Franchise လုပ်ငန်းများနှင့် မြန်မာ့စီးပွားရေးနယ်ပယ်

ယခုအခါ ပေါ်ပေါက်လာသည့် စီးပွားရေးအခွင့်အလမ်းများကို အပြိုင်အဆိုင်ဆုပ်ကိုင်ရန် ကြိုးစားကြရာတွင် Franchise စနစ်ဖြင့် လုပ်ကိုင်ရသော လုပ်ငန်းများကိုလည်း စဉ်းစားလာကြသည်။

အင်္ဂလိပ်၊ မြန်မာအဘိဓာန်တွင် Franchise ကို လုပ်ငန်းလုပ်ပိုင်ခွင့်ရယူခြင်းဟု ပြန်ဆိုထားပါသည်။ ဤသို့လုပ်ပိုင်ခွင့်ကိုရရန် သင့်လျော်သည့် အခကြေးငွေကို လုပ်ပိုင်ခွင့်ပေးသူအား ပေးအပ်ရမည်ဖြစ်သည်။

ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် နိုင်ငံတကာမှ လူသိများပြီးဖြစ်သည့် ထုတ်ကုန်၊ ဝန်ဆောင်မှုနှင့် လုပ်ငန်းတို့ကို လုပ်ပိုင်ခွင့်ရယူရန် စဉ်းစားနေသကဲ့သို့ နိုင်ငံတွင်းရှိ အောင်မြင်ထင်ရှားသည့်လုပ်ငန်းများကလည်း အခြားသူများအား လုပ်ပိုင်ခွင့်ပေးရန် စီစဉ်နေကြပါသည်။

လုပ်ပိုင်ခွင့်ရယူခြင်းဖြင့် မိမိမသိ မတတ်သေးသော လုပ်ငန်းစနစ်၊ လုပ်နည်းလုပ်ဟန် အတွေ့အကြုံတို့ကို အချိန်ကုန်ခံစရာမလိုဘဲ သင်ယူနိုင်သည်။ နာမည်ရပြီးဖြစ်သောကြောင့် လူသိရန် အထူးအားထုတ်ရန်မလို စသည့် ကောင်းကွက်များရှိသော်လည်း လုပ်ပိုင်ခွင့်အတွက်ပေးရမည့် အခကြေးငွေများကလည်း ဝန်ထုပ်ဝန်ပိုးဖြစ်နေနိုင်ပေသည်။ လုပ်ပိုင်ခွင့်ပေးသူအနေဖြင့်လည်း မယုံကြည်ရသူကို ပေးမိပါက ဈေးကွက်ဝေစုဆုံးရှုံးခြင်း၊ နာမည်ပျက်ခြင်းတို့နှင့် အဆုံးသတ်ရနိုင်ပြီး အခန့်မသင့်လျှင် ပြိုင်ဘက်တစ်ဦးမွေးထုတ်ပေးလိုက်သကဲ့သို့ ဆိုးဝါးသည့်အကျိုးဆက်ကို ခံစားရနိုင်ပါသည်။

မည်သို့ဆိုစေ သေသေချာချာစီမံ၍ မျှမျှတတဆောင်ရွက်နိုင်ပါက နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်သည်ဖြစ်ရာ မြန်မာ့စီးပွားရေးနယ်ပယ်တွင် မကြာသောအချိန်ကာလအတွင်း Franchise လုပ်ငန်းများစွာ ပေါ်ပေါက်တွေ့မြင်လာရတော့မည်ဟု မျှော်လင့်မိပါသည်။

အယ်ဒီတာ