Finland နဲ့ စီးပွားရေးလက်တွဲလုပ်နိုင်မယ့် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ

finlandnfinnpartnership3

Finland နိုင်ငံနဲ့ စီးပွားရေးလက်တွဲလုပ်နိုင်မယ့် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ကျင်းပခဲ့ပါတယ်။ ပွဲကို Team Finland နဲ့ Finnpartnership တို့က UMFCCI နဲ့ ပူးပေါင်းပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Finland စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေကို ဘယ်လိုလက်တွဲဆောင်ရွက်နိုင်မယ်ဆိုတာနဲ့ပတ်သက်ပြီး Finland စီးပွားရေးလုပ်ငန်းတွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

finlandnfinnpartnership1

Siv Ahlberg

Programme Director

Finnparnership- Finnish Business

Partnership Programme

မြန်မာပြည်ကိုလာတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီအကြိမ်မှာ ကျွန်မတို့က မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်တွေ့ရတဲ့အတွက် မြန်မာနိုင်ငံနဲ့ Finland နိုင်ငံအကြား စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအတူတွဲလုပ်နိုင်ဖို့အတွက် ပိုပြီးအခွင့်အလမ်းတွေ ရှိတယ်လို့ မြင်ပါတယ်။ ကျွန်မနဲ့အတူ မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ချင်တဲ့ လုပ်ငန်း ၁၃ ခုရဲ့ လိပ်စာကတ်တွေ ပါလာပါတယ်။ မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းအကျိုးတူဆောင်ရွက်ဖို့ ဆက်သွယ်ရင် သူတို့တွေ ဒီကိုရောက်လာနိုင်ပေမဲ့ သူတို့တွေအနေနဲ့ ဒီမှာ တကယ်စီးပွားရေးအခွင့်အလမ်း ရှိ၊ မရှိဆိုတာ မသေချာဘဲနဲ့တော့ လာဖို့မလွယ်ကူပါဘူး။ နောက်ပိုင်းမှာတော့ Finland ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံကို သူတို့ကိုယ်တိုင်လာရောက်ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို လက်တွဲဆောင်ရွက်နိုင်ကောင်း နိုင်ပါလိမ့်မယ်။

Finland ဟာ ပညာရေး၊ သတ္တုတူးဖော်ရေးနည်းပညာ၊ တယ်လီကွန်းနည်းပညာ၊ သဘာဝစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနည်းပညာ၊ လုံခြုံရေးဆိုင်ရာ နည်းပညာ၊ ရေသန့်စင်ရေးဆိုင်ရာနည်းပညာ၊ အစားအသောက်ဆိုင်ရာနည်းပညာနဲ့ နည်းပညာပစ္စည်း ထုတ်လုပ်ရေးပိုင်းတွေ အားကောင်းတဲ့အတွက် မြန်မာစီးပွားရေးလုပ်ငန်းတွေအတွက် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါအပြင် Finland မှာ ၉၇ ရာခိုင်နှုန်းသော အိမ်တိုင်းမှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေရှိပြီး လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းက အင်တာနက်ကို အသုံးပြုကြပါတယ်။ ကျွန်မအနေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကို Finland စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူစီးပွားရေးလုပ်မယ်ဆိုရင် ပုပ်သိုးလွယ်တဲ့ အစားအသောက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေအတွက်တော့ အဆင်မပြေနိုင်ပေမဲ့ ကျန်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေအတွက် တကယ်ကို အကျိုးကျေးဇူးကောင်းတွေ ရမှာပါလို့ အကြံပြုချင်ပါတယ်။ Finland စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အကျိုးတူလုပ်ချင်ရင် သူတို့ဆီကို အင်တာနက်ကနေတစ်ဆင့် လွယ်လင့်တကူ ဆက်သွယ်နိုင်ပါတယ်။ သူတို့ကို ကိုယ့်ရဲ့လုပ်ငန်းအကြောင်း ရှင်းပြတဲ့အခါမှာတော့ Presentation ကောင်းကောင်းနဲ့ ရှင်းပြသင့်တယ်လို့ အကြံပြုလိုပါတယ်။

မြန်မာနိုင်ငံမှာဆို ၇၀ ရာခိုင်နှုန်းလောက်ထိ မီးမရသေးဘူးလို့ သိရပါတယ်။ Finland ဟာ သဘာဝစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာနည်းပညာလည်း အားကောင်းတာကြောင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းကောင်းတွေ အများကြီး ရှိလာမှာပါ။

finlandnfinnpartnership2

ဒေါက်တာမျိုးသက်

ဒုဥက္ကဋ္ဌ

မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

ပွဲကျင်းပဖြစ်ပုံ . . .

Finland နိုင်ငံဟာ လူဦးရေ ၅ ဒဿမ ၅ သန်းရှိပြီး သဘာဝရင်းမြစ်တွေကို ထိထိရောက်ရောက် အသုံးချပြီး ချမ်းသာလာတဲ့ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ နောက်ပြီး Finland ဟာ သစ်၊ သစ်တောနဲ့ပတ်သက်တဲ့ နည်းပညာ၊ ပညာရေး၊ အင်တာနက်နည်းပညာတွေ အားကောင်းတယ်။ ဒါကြောင့် မြန်မာပြည်ကို လာတဲ့အခါမှာ ပညာရေးလုပ်ငန်းတွေ၊ Mobile နည်းပညာလုပ်ငန်းတွေ၊ စက္ကူထုတ်လုပ်ရေးလုပ်ငန်းတွေစတဲ့လုပ်ငန်းတွေ ပါလာတာကို တွေ့ရပါတယ်။ Finland စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်ဖို့ စိတ်ဝင်စားနေကြတဲ့အတွက် မြန်မာပြည်က လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ်နဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အရေးတွေကိုလည်း ရယူနိုင်ကြမှာဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်မှာ စီးပွားရေးနဲ့ပတ်သက်လို့ မြန်မာပြည်လာတဲ့အဖွဲ့အစည်းတွေ ဘယ်လောက်လောက်ရှိပါသလဲ . . .

အစိုးရသစ်စဖွဲ့ပြီး သုံးလအတွင်းမှာတော့ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းတော်တော်များများက မြန်မာပြည်မှာ စီးပွားရေးလာလုပ်ဖို့ကို စောင့်ကြည့်နေတဲ့အတွက် လာတာနည်းပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လလောက်ကမှ တဖြည်းဖြည်းနဲ့ အင်ဒိုနီးရှား၊ ထိုင်းစတဲ့ အာဆီယံနိုင်ငံတွေက ဝင်လာကြပါတယ်။ အခုလို အနောက်နိုင်ငံက လာတာကတော့ ရှားပါတယ်။ မြန်မာပြည်ကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အစပိုင်းသုံးလလောက်မှာ ဝင်တာနည်းတဲ့အတွက် လူတွေက စီးပွားရေးနဲ့ပတ်သက်လို့ အကောင်အထည်ပေါ်လာပါ့မလားလို့ စိုးရိမ်နေကြတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးက ရှေ့လျှောက်တဖြည်းဖြည်းနဲ့တော့ ကောင်းလာမယ်လို့ မြင်ပါတယ်။

အယ်ဒီတာအဖွဲ့