Fiat က Chrysler ရဲ့ ကျန်တဲ့ရှယ်ယာတွေကို ဒေါ်လာ ၃.၆၅ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီမှုရရှိ

အီတလီကားကုမ္ပဏီ Fiat SpA ဟာ Chrysler ကားကုမ္ပဏီရဲ့ ကျန်တဲ့ရှယ်ယာတွေကို အမေရိကန်ဒေါ်လာ ၃.၆၅ ဘီလီယံနဲ့ ဝယ်ယူဖို့ သဘောတူညီချက်ရခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ ငွေပေးချေတာကိုတော့ သမ္မဂအဖွဲ့ကထိန်းချုပ်ထားတဲ့ ရန်ပုံငွေအဖွဲ့တစ်ခုကို ပေးချေမှာဖြစ်တယ်။ Fiat ဟာ Chrysler ရဲ့ ရှယ်ယာပမာဏ ၅၈.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန်တဲ့ ၄၁.၅ ရာခိုင်နှုန်းကိုတော့ ပင်စင်စားတွေကို ကျန်မာရေးစောင့်ရှောက်မှုဆိုင်ရာ ငွေပေးချေမှုလုပ်ငန်းလုပ်နေတဲ့ စုပေါင်းမော်တော်ကား အလုပ်သမားသမ္မဂရန်ပုံငွေအဖွဲ့(UAW)က ပိုင်ဆိုင်ထားပါတယ်။ သဘောတူညီချက်အရ Fiat က အဲဒီရန်ပုံငွေအဖွဲ့ကို ကနဦးအနေနဲ့ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံ ပေးချေမှာဖြစ်ပြီး အပြီးသတ်ပေးချေမှုအဖြစ် အမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံ ထပ်မံပေးချေမှာဖြစ်တယ်။ UAW နဲ့ သဘောတူထားမှုရဲ့ Chrysler တစ်စိတ်တစ်ပိုင်းအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထပ်မံပေးချေမှာဖြစ်တယ်။ Chrysler ကုမ္ပဏီရဲ့ ဖော်ပြချက်တစ်ခုအရ အဆိုပါသဘောတူညီချက်ဟာ ဇန်နဝါရီလ ၂၀ ရက်မတိုင်ခင်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။ Fiat နဲ့ Chrysler ကုမ္ပဏီနှစ်ခုစလုံးရဲ့ CEO Sergio Marchionne ဟာ ကုမ္ပဏီနှစ်ခုကို ပူးပေါင်းဖို့အတွက် UAW ရဲ့ ရှယ်ယာတွေကို ဝယ်ယူဖို့ကြိုးစားခဲ့တာ ကြာပြီဖြစ်တယ်။ "ကုမ္ပဏီနှစ်ခုကို ပိုင်ဆိုင်မှုတစ်ခုတည်းအဖြစ် ပေါင်းစည်းလုပ်ဆောင်မယ့်ပုံစံဟာ         ကုမ္ပဏီနှစ်ခုစလုံးရဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်နဲ့ နည်းပညာတွေ၊ ခိုင်မာပွင့်လင်းတဲ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ တမူထူးခြားတဲ့ ကမ္ဘာလုံးဆိုင်ရာ ကားလုပ်ငန်းကြီးတစ်ခုထူထောင်ဖို့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို အပြည့်အ၀ အကောင်အထည်ဖော်ခွင့် ရရှိစေပါတယ်" လို့ Marchionne က ဆိုပါတယ်။ Chrysler ကို Fiat က အပြီးသတ်ဝယ်ယူတော့မယ်ဆိုတဲ့ သတင်းကြောင့် Fiat ရဲ့ ရှယ်ယာတွေ ဈေးတက်လာခဲ့ပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနဲ့ နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုတို့နဲ့ပတ်သက်ပြီး အီတလီသမ္မဂအချို့က စိုးရိမ်မှုတွေရှိနေပါတယ်။ Fiat ရဲ့ ကမ္ဘာတစ်ဝန်းမှာ ထုတ်လုပ်မှု၊ အလုပ်အကိုင်အာမခံချက်၊ စာချုပ်ချုပ်ဆိုမှုအနေအထားတို့နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုအပေါ် အီတလီသမ္မဂတွေဟာ အချိန်အတော်အကြာကတည်းက စိုးရိမ်မှုရှိခဲ့တာဖြစ်တယ်။ သမ္မဂအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်ပြီး ကာကွယ်မှုတွေပြုလုပ်ဖို့ အစိုးရကို တွန်းအားပေးခဲ့ကြပါတယ်။ Fiat မှာ ဝန်ထမ်းစုစုပေါင်း ၂၁၅၀၀၀ ရှိပြီး သုံးပုံတစ်ပုံနီးပါးက အီတလီမှာရှိပါတယ်။ အစွန်းရောက်မှုမရှိတဲ့ သမ္မဂတွေကတော့ ဒီသဘောတူညီချက်ကြောင့် အီတလီအလုပ်သမားတွေအတွက် အကျိုးအမြတ်ဖြစ်ထွန်း လာမယ့်အပေါ်မှာ အကောင်းမြင်မှုတွေရှိနေပါတယ်။ Fiat ဟာ ၂၀၀၉ ခုနှစ်မှာ Chrylser ကို ဒေဝါလီခံရမယ့်အရေးကနေ ကယ်တင်ခဲ့တာဖြစ်တယ်။  Fiat ဟာ Chrylser ရဲ့ ပိုင်ရှင်ဖြစ်လာမယ့်ကိစ္စရဲ့ အရေးပါမှုကြောင့် တကယ်လို့ အဆိုပါသဘောတူညီချက်ဟာ Marchionne ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်မှုမရရှိစေဘူးဆိုရင်တော့ အီတလီအလုပ်သမားတွေအနေနဲ့ အဖိုးအခပေးရဖို့ရှိနေတယ်လို့ စီပွားရေးပါမောက္ခ Casare Pozzi က ဆိုပါတယ်။ Ref : AP