ကျွန်မရဲ့ဘဝမှာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိခဲ့ပါတယ်။ အကျွမ်းတဝင်ခင်မင်တဲ့သူတွေကို ပြောတာမဟုတ်ပါဘူး။ ကျွန်မရဲ့ အလုပ်သဘာဝနဲ့ ကျွန်မရဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် တစ်နှစ်ကို လူထောင်ပေါင်းများစွာဟာ မိတ်ဆွေသစ်တွေအဖြစ် တိုးပွားလာခဲ့တယ်။ အသင့်အတင့်ကြမ်းတမ်းတဲ့ ဘဝနောက်ခံရှိတဲ့လူတွေဟာ ကျွန်မရဲ့ ဦးစားပေးမိတ်ဆွေတွေပါ။ ဘာသာတရားကို လေ့လာလိုက်စားတဲ့အချိန်ကျမှ ကျွန်မရဲ့ လူ့ဘဝအမြင်တွေ ပြောင်းလဲသွားတယ်။ လူတိုင်း လူတိုင်းရဲ့ဖြစ်တည်မှုဟာ အရေးကြီးတယ်။ တစ်ဦးတစ်ယောက်တိုင်းဟာ ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်း တယ်ဆိုတာ သိလာပါတယ်။ ကျွန်မမှာ စိတ်ဝင်စားစရာကောင်းတဲ့ သူငယ်ချင်း ကောင်းတွေ အများကြီးရှိတယ်။ သူတို့ဟာ စစ်မှန်တဲ့စိတ်ရှိပြီး တခြားသူတွေရဲ့ ဝါသနာကို သူတို့နှလုံးသားထဲမှာ အမြဲ မှတ်ထားတယ်။ အများစုက နာမည်ကျော်ကြား လူသိများသူတွေမဟုတ်ပေမယ့် ကျွန်မရဲ့အဖိုးတန်မိတ်ဆွေတွေပါ။ ဒါပေမဲ့ ကျွန်မဟာ မိတ်ဆွေကောင်းတွေကို တန်ဖိုး ထားရကောင်းမှန်း မသိခဲ့ဘူး။ အမှန်တော့ ကျွန်မ မိတ်ဆွေမဖြစ်ချင်တဲ့လူတွေကို စီးပွားရေးအကျိုးရှိဖို့သက်သက်ပဲ သိကျွမ်းအောင်၊ ခင်မင်အောင်လုပ်ရင်း အချိန်တွေကုန်ခဲ့တယ်။ ကျွန်မရဲ့ဆိုင်နဲ့ ကုမ္ပဏီပိတ်သိမ်းခံရဖို့ ဝရုန်းသုန်းကားဖြစ်နေတဲ့အချိန်တုန်းက ဘုရားကျောင်းအတူ တက်ဖော်ဘဏ်လုပ်ငန်းရှင် သူငယ်ချင်းတစ်ယောက်ဟာ တစ်ပတ် တစ်ခါ မှန်မှန်လာပြီး ကျွန်မတို့အတွက် အတူဆုတောင်းတယ်၊ အားပေးခဲ့ပါတယ်။ ဆန်းတက်စီးတီး (Suntec City) မှာ ဖွင့်ထားတဲ့ ၁ ဒေါ်လာ ၉၉ ပြားဆိုင် နောက်ဆုံးစတိုးဆိုင်ကို ပိတ်ပြီးသွားတော့ ကျွန်မရဲ့ ဒုတိယကလေးကိုမွေးဖို့ အချိန်စေ့လာ ပါပြီ။ ဘုရားကျောင်းက သူငယ်ချင်းတစ်ယောက်ဟာ ကျွန်မရဲ့အိမ်ကို ဒုန်းစိုင်းရောက်လာပြီး လက်ထဲကို စာအိတ်တစ်အိတ် ထည့်ပေးတယ်။ အထဲမှာ ဒေါ်လာ တစ်သောင်းတန် ချက်လက်မှတ်ပါတယ်။ ကျွန်မ ပိုက်ဆံ လို၊ မလို မမေးဘူး။ ကလေးမွေးရင် ကျွန်မ အသုံးလိုမယ်လို့ သူထင်တယ်။ ဒါဟာ ခင်မင်ကျွမ်းဝင်မှု အစစ် အမှန်ပါပဲ။ ကျွန်မရဲ့ အကြွေးရှင်တွေ၊ ပစ္စည်းပို့တဲ့လုပ်ငန်းရှင်တွေလည်းဖြစ်တဲ့ မိတ်ဆွေ လေးယောက်ရှိတယ်။ သူတို့ဟာ ကျွန်မနဲ့သူငယ်ချင်းလို အမြဲနေခဲ့တာ။ ကျွန်မရဲ့ သတင်း ကြားတော့ ချက်ချင်း သူတို့ ရောက်လာတယ်။ သူတို့ရဲ့ အကြွေးတွေကို လျော်ပစ်လိုက်မယ်တဲ့။ တစ်ယောက်က ကြော်ငြာလုပ်ငန်းရှင်လေ။ ၁ ဒေါ်လာ ၉၉ ပြားဆိုင်ဟာ သူ့အပေါ် ဒေါ်လာတစ်သိန်း အကြွေးတင်နေတယ်။ နောက်တစ်ယောက်က ပုံနှိပ်လုပ်ငန်းကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး သူ့ကို ပေးဖို့ ဒေါ်လာ နှစ်သောင်း အကြွေး ရှိတယ်။ သူတို့ရဲ့နက် ရှိုင်းတဲ့စေတနာနဲ့ တုံ့ပြန်မှုဟာ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ခင်မင်မှုကနေ ဖြစ်ပေါ်လာတာပါ။ လုပ်ငန်းပိတ်သိမ်းလိုက်ရပြီဆိုတဲ့ သတင်းကိုကြားရတဲ့အချိန်မှာ မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လမ်းထဲကလူတွေပို့လိုက်တဲ့ အီးမေးလ်တွေ၊ ကတ်တွေ၊ အားပေးစကားတွေအားလုံးကို ဖိုင်တစ်ခုထဲမှာ ထည့်ပြီး ကျွန်မ သိမ်းထားတယ်။ ဒီစကားလုံးတွေဟာ ကျွန်မရဲ့ အခက်ခဲဆုံးအချိန်ကာလကို တွေ့မြင်နိုင်ပါတယ်။ ''မင်းဟာ အမျိုးသမီးတွေရဲ့ စံပြမော်ဒယ်ပါ'' ''ဆုတောင်းပါ။ အနားယူပါ။ ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေပါ။ အားလုံးအဆင်ပြေသွားလိမ့်မယ်'' ''ဒီထက်ပိုပြီး အောင်မြင်မှုတွေရနိုင်မှာပါ'' အလယ်တန်းကျောင်းက ကျောင်းနေဖက်သူငယ်ချင်းတွေကတောင် ပန်းစည်းပို့ပြီး အားပေးခဲ့တယ်။ လူတစ်ယောက်က သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကို အကောင်းဆုံးပေးနိုင်တဲ့ လက်ဆောင်က အချိန်ပါပဲ။ အချိန်ဆိုတာ ကျွန်မတို့ရဲ့ ဘဝ၊ ကျွန်မတို့ရဲ့ ငွေနဲ့ အရေးကြီးတဲ့အရာတွေကို ကိုယ်စားပြုတယ်။ အခုဆိုရင် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရတဲ့အချိန်ဟာ နှစ်သက်စရာပါပဲ။ ကျွန်မရဲ့ဘဝဟာ ကျွန်မသူငယ်ချင်းတွေကြောင့် ပြန်လည်စိုပြည်လာတယ်။ သူတို့ဟာ ကျွန်မဘဝရဲ့ အကောင်းအဆိုးအနိမ့်အမြင့်အချိန်တိုင်းမှာ အစဉ်အမြဲ ရှိခဲ့ကြတယ်။
ဒေါက်တာခင်စန်းမော်