အစကာလ . . .
ဟားဗတ်တက္ကသိုလ် စိတ်ပညာကျောင်းသားအသက် ၁၉နှစ်ရှိတဲ့ Mark Zurckerberg က ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ Facebook ကို တည်ထောင်ခဲ့ပါတယ်။ Facebook မတိုင်ခင် ၂၀၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှာ Facemash.com ကို စတည်ထောင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အတန်းဖော် သူငယ်ချင်းအချင်းချင်း ဓာတ်ပုံယှဉ်ပြီး ဘယ်သူကလူကြိုက်များလဲဆိုတာ သိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ပါတယ်။ အဲဒီကရတဲ့ အတွေ့အကြုံအရ လူတွေဟာ အင်တာနက်ကနေ မိတ်ဆွေတွေရဲ့ ဓာတ်ပုံကြည့်ချင်တယ်ဆိုတာ သိရတဲ့အတွက် Facebook ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၄ နာရီအတွင်းမှာပဲ ဟားဗတ်တက္ကသိုလ် ကျောင်းသားနှစ်ရာကျော် Register လုပ်ခဲ့ပြီး တစ်လအတွင်းမှာ ဘွဲ့ကြိုကျောင်းသားထက်ဝက်ခန့် Register လုပ်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာပဲ ဘော်စတွန်တက္ကသိုလ် အပါအဝင် အမေရိကန်မှာရှိတဲ့ နာမည်ကြီးတက္ကသိုလ်အားလုံး ပြန့်သွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်၊ သြဂုတ်လမှာ Facebook .com ဆိုတဲ့နာမည်ကို ဒေါ်လာနှစ်သိန်းနဲ့ဝယ်ခဲ့ပြီး နာမည်ပြောင်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလကစပြီး အမေရိကန် အထက်တန်းကျောင်းတွေအားလုံးအပြင် အင်္ဂလန်မှာရှိတဲ့ တက္ကသိုလ်တွေအထိ ပျံ့နှံ့ခဲ့ပါတယ်။ ခြောက်နှစ်တာကာလနောက်ပိုင်း တစ်ကမ္ဘာလုံးမှာ လူပေါင်းသန်းခုနစ်ရာနီးပါး အသုံးပြုလာပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အချက်အလက်တွေကို Google က ပိုင်ဆိုင်တယ်ဆိုရင် Facebook က သင်နဲ့သင့်သူငယ်ချင်းတွေကို သိနေပါတယ်။ တစ်နည်းအားဖြင့် လုပ်စရာရှိတာတွေ လုပ်ဖို့ Google ကို အသုံးပြုတတ်ကြပြီး ကိုယ့်ရဲ့အချိန်ဖြုန်းဖို့ဆိုရင် Facebook ကို သုံးတတ်ကြပါတယ်။ ဒီနေ့မှာဆိုရင်တော့ ကမ္ဘာပေါ်ရှိလူဦးရေ တစ်ဘီလီယံခန့်ဟာ Facebook ကို အသုံးပြုကြပြီး အဲဒီထဲက သုံးပုံနှစ်ပုံက နေ့တိုင်းအသုံးပြုနေတာကို တွေ့ရပါတယ်။ Facebook ရဲ့ အဆိုအရ တစ်လကို ၁.၆ ဘီလီယံ အသုံးပြုသူဦးရေရှိနေကြောင်း သိရပါတယ်။ အမေရိကန်မှာဆိုရင် Facebook အသုံးပြုသူ ၂၂ ရာခိုင်နှုန်းရှိပြီး ၁၁ ရာခိုင်နှုန်းကတော့ YouTube နဲ့ Google ကို သုံးကြပါတယ်။ လက်ရှိအချိန်အထိ Facebook ကို အခမဲ့မှတ်ပုံတင်သုံးစွဲခွင့်ရရှိပြီး Facebook ရဲ့ ဝင်ငွေက ကြော်ငြာတွေကတစ်ဆင့် ရတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာဆိုရင် လွန်ခဲ့တဲ့နှစ်နှစ်ထက် နှစ်ဆတိုးပြီး အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးရဲ့ Digital ကြော်ငြာဝင်ငွေ ၇၀ ဘီလီယံရှိပြီး Google က ၃၅ ရာခိုင်နှုန်း၊ Facebook က ၁၉ ရာခိုင်နှုန်း Twitter က ၂.၅ ရာခိုင်နှုန်းနဲ့ Yahoo က ၁.၅ ရာခိုင်နှုန်း ရရှိပါတယ်။
ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ Friendster နဲ့ Myspace တို့က အခြေအနေဆိုးနေပေမဲ့ Facebook ကတော့ ပန်းပန်မြဲဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Yahoo က Facebook ကို တစ်ဘီလီယံနဲ့ဝယ်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရပေမယ့် Mark ဟာ အမြော်အမြင်ကြီးစွာနဲ့ ငြင်းပယ်ခဲ့ပါတယ်။ Facebook အနေနဲ့ Internet လောကမှာ အဓိကကြုံတွေ့နေရတဲ့ ပြဿနာသုံးခုဖြစ်တဲ့ လူမှုကွန်ရက် (Social Network) တွေရဲ့ ရပ်တည်နိုင်မှု တိုတောင်းခြင်း၊ ဝင်ငွေရရှိဖို့ ခက်ခဲခြင်းနဲ့ မိုဘိုင်းကြော်ငြာကနေ ပိုက်ဆံရရှိဖို့ မသေချာခြင်းတို့ကို ကျော်လွှားနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာလည်း Facebook ဟာ သန်း ၇၀၀ ကျော် User ရှိတဲ့သူ့ရဲ့ Messenger Platform ရဲ့ အားသာချက်ကိုယူပြီး Customer Service နယ်ပယ်ထဲကို ဝင်ဖို့ ခြေလှမ်းစလာနေပြီ။ လုပ်ငန်းတွေကို အလိုအလျောက် Customer Support ပေးနိုင်တဲ့ ဝန်ဆောင်မှု၊ E-commerce လမ်းညွှန်၊ Content တွေနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုမှုတွေကို Chatbot တွေကတစ်ဆင့် လုပ်နိုင်စေမယ့် Messenger Platform အသစ်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလအစောပိုင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ Facebook Messenger Platform က အနာဂတ်မှာ Cusotmer Service တွေနဲ့ပတ်သက်လို့ ဖြေရှင်းဝန်ဆောင်မှုတွေကို ကိုင်တွယ်ပေးမယ့် Platform တွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။
လုပ်ငန်းချဲ့ထွင်ခြင်းကာလ . . .
၂၀၀၈ ခုနှစ်မှာ ကုမ္ပဏီရဲ့ ငွေကြေးအကျိုးအမြတ်ဆိုင်ရာ ရည်မှန်းချက်နဲ့ ထိရောက်တဲ့ ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းဖြစ်ဖို့ Google ရဲ့ ကနဦး ဝန်ထမ်းဟောင်းဖြစ်သူ Sheryl Sanberg ကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ် (Chief Operating Officer - COO) အနေနဲ့ ငှားရမ်းပြီး လုပ်ကိုင်စေခဲ့ပါတယ်။ Facebook ရဲ့ ထောင်ပေါင်းများစွာရှိတဲ့ Account တွေရဲ့ သက်ဆိုင်ရာ အချက်အလက်တွေဟာ ကြော်ငြာရှင်လုပ်ငန်းရှင်ကြီးတွေအတွက် အလွန်ကိုတန်ဖိုးရှိပါတယ်။ အထူးသဖြင့် ကိုယ့်ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုကို အသုံးပြုစေလိုတဲ့ ဖောက်သည်တွေဆီ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် အသိပေးကြော်ငြာနိုင်တာဟာ လုပ်ရိုးလုပ်စဉ် မီဒီယာတွေဖြစ်တဲ့ သတင်းဂျာနယ်နဲ့ TV တို့ထက် ပိုမိုထိရောက်မှုရှိပါတယ်။ ၂၀၁၂ ခုနှစ်အထိ မိုဘိုင်းကြော်ငြာတွေကနေ ပိုက်ဆံမရရှိသေးပါဘူး။ အဲဒီအချိန်မှာ Twitter က အခြေအနေကောင်းသယောင် ရှိနေခဲ့ပေမဲ့ မနှစ်ကဆိုရင် Facebook ရဲ့ ကြော်ငြာဝင်ငွေဟာ Twitter ထက် ရှစ်ဆများခဲ့ပါတယ်။ အဓိကက Facebook အသုံးပြုသူတွေရဲ့ သုံးစွဲတဲ့အချိန် ပိုကြာမြင့်တာကြောင့်လည်း ဖြစ်ပါတယ်။
ကွန်ပျူတာထက်စာရင် မိုဘိုင်းဖုန်း အသုံးပြုမှုများတဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုးဆိုရင် Facebook အသုံးပြုသူ ပိုများလာပါတယ်။ လက်ရှိမှာဆိုရင် Facebook ကို အဓိကအသုံးပြုသူတွေရဲ့သုံးပုံတစ်ပုံဟာ အာရှနိုင်ငံတွေက ဖြစ်ပြီး (စကားချပ်။ ။ တရုတ်နိုင်ငံဟာ Facebook သုံးစွဲခွင့်ပိတ်ပင်ထားပါတယ်။) နောက်သုံးပုံတစ်ပုံက အမေရိကနဲ့ ဥရောပဖြစ်ကာ ကျန်တာက ကမ္ဘာအနှံ့မှာ ဖြစ်ပါတယ်။ အိန္ဒိယမှာ လူသုံးများတဲ့ App တွေထဲမှာ Facebook က နံပါတ်သုံးနေရာမှာ နေရာယူထားပါတယ်။
လောလောဆယ် Facebook က Google ရဲ့နောက်မှာ ရှိနေပါသေးတယ်။ Mark Zurckerberg ရဲ့ ပေါ်လစီ၊ တနည်းအားဖြင့် Facebook ရဲ့ ဆောင်ပုဒ် 'မြန်မြန်လှုပ်ရှားလေ၊ အခွင့်အရေးရလေ' ဆိုတဲ့အတိုင်း ဖောက်သည်တွေအတွက် အကျိုးရှိတဲ့၊ အကျိုးရှိနိုင်တဲ့ App တွေကို တီထွင်ဝယ်ယူခြင်း လုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သက်ဆိုင်တဲ့ သတင်းတွေကို စုစည်းကြည့်နိုင်တဲ့ News Feed ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် ဝန်ထမ်းသုံးဦးနဲ့ ဖွဲ့စည်းထားတဲ့ ဓာတ်ပုံ Share လို့ရတဲ့ Instagram ကို တစ်ဘီလီယံနဲ့ ဝယ်ခဲ့ပါတယ်။ မနှစ်ကစပြီး Instagram မှာ ကြော်ငြာတွေ ရောင်းခဲ့ရတာ ဒီနှစ်မှာဆိုရင် ကြော်ငြာနှစ်ဘီလီယံ ရခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဘယ် App တွေကို လူကြိုက်များလဲဆို တာကို လေ့လာလို့ရတဲ့ အစ္စရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ONABO ကို ဒေါ်လာသန်း ၁၂၀ နဲ့ ဝယ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ Oculus ကို နှစ်ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး Whatsapp ကိုတော့ ၂၂ ဘီလီယံဝယ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး ဒီနေ့ ဒီအချိန်ထိ နည်းပညာကုမ္ပဏီတွေ ဝယ်ယူခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ အသုံးချပြီးဖြစ်ပါတယ်။
New York Stock Exchange တက်ပြီးနောက် . . .
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ New York Stock Exchange မှာ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာတွေ စတင်ထုတ်ရောင်းခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Facebook ရဲ့ ကြော်ငြာချက်မှာ သုံးစွဲသူပေါင်း ၈၄၅ သန်း ရှိပြီး နေ့စဉ် Like ၊ Commet ပေးတာ ၂.၇ ဘီလီယံ အကြိမ်ရှိပါတယ်။ အဲဒီအချိန်မှာ ရှယ်ယာတစ်စောင်ရဲ့ တန်ဖိုးဟာ ၃၈ ဒေါ်လာရှိပြီး ကုမ္ပဏီတစ်ခုလုံးရဲ့ တန်ဖိုးဟာ ၁၀၄ ဘီယီယံရှိပါတယ်။ အဲဒါဟာ ကုမ္ပဏီအသစ်တစ်ခုအနေနဲ့ အစုရှယ်ယာတန်ဖိုးမှာ အကြီးဆုံးဈေးဖြစ်ပါတယ်။ အဲဒီလို Stock Exchange တက်ပြီးနောက်မှာ Mark Zurckerberg က ကုမ္ပဏီရဲ့ ၂၂ ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။ ဒီနေ့ဒီအချိန်မှာဆိုရင် Facebook ဟာ တန်ဖိုးအကြီးဆုံး အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်နေကာ ဈေးကွက်တန်ဖိုးကတော့ ၃၂၅ ဘီလီယံ ရှိနေပြီး၊ Mark Zurckerberg က တရုတ်စကားကျွမ်းကျင်သူဖြစ်တဲ့အတွက် တရုတ်ပြည်သာ Facebook သုံးစွဲခွင့်ရမယ်ဆိုရင် သူ့အတွက် အခွင့်အလမ်းကောင်းကြီးဖြစ်မှာ သေချာပါတယ်။
အနာဂတ်စိန်ခေါ်မှုများ . . .
Mark Zuckdrberg ရဲ့ ပင်ကိုဓာတ်ခံက ကြီးပွားလိုစိတ်ထက်သန်တာကြောင့် Facebook ကို ဒီထက်ကြီးအောင် လုပ်နေမှာပါပဲ။ စပ်စပ်စုစုရှိတတ်ပြီး ပြင်းပြတဲ့စိတ်ရှိတဲ့ Mark Zurckerberg ဟာ Amazon ရဲ့ ကနဦးတည်ထောင်သူ Jeff Bezos လိုပဲ သေးသေးလေးကနေ ဒီထက်ကြီးအောင် ချဲ့ထွင်သုံးသွားမှာ သေချာပါတယ်။ ငွေကြေးချမ်းသာမှုကို အဓိကမထားတဲ့အတွက် သူနဲ့သူ့အမျိုးသမီးက သူတို့ပိုင်ဆိုင်မှုတွေကို အချိန်တန်ရင် လှူဒါန်းသွားမှာဆိုတာ အတိအလင်းကြေညာပြီး ဖြစ်ပါတယ်။ အရင်က ကွန်ပျူတာဟက်ကာလို့ နာမည်ရခဲ့တဲ့ Mark Zurkerberg ဟာ Silicon Valley ရဲ့ တရားဝင်သတ်မှတ်မထားတဲ့ စည်းမျဉ်းတွေကို လိုက်နာသူ မဟုတ်ခဲ့ပါဘူး။ Facebook ကို ချဲ့ထွင်မယ်ဆိုရင် ကြုံတွေ့ရမယ့် အခက်အခဲနှစ်ခုကတော့ ဈေးကွက်ထိန်းချုပ်ခြင်းနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံစေခြင်းတို့ပဲ ဖြစ်ပါတယ်။ Microsoft နဲ့ Google တို့ရဲ့ နမူနာအတိုင်း ဈေးကွက်ကြီးလာတာနဲ့အမျှ သက်ဆိုင်ရာနိုင်ငံအလိုက် ထိန်းချုပ်မှုတွေကို လိုက်နာရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း WhatsApp လို ပြိုင်ဘက်မျိုး ထပ်ဝယ်ပြီးကြိုးစားရင် အရင်ကလို လွယ်ကူဖို့မရှိတော့ပါဘူး။ ဥရောပနိုင်ငံတွေက Facebook ကို ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံမှုနဲ့ ပတ်သက်ပြီး စိတ်မချရတဲ့အတွက် စောင့်ကြည့်နေကြပါတယ်။ အဲဒါကလည်း Facebook အနေနဲ့ ကိုယ်ရေးကိုယ်တာ အချက်လက် ထိန်းချုပ်ခြင်းဆိုင်ရာ Policy နဲ့ သတင်းအချက်အလက်တွေကို မကြာခဏ ပြောင်းလဲခဲ့တဲ့ သမိုင်းရှိခဲ့လို့ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက Facebook ဖောက်သည်တွေရဲ့ တခြား Website တွေကို အသုံးပြုတဲ့ အမူအကျင့်တွေကို ခွင့်ပြုချက်မယူဘဲ ထုတ်ပြန်ခဲ့ဖူးပါတယ်။
Facebook ကို နားလည်မှုလွဲတဲ့ အချက်က ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ရောင်းချနေခြင်းဖြစ်တယ်လို့ Facebook ရဲ့ တာဝန်ရှိသူ Chris Cox ဖြေရှင်းထားပါတယ်။ အမှတ်တံဆိပ် ယုံကြည်ခြင်း စစ်တမ်းကောက်ခံတဲ့ Reputation Institute အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ Facebook ရဲ့ အမှတ်တံဆိပ် (Brand) ဟာ အခြားနည်းပညာပိုင်းဆိုင်ရာ အမှတ်တံဆိပ်တွေရဲ့အောက်ကို ရောက်နေပါတယ်လို့ ဆိုပါတယ်။ အဲဒါက လူတွေရဲ့ ယုံကြည်မှုအားနည်းခြင်းရဲ့ ရလဒ်ဖြစ်နေပါတယ်။ အဲဒါဟာလည်း တည်ထောင်ချိန်က ကလေးအရွယ်ကနေ တဖြည်းဖြည်းကြီးပြင်းလာတဲ့ Facebook ရဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒါဟာလည်း တည်ထောင်ချိန်က ကလေးအရွယ်ကနေ တဖြည်းဖြည်းကြီးပြင်းလာတဲ့ Facebook ရဲ့ လူကြီးအဆင့်ကို တက်လှမ်းရမယ့်အချိန်မှာ ကြုံရတဲ့စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများက Facebook ရဲ့အားသာချက်တွေကို ရယူအသုံးပြုနေကြပြီဖြစ်ပါတယ်။ ကြော်ငြာ Campaign မျိုးစုံကနေ Customer နဲ့ Brand တွေကြား Trust တည်ဆောက်မှုတွေအထိ အသုံးချနေကြပါပြီ။ ဒါကြောင့် Facebook အပေါ် Social Media အနေနဲ့ လူတွေကြား အောင်မြင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကြား ပိုမိုအောင်မြင်လာတဲ့အကြောင်းကို Myanmar's Net ရဲ့ Managing Director ဦးဇော်ထွဋ်နဲ့ ပြောဆိုဖြစ်ခဲ့တာကြောင့် သူ့ရဲ့သုံးသပ်ချက်တွေထဲက အနည်းငယ်ကို ပြန်လည်တင်ပြပေးချင်ပါတယ်။
ဦးဇော်ထွဋ်
Managing Director
Myanmar’s Net
Facebook က Social Media အနေနဲ့ အောင်မြင်မှု . . .
Facebook က Consumer Level အစုံအများသုံး၊ လူငယ်သုံး Product တစ်ခုဖြစ်နေပါတယ်။ ဥပမာ - Boeing လိုကုမ္ပဏီဆိုရင် သူ့တံဆိပ်ကို လူတွေတွေ့တာနည်းတယ်။ ဒါပေမဲ့ Starbucks ကိုလူတွေ့ပိုများပါတယ်။ အခုနောက်ပိုင်း ဖုန်းသုံးတယ်ဆိုတာက Message ပို့တယ်၊ Video Call တာတွေ ပိုလုပ်ဖြစ်ပါတယ်။ ဒါတွေကို Facebook ကနေ လုပ်လာကြပြီး Facebook က ကိုယ့်ဖုန်းဖြစ်လာပါတယ်၊ လူသုံးများပြီး User တွေ ကြားထဲမှာ ပိုအောင်မြင်လာပါတယ်။ Investor တွေလည်း ပိုများလာသလို ကုမ္ပဏီလည်း ပိုကြီးလာပါတယ်။ Facebook က ထုတ်ရောင်းတဲ့ ရှယ်ယာတွေကို တွက်ကြည့်လိုက်တာနဲ့ ကုမ္ပဏီတန်ဖိုးကို တွက်ကြည့်လို့ရပါတယ်။ (Facebook ရဲ့ Market Capital ဟာ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၃ မှာဆိုရင် ၃၃၃.၈၀ ဘီလီယံ ဒေါ်လာ ရှိပါတယ်။ Credit : ycharts.com )
Giant Market Research Engine : Facebook . . .
Facebook ကိုယ်တိုင်က Giant Market Research Engine တစ်ခုဖြစ်ပါတယ်။ သူ့ကို Survey Engine လို့လည်း ပြောလို့ရပါတယ်။ Market Research က Business မှာ အလွန်အရေးပါတဲ့အရာဆိုတာကို အားလုံးသိပါလိမ့်မယ်။ အခုနောက်ပိုင်းကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးပွင့်လင်းလာပြီး နိုင်ငံခြားက Multinational ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာလာပြီး စီးပွားရေးလုပ်တော့မယ်ဆိုရင် (ဒီမှာ စီးပွားရေး) လုပ်ရမလား၊ လုပ်သင့်သလား၊ လုပ်ရင်ကောင်းမလား၊ လုပ်မယ်ဆို အခြေအနေဘယ်လိုရှိမလဲဆိုတာ Research လုပ်ကြပါတယ်။ အဲဒီလိုအချိန်မှာ Facebook က တချို့ Result ကို တမုဟုတ်ချင်း ထုတ်ပေးနိုင်ပါတယ်။ ဥပမာ - နိုင်ငံခြားက ယမကာရောင်းတဲ့ ကုမ္ပဏီလာချင်တယ်ဆိုရင် မြန်မာပြည်က ဘီယာကို အကြိုက်များတဲ့နိုင်ငံလား၊ အရက်ပြင်းကိုကြိုက်တဲ့ နိုင်ငံလား၊ ဗော့ဒ်ကာကို ကြိုက်တဲ့နိုင်ငံလား ၊ ဝိုင်ကို ကြိုက်တဲ့နိုင်ငံလားဆိုတာကို ရှာနိုင်ပါတယ်။ ဒါတွေကို သိရင်တောင်မှ ဘာကဘယ်လောက်ရာခိုင်နှုန်း ရှိသလဲဆိုတာကို သိဖို့လိုပါတယ်။ ဘီယာသောက်တာများတယ်ဆိုရင်၊ သူ့နောက်က နံပါတ်နှစ်က ဘယ်သူလဲ စသဖြင့် Facebook ကနေ ချက်ချင်းထုတ်ပြပေးနိုင်ပါတယ်။ Market Research အတွက် Facebook က အသုံးပြုသူတွေတင်တဲ့ ပုံတွေ၊ ရေးတာတွေကိုကြည့်ပြီး အဖြေရှာပေးနိုင်ပါတယ်။ ဥပမာ - နိုင်ငံရေးမှာတောင် ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့်တို့ရဲ့ Popularity ဘယ်သူကများတယ်၊ ဘယ်သူကနည်းတယ်၊ ဘယ်သူက ဘယ်လောက်ရာခိုင်နှုန်းနဲ့ ဘယ်သူ့ထက်ပိုပြီး Popular ဖြစ်တယ်ဆိုတာကို Like အရေအတွက်ကိုတွက်ပြီး ထိုင်ကြည့်လို့ရပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ဘယ်သူနိုင်မယ်၊ ဘယ်သူရုံးမယ် ဆိုတာ အမေရိကန်မှာ ထွက်နေပြီးသားပါ။ Market Research က ကောင်းလွန်းတာကြောင့် ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ ဒီလို အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင် တာကြောင့် Business မှာ နေရာတော်တော်များများမှာ ငွေကြေးအများကြီး ကွာသွားစေနိုင်ပါတယ်။ အဲဒီလို အနာဂတ်ကို ကြိုသိနိုင်ဖို့အတွက် Big Data ကို သုံးလာကြပါတယ်။ Big Data ဆိုတာ အင်တာနက်ပေါ်မှာ လူတွေသုံးသမျှ Click လုပ်သမျှ Behavior တွေကို အကုန် Record လုပ်ပြီးတော့ အဖြေကိုပြန်ထုတ်တာပါ။ နောက်ပိုင်းမှာ Big Data ကို Human Nature ကို ခန့်မှန်းတဲ့နေရာမှာပါ အသုံးချလာကြပါလိမ့်မယ်။
ဒေါက်တာသာထွန်းဦး