတွက် လိုအပ်တဲ့ Knowledge နဲ့ပတ်သက်ပြီး LCCI (Level 3) ၊ English ၊ Diploma in  Business Study (DBS) စတာတွေကို ကျောင်းပြီးပြီးချင်း တက်ဖြစ်ပါတယ်။

အလုပ်ကတော့ ကျောင်းပြီးပြီးချင်း Final Year ဖြေပြီး ၁၀ ရက်မှာစဝင်ပြီး အလုပ်လုပ်ရင်း ဒီသင်တန်းသုံးခုကို အရင်တက်ဖြစ်တာပါ။ နောက်အလုပ်လုပ်ရင်း HR Manager ဘဝနဲ့ပဲ Executive HR Diploma နဲ့ Diploma in Business Law (DBL) ကို Study ထပ်လုပ်ဖြစ်ခဲ့ပါတယ်။

DBL ပြီးတဲ့အချိန်မှာ Executive လုပ်သက် ၈ နှစ်ပြည့်တဲ့အချိန်နဲ့ MBA ခေါ်တာနဲ့ အတော်ပဲဖြစ်သွားတော့ Executive လုပ်သက် ၈ နှစ်ပြည့်ပြီး အသက် ၃၀ ပြည့်တဲ့ ဘွဲ့ရတိုင်းလျှောက်နိုင်တဲ့ ညနေပိုင်း Executive MBA (4th Batch) မှာ တက်ဖြစ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်လောက်ကပါ။ MBA ပြီးတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေက ပိုကောင်းသွားတယ်။ လုပ်ငန်း Function အသီးသီးမှာ ရှိတာတွေကိုလည်း အထိုက်အလျောက်သိလာတယ်။ ဒါကြောင့် MBA ပြီးတော့ HR Consultant အနေနဲ့ လုပ်ခဲ့ပါတယ်။ လုပ်ငန်းလုပ်တဲ့အခါမှာ အများကြီး အထောက်အကူပြုလာပါတယ်။ အဲဒီနောက် ရန်ကုန်တက္ကသိုလ်က ဖွင့်တဲ့ Diploma in Applied Psychology ကို HR အလုပ်အတွက်ရော၊ ဘဝအတွက်ပါ တက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာလည်း လုပ်ငန်းလုပ်တဲ့အခါမှာ လိုအပ်တာတွေ ရှိနေသေးတဲ့အတွက် HR နဲ့ပတ်သက်ပြီး HR Doctorate Dissertation လုပ်ရင်း Dissertation အတွက်ကော HR နဲ့ပတ်သက်တဲ့ Research လုပ်ငန်းတွေပါ လုပ်နိုင်အောင် Diploma in Research Studies (Dip RS) ကိုလည်း တက်ဖြစ်ခဲ့ပါတယ်။

Further Studies ရဲ့ အရေးပါပုံ . . .

Further Studies လုပ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် Confidence ရှိလာတယ်။ တကယ်တတ်မြောက်အောင် ကြိုးစားခဲ့ရင် ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ အောင်မြင်နိုင်သလို Impression လည်း တက်စေပါတယ်။ နောက်ပြီး ဒီဂရီတွေ ရထားတာက တစ်ဖက်လူရဲ့ Trust ကို တစ်ဝက်ရပြီးသားဖြစ်စေသလို အလုပ်လုပ်တဲ့အခါမှာလည်း တွင်ကျယ်တဲ့အတွက် နောက်ထပ် Trust ကို ထပ်ရပါတယ်။ ပြောရရင် Trust တည်ဆောက်ရာမှာရော၊ Decision Making လုပ်ရာမှာပါ အများကြီး အသုံးဝင်ပါတယ်။ Further Study ဟာ လုပ်ငန်းခွင်မှာ အများကြီးအသုံးဝင်စေပါတယ်။ ဘာနဲ့အလားသဏ္ဌာန်တူလဲဆိုရင် တုံးနေတဲ့ဒါးနဲ့မခုတ်ဘဲ သွေးထားတဲ့ဒါးနဲ့ ခုတ်တာနဲ့တူတယ်လို့ ဆိုချင်ပါတယ်။

လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချပါသလဲ . . .

ကျွန်မက HR Consultant အလုပ်၊ စာသင်တဲ့အလုပ်နဲ့ ဟိုတယ်သုံးပစ္စည်းတွေကို Showroom ဖွင့်ပြီး One-stop ဖြန့်တဲ့လုပ်ငန်းသုံးခုလုံးကို  လုပ်နေတာကြောင့် Academic နဲ့ဆိုင်တဲ့ အလုပ်တွေမှာလည်း ပြန်အသုံးဝင်သလို စီးပွားရေးလုပ်ငန်းပိုင်းမှာလည်း Function အသီးသီးရဲ့ Terms ၊ Nature တွေကို သိမြင်လွယ်တာ၊ လိုအပ်တဲ့ Knowledge တွေနဲ့ ပတ်သက်ပြီး Observe လုပ်ရ လွယ်ကူစေတာ၊ သီအိုရီကို ချပြီးတော့ အဲဒီ Guideline အတိုင်း အကောင်အထည်ဖော်ရတာမျိုးတွေမှာ စသဖြင့် အများကြီး အထောက်အကူပြုပါတယ်။ နောက်ပြီး လုပ်ငန်းလုပ်တဲ့လူအချင်းချင်း အဆင်ပြေချောမွေ့စေသလို၊ ယုံကြည်မှုကို တည်ဆောက်ရာမှာလည်း လွယ်ကူစေပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်အုပ်ချုပ်ရေးပိုင်းမှာလည်း အထောက်အကူပြုစေပါတယ်။

HR Service နဲ့ပတ်သက်ပြီး ပြောရရင် စာသင်တဲ့နေရာနဲ့ Consultant လုပ်တဲ့နေရာမှာ တိုက်ရိုက်အထောက်အကူပြုပါတယ်။ ကိုယ်သင်ကြားလာတာတွေကို Sharing ပြန်လုပ်တဲ့နေရာမှာ တအားကို အသုံးဝင်ပါတယ်။ ကိုယ်ပေးနေတဲ့ Service တွေဖြစ်တဲ့ HR Restructuring ၊ KPI ၊ SOP တို့ ပါဝင်တဲ့ Performance Management ၊ Management Development ၊ Organizational Development လုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အဓိကအထောက်အကူအပြုဆုံးဖြစ်ပါတယ်။ ဒါတွေက Further Studies ရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

Futher Studies ဘယ်အချိန်မှာ ပြုလုပ်သင့်ပါသလဲ . . .

ကိုယ့်ရဲ့ Talent ကို အစောဆုံးသိအောင်လုပ်ပြီး ကိုယ်နဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေ၊ အထူးသဖြင့် အလုပ်နဲ့ပတ်သက်တဲ့ လူတွေကနေပြီး တောင်းဆိုလာနိုင်တဲ့ Demand ၊ ခေတ်ကာလအရ တောင်းဆိုလာနိုင်တဲ့ Demand တွေပေါ်မှာ မူတည်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ - နိုင်ငံက ပြောင်းလဲတော့မယ်၊ ပညာကို အခြေခံပြီး ပြောင်းလဲတော့မယ်ဆိုရင် ပညာရေးကို လိုက်စားဖို့လိုပြီလို့ ဆိုလိုတာမျိုး ဖြစ်ပါတယ်။ ဘယ်အချိန်မှာ လုပ်ဖို့လိုလည်းဆိုရင် ကိုယ်သွားမယ့် လမ်းအခြေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်က တောင်းဆိုချက်တွေပေါ် မူတည်ပြီး လုပ်သင့်တယ်လို့ ပြောချင်ပါတယ်။

Demand တွေ ပေါ်လာတော့မှာပဲဆိုတာကို သိတဲ့အချိန်မှာ ပိုပြီးမြန်မြန်လုပ်သင့်ပါတယ်။ Further Studies လုပ်တာဟာ Demand ရှိတဲ့အချိန်မှာဆို ပိုသိသာပါတယ်။ ဘာလို့လဲဆိုရင် Demand တွေ စပြီးတက်လာပြီဆိုတဲ့ အချိန်ကျရင် ဒါတွေကို မြန်မြန်ဖြည့်မှရမယ်ဆိုတာ ပိုသိလာတယ်။ သိလာတဲ့အခါကျတော့ အဲဒီ Demand ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးတွန်းဖြစ်သွားရာကနေ Further Study ဆိုတာထပ်ဖြစ်လာတာ ဖြစ်ပါတယ်။

[caption id="attachment_26692" align="alignnone" width="370"]drmyothetQuality Driven Education ဖြစ်ဖို့က တော်တော်အရေးကြီးပါတယ်။ တော်တော်များများက Quantity Driven ဖြစ်နေတာကိုလည်းတွေ့ရတယ်။[/caption]

ဒေါက်တာမျိုးသက်

Vice President

UMFCCI

Futher Studies လုပ်ဖို့ ဘာကြောင့်လိုအပ်ပါသလဲ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ Futher Studies လုပ်ကြပါသလဲ . . .

Futher Studies ဘာကြောင့် လုပ်ဖို့လိုသလဲဆိုရင် နိုင်ငံအလိုက်ပဲ ကြည့်ကြည့်၊ အဖွဲ့အစည်းအလိုက်ပဲ ကြည့်ကြည့်၊ ကုမ္ပဏီအလိုက်ပဲကြည့်ကြည့်၊ တစ်ဦးချင်းစီအလိုက်ပဲကြည့်ကြည့် ပညာရေးက အရေးပါတဲ့မဏ္ဍိုင်ကြီးဖြစ်ပါတယ်။ အသိပညာတွေတိုးတက်လာတဲ့အခါ တီထွင်ဆန်းသစ်မှု (Innovation) တွေ၊ Creative Thinking တွေလုပ်နိုင်ကြတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုရဲ့ သုံးပုံနှစ်ပုံခန့်က အချိန်နဲ့တစ်ပြေးညီ တီထွင်ဆန်းသစ်နိုင်မှုနဲ့ စွန့်ဦးတီထွင်နိုင်မှုတို့ကြောင့် ဖြစ်နေတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ၁၉၆၀ ပြည့်နှစ်ကစပြီး နှစ်ပေါင်း ၅၀ ကျော် ပညာရေးက နောက်ကျကျန်ခဲ့ပြီး နိုင်ငံကထိုးဆင်းသွားခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို အခုချိန်မှာ ယှဉ်လို့မရတော့ဘူး။ ဒါတွေက သင်ခန်းစာယူဖို့ကောင်းတဲ့ ဥပမာကောင်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဒီမိုကရေစီအစိုးရ စတင်တဲ့အချိန်မှာ Private Education တွေ စလာတယ်။ လူတွေကလည်း ပညာရေးကို လိုလားတောင့်တလာကြတယ်။ ဘွဲ့တစ်ခုတည်းနဲ့မရတော့ဘူး။ Further Studies လုပ်ပြီး Post Grad တွေ ရအောင်လုပ်ဖို့လိုတယ်ဆိုတာကို Aware ဖြစ်လာတယ်။ Further Studies လုပ်ရတဲ့အကြောင်းရင်းကတော့ ကိုယ့်ရဲ့ Career Life မှာ ရာထူးကောင်းကောင်းရဖို့၊ လစာကောင်းကောင်းရဖို့၊ Academic ကို လိုက်စားဖို့ ဝါသနာပါလို့၊ နိုင်ငံရေးပိုင်းမှာ နိုင်ငံ့ခေါင်းဆောင်ဖြစ်ချင်လို့၊ တက္ကသိုလ်ကြီးမှာ ပါမောက္ခကြီးတွေဖြစ်ချင်လို့ စသဖြင့် လူအမျိုးမျိုးက ရည်ရွယ်ချက်အမျိုးမျိုးနဲ့ Further Studies သွားကြတယ်။

နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံမှာ SME တွေများပြီး အများစုက Family Business Type နဲ့ သွားနေကြတယ်။ System ပိုင်း၊ ဗဟုသုတ၊ အတွေ့အကြုံပိုင်း၊ Foreign Exposure ပိုင်း အားနည်းကြတယ်။ အခုနိုင်ငံက ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ Family Business Type ကနေ Corporate Business Type ကို ပြောင်းဖို့လိုပါတယ်။ ဒီအတွက် အရည်အချင်းရှိတဲ့ Business Leader တွေလိုပါတယ်။ အဲဒီအတွက် Further Studies က လိုအပ်ပါတယ်။

Further Studies လုပ်တဲအခါမှာ ဘာတွေထည့်စဉ်းစားဖို့ လိုပါသလဲ . . .

အဓိကအားဖြင့် နှစ်ပိုင်းစဉ်းစားဖို့လိုပါတယ်။ ကိုယ့်ရဲ့ အချိန်ပေးနိုင်မှုနဲ့ ငွေကုန်ကြေးကျခံနိုင်မှုတို့ ဖြစ်ပါတယ်။ အခုချိန်က Competitive လည်းဖြစ်လာတော့ တော်တော်များများက Life Career မှာ Knowledge Gain ဖြစ်ဖို့ထက်ကို ရာထူးကောင်းကောင်းရဖို့အတွက် ဦးတည်ချက်ထားပြီး လုပ်လာကြတာကို တွေ့ရပါတယ်။ ရေတိုကိုကြည့်ကြတာများပါတယ်။ အဲဒီမှာ Quality Driven Education ဖြစ်ဖို့က တော်တော်အရေးကြီးပါတယ်။ တော်တော်များများက Quantity Driven ဖြစ်နေတာကိုလည်းတွေ့ရတယ်။

Further Studies လုပ်ကြတဲ့ အသက်အရွယ်ပိုင်း . . .

နောက်ပြီး Further Studies ဆက်တက်ကြတာ တော်တော်များများက လူငယ်ပိုင်းဖြစ်ပါတယ်။ UMFCCI က သင်တန်းတွေလာတက်ကြတာလည်း လူငယ်တွေ များပါတယ်။ UMFCCI က MBA Program မှာ တက်ကြတဲ့သူတွေရဲ့ အသက်အရွယ်ကို အချိုးချကြည့်တဲ့အခါ လူငယ်က သုံးဆ၊ လေးဆမှာ လူကြီးက တစ်ဆလောက်ရှိပါတယ်။ လူငယ်ဆိုတာက အသက် ၂၂ နှစ် ကနေ ၃၉ နှစ်အတွင်းဖြစ်ပါတယ်။

Further Studies အတွက် UMFCCI မှာဖွင့်လှစ်ထားတဲ့ သင်တန်းတွေအကြောင်း . . .

ကျွန်တော်က UMFCCI မှာ Vice President အပြင် Human Resource Development ပိုင်းကို တာဝန်ယူနေ ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကစတင်ပြီး သင်တန်းတွေ ဖွင့်တယ်။ နောက်ပြီး Theory-based  Business Related Training တွေ များပါလာတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ University of Thai Chamber of Commerce (UTCC) နဲ့ ပေါင်းပြီးတော့ Global MBA Offshore Program ကို ဖွင့်နိုင်ခဲ့တယ်။ ဒီ MBA Program လေးက အထိုက်အလျောက်လေး နာမည်ရလာတယ်။ ဘာကြောင့်လဲဆိုရင် Quality Drive ဖြစ်လို့ပါ။ Resource Speakers တွေက ထိုင်းက UTCC က စီစဉ်ပေးတဲ့သူတွေပါ။ ထိုင်းကအပြင် အနောက်နိုင်ငံတွေကလာတဲ့ Lecturer တွေ၊ Professor တွေလည်း ပါပါတယ်။ အင်္ဂလိပ်လိုပဲ သင်ပါတယ်။ Batch တစ်ခုကို လူငါးဆယ်လောက်နဲ့ စသင်ခဲ့တာ အခုဆိုရင် Batch ခုနစ်ခုရှိပါပြီ။  Batch လေးခုက ဘွဲ့ရပြီးသွားပါပြီ။ ဘွဲ့ကို ထိုင်းက UTCC မှာ သွားယူရပါတယ်။

နောက်ပြီး Job Opportunities အတွက်အသုံးဝင်တဲ့၊ ကုန်ကျမှုလည်းသိပ်မများ၊ အချိန်လည်း သိပ်မပေးရတဲ့ Diploma အတန်းတွေလည်း ဖွင့်ပေးဖို့ရှိပါတယ်။

ဒါအပြင် ၂၀၁၃ ခုနှစ်ကစပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာနနဲ့ ဂျပန်အစိုးရ JICA တို့ရဲ့ ပူးပေါင်းထောက်ပံ့မှုနဲ့ UMFCCI မှာ Japan-Myanmar Center ကို ဖွင့်လှစ်ခဲ့ပြီး Senior and Middle Level Management Advanced Courses for Commercial Industrial ပိုင်းသင်တန်းတွေကို အောင်မြင်စွာ ဖွင့်လှစ်ပေးနေပါတယ်။

အပြင်မှာတက်နိုင်တဲ့ Futher Studies တွေအကြောင်းလည်း ပြောပြပေးပါ . . .

အများစုကတော့ MBA ၊ EMBA နဲ့ PhD တက်ကြတာတွေရှိပါတယ်။ လုပ်ငန်းခွင်ဝင်မယ့်သူတွေ၊ လုပ်ငန်းခွင်ထဲက လူတွေအများစုတက်လေ့ရှိတဲ့ Certification Program ၊ Diploma Program တွေရှိမယ်။ အခုနောက်ပိုင်းမှာတော့ Bachelor ဘွဲ့ရပြီးပြီးချင်း MBA တက်ကြတာတွေလည်းတွေ့ရပါတယ်။ တကယ်တမ်းမှာ Further Studies ဆိုတာကတော့ Work Experience ရှိပြီးတဲ့အခါ သီအိုရီတွေထပ်သင်ပြီး လက်တွေ့အသုံးချပြီးသွားသင့်တာဖြစ်ပါတယ်။

ကိုယ်တိုင် Further Studies လုပ်ဖြစ်ခဲ့ပုံနဲ့ Experience . . .

ကျွန်တော်တို့ Global MBA Offshore Program က အခုနောက်ပိုင်းမှာ Study Trip သွားပါတယ်။ ရှေ့ပိုင်း Batch တွေမှာတော့ ဗီယက်နမ်တို့၊ ဘန်ကောက်တို့ သွားကြပါတယ်။ ဒီနှစ်ကစပြီးတော့ UTCC Faculty နဲ့ တိုင်ပင်ပြီး Exposure လည်းပိုရအောင်၊ Knowledge Gained လည်းပိုဖြစ်အောင် အမေရိကားကို သွားဖို့ ရွေးလိုက်တယ်။ ဇွန်လထဲမှာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အမေရိကားက University of Massachusetts (UMASS) ကို လွှတ်ပါတယ်။ MBA သမားတွေထဲက ကိုယ်ပိုင်ကုန်ကျစရိတ် ကျခံပြီးသွားချင်တဲ့သူတွေ စုစုပေါင်း ၁၀၅ ယောက် ပါဝင်ပါတယ်။ နှစ်ပတ်ကြာပါတယ်။ ဒုတိယအဖွဲ့မှာ ကျွန်တော်ဦးဆောင်ပြီးသွားခဲ့ပါတယ်။ သွားတက်တဲ့ Program က Global Entrepreneurship and Innovation ဖြစ်ပါတယ်။ ဒီ Program က Business Startup တွေအတွက် အင်မတန်အသုံးတည့်တဲ့ Program ဖြစ်နေတယ်။ ဒါကြောင့် ဒီအစီအစဉ်ကို ရှေ့ဆက်ပြီးလည်း ဆက်လုပ်သွားဖို့ရှိပါတယ်။

အဓိကသိခဲ့ရတာက Entrepreneurship က ဘာလဲ၊ Entrepreneurship ကိုသွားမယ်ဆိုရင် ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံရမလဲဆိုတာသိလာတယ်။ Innovation နဲ့ Creation တွေလုပ်မှ Entrepreneur တွေ ဖြစ်တာပါ။

ဒီနှစ်ပတ်ကြာတဲ့ Program ကို ကျွန်တော်ကိုယ်တိုင်လည်းတက်ခဲ့ပါတယ်။ ဒီ Program က Innovator တွေ၊ Creator တွေကို Encourage လုပ်ပေးနိုင်တယ်။ Potential ရှိတဲ့လူတွေကို Polish လုပ်ပေးနိုင်တယ်။ သူတို့ရဲ့ Innovation ကနေ နောက်တစ်ဆင့်ဖြစ်တဲ့ လက်တွေ့ အကောင်အထည်ပေါ်လာဖို့ အများကြီးထောက်ပံ့ပေးနိုင်တယ်။

ကျွန်တော်ကျောင်းတက်တဲ့အခါ တွေ့ရတာက Research & Development Center ဖွင့်ထားတယ်။ ဥပမာ - ဆေးပညာနဲ့ ပတ်သက်တဲ့ Medical Device တွေ ထုတ်ချင်တယ်ဆိုရင် Center မှာ Registration လုပ်ရတယ်။ အဲဒီမှာ R&D Center ရဲ့ Space တစ်ခုကို Research လုပ်ဖို့အတွက် ငှားပေးတယ်။ အဲဒီက Apparatus တွေ၊ Tools တွေ၊ Devices တွေကို အသုံးပြုနိုင်တယ်။ အဲဒီမှာ ကိုယ်လုပ်ချင်တဲ့ Product ကို စိတ်ကြိုက်ဖန်တီးခွင့်ရှိတယ်။ Expertise တွေလည်း ထည့်ပေးတယ်။ Expertise တွေဆီက အကြံဉာဏ်တွေ ယူလို့ရတယ်။ သူတို့ဆီမှာ စာသင်တာ သီအိုရီသိပ်မရှိတော့ဘူး။ အဲဒီလို စမ်းသပ်ရင်းနဲ့ Level တစ်ခုအထိ အောင်မြင်ပြီဆိုရင် အမေရိကားမှာရှိတဲ့ Macro Company ကြီး လေးငါးခြောက်ခုကို Product အကြောင်း Presentation ပြခွင့်ရတယ်။ တခြား ကိုယ်နဲ့ Product အမျိုးအစား တူတာတွေရှိရင်လည်း ပြိုင်ရတယ်။ ဆုလည်းပေးတယ်။ အဲဒီတော့ ကိုယ့်ရဲ့တီထွင်မှုကနေ Business ကိုပါ တစ်ခါတည်း ချိတ်ပြီးသား ဖြစ်သွားတယ်။ ကိုယ့် Product ကိုသဘောကျတဲ့ ကုမ္ပဏီကြီးတွေက Product ကို ဝယ်ရင်လည်းဝယ်မယ်။ ကိုယ်နဲ့ Joint Venture လုပ်ရင်လည်း လုပ်မယ်။ ကိုယ့်ကို Consultant ထားရင်လည်း ထားမယ်။ Further Studies က ဒီလိုမျိုး Effective Program ဖြစ်ဖို့လိုပါတယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ၊ UMFCCI က MBA သမားတွေအတွက် Mid Term Event ဆိုပြီး နှစ်စဉ်အစီအစဉ်လုပ်သွားမယ်။ UTCC နဲ့ တိုင်ပင်ပြီး UMASS နဲ့ MOU ထိုးပြီး ဒီက Scholar တွေ Further Studies ပို့နိုင်အောင်လည်း လုပ်သွားပါမယ်။ ဆရာတွေကိုလည်း ဒီကိုလာပြီး Short-Term Course လုပ်ဖို့ ဖိတ်ထားပါတယ်။

နှစ်ပတ်ကြာတက်ခဲ့တဲ့ Global Entrepreneurship and Innovation Program ရဲ့ ကုန်ကျစရိတ်ကိုလည်း သိပါရစေ . . .

ကျောင်းစရိတ်က နေထိုင်စားသောက်မှုအပါအဝင် အမေရိကန်ဒေါ်လာ ၁,၅၀၀ လောက်ကျပါတယ်။ ဒါက ကျွန်တော်တို့အတွက် လုပ်ပေးထားတဲ့ Special Fee ပါ။ ပုံမှန်ဆိုရင်တော့ ဒေါ်လာ လေးထောင်ကျော်လောက် ကျပါတယ်။

အခြားဖြည့်စွက်ပြောလိုတာရှိရင် . . .

Further Studies သွားတဲ့အခါမှာ Position တစ်ခုရဖို့ထက် Qualified ဖြစ်ဖို့အရေးကြီးပါတယ်။ ဒီလိုမဟုတ်ဘဲ ဘွဲ့ကိုဝယ်လိုက်တဲ့ပုံစံနဲ့ ရလိုက်တာမျိုးဆိုရင် ရေရှည်မှာ ကိုယ့်အတွက်လည်းမကောင်းဘူး။ ကိုယ့်လုပ်ငန်း၊ ကိုယ့်ကုမ္ပဏီအတွက်လည်း မကောင်းဘူး။ တိုင်းပြည်အတွက်လည်းမကောင်းဘူး။  ဒါကြောင့် မှန်ကန်တဲ့ကျောင်းကို ရွေးချယ်ပါ။

[caption id="attachment_26698" align="alignnone" width="370"]uwaiphyoမိမိလက်ရှိရရှိထားတဲ့ အခြေအနေကို ရောင့်ရဲတင်းတိမ်ခြင်းဟာ ကျရှုံးခြင်းရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်တယ်လို့ အမြဲပြောလေ့ရှိပါတယ်။ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ ဆက်လက်လေ့လာဖို့ ရပ်လိုက်တာပဲ ဖြစ်ပါတယ်။ [/caption]

ဦးဝေဖြိုး

Managing Director

Yathar Cho Industry Ltd

Further Studies ဘာတွေလုပ်ဖြစ်ခဲ့ပါသလဲ . . .

ကျွန်တော်ကတော့ Further Studies နဲ့ ပတ်သက်ပြီး အားသန်တယ်။ ဒါကြောင့် ၁၉၉၆ ခုနှစ်မှာ ဘွဲ့ရပြီးကတည်းက တတ်နိုင်သရွေ့ တစ်နှစ်ကို တစ်ခါလောက် Further Studies လုပ်ပါတယ်။ အခုလောလောဆယ်မှာ အမေရိကန်နိုင်ငံ UCLA Anderson School ရဲ့ Management Executive MBA Program တက်နေပါတယ်။

Further Studies လုပ်ရာမှာ Experience Sharing နဲ့ပတ်သက်ပြီး ပြောချင်တာရှိရင် . . .

Further Studies လုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်တာပါပဲ။ ကျွန်တော်တို့က Software ၊ ဖုန်း၊ ကား စတာတွေကို အမြဲတမ်း Upgrade လုပ်ကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် Upgrade လုပ်ဖို့ကိုတော့ တော်တော်များများက မေ့နေကြပါတယ်။ Upgrade လုပ်တဲ့အခါမှာလည်း တော်တော်များများက အချိန်ကုန်တယ်၊ ကိုယ့်ရဲ့လုပ်ငန်းမှာကော တကယ်တမ်း ဆက်စပ်မှုရှိပါ့မလားဆိုပြီး တွေးတတ်ကြပါတယ်။ ကျွန်တော့်အနေနဲ့ပြောမယ်ဆိုရင် ဆက်စပ်မှုအပြည့်ရှိတယ်လို့ ပြောချင်ပါတယ်။ ပညာဆိုတာ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ချက်ချင်းကြီးတော့ ကွက်တိဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့ သိသွားပြီဆိုရင် နောက်နောင်အသုံးချဖို့ လိုတဲ့အချိန်ကျရင် အသုံးချလို့ရမှာ ဖြစ်ပါတယ်။

Further Studies လုပ်ဖို့အတွက် ဘယ်လိုရွေးချယ်ပါသလဲ . . .

ကျွန်တော်ကတော့ Further Studies လုပ်မယ်ဆိုရင် လုပ်ငန်းလိုအပ်ချက်၊ ဘဝလိုအပ်ချက်တွေပေါ် မူတည်ပြီး ရွေးပါတယ်။ ဆက်စပ်မှုသိပ်မရှိတာကိုတော့ သိပ်မရွေးပါဘူး။ ကျွန်တော်စီးပွားရေးလုပ်တာကြောင့် ကျွန်တော့်ရဲ့ Further Studies တော်တော်များများဟာ Marketing ၊ Sale ၊ Finance စတာတွေကို ရွေးပြီးလုပ်တာ များပါတယ်။

ဘယ်အချိန်မျိုးမှာ Further Studies လုပ်သင့်လဲ . . .

Further Studies ကို အမြဲတမ်းပြုလုပ်နေသင့်ပါတယ်။ အထူးသဖြင့် အခုခေတ်မှာဆို ပိုပြီးလိုအပ်ပါတယ်။ ကျွန်တော်ဆို ရုံးမှာဝန်ထမ်းတွေကို မိမိလက်ရှိရရှိထားတဲ့ အခြေအနေကို ရောင့်ရဲတင်းတိမ်ခြင်းဟာ ကျရှုံးခြင်းရဲ့ ၅၀ ရာခိုင်နှုန်းဖြစ်တယ်လို့ အမြဲပြောလေ့ရှိပါတယ်။ ရောင့်ရဲတင်းတိမ်တယ်ဆိုတာ ဆက်လက်လေ့လာဖို့ ရပ်လိုက်တာပဲ ဖြစ်ပါတယ်။ ရပ်လိုက်တာနဲ့အမျှ ကိုယ်က နောက်ကျမှာဖြစ်ပါတယ်။

လူတော်တော်များများဟာ စအောင်မြင်လာတဲ့အချိန်မှာ ရောင့်ရဲသွားတတ်ကြပါတယ်။ အခုခေတ်မှာဆို နည်းပညာပြောင်းလဲမှုဟာ အရင်ကထက်စာရင် အများကြီးကို ပိုမြန်သွားပါပြီ။ ကိုယ်တတ်ထားတဲ့ ပညာတစ်ခုဟာ အရင်ကငါးနှစ်ခံတယ်ဆိုရင် အခုခေတ်မှာ သုံးနှစ်ပဲ ခံတော့မှာ ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေဟာ တအားမြန်နေတဲ့အတွက် ကိုယ်ကအနောက်ကနေ မလိုက်လို့မရတော့ဘူး။ ဒါကြောင့်မို့ Further Studies ကို အမြဲလုပ်နေရမယ်လို့ ပြောတာဖြစ်ပါတယ်။ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် အောင်မြင်ချင်တယ်ဆိုရင် အနည်းဆုံးတစ်နှစ်မှာ တစ်ခါလောက်တော့ ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ခုကို လေ့လာဖို့အတွက် အချိန်တစ်ခုကို ရအောင်ရှာပြီး သင်ယူသင့်ပါတယ်။

Further Studies က ဘယ်လိုအရေးပါပါသလဲ . . .

လူတစ်ယောက်ရဲ့ဘဝမှာ ပညာဟာ အရေးအပါဆုံးပဲလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ပညာဆိုရာမှာလည်း ဘွဲ့တွေတစ်ခုပြီးတစ်ခုရတာကိုဆိုလိုတာ မဟုတ်ပါဘူး။ ချင့်ချိန်စဉ်းစားတတ်တဲ့ ဆင်ခြင်တုံတရားတို့၊ အမှားအမှန်သိခြင်းတို့ စတာတွေအားလုံးဟာ ကိုယ်လေ့လာဆည်းပူးတဲ့ ပညာတွေ၊ အတွေ့အကြုံတွေ များလာတဲ့အပေါ်မူတည်ပြီး အကောင်းဘက်ကို ရောက်သွားပါတယ်။ စဉ်းစားတဲ့အခါမှာလည်း ကျယ်ကျယ်ပြန့်ပြန့်ပိုစဉ်းစားလာနိုင်ပါတယ်။ လူဟာကိုယ့်ရဲ့စဉ်းစားနိုင်တဲ့စွမ်းအားကို ချဲ့ထွင်နိုင်ဖို့အတွက် ပညာဟာ လိုကိုလိုပါတယ်။ ဒါကြောင့် Further Studies လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

လုပ်ငန်းခွင်မှာ ဘယ်လိုပြန်အသုံးချပါသလဲ . . .

ကျွန်တော် Further Studies သွားလို့ရှိရင် Note လိုက်တဲ့ စာအုပ်နဲ့ Applied လုပ်တဲ့ စာအုပ်ကို တစ်အုပ်စီ သပ်သပ်ခွဲထားပါတယ်။ တစ်အုပ်တည်းမှာ ပေါင်းမရေးပါဘူး။ Course ကနေ ပြန်လာပြီဆိုရင် သီအိုရီကို ကျွန်တော်သိလာတယ်။ Applied လုပ်ဖို့လည်း Point တွေ ကိုယ့်မှာ ရှိတယ်။ နှစ်ခု၊ သုံးခုလည်းဖြစ်ရင်ဖြစ်မယ်၊ ငါးခု၊ ခြောက်ခုလည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော့် အတွေ့အကြုံအရတော့ ဘယ် Further Studies ပဲ သွားသွား လက်တွေ့ Applied လုပ်လို့ရတာ တစ်ခု၊ နှစ်ခုလောက်တော့ ပြန်ပါလာပါတယ်။

လက်တွေ့ပြန်အသုံးချလို့မရဘူးဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို သင်တဲ့အချက်တွေအားလုံးက စိတ်ကူးယဉ်ပြီး သင်တာမဟုတ်ပါဘူး။ Praticle Prove ရတော့မှသာ သီအိုရီဆိုတာ ဖြစ်လာတာ ဖြစ်တာကြောင့် အကုန်လုံးဟာ အသုံးဝင်ပါတယ်။ ကိုယ်က ယူတတ်ဖို့ပဲ လိုပါတယ်။ Further Studies လုပ်ရာမှာ ကိုယ်ကငယ်ရွယ်တဲ့အချိန်မှာဆိုရင် သီအိုရီနဲ့ ကျကျနနသင်တဲ့ဆရာတွေဆီကို ချဉ်းကပ်သင့်ပြီး ကိုယ်ကသီအိုရီကိုပိုင်ပြီ၊ လက်တွေ့လုပ်ငန်းခွင်ထဲကို ရောက်ပြီဆိုတဲ့အခါမှာတော့ အတွေ့အကြုံနဲ့သေင်တဲ့ ဆရာတွေကို ချဉ်းကပ်သင့်ပါတယ်။ သီအိုရီပိုင်းရော လက်တွေ့ပိုင်းရော နှစ်ခုစလုံးကို ချိတ်ဆက်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ Further Studies က လုပ်ငန်းအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။

ကိုယ်ကပိုင်ရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် Further Studies ဟာ ကိုယ့်ကိုအထောက်အကူပြုပါတယ်။ Further Studies လုပ်ရင် Upgrade ဖြစ်တယ်။ အမြင်ကျယ်သွားတယ်။ ဒါမှ ကျွန်တော်တို့က ခေတ်ရေစီးကြောင်းကို လိုက်နိုင်မှာဖြစ်ပါတယ်။ စဉ်းစားတာက လွန်ခဲ့တဲ့ငါးနှစ်က စဉ်းစားနည်းအတိုင်း စဉ်းစားနေမယ်ဆိုရင် ကျွန်တော်တို့က ခေတ်ရေစီးကြောင်းကို လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Further Studies ဟာ အလုပ်နဲ့ လုံးဝကိုဆိုင်ပါတယ်။ Further Studies လုပ်မှလည်း Update ဖြစ်နေမှာ ဖြစ်ပါတယ်။ အရှေ့လမ်းကြောင်း ဘာလဲဆိုတာကို ကြိုမှန်းဆတတ်မှာဖြစ်ပါတယ်။ Update မဖြစ်ဘူးဆိုရင်၊ အတိတ်မှာနေခဲ့တယ်ဆိုရင် အနာဂတ်ကို မှန်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ရာထူးမြင့်လေလေ Further Studies က ပိုလိုအပ်လေလေလို့ မြင်ပါတယ်။

[caption id="attachment_26700" align="alignnone" width="370"]dawthirithantmonကျွန်မအနေနဲ့ စာအုပ်ဖတ်တာကလည်း Further Studies လုပ်တာပဲလို့ မြင်ပါတယ်။[/caption]

ဒေါ်သီရိသန့်မွန်

Managing Director

Sandanila

လုပ်ဖြစ်ခဲ့တဲ့ Further Studies တွေအကြောင်း ပြောပြပေးပါ . . .

ကျွန်မမြန်မာပြည်မှာ ဆယ်တန်းပြီးတော့ တက္ကသိုလ်တွေက ပြန်ဖွင့်ပြီဆိုပေမယ့် ပိတ်လိုက်ဖွင့်လိုက် ဖြစ်ခဲ့တာတွေက ကြာတဲ့အတွက် ရှေ့နှစ်တွေကို အရင် Process လုပ်ပေးနေပါတယ်။ တက္ကသိုလ်တန်း မတက်ခဲ့ရပါဘူး။ ဒါကြောင့် ကျွန်မက ဆေးကျောင်းတက်ဖို့ စောင့်နေရင်းနဲ့ International School (ISY) မှာ တက်ခဲ့ပါတယ်။ အဲဒီမှာ SAT ၊ TOEFL တို့ကိုလည်း ဖြေခဲ့ပါတယ်။ တက္ကသိုလ်က နှစ်နှစ်ကျော်လာတဲ့အထိ ပြန်မဖွင့်သေးတဲ့အတွက် နိုင်ငံခြားကို ထွက်ဖြစ်ခဲ့ပြီး William & Mary တက္ကသိုလ်မှာ ဒီဂရီယူခဲ့ပါတယ်။ တက္ကသိုလ်ပြီးတော့ Capital One မှာ အလုပ်ဝင်ခဲ့ပြီး သူတို့ရဲ့ Sponsorship နဲ့ London Business School မှာ MBA တက်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်မ Morgan Stanley မှာ အလုပ်ဝင်တုန်းကလည်း သူတို့ကပေးတဲ့ Short Course Training တွေကို တက်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာလည်း Refresher သင်တန်းတွေတက်ဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ Bachelor လည်းပြီးပြီ၊ MBA လည်းပြီးပြီဖြစ်တဲ့အတွက် နောက်ပိုင်း Degree ယူဖို့တော့ မစဉ်းစားတော့ပါဘူး။ ကိုယ်တတ်တဲ့ပညာ မတုံးသွားအောင် သင်တန်းအတိုတွေ၊ ဥပမာ - Executive Education လိုမျိုးတွေကို သွားတက်ဖို့ စဉ်းစားနေပါတယ်။ နောက်ပြီး ကျွန်မက စာအုပ်တအားဖတ်ပါတယ်။ တကယ်လည်း စာဖတ်တာ အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အလုပ်နဲ့ပတ်သက်ရင် Financial Times ၊ The Economist စတဲ့ သတင်းစာနဲ့ မဂ္ဂဇင်းနှစ်ခုလောက်ကိုတော့ အမြဲဖတ်ဖြစ်ပါတယ်။ ပြီးတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေလည်း ဖတ်ပါတယ်။ Literature ပိုင်းတွေလည်း ဖတ်ပါတယ်။ စာကို အချိန်ရတိုင်းဖတ်ဖြစ်ပါတယ်။ Current Affair တွေကိုလည်း ဖတ်ပါတယ်။ ကျွန်မအနေနဲ့ စာအုပ်ဖတ်တာကလည်း Further Studies လုပ်တာပဲလို့ မြင်ပါတယ်။

Knowledge Sharing အနေနဲ့ ပြောချင်တာရှိရင် . . .

ပညာဆိုတာကတော့ ယူလေရလေဖြစ်ပါတယ်။ ဒါပေမဲ့ Degree ကိုပဲ မမက်ပါနဲ့လို့ ပြောချင်ပါတယ်။ ပညာဆိုတာ ယူချင်လို့ရှိရင် ကိုယ့်လုပ်ငန်းထဲက လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းကြား ယူလို့ရပါတယ်။ များသောအားဖြင့် အာရှတိုက်ကလူတွေ၊ အထူးသဖြင့် မြန်မာပြည်ကလူတွေဟာ ကျွန်မအမြင် Degree နောက်ပဲ လိုက်နေပါတယ်။ Certificate ယူဖို့လောက်ပဲ စဉ်းစားနေကြပါတယ်။ တကယ်ပဲ ကိုယ့်ခေါင်းထဲမှာ အဲဒီဗဟုသုတက ဝင်သွားလား၊ ဒါကိုသင်လိုက်တာကြောင့် ကိုယ့်ရဲ့ Skill က တက်လာလားဆိုတဲ့အပိုင်းမှာတော့ နည်းနည်းအားနည်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ပညာယူတယ်ဆိုတာ ကိုယ့်အတွက် ကိုယ်ယူပါ။ Degree ရှိတာ အရေးကြီးတယ်ဆိုပေမယ့် Degree တွေ အများကြီး ကိုယ့်နာမည်နောက်မှာ ဖြစ်ဖို့ အဓိကမထားဘဲ ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့ ပညာတွေကိုသင်ပါ၊ စာအုပ်ဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ပညာဆိုတာ ကျောင်းမှာတင်မဟုတ်ဘဲ နိစ္စဓူဝလုပ်ငန်းတွေမှာလည်း ရနိုင်တယ်ဆိုတာကိုလည်း စဉ်းစားပါ။ ကိုယ့်ရဲ့ဦးနှောက်ကို အလုပ်ပေးပါ၊ ဆင်ခြင်ပါ၊ စဉ်းစားပါလို့ အကြံပေးချင်ပါတယ်။

Further Studies လုပ်ဖို့ ဘယ်လိုရွေးချယ်ခဲ့လဲ . . .

ကျွန်မ ပထမတက်ခဲ့တဲ့ William & Mary တက္ကသိုလ်ကို Bachelor သွားဖြစ်သွားတယ်ဆိုတာက ကျွန်မရဲ့ အဒေါ်က အမေရိကားမှာနေတဲ့အတွက် ကျွန်မ အဒေါ် ရှိတဲ့နေရာကို သွားဖြစ်ခဲ့တာပါ။ ဒုတိယတက္ကသိုလ် London Business School ကိုကျတော့ ကျွန်မ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒုတိယကျောင်းကို မတက်ခင်မှာ ဘာစဉ်းစားမိလဲဆိုတော့ ကျွန်မက အပြည်ပြည်ဆိုင်ရာ အလုပ်ကို လုပ်ချင်တယ်၊ မြန်မာပြည်ကိုလည်း ပြန်ချင်တယ်။ တကယ်လို့ မြန်မာပြည် မပြန်ဖြစ်ရင်တောင် အပြည်ပြည်ဆိုင်ရာအလုပ်ကို စိတ်ဝင်စားတဲ့အတွက် အပြည်ပြည်ဆိုင်ရာကျောင်းဖြစ်တဲ့ London Business School က MBA ကို ရွေးချယ်ဖြစ်ခဲ့တာပါ။

Further Studies က ဘယ်လိုအရေးပါသလဲ . . .

Further Studies လုပ်ရာမှာ ကျွန်မအမြင် အထူးသဖြင့် စီးပွားရေးဘက်ကို လုပ်ချင်တယ်ဆိုရင် ကြားထဲမှာ အလုပ်လုပ်ဖို့သင့်တယ်လို့ မြင်ပါတယ်။ ပညာရေးလိုင်းမှာကျတော့ Master ပြီးမှ PhD ပြီးမှ အလုပ်ဝင်လို့ရတယ် ဆိုတာမျိုးတွေ ရှိပါတယ်။ စီးပွားရေးလိုင်းမှာကျတော့ ကျောင်းတက်မယ်ဆိုရင် အရင်ဆုံးအလုပ်အရင်လုပ်ပြီး ကိုယ်က အလုပ်ခွင်မှာ ဘယ်လိုနေလဲ၊ ဘာတွေစိတ်ဝင်စားတယ်၊ အားနည်းချက်၊ အားသာချက်တွေက ဘာတွေလဲဆိုတာကို သိပြီးတော့မှ Further Studies သွားတာက ပိုပြီးထိရောက်မှုရှိတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ လေးနှစ်အလုပ်လုပ်ပြီးတော့မှ MBA တက်ဖြစ်ခဲ့ပါတယ်။

လက်တွေ့လုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချလဲ . . .

တကယ့်ကို အသုံးဝင်ပါတယ်။ အထူးသဖြင့် MBA တက်လိုက်တဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ ကဏ္ဍတစ်ခုစီဟာ ဘယ်လိုချိတ်ဆက်နေတယ်ဆိုတာကို နားလည်သွားပါတယ်။ ပြီးတော့ ကိုယ့်စီးပွားရေးတင် မဟုတ်ဘဲ၊ ကမ္ဘာ့စီးပွားရေး၊ တိုင်းပြည်စီးပွားရေးတွေဟာ ကိုယ့်အလုပ်နဲ့ ဘယ်လိုဆက်နွှယ်နေတယ်ဆိုတာကို သိနိုင်တယ်။ ပြီးတော့ လူတွေဟာ ဘယ်လိုအလုပ်လုပ်ချင်တယ်၊ ဘယ်လိုဆိုရင် Motivation ရှိတယ်ဆိုတဲ့ Psychology ပိုင်းတွေကိုလည်း သိလာပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ဘက်စုံရရှိပါတယ်။ အခုကိုယ်ပိုင်အလုပ်လုပ်တော့ MBA မှာ သင်ခဲ့တဲ့ပညာတွေက လက်တွေ့ပိုပြီးအသုံးကျလာပါတယ်။

Further Studies လုပ်ဖို့ ဘယ်အချိန်မှာ လိုအပ်ပါသလဲ . . .

ဒါက လူအပေါ်မှာပဲမူတည်ပါတယ်။ ကိုယ့်အနေနဲ့ ပိုပြီး တိုးတက်လာမယ်၊ ယုံကြည်မှုပိုရှိလာမယ်လို့ ယုံကြည်တဲ့အချိန်ကျရင် သွားသင့်ပါတယ်။ တချို့လူတွေကျတော့လည်း Further Studies မတက်ဘူးဆိုပေမဲ့ နိစ္စဓူ၀ ကိုယ့်ကိုယ်ကိုယ်သင်သွားတာမျိုးလည်းရှိပါတယ်။

[caption id="attachment_26696" align="alignnone" width="370"]uayemgkyiအသစ် အသစ်တွေကို Challenge လုပ်ပြီး ဆက်လေ့လာနေမှ ရပါမယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ မသိမသာနောက်မှာ ကျန်ခဲ့မှာဖြစ်ပါတယ်။[/caption]

ဦးအေးမောင်မောင်ကြည်

CEO

StudioAMK

ငယ်ငယ်ကတည်းက Porgramming ဘက်မှာ ပါရမီရှိတယ်၊ လေ့လာမှုအားကောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တက္ကသိုလ်တက်တဲ့အခါ ဘာကြောင့် အဲဒါနဲ့ပတ်သက်ပြီး မယူဘဲ Business ပိုင်းကို လေ့လာခဲ့တာပါလဲ . . .

ကျွန်တော် ဆယ်တန်းအောင်တော့ အဖေက နိုင်ငံခြားမှာ ကျောင်းတက်ခိုင်းတော့ ကျွန်တော့်ကို ကွန်ပျူတာကိုလည်း စိတ်ဝင်စားပြီး အဲဒီဘက်ခြမ်းမှာလည်း Talent ရှိတဲ့အတွက် အဲဒီလိုင်းကို ယူစေချင်ခဲ့ပါတယ်။ ဒါပေမဲ့ မယူဖြစ်ခဲ့ဘူး။ ကျွန်တော်က ကြီးလာရင် ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်။ ဝန်ထမ်းအနေနဲ့ တစ်သက်လုံး မလွယ်ဘူးလို့ စဉ်းစားဖြစ်ခဲ့ပြီး အိမ်နဲ့အတိုက်အခံလုပ်ပြီးတော့ Business Management ကို ယူတယ်။ ယူတော့ အဲဒီမှာ ကိုယ်မသိတာတွေ အများကြီးသိရတယ်ဆိုပေမဲ့ တကယ်တမ်း Enjoy မဖြစ်ဘူး။ ဒါနဲ့ပဲ အချိန်အများစုကို Library မှာ ထိုင်ပြီးတော့ နည်းပညာအကြောင်း၊ Programming ရေးတဲ့အကြောင်းတွေ ထိုင်ဖတ်ဖြစ်ပါတယ်။ ကျောင်းတက်တုန်း Grant ရတော့ စင်ကာပူအစိုးရက ဒီကျောင်းက ဘွဲ့ယူပြီးရင် သူတို့ဆီမှာ သုံးနှစ်ပြန်လုပ်ရမယ်ဆိုပြီးတော့ Bond သုံးနှစ်ထိုးခိုင်းတယ်။ သေချာစဉ်းစားတော့ ကျွန်တော် ဘယ်လိုမှမလုပ်ချင်ဘူး။ မလုပ်ချင်ကြောင်း အိမ်ကို ပြောတော့လည်း အိမ်က သဘောမကျဘူး။ ဒါပေမဲ့ Final Year မှာ Project မတင်တော့ဘဲနဲ့ ပြန်လာလိုက်ပြီး မြန်မာနိုင်ငံမှာပဲ ကိုယ့်ဘာသာကိုယ် အလုပ်စလုပ်ပါတယ်။ ဒီမှာ Multimedia ၊ Programming မျိုးစုံလုပ်ဖြစ်ခဲ့ပါတယ်။ အဆင်ပြေတာတွေလည်းရှိသလို၊ မပြေတာတွေလည်း ရှိခဲ့ပါတယ်။ MCC ကနေ Advance Programming အတွက် Advance Diploma တစ်ခုကို လေ့လာဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ထူးခြားတာက ကိုယ့်ဘာသာကိုယ်ဖတ်တာနဲ့ မတူတာက တချို့သီအိုရီပိုင်းတွေက အတန်းထဲမှာ မသင်မနေရ သင်လိုက်ရတော့ သိသွားတယ်။ ကိုယ်တိုင်ရှာဖတ်ဆို အဲဒီအပိုင်းတွေက ထိဖြစ်ချင်မှတောင် ထိဖြစ်မယ့်အပိုင်းတွေ ဖြစ်ပါတယ်။ ကိုယ်က ကိုယ်လိုချင်တဲ့ Focus ကိုပဲ ရှာဖတ်တယ်။ ဒီမှာကျတော့ Broad Knowledge ရသွားနိုင်ပါတယ်။ ကိုယ့်ဘာသာကိုယ် မလေ့လာဖြစ်တာတွေကို ဒီအတန်းပညာကနေ ရလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်ဆက်လုပ်ဖြစ်တာက University of Portsmouth ကနေပြီးတော့ Postgraduate Diploma (PgDip) ဆက်ယူဖြစ်ခဲ့ပါတယ်။ ယူပြီးတော့ Master ဆက်ဖတ်နေတုန်းမှာပဲ စင်ကာပူ ပြန်ထွက်သွားဖြစ်တယ်။ အဓိက ဒီမှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ကျွန်တော့်အလုပ်က နှစ်လလောက် အလုပ်တော်တော် ကမောက်ကမ ဖြစ်တယ်။ ဝန်ထမ်း ၄၀ လောက်ဖြစ်နေတဲ့အချိန်မှာ စီးပွားရေးလည်း Run လို့မရဘူး၊ အလုပ်လည်း ဖြုတ်လို့မရဘူး။ နောက်ပြီး ပိတ်လိုက်ရပါတယ်။ ဒါနဲ့ ဒီ Condition နဲ့ဆိုရင်တော့ မလွယ်ဘူးဆိုပြီးတော့ စင်ကာပူမှာပြန်ပြီး အလုပ်ပြန်လာရှာဖြစ်ခဲ့ပါတယ်။ စင်ကာပူရောက်ပြီး လေးနှစ်အကြာမှပဲ စင်ကာပူမှာ ကိုယ်ပိုင်ကုမ္ပဏီ စထောင်ဖြစ်ခဲ့ပါတယ်။

Self Study လုပ်ရင် Business မှာ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရှိလာနိုင်မလဲ . . .

ကြားထဲမှာ စာတွေတော့ တောက်လျှောက် ဖတ်ဖြစ်ပါတယ်။ အတန်းပညာရေးက ကိုယ့်ဘဝရည်မှန်းချက်ပေါ် ပြန်ပြီး Base လုပ်ရမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ကိုယ်က ဘာဖြစ်ချင်တာလဲ။ ဥပမာ - ဆရာဝန်လိုမျိုးဆိုရင်တော့ ဒါက မဖြစ်မနေဖတ်ရမှာတွေ ဖြစ်ပါတယ်။ ကိုယ်ကကျတော့ စီးပွားရေးလုပ်ချင်တယ်၊ Professional လုပ်ချင်တယ်ဆို ပညာရေးက လိုတော့လိုပါတယ်။ လိုတော့လိုတယ်ဆိုတာက ကျွန်တော် Poly မှာ Business Management သင်လာတော့ ဘာတွေကောင်းသွားလဲဆိုရင် ကျွန်တော့်အတွက် Accounting နဲ့ကျွန်တော့်ကို ညာလို့မရဘူး။ Project Management တွေ ဘာတွေဆိုရင်လည်း Management Flow က ကိုယ်လေ့လာခဲ့ဖူးတော့ လာရွှီးလို့မရဘူး။

အထူးသဖြင့် IT က တခြား Industry နဲ့မတူဘဲ နည်းပညာအသစ်ထွက်တာကလည်း တအားမြန်တယ်။ ကျွန်တော်တို့ စလေ့လာတုန်းကနဲ့ မတူတော့ဘူး။ ကျွန်တော်တို့ စလေ့လာတုန်းကဆိုရင် Programming တစ်ခု ထွက်ပြီးပြီဆိုရင် သူ့ရဲ့ Lifespan လေး၊ ငါး၊ ခြောက်နှစ်လောက်ကိုသွားတယ်။ အခုက တစ်နှစ်၊ နှစ်နှစ်နဲ့ကို Evolve ဖြစ်တာ တအားကိုမြန်လာတယ်။ အခုဆို ရှင်းရှင်းပြောရင် Web တို့၊ ဘာတို့ဆိုတာ တဖြည်းဖြည်းနဲ့ သေလုနီးပါးကို ဖြစ်နေပြီ။ မရှိမဖြစ်၊ မရှိရင် မကောင်းလို့သာ လုပ်တဲ့သဘောမျိုးဖြစ်နေပြီ။ အခုက App တွေ၊ ဘာတွေက တကယ့်ကို နံပါတ်တစ် Trend ဖြစ်နေပါပြီ။ အဲဒီတော့ ကိုယ်က မလေ့လာထားဘူးဆိုရင် ဒီ Industry မှာယှဉ်ဖို့က တဖြည်းဖြည်းနဲ့ မလွယ်တော့ဘူး။ အဲဒီမှာ ပြန်ပြီးပြောစရာရှိတာက အတန်းပညာနဲ့ Self Study ပေါ့။ အတန်းပညာကိုကတော့ သုံးနှစ်လောက်အချိန်ပေးပြီး အခုမှသင်မယ်ဆိုရင် အားမပေးချင်တော့ဘူး။ ဘာလို့လဲဆိုရင် သုံးနှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးဖြစ်နိုင်တဲ့အတွက် ကိုယ့်ဘာသာကိုယ် စာတွေအများကြီးဖတ်စေချင်ပါတယ်။ ဒီနည်းပညာပိုင်းက လူတွေဆို ပိုပြီးအဓိကကျပါတယ်။ ကျွန်တော်ဆို ညဆို Tablet နဲ့ စာဖတ်ပြီး အိပ်တဲ့အကျင့်က အခုထိ ကိုယ့်ကိုယ်ကိုယ် Train ပြီးသားလိုကို ဖြစ်နေပါတယ်။ အမြဲတမ်းစာဖတ်တယ်၊ တစ်ခုခုအသစ်ထွက်ရင် စမ်းသုံးကြည့်တယ်။ ဒီလိုနဲ့ပဲ လုပ်ရတာပါပဲ။

ကိုယ့် Business ပေါ် မူတည်ပြီး ဝန်ထမ်းတွေကို Guideline ပေးမယ်ဆိုရင် သူတို့ထက် ပိုသိနေရတယ်။ ကျွန်တော်တို့ ဒါရိုက်တာပိုင်းတွေက နည်းပညာအသစ်ဆို အရင်ဆုံးဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို လေ့လာတယ်။ Prototype တွေ စမ်းရေးကြည့်တယ်။ အဲ ဒါပြီးတော့မှ ဒီဟာက အားသာတယ်၊ ရေရှည်လည်း သွားလို့ရလောက်တယ်လို့ ယူဆရရင် ဒါကို ဝန်ထမ်းတွေကို ပြန် Train ပေးပြီးတော့ Client တွေကိုလည်း နည်းပညာအသုံးပြုခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ရှင်းပြပေးတယ်။ ပြီးတော့ သုံးဖြစ်တာများပါတယ်။

အဓိကကတော့ ပညာဆိုတာ ကျွန်တော့်အမြင်မှာ လေ့လာလို့ဆုံးတယ်လို့ မရှိပါဘူး။ Life Long Learning လုပ်နေရမှာပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် အမြဲတမ်း အသစ်အသစ်တွေ လာနေမှာကြောင့် ဖြစ်ပါတယ်။ အခုဆို ကမ္ဘာကြီးက ရွေ့တာ တအားမြန်လွန်းတယ်။ မြန်လွန်းတော့ ကိုယ်လေ့လာတာရပ်လိုက်တာနဲ့ ကိုယ်က Auto ကျန်ခဲ့ပြီပဲ။ အဲဒီတော့ စီးပွားရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးသမားတွေနဲ့ပဲဖြစ်ဖြစ်၊ Professional တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ အထူးသဖြင့် IT Industry မှာ လုပ်မယ်၊ ကျင်လည်မယ်ဆိုရင် အမြဲစာဖတ်နေမှ ရပါမယ်။ အမြဲလေ့လာနေမှရမယ်။ မဟုတ်ရင် လုံးဝပြတ်ကျန်ခဲ့မှာပါ။ ဥပမာ - စီးပွားရေးသမားတစ်ယောက်အနေနဲ့ သူများက Mobile တွေ၊ App တွေ ထုတ်နေပြီ။ E-commerce နဲ့ ရွေ့နေပြီဆိုတဲ့အချိန်မှာ ကိုယ်က Traditional နဲ့ သွားနေမယ်ဆို ကျန်ခဲ့ပြီ။ ရှင်းရှင်းပြောရရင် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်က Online မှာ ကြော်ငြာတယ်ဆိုတာ မရှိသလောက်ပါပဲ။ ပေါက်ချင်ရင် အခုဆို Online မှာ ကြော်ငြာ၊ Facebook မှာ ကြော်ငြာတာက အဓိကလိုလိုကိုဖြစ်သွားပါပြီ။ TV Program တွေဆိုတာ တော်တော့်ကို နည်းသွားပါပြီ။ Trend ကို၊ Change ကို ကိုယ်လိုက်မီဖို့ Study လုပ်နေရမယ်။ အသစ် အသစ်တွေကို Challenge လုပ်ပြီး ဆက်လေ့လာနေမှ ရပါမယ်။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ မသိမသာနောက်မှာ ကျန်ခဲ့မှာဖြစ်ပါတယ်။

[caption id="attachment_26697" align="alignnone" width="370"]ueimgကျွန်တော်တို့က နည်းပညာ အသစ်တစ်ခုကို အမြဲတမ်းလေ့လာနေရမယ့်အချိန်မှာ သင်တန်းပြေးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ လေ့လာရတဲ့ နည်းစနစ်က Self Study နဲ့ ကိုယ်ပိုင်လေ့လာရတယ်။[/caption]

ဦးအိမောင်

Managing Partner

Fairway Technology

IT နဲ့ပတ်သက်ပြီး သင်ကြားရေးပိုင်းရော၊ စီးပွားရေးပိုင်းမှာပါ ထဲထဲဝင်ဝင် လုပ်နေသူတစ်ယောက်အနေနဲ့ Further Study နဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်လဲ၊ ဘာကြောင့်လုပ်ဖို့ လိုတာလဲဆိုတာကို ပြောပြပေးပါဦး . . .

ကျွန်တော်တို့ အလုပ်က တခြားလုပ်ငန်းတွေနဲ့ မတူပါဘူး။ နည်းပညာနဲ့လုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ တခြားလုပ်ငန်းတွေမှာတော့ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပြီးတော့ ဆက်လက်လေ့လာမှုဆိုတာ လိုချင်မှတောင် လိုမယ်။ ကျွန်တော်တို့ နည်းပညာအလုပ်ကတော့ ဆက်လက်လေ့လာတာကို အမြဲတမ်းလုပ်နေရပါတယ်။ အကြောင်းတိုက်ဆိုင်လာတော့မှ၊ ကိုယ့်လုပ်ငန်းအဆင့်တက်ချင်လာတော့မှ မူလ Software Developer လုပ်နေရာကနေ Project Manager အဖြစ်ကို ကူးပြောင်းချင်လို့ လေ့လာတယ်ဆိုတာမျိုးတောင် မဟုတ်ဘဲ အမြဲတမ်း လေ့လာနေရတဲ့ သဘောတော့ ရှိပါတယ်။ နည်းပညာလောကမှာ စဉ်ဆက်မပြတ်လေ့လာခြင်းဆိုတာ ဘယ်သူမှ ရှောင်လို့မရတဲ့၊ မဖြစ်မနေလုပ်ရတဲ့ အလုပ်တစ်ခုဖြစ်နေပါတယ်။ နည်းပညာအသစ်တွေက နေ့တိုင်းထွက်နေတော့ သက်ဆိုင်ရာ နည်းပညာအသစ်နောက်ကို မီအောင်မလိုက်နိုင်ရင် လက်တွေ့လုပ်ငန်းခွင်မှာ အသုံးမချနိုင်ရင် လုပ်ငန်းမှာ အဟန့်အတားဖြစ်လာစေပါတယ်။ တောက်လျှောက်လေ့လာထားနိုင်မှ ဒီနည်းပညာတွေရဲ့အကျိုးရလဒ်ကို အသုံးချနိုင်မယ့် သဘောမှာ ရှိနေပါတယ်။

လေ့လာတယ်ဆိုတဲ့နေရာမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းက ကိုယ့်လုပ်ငန်းရဲ့ လိုအပ်ချက်အရ ပြောင်းလဲနေတဲ့ နည်းပညာအလိုက်၊ နောက်တစ်ခါ ကိုယ့်ရဲ့ လက်တွေ့လုပ်နေတဲ့ Project ၊ Project တစ်ခုနဲ့တစ်ခု သုံးရတဲ့နည်းပညာက တူချင်မှတူမှာ ဖြစ်ပါ တယ်။ အဲဒီအချိန်မှာ လုပ်ငန်းပေါ်မှာ အသုံးချဖို့ လိုအပ်တဲ့နည်းပညာကို အဆက်မပြတ်လေ့လာနေဖို့ လိုတယ်ဆိုတဲ့ဟာက တစ်ပိုင်းရှိလာပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ရှေရှည်အတွက်၊ ကိုယ့်ရဲ့ ရာထူးအဆင့်တစ်ခု တိုးတက်ဖို့အတွက် လိုအပ်တဲ့အသိပညာ ဗဟုသုတတွေကို လေ့လာတာဆိုပြီးတော့လည်း တစ်ပိုင်းရှိပါတယ်။

ဥပမာ - Management လို့ပြောရင် Software ရေးသားတယ်ဆိုတာကလည်း Business ပဲ ဖြစ်တဲ့အတွက် Business Management ဆိုင်ရာကိစ္စတွေ၊ ငွေရေးကြေးရေး Accounting စီမံခန့်ခွဲမှုအပိုင်းတွေက စစချင်း Software Developer တစ်ယောက်အနေနဲ့ လုပ်ပြီဆိုတဲ့အချိန်မှာ ကိုယ့် Software တစ်ခု ဘယ်လိုရေးရမလဲဆိုတာ သိရုံလောက်နဲ့ မရတော့ဘဲ Business တစ်ခု ဘယ်လို Run ရမလဲ၊ လူတွေကို ဘယ်လို Manage လုပ်ရမလဲ၊ Finance ကို ဘယ်လို Manage လုပ်ရမလဲဆိုတာတွေကို ပြန်ပြီးလေ့လာရမယ့်သဘောရှိပါတယ်။ ဒါကြောင့်လည်း လေ့လာရတာ နှစ်ပိုင်းဖြစ်နေတယ်လို့ ကျွန်တော်က ဆိုလိုတာ ဖြစ်ပါတယ်။

ကျောင်းတွေတက်ပြီး၊ သင်တန်းတွေတက်ပြီး တစ်ပြိုင်နက် လုပ်ငန်းခွင်ထဲရောက်ပြီး အလုပ်လုပ်တော့မယ်ဆိုတာမျိုးက နည်းပညာမှာ မရပါဘူး။ ကျွန်တော်တို့ သုံးနေတဲ့ Mobile ဖုန်းတွေဆိုလည်း အမြဲတမ်း Update ထွက်နေတယ်။ ဒီလိုအမြဲတမ်းထွက်နေတယ်ဆိုတာ မြင်သာတဲ့အပိုင်းကိုပြောတာပါ။ ဒီဘက်မှာဆိုရင်လည်း Software တွေ ရေးသားတည်ဆောက်လို့ရတဲ့ နည်းပညာဆိုတာ အမြဲတမ်းကို အသစ်အသစ်သွားနေတဲ့သဘောရှိပါတယ်။ ဒါကြောင့် Further Study ဘယ်အချိန်မှာ လုပ်သလဲဆိုတဲ့ အချိန်မရှိဘဲနဲ့ သင်တန်းတွေတက်၊ ကျောင်းတွေပြီးလို့ လုပ်ငန်းခွင်ဝင်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ဆက်တိုက်ကိုပဲ အလုပ်လုပ်ရင်းနဲ့ လေ့လာခြင်းအလုပ်ကို တောက်လျှောက်လုပ်နေရတဲ့သဘော ဖြစ်ပါတယ်။

ကျွန်တော်တို့က နည်းပညာ အသစ်တစ်ခုကို အမြဲတမ်းလေ့လာနေရမယ့်အချိန်မှာ သင်တန်းပြေးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ လေ့လာရတဲ့ နည်းစနစ်က Self Study နဲ့ ကိုယ်ပိုင်လေ့လာရတယ်။ ကိုယ်တိုင်လေ့လာတဲ့အခါမှာ အင်တာနက်ကြီးကိုယ်တိုင်ကိုက နည်းပညာချည်းဖြစ်နေတော့ အင်တာနက်ပေါ်မှာ အများဆုံး Resource ကလည်း နည်းပညာ Resource တွေလို့ ပြောလို့ရပါတယ်။

နည်းပညာအသစ်တစ်ခုထွက်လာပြီဆိုရင် အဲဒီသက်ဆိုင်ရာ နည်းပညာအကြောင်းကို လေ့လာထားကြတဲ့ လူတွေရှိတယ်။ ကိုယ်လေ့လာထားတာကို ပြန်လည်ဝေမျှကြတာတွေ ရှိတယ်။ သက်ဆိုင်ရာနည်းပညာ ဖန်တီးတီထွင်သူ ကိုယ်တိုင်ကိုက သူ့ရဲ့နည်းပညာအကြောင်းကို Tutorial တွေ၊ Documentation တွေ အမျိုးမျိုးနဲ့ပေးပါတယ်။ Blog Post Article တွေအနေနဲ့ အခါအားလျော်စွာ ရေးပေးနေတော့ ကျွန်တော်တို့က စာမပြတ်ဖတ်နေရပါတယ်။ ကိုယ်လက်ရှိလုပ်နေတဲ့ နည်းပညာတွေ၊ အသစ်ထွက်တဲ့ နောင်မှာ အသုံးချရမယ့် နည်းပညာတွေ၊ ဒါတွေနဲ့ပတ်သက်လို့ တစ်ရက်ကို အနည်းဆုံးနှစ်နာရီလောက် စာမဖတ်လို့မရပါဘူး။ ဒါက ကျွန်တော်တစ်ယောက်တည်းလည်း မဟုတ်သလို ကိုယ်ကချည်းပဲ ထူးထူးခြားခြား လုပ်နေရတာလည်း မဟုတ်ဘဲနဲ့ နည်းပညာနဲ့ပတ်သက်ပြီး အလုပ်လုပ်တဲ့လူတိုင်း လေ့လာရတဲ့အလုပ်ဖြစ်ပါတယ်။ မလုပ်တဲ့ လူကကျန်ခဲ့ပြီးတော့ နည်းပညာအသစ်ဆိုတာ ဘာတွေထွက်နေလဲ မသိတော့ဘူး။ အဲဒီအသစ်တွေ ဘယ်လို သုံးရမှန်းလည်း မသိတော့ဘူး။

အဲဒီအခါကျတော့ Softwar Developer ကောင်းမဖြစ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်မှမဟုတ်ဘဲ Softwar Developer ကောင်းတစ်ယောက်ဖြစ်ချင်တဲ့ လူတိုင်းဟာ နေ့တိုင်းလေ့လာရပါတယ်။ တစ်နေ့ကိုစာဖတ်ချိန် သီးခြားပေးရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပေးပုံပေးနည်းချင်း တူချင်မှတော့တူမယ်။ ကျွန်တော်ကတော့ သတ်သတ်မှတ်မှတ်ပေးပြီး ဖတ်တယ်။ မနက်ပိုင်း အိပ်ရာနိုးပြီး လုပ်ငန်းခွင်ဝင်ပြီ ဆိုတာနဲ့ ကျွန်တော်တို့က အဲဒီဝင်ဝင်ချင်းအချိန်ကို နှစ်ပိုင်းခွဲပြီးတော့ ပထမဆုံးတစ်ပိုင်းကို အဲဒီနေ့အတွက် လက်ခံရရှိတဲ့ Email စစ်တာတွေ၊ Update တွေ၊ အပြန်အလှန် စကားပြောဖို့လိုတဲ့ ကိစ္စတွေကို အချိန်တစ်နာရီလောက်ပေးပြီး ဖြတ်ပြီးပြီဆိုတာနဲ့ အလုပ်မလုပ်နိုင်သေးဘူး။ နောက်နှစ်နာရီလောက်ကို Catchup လုပ်ရတယ်။

အဲဒီအတွက် Feed Reader တွေ ကျွန်တော်တို့သုံးတယ်။ အရင်တုန်းကတော့ Google Reader ဆိုပြီး ကျွန်တော်တို့သုံးတယ်။ အခုကျတော့ Google Reader မဟုတ်ဘဲနဲ့ Google Reader နဲ့ အလားတူ Feedly အပြင် တခြား Reader တွေလည်း ရှိပါတယ်။ Feedly တို့လို Reader တွေမှာ ကျွန်တော်တို့ အမြဲတမ်းအသုံးချရမယ့် နည်းပညာတွေ၊ ကိုယ်နဲ့တိုက်ရိုက် ဆက်စပ်တဲ့ နည်းပညာတွေကို အဲဒီမှာ Subscribe လုပ်ထားပြီး ဒီလိုနည်းပညာတွေမှာ Version အသစ်ထွက်ပြီဆိုရင် ကျွန်တော်တို့ဆီမှာ Notification နဲ့ ချက်ချင်းသိရတယ်။ ကျွန်တော်တို့ဆီမှာ Notification ရောက်ရှိလာတဲ့ Article တွေဆို တစ်ရက်ကို အနည်းဆုံးသုံးရာလောက် ရှိပါတယ်။ အကုန်တော့ လိုက်မဖတ်နိုင်ဘူး။ အဲဒီထဲမှာ အရေးကြီးတာတွေ ရွေးထုတ်ပြီးဖတ်ပါတယ်။ အဲဒီရွေးထုတ်ထားတဲ့အထဲမှာမှ သူနဲ့အတူ ဆက်စပ်ပြီးတော့ တွဲဖက်လေ့လာရမှာတွေ တွဲပါလာတဲ့အတွက် အဲဒါတွေကိုလည်း ဆက်လေ့လာသွားရပါတယ်။

Self Study မလုပ်ရင် IT သမားတစ်ယောက်အနေနဲ့ နည်းပညာပိုင်းရော၊ လုပ်ငန်းပိုင်းမှာပါ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါမလဲ . . .

စာဖတ်ရုံနဲ့တင်မရဘဲ တချို့ကိစ္စတွေမှာဆို လက်တွေ့လုပ်ရတာတွေလည်းပါတဲ့အတွက် လက်တွေ့တွေလည်း လုပ်ရတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေအတွက် နှစ်နာရီလောက်ကို ပေးလိုက်တဲ့အတွက် တစ်ရက်စာအတွက် နည်းပညာ Update ကို လေ့လာပြီးသားဖြစ်သွားပါတယ်။

အဲဒီလိုမဟုတ်ဘဲ နေ့တိုင်းမလေ့လာဘူး၊ နှစ်ရက်၊ သုံးရက်၊ တစ်ပတ်လောက်နေမှ ကြည့်မယ်ဆိုရင် ကျွန်တော်တို့မသိလိုက်ဘဲ နည်းပညာအပြောင်းအလဲတွေ အများကြီးဖြစ်သွားပြီး Catch Up လုပ်စရာတွေ အများကြီးဖြစ်သွားပါတယ်။ နည်းပညာလောကကိုက အဲဒီလိုဖြစ်နေတဲ့အတွက် နေ့စဉ်လည်းလေ့လာရတယ်။ လေ့လာတဲ့အခါမှာလည်း Tool တွေရဲ့ အကူအညီကိုယူပြီး အချိန်သက်သက်ကိုပေးပြီးတော့ လေ့လာရတဲ့ သဘောလည်းရှိပါတယ်။ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေဆိုရင် စာတစ်အုပ်ကို အချိန်ဘယ်လောက်နဲ့ ဖတ်တယ်တို့၊ ဘယ်အချိန်မှာ စာအုပ်ဘယ်နှအုပ်ဖတ်တယ်တို့၊ တစ်နှစ်ကို ဘယ်နှစ်အုပ်ဖတ်တယ်တို့ ပြောတာတွေ့ရပါတယ်။

ကျွန်တော်တို့ကျတော့ တစ်နှစ်တွေ၊ တစ်နေ့တွေကို မဟုတ်ဘဲနဲ့ နေ့စဉ်နဲ့အမျှ ဖတ်နေနိုင်မှပဲ ပြောင်းလဲနေတဲ့ နည်းပညာကို အမီလိုက်နိုင်တဲ့သဘော ဖြစ်နေပါတယ်။ ဒါကြောင့် မလေ့လာတဲ့အခါမှာ Software Developer တစ်ယောက်၊ နည်းပညာသမားတစ်ယောက်လို့ပြောပြီး ဒီလိုလေ့လာမှုမျိုးတွေ မလုပ်လို့ရှိရင် နောက်လာမယ့် ရာထူးအဆင့်တစ်ဆင့်တက်ဖို့၊ လုပ်ငန်းအဆင့်တစ်ဆင့်တက်ဖို့ကို အသာထား၊ ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကိုပဲ ထိရောက်အောင် အလုပ်လုပ်နိုင်သူဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လေ့လာမှပဲ လုပ်ငန်းခွင်မှာ ထိရောက်အောင် အလုပ်လုပ်နိုင်သူ၊ ဖြစ်ပေါ်နေတဲ့ နည်းပညာကို အသုံးချနိုင်သူဖြစ်မှာပါ။ နောက်တစ်ခုက ဒီနည်းပညာတွေကပေးလာတဲ့ ဗဟုသုတတွေက တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ခေါင်းထဲမှာ နေ့စဉ်ဖတ်နေတဲ့ နည်းပညာသတင်းတွေ၊ နည်းပညာဗဟုသုတတွေ၊ ဆက်စပ်မှုတွေ၊ လက်တွေ့အသုံးချနည်းပညာတွေ၊ သဘောသဘာ၀ သီအိုရီ Concept စတဲ့ အကြောင်းအရာတွေက ကိုယ့်ခေါင်းထဲမှာ တဖြည်းဖြည်းစုစည်းလာပြီးတော့ ကျွန်တော်တို့ကတော့ Knowledge Portfolio ဖြစ်သွားပါတယ်။

ဒါက ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ Decision Making လုပ်တာတွေ၊ လုပ်ငန်းအသစ်တစ်ခုလုပ်ဖို့ အသုံးပြုသင့်တဲ့ နည်းပညာ၊ သွားသင့်တဲ့ ပုံစံ၊ ခန့်မှန်းချက် စတာတွေကို တဖြည်းဖြည်းနဲ့ ပြုလုပ်လာနိုင်ပါတယ်။ ဖတ်ထားတဲ့ စာတွေများလာလေ၊ လုပ်ငန်းကျွမ်းကျင်မှုက အဆင့်မြင့်လာလေပဲ ဖြစ်ပါတယ်။ လုပ်ငန်းပေါ်မှာလည်း ကျွမ်းကျင်လာတယ်။ ဗဟုသုတလည်း စုံလာတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုအဆင့်ကလည်း မြင့်လာတယ်။ အဲလိုကျွမ်းကျင်လာတာနဲ့အမျှ လူတစ်ယောက်က တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်သွားပါတယ်။ ရပ်မနေပါဘူး။ အဲလိုလူမျိုးက ပထမ Junior Software Developer လုပ်ရာကနေ၊ ဗဟုသုတတွေ၊ နည်းပညာသိတာတွေ များလာရာကနေ Senior Level ရောက်လာတယ်။ အဲဒီဖတ်ထားတာတွေကနေ ဘာတွေပါလာမလဲဆိုတော့ Software Project Management လိုဟာတွေပါတွဲတွဲပြီး ပါလာတယ်။ ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ Project Management ဆိုတဲ့ အဆင့်ကိုပါ ရောက်သွားတယ်။ အဲဒီအဆင့်ကို ကျော်ပြီးတော့ Business ဘက်ကို ရောက်လာပြီဆိုတဲ့အချိန်ကျတော့ သီးခြားလေ့လာဖို့ လိုကောင်းလိုလိမ့်မယ်။ ကျွန်တော် အခုဏကပြောတဲ့ နေ့စဉ်နည်းပညာ Catch Up နဲ့ မဆိုင်တော့ဘဲ ပြင်ပ Business Management သင်တန်းတစ်ခုလောက် တက်ရတာမျိုးတွေ၊ Marketing နဲ့ပတ်သက်တဲ့ သင်တန်းတွေ တက်ရတာမျိုးတွေ လိုလာကာ ကိုယ်ကလုံးလုံးလျားလျား နည်းပညာသမားအဖြစ်ကနေ Business သမားအဖြစ်ကို ပြောင်းတော့မယ်ဆိုတဲ့ အဆင့်တချို့လည်း ရှိတတ်ကြပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီအပိုင်းကိုမသွားဘဲနဲ့ ကိုယ့်ရဲ့သိထားတာတွေကို ပြန်လည်သင်ကြားပေးတဲ့ သင်ကြားမှုဘက်ကို ရွေးပါတယ်။ အဲဒီတော့ ကျွန်တော်ကတော့ Software Developer အဖြစ် တောက်လျှောက်လုပ်လာတယ်။ လေ့လာမှုတွေလည်း အဆင့်ဆင့်ဖြတ်သန်းလာတယ်။ လေ့လာမှုကို တောက်လျှောက်လုပ်လိုက်ပြီးတော့ Project Management တွေ ဦးဆောင်၊ Small Business လုပ်ငန်းတစ်ခုတည်ထောင်ပြီးတော့ ဦးဆောင်လာတယ်။ အဲဒါအပြင် တစ်ဆင့်တက်ပြီး လက်ရှိကျွန်တော်လုပ်နေတဲ့ စာသင်ကြားရေးအပိုင်းကို ကူးပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုအရကိုက Business တိုးချဲ့တဲ့ဘက်ကိုမသွားဘဲ ပြန်လည်ဝေမျှတဲ့ သင်ကြားတဲ့ဘက်ကို သွားတဲ့သဘောပါ။ ကိုယ်လေ့လာထားခဲ့တဲ့ နှစ်ပေါင်းများစွာ လေ့လာခဲ့တဲ့ နည်းပညာတွေအပေါ်မှာ အခြေခံပြီးတော့ သင်တန်းတွေဖွင့်တယ်။ ပထမတစ်နိုင်တစ်ပိုင် ဖွင့်တယ်။ တဖြည်းဖြည်းနဲ့ သင်တန်းကိုတိုးချဲ့ပြီး သင်တန်းကို နှစ်ခု၊ သုံးခုအတွဲလိုက်နဲ့ နောင်တစ်ချိန်ကျရင် Technology Institute Level အထိ ဖြစ်လာအောင် ကျွန်တော်တို့ကြိုးစားသွားမှာဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက် အထက်တန်းအောင်လာပြီးတာနဲ့ ကျွန်တော်တို့သင်ပေးလိုက်တဲ့ပညာကို အသုံးချပြီးတော့ တစ်နေရာတည်းမှာတင် လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်တဲ့ ကျွမ်းကျင် Professional ဖြစ်နိုင်တဲ့ သင်တန်းကျောင်းဖြစ်အောင် သွားနိုင်ဖို့ ကျွန်တော်တို့က ရည်ရွယ်ထားပါတယ်။

အယ်ဒီတာအဖွဲ့