1. Augumented Reality
Augumented Reality (AR) နည်းပညာက အရာဝတ္ထုပစ္စည်းတွေရဲ့ ဒစ်ဂျစ်တယ်ပုံရိပ်တွေကို အလွှာတွေ အထပ်ထပ်ဖန်တီးပြီး အဲဒီအရာဝတ္ထုပစ္စည်းတွေအတိုင်း အပြင်လက်တွေ့ဘဝမှာ ဖုန်းကင်မရာကနေတစ်ဆင့် မြင်ရစေတာ ဖြစ်ပါတယ်။ Apple ရဲ့ ARKit ကို အသုံးပြုပြီး iOS app တွေဟာ အခန်းအကျယ်အဝန်းကို တိုင်းတာမြေပုံထုတ်ပြီး မီးအလင်းအမှောင် ချိန်ညှိပြောင်းလဲတာ၊ အခန်းအတွင်းမှာ ပစ္စည်းတွေကိုနေရာချတာ စတာတွေကို အပြင်မှာ လက်တွေ့မပြုလုပ်ခင် Smartphone ကင်မရာကနေတစ်ဆင့် အစမ်းပြုလုပ်နိုင်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ရေပန်းစားခဲ့တဲ့ Pokemon Go Game မှာ AR နည်းပညာကို GPS နဲ့ Camera Function တွေ ပေါင်းစပ်အသုံးပြုထားတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဈေးဝယ်ထွက်ခြင်းနဲ့ Selfie ရိုက်ခြင်းအလေ့အထကို AR နည်းပညာက ဆက်လက်ပြောင်းလဲနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
2. ပိုမိုလူရည်လည်လာမည့် စက်ရုပ်များ
၂၀၁၈ ခုနှစ်မှာ စက်ရုပ်တွေဟာ လူသားတွေကို ဆန့်ကျင်ပုန်ကန်ပြီး လမ်းမပေါ်တွေအထိ ရောက်ရှိလာမှာ မဟုတ်ပေမဲ့ သူတို့ဟာပိုပြီးလူရည်လည်လာကြပါလိမ့်မယ်။ ဟိုတယ်တွေနဲ့ ဆေးရုံတွေရဲ့ ခန်းမကြီးတွေမှာ လှည့်လည်ပြီး မတူညီတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ပေးဆောင်နေတဲ့ စက်ရုပ်တွေ၊ ဈေးဝယ်စင်တာတွေက အမှုအခင်းတွေကို ထိရောက်စွာဖြိုခွင်းပေးတဲ့ စက်ရုပ်တွေ၊ သိပ်မဝေးတဲ့နေရာတွေဆီ အစားအသောက် ပို့ဆောင်ပေးနိုင်တဲ့ စက်ရုပ်တွေ စသဖြင့် စက်ရုပ်မျိုးစုံကို ကုမ္ပဏီအများအပြားက ဖန်တီးထုတ်လုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီစက်ရုပ်တွေဟာ GPS ၊ Sensor နဲ့ ကင်မရာတို့ကို ပေါင်းစပ်အသုံးပြုပြီး လူသားတွေရဲ့ အကူအညီမပါဘဲ သူတို့ကိုယ်တိုင် လှုပ်ရှားသွားလာနိုင်ကြပါတယ်။ မြို့ထဲက လမ်းမထက်တွေပေါ်မှာ လှုပ်ရှားသွားလာနေကြတဲ့ စက်ရုပ်တွေကို လူတွေရဲ့ ဝေဖန်တုန့်ပြန်မှုတွေကလည်း ရှိနေပါတယ်။ သိပ်မကြာသေးခင်တုန်းကတော့ San Francisco ရဲ့ လမ်းတွေပေါ် မှာ လှုပ်ရှားသွားလာနေတဲ့ စက်ရုပ်အရေအတွက်ကို ကန့်သတ်ဖို့ စည်းမျဉ်းတွေ ချမှတ်ခဲ့ပါတယ်။
3. Smart Home များ
နည်းပညာကုမ္ပဏီတွေဆီကနေ ပစ္စည်းမှာထားပြီး ကိုယ်က အိမ်မှာရှိမနေနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ကုမ္ပဏီတွေဖက်က ဈေးဝယ်သူမှာထားတဲ့ ပစ္စည်းကို မှာထားသူ အိမ်မှာမရှိတဲ့အချိန် သွားရောက်ပို့ဆောင်ပေးခြင်း မပြုနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်တော့ပါဘူး။ ၂၀၁၇ ခုနှစ် အစောပိုင်းမှာ Amazon က အထူးပြုလုပ်ထားတဲ့ Smart Lock ကနေတဆင့် ဖြတ်ကျော်ပြီး ပစ္စည်းပို့သူဟာ ပစ္စည်းမှာထားသူရဲ့ အိမ်ထဲကိုဝင်ရောက်ပြီး မှာထားတဲ့ပစ္စည်းကိုထားခဲ့နိုင်တဲ့ ဝန်ဆောင်မှုကို မိတ်ဆက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ Smart Home နည်းပညာနဲ့ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပူးပေါင်းမှုတွေကို ပိုမိုမြင်တွေ့လာရနိုင်ခြေရှိပါတယ်။
4. အသံစနစ်ပါဝင်လာမယ့် Gadget များ
၂၀၁၈ ခုနှစ်ထဲမှာ Amazon နဲ့ Google တို့လို ကုမ္ပဏီတွေဟာ သင့်ကို အသံဂေဟစနစ်တစ်ခုထဲ ပို့ဆောင်ဖို့ အပြိုင်အဆိုင် ကြိုးစားကြပါလိမ့်မယ်။ နည်းပညာဆိုင်ရာ ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် Voice Assistant တွေကို Device တွေထဲမှာ ထည့်သွင်းအသုံးပြုလာကြပါတယ်။ Apple ရဲ့ Siri ၊ Google Assistant ၊ Microsoft ရဲ့ Cortana တို့လို အသံနဲ့ အမိန့် ပေးခိုင်းစေလို့ရတဲ့ Virtual Assistant တွေ လူသုံးပိုများလာနိုင်ပါတယ်။ အသံစနစ်ကို အခြေခံထားတဲ့ ဝန်ဆောင်မှုတွေထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီတွေအချင်းချင်း အားပြိုင်လွန်ဆွဲမှုတွေလည်း ရှိလာနိုင်ပါတယ်။
5. အင်တာနက်အသုံးပြုမှုကုန်ကျစရိတ်
အင်တာနက် ကော်နက်ရှင်အတွက် လစဉ်ကြေး ပုံသေပေးဆောင်ပြီး အသုံးပြုနိုင်မယ့် အခွင့်အရေးရှိလာနိုင်ပါတယ်။ တချို့ကုမ္ပဏီတွေက အင်တာနက် ကော်နက်ရှင် အနှေးအမြန်အပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ပေမဲ့ Customer တွေအနေနဲ့ ဘယ်အရာတွေကိုပဲ ဝင်ရောက်ကြည့်ရှုနိုင်မယ်ဆိုပြီး ကန့်သတ်ထားတာမျိုးမရှိပါဘူး။ FCC ရဲ့ Net Neutrality Rules ဟာ Internet Service Provider တွေအနေနဲ့ မတူညီတဲ့ ဈေးနှုန်းကွဲပြားမှုအမျိုးမျိုးကို စမ်းသပ်လေ့လာနိုင်အောင် တံခါးဖွင့်ပေးလိုက်ပါပြီ။
စည်းမျဉ်းတွေအရ Netflix နဲ့ Amazon Prime Video Tier တို့ကိုအသုံးပြုမယ်ဆိုရင် အသုံးပြုခ ပိုမိုများပြားနိုင်ပြီး Social Media Network တွေအတွက်ဆိုရင်တော့ လစဉ်ကြေးအဖြစ် အပိုပေးဆောင်ရမှာဖြစ်ပါတယ်။
6. ပိုမိုအဆင့်မြှင့်လာမည့် ဖုန်းကင်မရာများ
စမတ်ဖုန်းကင်မရာအများစုကို Pixel များများ၊ Sensor ကောင်းကောင်း စသဖြင့် အရည်အသွေးမြင့်အောင် အာရုံစိုက်လာကြပြီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်လာတာလည်း တွေ့ရပါတယ်။ အခုဆိုရင် Google လို ကုမ္ပဏီမျိုးတွေဟာ ဖုန်းကင်မရာကို နောက်ထပ်တစ်ဆင့်မြှင့်တင်ပြီး ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်အောင် ဖုန်းတွေရဲ့ ကင်မရာအရည်အသွေးကို နောက်တစ်ဆင့်မြှင့်တင်ဖို့ တွက်ချက်လုပ်ဆောင်နေကြပါတယ်။ Google Pixel 2 Smartphone မှာ ဓာတ်ပုံရိုက်ကူးဖို့ အသုံးဝင်တဲ့ Feature တချို့ပါဝင်လာပြီး မကြာသေးခင်ကလည်း Google က Photography App တချို့ကို ထုတ်လုပ်ခဲ့ပါတယ်။ ဓာတ်ပုံကောင်းကောင်းတွေ ဖန်တီးနိုင်ဖို့ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတွေကို ၂၀၁၈ ခုနှစ်ထဲမှာ စောင့်မျှော်ရမှာ ဖြစ်ပါ တယ်။