အလုပ်လုပ်ဖို့ စိတ်မပါတဲ့ အခိုက်အတန့်တွေကို ဘယ်လိုရင်ဆိုင်ရသလဲ

လုပ်ရမယ့်အလုပ်ကို နေ့ရွှေ့ညရွှေ့ပြီး လုပ်တတ်တဲ့ လူတိုင်းမှာ အကြောင်းပြချက်ကိုယ်စီရှိကြပါတယ်။ အဲဒီအကြောင်းပြချက်တွေကို ဘယ်လိုဖြေရှင်းမလဲ။ ရံဖန်ရံခါဖြစ်တတ်တဲ့ စိတ်နေစိတ်ထားတွေကြောင့် အလုပ်မတွင်ဘူးဆိုရင် အောက်ပါအချက်တွေကို ဆင်ခြင်သုံးသပ်သင့်ပါတယ်။

feb2018howto

ဘယ်ကနေစလုပ်ရမှန်းမသိဘူး

----------------

ခက်ခဲတဲ့ကိစ္စရပ်တစ်ခုကို ဖြေရှင်းရမယ့်အချိန်မျိုးမှာ တော်တော်များများက ဘယ်ကဘယ်လို ဖြေရှင်းရမလဲမသိဘဲ ငေးမှိုင်နေတတ်ကြပါတယ်။ ခက်ခဲနက်နဲတဲ့ကိစ္စရပ်တစ်ခုဖြေရှင်းဖို့အတွက် အချိန်အတိုင်းအတာတစ်ခုလိုအပ်ပါတယ်။ ဖြေရှင်းရမယ့်ကိစ္စက ကြီးမားနေလို့ ဘာလုပ်ရမှန်းမသိဘဲ အဖိုးတန်အချိန်တွေကို ဖြုန်းပစ်နေတာက အဓိပ္ပာယ်မရှိပါဘူး။ လုပ်ရမယ့်အလုပ်ကို အချိန်အပိုင်းအခြားလေးတွေထားပြီး ခွဲခြားလုပ်ဆောင်ပါ၊ ဥပမာ- မိနစ်ခြောက်ဆယ်အတွင်း ဘယ်အပိုင်းကို ပြီးအောင်လုပ်မယ်ဆိုတာမျိုး Target ထားပြီး လုပ်သင့်ပါတယ်။

လုပ်ရမယ့်အလုပ်တွေ သိပ်များနေတယ်

----------------------

လူတော်တော်များများအတွက် ကြီးမားတဲ့ Project တစ်ခု စလုပ်ဖို့က စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေတတ်ပါတယ်။    ကိုယ်တကယ်လုပ်ရမယ့် အလုပ်ကိုရှောင်ပြီး သိပ်အရေးမကြီးသေးတဲ့ အီးမေးလ်ပြန်တာ၊ ဖုန်းခေါ်တာ၊ အင်တာနက်မှာ သတင်းဖတ်တာမျိုးတွေ လုပ်မိတတ်ကြတယ်။ အလုပ်များတာနဲ့ အလုပ်တွင်တာနဲ့က မတူပါဘူး။ အရေးကြီးတဲ့ အလုပ်လုပ်ဖို့ရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် Remind လုပ်ပြီးတော့ ကိုယ့်အလုပ်ကိုကိုယ် အာရုံစိုက်လုပ်ဆောင်ပါ။

ဒါကတအားလွယ်တာပဲ

-----------------

တအားလွယ်ကူနေတဲ့အလုပ်တွေက အန္တရာယ်များတဲ့အလုပ်တွေ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ လွယ်ကူတဲ့ အလုပ်တစ်ခုဆိုပေမယ့် အလုပ်ပြီးဖို့ အချိန်ဘယ်လောက်လိုအပ်လဲ မသိနိုင်တဲ့အတွက်ကြောင့်ပါ။ တကယ်တမ်း စလုပ်မှ ပြီးသင့်တဲ့အချိန် မပြီးတာမျိုးတွေဖြစ်တတ်ပါတယ်။ လုပ်ရမယ့်အလုပ်ကလွယ်နေရင် Whiteboard ပေါ်မှာ လုပ်ငန်းတာဝန်တွေကို အသေးစိတ်ချရေးပါ။ ဒီတာဝန်တွေက ကိုယ့်ရဲ့ပုံမှန်တာဝန်တွေပဲဆိုတာ သတိမူမိရင် အလုပ်မပြီးမှာ ပူစရာမလိုတော့ပါဘူး။

ကျွန်တော် ဒါကိုမလုပ်ချင်ဘူး

-----------

အလုပ်မတွင်ဘူးဆိုတာ ခက်ခဲတဲ့အလုပ်၊ လွယ်ကူတဲ့အလုပ်တွေကြောင့်ချည်းပဲမဟုတ်ပါဘူး။ တစ်ခါတလေမှာ ကိုယ်တိုင်က မလုပ်ချင်တာလည်းပါပါတယ်။ လုံးဝစိတ်မဝင်စားတဲ့အလုပ်ကို ပြီးအောင်လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ကိုယ်စိတ်မဝင်စားတဲ့ကိစ္စတစ်ခုကို စိတ်ဝင်စားအောင် လုပ်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ အလုပ်လုပ်ဖို့ အချိန်ဆွဲနေမယ့်အစား ဒီအလုပ်ပြီးမှ တခြားအလုပ်တွေ လုပ်လို့ရမယ်ဆိုတဲ့ စည်းကမ်းလေးထားပါ။ အလုပ်စလိုက်ပြီဆိုတာနဲ့ အဲဒီအလုပ်ကို ဂိမ်းတစ်ခုအနေနဲ့ ပြောင်းလဲနိုင်ပါသေးတယ်။ ဒီအလုပ်ကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ၊ Process တွေကို ဘယ်လိုပြောင်းပြီး ရလဒ်ပိုကောင်းအောင် လုပ်နိုင်မလဲ။ အလုပ်တစ်ခုအနေနဲ့ လုပ်မယ်ဆိုရင် ပျော်ဖို့ကောင်းမှာမဟုတ်ပေမယ့် ဂိမ်းတစ်ခုအနေနဲ့ဆိုရင် ပျော်စရာကောင်းပါလိမ့်မယ်။

ဒါကို ကျွန်တော်လုပ်နိုင်မယ်မထင်ဘူး

----------------

အထက်လူကြီးက ကြီးမားတဲ့တာဝန်တစ်ခု ပေးတယ်ဆိုပါတော့။ အဲဒီတာဝန်ကလည်း ကိုယ်လိုလားတောင့်တနေတဲ့ တာဝန်ဖြစ်နေမယ်ဆိုရင်တောင် စတင်လုပ်ဆောင်ဖို့ တွန့်ဆုတ်ကောင်း တွန့်ဆုတ်နေပါလိမ့်မယ်။ လုပ်ရမှာ မဝံ့မရဲ ဖြစ်နေတယ်။ အမှားလုပ်မိမှာ ကြောက်နေတယ်။ ဒီကိစ္စမဖြစ်လာရင် အလုပ်များအထုတ်ခံရမလားဆိုပြီး တွေးပူနေမိမယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်တွေမှာ အမှားပါမှာ ကြောက်နေတဲ့လူတွေက ဘဝမှာ အရှုံးနဲ့ပိုပြီးရင်ဆိုင်ရတတ်ပါတယ်။ အကြောက်တရားတွေကို ဖယ်ရှားပြီး ဒီ Project အောင်မြင်တဲ့အခါ ရရှိမယ့်ခံစားခွင့်တွေဘက် လမ်းကြောင်းလွှဲပေးလိုက်ပါ။ တစ်ခုခုကိုလုပ်နိုင်တယ်လို့ ယုံကြည်လာတဲ့အခါ အကောင်းမြင်စိတ်နဲ့ လုပ်ဆောင်လာမယ်။ ဒီအတွေးတွေကပဲ အလုပ်ကို ပိုပြီးအောင်မြင်စေနိုင်မယ်၊ စိတ်ကို လမ်းမှန်အရောက်ပို့ပေးနိုင်မယ်။ အရာရာကိုတွေးပူနေတာက ကိုယ့်ကိုယ်ကိုယ် လက်ထိတ်ခတ်ထားတာနဲ့ အတူတူပါပဲ။ အဲဒီလက်ထိတ်ကို ဖြုတ်ချပြီး အလုပ်စလုပ်ကြည့်လိုက်ပါ။

အလုပ်ကို နေ့ရွှေ့ညရွှေ့လုပ်တတ်တဲ့အကျင့်၊ မှိုင်တွေငေးမောနေတတ်တဲ့အကျင့်၊ စိတ်မပါတပါလုပ်တတ်တဲ့ အကျင့်တွေကို ဖယ်ရှားနိုင်ပြီဆိုတာနဲ့ အလုပ်မှာ ပိုပြီးအာရုံစိုက်လာမယ်၊ အလုပ်မှာ တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်လာမယ်၊ အလုပ်လည်း ပိုတွင်လာမှာအမှန်ပါပဲ။