လူတို့ဖန်တီးထားသော စဉ်းစားတွေးခေါ်နိုင်သည့် နည်းပညာများသည် မျက်မှောက်ခေတ်လူမှုစီးပွားနှင့် အနာဂတ်ကာလများအတွက် လူမှုစီးပွားအခန်းကဏ္ဍများတွင် ထိပ်တန်းဦးဆောင်နေသောအရာများဖြစ်သည်။ ထို့အတွက် AI နည်းပညာကို တွင်ကျယ်စွာသုံးနေသော နိုင်ငံတကာက လုပ်ငန်းစုများနှင့် ထိုနည်းပညာကြောင့် စီးပွားရေးလုပ်ငန်းပုံစံ အပြောင်းအလဲများနှင့် လုပ်ငန်းများအတွက် အနာဂတ်မျှော်လင့်ချက်များအကြောင်းကို ဖော်ပြလိုက်ပါသည်။
နယ်ပယ်ကဏ္ဍအစုံ AI နည်းပညာကို အသုံးပြုနေမှုများ
-------------------------
စီးပွားရေးလုပ်ငန်းများတွင် မုသားဖော်စက်များကို ကျယ်ကျယ်ပြန့်ပြန့် သုံးလေ့သုံးထ မရှိကြပေ။ သို့ရာတွင် တရုတ်အာမခံကုမ္ပဏီတစ်ခုဖြစ်သည့် Ping An ကုမ္ပဏီကမူ ယင်းစက်များသည် အာမခံလာလျှောက်သူတို့၏ အချက်အလက်များရယူရာတွင် မရိုးမသား လိမ်လည်ပြောဆိုမှုများအား ဖော်ထုတ်နိုင်သည်ဟု ယုံကြည်ယူဆထားသည်။ ယင်းကုမ္ပဏီမှ ငွေချေးလိုသူများအနေနှင့် ကုမ္ပဏီ၏ Application မှတဆင့် ဝင်ရောက်လျှောက်ထားနိုင်ကြရန် စီမံထားသည်။ အလားအလာရှိသည့် ငွေချေးလိုသူများသည် ယင်းတို့၏ ဝင်ငွေများ၊ ပြန်လည်ပေးဆပ်မည့် အစီအစဉ် စသည်တို့နှင့် ပတ်သက်သည့် မေးခွန်းများကို မှန်ကန်စွာဖြေကြားကြခြင်း ဟုတ်မဟုတ် ယင်းတို့၏မျက်နှာအမူအယာ အပြောင်းအလဲ အသေးစိတ်အချက်အလက်ပေါင်း ၅၀ ခန့်ကို စောင့်ကြည့်မှတ်သားထားနိုင် သော ''Video ဖြင့် ဆက်သွယ်စကားပြောခြင်း'' မှ တဆင့်ဖြေကြားနိုင်ကြသည်။
AI က ငွေချေးယူသူများ၏ ''ဘဏ်လက်ကျန်ငွေ'' သာမက အခြားအကြောင်းအရာများကိုလည်း ပြောင်းလဲပေးမည်ဖြစ်သည်။ စားသုံးသူများအတွက် ကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချပေးသော Johnson and Johnson ကုမ္ပဏီနှင့် အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Accenture တို့ကလည်း "AI" ကို အလုပ်လျှောက်ထားသူများအနက် အသင့်တော်ဆုံးသူများအား စီစစ်ရွေးချယ်ခန့်ထားနိုင်ရေးအတွက် အသုံးပြုကြသည်။ ထိုနည်းတူပင် Caersars ဟု ခေါ်သည့် ကာစီနိုလောင်းကစားနှင့် ဟိုတယ်လုပ်ငန်းကလည်း AI နည်းပညာ၏ အကူအညီဖြင့် ဧည့်သည်များထဲမှ ငွေကြေးသုံးစွဲနိုင်ချေရှိသူများအား အထူးဝန်ဆောင်မှုများ ပေး၍ ဆွဲဆောင်နိုင်ခဲ့သည်။ စီးပွားရေးဆိုင်ရာ အချက်အလက်များထုတ်ဝေသည့် သတင်းဖြန့်ချိရေးကုမ္ပဏီ Bloomberg ကလည်း ကုမ္ပဏီများမှ ထုတ်ပြန်သည့် အမြတ်ငွေများကိုစီစစ်၍ သတင်းဆောင်းပါးများ အလိုအလျောက် ပြုစုထုတ်ဝေရေးအတွက် AI ကို အသုံးပြုလျက်ရှိသည်။ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Vodafone ကလည်း ယင်း၏မိုဘိုင်းကွန်ယက်နှင့် ကုမ္ပဏီ၏ ဝန်ဆောင်မှုရယူနေသည့် သုံးစွဲသူများထံမှ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို မဖြစ်ပေါ်လာမီကပင် AI ၏ အကူအညီဖြင့် ကြိုတင်ခန့်မှန်း တွက်ချက်နိုင်သည်။ လုပ်ငန်းအမျိုးအစားတိုင်းမှ ကုမ္ပဏီများသည် Cyber တိုက်ခိုက်မှု အန္တရာယ်နှင့် အခြားဆုံးရှုံးနိုင်ခြေရှိသည့် စွန့်စားမှုများကို စောင့်ကြည့်ရန် AI ကို အသုံးပြုကြသည်။
အကြမ်းဖျဉ်း ခန့်မှန်းတွက်ချက်မှုများနှင့် တဒင်္ဂခံစားမှုများအပေါ် မှီခိုအားထားနေမည့်အစား ပိုမိုဆင်ခြင်သုံးသပ်နိုင်စွမ်းရှိ၍ ပိုမိုလျင်မြန်သော AI ၏ ခန့်မှန်းတွက်ချက်မှုများက လုပ်ငန်းထိရောက်မှုအတွက် အာမခံချက်ပိုရှိသည်ဟု ဆိုရမည်ဖြစ်သည်။
AI ၏ အဓိက အကျိုးသက်ရောက်မှုများအနက် တစ်ခုမှာ ဆုံးဖြတ်ချက်ချမှတ်ရေးအတွက် ကုန်ကျစားရိတ် သိသာစွာ လျော့နည်းသွားခြင်းဖြစ်သည်ဟု "Prediction Machines" ဆိုသည့် စာအုပ်သစ်ကို ကူညီရေးသားခဲ့သော University of Toronto မှ Ajay Agrawal ဆိုသူက ပြောကြားခဲ့သည်။ တူညီသော အလင်းရောင်ပမာဏတစ်ခုအတွက် ထုတ်လုပ်မှုကုန်ကျစားရိတ်မှာ ၁၈၀၀ ပြည့်နှစ် အချိန်ကာလများကနှင့် နှိုင်းယှဉ်လျှင် ယနေ့ခေတ်ကာလက အဆ ၄၀၀ လျော့နည်းသွားစေသည်။
AI က အကျိုးအပြုဆုံး နည်းပညာလုပ်ငန်းများ
------------------------
ယခုအချိန်အထိ AI ထံမှ အကျိုးအမြတ်ရရှိနေသည့် အဓိကကဏ္ဍမှာ နည်းပညာကဏ္ဍဖြစ်သည်။ အနောက်နိုင်ငံများမှ Google နှင့် Amazon ၊ တရုတ်ပြည်မှ Alibaba နှင့် Baidu တို့ကဲ့သို့သော ယနေ့ခေတ်၏ နည်းပညာဆိုင်ရာ ဦးဆောင်ကုမ္ပဏီအများစုမှာ AI မပါဝင်ဘဲ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအရည်အသွေး ထောက်ခံမှု၊ ရည်မှန်းထားသည့် ကြော်ငြာအင်အားနှင့် ခန့်မှန်းချေသုံးစွဲမှု လိုအပ်ချက်တို့တွင် လက်ရှိအခြေအနေပမာဏအတိုင်း ကြီးမားအောင်မြင်နေမည် မဟုတ်ပေ။ ဥပမာအားဖြင့် Amazon သည် AI နည်းပညာကို သိုလှောင်ရုံများတွင် အသုံးပြုနေသည့် ယန္တယားစက်ရုပ်များအား ထိန်းချုပ်ခြင်း၊ ကုန်ပစ္စည်းထုတ်ပိုးမှုနှင့် ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် အသုံးပြုသည့်နည်းတူ ကုန်ပစ္စည်းအတုများ ရှာဖွေဖော်ထုတ်ခြင်းနှင့် ယင်း၏ Speaker "Alexa" အတွက် လိုအပ်သည့် စွမ်းအင်ပံ့ပိုးပေးရန်အတွက်လည်း အသုံးပြုသည်။
ပြိုင်ဖက်တရုတ်ကုမ္ပဏီ Alibaba ကလည်း ယင်း၏ ထောက်ပံ့ရေးလုပ်ငန်းများနှင့် Online ငွေပေးချေမှုလုပ်ငန်းခွဲများတွင် AI ကို တွင်ကျယ်စွာ အသုံးပြုသည်။ Ant Financial ကုမ္ပဏီကလည်း ငွေလွှဲပြောင်းမှုများမှန်ကန်မှုရှိစေရန်အတွက် မျက်နှာကို မှတ်မိနိုင်သည့် စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသည်။ Google အကြီးအကဲဖြစ်သူ Sundar Pichai က ''လူတို့ မီးကိုစတင်တွေ့ရှိစဉ်ကနှင့် လျှပ်စစ်စွမ်းအားကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့စဉ်ကတို့ထက်၊ AI နည်းပညာက ပိုမိုကြီးကျယ်သော အကျိုးသက်ရောက်မှု ဖြစ်စေလိမ့်မည်'' ဟု ပြောဆိုခဲ့သည်။
ခေတ်ပေါ်နည်းပညာများကို အသုံးမပြုသော များပြားကျယ်ပြန့်သည့် လုပ်ငန်းတို့၏ ကုမ္ပဏီပိုင်ရှင်များမှာ တစ်ချိန်တွင် AI နည်းပညာက ယင်းတို့၏လုပ်ငန်းများကို ချုပ်ငြိမ်းသွားစေမည့်အရေးကို စတင်စိုးရိမ်ပူပန်လျက်၊ ယင်းတို့နောက်ကျကျန်ရစ်ခဲ့ခြင်းမှ ရှောင်ရှားရေးအတွက် အလားအလာရှိသည့် နည်းပညာဆိုင်ရာ လုပ်ငန်းငယ်များကို ဝယ်ယူလျက်ရှိကြသည်။ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာအနှံ့အပြားရှိ ကုမ္ပဏီများသည် AI နှင့် ဆက်နွယ်သော စုဆောင်းသိုမှီးခြင်းများနှင့် ကုမ္ပဏီတစ်ခုနှင့် တစ်ခုပေါင်းစပ်ခြင်းများအတွက် ဒေါ်လာ ၂၁.၈ ဘီလျံသုံးစွဲခဲ့ကြသည်ဟု ကိန်းဂဏန်းအချက်အလက်များ ဖော်ပြလေ့ရှိသည့် Pitch Book ကုမ္ပဏီ၏ အဆိုအရသိရှိရပြီး ယင်းပမာဏမှာ ၂၀၁၅ ခုနှစ်က အလားတူသုံးစွဲမှုထက် ၂၆ ဆ ပိုများခဲ့သည်။
ရေရှည်အလေးပေးဂရုပြုရမည့်အချက်မှာ AI နည်းပညာကို လိုလားစွာအသုံးချသည့် ကုမ္ပဏီများအား အချက်အလက်များ ပိုမိုဖန်တီးနိုင်စေခြင်း၊ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာပေးနိုင်စေခြင်း၊ ဖောက်သည်များပိုမိုဆွဲဆောင်နိုင်စေခြင်းနှင့် ပိုမိုသက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်စေခြင်း စသည့် အခွင့်အရေးတို့ကို ဖြစ်ပေါ်စေမည့် အစဉ်တစိုက်တိုးတက်ဖြစ်ထွန်းသော စက်ဝန်းကို ဖန်တီးပေးသည့် AI ၏ နည်းလမ်းဖြစ်သည်။
ကြိုတင်တွက်ဆခန့်မှန်းသည့် အရည်အသွေးပိုကောင်းလာခြင်း
--------------------------------
ပိုမိုကောင်းမွန်စွာ ကြိုတင်တွက်ဆနိုင်ခြင်းက စာရင်းအင်း ပြုစုမှုစီမံခြင်းနှင့် ဈေးကွက်လိုအပ်မှုခန့်မှန်းခြင်းတို့ကို ပို၍ထိရောက်စေမည်ဖြစ်ပြီး ငွေကြေးသုံးစွဲမှုနှင့် ပစ္စည်းသိုလှောင်မှုတို့အား လွယ်ကူစေမှာဖြစ်သည်။ ဤအချက်သည် အမြတ်အစွန်းအလွန်သေးငယ်သော လက်လီရောင်းဝယ်ဖြန့်ချိသူတို့အတွက် အထူးသဖြင့် အရေးကြီးကြောင်း တရုတ် E-commerce Firm တစ်ခုဖြစ်သည့် JD.com မှ Chen Zhang ဆိုသူက ပြောကြားခဲ့သည်။
သုတေသနအဖွဲ့တစ်ခုဖြစ်သော IHI Group ၏ အဆိုအရ၊ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာတဝန်းကုန်ပစ္စည်း ပိုလျှံစွာ သိုလှောင်မှုကြောင့် နစ်နာသည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၄၇၀ ဘီလျံခန့်ရှိခဲ့ပြီး သိုလှောင်ပစ္စည်းမလုံလောက်မှုကြောင့် ဆုံးရှုံးနစ်နာရသည့် ငွေကြေးပမာဏမှာ ဒေါ်လာ ၆၃၀ ဘီလျံရှိခဲ့ကြောင်း သိရသည်။
ယခုအခါ Amazon ကုမ္ပဏီသည် ယင်းတို့ ထုတ်လုပ်ရောင်းချသည့် ထုတ်ကုန်ပစ္စည်းအမျိုးအစား သန်းပေါင်းများစွာအတွက် စားသုံးသူများ၏ လိုအပ်ချက်များကို ရှေ့လာမည့် ၁၈ လ ခန့်အထိ ကြိုတင်ခန့်မှန်းနိုင်သည့် ပုံသေတွက်ချက်နည်းကို အသုံးပြုနေပြီဖြစ်သည်။
ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များအတွက် အစားအသောက်များ အအေးပေးသိုလှောင်သည့် လုပ်ငန်းဝန်ဆောင်မှုပေးသည့် Lineage ကုမ္ပဏီက၊ ပစ္စည်းတင်သည့် အောက်ခံပြားများ နေရာမှန်ကန်စွာ ပြင်ဆင်ထားနိုင်ရေးအတွက် သိုလှောင်ရုံသို့ မည်သည့်အစားအသောက်ပစ္စည်းမျိုးများ မည်သည့်အချိန်တွင် ရောက်ရှိပြီး မည်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးရမည်ကို ကြိုတင်ခန့်မှန်းတွက်ချက်ရန် AI နည်းပညာကို အသုံးပြုသည်။
ကုန်စည်စီးဆင်းမှုကို အထောက်အကူပြု
----------------------
ကုမ္ပဏီများ ယင်းတို့၏ ကုန်ပစ္စည်းစီးဆင်းမှုကို မျက်ခြေမပြတ် စောင့်ကြည့်ရာတွင်လည်း AI က အထောက်အကူပြုပေးသည်။ ဆိပ်ကမ်းများ ကုန်တင်ကားများမှ ကုန်သေတ္တာတင်သင်္ဘောများအထိ၊ ကမ္ဘာအဝှမ်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအများစုသည် နည်းပညာပိုင်းဆိုင်ရာကြောင့် နှောင့်နှေးနေခဲ့သဖြင့် ကုန်ပစ္စည်းတင်ပို့သူများအနေနှင့် မိမိတို့ကုန်ပစ္စည်းများမည်သည့်အချိန်တွင် ဆိုက်ရောက်မည်ကို မသိခဲ့ရပေ။ ဤအချက်မှာလည်း စတင်ပြောင်းလဲနေပြီဖြစ်သည်။ ကုန်စည်များ ပို့ဆောင်ရာ လမ်းကြောင်းကို စီစဉ်သည့်စနစ် ပိုမိုထိရောက်လာပြီး၊ ကုန်ပစ္စည်းရောက်ရှိမည့်အချိန်တွက်ချက်မှု ပိုမိုတိုးတက်ကောင်းမွန်လာကာ ကုမ္ပဏီများကလည်း ပိုမိုရင်းနှီးမြှုပ်နှံလာကြသည်။ ကုန်ပစ္စည်းရောက်ရှိမည့်အချိန်ကို ကြိုတင်ခန့်မှန်းနိုင်ရန်အတွက် ''ပို့ဆောင်သည့် ကုန်ပစ္စည်းများပေါ်တွင် Sensors များတပ်ဆင်ခြင်း''၊ ကုန်တင်ကားများမှ ထုတ်လွှင့်သည့် GPS အချက်ပြများနှင့် အလားတူအချက်အလက်များကိုအသုံးပြု၍ ''ကုန်ပစ္စည်းတင်ပို့မှုစနစ်တစ်ခုလုံးကို ပုံစံရေးဆွဲခြင်း'' စသည်ဖြင့် ပြုလုပ်နိုင်ပေသည်။ ကုန်ပစ္စည်းအထုပ်အပိုးများကို ပို့ဆောင်သည့် လမ်းကြောင်းကို ပိုမိုထိရောက်စွာ ရေးဆွဲခြင်းအားဖြင့်လည်း ကြီးမားသည့်ရလဒ်ကို ရရှိနိုင်သည်။
United Parcel Service (UPS) ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Jack Levis က အမေရိကန်နိုင်ငံတဝှမ်းရှိ ယင်းကုမ္ပဏီ၏ ယာဉ်မောင်းများ နေ့စဉ်လျော့ချပေးနိုင်သည့် ခရီးစဉ်မိုင်တစ်မိုင်ချင်းစီမှ ထွက်ပေါ်လာသော ကုမ္ပဏီအတွက် သက်သာသွားသည့် အသုံးစားရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်း ၅၀ ခန့်ရှိသည်ဟု ဆိုခဲ့သည်။ Goldman Sachs (အမေရိကန်ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ) ကလည်း AI နည်းပညာအားဖြင့် စီမံကွပ်ကဲပံ့ပိုးရေးအသုံးစားရိတ်ကို အနည်းဆုံး ၅ ရာခိုင်နှုန်းလျော့ချပေးခြင်းဖြင့် နောင်လာမည့် ဆယ်နှစ်တာ ကာလအတွင်း အမြတ်ငွေဒေါ်လာ ၂၅ ဘီလျံထပ်မံရရှိနိုင်ရန် မျှော်လင့်ထားသည်။ ဤအချက်က မတရားခေါင်းပုံဖြတ်မှုများပြည့်လျက် အမြတ်အစွန်းနည်းပါးသည့် စီးပွားရေးလောကကို ကြီးမားစွာပြောင်းလဲစေမှာဖြစ်သည်။
ယခုအခါ Amazon ကုမ္ပဏီကြီးသည် ကုန်စည်ဖြန့်ဖြူးထောက်ပံ့ရေးဝန်ဆောင်မှုလုပ်ငန်းသို့ Los Angeles မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များထံမှ ကုန်ပစ္စည်းများကို ဝယ်ယူသူများထံသို့ ပို့ဆောင်ပေးခြင်းဖြင့် Fed-Ex ၊ UPS ၊ ကုမ္ပဏီများနှင့် ထိပ်တိုက်ယှဉ်ပြိုင်ကာ စတင်အခြေချ ရွှေ့ပြောင်းဝင်ရောက်လာပြီဖြစ်သည်။ Amazon ၏ စွမ်းဆောင်နိုင်သည့် အရည်အချင်းကြောင့် ဤပြိုင်ဆိုင်မှုတွင် ကုန်စည်ဖြန့်ဖြူးရေးဝန်ဆောင်မှုပေးသည့် စီးပွားရေးလုပ်ငန်းနှင့် ပါဝင်ပတ်သက်နေသူတိုင်းသည် မိမိတို့၏အရည်အသွေးကို မြှင့်တင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း အထူးသတိပြုမိနေကြပြီဖြစ်သည်။
ဝန်ဆောင်မှုအရည်အသွေး တိုးတက်လာခြင်း
----------------------------
မိမိတို့ကုမ္ပဏီသည် ဖောက်သည်များအား အမှန်ပင်အလေးပေးဂရုစိုက်ကြောင်း အသိပေးဆွဲဆောင်ရန် ကုမ္ပဏီဝန်ဆောင်မှု အရည်အသွေးတိုးတက်ရေးနှင့် တသမတ်တည်းထိန်းသိမ်းထားနိုင်ရေးတွင် AI နည်းပညာက စတင်အထောက်အကူပြုနေပြီဖြစ်သည်။
Online မှတဆင့် ကုန်မျိုးစုံရောင်းချသော ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်သည့် Ocado သည့် ပစ္စည်းမှာယူသူများထံမှ နေ့စဉ် Email စောင်ရေ ၁၀,၀၀၀ ခန့်လက်ခံရရှိပြီး၊ ထိုသူများထံမှ ပုံမှန်မှာယူလေ့ရှိသည့် ကုန်ပစ္စည်းများကို AI အား အသုံးပြု၍ ရှာဖွေဖော်ထုတ်သည်။ ယင်းသည် ယခုအခါ အရေးကြီးဆုံးလိုအပ်သည့် ဖောက်သည်များထံ ဦးစွာပြန်ကြားပေးနိုင်လျက်ရှိပြီး၊ မကျေနပ်သူများ၏ စောဒကတက်သော စာများကို သက်ဆိုင်သည့်ကဏ္ဍအလိုက် ကျွမ်းကျင်သူများထံသို့ တဆင့်ပေးပို့နိုင်ရန်လည်း စီစဉ်လျက်ရှိသည်။
၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်ကြားကာလအတွင်း AI နည်းပညာဖြင့် အပြည့်အဝကိုင်တွယ် ထိန်းချုပ်ထားသော ကမ္ဘာအနှံ့အပြန်အလှန်ဆက်နွယ်နေသည့် စားသုံးသူဝန်ဆောင်မှုလုပ်ငန်းများ၏ပါဝင်မှုမှာ ငါးဆမြင့်တက်သွားပြီး ၁၅ ရာခိုင်နှုန်းသို့ ရောက်ရှိလိမ့်မည်ဖြစ်သည်။ သုတေသနကုမ္ပဏီ Gartner ၏အဆိုအရ ၂၀၁၉ ခုနှစ်တွင် ဤကဲ့သို့သော အပြန်အလှန်ဆက်နွယ်မှုများတွင် AI ၏ ပါဝင်ပတ်သက်မှုသည် အနည်းဆုံး ၄၀ ရာခိုင်နှုန်း ဖြစ်လာပေလိမ့်မည်။
တစ်ချိန်က တယ်လီဖုန်းကဲ့သို့ပင် AI သည်လည်း သုံးစွဲသူများအား ဝန်ဆောင်မှုပေးသည့် လုပ်ငန်းကို ပြောင်းလဲစေမှာ ဖြစ်သည်။ ၂၀ ရာစုခေတ်အစောပိုင်း တယ်လီဖုန်းအသုံးပြုခြင်း မပြန့်နှံ့မီက ကုမ္ပဏီများသည် မိမိတို့ဖောက်သည်များ၏ စုံစမ်းမေးမြန်းမှုများကို စာတိုက်မှတဆင့်လည်းကောင်း ၊ လူကိုယ်တိုင် တွေ့ဆုံခြင်းအားဖြင့်လည်းကောင်း ကိုင်တွယ်ခဲ့သည်။ တယ်လီဖုန်းက လုပ်ငန်းကိုင်တွယ်သည့် ကိုယ်စားလှယ်များကို လုပ်ငန်းပိုမိုတွင်ကျယ်ထိရောက်စေခဲ့ပြီး၊ AI က လုပ်ငန်းတိုးတက်မှုကို ပို၍ပင် ကြီးကျယ်ထိရောက်စွာ မြှင့်တင်ပေးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည်ဖောက်သည်များ၏ စုံစမ်းမေးမြန်းမှုအများအပြားကို လူသားတို့ စွမ်းဆောင်နိုင်သည် ထက်ပိုမိုလျင်မြန်စွာကိုင်တွယ်နိုင်မှာ ဖြစ်သောကြောင့် ဖြစ်သည်။
AI က ဝန်ဆောင်မှုပေးသည့် ကိုယ်စားလှယ်များ၏ အသိပညာ၊ လုပ်ရည်ကိုင်ရည်နှင့် လျင်မြန်မှုတို့အားလည်း မြှင့်တင်ပေးမည်ဖြစ်သည်။ အချို့ကုမ္ပဏီများက ဖုန်းခေါ်သူသည် အခြားသူတစ်ဦးယောင်ဆောင်၍ ခေါ်ယူခြင်းဖြစ်ခဲ့သော် လက်ခံနားထောင်သည့် ကိုယ်စားလှယ်အား သတိပေးနိုင်ရန်အတွက် အသံမှတ်တမ်းရယူထားသည့် နည်းပညာကို သုတေသနပြုလျက်ရှိသည်။ ဤအချက်က ငွေကြေးဝန်ဆောင်မှုများတွင် အထူးသဖြင့် အထောက်အကူပြုမှာ ဖြစ်သည်။
Humana နှင့် MetLife တို့ကဲ့သို့သော အာမခံကုမ္ပဏီများပါဝင်သည့် ဖောက်သည်များအား ဝန်ဆောင်မှုပေးနေသည့် Cogito ဆိုသည့် တည်ထောင်စကုမ္ပဏီက ကိုယ်စားလှယ်များတွင် ဖြစ်ပေါ်သည့်၊ စာနာမှုနှင့် သက်ဆိုင်သော ပင်ပန်းနွမ်းနယ်မှုများအား မှတ်သားထားခြင်းကို ဦးတည်အာရုံစိုက်ခဲ့သည်။ လက်ခံပြောဆိုနေသည့် ကိုယ်စားလှယ်သည် စကားကို မည်မျှမြန်မြန်ပြောနေသည်၊ ခေါ်ယူသူများက မည်ကဲ့သို့သောစကားလုံးများ ပြောဆိုသုံးနှုန်းနေသည်စသည့် အသေးစိတ်အချက်များကို မှတ်သားထားပြီး၊ စိတ်ခံစားမှုများနှင့် အပြန်အလှန်ဆက်ဆံ ပြောဆိုနေမှု အဆင်ပြေမပြေကို စူးစမ်းဖော်ထုတ်သည်။ ပြဿနာတစုံတရာရှိပါက ကိုယ်စားလှယ်အား ဖောက်သည်အပေါ် ပိုမိုစာနာထောက်ထားစွာ ဆက်ဆံပြောဆိုဖို့ အရိပ်အမြွက်၊ သဲလွန်စပေးလေ့ရှိသည်။ ဤကဲ့သို့သော အသုံးချနည်းပညာများသည် ကုမ္ပဏီကြီးများမှ ယင်းတို့ ကိုယ်စားလှယ်များ၏ စွမ်းဆောင်မှုများအား စောင့်ကြည့်နိုင်စေမည်ဖြစ်သည်။ တစိတ်တပိုင်းအားဖြင့်၊ ကိုယ်စားလှယ်ဝန်ထမ်းများအနေနှင့် ယင်းတို့၏စွမ်းဆောင်မှုတိုးတက်ရေးအတွက် အထောက်အကူ အနည်းငယ်သာ ရရှိခဲ့ကြသောကြောင့် ဖုန်းလက်ခံပြန်ကြားရေးဌာနများတွင် တစ်နှစ်တာအတွင်း ဝန်ထမ်းအပြောင်းအလဲ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိခဲ့ကြသည်ဟု Cogito ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Joshua Feast က ပြောကြားခဲ့သည်။
AI ၏ မျှော်လင့်ချက်တစ်ခုမှာ ''ဖောက်သည်များအားဝန်ဆောင်မှုပေးရသည့် ကိုယ်စားလှယ်များအား ပုံမှန်လုပ်ကိုင်နေရသည့် အလုပ်များမှ ကင်းလွတ်စေလိမ့်မည်သောကြောင့် ယင်းဝန်ထမ်းများအနေနှင့် ဖောက်သည်များအား အခြားဝန်ဆောင်မှုများပေးနိုင်ပြီး ဝင်ငွေသစ်များဖန်တီးစေနိုင်လိမ့်မည်'' ဆိုသည့်အချက်ဖြစ်သည်။ KLM လေကြောင်းလိုင်းသည် AI ကို စတင်အသုံးပြုသည့်အချိန်မှစ၍ ယင်း၏ကိုယ်စားလှယ်များသည် ခရီးသည်များအား ခရီးစဉ်သစ်များနှင့် ကြိုတင်စာရင်းပေးထားခြင်းများ ပြင်ဆင်အတည်ပြုခြင်းတို့တွင် ပိုမိုအချိန်ပေးကူညီနိုင်ခွင့်ရလာသောကြောင့် ရောင်းအား ဒေါ်လာသန်းပေါင်းများစွာ တက်လာစေခဲ့ကြောင်း ကိန်းဂဏန်းဆိုင်ရာ ပါရဂူ Mr. Alsenov ဆိုသူက ပြောကြားသည်။ သို့သော် ပိုမိုများပြားလာသော ဆွဲဆောင်ရောင်းချမှုများအပေါ် ဖောက်သည်တိုင်းက ကျေနပ်အသိအမှတ်ပြုကြလိမ့်မည်တော့ မဟုတ်ပေ။
ကုန်ပစ္စည်းရောင်းချမှုပုံစံအသစ်ကို ဖော်ဆောင်
--------------------------------------
ကုန်ပစ္စည်းရောင်းချသည့်ပုံစံကို AI က သေချာပေါက် ပြောင်းလဲစေလိမ့်မည်ဖြစ်သည်။ ကုမ္ပဏီများစွာက မိမိတို့၏ အရောင်းဝန်ထမ်းများအား လုပ်ငန်းအထောက်အကူပေးရေးအတွက် Amazon နှင့် Netflix တို့ အသုံးပြုသော AI နည်းပညာဖြင့် မြှင့်တင်ပေးသည့် ထောက်ခံမှုရယူသောနည်းလမ်းများနှင့် အလားတူနည်းလမ်းများ တည်ဆောက်ခြင်းကို စမ်းသပ်နေကြပြီဖြစ်သည်။ Google ၊ Facebook နှင့် Amazon တို့သည် AI ကို အသုံးပြု၍ Online ပေါ်တွင် ကြော်ငြာများ၊ အထူးလျှော့ဈေးများဖြင့် သုံးစွဲသူများအား ပစ်မှတ်ထားကာ ဆွဲဆောင်သည့်နည်းကိုသုံးစွဲ၍ ကြီးမားစွာအောင်မြင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။ အလားတူလုပ်ဆောင်မှုများသည် အခြားစီးပွားရေးလုပ်ငန်းများသို့လည်း ပြန့်နှံ့နိုင်ပေသည်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခုဖြစ်သော Goldman Sachs ရှိ အရောင်းဝန်ထမ်းများသည် ငွေချေးစာချုပ် (Corporate Bonds) ချုပ်ဆိုလိုသည့် အဆိုပြုချက်များ လက်ခံရယူသည့်အခါ ဖောက်သည်များအား အလားတူစွန့်စားရသည့် ပုံစံမျိုးရှိသော စာချုပ်များလည်း အကြံပြုဆွဲဆောင်နိုင်ရန် တဒင်္ဂအတွင်း ရှာဖွေကြည့်ရှုနိုင်နေကြပြီဖြစ်သည်။
သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Gartner က ၂၀၁၉ ခုနှစ်တွင် ကမ္ဘာတဝှမ်း တယ်လီဖုန်းအခြေပြု ဆက်သွယ်သော ဖောက်သည်များအား ဝန်ဆောင်မှုပေးသည့် ကိုယ်စားလှယ်အရေအတွက် ၁၀ ရာခိုင်နှုန်း လျော့နည်းသွားဖို့ မျှော်လင့်ထားသည်။
အပြန်အလှန်အားဖြင့် Amazon ၊ Google ၊ Microsoft နှင့် Apple တို့မှ ထုတ်လုပ်နေပြီဖြစ်သည့် အသံနှင့် ထိန်းချုပ်သော Smart Speakers များမှာ ကုမ္ပဏီများနှင့် ယင်းတို့၏ ပစ်မှတ်များဖြစ်သည့် သုံးစွဲသူများကြားတွင် အတားအဆီးတခု ဖြစ်လာနိုင်ပေသည်။ ယင်း Speaker အချို့တွင် အခြားကုမ္ပဏီများ၏ Application များကို လက်ခံထားပြီး ဖြစ်သည်။ ဥပမာအားဖြင့် ပစ္စည်းပို့သူများအနေနှင့် ယခင်က online သို့မဟုတ်၊ ဖုန်းများမှတဆင့်သာပြုလုပ်နိုင်သော မိမိတို့ ပို့လိုက်သည့်ပစ္စည်းများအား ခြေရာခံခြင်းအလုပ်ကို ယခုအခါ UPS က၊ Amazon ၏ Alexa voice service ဖြင့် တည်ဆောက်ထားသည့် နည်းစနစ်ဖြင့် ပြုလုပ်စေနိုင်ပြီဖြစ်သည်။ စကားပြောသံကို မှတ်မိနိုင်သောနည်းပညာ ရှေ့ဆက်တိုးတက်လာသည့်အလျောက် အထူးသဖြင့် လူငယ်များကြားတွင် Speaker ၏ ဆွဲဆောင်မှု ပိုမိုတိုးပွားလာမည်ဖြစ်သည်။
ဝန်ထမ်းခန့်ထားရေးကို အထောက်အကူပြု
------------------------
ကုမ္ပဏီများရှိ Human Resources (HR) လုပ်သားရေးရာစီမံခန့်ခွဲရေးဌာနရှိ အလုပ်သမားသစ် ရှာဖွေခန့်ထားသူများသည် လိုအပ်နေသည့် အလုပ်အကိုင်အရေအတွက်ထက်များစွာ ပိုလျှံနေသော လျှောက်လွှာများကြားတွင် မွှေနှောက်စီစစ်နေကြရသည်။ ဥပမာအားဖြင့် Johnson & Johnson ဆိုသည့် အသုံးအဆောင်ပစ္စည်းများရောင်းချသည့် ကုမ္ပဏီသည် နှစ်စဉ်လိုအပ်သည့် ဝန်ထမ်းနေရာ ၂၅,၀၀၀ အတွက် လျှောက်လွှာပေါင်း ၁.၂ သန်း လက်ခံရရှိနေသည်။ AI နည်းပညာသုံးစနစ်သည် လျှောက်လွှာများကို လူသားတို့ စီစစ်ရွေးချယ်သည့် နှုန်းထက်အဆပေါင်းများစွာ လျင်မြန်သောနှုန်းဖြင့် စီစစ်ပြီး လျောက်ထားသူများထဲမှ သင့်တော်၊ ကောင်းမွန်မည့်သူဟုတ်မဟုတ် ရွေးချယ်ပေးနိုင်သည်။
ကွန်ပြူတာ Chips များထုတ်လုပ်သည့် Nvidia ကုမ္ပဏီသည်လည်း ယင်းတို့အဆင်ပြေစွာ ကိုင်တွယ်နိုင်သည့် အရေအတွက်ထက် ပိုများသော ကိုယ်ရေးမှတ်တမ်းများ လက်ခံရလေ့ရှိသည်။ ထိုကြောင့် မည်သည့် လျှောက်လွှာရှင်များကို ခေါ်ယူတွေ့ဆုံမေးမြန်းဖို့ သင့်တော်မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ရန် ကိုယ်ပိုင်နည်းစနစ်တစ်ခုကို အချိန်တစ်နှစ်ယူ၍ တည်ဆောက်ခဲ့သည်။ ယင်းစနစ်တွင် လူတွေ့စစ်ဆေးသူတို့ သတိမပြုမိသည့် အသွင်သဏ္ဍာန်များကို နည်းပညာက မှတ်မိနိုင်သည်။ ဥပမာအားဖြင့် မိမိတို့ ကိုယ်ရေးအချက်အလက်များကို ရှည်လျားစွာရေးသားဖော်ပြသူများသည် အခြားသူများလောက် စွမ်းဆောင်နိုင်မှုမရှိသူများ ဖြစ်နေတတ်ကြသည်။ ထိုကြောင့် ရှည်လျားသောစာသားများက ယင်းတို့အတွက် အမှတ်နည်းစေလိမ့်မည်ဖြစ်သည်။ ကမ္ဘာအနှံ့ဖွင့်လှစ်ထားသည့် Hilton ဟိုတယ်များတွင် ဝန်ထမ်းသစ်တစ်ဦး ခန့်ထားသည့် လုပ်ငန်းစဉ်အတွက် ပျမ်းမျှ ၄၂ ရက်ကြာမြင့်နေရာမှ Hire Vue ဆိုသည့် တည်ထောင်စကုမ္ပဏီ၏ အကူအညီဖြင့် ၅ ရက်အတွင်း ဆောင်ရွက်နိုင်ခဲ့သည်။ လာရောက်ဖြေကြားသူများ၏ Video များကို ကြည့်ရှုလေ့လာပြီး AI နည်းပညာကို အသုံးပြု၍ ယင်းတို့၏ စကားအပြောအဆိုကျွမ်းကျင်မှု၊ အသံနေ အသံထား၊ ကိုယ်ဟန်အမူအရာတို့ကို ကြည့်ရှုသုံးသပ်ကာ ဆုံးဖြတ်ချက်များချသည်။
AI ကို အသုံးပြုနိုင်သည့် အခြားနည်းလမ်းတစ်ခုမှာ ဝန်ထမ်းပြောင်းလဲမှုအကြိမ်ပေါင်းနှင့် လူဦးရေတို့ကို လျှော့ချနိုင်ခဲ့ခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် ဝန်ထမ်းလဲလှယ်အစားထိုးခြင်း ကုန်ကျစားရိတ်သည် တစ်နှစ်စာ လုပ်ခလစာ၏ ၂၀ ရာခိုင်နှုန်းခန့် သို့မဟုတ် ထိုထက်ပိုလေ့ရှိသည်။ Software ကုမ္ပဏီ Workday သည် ဝန်ထမ်းများ မည်သည့်နည်းဖြင့် ထွက်ခွာမည်ကို စတင်ခန့်မှန်းသည်။ လုပ်ခလစာ၊ ခွင့်ယူသည့်ရက်များကြား ကွာခြားသည့်အချိန်နှင့် ဝန်ထမ်းများ အစီရင်ခံတင်ပြသည့် မန်နေဂျာများ လူစားလဲမှု စသည်တို့အပါအဝင်၊ အကြောင်းအချက်ပေါင်း ၆၀ ခန့်ကို လေ့လာပြီး ကုမ္ပဏီကို စွန့်ခွါနိုင်ခြေရှိသည့်သူများအား ထောက်ပြပေးခြင်းဖြင့် ထိုသူမထွက်ခွာအောင်ထိန်းထားဖို့ ကုမ္ပဏီမှ ကြိုးစားနိုင်မည် ဖြစ်သည်။
ဝန်ထမ်းပြောင်းလဲမှုနှုန်းမြင့်မားသော ဆေးရုံများ စောင်ရှောက်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်သည့် တည်ထောင်စကုမ္ပဏီတစ်ခုဖြစ်သော Arena သည် ဝန်ထမ်းတစ်ဦးကို မခန့်ထားမှီကပင် တာရှည်အသုံးပြုရန် စဉ်းစားပေးထားပြီးဖြစ်သည်။ မည်သည့်လျှောက်လွှာရှင်သည် တစ်နှစ်ထက်ပို၍ လုပ်ကိုင်မည့်သူဖြစ်ကြောင်း ခန့်မှန်းနိုင်ရန် အလုပ်လျှောက်လွှာများ၊ အခြားသက်ဆိုင်သည့်နေရာများမှ အချက်အလက်များကို အသုံးပြုလေ့လာခြင်းအားဖြင့် ဖောက်သည်ကုမ္ပဏီ၏ တစ်နှစ်တာ အလုပ်သမားပြောင်းလဲမှုနှုန်းကို ၃၈ ရာခိုင်နှုန်း လျှော့ချပေးနိုင်ခဲ့ကြောင်း Arena ၏အကြီးအကဲဖြစ်သူ Michael Rosenbaum က ပြောကြားခဲ့သည်။
အနာဂတ်ကာလတွင် AI နည်းပညာအား ဝန်ထမ်းတစ်ဦး၏ လုပ်ခလစာကို ဆုံးဖြတ်ပေးနိုင်ဖို့လည်း အသုံးပြုတော့မည်ဖြစ်သည်။ Infosys ကုမ္ပဏီသည် ဝန်ထမ်းတစ်ဦး၏ လုပ်ရည်ကိုင်ရည်နှင့် လစာတို့အား ယင်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်မှုကို အခြေခံသုံးသပ်ပြီး ယင်းအား လစာတိုးပေးသင့် မပေးသင့် ဆုံးဖြတ်နိုင်ရန်အတွက်လည်း AI နည်းပညာကို အသုံးပြုရန် စဉ်းစားနေပြီ ဖြစ်သည်။
AI အနာဂတ်နှင့် လုပ်ငန်းရှင်များအတွက် ကြိုတင်စဉ်းစားစရာများ
--------------------
လူတို့ဖန်တီးထားသည့် စဉ်းစားတွေးခေါ်မှုနည်းပညာဟု ဆိုလိုက်သည်နှင့်တပြိုင်နက် လူများစုမှာ အမိန့်ပေးခိုင်းစေနိုင်သည့် စက်ရုပ်များကို မြင်ယောင်ကြမည် ဖြစ်သည်။ သို့သော် ပိုမိုသင့်တော်သည့်မြင်ကွင်းမှာ အစဦး၊ ပြောင်းလဲဖြစ်ပေါ်မှု၊ အဆုံးသတ် စသည်တို့ကို ထိန်းချုပ်ဖြစ်ပေါ်စေသည့် ရှေ့နောက်မျက်နှာနှစ်ဖက်ပါရှိသော ရောမလူမျိုးတို့၏နတ်ဘုရား Janus ဖြစ်သည်။ တစ်ဖက်တွင် AI မှ ယူဆောင်လာမည့် ကောင်းကျိုးပြု အပြောင်းအလဲများ ဖြစ်သည့် လက်ရှိကျွမ်းကျင်မှုများကို မြှင့်တင်ပေးမည့် နည်းပညာများကို အသုံးပြုခြင်းဖြင့် လူတို့အားအောင်မြင်မှုရလဒ်များကို လျင်မြန်စွာရရှိစေမည်ဖြစ်သည်။ ဝန်ထမ်းရွေးချယ်သူများအနေနှင့် လျှောက်ထားသူများထဲမှ အကောင်းဆုံးသင့်တော်သူကို ပိုမိုလွယ်ကူစွာ ထုတ်နှုတ်ရွေးချယ်နိုင်မည်ဖြစ်ပြီး၊ ဆက်ဆံရေးဝန်ထမ်းများအနေနှင့်လည်း စုံစမ်းမေးမြန်းမှုများကို ပိုမိုလျင်မြန်စွာ ကိုင်တွယ်ဖြေကြားပေးနိုင်မည် ဖြစ်သည်။ ယခင်က လုံးဝမရှိခဲ့ဘူးသေးသော အလုပ်နေရာများကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး၊ ပုံမှန်အလုပ်များကို စက်ပစ္စည်းများဖြင့် လုပ်ကိုင်စေနိုင်မှာ ဖြစ်သောကြောင့် ပညာရှင်တို့သည်လည်း ပိုမိုပြည့်စုံ၊ တက်ကြွသည့်ဘဝမျိုး ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်သည်။
သုံးစွဲသူများအနေနှင့်လည်း၊ AI နည်းပညာ အသုံးချမြှင့်တင်ထားသည့် ဝန်ဆောင်မှုများဖြစ်သော ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် အကြံပြုချက်များ၊ ပိုမိုလျင်မြန်ထိရောက်သည့် ကုန်ပစ္စည်းပို့ဆောင်မှုစံနစ်များ၊ ထိုနည်းတူ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော ကဏ္ဍများအတွင်း အခြေခံပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းအားဖြင့် ဆေးဝါးအသစ်များ တွေ့ရှိဖော်ထုတ်ကုသနိုင်မှု၊ ပိုမိုလုံခြုံစိတ်ချရသည့် သယ်ယူပို့ဆောင်မှုစသည့် အကျိုးဆက်များသို့ ဦးတည်ခံစားနိုင်ကြရမှာ ဖြစ်သည်။
အခြားတနည်းဖြင့်ကြည့်မည်ဆိုပါကမူ ဖြစ်ပေါ်လာနိုင်သည့် အထစ်အငေါ့များစွာရှိပေသည်။ နည်းပညာအပြောင်းအလဲသည် အမြဲလိုပင်အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ AI ၏ အကျိုးသက်ရောက်မှုက ''ကွန်ပျူတာကို စတင်သုံးစွဲသည့်အချိန်မှစ၍ ရင်ဆိုင်ခဲ့ရသည့် ပြဿနာများ'' ထက် ပိုမိုကြီးမားပြီး၊ ယင်း၏အကျိုးဆက်များမှာလည်း အခြားအရာအားလုံးထက် ပိုမိုကြီးမားသည့် ပျက်စီးဆုံးရှုံးမှုများဖြစ်စေဖို့ အလားအလာ ရှိပေသည်။ ဈေးနှုန်းချိုသာခြင်းနှင့် စွမ်းအားကြီးမားခြင်း အရည်အသွေးနှစ်မျိုးလုံး ပိုင်ဆိုင်ထားခြင်းကြောင့် ယင်း၏ အကျိုးဆက်မှာ ကွန်ပျူတာထက် လျင်မြန်စွာပြန့်နံှ့ပြီး လုပ်ငန်းတိုင်းကို ထိခိုက်စေမည်ဖြစ်သည်။
လာမည့်နှစ်များတွင် AI က လုပ်ငန်းရှင်များနှင့် တိုင်းပြည်အုပ်ချုပ်သူစိုးရတို့ကို မေးခွန်းကြီးသုံးရပ်နှင့် ရင်ဆိုင်စေတော့မှာ ဖြစ်သည်။ တစ်ခုသောမေးခွန်းမှာ အလုပ်အကိုင်အပေါ်အကျိုးသက်ရောက်မှုဖြစ်သည်။ AI မှရရှိမည့် အကျိုးကျေးဇူးများကို ကုမ္ပဏီအုပ်ချုပ်သူများက အလွန်အမင်းချီးမွမ်းခန်းဖွင့်နေကြလင့်ကစား၊ ယင်းတို့၏ အဓိကစိတ်ဝင်စားမှုမှာ အသုံးစရိတ်လျှော့ချရေးဖြစ်သည်။ နည်းပညာအကြံပေးကုမ္ပဏီ Infosys အား ဥရောပရှိဘဏ်တစ်ခုက ယင်း၏လုပ်ငန်းလည်ပတ်မှုဌာနရှိ ဝန်ထမ်းဦးရေ ၅၀,၀၀၀ ကို ဦးရေ ၅၀၀ သို့ လျှော့ချနိုင်မည့် နည်းလမ်းရှာဖွေရန် ခိုင်းစေခဲ့သည်။ ဤအထူးအစီရင်ခံစာက AI နည်းပညာဖြင့် စွမ်းရည်မြှင့်တင်ထားသည့် အသုံးချပစ္စည်းများအားဖြင့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ဝန်ထမ်းရေးရာတို့ကဲ့သို့သော ဌာနများရှိ ဝန်ထမ်းအရေအတွက်ကို လျှော့ချပေးနိုင်ကြောင်း ပြသခဲ့သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာတဝှမ်းလုံးရှိ အလုပ်သမားအင်အားထု၏ ၁၄ ရာခိုင်နှုန်း၊ သို့မဟုတ် အလုပ်သမားဦးရေ ၃၇၅ သန်းတို့၏ အလုပ်များတွင် အလိုအလျောက် ထိန်းချုပ်လုပ်ကိုင်နိုင်သည့် စက်ပစ္စည်းများ အစားထိုးဝင်ရောက်လိမ့်မည်ဖြစ်သည်ဟု McKinsey Global Institute က ခန့်မှန်းတွက်ချက်ထားသည်။ လုပ်ငန်းရှင်များအနေနှင့် သင်တန်းများပြန်လည်ပို့ချခြင်းအတွက် အကုန်အကျခံမည်လား၊ သို့မဟုတ် အပြောင်းအလဲအတွက် အချိန်ပေးမည်လားဆိုသည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။
ဒုတိယအရေးကြီးသည့်မေးခွန်းမှာ AI နည်းပညာပြန့်နှံ့လာသည့်အလျောက် ပုဂ္ဂလိကအတွင်းရေးများကို မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်မည်နည်းဆိုသည့်အချက်ဖြစ်သည်။ အင်တာနက်က လူအများ၏ ကွန်ပျူတာအချက်အလက်များအား အသေးစိတ်ခြေရာခံထောက်လှမ်းခြင်းကို ဖြစ်နိုင်အောင် လမ်းဖွင့်ပေးခဲ့ပြီးဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင် စားသုံးသူများနှင့် ဝန်ထမ်းများကို Online မှသော်လည်းကောင်း၊ ပြင်ပလောကတွင်သော်လည်းကောင်း၊ စောင့်ကြည့်နိုင်ရန်အတွက် AI နည်းပညာက ပိုမိုကောင်းမွန်သော အသုံးချနည်းစံနစ်များဖန်တီးနိုင်သည့် အခွင့်အရေးပေးတော့မှာဖြစ်သည်။ တစ်ခါတရံ တစ်ဦးချင်းအတွက် ဝန်ဆောင်မှုများ၊ အထူးလျှော့ဈေးများနှင့် မိမိတို့၏လိုအပ်ချက်များ ကိုက်ညီသည့်အခါ သုံးစွဲသူများ သဘောကျနှစ်ခြိုက်လေ့ရှိသည်။ သို့သော် သည်းမခံနိုင်လောက်သော ''ပုဂ္ဂိုလ်ရေးလျို့ဝှက်ချက် ထိန်းသိမ်းမှုချိုးဖောက်ခြင်းများကိုလည်း'' AI နည်းပညာက ယူဆောင်လာနိုင်ကြောင်း သတိပြုရမည် ဖြစ်သည်။ ဥပမာအားဖြင့်၊ မျက်နှာဟန်ပန်မူယာကို မှတ်သားသည့် နည်းပညာ အလွန်တိုးတက်မြင့်မားလာသည့်အလျောက် တစုံတဦး စိတ်အတွင်း ဖြစ်ပေါ်နေသည့် လိင်ပိုင်းဆိုင်ရာခံစားမှုကို သိရှိဖော်ထုတ်နိုင်မည်ဖြစ်သည်။ မလိုလားအပ်သောသူ တစုံတဦး၏ လက်တွင်းသို့သာ ရောက်ရှိသွားပါက ထိုနည်းပညာသည် တရားမျှတသည့် ဆက်ဆံရေးကို ဟန့်တားဖျက်ဆီးတော့မည်ဖြစ်သည်။
ကမ္ဘာတဝှမ်းမှ တရားဥပဒေထိန်းသိမ်းရေးအတွက် တာဝန်ရှိသူများသည် AI နည်းပညာကို အသုံးပြု၍ ဥပဒေချိုးဖောက်ကျူးလွန်သူများကို ဖော်ထုတ်နိုင်သကဲ့သို့ သာမန်ပြည်သူများအား ချောင်းမြောင်းကြည့်ရှုခြင်းတို့ကိုလည်း ပြုနိုင်ပေသည်။ အများသဘောတူညီသည့် သင့်လျော်မှန်ကန်သော စောင့်ကြပ်ကြည့်ရှုခြင်း အတိုင်းအတာတခုဖြစ်ကြောင်း သေချာစေသည့် ဥပဒေသစ်များချမှတ်ဖို့ လိုအပ်ပေလိမ့်မည်။
တတိယမေးခွန်းမှာ စီးပွားရေးယှဉ်ပြိုင်မှုပေါ်တွင် AI နည်းပညာ၏ အကျိုးသက်ရောက်မှု ဖြစ်သည်။ ယနေ့ထုတ်လုပ်သူများစွာသည် AI နည်းပညာဖြင့် တည်ဆောက်သည့် အသုံုးချပစ္စည်းများကို ကုမ္ပဏီများသို့ တင်ပို့ရောင်းချနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိကြသည်။ သို့သော် AI နည်းပညာတွင် အဓိကထိုးဖောက် အောင်မြင်နိုင်သည့် နည်းပညာကုမ္ပဏီတစ်ခုကသာ ရှေ့မှဦးဆောင်လျက်၊ အခြားပြိုင်ဖက်များအား လုပ်ငန်းရပ်ဆိုင်းစေပြီး မိမိ၏ပြိုင်ဖက်ဦးရေကို လျှော့ချလိမ့်မည်ဖြစ်သည်။ လာမည့်နှစ် အနည်းငယ်အတွင်း၌ကား ထိုဖြစ်ရပ်မျိုးပေါ်လာစရာအကြောင်းမရှိပေ၊ သို့သော်၊ ထိုသို့ဖြစ် လာခဲ့မည်ဆိုလျှင်မူ ကြီးစွာသော စိုးရိမ်ပူပန်စရာတစ်ခုပင် ဖြစ်ပေလိမ့်မည်။
ရှေ့လာမည့်နှစ်များအတွင်း AI က ''နည်းပညာကဏ္ဍ၏ပြင်ပရှိ စည်ကားနေသည့် စီးပွားရေးဈေးကွက်'' ကို ချုပ်ကိုင်ချယ်လှယ်မှုများ ပေါ်ထွက်လာစေပြီး၊ အဆုံးသတ်တွင် စားသုံးသူတို့၏ ရွေးချယ်မှုနှင့် ဆန်းသစ် ပြာင်းလဲမှုတို့ကို ကျဉ်းမြောင်းခက်ခဲလာစေဖို့ များသည်။ AI နည်းပညာကို စောစီးစွာ လက်ခံပြောင်းလဲ သုံးစွဲသည့်လုပ်ငန်းရှင်ကြီးများက ပိုမိုကြီးထွားလာပြီး၊ ကုန်ကျစရိတ်လျှော့ချလျက် ချိုသာသည့်ဈေးနှုန်းများဖြင့် သုံးစွဲသူများကို ပိုမိုဆွဲဆောင်နိုင်မှာဖြစ်သည်။ ဤကဲ့သို့သော ကုမ္ပဏီများမှာ ပိုလျှံသောအမြတ်အစွန်းများကို ပြန်လည်ရင်းနှီးမြှုပ်နှံလျက် မိမိတို့၏ပြိုင်ဖက်များရှေ့မှ ဆက်လက်ဦးဆောင်နေမည်သာဖြစ်သည်။ အင်အားသေးငယ်သည့် ကုမ္ပဏီများမှာမူ နောက်ကျကျန်ရစ်မြဲသာ ဖြစ်ပေလိမ့်မည်။
လက်လီဖြန့်ချိရောင်းချခြင်းသည် ဈေးကွက်တွင် နေရာယူနိုင်ရေးအတွက် ကုမ္ပဏီကြီးများကို AI မှ မည်ကဲ့သို့ ကူညီပေးနိုင်ကြောင်းပြသသည့် သာဓကတခုဖြစ်သည်။ AI နည်းပညာကို ကျယ်ပြန့်စွာအသုံးပြုသည့် Amazon ကုမ္ပဏီသည် အမေရိကန်နိုင်ငံရှိ Online စီးပွားရေး၏ ၄၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး၊ ပြိုင်ဖက်ကုမ္ပဏီများ အလွယ်တကူဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန် အတားအဆီးများ ပြုလုပ်ရာတွင်လည်း အသုံးပြုထားသည်။
ရေနံကုမ္ပဏီတခုက AI နည်းပညာကို အသုံးပြုခြင်းဖြင့် ရေနံထုတ်လုပ်မှုကုန်ကျစားရိတ်ကို ၃ ရာခိုင်နှုန်း လျှော့ချနိုင်သည်ဆိုပါစို့၊ ယင်း၏ပြိုင်ဖက်များထက် ၃ ရာခိုင်နှုန်း ပိုမိုလျော့နည်းသည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်မည်ဖြစ်သည်။ ယင်းအချက်က ယင်း၏ပြိုင်ဖက်အား လုပ်ငန်းရပ်ဆိုင်းသည်အထိ ဖြစ်စေနိုင်ကြောင်း Goldman Sachs ကုမ္ပဏီမှ Heath Terry ဆိုသူက ပြောကြားခဲ့သည်။ ယင်းက AI သည် ''ပြိုင်ဆိုင်မှုအခြေအနေကို တမျိုးတဖုံ ပြောင်းလဲပစ်နိုင်စွမ်းရှိသည်'' ဟုလည်း ယူဆသည်။
AI နည်းပညာဖြင့် စနစ်တကျပုံဖော်ထားသည့် ကောင်းကျိုးသက်ရောက်စေမည့် အပြောင်းအလဲများက အန္တရာယ်ကြီးများကို ကျော်လွှားနိုင်မည်ဟုပြောရန်ကား စောပေသေးသည်။ သို့သော် နောင်လာမည့် အချိန်ကာလများတွင် ကုမ္ပဏီတစ်ခုကို ဦးဆောင်ရန်မှာမူကား လွန်ခဲ့သည့် ကာလများကထက် ပိုမိုခက်ခဲလိမ့်မည်ဆိုသည်ကား အသေအချာပင်ဖြစ်သည်။
လုပ်ငန်းရှင်များအနေနှင့် ''မိမိတို့၏ လုပ်ငန်းဌာနများအား မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်ထားသည်၊ နည်းဗျူဟာနည်းစံနစ်များအား မိမိတို့ကုမ္ပဏီတွင်း၌သာ ရေးဆွဲတည်ဆောက်မည်လား သို့မဟုတ် ပြင်ပကုမ္ပဏီများအား ယုံကြည်စွာအပ်နှံရမည်လား၊ ယင်းတို့လိုအပ်သည့် နည်းပညာကျွမ်းကျင်မှု အရည်အချင်းတို့ကို ဆွဲဆောင်နိုင်မည်လား၊ ယင်းတို့၏ ဝန်ထမ်းများအား မည်မျှပြန်လည်ပေးဆပ်ရမည်နည်း၊ လုပ်သားများ၏ ကိုယ်ရေးကိုယ်တာနှင့် စုံစမ်းထောက်လှမ်းမှု နည်းဗျူဟာများကို မည်ကဲ့သို့ ချိန်ညှိမည်နည်း၊'' စသည်တို့ကို ပြန်လည်ဆင်ခြင်သုံးသပ်ရန် AI ကို လိုအပ်တော့မည်ဖြစ်သည်။ Internet က လုပ်ငန်းရှင်အချို့ကို ကျဆုံးစေသည့်နည်းတူ၊ မိမိတို့ကုမ္ပဏီ၏ ပြိုင်ဖက်များအပေါ်အသာစီးရမှုအား သေချာစေရန် AI နည်းပညာတွင် စောစီးစွာရင်းနှီးမြှုပ်နှံမှုမပြုသည့်သူများသည် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
သေချာသည်မှာ AI က သမားရိုးကျနည်းဖြင့် လုပ်ကိုင်ခြင်းများကို အဆုံးသတ်ပေးမှာဖြစ်ပြီး၊ ကမ္ဘာကြီးနှင့် စီးပွားရေးလောကတို့အတွက် ခေတ်သစ်တစ်ခုကို ဖန်တီးပေးတော့မည် ဖြစ်ပေသည်။
အောင်ကို (တောင်ငူ)