နိုင်နိုင်ရှုံးရှုံး တို့အတူတူပဲ

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၏ နိုင်ငံသို့ နောက်ဆုံးပြောဆိုသော မိန့်ခွန်းတွင် သတိပေးသွားသည့် စကားတစ်ရပ်မှာ နိုင်နိုင်ရှုံးရှုံး တို့အတူတူပဲ (We rise or fall as one) ဟု ဆိုခဲ့လေသည်။ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် အိုဘားမားအပါအဝင် ဒီမိုကရက်များအနေဖြင့် ဒေါ်နယ်ထရန့်ကို အပြင်းအထန် အတိုက်အခံပြုခဲ့ကြသော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရသွားသောအခါတွင်မူ အမေရိကန်သမ္မတသစ်ကို ကြိုဆိုနှုတ်ခွန်းဆက်ပြီး ထောက်ခံခဲ့လေသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်းတွင်မူ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ဘားရက်အိုဘားမားအနေဖြင့် သမ္မတဒေါ်နယ်ထရန့်၏ တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုသည့် ပေါ်လစီများနှင့် မူများကို မလွဲမသွေထောက်ခံသွားမည်ဖြစ်ပါသည်။ အဆုံးစွန်ဆိုရသော် ဘားရက်အိုဘားမားသည် အမေရိကန်နိုင်ငံသားတစ်ယောက် ဖြစ်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင်လည်း ဒီမိုကရေစီအစိုးရ ရရှိလာပြီဖြစ်ပါသည်။ အဆင့်ဆင့်တိုင်းတွင် ခေါင်းဆောင်မှုတာဝန်ယူနေရသော ခေါင်းဆောင်များအနေဖြင့် တာဝန်သိသော၊ တာဝန်ယူသော၊ တာဝန်ခံသော၊ အမြော်အမြင်ရှိသော၊ နားထောင်တတ်သော ခေါင်းဆောင်များဖြစ်ရန် လိုအပ်ပါသည်။ လက်ရှိအခြေအနေများတွင် ခေါင်းဆောင်တာဝန်ယူထားသူများအနေဖြင့် အခြေအနေကို ထိန်းထားရန်မဟုတ်ဘဲ ပိုမိုတိုးတက်သော ပြောင်းလဲမှု၊ မြန်ဆန်သော အခြေအနေများကို ရင်ဆိုင်ရင်း အနာဂတ်အတွက် စီမံကိန်းများချမှတ်နိုင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ ခေါင်းဆောင်ဟူသည် အမှားကို ကြောက်ရန်မလို၊ ရင်ဆိုင်ရဲရန်သာ လိုအပ်ပါသည်။

ထိုနည်းတူစွာ ကျွန်တော်တို့ ပြည်သူပြည်သားများအနေဖြင့် နိုင်ငံနှင့်အစိုးရကို ကွဲပြားစွာကြည့်မြင်လျက် နိုင်ငံတိုးတက်ရေးအတွက် မိမိတို့နှင့် သက်ဆိုင်သည့်တာဝန်များ၊ ပြည်သူ့နီတိများ၊ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရန်လိုအပ်ပေသည်။ အမိန့်အာဏာဖြင့် ခိုင်းစေခြင်းထက် မိမိအသိစိတ်ဓာတ်ဖြင့် ကျရာအခန်းကဏ္ဍမှ တာဝန်ယူလုပ်ကိုင်မှသာ အချိုးညီညီပြောင်းလဲမှုများ ရရှိလာမည်ဖြစ်ပြီး တွန်းလျှင်ရွေ့သည်ဆိုသည့်အတိုင်း မိမိတို့မျှော်မှန်းထားသည့် အနာဂတ်ကောင်းဆီသို့ ဦးတည်နိုင်မည် ဖြစ်ပါကြောင်း။

မောင်သာ