မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ - အခန်း ၂
''ဒီလောက်ကြီးမားတဲ့စစ်တပ်ကြီးကို ညွှန်ကြားဦးဆောင်ရာမှာ အဓိကရည်ရွယ်ချက်ပန်းတိုင်က မြန်မြန်ဆန်ဆန် အောင်မြင်ရေးပဲဖြစ်ပါတယ်''။
စစ်ကို ရေရှည်ဆွဲထားမယ်ဆိုရင် စစ်သားတွေရဲ့ လက်နက်တွေ တုံးကုန်မယ်။ စိတ်ဓာတ်တက်ကြွမှုတွေလည်း ကျဆင်းလာမယ်။ ရန်သူက မြို့ရွာတွေကို လာတိုက်တဲ့အခါမှာ ပြန်လည်တိုက်ခိုက်ဖို့ အင်အားတွေလည်း ကုန်ခန်းသွားမှာဖြစ်တယ်။ ရန်သူက ရေရှည်ဆွဲပြီး တိုက်နေပြန်ရင်လည်း မိမိတို့တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ကြာရှည်ခံမှာ မဟုတ်ဘူး။ အဲဒီလိုမျိုးတွေသာ ဖြစ်နေရင်တော့ ရန်သူဟာ အကျပ်အတည်းကို အခွင့်ကောင်းယူ ဆောင်ရွက်လုပ်ကိုင်လာတော့မှာဖြစ်တယ်။ ဒီအခါ ဘယ်လောက်ပဲအမြော်အမြင်ကောင်းတဲ့သူပဲဖြစ်ဖြစ် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးကို ကာကွယ်နိုင်မှာမဟုတ်ဘူး။ စစ်ပွဲကို အလျင်စလိုတိုက်လို့ အမှားမှားအယွင်းယွင်းဖြစ်သွားတာကို တွေ့ကြုံကြားသိဖူးပေမဲ့ စစ်ပွဲကို ရေရှည်ဆွဲတိုက်ရာမှာ ကျွမ်းကျင်ကြတယ်ဆိုတဲ့ဖြစ်ရပ်မျိုးကိုတော့ မတွေ့မိသေးပါဘူး။ စစ်ကို ရေရှည်ဆွဲတိုက်လို့ တိုင်းပြည်အကျိုးရှိသွားခဲ့တဲ့ဖြစ်ရပ်လည်း ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ ဒါကြောင့် စစ်တပ်ကို အသုံးချရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို သဘောပေါက်နားလည်ထားတဲ့သူတွေသာ စစ်ဆင်ရေးကို အကျိုးအရှိဆုံးဖြစ်အောင် ဘယ်လိုဆောင်ရွက်လုပ်ကိုင်ရမလဲဆိုတာ သိကြတယ်''။
မြန်မြန်လုပ်နိုင်ရင် အောင်တာပါပဲ . . .
သမိုင်းတစ်လျှောက်အောင်ပွဲခံခဲ့ကြတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ ရန်သူတွေထက် ပိုမိုမြန်ဆန်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရေးအတွက် စည်းကမ်းတွေနဲ့ စနစ်တွေကို ကြံဆချမှတ်ပေးခဲ့ကြပါတယ်။ နပိုလီယန်ရဲ့ တပ်တွေဟာ တစ်မိနစ်ခြေလှမ်း ၁၂၀ နှုန်းနဲ့ ချီတက်ကြတယ်။ ရန်သူတပ်ရဲ့ ခြေလှမ်းကတော့ တစ်မိနစ် ၇၀ မျှသာပါပဲ။ ဒီလိုမြန်ဆန်မှုတစ်ခုတည်းကပဲ ရန်သူတွေထက်သာတဲ့ အချက်တစ်ရပ်ဖြစ်ပြီး အဲဒါကြောင့်လည်း နပိုလီယန်ဟာ အောင်မြင်ခဲ့တာဖြစ်တယ်။
ဆွန်ဇူးရဲ့ဆိုလိုရင်းက မြန်မြန်ဆန်ဆန်လုပ်ရင် အမှားမှားအယွင်းယွင်းတွေ မဖြစ်နိုင်ဘူး။ ကျော်လွှားသွားနိုင်တယ်လို့ ဆိုလိုတာမဟုတ်ဘူး။ စစ်ဆင်ရေးဟာ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားရမယ်။ ဘာကြောင့်လဲဆိုတော့ သိပ်ကြာနေရင် အမှားမှားအယွင်းယွင်းတွေ ဖြစ်လာနိုင်တယ်။ မျှော်လင့်မထားတဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီး ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်။
အထက်ပါဆွန်ဇူးရဲ့ အဆိုအမိန့်ကို မန်နေဂျာရှုဒေါင့်မှ သုံးသပ်ချက် . . .
လိုအပ်တဲ့အကျိုးရလဒ်ကို အလျင်အမြန် ရရှိရေးနဲ့ အဲဒီလိုရရှိရေးအတွက် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့အချက်တွေဟာ အဓိကသော့ချက်တွေဖြစ်တယ်။
မြန်မြန်ဆန်ဆန် လှုပ်ရှားဆောင်ရွက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကို နမူနာပြပါဆိုရင် Cisco နဲ့ Salesforce တို့ပါပဲ။ ဒီကုမ္ပဏီတွေဟာ နည်းပညာလုပ်ငန်းလောကမှာ စောစောစီးစီး ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ကြတယ်။ ကွန်ပျူတာကွန်ရက်လုပ်ငန်းမှာရော တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ အရောင်းအဝယ်ကိစ္စ ဆက်သွယ်ဆောင်ရွက်ရာတွေမှာပါ အဆင်ပြေအောင် မြန်မြန်ဆန်ဆန် လှုပ်ရှားဆောင်ရွက်နိုင်ခဲ့ကြတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အလုပ်စလုပ်တဲ့အချိန်နဲ့ ပြီးစီးသွားချိန်ကြားကြာတဲ့အချိန်ကိုလည်း လျော့ချနိုင်ခဲ့တယ်။ ကုန်ပစ္စည်းတွေကို လိုအပ်တဲ့အခါမှသာ အချိန်မီပေးနိုင်အောင် ထုတ်လုပ်တဲ့ စနစ်တွေထားရှိဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းမှာ ထိရောက်မှုတွေနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်ပါခဲ့တယ်။
သမားရိုးကျလုပ်ငန်းတွေဖြစ်တဲ့ တချို့သောလုပ်ငန်းတွေဟာ အင်တာနက်ကို အသုံးချကြတဲ့အတွက် ကုန်ပစ္စည်းစတင်ထုတ်လုပ်တဲ့ အချိန်ကနေ ပြီးဆုံးသွားတဲ့အချိန်အထိ ကြာချိန်တွေကို သိသိသာသာကြီး ပြောင်းလဲပစ်နိုင်ခဲ့ကြတယ်။ ပိုပြီးမြန်ဆန်သွားပါတယ်။ ဥပမာ - Ponoko.com ဟာ သူ့ဆီက အိမ်ထောင်ပရိဘောဂပစ္စည်းတွေနဲ့ တခြားလက်လုပ်ပစ္စည်းတွေကို ဝယ်ချင်သူတွေကို အင်တာနက်ကတစ်ဆင့်မှာယူလို့ရအောင် စီစဉ်ထားတယ်။ ဒါပေမဲ့ တကယ့်အမှာစာရမှသာ အဲဒီပစ္စည်းတွေကို ထုတ်လုပ်ပေးတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတစ်ခုချင်းကို ကျွမ်းကျင်စွာထုတ်လုပ်နိုင်သူတွေဆီက အင်တာနက်ကတစ်ဆင့်မှာယူကာ ဝယ်ချင်တဲ့သူတွေဆီ မြန်မြန်ပေးပို့တယ်။
မိမိအလုပ်မြန်မြန်ပြီးမြောက်သွားရေးဟာ အဓိကဖြစ်တယ်။ ယှဉ်ပြိုင်ဘက်ထက် မိမိက အချိန်နည်းနည်းစောပြီးထားရင် အဲသလိုပြီးသွားတဲ့အချိန်ရဲ့တန်ဖိုးဟာ အောင်မြင်မှုအများအပြားကို ရရှိစေနိုင်တယ်။ ဒီလိုမိမိဘက်က တစ်ပန်းသာနေဖို့အတွက် မြန်မြန်ဆန်ဆန် စထားလိုက်ဖို့လိုတယ်။ ခိုင်မာအားကောင်းတဲ့ အနေအထားတစ်ရပ်ကို မြန်မြန်ရအောင်လုပ်ဖို့လည်းလိုပါတယ်။
မြန်မြန်ဆန်ဆန် ခြေကုတ်ရအောင်လုပ်တယ်ဆိုတာကလည်း ယှဉ်ပြိုင်ဘက်က သတိမထားမိခင်မှာ ဖြုန်းခနဲ မြန်မြန်ဆန်ဆန် လုပ်ရတာမျိုးဖြစ်တယ်။ မြန်မြန်ဆန်ဆန် ခြေကုတ်ရထားဖို့ အလွန်အရေးကြီးတယ်။ အဲသလို ရထားရင်တော့ နောက်မှရောက်လာတဲ့ ယှဉ်ပြိုင်ဘက်တွေလောက် လိုအပ်တဲ့အရင်းအမြစ်တွေကို သုံးစရာမလိုတော့ဘူး။ အေးအေးဆေးဆေး ဖြစ်သွားတယ်။ ဒီအနေအထားကို ဆက်ထိန်းရာမှာလည်း စပြီးရအောင် လုပ်ရတုန်းကလောက် အကုန်အကျမများပါဘူး။
ဖောက်သည်အသစ်ရှာရတဲ့ စရိတ်ကရှိပြီးသား ဖောက်သည်တွေကို ထိန်းထားရတဲ့ စရိတ်ထက် ပိုများတယ်။ ဒါကြောင့် ခုမှစတင်စွန့်စားလုပ်ကိုင်ကြတဲ့ လုပ်ငန်းရှင်တွေဟာ မိမိတို့နဲ့အမြဲလက်တွဲသွားနိုင်တဲ့ ဖောက်သည်တွေ အခိုင်အမာရအောင် မြန်မြန်ဆန်ဆန်လှုပ်ရှား လုပ်ကိုင်ကြရမှာ ဖြစ်တယ်။
အချိန်နဲ့မဟာမိတ်ဖွဲ့ရာမှာ အဓိကအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ယေဘုယျအားဖြင့်ဆိုရရင် အစောဆုံးစလုပ်ကိုင်ရင် အကောင်းဆုံးဘဲ။
- နောက်ကျမှစလေလေ၊ အချိန်လိုအပ်ချက်တွေ ပိုလိုလာလေလေ ဖြစ်တယ်။
- မြန်မြန်နဲ့ဆုံးဖြတ်ချက်ချဖို့လိုလေလေ အချိန်ကို ယူရလေလေပါဘဲ။
- မြန်မြန်ဆုံးဖြတ်ချက်ချလိုက်ရင်၊ မြန်မြန်ဆောင်ရွက်သွားနိုင်မှာ ဖြစ်တယ်။
- မြန်မြန်ဆောင်ရွက်လုပ်ကိုင်တယ်ဆိုတာ တစ်ပြိုင်နက်တည်း လုပ်ကိုင်ခြင်းဘဲ ဖြစ်တယ်။
- ဆုံးဖြတ်ချက်တို့ နှောင့်နှေးကြန့်ကြာနေရင် အလားအလာကောင်းတွေ လက်လွတ်သွားမှာ သေချာတယ်။
- မြန်မြန်စပြီးလုပ်ကိုင်ရင် အကျိုးရလဒ်ကောင်း မှန်သမျှ အကုန်ထွက်ပေါ်လာမှာပါ။
- သင်နှောင့်နှေးကြန့်ကြာမှု နည်းလေလေ
၁။ သင်အငိုက်မိခံရဖို့ အလားအလာ နည်းလေလေဖြစ်တယ်။
၂။ သင့်ပြိုင်ဘက်ရဲ့ အသင့်ဖြစ်မှုအနေအထား နည်းပါးလေလေ ဖြစ်တယ်။
၃။ သင့်ပြိုင်ဘက်ကို မှန်းထားတာထက်ပိုစောပြီး ယှဉ်ပြိုင်တိုက်ခိုက်လာနိုင်လေလေပါဘဲ။
ဒါကြောင့် သင့်ရဲ့ပြိုင်ဘက်ဟာ အံအားသင့် သွားကာ ထွက်ပေါ်လာတဲ့ အကျိုးရလဒ်တွေဟာလည်း သင့်အတွက် အထောက်အကူတွေ ဖြစ်လာမှာပါဘဲ။
ညွှန့်သောင်း