မြန်မာနိုင်ငံရဲ့ စီးပွားရေးအသိုက်အဝန်း ကောင်းမွန်ခိုင်မာတဲ့ အနေအထားရောက်အောင် အတူလက်တွဲလုပ်ကိုင်ရမယ့် နိုင်ငံတွေရှိပါတယ်။ ပို့ကုန်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အထူးစီးပွားရေးဇုန်တည်ဆောက်ခြင်းနဲ့ အခြေခံအဆောက်အဦးတည်ဆောက်ရေးကဏ္ဍတွေမှာ လွန်ခဲ့တဲ့နှစ်တွေကလည်းက ပါဝင်လုပ်ကိုင်လျက်ရှိပြီး အစိုးရအချင်းချင်းလည်း ရေရှည်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး လက်ရှိအထိလည်း ခိုင်မာတဲ့ဆက်ဆံရေးတွေ ထူထောင်ထားတဲ့နိုင်ငံတွေ အထူးသဖြင့် တရုတ်နဲ့ ဂျပန်နိုင်ငံတွေဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း လုပ်ခဲ့တာကိုတွေ့ကြမှာပါ။ ဒုတိယသက်တမ်းအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ ရှီရဲ့ စီးပွားရေးမူဝါဒတွေကို နားလည်ထားခြင်းကလည်း မြန်မာ့စီးပွားရေး အသိုက်အဝန်းအတွက် အကျိုးရှိပါတယ်။ တရုတ်ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌ ဦးကြည်ဝင်းက တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာစီပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မူတွေ ရှိနိုင်မလဲဆိုတာနဲ့ပတ်သက်လို့ ''ရှီက မူချပြီး အိမ်နီးချင်းနိုင်ငံတွေကို လက်တွဲခေါ်ပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်တယ်'' လို့ ဖြေကြားပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကို စဉ်းစားမယ်ဆိုရင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ဆုံခဲ့မှုလို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်လို အလားအလာကောင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေက တစ်အားဖြစ်စေပါတယ်။ အရင်အစိုးရလက်ထက် ခေတ်အဆက်ဆက်ကစလို့ တရုတ်၊ ဂျပန်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေး စတဲ့ အထောက်အပံ့ဖြစ်စဉ်တွေကလည်း ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယသက်တမ်းစတင်တာ ဝန်ထမ်းဆောင်နေတဲ့ ရှီကျင့်ဖျင်နဲ့ ရှင်ဇိုအာဘေးတို့ရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူ၊ ပညာရှင်၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံမေးမြန်းထားမှုတွေကို ယခုလအတွက် အထူးဆောင်းပါးကဏ္ဍမှာ တင်ဆက်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးထဲမှာ 'တရုတ်စီမံခန့်ခွဲမှုနှင့် နိုင်ငံအုပ်ချုပ်ရေး ရှီကျင့်ဖျင်' စာအုပ်ကို ဘာသာပြန်ဆိုသူ စာရေးဆရာဦးရဲထက်ကလည်း ရှီရဲ့ စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်လို့ ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးထားပါတယ်။ တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ဂျပန် အင်အားကြီးနိုင်ငံနှစ်ခုနဲ့ ကဏ္ဍအစုံမှာ ပါးပါးနပ်နပ်ပူးပေါင်း လက်တွဲလုပ်ဆောင်ခြင်းကသာလျှင် နိုင်ငံအတွက် အဘက်ဘက်က မြန်မြန်ဆန်ဆန် တိုးတက်မှုတွေရှိလာမှာဖြစ်တယ်။
တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာ့စီးပွားရေးအပေါ်ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ
----------------
တရုတ်ကွန်မြူနစ်ပါတီအမျိုးအစားကွန်ဂရက် မကြာသေးခင်ကလုပ်လိုက်တယ်၊ အဲဒီမှာ သမ္ပတရှီကျင့်ဖျင်ဟာ သူရဲ့ပါဝါကို Consolidate လုပ်လိုက်တယ်၊ Consolidate လုပ်ပြီးတော့ ခိုင်မာမှုကို သူရလာခြင်းအားဖြင့် သူရဲ့လုပ်ဆောင်ချက်တွေဟာ ပိုပြီးပီပီပြင်ပြင်နဲ့ လုပ်ဆောင်နိုင်လာတာကို တွေ့ရတယ်။ ပြည်တွင်းက လာဘ်ပေးလာဘ်ယူနည်းလာအောင် အစစအရာရာ သူလုပ်ဆောင်လာတာတွေ့ရတယ်။ ပြီးတော့ သူ့ရဲ့ One Belt One Road ဆိုပြီး လုပ်လာတာရှိတယ်။ အမေရိကန်နိုင်ငံကလည်း (Tran-Pacific Partnership) TPP ဆိုတာ အရင်ကအိုဘားမားလုပ်ခဲ့တာတွေဟာ ပြက်ပျယ်သွားတော့ သူ့အနေနဲ့ အာဏာကြီးလာတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးအရပြောမယ်ဆိုရင် တရုတ်နဲ့ ရုရှားကို ထိတွေ့ဆက်ဆံရေးမှာ တော်တော်လေးကောင်းနေတဲ့ အခြေအနေမှာရှိတယ်။ တရုတ်နဲ့ကောင်းတဲ့ အစဉ်အလာရှိပြီးတော့ တချို့တချို့သုံးသပ်တာက တရုတ်သမ္ပတရှီကျင့်ဖျင်ရဲ့ နိုင်ငံခြားရေးပေါ်လစီကိုချမှတ်တဲ့ ဒီပါတီထဲက အကြီးအကဲတစ်ဦးကလည်း မြန်မာနိုင်ငံနဲ့ တော်တော်လေးကို ရင်းနှီးခင်မင်မှုရှိတယ်။ တရုတ်က မြန်မာနဲ့လည်း နယ်နိမိတ်ချင်း တော်တော်လေးကိုထိစပ်နေတော့ မြန်မာနိုင်ငံနဲ့ ထိစပ်တဲ့အပိုင်းရဲ့ တည်ငြိမ်မှုကိုလည်း အများကြီးလိုလားတယ်။ နိုင်ငံရေးအရလည်း မြန်မာနိုင်ငံနဲ့ Continuity ရှိသွားမယ်လို့ မျှော်လင့်ရတယ်။ ရှေ့အရင်ပေါ်လစီအတိုင်း Continuity ရှိသွားမယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလည်း ပိုပြီးကူညီလာမယ်လို့ ရည်မှန်းတယ်။ နောက်ပြီး သူ့ရဲ့လမ်းကြောင်းပေါ်မှာ ကုန်သွယ်မှုဆက်ဆံမှုတွေကလည်း စနစ်တကျ မှန်မှန်ကန်ကန်ဖြစ်လာမယ်လို့ ယူဆရတယ်။ နိုင်ငံရေးရော စီးပွားရေးပါ တော်တော်အထောက်အပံ့ ဖြစ်မယ်လို့ မျှော်လင့်တယ်၊ မြန်မာနိုင်ငံနဲ့ ထိတွေ့မှုပေါ်လစီဟာလည်း နဂိုရှိရင်းအတိုင်းသွားမယ်၊ ဒီထက်ပိုကောင်းလာနိုင်စရာအကြောင်းရှိတယ်။ သူရဲ့စာနာမှုနဲ့ ထောက်ထားမှုနဲ့ နားလည်မှုဟာ ပိုမိုနက်ရှိုင်းလာပြီးတော့ ပိုပြီးတိုးတက်လာမယ်လို့ ယူဆတယ်။ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံက One Belt One Road မှာ ပါဝင်ပြီး လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် ရှောရှောရှူရှူနဲ့ Infrastructure Development မှာ ငွေရေးကြေးရေးအရ ပံ့ပိုးကူညီမှုတွေ တရုတ်နိုင်ငံ Asian Infrastructure Investment Bank (AIIB) ကအစ သူတို့ဆီကနေရနိုင်မယ်လို့ မျှော်လင့်တယ်။ ပြီးတော့ အစစအရာရာ မြန်မာနိုင်ငံကနေ တရုတ်ရင်းနှီမြှုပ်နှံမှုတွေရှိပါတယ်။ ဒါတွေနဲ့ ရေနံပိုက်လိုင်းကအစ ကျန်တဲ့ရထားလမ်းက ကိစ္စတွေပြန်ပြီး ထည့်သွင်းစဉ်းစားပြီးတော့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဟိုအရင်တရုတ်နိုင်ငံကလည်း ကြီးထွားခါစဖြစ်တဲ့အတွက် တချို့နိုင်ငံတွေမှာ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုမှာ သူအကျိုးအတွက် သက်သက်လုပ်ပြီး တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘူးဆိုပြီး အရင်တုန်းက ပြောခဲ့ကြတာတွေရှိတယ်။ သူကလည်း သူ့ရဲ့ Developing အခြေအနေမှာ Standard တွေ၊ Good Corporate Government မရှိတာတွေ ဖြစ်နိုင်တယ်။ တဖြည်းဖြည်းချင်းတော့ သူ့ကိုဝေဖန်မှုတွေနဲ့ ပြန်ပြီးသုံးသပ်မှုတွေကြောင့် ၂၁ ရာစု တရုတ်နိုင်ငံကြီးဖြစ်လာပြီးတော့ တစ်ဖက်သားရဲ့ Article Should be Culture ၊ တာဝန်သိမှု တာဝန်ခံမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို လေးစားမှုနဲ့ နိုင်ငံတကာရဲ့ ယဉ်ကျေးမှုတွေ မတိမ်းစောင်းအောင် ဒီ One Belt One Road System အစစအရာရာကို ဥရောပထိကို သူတို့လေးလေးစားစားနဲ့ သွားနိုင်လိမ့်မယ်လို့ ယူဆတယ်။
ဂျပန်နိုင်ငံမှာလည်း ရှင်ဇိုအာဘေးက ဝန်ကြီးချုပ်အဖြစ်ဆက်ပြီး တာဝန်ထမ်းဆောင်တော့ မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ
---------------
ဂျပန်နိုင်ငံကို မြန်မာနိုင်ငံက ထိတွေ့မှုရှိနေတာ နှစ်ပေါင်းတော်တော်ကြာနေပါပြီ။ ဂျပန်နိုင်ငံရဲ့ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကို စစ်လျော်ကြေးကအစ အကုန်လုံးလုပ်ခဲ့တာတွေက မြန်မာတွေ ကျေနပ်နှစ်သက်လက်ခံနိုင်စရာအကြောင်းရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအတွက် ဂျပန်နိုင်ငံက အစစအရာရာ ကူညီထောက်ပံ့ပေးတယ်၊ ပြီးခဲ့တဲ့နှစ်တွေကလည်း ကန်ဒေါ်လာ ရှစ်ဘီလီယံလောက် ODA နဲ့ ပေးတာတွေရှိတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့တဲ့အခါမှာ ထပ်ပြီးပေးဖို့ သဘောတူတာတွေရှိတယ်။ ရှင်ဇိုအာဘေးအပြင် သူ့မိသားစုကလည်း မြန်မာနိုင်ငံအပေါ် စာနာထောက်ထား ထိတွေ့မှုတွေကလည်း တော်တော်များပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်ကိုလည်း မစ္စတာအာဘေးကိုယ်တိုင် လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကလာခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်မှာလည်း သံယောဇဉ်တွေရှိတယ်။ ဂျပန်လုပ်ငန်းရှင်တချို့တွေ ပြောတာဟာ ဒီကိုလာဖို့ တော်တော်နှောင့်နှေးပါတယ်၊ သေချာသုံးသပ်ပါတယ်၊ သေချာရင်းနှီးမြှုပ်နှံဖို့အတွက် Research လုပ်တယ်၊ သူတို့ ကျေနပ်တယ်။ အားရတယ်ဆိုရင် သူတို့ဝင်လာပါတယ်။ ဝင်ပြီးရင်လည်း နောက်ဆုတ်လေ့မရှိပါဘူး။ ဒါသူတို့စကားပါ။ မှန်လည်း မှန်နိုင်ပါတယ်။ သူတို့မြန်မာနိုင်ငံကို လာဖို့ပြင်နေတာ ခြောက်နှစ်လောက်ရှိပြီ။ နောက်မှ တဖြည်းဖြည်းချင်း ရောက်လာပြီးတော့ ခုဆိုပိုပြီးများလာတယ်။ သူတို့ မြန်မာနိုင်ငံရဲ့ အားနည်းချက်ကို သိပါတယ်။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် အစစအရာရာကိုပေါ့။ အရင်တုန်းက တံခါးဖွင့်စီးပွားရေးဝါဒ လုပ်ထားပေမယ့် တံခါးတွေက ဆင်နားရွက်လိုပဲ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတယ်။ ဒါတွေကို ဂျပန်တွေနားလည်တယ်။ ရှေ့ဆက်ပြီးလည်း အများကြီးလာဖို့ အလားအလာရှိပါတယ်။ အခုဆို ဂျပန်ကျောင်းတွေ ဒီမှာဖွင့်တယ်၊ ဆရာတွေလည်းရှိတယ်။ အဲဒီမှာ ဒါနဲ့ပတ်သက်ပြီး အလုပ်အကိုင်ရရှိမယ်။ အလုပ်အကိုင်ရရှိတော့ ဆင်းရဲမှု ပပျောက်သွားမယ်။ ရှင်ဇိုအာပေးက ဆက်ပြီးသူ့ရဲ့ Continuity တက်လာတော့ သူလုပ်ချင်တာ လုပ်လို့ရတယ်။ သူမဟုတ်တာလည်း လုပ်တာမဟုတ်ဘူး။ ဒါဆိုတော့ မြန်မာ-ဂျပန်လည်း ဆက်ဆံရေးက တိုးလာလိမ့်မယ်။ အလားအလာ ပိုကောင်းလာမယ်လို့လည်း ယုံကြည်တယ်၊ ဒါပေမဲ့ ကိုယ်တွေကလည်း ဒီအတိုင်းတော့နေလို့မရဘူး ကိုယ်ကလည်း ကြိုးစားရမယ်၊ ကိုယ့်ဆီမှာ အဓိကဖြစ်နေတာ လျှပ်စစ်တို့ လမ်းပန်းဆက်သွယ်ရေးတို့ ကျွမ်းကျင်ဝန်ထမ်းတွေ မရှိဘူး။ ဒါတွေကိုယ့်ဘာသာကိုယ် နားလည်အောင် လုပ်ရမယ်၊ တစ်ယောက်နဲ့ တစ်ယောက်ဝေဖန်လုပ်နေမယ့်အစား ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ရမယ်။ အလုပ်တစ်ခုကို ဓာတ်ကျမှ လုပ်တာမဟုတ်ဘဲနဲ့ တစိုက်မတ်မတ် လုပ်သွားဖို့ လိုပါတယ်။
အနောက်နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် မြန်မာအနေနဲ့ ရှိပြီးသားမဟာမိတ်တွေရဲ့ အကူအညီနဲ့ စီးပွားရေးဦးမော့လာအောင် လုပ်ရဦးမယ်။ အဲဒီအတွက်အမြင်က
---------------
စီးပွားရေးပိတ်ဆို့ဖို့ ခြိမ်းခြောက်နေတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဟိုတလောကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က သူတို့အနေနဲ့ ပိတ်ဆို့မစဉ်းစားသေးဘူးလို့ ပြောပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ Targeted Dialogue Sanction လောက်ပဲဖြစ်နိုင်တယ်၊ Over All Sanction မဖြစ်နိုင်ဘူးလို့ထင်တယ်။ Targeted Sanction မဖြစ်အောင်လည်း နိုင်ငံတော်အတိုင်ပင်ခံက လုပ်နေတာပါ။ စီပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မလားဆိုတာက ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးဦးမော့ဖို့ တော်တော်လေးခက်ပါတယ်။ ဒါပေမဲ့ ကိုယ်ရအောင် လုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အဓိက ပြည်တွင်းငြိမ်းချမ်းရေးရဖို့ပဲ။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ မနည်းရုန်းကန်ပြီးတော့ စနစ်တကျ Plan နဲ့ လုပ်မယ်ဆိုရင်တော့ အတော်အသင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်နိုင်ငံကို အရင်တုန်းက Sanction တွေ လုပ်ထားတုန်းကတောင်မှ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ လုပ်ကိုင်ခဲ့တာ၊ ပြီးတော့ အာဆီယံနိုင်ငံတို့နဲ့လည်း ရပ်တည်နိုင်ပြီးတော့ လုပ်သွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ မြန်မာနိုင်ငံဟာ အထီးမကျန်ပါဘူး။ UN အစည်းအဝေးတွေနဲ့ ပတ်သက်ပြီး တရုတ်တို့ ရုရှားတို့ကလည်း မြန်မာနိုင်ငံကို Resolution ချရင် ပိတ်ပင်တားဆီးနိုင်တဲ့ အာဏာတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ဗီတိုအာဏာတွေ သုံးလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ မကြာခင်တုန်းက မြန်မာနဲ့ပတ်သက်ပြီးတော့ ရုရှားသမ္မတပူတင်က မြန်မာနိုင်ငံဟာ သူတို့ရဲ့ ဦးစားပေးနိုင်ငံဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ မိတ်ဆွေတွေရှိပါသေးတယ်။ အဓိက နိုင်ငံစီးပွားရေးကောင်းဖို့ဟာ နိုင်ငံရေးတည်ငြိမ်ဖို့လိုတယ်။ နိုင်ငံရေး တည်ငြိမ်တယ်ဆိုတာက တိုင်းပြည်အေးချမ်းဖို့လိုတယ်။ သွားတဲ့ပေါ်လစီတွေကလည်း ပီပီပြင်ပြင်ရှိဖို့လိုတယ်။ ရေတိုရေရှည်စီမံကိန်းတွေ ချထားဖို့လိုပါတယ်။
တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ
----------------
ကျွန်တော်လေ့လာလို့ရသလောက်ကတော့ တရုတ်ကွန်မြူနစ်ပါတီအမျိုးအစားကွန်ဂရက်မှာ သမ္မတရှီကျင့်ဖျင်က ပြန်ပြီးအရွေးခံရတယ်။ ဒီအရွေးခံရတာက အရင်နှစ်တုန်းကနဲ့ မတူဘဲနဲ့ တကယ့်ကိုပိုအရေးပါလာတယ်။ ပိုပြီးတော့လည်း သူဆောင်ရွက်ချင်တဲ့ဟာတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ သူ့လုပ်ဖော်ကိုင်ဖက်တွေက အရာရာကို ပိုပြီးဦးဆောင်နိုင်မယ့် အနေအထားဖြစ်လာတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်နေတော့ သမ္မတရှီကျင့်ဖျင် နှစ်အတန်ကြာကတည်းကဆွဲခဲ့တဲ့ Belt Road ပရောဂျက်ကြီးကလည်း သူကဦးဆောင်လုပ်တဲ့အခါမှာ တကယ့်ကိုမဖြစ်မနေအကောင်အထည်ဖော်မယ့် အနေထားမျိုးရှိတော့ ကျွန်တော်တို့နိုင်ငံဘက်ကလည်း ဒါကိုအများကြီးထည့်သွင်းစဉ်းစားရမယ့် အနေအထားမျိုးရှိတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံရော ဂျပန်နိုင်ငံရောက ရှေ့လာမယ့် နှစ် ၂၅ နှစ်၊ နှစ်ငါးဆယ်လောက်ကိုမှန်းကြည့်ရင် စက်မှုထွန်းကားလာတယ်။ ဥပမာ- Robot တွေ ပိုပြီးသုံးလာမယ်၊ ထုတ်ကုန်တွေ ပိုပြီးများလာမယ်၊ အဲဒီအချိန်မှာ Men Power စိန်ခေါ်မှုတွေ ရှိတယ်။ ဒါတွေကိုပါ သူတို့က အများကြီးထည့်စဉ်းစားရင် သူတို့ရဲ့ပို့ကုန်ကိစ္စ၊ သူတို့နဲ့ စီးပွားရေးအရ ဆက်ဆံမယ့်ကိစ္စတွေက အိမ်နီးနားချင်းဖြစ်တဲ့ ကျွန်တော်တို့ပေါ်မှာ အများကြီးသက်ရောက်လာမယ်။ အဲဒီသက်ရောက်မှုအပေါ်မှာ ကျွန်တော်တို့က ပိုပြီး Win-Win ဖြစ်နိုင်မယ့် အနေအထားမျိုးပါ။ ဒီလိုအခြေအနေမျိုးမှာ အားသာချက်ကို စဉ်းစားပြီးဆောင်ရွက်နိုင်ရင်တော့ ကျွန်တော်တို့အတွက် ပိုကောင်းမယ်လို့ ထင်တယ်။
ဂျပန်နိုင်ငံမှာလည်း ရှင်ဇိုအာဘေးက ဝန်ကြီးချုပ်အဖြစ်ဆက်ပြီး တာဝန်ထမ်းဆောင်တော့ မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ
-----------------
ဂျပန်နိုင်ငံအရှေ့အာရှမှာတော့ သူကဖွံ့ဖြိုးတိုးတက်ဆုံးနိုင်ငံဖြစ်တယ်။ ကျွန်တော်တို့နဲ့လည်း ဒုတိယကမ္ဘာစစ်ကတည်းက ဆက်ဆံရေးတွေရှိခဲ့တယ်။ ကျွန်တော်တို့နိုင်ငံအပေါ်လည်း ဂရုစိုက်စဉ်းစားတာတွေ ရှိတာတွေ့ရပါတယ်။ အခုဂျပန်ဝန်ကြီးချုပ်ကတော့ သူအနေနဲ့ပိုပြီးတော့ နိုင်ငံရေးအရအခွင့်အလမ်းပိုရှိတယ်လို့ ထင်တဲ့အချိန် ရွေးကောက်ပွဲကို သူစောလုပ်လိုက်တာတွေ့ရတယ်။ ဒီလိုစောလုပ်လိုက်တဲ့ဟာလည်း သူထင်တဲ့အတိုင်းပဲ ဝန်ကြီးချုပ်ပြန်ဖြစ်တော့ လာမယ့်ကာလတွေမှာတော့ သူ့အနေနဲ့ တရုတ်သမ္မတလိုမျိုး အကုန်လွှမ်းမိုးဖို့ မဟုတ်ပေမယ့် သူလည်းသူ့အတိုင်းအတာနဲ့ သူလုပ်နေတာရှိတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ကလည်း အခုဆိုသီလဝါအပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေပြန်ကြည့်ရင် ဂျပန်က ရင်းနှီးမြှုပ်နှံသူတွေရှိသလို သူတို့အနာဂတ်ကို စဉ်းစားတဲ့အခါမှာ မြန်မာနိုင်ငံက ထိုက်သင့်တဲ့ အရေးပါမှုတွေရှိနေတယ်။ အဲဒီတော့ သူ့အနေနဲ့ မြန်မာပြည်ကို ပိုပြီးစိတ်ဝင်စားတယ်။ မြန်မာအပေါ်မှာ ပိုပြီးဖွံဖြိုးတိုးတက်စေချင်တဲ့ ဝန်ကြီးချုပ်မျိုးရှိတာတော့ ကောင်းတာပေါ့။ တခြားနိုင်ငံတွေရဲ့ ပြောင်းလဲမှုတွေပေါ်မှာ ကျွန်တော်တို့နိုင်ငံက ခေါင်းဆောင်တွေက ဘယ်ဟာတွေက အခွင့်အရေးပိုရမလဲဆိုတဲ့ ကိုယ့်နိုင်ငံအတွက် အဓိကထားစဉ်းစားနိုင်ရင်တော့ဖြင့် ပိုကောင်းမယ်ထင်ပါတယ်။
အနောက်နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် မြန်မာအနေနဲ့ရှိပြီးသား မဟာမိတ်တွေရဲ့ အကူအညီနဲ့ စီးပွားရေးဦးမော့လာအောင် လုပ်ရဦးမယ်။ အဲဒီအတွက်အမြင်က
-----------------
အခုရခိုင်မှာရှိတဲ့ ဘင်္ဂါလီကိစ္စက ကျွန်တော်တို့အားလုံးအတွက် စိန်ခေါ်မှုတွေ ရှိလာတယ်။ ဒီစိန်ခေါ်မှုတွေရှိလာတော့ လက်ရှိအစိုးရဆောင်ရွက်တဲ့ စီပွားရေးဖွံဖြိုးတိုးတက်မှုက ရခိုင်ကိစ္စကြောင့် အခက်အခဲတစ်ခုဖြစ်လာမလားဆိုတာ အားလုံးကလည်း တွေးပူကြတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အိမ်နီးနားချင်းတွေ ပြန်ကြည့်ရင် အိန္ဒိယကလည်း Look East ဆိုတဲ့ပေါ်လစီကို တော်တော်လေး အာရုံစိုက်လုပ်လာတဲ့ အနေအထားမျိုးရှိတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း One Belt One Road ဆိုတဲ့ ပရိုဂရမ်ကြီးကို ကြိုးစားနေတော့ အဲဒီနှစ်ခုကြားမှာ ကျွန်တော်တို့အနေနဲ့ ကိုယ့်နိုင်ငံအတွက်ပိုကောင်းတဲ့ ချဉ်းကပ်မှုမျိုးကို ပါးပါးနပ်နပ် တုံ့ပြန်ဖို့တော့လိုတယ်။ အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားရေးတိုးတက်မှုအတွက် အထောက်အကူပြုမှာဖြစ်သလို ရခိုင်မှာရှိတဲ့ ဘင်္ဂါလီအရေးဖြေရှင်းမှုမှာလည်း အင်အားကြီးတဲ့ အိမ်နီးနားချင်းနှစ်နိုင်ငံရဲ့ ယုံကြည်မှုကို ရနိုင်မယ်လို့ ထင်တယ်။ နောက်တစ်ခုက One Belt One Road ဆိုတဲ့ Corridor ခြောက်ခုမှာ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံနဲ့ဆက်စပ်တဲ့ အနေအထားမျိုးရှိတယ်။ Corridor တစ်ခုဆိုပေမယ့် အဲဒီတစ်ခုမှာ အစိတ်အပိုင်းတွေက အများကြီးပါ။ ဒီအစိတ်အပိုင်းတွေမှာလည်း ကျွန်တော်တို့ရဲ့ ပြည်သူလူထုအကျိုးစီးပွားနဲ့ အိန္ဒိယ၊ တရုတ်တို့ အကျိုးစီးပွားမျှတအောင်လုပ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အထောက်အကူဖြစ်လာမယ်။ ရခိုင်ကိစ္စကတော့ မလွဲမသွေ ကျွန်တော်တို့ဘက်က ရင်ဆိုင်ဖြေရှင်းရမှာပဲ။
အဲဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်ပေမယ့် တစ်ဖက်မှာလည်း Opportunity တစ်ခုဖြစ်လာနိုင်တယ်။ အဲဒါဘာလဲဆိုတော့ အားလုံးရဲ့အားတွေစုစည်းပြီး အိမ်နီးနားချင်းတိုင်းပြည်တွေနဲ့ အကောင်းဆုံးလုပ်နိုင်ရင်တော့ ကျွန်တော်တို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် မျှော်လင့်ချက်တွေ အများကြီးရှိတယ်လို့ ကျွန်တော်က အဲဒီလိုပဲနားလည်တယ်။
တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာ့စီပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ
----------------
ကျွန်တော်အမြင်ပြောရရင် သမ္မတရှီကျင့်ဖျင် ပြန်အရွေးခံရတယ်ဆိုတာက တရုတ်နိုင်ငံရဲ့ဆောင်ရွက်ဆဲ အိမ်နီချင်းနိုင်ငံတွေနဲ့ ချိတ်ဆက်မှုစီမံကိန်းတွေက ပိုပြီးအရှိန်အဟုန်ရလာနိုင်တယ်။ တရုတ်နိုင်ငံမှာ သမ္ပတရှီပြန်ပြီး ရွေးကောက်ခံရတဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အတက်အကျနဲ့ပါ နှိုင်းယှဉ်ပြီးတော့ စဉ်းစားရမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှီကျင့်ဖျင်ပြန်ပြီး အရွေးခံရမှုတစ်ခုတည်းနဲ့တော့ နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်ရေးကိုတော့ သက်ရောက်မှာမဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိရှိနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု Project တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဘက်က ဖြေရှင်းရမယ့်ကိစ္စတွေရှိတယ်။ ဥပမာ- တချို့အကဲစပ်တဲ့ကိစ္စတွေဖြစ်တဲ့ မြစ်ဆုံဆည်လိုဟာမျိုးဆိုရင် ဆက်ပြီးဆောက်လုပ်ခွင့်ပေးမလား၊ မပေးဘူးလားဆိုတာမျိုးတွေက မြန်မာပြည်နိုင်ငံရေးနဲ့ ဆက်စပ်တယ်လို့ မြင်တယ်။ နောက်တစ်ခုက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကိစ္စနဲ့ပတ်သက်လို့ အကျိုးစီးပွားခွဲဝေမူနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းနေကြတာတွေလည်း ရှိတယ်။ အဲဒီတော့ တစ်ဖက်ကတော့ သမ္ပတရှီကျင့်ဖျင် ပြန်လည်အရွေးခံရတဲ့အတွက်ကြောင့် သူ့ရဲ့မူလစီမံကိန်းကို တစ်စိုက်မတ်မတ် ဆက်လက်ဆောင်ရွက်ဖို့အတွက် တရုတ်ဘက်ကတော့ ပိုပြီးအားကောင်းလာတဲ့သဘောရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ နိုင်ငံရေးအခြေအနေ၊ တချို့ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မူအခြေအနေ အဲဒါတွေကို ဖြေရှင်းနိုင်မှုအခြေအနေတွေပေါ်မှာ မူတည်လို့ မြင်ပါတယ်။ ဒါကတော့ Mega Project တွေနဲ့ ပတ်သက်တာတွေပါ။ နောက်တစ်ခုက Boarder Trade နဲ့ ပတ်သက်ရင်လည်း မြန်မာနိုင်ငံဘက်က ကုန်သည်တွေအနေနဲ့ အမြဲတမ်း အငြင်းပွားနေတဲ့ ပြဿနာတွေရှိတယ်။ ကျွန်တော်တို့ကုန်စည်တွေကို နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ Contract တွေ အဲဒါတွေကို အစိုးရအနေနဲ့ အာမခံချက်ပေးဖို့တွေ လိုမယ်လို့မြင်တယ်။
One Belt One Road က ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ပါကိုပါရမှာပဲ။ ဒါမှလည်း ဒေသအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စတွေ၊ ကုန်သွယ်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်နိုင်မှာဖြစ်တယ်။ ပါတဲ့နေရာမှာ လုံခြုံရေးဆိုင်ရာကိစ္စတွေ စဉ်းစားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံဖြတ်ကျော် စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့က အမျိုးသားလုံခြုံရေးပိုင်းကနေ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စရှိတယ်။ နောက်တစ်ခုက စီးပွားရေးအကျိုးအမြတ်ခွဲဝေရေးကိစ္စ၊ ဒီစီမံကိန်းတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးသက်ရောက်မှုတွေကို ကဏ္ဍပေါင်းစုံကနေ ပြင်ဆင်ထားဖို့ လိုမယ်လို့ မြင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းတွေကို အကြောင်းပြုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးနိုင်အောင်ကြိုးစားနိုင်ရင် ပြည်တွင်းအလုပ်အကိုင် ဈေးကွက်မှာလည်း အခွင့်အလမ်းတွေ ရလာနိုင်တယ်။ ဆိုလိုတာက ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ထားတာ၊ သင်တန်းတွေပေးထားတာ၊ ပြင်ဆင်ပေးထားတာတွေ ကျွန်တော်တို့ဘက်ကရှိဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင်တော့ တချို့စီမံကိန်းတွေမှာ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်းရတာထက်ကို သူတို့ဆီက အလုပ်သမားတွေနဲ့ ဝင်လာတာမျိုးလို ကျွန်တော်တို့ဘက်က မျှော်လင့်သလောက် အကျိုးအမြတ်မရတဲ့ ကိစ္စတွေရှိတယ်။ ဒါလည်း ကျွန်တော်တို့ဘက်က ပြင်ဆင်ထားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။
နောက်တစ်ခုက တရုတ်နိုင်ငံအကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်တဲ့ Bangladesh-China-India-Myanmar Corridor (BCIM) ရှိတယ်။ ကျွန်တော်တို့ ပြည်တွင်းအခြေအနေက အဲဒီလုပ်ငန်းတွေပေါ်မှာလာပြီး သက်ရောက်နေတယ်။ အစိုးရအနေနဲ့ကလည်း အသက်မွေးဝမ်းကြောင်း ပညာရပ်တွေသင်ကြားနိုင်ဖို့ ဆောင်ရွက်ပေးရမယ်။ ဥပမာအားဖြင့် ဒီပရောဂျက်ကြီးတွေနဲ့ပတ်သက်လို့ စက်ကြီးမောင်းကျွမ်းကျင်သူတွေကအစ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့အလုပ်သမားနဲ့ သူတို့လာလုပ်တယ်ဆိုတဲ့ ကိစ္စမျိုးတွေဟာ ကျွန်တော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စတွေပါ။ ကိုယ့်တစ်နိုင်ငံတည်း မလုပ်နိုင်ရင်တောင်မှ နှစ်နိုင်ငံပူးပေါင်းဆက်ဆံမှုတွေ၊ Contract တွေနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းတွေ ဒါတွေ မွေးထုတ်ပေးသင့်တယ်။ ဒါကတော့ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဆိုင်တဲ့ကိစ္စပေါ့။
နောက်တစ်ခုက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ Project တွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတို့၊ ဒေသအတွင်း လူမူရေးသက်ရောက်မှုတို့ အစရှိတဲ့ဟာတွေကို ထိခိုက်နစ်နာမူ အနည်းဆုံးဖြစ်အောင် လျော့ချတဲ့ အစီအစဉ်တွေ ပြန်လည်ကုစားပေးတဲ့ အစီအစဉ်တွေ၊ ဒေသခံပြည်သူတွေအတွက် အကျိုးအမြတ်တွေကို သူတို့ထိုက်သင့်သလောက် စီမံဆောင်ရွက်ပေးတာတွေကို လုပ်ပေးသင့်တယ်လို့ ကျွန်တော်မြင်တယ်။
ဂျပန်နိုင်ငံမှာလည်း ရှင်ဇိုအာဘေးက ဝန်ကြီးချုပ်အဖြစ်ဆက်ပြီး တာဝန်ထမ်းဆောင်တော့ မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ
---------------
ကျွန်တော်တို့ ဂျပန်နိုင်ငံကို လေ့လာရေးခရီးသွားတဲ့အချိန်မှာ ဂျပန်မှာ ရွေးကောက်ပွဲပြန်လုပ်တဲ့အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ ပြန်လာပြီး သိပ်မကြာခင်မှာပဲ ရှင်ဇိုအာဘေး ပြန်ပြီးရွေးကောက်ခံရတယ်။ နဂိုကတည်းကလည်း ပြန်ပြီးရွေးကောက်ခံရမယ်လို့ မျှော်လင့်ထားပြီးသားပါ။ မြန်မာ-ဂျပန်က ကုန်သွယ်မှုကိုကြည့်ရင် ၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့ ဂျပန်ကို ပို့တဲ့ Export တန်ဖိုးက ကန်ဒေါ်လာ ၇၈၄.၂၆ မီလီယံ ရှိတယ်။ ကျွန်တော်တို့ သွင်းရတာက Inport ကန်ဒေါ်လာ ၁.၂၄၇ ဘီလီယံရှိတယ်။ သွင်းတာများနေပါတယ်။ ကျွန်တော်တို့ရောင်းနိုင်တာက အထည်ချုပ်၊ ဆန်၊ ရာဘာ၊ ပုလဲတို့ အဲဒီဟာတွေလောက်ပဲပို့နိုင်တော့ ကျွန်တော်တို့ အားနည်းချက်ကိုက Production အားပြုပြီးတော့ လုပ်ရမယ့်ကိစ္စတွေ အများကြီးလုပ်ဖို့လိုနေတာပေါ့။ ဂျပန်ကို ကျွန်တော်တို့ ပို့တဲ့ကုန်ကနည်းတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ပြန်သွင်းရတဲ့ဟာက Electric ပစ္စည်းတွေ၊ စက်ယန္တားတွေ၊ ဓာတ်မြေသြဇာတွေ၊ ဓာတုပစ္စည်းတွေ ဒါမျိုးတွေကို သွင်းရတာများပါတယ်။ Trade အားဖြင့် ပို့ကုန်ကနည်းပြီး သွင်းကုန်က အများကြီးပိုနေတာ တွေ့ရတာပါ။
နောက်တစ်ခုက ဂျပန်အကူအညီပေါ့။ JICA ODA အကူအညီနဲ့ ပတ်သက်လို့ အကြီးဆုံးတွေပြောပါဆိုရင် သီလဝါရှိမယ်။ နောက်တစ်ခုက ထားဝယ်ရေနက်ဆိပ်ကမ်း ဒါတွေလုပ်နေတာတွေ ရှိပါတယ်။ အခုရှင်ဇိုအာဘေး ပြန်အရွေးခံရတော့ အဲဒီစီမံကိန်းတွေကတော့ သူသတ်မှတ်ချက်အတိုင်း၊ သူ့ရဲ့လျာထားချက်အတိုင်း ပြည့်မီအောင်လုပ်ဖို့ ပိုပြီးအခွင့်အလမ်းတွေဖြစ်လာတယ်လို့ မြင်တယ်။ ဂျပန်ဝန်ကြီးချုပ်ပြန်အရွေးခံရတာ တစ်ခုတည်းနဲ့ ကျွန်တော်တို့ စီးပွားရေးပေါ်မှာ သက်ရောက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ဘက်က ပြင်ဆင်ရမယ့်ကိစ္စတွေ အများကြီးရှိတယ်။ အစိုးရဘက်ကလည်း ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ အာမခံချက်တွေ၊ ဘဏ်စနစ်တွေ၊ Infrastructure တွေ ဒါတွေလုပ်ပေးနိုင်တဲ့အပေါ်မှာ အများကြီးမူတည်တယ်လို့ ကျွန်တော်က အဲဒီလိုပဲမြင်တယ်။
အနောက်နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လုပ်နေဦးမယ်ဆိုရင် မြန်မာအနေနဲ့ရှိပြီးသား မဟာမိတ်တွေရဲ့ အကူအညီရဲ့ စီးပွားရေးဦးမော့လာအောင် လုပ်ရဦးမယ်။ အဲဒီအတွက်အမြင်က
-----------------
ကျွန်တော်တို့က နိုင်ငံငယ်လေးဖြစ်တဲ့အခါကျတော့ နိုင်ငံတကာဆက်ဆံရေးကို ဟန်ချက်ညီအောင် ကြိုးစားရမယ့်ကိစ္စရှိတယ်။ အဲဒီလိုမဟုတ်ရင်တော့ အိမ်နီးချင်းနိုင်ငံကြီးတွေဘေးမှာ နေရတဲ့အခါကျတော့ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာလည်း လုံးလုံးကြီးကို မှီခိုရတဲ့ အခြေအနေဖြစ်ခဲ့တယ်။ အဲဒီအချိန်ကနေပြီးတော့ နိုင်ငံတကာမိသားစုနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အခုလိုမျိုး မလိုလားအပ်တဲ့ ဖိအားပေးမှုတွေဖြစ်လာရင် ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒကိုက လွတ်လပ်တက်ကြွတာ ဖြစ်ဖို့ဆိုတဲ့ကိစ္စမှာ အနည်းနဲ့အများတော့ လာထိခိုက်မှာပဲ။ အဲဒီတော့ နိုင်ငံတော်အနေနဲ့ စဉ်းစားရမှာပေါ့။ နိုင်ငံတော်အနေနဲ့က အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်းနှီးတဲ့အကျိုးတူဆက်ဆံမှုတွေ လိုအပ်သလို နိုင်ငံတကာမိသားစုနဲ့လည်း ရင်းနှီးငြိမ်းချမ်းတဲ့ အပြန်အလှန်ဆက်ဆံမှုမျိုးရှိဖို့ ကျွန်တော်တို့ဘက်က ကြိုးစားဖို့လိုအပ်ပါတယ်။ ပြီးတော့မှ အနောက်နိုင်ငံတွေအနေနဲ့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့ အကဲဆက်တဲ့ အခြေအနေတွေကို လေးလေးနက်နက် နားလည်အောင်ကြိုးစားပြီးတော့ ကျွန်တော်တို့နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံက အနောက်နိုင်ငံတွေနဲ့ စီးပွားရေးဆက်ဆံမှုက တအားနည်းပါတယ်။ နည်းတော့ ထိခိုက်မယ်ဆိုရင်လည်း ပမာဏအားဖြင့်တော့ သိပ်မကြီးဘူး။ သို့သော် ကျွန်တော်တို့ ငွေကြေးအလွှဲအပြောင်းကိစ္စတွေမှာ ဒေါ်လာအခြေပြုပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အထူးသဖြင့် အမေရိကန်လို အနောက်နိုင်ငံမျိုးက ဖိအားပေးတဲ့အခါမှာ ဒေါ်လာဇုန်နဲ့ပတ်သက်တဲ့ ငွေအလွှဲအပြောင်းအပေးအယူကိစ္စတွေမှာ လာပြီးထိခိုက်နိုင်တယ်။ သို့သော် တစ်ဖက်ကလုပ်လေလေ ကျွန်တော်တို့က အိမ်နီးချင်းတရုတ်နိုင်ငံကို မီခိုရတာများလာနိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်တာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီလိုပဲအခြေအနေအရ ဖန်တီးလာပြီဆိုရင်တော့ မလွှဲအရှောင်သာ ဒါကြီးကို ရင်ဆိုင်ရမှာပေါ့။ အစိုးရအနေနဲ့ အနောက်နိုင်ငံတွေထိ ချိတ်ဆက်နိုင်ဖို့က သက်ဆိုင်ရာနိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့လည်း ဆိုင်တယ်။ ဥပမာ- ကျွန်တော်တို့ သူတို့နဲ့ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ဆက်ဆံရေးဖြစ်ချင်တယ်ဆိုပေမယ့် သူတို့တစ်နိုင်ငံချင်းစီရဲ့ အကျိုးစီးပွားကိစ္စတွေရှိတယ်။ သူတို့နိုင်ငံရဲ့ ရပ်တည်ချက်တွေမှာ တစ်ခါတလေ နှုန်းစံတန်ဖိုးတွေဆိုတာ ပြောနေပေမယ့် အဲဒီနောက်ကွယ်မှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကျိုးစီးပွားကိစ္စတွေရှိတယ်။ နိုင်ငံတကာအစုအဖွဲ့တွေနဲ့ တစ်နိုင်ငံချင်းစီနဲ့ ဆက်ဆံရေးကို ရွေးချယ်ရတဲ့အခါမျိုးမှာ ကျွန်တော်တို့နိုင်ငံငယ်လေးက ချကျွေးခံရတဲ့ ပုံစံမျိုးတွေလည်းဖြစ်နိုင်တယ်။ ဒါက နိုင်ငံတိုင်းက သူတို့အကျိုးစီးပွားကို အဓိကထားပြီး ဆုံးဖြတ်ကြတာဖြစ်တော့ ကျွန်တော်တို့ကလည်း နိုင်ငံစီးပွားအကာအကွယ်ပေးတာမျိုး နိုင်ငံအကျိုးစီးပွားကို မြှင့်တင်တဲ့ကိစ္စဆို ကျွန်တော်တို့က အတက်နိုင်ဆုံး နည်းလမ်းရှာရမှာပဲ၊ ကြိုးစားရမှာပဲလို့ မြင်တယ်။ ပြီးတော့ စီးပွားရေးဖွံဖြိုးတိုးတက်ဖို့အတွက်က နိုင်ငံရေးပြဿနာဖြေရှင်းမှုအပေါ် သက်ရောက်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးကို ဘယ်သူက တစ်၊ ဘယ်သူကနှစ်လို့ စဉ်းစားမယ့်အစားတွဲပြီး စဉ်းစားသင့်တယ်လို့ မြင်တယ်။ တစ်ဖက်က ငြိမ်းချမ်းရေး အရေးကြီးတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး၊ ဒါကျွန်တော်တို့နိုင်ငံအတွက် အင်မတန်အခြေခံအကျဆုံး ပြဿနာပေါ့။ တစ်ဖက်ကျတော့ ပြန်ပြီးစဉ်းစားစရာရှိတယ်။ အခု မငြိမ်းချမ်းဘဲ ပဋိပက္ခဖြစ်နေတဲ့နေရာဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ၃၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ အဲဒီတော့ ကျန်တဲ့နေရာတွေမှာ ဘာကြောင့်မတိုးတက်သလဲ၊ ဘာကြောင့် စီပွားရေးမကောင်းသလဲ၊ အဲဒါငြိမ်းချမ်းရေးကြောင့်လို့ ပြောလို့မရဘူးထင်တယ်။ အဲဒါကြောင့် စီးပွားရေးဟာ မူဝါဒကောင်းကောင်း တကယ့်ကိုခိုင်မာတဲ့ ပြင်ဆင်မှုတွေ အခြေခံကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကို ဇောက်ချပြီး လုပ်လို့ရတယ်လို့ မြင်ပါတယ်။
တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင်ဆက်ပြီး သမ္မတတာဝန်ထမ်းဆောင်တာ မြန်မာ့စီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မူတွေရှိနိုင်မလဲ
---------------
တရုတ်ဘက်က မူဝါဒကတော့ ငြိမ်မှာပါ။ အရင်နှစ်တွေတုန်းကလည်း သူတောက်လျှောက်လုပ်ခဲ့တယ်။ အခုလည်းဆက်ပြီး တာဝန်ထမ်းဆောင်မယ်ဆိုတော့ တရုတ်ဘက်ကမူဝါဒကတော့ ထူးထူးခြားခြားပြောင်းဖို့ မရှိလောက်ဘူး။ Continuity ရှိပါမယ်။ အမေရိကန်နဲ့ယှဉ်ကြည့်မယ်ဆိုရင် ဒေါ်နယ်ထရမ့်သမ္မတဖြစ်သွားတော့ မူဝါဒက မြန်မာကိုတင်မဟုတ်ဘူး။ တခြားဘက်ကိုပါ အများကြီးပြောင်းသွားတယ်။ တရုတ်မှာက သမ္ပတရှီကျင့်ဖျင်က ဆက်ပြီး ရှိနေမယ်ဆိုတော့ သူ့မူဝါဒက ပိုပြီးခိုင်မာဖို့ရှိနေတာပါ။ အထူးသဖြင့်တော့ One Belt One Road က သူ့ရဲ့အကြိုက်ပါ။ ကျန်တာတွေကတော့ အစဉ်အဆက်က စခဲ့တာဖြစ်ပါတယ်။ One Belt One Road က မြန်မာပြည်နဲ့လည်း ချိတ်နေတော့ မြန်မာပြည်ကလည်း သူ့စီမံချက်ထဲမှာ ပါမှာပါပဲ။ စီးပွားရေးနဲ့ပတ်သက်ရင်လည်း ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ မျက်နှာစုံညီအစည်းအဝေးလုပ်ပြီး အဲဒီအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ခဲ့ပြီး မိန့်ခွန်းစကားလည်းပြောခဲ့ပါတယ်။ သမ္မတရှီကျင့်ဖျင်နဲ့လည်း အစည်းအဝေးအပြင်ဘက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီမှာ ပြောတာတွေကတော့ မြန်မာ-တရုတ်စီးပွားရေး စြင်္ကံကိစ္စကို မြန်မြန်အကောင်အထည်ဖော်ဖို့ ရှီကပြောတယ်၊ ရှီမတိုင်မီကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး လာခဲ့သေးပါတယ်၊ လာတုန်းကလည်း သူကဒီအကြောင်းပဲ ပြောခဲ့တာပါ။ အဲဒီမှာသူက တရုတ်နိုင်ငံကနေ မန္တလေး၊ မန္တလေးကနေမှ ရန်ကုန်၊ ပြီးရင်ရခိုင်ဘက်ကိုဆက်သွားမယ့် တရုတ်နဲ့မြန်မာကြား စီးပွားရေးရပ်ဝန်းကြီးဖြစ်သွားမယ့်သဘော၊ ခရီးသွားလာရေးရပ်ဝန်းကော စီးပွားရေးရပ်ဝန်းရော ဖြစ်သွားမယ့်သဘောပါပဲ။ ရှီက မြန်မာပေါ်ဘယ်လိုသဘောထားလဲဆိုတာကတော့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတို့တောက်လျှောက်လုပ်ခဲ့တဲ့ဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း တရုတ်နဲ့ မြန်မာနဲ့ နည်းနည်းလေးဝေးသွားတဲ့ သဘောမျိုးရှိတယ်၊ အခုဒီဘက်ခေတ်လက်ထက်ကျတော့ ရခိုင်ကိစ္စနဲ့ ပြန်ချိတ်တော့ ပြန်ပြီးနွေးထွေးလာတဲ့ ပုံစံမှာရှိတယ်။ တရုတ်ကတော့ မြန်မာနဲ့ အိမ်နီးနားချင်းဆက်ဆံရေး နယ်စပ်ခြံစည်းရိုးလုံခြုံရေးကိုတော့ သူအဓိကထားပြီး စဉ်စားလိမ့်မယ်။ နောက်ပြီးတော့ မြန်မာကနေမှ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက် အဲဒီလိုထားပြီးစဉ်းစားတယ်။ စီးပွားရေးအရဆို တရုတ်က မြန်မာဆီကနေ အများကြီးရစရာမရှိဘူး၊ မြန်မာနဲ့ ကုန်သွယ်တဲ့ပမာဏအရ ပြောရင်ပါ။ အဲဒီပမာဏက တရုတ်က တစ်ကမ္ဘာလုံးနဲ့ ကုန်သွယ်မှုပမာဏနဲ့ယှဉ်ရင် နည်းနည်းလေးပဲရှိတယ်။ မြန်မာဘက်ကပြန်ကြည့်ရင်တော့ အများကြီးပဲ။ တရုတ်က ကုန်သွယ်မှုအရလည်း များတယ်၊ ရင်းနှီးမြှုပ်နှံထားတာလည်းများပါတယ်။ အဲဒီတော့ တရုတ်နဲ့ မြန်မာနဲ့ယှဉ်ကြည့်ရင် မြန်မာဆီက စီးပွားရေးအခွင့်အလမ်းက တရုတ်အနေနဲ့ ရစရာရှိရင်တောင် အားလုံးနဲ့ယှဉ်ကြည့်ရင် နည်းနည်းပဲရှိ တယ်။ မြန်မာကကျတော့ တရုတ်နဲ့ ပတ်သက်ဆက်နွှယ်မှုက အတိုင်းအတာ အများကြီးရှိသွားတယ်။
One Belt One Road အနေအထားအရပြောရင်လည်း တစ်ခြားနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်တို့က တရုတ်ကိုချဉ်းကပ်တဲ့ အနေအထားမှာ ရှိနေတယ်။ မြန်မာကိုကျတော့ တရုတ်က ဝင်ချဉ်းကပ်တဲ့ သဘောရှိတယ်။ အိန္ဒိယသမုဒ္ဓရာထွက်ပေါက် ဖြစ်နေတာကြောင့်လို့ပြောနိုင်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ့်ဘက်ကအခွင့်အလမ်းတော့ရှိနေတယ်။
ဂျပန်နိုင်ငံမှာလည်း ရှင်ဇိုအာဘေးက ဝန်ကြီးချုပ်အဖြစ်ဆက်ပြီး တာဝန်ထမ်းဆောင်တော့ မြန်မာစီပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်မလဲ
----------------
ရှင်ဇိုအာဘေးတာဝန်ဆက်ထမ်းဆောင် မဆောင် ဂျပန်ကတော့ မြန်မာပြည်ဝင်မယ်လို့ ကြိုပြင်ထားပြီးသားပါပဲ။ ရှင်ဇိုအာဘေးရှိတဲ့အတွက် ပိုကောင်းလာမှာဖြစ်သလို သူ့ဇနီးကလည်း မြန်မာ့အရေးတွေမှာ တော်တော်များများလေး ပါလာတာတွေ့ရတယ်။ အဲဒီတော့ ဂျပန်ရဲ့ မူဝါဒကလည်း ဒီအတိုင်းပဲတည်ရှိနေဦးမယ်။ မြန်မာအနေနဲ့ ဂျပန်ဘာလုပ်မှာလည်းဆိုပြီးတော့ စဉ်းစားစရာမလိုဘူး၊ ပြီးခဲ့တဲ့လက ဖိလစ်ပိုင်မှာ ရှင်ဇိုအာဘေးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တုန်းကလည်း ဒေါ်လာတစ်ဘီလီယံကို ဆက်ပြီးကူညီမယ်လို့ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့က တရုတ်ကိုချည်းပဲအားကိုးမနေဘဲနဲ့ တခြားရှာတဲ့အချိန်မှာ ဂျပန်ကလည်း ကျွန်တော်တို့အတွက်က အဆင်ပြေပါတယ်။ ဂျပန်နဲ့ တရုတ်ကလည်း ပြိုင်ဘက်တွေဖြစ်နေတော့ အာရှမှာလည်း တကယ့်အင်အားကြီးနိုင်ငံတွေ ဖြစ်နေတော့ သူတို့နှစ်နိုင်ငံလုံးနဲ့ အဆင်ပြေနေတယ်ဆိုရင် မြန်မာပြည်စီးပွားရေးအတွက် အလားအလာကောင်းမှာပါ။ တရုတ်က လက်ရှိမှာ မြန်မာနဲ့က နိုင်ငံရေးကိစ္စ တော်တော်များများ ချိတ်ဆက်နေတယ်။ နောက်ပြီးကုန်သွယ်မှုအများဆုံးနိုင်ငံလည်းဖြစ်နေသလို ရင်းနှီးမြှုပ်နှံမှုလည်း အများဆုံးလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ ပါနေပါတယ်။ ဂျပန်ကကျတော့ နိုင်ငံရေးအရ အများကြီးမချိတ်ဆက်ဘူး။ ဒါပေမဲ့ ဘက်ပေါင်းစုံမှာတော့ပါနေတယ်။ ငြိမ်းချမ်းရေး၊ ပညာရေးကဏ္ဍ စတာတွေမှာလည်း ငွေကြေးထောက်ပံ့တာတွေရှိနေတယ်။ အခုလိုအချိန် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်တို့လို အင်္ဂလန်တို့လို နိုင်ငံမျိုးတွေက အများကြီးလာဖို့မရှိဘူး။ လာမှာကတော့ လောလောဆယ် အာရှနိုင်ငံပဲရှိတယ်။ အဲဒီလိုအခြေအနေမှာ ဘယ်နိုင်ငံဘက်မှမလိုက်ဘဲ အကျိုးတူပူးပေါင်းလုပ်တဲ့ ပုံစံမျိုးနဲ့နေပြရင်တော့ သူတို့ဆက်ပြီးတော့ အကျိုးတူလုပ်သွား မှာပါ။ ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်ဖို့ကျတော့ အခု လက်ရှိရင်းနှီးထားတဲ့ ဂျပန်ကုမ္ပဏီတွေက ဆွဲဆောင်ရမှာပါ။ သီလဝါမှာဆို ရှယ်ယာတော်တော်ပါနေတယ်။ ပြီးတော့ စတော့အိတ်ချိန်းမှာလည်းရှိပါတယ်။ ဒီနှစ်ခုတိုးတက်ဖို့အတွက်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်လာဖို့ လိုပါတယ်။ ဂျပန်က တခြားနိုင်ငံတွေလိုမဟုတ်ဘူး။ သူတို့က မတည်ငြိမ်တဲ့နိုင်ငံဆိုလည်း ဝင်ပြီးရင်းနှီးမြှုပ်နှံရဲတယ်။ နောက်တစ်ခုက အဲဒီအခြေအနေကိုလည်းကောင်းအောင် ပိုလုပ်ပေးမယ့်သဘောရှိတယ်။ လေးငါးနှစ်လုပ်ပြီး ပိုက်ဆံပိုက်ပြီး ပြန်ထွက်သွားမှာမျိုးလည်း မဟုတ်ဘဲ သူတို့က နှစ်ရှည်ရင်းနှီးမြှုပ်နှံမယ့် သဘောရှိတယ်။ အဲဒီတော့ သူကြာကြာနေမယ့်နိုင်ငံကို ဝိုင်းပြင်မယ့်သဘောရှိပါတယ်။ ပြီးတော့ ဂျပန်ဖောင်ဒေးရှင်း တော်တော်များများက ငြိမ်းချမ်းရေးမှာ အတွေ့အကြုံတော်တော်ရှိတဲ့အတွက် ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
အနောက်နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မူတွေ ဆက်လုပ်နေဦးမယ်ဆိုရင် မြန်မာအနေနဲ့ရှိပြီးသား မဟာမိတ်တွေရဲ့ အကူအညီနဲ့ စီးပွားရေးဦးမော့လာအောင်လုပ်ရဦးမယ်။ အဲဒီအတွက်အမြင်က
----------------
အခုရင်းနှီးမြှုပ်နှံမှုကိုကြည့်ရင်လည်း အနောက်နိုင်ငံတွေ ပါတာသိပ်မရှိဘူး။ အရှေ့ဘက်ကနိုင်ငံတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ယှဉ်ရင်နည်းပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ဆိုရင် တအားအဆင့်က ကွာတယ်။ သူလုပ်နေတာတွေက တကယ့်နည်းပညာအမြင့်တွေ၊ သူတို့ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ကြာဦးမှာပါ။ ဆယ်နှစ်၊ ၁၅ နှစ်တက်လာတော့မှ ရင်းမြှုပ်နှံလို့ရမှာဆိုတော့ အခုလောလောဆယ် တရုတ်၊ ဂျပန်၊ ပြီးရင်အိန္ဒိယတို့က တက်လာတယ် ပြီးရင်အာဆီယံ ရှိတယ်။ ထိုင်းတို့၊ စင်ကာပူတို့၊ မလေးရှားတို့ရှိတယ်။ သူတို့ရဲ့အား သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု နည်းနည်းလေးရတာနဲ့တင် မြန်မာပြည်က အများကြီးတက်သွားလိမ့်မယ်။
အရင်လို အာရှက ခေတ်နောက်ကျပြီး ကျန်ခဲ့တဲ့ခေတ်မဟုတ်တော့ဘူး။ အခုက အာရှရာစုနှစ် တရုတ်ရာစုနှစ်ဆိုပြီတော့ ဖြစ်နေတယ်။ အိန္ဒိယဆိုလည်း တောက်လျှောက်တက်လာတယ်။ ဂျပန်ဆိုလည်း အားကောင်းနေဆဲဆိုတဲ့အခါကျတော့ ဒီသုံးနိုင်ငံနဲ့ အာဆီယံအားကို ထိထိရောက်ရောက် ယူလိုက်နိုင်လိုက်တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံစီးပွားရေးက အများကြီးတက်သွားမှာပါ။ အမေရိကန်လွှတ်တော်မှာ တချို့ကိုယ်စားလှယ်တွေက မြန်မာကို Sanction လုပ်ဖို့ ပြောနေတာကိုတော့ ထိန်းထားရမှာပါ။ အမေရိကန်က ဘာပဲပြောပြော ကမ္ဘာ့ခေါင်းဆောင်လိုဖြစ်နေတော့ သူကတစ်ခုခု ငြင်းလိုက်တယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေက တန့်သွားတယ်ဆိုရင် ဘာပဲပြောပြော မြန်မာလိုနိုင်ငံငယ်မျိုးအတွက် ကျတော့ မကောင်းပါဘူး။ အမေရိကန် Sanction က အရင်တုန်းက အရေးယူပိတ်ဆို့မှုတွေ ကြုံခဲ့ဖူးတဲ့အနေအထားရှိခဲ့ပေမယ့် အခုအချိန်က မြန်မာက ပွင့်သွားတဲ့အချိန်မှာကျတော့ အဲဒီလိုပိတ်လိုက်ရင်တော့ နည်းနည်းတော့ အခက်အခဲဖြစ်သွားမှာပါ။ အဲဒီအခါကျတော့ အဲဒီဘက်မှာ ဆိုးမသွားအောင် ထိန်းထားဖို့လိုပါတယ်။ ကိုယ့်ဘက်က ဘာတွေလုပ်နေတယ်ဆိုတာ ဟိုဘက်ကို သက်သေပြဖို့လည်းလိုတာပေါ့နော်။ အမေရိကန်ဆိုတာလည်း ဒီမိုကရေစီရရှိရေးတွေမှာ ပါဝင်ခဲ့တော့ မြန်မာပြည်အောင် မြင်ဖို့အတွက်က သူတို့အတွက်လည်း တကယ့်တမ်းတော့ အရေးကြီးတယ်။ အဲဒီဘက်ကိုလည်း ထိန်းထားပြီး၊ ဒီဘက်မှာလည်း တရုတ်၊ အိန္ဒိယ၊ ဂျပန်တို့နဲ့ စီးပွားရေးဆက်ဆံမှုမှာ အများကြီးတက်လာအောင်လုပ်ဖို့ လိုပါတယ်။
တရုတ်သမ္မတရှီဟာ နိုင်ငံတကာနဲ့ပတ်သက်တဲ့ စီးပွားရေးပေါ်လစီတွေကို ဘယ်လိုကျင့်သုံးနေသလဲ
------------------
လွန်ခဲ့တဲ့ငါးနှစ်က ကျင်းပခဲ့တဲ့ ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီအမျိုးအစား ကွန်ဂရက်က ချမှတ်ပေးခဲ့တဲ့ မူဝါဒအတိုင်း ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ခိုင်းခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အခုနိုဝင်ဘာလဆန်းမှာ ကျင်းပခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက်မှာ- သမ္မတရှီကျင့်ဖျင်က ''ပေပေါ်တင်ပြီး ထုမယ့်သံက ခိုင်မာဖို့လိုတယ်'' လို့ ပြောခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ကတော့ မှန်ကန်တဲ့ စီးပွားရေးပေါ်လစီဟာ ထုသား ပေသားကျတဲ့ သံမဏိလိုပဲ အခက်အခဲကို ကျော်နင်းနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ယူဆနိုင်ပါတယ်။ သမ္မတရှီရဲ့ နောက်စကားတစ်ခွန်းကတော့ ''ပန်းချီကားတစ်ချပ်ကိုတော့ ပြီးအောင်ဆွဲရမှာပဲ'' တဲ့ ဟုတ်ပါတယ်။ သမ္မတရှီနဲ့ တရုတ်ပြည်သူတွေဟာ သူတို့ရဲ့စိတ်ကူးပန်းတိုင်ပန်းချီကားကို အခုတော့ လက်တွေ့ပြီး ဆုံးအောင်ဆွဲနေကြတယ်လို့ ပြောချင်ပါတယ်။
သမ္မတရှီ နိုင်ငံတကာနဲ့ပတ်သက်တဲ့ စီးပွားရေးပေါ်လစီ ကျင့်သုံးမှုဟာ အတော်ကျယ်ပြန့်တဲ့ ကိစ္စလို့ပြောရမှာပါ။ တရုတ်အစိုးရရဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုဆက်ဆံရေးမှာ မတူကွဲပြားမှုတွေ ရှိတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ပကတိအခြေအနေအရ စီးပွားရေးပေါ်လစီအရွေ့နဲ့ နည်းဗျူဟာပြောင်းလဲကျင့်သုံးမှုတွေ ရှိတယ်လို့ ယူဆပါတယ်။ ဥပမာပြောရရင် အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှက အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့လို နိုင်ငံတွေအပေါ် တရုတ်အစိုးရသာရှိတဲ့ စီးပွားရေးမူဝါဒ ကျင့်သုံးမှုဟာ တခြားနိုင်ငံတွေနဲ့ မတူတာကို တွေ့မှာပါ။ ဒီလိုပဲ အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြားမှာရှိနေပေမယ့် စီးပွားရေးဆက်ဆံမှုတွေကလည်း တစ်ပြေးညီတော့ မဖြစ်နိုင်ပါဘူး။ ဒါတွေက နိုင်ငံရေးဆိုင်ရာ သဘောထားအမြင်တွေနဲ့လည်း ဆက်နွှယ်နေပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးဟာ လက်တွေ့မှာ ခွဲမရတဲ့အရာတွေအဖြစ် တည်ရှိနေတာပါ။
သို့သော်လည်း တရုတ်အစိုးရတစ်လျှောက်လုံး ကျင့်သုံးဆဲ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ အခြေခံမူဝါဒကတော့ တစ်နိုင်ငံရဲ့ အချုပ်အခြာကို တစ်နိုင်ငံကလေးစားလိုက်နာရေး၊ ကုန်သွယ်မှုမှာ အပြန်အလှန်အကျိုးအမြတ်ရှိရေး၊ တန်းတူညီမျှရေး၊ တစ်ဦးရဲ့အားသာချက်ကို တစ်ဦးက အားပေးဖြည့်ဆည်း၊ အမြတ်အစွန်းရရှိရေး၊ တစ်ခုတည်းအပေါ် ဦးတည်ချက်မထားခင်၊ တရုတ်အမျိုးသားစီးပွားရေးက ဆုပ်ကိုင်ထားတဲ့ စံနှုန်းသဘောတရားတစ်စုံလုံးနဲ့အတူ ပြည်ပကုန်သွယ်မှုကို ပေါင်းစပ်ကျင့်သုံးတာလို့ ပြောချင်ပါတယ်။
ဒါပေမဲ့ စီးပွားရေးပေါ်လစီတိုင်းကတော့ အမျိုးသားအကျိုးစီးပွားပေါ်မှာ အခြေခံတာမြင်တော့ အထက်မှာ ကျွန်တော်ပြောခဲ့သလိုပဲ သမ္မတရှီရဲ့နိုင်ငံတကာနဲ့ ဆက်နွှယ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပေါ်လစီဟာလည်း အနည်းနဲ့အများတော့ မရွေ့တဲ့သဘောတွေရှိမှာပါ။ တရုတ်အမျိုးသားတွေဟာ ရှေးအခါကပဲ ရောင်းဝယ်ဖောက်ကားမှုအတတ်မှာ ကျွမ်းကျင်နံှ့စပ်သူတွေ ဖြစ်ကြပါတယ်။ ကုန်သွယ်မှုအတတ်ပညာကို နှစ်ပေါင်းထောင်ချီပြီး ကုန်းကြောင်း၊ ရေကြောင်းကချဲ့ထွင်သွားနိုင်ခဲ့သလို ကမ္ဘာကျော်ပိုးလမ်းမကြီးကို တည်ဆောက်နိုင်ခဲ့တာ တွေ့ရပါတယ်။
အာရှအလယ်ပိုင်း ရိုဘီသဲကန္တာရကို ဖြတ်သန်းပြီး တရုတ်ပြည်နယ်ပိုးထည်းတွေကို ဥရောပဈေးကွက်ထိ ရောက်အောင် ပို့ဆောင်ခဲ့ကြတယ်။ ဒါက ပထမပိုးလမ်းမပါ။ ဒုတိယပိုးလမ်းမကတော့ တရုတ်ပြည်ယူနန်နယ်ကနေ မြန်မာနိုင်ငံဗန်းမော်ကို ဖြတ်၊ ပုဂံမြို့အထိ တရုတ်ကုန်သည်တွေ ရောက်ရှိခဲ့ကြပါတယ်။ သမိုင်းမှာ ဒီလိုခမ်းနားထည်ဝါတဲ့ စီးပွားရေးပိုးလမ်းမကြီးကို ဖောက်လုပ်ခဲ့ကြတဲ့ တရုတ်ကုန်သည်တွေရဲ့ စံနမူနာတွေကိုယူပြီး ပြန်လည်ဆန်းသစ်တဲ့အနေနဲ့ သမ္မတရှီဟာ ခေတ်သစ်ပိုးလမ်းမ (One Belt One Road) ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်ကို တည်ဆောက်တာလို့ ပြောနေကြပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်တော့ ခံတပ်မရှိတဲ့ စီးပွားရေးပေါ်လစီနဲ့ (Global Economic) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းမကြီးကိုသမ္မတရှီ တည်ဆောက်နေတယ်လို့ ပြောချင်ပါတယ်။
မြန်မာနိုင်ငံအပေါ်မှာကော သမ္မတရှီရဲ့ စီးပွားရေးပေါ်လစီက ဘယ်လိုရှိပါသလဲ
-----------------
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ (Wang Yi) ဟာ နေပြည်တော်ကိုရောက်ရှိခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ မစ္စတာဝမ်ယီက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်တဲ့နည်းလမ်းသုံးရပ်ကို အကြံပြုခဲ့ပါတယ်။ ပထမအချက်က- အခင်းဖြစ်ပွားနေတဲ့ဒေသမှာ အပစ်အခတ်တွေ ရပ်ဆိုင်းပြီး ပြည်သူလူထုစနစ်တကျ တည်ငြိမ်မှုပြန်လည်ရရှိလာရေး၊ အေးချမ်းငြိမ်သက်မှု ရရှိကာ မိမိတို့အိုးအိမ်ကို ထပ်မံမစွန့်ခွာရေး၊ ဒုတိယအချက်က- နိုင်ငံတကာလူမှုအသိုင်းအဝိုင်းက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုပိုမိုရရှိအောင် ဝိုင်းဝန်းတိုက်တွန်းအားပေးရန်၊ တန်းတူရေးကို အခြေခံပြီး ပြဿနာကိုဖြေရှင်းနိုင်မယ့် နည်းလမ်းအမြန်ဆုံး ရှာတွေ့နိုင်ရန်နှင့် ညှိနှိုင်းဖြေရှင်းရန်၊ တတိယအချက်ကတော့- ပြဿနာရဲ့ဇစ်မြစ်ကို ရင်ဆိုင်ပြီး အခြေခံကအစ ပြုပြင်ပြောင်းလဲရေး ''ဆင်းရဲမွဲတေမှုဟာ လူ့အဖွဲ့အစည်းကို မတည်ငြိမ်နိုင်အောင်နဲ့ အဓိကဇုန်တွေဖြစ်အောင် ဖန်တီးတဲ့အရင်းခံပြဿနာဖြစ်တယ်။'' ရခိုင်ပြည်နယ်ဟာ သဘာဝသယံဇာတပေါကြွယ်တယ်ဆိုပေမယ့်လည်း ဖွံ့ဖြိုးတိုးတက်မှုဟာ ခေတ်နောက်ကျနေဆဲဖြစ်တယ်။ ဒါကို နိုင်ငံတကာလူမှုအသိုင်းအဝိုင်းဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာအောင်နဲ့ ဆင်းရဲတွင်းက လွတ်ကင်းအောင် ပိုမိုရင်းနှီးမြှုပ်နှံပေးဖို့ လိုအပ်ပါတယ်။ ဖွံ့ဖြိုးလာတာနဲ့အမျှ တည်ငြိမ်မှုရရှိလာမှာ ဖြစ်တယ်လို့ မစ္စတာဝမ်ယီက အကြံပြုခဲ့ပါတယ်။
ရခိုင်ပြည်နယ်တည်ငြိမ်ဖွံ့ဖြိုးရေးဟာ တရုတ်အစိုးရအနေနဲ့ပြောရင် အရေးပါတဲ့ကိစ္စတစ်ခုဆိုတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်ဖြူမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိနေပါတယ်။ ဒါအပြင် ''တရုတ်မြန်မာစီးပွားရေးစြင်္ကံလမ်း'' ဆိုတဲ့ ခေါင်းစဉ်တစ်ခုကိုလည်း မစ္စတာဝမ်ယီက သတင်း စာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ ဒီစီးပွားရေးစြင်္ကံလမ်းကို တရုတ်စာလုံး ''--'' လူပုံစံနဲ့တူ သုံးချောင်းထောက်စနစ်နဲ့ လမ်းဖွင့်သွားမှာလို့ ပြောကြားသွားပါတယ်။
တရုတ်မြန်မာစီးပွားရေးစြင်္ကံလမ်းဆိုတာကလည်း ခေတ်သစ်ပိုးလမ်းမကြီး (One Belt One Road) စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီစီမံကိန်းကြီးနဲ့ ပတ်သက်လို့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအပေါ် အဓိကကျတဲ့ မဟာမိတ်လို့ မြင်ထားပါတယ်။ နှစ်နိုင်ငံရဲ့ မဟာဗျူဟာဘက်စုံပူးပေါင်းဆောင်ရွက်ရေးနဲ့ မိတ်ဖက်ဆက်ဆံရေးခိုင်မာဖို့အတွက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့ လက်တွေ့လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ တရုတ်တို့ဘက်က ဆန္ဒရှိနေပါတယ်။ တရုတ်မြန်မာစြင်္ကံလမ်းကိုလည်း အတူတကွစူးစမ်းလေ့လာပြီး၊ မြန်မာပြည်မြောက်ပိုင်း တရုတ်ယူနန်နယ်ကနေ စတင်တည်ဆောက်ကာ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တောင်ဖက်ကို ထိုးဆင်းပြီး မန္တလေးကိုရောက်ရင် တစ်ခါမန္တလေးကနေ ရန်ကုန်ကို တစ်လမ်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူစီးပွားရေးဇုန်ကို တစ်လမ်း၊ အရှေ့အနောက် လမ်းခွဲသွားတဲ့လမ်းကြောင်းဖြစ်ပါတယ်။
ဒီတရုတ်မြန်မာစီးပွားရေးစြင်္ကံလမ်းဟာ သုံးချောင်းထောက် ပူးပေါင်းဆောင်ရွက်ရေးစနစ်ပါ။ ဒီစြင်္ကံလမ်းဟာ အနာဂတ်မှာ တရုတ်မြန်မာ အပြန်အလှန်ဆက်နွှယ်ပြီး အရေးကြီးတဲ့ စီမံကိန်းတွေကို အထောက်အကူပြုနိုင်ရုံမက အပြန်အလှန်တွန်းအားပေးနိုင်မှာဖြစ်သလို အကျိုးသက်ရောက်မှုကောင်းတဲ့ အောင်မြင်မှုတွေလည်း ရရှိလာမယ်။ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံရဲ့ဒေသတိုင်းလိုလို ညီညွှတ်မျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အကောင်အထည်ပေါ်လာမယ်လို့ တရုတ်တို့က ယုံကြည်ထားကြပါတယ်။
မစ္စတာဝမ်ယီက ''တရုတ်မြန်မာ စြင်္ကံလမ်းတည်ဆောက်ထားကာ တရုတ်မြန်မာနှစ်နိုင်ငံရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်တို့ အတူတကွတည်ဆောက်တာ'' လို့ ပြောပါတယ်။ တစ်နည်းအားဖြင့် အနာဂတ်သစ်ကို လမ်းဖွင့်ပေးလိုက်တာပါပဲ။ နှစ်နိုင်ငံက ကျွမ်းကျင်ပညာရှင်တွေနဲ့ သက်ဆိုင်ရာဌာနတွေဟာ ဒီလမ်းကြောင်းအတိုင်း သိပ္ပံနည်းကျဖွံ့ဖြိုးသွားဖို့ မျှော်လင့်နေပါတယ်။ မြန်မာပြည်သူတွေ အလိုအပ်ဆုံးဖြစ်နေတဲ့ စီမံကိန်းတွေကနေ အစပြုတည်ဆောက်သွားရမှာဖြစ်သလို မြန်မာနိုင်ငံဘက်က မဖြစ်မနေဆုပ်ကိုင်ရမယ့်နည်းလမ်းဒေသတွေကနေ စတင်လုပ်ကြရမှာပါ။ နောက်ပိုင်းကတော့ တဖြည်းဖြည်းနဲ့ အပြန်အလှန်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သစ်လွင်တဲ့ အခြေအနေတစ်ရပ်ကို ပုံဖော်ရမှာပါလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက သူ့သဘောထားကို ထုတ်ဖော်ပြောကြားသွားပါတယ်။ မစ္စတာဝမ်ယီရဲ့ စီးပွားရေးအကြံပြုချက်တွေဟာ တစ်နည်းအားဖြင့်တော့ မြန်မာနိုင်ငံအပေါ်မှာ တရုတ်သမ္မတရှီထားရှိတဲ့ စီးပွားရေးပေါ်လစီလို့လည်း ပြောနိုင်ပါတယ်။
တရုတ်က တံခါးဖွင့်ဝါဒကြောင့် စီးပွားရေးတစ်ဟုန်ထိုး တိုးတက်လာတော့ မြန်မာအနေနဲ့လည်း ဘာတွေအတုယူပြီး ပြုပြင်ပြောင်းလဲဖို့ လိုမလဲ
---------------
တရုတ်ပြည်မှာ ၁၉၆၆ ခုနှစ်က မဟာမပစ္စည်းမဲ့ယဉ်ကျေးမှုတော်လှန်ရေးကြီးကို ဥက္ကဋ္ဌမော်က ဦးဆောင်ဆင်နွှဲခဲ့ပါတယ်။ အဓိကကတော့ အဟောင်းလေးမျိုးကို ဆန့်ကျင်တိုက်ဖျက်ရေးပါ။ ဓလေ့ထုံတမ်းအဟောင်း၊ ယဉ်ကျေးမှုအဟောင်း၊ အလေ့အကျင့်အဟောင်း၊ အတွေးအခေါ်အဟောင်းဆိုတဲ့ အချက်တွေပါ။ ဒီအချိန်ကစပြီး တရုတ်ပြည်ဟာ တံခါးပိတ်ဝါဒကို ကျင့်သုံးလိုက်တာ ၁၉၇၆ ခုနှစ်ကျမှ ပြီးဆုံးသွားပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးကြီးဟာ ၁၁ နှစ်တိုင် ကြာညောင်းခဲ့တာကြောင့် တရုတ်ပြည်ကို (Open door Policy) တံခါးဖွင့်ဝါဒကျင့်သုံး ပြီး အသစ်ပြန်လည်တည်ဆောက်ရတာ ဖြစ်ပါတယ်။
တံခါးဖွင့်ဝါဒကြောင့် တရုတ်ပြည်စီးပွားရေးတစ်ဟုန်ထိုးတက်လာတယ်လို့ အပြည့်အဝမယူဆနိုင်ပါဘူး။ တံခါးဖွင့်ဝါဒအစောပိုင်းက တရုတ်ပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အတော်ပဲ နှေးကွေးလေးလံတယ်လို့ ပြောနိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ အငွေ့အသက်တွေက ကျန်ရှိနေသေးတာရယ်၊ နောက်တစ်ချက်ကတော့ နိုင်ငံရေးပြဿနာတွေနဲ့ အတွေးအခေါ်အယူအဆရေးရာတွေမှာ ရှင်းရှင်းလင်းလင်း မဖြစ်သေးတာရယ်ကြောင့်လို့ ပြောနိုင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကျော်လာပြီဖြစ်ပေမယ့်လည်း တရုတ်ပြည်မှာ ယွမ်ငွေထက်ရိက္ခာလက်မှတ်က အရေးပါနေတုန်းပါ။ ဘယ်နေရာကိုသွားသွား ရိက္ခာလက်မှတ်လိုအပ်နေဆဲပါ။ လူတွေက အပြာရောင်ဝတ်စုံတွေကိုပဲ ဝတ်ဆင်နေကြဆဲပါ။ ကျွန်တော်ပြောချင်တာက တရုတ်ပြည်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ရုတ်တရက်မဟုတ်ဘဲ အခက်အခဲများစွာနဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ကျော်လွှားပြီးမှ စီးပွားရေးအောင်မြင်မှုတွေကို ရရှိလာတာပါ။ ပြည်တွင်းမှာ မှားယွင်းတဲ့ပေါ်လစီတွေပြောဖို့ အကွေ့အကောက်များစွာကို တရုတ်ပြည်သူတွေကြုံတွေ့ခဲ့ကြရပါတယ်။ စနစ်ဟောင်းတစ်ခုကို စနစ်သစ်တစ်ခုနဲ့ အစားထိုးရာမှာ လွယ်လင့်တကူဖြစ်လာတာမျိုး မဟုတ်ဘူးဆိုတာကို ကျွန်တော်မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။
၁၉၉၀ ပြည့်နှစ်ရောက်မှပဲ တရုတ်ပြည်စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာတာပါ။ ဒါဟာ တရုတ်ခေါင်းဆောင်ကြီးတိန့်ရှောင်ဖိန်ရဲ့ မှန်ကန်ထက်မြက်တဲ့ လမ်းညွှန်မှုကြောင့်လို့ ပြောရပါမယ်။ မစ္စတာတိန့်ရဲ့ ကျေးဇူးကြောင့် တရုတ်ပြည်ဟာ ပြန်လည်နုပျိုလန်းဆန်းလာတယ်လို့ ပြောရင်လည်း မမှားပါဘူး။ တိန့်ရှောင်ဖိန်တို့ စီးပွားရေးမူဝါဒတွေဟာ တရုတ်ပြည်သူတွေရဲ့ လက်တွေ့လိုအပ်ချက်တွေနဲ့ ကိုက်ညီခဲ့ပါတယ်။ ဒါကြောင့် တိန့်ရဲ့ သဘောတရားတွေဟာ မာ့က်ဝါဒလမ်းကြောင်းကနေ မသွေဖည်ခဲ့ပါဘူး။
၁၉၇၈ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီအတွင်း တိန့်ရှောင်ဖိန် (Deng Xiao Ping) ဦးဆောင်ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ တရုတ်ပြည်ကို လေးမျိုးခေတ်မီရေး စတင်တည်ဆောက်ခဲ့ပါတယ်။ ၁၉၇၈ ကနေ ၁၉၈၀ ခုနှစ်အထိ တစ်ပိုင်း၊ ၁၉၈၀ ကနေ ၁၉၉၀ ပြည့်နှစ်အထိ တစ်ပိုင်း နှစ်ပိုင်းခွဲပြီး လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ တကယ်တော့ လေးမျိုးခေတ်မီရေးရည်မှန်းချက်ကို ယခင်တရုတ်ခေါင်းဆောင်ဝန်ကြီးချုပ် ချူအင်လိုင်းက ၁၉၆၃ ခုနှစ်မှာ အစပျိုးခဲ့တာပါ။ ၁၉၇၈ ခုနှစ်မှာတော့ ဒီရည်မှန်းချက်ကို မစ္စတာတိန့်က ပြန်လည်အကောင်အထည်ဖော် တည်ဆောက်တာဖြစ်ပါတယ်။ လယ်ယာ၊ စက်မှု၊ အမျိုးသားကာကွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာဆိုတဲ့ ကဏ္ဍလေးရပ်ရဲ့ ခေတ်မီရေးကို ရည်မှန်းချက် ပန်းတိုင်ထားပြီး လုပ်တာပါ။
ဒီရည်မှန်းပန်းတိုင်လေးရပ်ကို အောင်မြင်အောင် တည်ဆောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ နောက်တရုတ်ပြည်တွင်းမှာ အခြားအရေးပေါ်လုပ်ငန်းတွေကလည်း အများကြီးရှိနေပါသေးတယ်။ သို့သော် ဒါတွေအားလုံးကို ဆောင်ကြဉ်းနိုင်ဖို့ဆိုရင် ဘဏ္ဍာငွေတောင့်တင်းခိုင်မာဖို့လိုပါတယ်။ ဘဏ္ဍာငွေအတွက် တိုင်းပြည်စီးပွားရေးတို့ ကောင်းအောင်လုပ်ရမယ်။ အရာအားလုံးထက်စီးပွားရေးကို ကောင်အောင်လုပ်ရမယ်လို့ ကွန်ဂရက်မှာ ဆုံးဖြတ်ခဲ့ကြပြီး ''စီးပွားရေးကို ဗဟိုပြု၊ ဘက်စုံဖွံ့ဖြိုးမှုကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာကြောင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ တရုတ်ပြည်စီးပွားရေးဟာ တစ်ရှိန်ထိုး တက်လာတာဖြစ်ပါတယ်။ အရင်ကလို ဆန်စင်ရာ ကျည်ပွေ့လိုက်စရာမလိုတော့ဘဲ။ တိုင်းပြည်ရဲ့ စီးပွားရေးဟာ၊ ပြည်သူပြည်သားတွေရဲ့ စားဝတ်နေရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်လို့ စီးပွားရေးတစ်ခုတည်းကို အာရုံပြုလုပ်ဆောင်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အလွန်မှန်ကန်တယ်လို့ ယူဆပါတယ်။
တစ်ချိန်က တရုတ်ပြည်သူတွေ စိတ်ကူးအိပ်မက် မက်ခဲ့ရတဲ့ဘဝကို အခုလက်တွေ့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ဒါဟာ တရုတ်အလုပ်သမား၊ လယ်သမားတွေနဲ့ တရုတ်ပြည်သူတစ်ရပ်လုံးရဲ့ ယုံကြည်ချက်ခိုင်မာမှုနဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ အသီးအပွင့်လို့ပြောရမှာပါ။
တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတဲ့ မြန်မာစကားလိုပါပဲ။ ကျွန်တော်တို့ ဒီလိုလုပ်ဟန်ကို စံနမူနာယူပြီး မြန်မာ့စီးပွားရေးကိုလည်း စူးစူးစိုက်စိုက် တည်ဆောက်မယ်ဆိုရင် အောင်မြင်တယ်လို့ ယုံကြည်မိပါတယ်။ ပြုပြင်ပြောင်းလဲသင့်တာကတော့ ခေါင်းဆောင်မှုအပိုင်းကို ပိုမိုအားဖြည့်သင့်တယ်။ မြန်မာပြည်သူလူထုကို စည်းလုံးအောင်မြင်နိုင်တဲ့ မြန်မာ့ခေါင်းဆောင်တွေများများ ပေါ်ထွက်လာဖို့ လိုနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ထွန်းလင်းတဲ့အနာဂတ်လည်း ဖြစ်တယ်လို့လည်း ပြောချင်ပါတယ်။
တရုတ်ဟာ မြန်မာအစိုးရအဆက်ဆက်နဲ့ ဆက်ဆံရေးကောင်းတွေရှိသလို အဓိကကုန်သွယ်မှုနိုင်ငံလည်း ဖြစ်ခဲ့တဲ့အတွက် မြန်မာ့စီးပွားရေးဦးမော့လာဖို့ တရုတ်က ဘယ်လောက်အဓိက ကျနေသလဲ
-----------------
မြန်မာ့စီးပွားရေးဦးမော့လာဖို့က တရုတ်ဘက်က အဓိကကျတယ်လို့ ကျွန်တော်မထင်ပါဘူး။ အဓိကဟာ မြန်မာနိုင်ငံဘက်ကပဲ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးဖို့ အကျိုးအမြတ်ရဖို့ဆိုတာ ကိုယ့်ဘာသာလုပ်ရမှာပါ။ သို့ပေမယ့်လည်း တရုတ်ပြည်ဟာ မြန်မာနိုင်ငံအတွက် အနီးကပ်ဆုံးမိတ်ဖက်နိုင်ငံဖြစ်တယ်။ ပထဝီနိုင်ငံရေးရှုထောင့်ကပဲပြောပြော အိမ်းနီချင်းသမိုင်းကြောင်းကပဲ ကြည့်ကြည့် အစဉ်အလာကြီးမားတဲ့ ဆက်ဆံရေးတွေရှိခဲ့တာ ယနေ့အထိပါပဲ။ ဒါကြောင့် တရုတ်မြန်မာဆက်ဆံရေးဟာ တခြားနိုင်ငံတွေထက်တော့ ပိုပြီးလေးနက်နေမှာပါ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားတဲ့အထဲမှာ ''တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်တိုးတက်လာဖို့ အခြားနိုင်ငံတွေထက် ပိုပြီးအာရုံစိုက်မျှော်လင့်နေပါတယ်'' လို့ ပြောခဲ့ပါတယ်။ မစ္စတာဝမ်ယီရဲ့စကားဟာ တရုတ်အစိုးရရဲ့ မြန်မာအပေါ်ထားရှိတဲ့ သဘောထားလို့ သုံးသပ်လို့ရပါတယ်။
လတ်တလောမှာတော့ တရုတ်မြန်မာနှစ်နိုင်ငံအစိုးရဟာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာ (၂+၂) ပူးပေါင်းဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပြီ။ ရလဒ်တချို့လည်း ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ပြပါတယ်။ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့၊ အင်အားတောင့်တင်းတဲ့ မြန်မာနိုင်ငံတော်ကြီးတည်ဆောက်ဖို့ဆိုတာ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံသားတွေပဲ အဓိကကျတယ်လို့ ပြောချင်ပါတယ်။
အယ်ဒီတာအဖွဲ့