Ferry Grijpink
Partner
McKinsey & Company
Mr Ferry Grijpink ကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ Myanmar Summit 2016 မှာ တွေ့ဆုံမေးမြန်းခွင့်ရခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း နည်းပညာလောကအလားအလာ၊ GDP နဲ့ Telecommunication ပိုင်း ချိတ်ဆက်နေမှု၊ မြန်မာနိုင်ငံရဲ့ Telecommunication Industry အလားအလာ စတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုယ်ရေးအကျဉ်း . . .
ကျွန်တော် McKinsey မှာ ၂၀၀၃ ခုနှစ်ကတည်းက စတင်လုပ်ကိုင်လာတာဖြစ်ပြီး နည်းပညာကို စီးပွားဖြစ်အောင်လုပ်ကိုင်ရတာနဲ့ နည်းပညာ ကိုယ်တိုင်ကို နှစ်သက်ပါတယ်။ စီးပွားရေး ဘယ်လိုလုပ်ရမယ်ဆိုတာနဲ့ နည်းပညာကို လူမှုဘဝအခြေမြင့်အောင် လုပ်တဲ့နေရာမှာ ဘယ်လိုသုံးရမယ်ဆိုတာနားလည်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ McKinsey ရဲ့ အဓိက Focus က ကျွန်တော်နှစ်သက်တာနဲ့ ကိုက်ညီလို့ Join ခဲ့တာပါ။
McKinsey ကို မဝင်ခင်တုန်းကတော့ အင်တာနက် နယ်ပယ်ထဲက Entrepreneur တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီး Gemini Consulting Company အတွက်လည်း အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။ ကျွန်တော်နယ်သာလန်နိုင်ငံ၊ Delf University of Technology ကနေ Master of Science in Electrical Engineering နဲ့ ဘွဲ့ယူထားပါတယ်။
Amsterdam မှာ ဆယ်နှစ်လုပ်ခဲ့ပြီးတဲ့နောက် ကျွန်တော်စင်ကာပူမှာရှိတဲ့ McKinsey ရုံးကို ၂၀၁၃ ခုနှစ်က ပြောင်းလာခဲ့တာပါ။
ကျွန်တော့် Client တွေအတွက် လုပ်ငန်းအသစ် ဆယ်ခုကျော်လောက် ကူညီမိတ်ဆက်ခြင်းတွေ ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ Mobile Operator တွေ (Mobile and Fixed) ၊ Health Care နဲ့ Moible Money Venture တွေအထိ ပါဝင်ပါတယ်။ ကျွန်တော်က အနောက်ဥရောပနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်၊ အင်္ဂလန်၊ သြစတြေးလျ၊ တူရကီတို့လိုနိုင်ငံတွေ၊ အာဖရိကနိုင်ငံတွေဖြစ်တဲ့ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ ဂါနာနိုင်ငံတွေ၊ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ၊ ပြီးတော့ သြစတြီးယားနိုင်ငံတွေမှာ တောက်လျှောက် အလုပ်လုပ်လာခဲ့တာဖြစ်ပါတယ်။
ကျွန်တော် McKinsey မှာ လုပ်ကိုင်လာသလောက် ၁၃ နှစ်အတွင်း Telecom ၊ Media နဲ့ Technology နဲ့ ပတ်သက်တာတွေချည်းပဲဖြစ်ပါတယ်။ အာဖရိကမှာလည်း Telecom ကျယ်ပြန့်လာအောင် လုပ်ပေးခဲ့ပါတယ်။ ဥရောပနဲ့ အာဖရိက က ရလာတဲ့အတွေ့အကြုံတွေကိုအသုံးပြုပြီး လက်ရှိအရှေ့တောင်အာရှမှာ Partner အဖြစ် ဒေသတွင်း Telecom Practice အားကောင်းလာအောင် လုပ်ကိုင်ရတာက စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။
ကျွန်တော်လက်ရှိမှာ McKinsey Southeast Asia TMT (Telecommunication, Media & Technology) Practice ကို ဦးဆောင်နေတာပါ။ အဓိက Focus ကတော့ ဆက်သွယ်ရေး၊ မီဒီယာ၊ အဆင့်မြင့် နည်းပညာ ကုမ္ပဏီတွေကို နည်းဗျူဟာနဲ့ ဈေးကွက်မြှင့်တင်ရေး၊ လုပ်ငန်းသစ်တည်ထောင်ရေး စတာတွေနဲ့ ပတ်သက်လို့ အကြံဉာဏ်ပေးပါတယ်။ ဥပမာ - Mobile Health ၊ Mobile Money တို့လို ဝန်ဆောင်မှုအသစ်တွေနဲ့ လုပ်ငန်းချဲ့ထွင် မိတ်ဆက်နေတဲ့ ဆက်သွယ်ရေး Mobile Operator တွေ၊ Media Player တွေနဲ့ Content Negotiation လုပ်တာမျိုးတွေဖြစ်ပါတယ်။ McKinsey Research ကို နောက်မျိုးဆက်သစ်နည်းပညာတွေဖြစ်တဲ့ Fiber ၊ 4G/5G ၊ Spectrum Band အသစ်တွေနဲ့ Mobile Broadband တွေ တပ်ဆင်အသုံးချ၊ စီးပွားရေးအရ အသုံးချတာမျိုးတွေကိုလည်း ဦးဆောင်ပေးပါတယ်။
လက်ရှိမှာတော့ ကျွန်တော်စင်ကာပူမှာ ကျွန်တော့်မိသားစုဖြစ်တဲ့ ကျွန်တော့်အမျိုးသမီး၊ ကလေးသုံးယောက်နဲ့ သူတို့ရဲ့ကြောင်လေး Janus တို့နဲ့ အတူနေထိုင်လျက်ရှိပါတယ်။
McKinsey ရဲ့ Telecommunication အပေါ် အလေးထားမှု . . .
ကျွန်တော်တို့ Telecommunication Work တော်တော်များများ လုပ်ကိုင်လျက်ရှိပါတယ်။ ကမ္ဘာအနှံ့ရော အရှေ့တောင်အာရှမှာပါဖြစ်ပါတယ်။ Telecommunication တစ်ခုတည်းအပေါ် စူးစိုက်လုပ်ကိုင်လျက်ရှိတဲ့ ကမ္ဘာတစ်ဝန်းက Partner တွေ၊ Consultant တွေနဲ့လည်း လက်ရှိလုပ်ကိုင်နေတုန်းပါပဲ။ ဒီလုပ်ငန်းကဏ္ဍက ကျွန်တော်တို့အတွက် အရေးပါပါတယ်။
ကမ္ဘာ့နည်းပညာလောကအလားအလာနဲ့ပတ်သက်လို့ ထင်မြင်ချက် . . .
လက်ရှိ ကျွန်တော်တို့က ထူးခြားကောင်းမွန်တဲ့ကာလမှာ နေထိုင်နေတာဖြစ်ပါတယ်။ နည်းပညာကို ရယူသုံးစွဲဖို့လည်း လူတိုင်းအတွက် အလွန်ပဲလွယ်ကူလှပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းကဆိုရင်တော့ လူတွေက Personal Computer တွေ၊ Computer တွေကို လိုအပ်ခဲ့ကြပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်ရောက်ရင်တော့ ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က (အင်တာနက်နဲ့) ချိတ်ဆက်ထားပြီးသားဖြစ်နေမှာပါ။ အခုဆိုရင် စမတ်ဖုန်းတွေကလည်း အတော်လေးကို သက်သာတဲ့ အနေအထားမှာ ရှိနေပါပြီ။ လူတွေကလည်း အင်တာနက်ကို အိတ်ကပ်ထဲထည့်ထားနိုင်တဲ့အခြေအနေကို ရောက်နေပါပြီ။
ဒုတိယအနေနဲ့က လူတွေဟာ နည်းပညာနဲ့ အင်တာနက်ကို အသုံးပြုရုံတင်မကဘဲ သူတို့ကိုယ်တိုင်လည်း နည်းပညာကို ဖန်တီးနေနိုင်ကြပါပြီ။ Cloud ဒါမှမဟုတ် Development Tools အသစ်တွေကိုသုံးပြီး လူတွေက ရင်းနှီးမတည်ငွေနည်းနည်းနဲ့ ကုမ္ပဏီတွေ Set Up လုပ်နိုင်နေပါပြီ။ Flappy Bird ကို တီထွင်ခဲ့တဲ့ ဗီယက်နမ်က လူကို မှတ်မိဦးမယ်ထင်ပါတယ်။ သူက အဲဒါကို ဖုန်းပေါ်မှာ Program ရေးဆွဲခဲ့တာပါ။ အခုအချိန်မှာ နည်းပညာက လူတိုင်းအလွယ်တကူ ရယူသုံးစွဲနိုင်လောက်အောင် ဖြစ်နေပါပြီ။
ဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာနဲ့ဆိုရင်တော့ ကျွန်တော် Megatrend နှစ်ခုကို မြင်မိပါတယ်။ လူတိုင်းက အင်တာနက်နဲ့ မိုဘိုင်းကို ရယူသုံးစွဲနိုင်ပြီး လူတိုင်း ကိုယ့်စီးပွားရေးကို ကိုယ်တည်ဆောက်နိုင်တယ်ဆိုတာပါပဲ။ ဒီနှစ်ချက်က ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။
မြန်မာနိုင်ငံရဲ့ Telecommunication အလားအလာနဲ့ ပတ်သက်လို့ ကိုယ်ပိုင်ထင်မြင်ချက် . . .
ကျွန်တော်အာဖရိကမှာ ရှိနေတုန်းကလည်း အဲဒီဒေသက မိုဘိုင်းကို Leapfrogged ဖြစ်သွားတာ တွေ့ခဲ့ဖူးပါတယ်။ အခုလည်း မြန်မာနိုင်ငံက စမတ်ဖုန်းခေတ်ကို စတင်ဝင်ရောက်နေပြီဖြစ်လို့ စိတ်လှုပ်ရှားစရာပါ။ ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နည်းပညာကဏ္ဍနဲ့ပတ်သက်လို့ ပတ်သက်ရာပတ်သက်ကြောင်း အခြေခံအဆောက်အအုံတွေ တည်ဆောက်တာလည်း မြန်ဆန်တယ်ဆိုရမှာပါ။ နှစ်နှစ်၊ သုံးနှစ်အတွင်း သာမန်အဆင့်ကနေ 2G ၊ 2G ကနေ 3G ၊ 3G ကနေ 4G အဆင့်ကို ရောက်လာတာ တွေ့ရပါတယ်။ နိုင်ငံရဲ့ စမတ်ဖုန်းထိုးဖောက်ဝင်ရောက်အားကလည်း ကမ္ဘာပေါ်မှာအမြန်ဆန်ဆုံးဆိုတဲ့ အချက်က ရှိနေပါသေးတယ်။ ဒါကလည်း အားသာချက်တစ်ခုပါပဲ။ အားလုံးခြုံကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်။ လူတိုင်းက အင်တာနက်နဲ့ ချိတ်ဆက်မိနေပြီး ပြတ်တောက်ချိန်လည်း မရှိတော့ပါဘူး။ ဘာကို ဘယ်လိုပဲလုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်လည်းမရှိပါဘူး။ ဒါကြောင့် အကန့်အသတ်မဲ့ အခွင့်အရေးတွေရှိနေပါတယ်။
နိုင်ငံရဲ့ GDP နဲ့ ဆက်သွယ်ရေးပိုင်း ဖွံ့ဖြိုးတိုးတက်မှုတို့ ဆက်စပ်နေသလားဆိုတာကိုလည်း သုံးသပ်ပေးပါဦး . . .
ကျွန်တော်တို့ရဲ့သုတေသနရလဒ်တွေအရတော့ အခြေခံ အဆောက်အအုံကောင်းရှိခြင်းက GDP အပေါ်မှာ အကျိုးသက်ရောက်မှုကြီးမားကြောင်း တွေ့ရှိထားပါတယ်။ အကြမ်းအားဖြင့် GDP ရဲ့ ၁၁ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုးတက်မှုက နည်းပညာကဏ္ဍမှာ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေ ထွန်းကားကားမှုနဲ့သက်ဆိုင်ပါတယ်။ ကိုယ်က ဘယ်နယ်ပယ်အပေါ် ကြည့်နေသလဲဆိုတဲ့အပေါ်မူတည်ပြီး Telecom ကဏ္ဍမှာ လိုအပ်တဲ့အဆောက်အအုံတွေ နေရာတကျရှိထားပြီးသားဆိုရင်လည်း GDP တိုးတက်နှုန်းက မြင့်မှာပါပဲ။
ဒါကြောင့် ပြောထားခဲ့တဲ့အတိုင်းပဲ GDP ပေါ်မှာချည်း ကျွန်တော်တို့ အာရုံစိုက်နေလို့ မရပါဘူး။ ဆက်သွယ်ရေးကောင်းရင်ကောင်းသလောက် လူတွေက သူတို့ဆက်သွယ်ချင်တဲ့လူတွေနဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာ ပဓာနမထားဘဲ စဉ်ဆက်မပြတ်ဆက်ဆံနေနိုင်မှာပါ။ ဒါကဘဝအတွက် ပိုကောင်းပါတယ်။ ဥပမာ - ကိုယ့်မှာ Mobile Banking Service ရှိနေပြီဖြစ်တဲ့အတွက် ဘဏ်မှာသွားတန်းစီရတဲ့ အချိန်ကုန်သက်သာသွားတာမျိုး ကြုံဖူးမှာပါ။ ဒါက GDP တက်တာနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
အင်တာနက်က စီးပွားရေးကို တိုက်ရိုက်အကျိုးရလဒ်ပေးတဲ့အရာတွေ တော်တော်များများကို လုပ်ပေးနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လုပ်ငန်းအသစ်တွေ ဖြစ်ပေါ်လာစေနိုင်တာ၊ လူမှုဘဝနဲ့ ပညာရေးကို ပိုတိုးတက်လာစေတာမျိုးလည်း အင်တာနက်က လုပ်ပေးနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့်တော့ နိုင်ငံရဲ့ GDP ကို တစ်ဟုန်ထိုးတက်လာစေနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ McKinsey Partner တွေများရှိပါလား . . .
မြန်မာနိုင်ငံမှာ ကျွန်တော်တို့ လူတချို့တော့ရှိပါတယ်။ ဒါပေမဲ့ ရုံးမဖွင့်ရသေးပါဘူး။ ကျွန်တော်တို့ ဖွင့်ဖို့လည်း စဉ်းစားနေတုန်းပါပဲ။
ဘာကြောင့် Myanmar Summit 2016 ကို လာတက်ခဲ့တာပါလဲ . . .
မြန်မာနိုင်ငံကို စိတ်လှုပ်ရှားစရာ အခွင့်အရေးတွေနဲ့နိုင်ငံအဖြစ် မြင်တာကြောင့်လာတက်တာပါ။ လွန်ခဲ့တဲ့နှစ် နှစ်ကထုတ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ အစီရင်ခံစာထဲက ဖြစ်နိုင်ခြေတွေကြောင့်လည်း စိတ်လှုပ်ရှားမိပါတယ်။ မြန်မာက စမတ်ဖုန်းကိုအရင်ဆုံးပြောင်းပြီး Leapfrog လုပ်ဖို့ အခွင့်အလမ်းရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အလားအလာတွေကနေ GDP အဖြစ်ကို ၂၀၃၀ ပြည့်နှစ်လောက်ကျရင် ပြောင်းနိုင်ပါမယ်။ ဒါကြောင့် ဒီ Myanmar Summit မှာ ကျွန်တော်တို့ အလားအလာကောင်းတွေအကြောင်း အချင်းချင်းပြောဆိုဖလှယ်ကြပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စိတ်ဝင်စားမှုတွေကိုပြောဆိုကြကာ အခွင့်အလမ်းတွေကဘာလဲဆိုတာကို လေ့လာကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Leapfrog လုပ်ချင်တယ်ဆိုရင် လူတိုင်း Online ဖြစ်မှရပါမယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေ ပိုပြီး Online သုံးလာဖို့ ကျွန်တော်တို့ အားပေးကြရပါဦးမယ်။
တချို့မြန်မာကုမ္ပဏီတွေက နည်းပညာကို လက်ရှိအချိန်အထိ အသုံးမပြုကြသေးပါဘူး။ အဲဒီလုပ်ငန်းတွေကို ဘာများပြောပြပေးချင်ပါသလဲ . . .
အခုလက်ရှိအခြေအနေရဲ့ထူးခြားချက်က ရှိပြီးသားနည်းပညာတွေကို အစပြုသုံးဖို့မဟုတ်ပါဘူး။ တခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင် သူတို့မှာက Cash Register တွေကအစ၊ IT System အဟောင်းတွေအထိ သူတို့အတွက်ရှိပြီးသားဖြစ်တာကို တွေ့ပါမယ်။ ဒါကြောင့် သူတို့ကို နည်းပညာအသစ်ဆီ ပြောင်းရွှေ့ဖို့ခက်ပါလိမ့်မယ်။ ဒီကနေ့ခေတ်မှာတော့ Mobile Application တွေကို ကြည့်လိုက်မယ်ဆိုရင် Cash Register ကအစ Immagaration ရော၊ Inventory Management တွေအထိကိုပါ မိုဘိုင်းလ်ဖုန်းပေါ်မှာ လုပ်လို့ရနေတာကို တွေ့ရပါလိမ့်မယ်။ နည်းပညာ Set တစ်ခုကိုပဲ သုံးလိုက်ရုံနဲ့ စီးပွားရေးလုပ်ငန်းတွေက စားသုံးသူတွေနဲ့ ချိတ်ဆက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် လက်ရှိအချိန်မှာ သက်သာပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ နည်းပညာတွေကို လွန်ခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်ကထက်စာရင်တောင် ပိုရရှိနေနိုင်ပါပြီ။
ကိုဒီ