နိုင်ငံရဲ့ စီးပွားရေးတိုးတက်ချင်ရင် ပို့ကုန်ကဏ္ဍတိုးတက်မှရပါမယ်။ လက်ရှိပြည်တွင်းပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေသလဲ၊ ဘယ်လိုမူဝါဒတွေက မြန်မာနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းအခြေအနေကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားတဲ့နေရာမှာ ထင်သလောက်ခရီးမပေါက်အောင် လုပ်ထားသလိုဖြစ်နေသလဲ စတဲ့အချက်တွေကို Industry အသီးသီးက ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုထားမှုတွေကို အထူးဆောင်းပါးအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ဦးကျော်ကျော်ဝင်း
ဥက္ကဋ္ဌ
အာဆီယံပရိဘောဂစက်မှုလက်မှုကောင်စီ
Furniture လုပ်ငန်းကဏ္ဍအတွက် လက်ရှိအခြေအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက အခြေအနေ . . .
ပရိဘောဂကဏ္ဍနဲ့ပတ်သက်တဲ့ Export အခြေအနေက လောလောဆယ်မှာ အဆိုးဆုံးအခြေအနေကို ရောက်နေပါတယ်။ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ် ဝန်းကျင်ကာလတွေနဲ့ ယှဉ်လိုက်ရင် အများကြီးလျော့နည်းသွားတယ်။ လုပ်ငန်းတွေကလည်း ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်ခဲ့မယ့် အနေအထားရှိတယ်။ ၂၀၀၈ ခုနှစ်၊ World Financial Crisis နောက်ပိုင်းမှာ လုပ်ငန်းတွေက တော်တော်လေးကို အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံကထုတ်တဲ့ ပရိဘောဂကို ဥရောပနိုင်ငံက အဓိကဝယ်တာကြောင့်ပါ။ မြန်မာပြည်ကထုတ်တဲ့ ပရိဘောဂလို့ပြောလိုက်ရင် တန်ဖိုးရှိတဲ့သစ်တွေကိုပဲ ထုတ်တာဆိုတော့ တန်ဖိုးရှိတဲ့သစ်နဲ့လုပ်တဲ့ ပရိဘောဂက ဥရောပကိုပဲ အဓိကတင်ပို့လို့ရတာဖြစ်ပါတယ်။ ကျွန်းနဲ့လုပ်တဲ့ Outdoor Furniture တွေ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ခါမှာ သစ်ထုတ်လုပ်မှုတွေ ထိန်းချုပ်လိုက်တာ၊ သစ်ကုန်ကြမ်းတွေရဲ့ ဈေးနှုန်းမြင့်တက်မှုတွေနဲ့ ဥရောပက ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့စနစ်တွေကလည်း အပြောင်းအလဲတွေရှိလာတဲ့အခါမှာ ဝယ်လိုအားတွေ သိသိသာသာ ကျဆင်းသွားတာရှိတယ်။ အခြေအနေတွေအားလုံးကို ပေါင်းစပ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီပရိဘောဂကဏ္ဍက တော်တော်လေး ကျဆင်းသွားတယ်။ လက်ရှိအနေအထားမှာ တစ်နှစ်ကို ဒေါ်လာသန်းနှစ်ဆယ်ဝန်းကျင်လောက်ပဲ ပို့နိုင်ပါတယ်။
Furniture လုပ်ငန်းကဏ္ဍအတွက် လက်ရှိရှိနေတဲ့ Rules & Regulations တွေအပေါ်ဝေဖန်ပေးပါ . . .
ပရိဘောဂထုတ်လုပ်တင်ပို့တဲ့ ကဏ္ဍမှာရှိတဲ့လူတွေက ဒီလုပ်ငန်းကို မတိုးချဲ့ချင်တော့ဘူး၊ ဝန်လေးလာတယ်ဆိုတဲ့ အနေအထားက အစိုးရရဲ့ ပေါ်လစီနဲ့ ဆိုင်သင့်သလောက်တော့ ဆိုင်ပါတယ်။ ဘယ်ပေါ်လစီကို ပြောရမလဲဆိုရင် သစ်ကုန်ကြမ်းတွေကို ဝယ်ယူပြီးတော့ ပရိဘောဂတွေ ထုတ်လုပ်ပြီး တင်ပို့တဲ့အချိန်မှာ ဒီသစ်တွေရဲ့ Legality လို့ခေါ်တဲ့ တရားဝင်မှုကို စစ်ဆေးတဲ့လုပ်ဆောင်ချက်တွေ ရှိတယ်။ ဒီစစ်ဆေးတဲ့ လုပ်ဆောင်ချက်တွေလုပ်တဲ့အခါ ပရိဘောဂကဏ္ဍကျတော့ သစ်ကုန်ကြမ်းကနေ ကုန်ချောထွက်ရှိမှုလုပ်ငန်းစဉ်ကို စစ်ဆေးတဲ့အခါ Process တွေက များပြီး ရှုပ်ထွေးကြန့်ကြာတာတွေရှိတယ်။ ပရိဘောဂဆိုတာကလည်း ဒီဇိုင်းတွေပါတဲ့အတွက် သင်္ဘောတင်နောက်ကျလို့ မဖြစ်တာရှိတယ်။ အဲဒီအခါ ဒီလုပ်ငန်းကို လုပ်ဆောင်နေရတဲ့သူတွေအတွက် အခက်အခဲတွေ အများကြီး ဖြစ်တယ်။ သစ်ကို ကုန်ကြမ်းအဖြစ်အသုံးပြုပြီး ကုန်ချောထွက်လာတဲ့ အနေအထားမှာ ဒီကုန်ချောကို ဘယ်ကုန်ကြမ်းကရတဲ့ သစ်နဲ့ထုတ်လုပ်တာလဲဆိုတဲ့ ပြန်လှန်ပြီးတော့ နောက်ကြောင်းပြန်စစ်ဆေးမှုတွေ၊ Process တွေက အလွန်များတယ်။ Paper Work တွေက အလွန်များတယ်။ အဲဒီအခါအချိန်တွေ တအားပေးရတယ်။ အဲဒါက လုပ်ငန်းရှင်တွေအတွက်လည်း အဓိကအခက်အခဲတစ်ခုလို ဖြစ်နေတယ်။
ASEAN Furniture Industrial Council ဥက္ကဋ္ဌအနေနဲ့တော့ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့မရဘူး။ အစိုးရကို အကြံပေးလို့တော့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ကြမ်းနဲ့ပတ်သက်လို့ Export Process မှာ တရားဝင်မှုစစ်ဆေးတဲ့အပေါ် ပြုပြင်ပြောင်းလဲပေးဖို့အတွက် Request လုပ်ထားပါတယ်။ အခုချိန်ထိတော့ ထူးထူးခြားခြား မရှိသေးဘူး။ ကျွန်တော် Request လုပ်တာကလည်း မစစ်ဆေးပါနဲ့လို့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့က Parts by Parts တွေကို Measurement နဲ့စစ်ဆေးမယ့်အစား Total Weight နဲ့စစ်ဆေးတဲ့ Method ကိုသုံးရင် ပိုပြီးမြန်ဆန်မယ်။ ဥပမာ- ထိုင်ခုံတစ်လုံးကို Weight ချိန်ရင် သစ်သားရဲ့ Weight က Kg ဘယ်လောက်ရှိသလဲထွက်လာပါမယ်။ သစ်တိုင်းမှာ သူတို့်ရဲ့ Density အရ Weight တွေက Standard တွေရှိတယ်။ ကျွန်းသစ်တစ်တန်ရဲ့ အလေးချိန်က ပျမ်းမျှဘယ်လောက်ဆိုတာရှိတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ဥပမာ- ကျွန်းသစ်တစ်တန်က ပျမ်းမျှ 1000 Kg ရှိတယ်ဆိုရင် ကျွန်တော်တို့ထုတ်လုပ်လိုက်တဲ့ ပရိဘောဂက ထိုင်ခုံအလုံးတစ်ရာအတွက် Kg 700 ၊ ဒါမှမဟုတ် ၈၀၀ ရှိတယ်။ ဒါဆိုရင် Fair ဖြစ်တယ်။ 1000 Kg ရှိတဲ့ သစ်တစ်တန်လောက်သုံးလိုက်တာ ထိုင်ခုံအလုံး တစ်ရာထွက်တာက သဘာဝကျတယ်။ Kg အရ Overweight မဖြစ်ဘူး။ ဒီလိုသဘောမျိုးနဲ့ စစ်ဆေးစေချင်ပါတယ်။ ဒါက တင်ပြထားတာပဲရှိပြီး အကောင်အထည်ဖော်တဲ့နေရာမှာ ကြန့်ကြာနေဆဲဖြစ်ပါတယ်။
ကုန်ချောဖြစ်လာပြီးတဲ့အပေါ်မှာ ကျွန်တော်တို့ တန်ဖိုးထားမခံရဘူး။ ကုန်ချောဖြစ်လာပြီးတဲ့အခါမှာ လုပ်သားအင်အားတွေ ပါလာတယ်၊ အတတ်ပညာတွေ ပါလာတယ်။ Value-added ဖြစ်လာတဲ့အပေါ်မှာ တန်ဖိုးထားမခံရဘူး။ ကုန်ချောက ဘယ်လောက်ပဲတန်ဖိုးရှိရှိ သစ်က တရားမဝင်သစ်နဲ့လုပ်တာ ဟုတ်လား၊ မဟုတ်လားဘဲစစ်ဆေးပြီး အဲဒါကို အတော်ဦးစားပေးတယ်။ ကုန်ကြမ်းရရှိရေးဆိုတဲ့အပိုင်းက အတတ်ပညာရှင်တွေ စီးပွားရေးလုပ်နိုင်အောင် ကုန်ကြမ်းက ပံ့ပိုးပေးနိုင်မှုမရှိသေးဘူး။ သစ်ကုန်ကြမ်းလိုချင်ရင် တင်ဒါဆွဲရပါတယ်။ ဒီနေရာမှာက သစ်အခြေခံစက်မှုလက်မှုလုပ်တဲ့ သစ်စက်ကြီးတွေနဲ့ ပရိဘောဂလုပ်တဲ့သူတွေနဲ့ သဘောသဘာဝချင်းက အများကြီးကွာတယ်။ ပရိဘောဂလုပ်တဲ့သူတွေက လက်နဲ့ပါ လုပ်ရတယ်။ သစ်အခြေခံလုပ်တဲ့သူတွေက စက်နဲ့ပဲ သစ်လုံးကိုဝယ်တယ်၊ ခွဲစိတ်လိုက်တယ်၊ တင်ပို့လိုက်တယ်။ လူအင်အားကလည်း နည်းနည်းပဲသုံးရတယ်။ သူတို့ရဲ့ စာရွက်စာတမ်းကိစ္စဆိုရင်လည်း ပိုလွယ်တယ်။ ပရိဘောဂအတွက်ကျ သစ်အတို၊ အသေးလေးတွေ အများကြီးကို ဆိုဒ်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ လှီးဖြတ်အချောကိုင်ပြီးတော့မှ တပ်ဆင်ပြီးလုပ်ရတယ်။ အဲဒါတွေကို လိုက်စစ်တဲ့အနေအထားမှာ အလုပ်အင်မတန်ရှုပ်တယ်။ တော်ရုံတန်ရုံလုပ်ငန်းရှင်တွေက ဒီဒဏ်ကိုမခံနိုင်ဘူး။ မခံနိုင်တဲ့အခါ နိုင်ငံခြားကလာပြီး ရင်းနှီးမြှုပ်နှံတဲ့သူတွေလည်း သူတို့တိုင်းပြည်မှာ ဒီလိုမဟုတ်ဘူး၊ ဒီတိုင်းပြည်က ဘာလို့ဒီလိုဖြစ်နေရတာလဲဆိုပြီး စိတ်ပျက်ကြရပါတယ်။
ဆိပ်ကမ်းမှာ တရားမဝင်သစ်အဖမ်းခံရပြီဆိုရင် သစ်ကိုကုန်ကြမ်းအဖြစ် အသုံးပြုတဲ့လုပ်ငန်းရှင်တွေက ပိုပြီးဒုက္ခရောက်တယ်။ နောက်တစ်ကြိမ်ဒီလိုမျိုးခိုးထုတ်လို့မရအောင်ဆိုပြီးတော့ စည်းကမ်းတွေ ထပ်တင်းကျပ်တဲ့အခါ လူအင်အားနဲ့ နည်းပညာနဲ့လုပ်ရတဲ့ ပရိဘောဂလုပ်ငန်းတွေက ဒီဒဏ်ကို မခံနိုင်ဘူး။ Time Limitation လည်း ရှိတယ်။ ဆယ်ရက်နဲ့ပြီးရမယ့်အရာကို ရက်နှစ်ဆယ်လည်း မပြီး၊ ရက်သုံးဆယ်လည်း မပြီးတဲ့အတွက် လုပ်အားဆုံးရှုံးမှုတွေ၊ အချိန်ဆုံးရှုံးမှုတွေ အများကြီးဖြစ်တယ်။ တန်ဖိုးတွေလည်း အများကြီးဆုံးရှုံးရတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘယ်နိုင်ငံတွေကို အတုယူသင့်သလဲဆိုတာကို ပြောပြပေးပါ . . .
နမူနာယူဖို့ဆိုရင် ကျွန်တော်တို့နဲ့သက်တမ်းတူတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာရော၊ တံခါးဖွင့်စီးပွားရေးမူဝါဒကိုပါ ကျင့်သုံးခဲ့တဲ့ မြန်မာ၊ ဗီယက်နမ်၊ တရုတ်က မရှေးမနှောင်းတွေဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ကြာသွားတဲ့အခါ ဘယ်သူတွေ ဘာဖြစ်သွားကြလဲ။ ကိုယ့်ထက်သာသွားတဲ့သူတွေကို အတုယူသင့်တယ်။ ဗီယက်နမ်က ပရိဘောဂတွေရဲ့ Export Volume က ခုနစ်ဘီလီယံ၊ သန်းခုနစ်ထောင်လောက်ရှိတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ယှဉ်ရင် အဆပေါင်း အများကြီးကွာတယ်။ ဗီယက်နမ်ပဲကြည့်ကြည့်၊ တရုတ်ပဲကြည့်ကြည့် သူတို့က ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တယ်။ကွန်မြူနစ်နိုင်ငံတွေက စီးပွားရေးကို ဘာလို့အောင်မြင်အောင်လုပ်နိုင်တာလဲ။ ကျွန်တော်တို့ဆိုရှယ်လစ်နိုင်ငံက အခြေခံလာတဲ့ ဒီမိုကရေစီအသွင်ပြောင်းထားတဲ့ နိုင်ငံက ဘာဖြစ်လို့ စီးပွားရေးအောင်မြင်အောင် မလုပ်နိုင်ရတာလဲ။ နိုင်ငံရဲ့စီမံခန့်ခွဲမှုလိုတယ်။ လုပ်ငန်းရှင်တွေကို အားကိုးလို့မရဘူး မဟုတ်ဘူး၊ ရတယ်။ လုပ်ငန်းရှင်တွေဆိုတာ စည်းကမ်းဥပဒေဘောင်တွေကြားထဲမှာ လှုပ်ရှားနေကြရတာဖြစ်တယ်။ ဒီတိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ မူဝါဒနဲ့ အဲဒီမူဝါဒကို ပံ့ပိုးပေးမယ့် ပူးပေါင်းဆောင်ရွက်ပေးမယ့် အစိုးရဌာနအစုံတို့ရဲ့ လုပ်ဆောင်ချက်က ကျွန်တော်တို့တိုင်းပြည်မှာ ပျောက်နေတယ်။ ကျွန်တော်တို့ တိုင်းပြည်က မမျှော်လင့်ဘဲနဲ့ကို ဗျူရိုကရေစီအလွန်ကို အားသာတဲ့နိုင်ငံဖြစ်နေတယ်။ ဌာနတိုင်းက ကိုယ့်အထက်အရာရှိရဲ့ အမိန့်ကိုပဲ နာခံတယ်။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မရှေးရှုဘူး။ ဒီဇင်ဘာလ ၁ ရက်က ဒုသမ္မတနဲ့တွေ့တဲ့အချိန်မှာ မေးခွန်းရှစ်ခုကို ကျွန်တော်မေးခဲ့တယ်။ မေးခဲ့တဲ့မေးခွန်းတွေမှာ ဒါတွေပါ ပါတယ်။ သက်ဆိုင်ရာနိုင်ငံခြားဝင်ငွေရရှိဖို့အတွက် ဝန်ကြီးဌာနတွေက ပူးပေါင်းဆောင်ရွက်မှုတအား အားနည်းတဲ့အခါ တကယ်ရသင့်ရထိုက်တဲ့ နိုင်ငံခြားဝင်ငွေတွေက မရဘူး၊ ဆုံးရှုံးရပါတယ်။
ပရိဘောဂ Export နဲ့ပတ်သက်လို့ အဓိကအခက်အခဲက ပရိဘောဂလုပ်ငန်းရှင်တွေကို သစ်တွေကို တင်ဒါစနစ်နဲ့ ရောင်းပေးတယ်။ တကယ်တမ်း ပရိဘောဂကုန်ကြမ်းက ကိုယ့်ရဲ့အိမ်နီးနားချင်းနိုင်ငံမှာလည်း ထုတ်လုပ်နေတာဖြစ်တဲ့အတွက် ကုန်ကြမ်းချင်းယှဉ်ရင်တောင် ကိုယ်က Competitive ဖြစ်ဖို့လိုတယ်။ ပရိဘောဂလုပ်တဲ့သူတစ်ယောက်က သူ့ရဲ့ကုန်ကြမ်းကို ဈေးသက်သက်သာသာပဲ လိုချင်တယ်။ ဒါကိုသစ်လုံးတွေ ရောင်းပေးလိုက်တဲ့အခါ အစိုးရဘက်ကလည်း သူတို့ထင်တာက သစ်လုံးတွေ တင်ဒါခေါ်ပြီး ရောင်းပေးလိုက်တာက လုပ်ငန်းရှင်တွေကို ပံ့ပိုးပေးလိုက်တယ်လို့ပဲ ယူဆတယ်။ တကယ်တမ်းက လုပ်ငန်းရှင်ထဲမှာ သစ်လုံးကိုဝယ်ပြီး ခွဲစိတ်ပြီးတော့မှ တင်ပို့ရောင်းချတဲ့ လုပ်ငန်းရှင်တွေက အဆင်ပြေပေမယ့် ပရိဘောဂလုပ်တဲ့ လုပ်ငန်းရှင်တွေက အဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ သစ်လုံးကြီးရဲ့တန်ဖိုးက သူ့ရဲ့မူလသစ်လုံးရဲ့ အရည်အသွေးပေါ်မူတည်ပြီး တန်ဖိုးကရှိနေပြီး ဖြစ်တယ်။ ဒါကိုပိုင်းဖြတ်ပြီး ပရိဘောဂလုပ်ဖို့က မဖြစ်နိုင်ဘူး။ သစ်လုံးတစ်လုံးကို ခွဲစိတ်ပြီးထွက်လာတဲ့ ပရိဘောဂ Parts လုပ်နိုင်မယ့်သစ်ကုန်ကြမ်းက သီးခြား Market တစ်ခုရှိဖို့လိုတယ်။ အဲဒီ Market တစ်ခုကို အခုထိ ဖော်ဆောင်မပေးနိုင်သေးဘူး။ ပရိဘောဂလုပ်တဲ့သူတွေက သစ်ခွဲတဲ့သူတွေ မဟုတ်ပါဘူး။ ပရိဘောဂလုပ်တဲ့သူတွေက သစ်ခွဲတဲ့သူတွေခွဲပြီးထွက်လာတဲ့ ပရိဘောဂလုပ်လို့ရမယ့် အပိုင်းအစတွေကိုပဲ ဝယ်ချင်တာဖြစ်တယ်။ ပရိဘောဂ အတတ်ပညာကို တတ်ကျွမ်းပြီးမှ လုပ်နိုင်တဲ့သူတွေက သစ်လုံးခွဲစိတ်တဲ့ လုပ်ငန်းတွေကို မကျွမ်းကျင်ဘူး။ သစ်လုံးခွဲစိတ်ပြီးထွက်လာတဲ့ သစ်တွေကို ပြည်ပကို တင်ပို့ရောင်းချရတဲ့ လုပ်ငန်းကိုလည်း မကျွမ်းကျင်ဘူး။ ဒါပေမဲ့ သူတို့က ကုန်ကြမ်းလိုချင်ရင် သစ်လုံးပဲရနေတယ်။ အဲဒီတော့ တိုက်ရိုက်အကျိုးသက်ရောက်မှု အားနည်းနေပါတယ်။ လုပ်ငန်းလုပ်ရတာ အခက်အခဲတွေရှိတယ်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးအပြည့်အဝမရဘူး။ ပရိဘောဂလုပ်ငန်းရှင်တွေက သစ်လုံးကို တင်ဒါဈေးပြိုင်ဝယ်ရတဲ့အခါ တအားအခက်အခဲရှိတယ်။ သစ်လုံးကနေ ခွဲစိတ်ပြီး ထွက်လာတဲ့ခွဲသားတွေကို ပြည်ပကိုတင်ပို့ရောင်းချနေတဲ့သူတွေက ပြည်ပမှာရှိတဲ့ သစ်ခွဲသားဈေးနှုန်းတွေရဲ့ အတက်အကျကို သိနေတဲ့အတွက် သူတို့ကသစ်လုံးကို ဈေးပေးဝယ်ရဲတယ်။ ပရိဘောဂသမားတွေက ဈေးပေးမဝယ်နိုင်ဘူး။ ပရိဘောဂသမားအတွက်ဆိုပြီး Reject Quality ကို အစိုးရက ရောင်းပေးလားဆိုတော့ မရောင်းပေးဘူး။ မြန်မာပြည်ရဲ့ ပရိဘောဂကဏ္ဍက တအားကိုနိမ့်ကျရတဲ့အကြောင်းအရင်းက အစိုးရက လုံးဝကိုအားမပေးခဲ့ဘူး၊ ဒါမှမဟုတ် သူတို့အားပေးတယ်၊ အားပေးခြင်းက အားပေးရာမရောက်ဘူး။ လွဲချော်နေတယ်။ ဒါကိုအဓိက ပြောချင်ပါတယ်။
သစ်လုံးကိုခွဲစိတ်ပြီးတော့ ခွဲသားတွေ တင်ပို့လိုက်တဲ့သူတွေက သဘာဝတိုက်ခွဲစိတ်နည်းအရပြောမယ်ဆိုရင် အတိုအသေးတွေ ထွက်ရှိဦးမှာဖြစ်တယ်။ ဒီနေရာမှာလည်း သူတို့ကသစ်လုံးတွေကို ခွဲလို့ထွက်လာတဲ့ Out Turn ရာခိုင်နှုန်းသတ်မှတ်ချက်တွေအရ သတ်မှတ်နှုန်းက ရှိသင့်ရှိထိုက်တာထက် ပိုများနေတဲ့အခါ ပရိဘောဂကုန် ကြမ်းအဖြစ်ပဲ အသုံးပြုနိုင်မယ့် သစ်အတိုအသေးထွက်ရှိမှုတွေအပေါ် တရားဝင်စာရွက်စာတမ်းမရှိတော့ဘဲ ယင်းအတိုအသေးတွေက တရားမဝင်သစ်အတိုအသေးတွေအနေနဲ့ ပရိဘောဂဈေးကွက်ထဲ ရောက်လာတယ်။ ရောက်လာတဲ့သစ်တွေနဲ့လုပ်ပြီးတော့ ထွက်လာတဲ့ပရိဘောဂက ပြည်ပကို ပို့လို့မရဘူး။ စာရွက်စာတမ်း မပါလာဘူး။ ပြည်ပကိုတင်ပို့မယ့် ကုန်ချောက ဘယ်ကုန်ကြမ်းကနေရလာတယ်ဆိုပြီး စစ်ဆေးရတယ်။ ဒီလိုစစ်ဆေးဖို့ စာရွက်စာတမ်းက မရှိတော့ဘူး။ သစ်ကို ဝယ်လို့ရတယ်၊ စာရွက်စာတမ်းမရှိဘူး။ ဒီလိုအခက်အခဲတွေ အများကြီးရှိတယ်။ တကယ့်ကို အသေးစိတ်ထဲထဲဝင်ဝင်ကြည့်မယ်ဆိုရင် ဒီပြဿနာတွေက ကြီးကြီးမားမားတွေ ဖြစ်လာတယ်။ အဲဒီတော့ သစ်တွေက တရားမဝင်မှောင်ခိုသဘောမျိုးနဲ့ ပြည်တွင်းဈေးကွက်မှာပဲ လည်ပတ်နေတဲ့အခါ Export တိုးတက်အောင်လုပ်ဖို့အတွက် ကုန်ကြမ်းက လုံလုံလောက်လောက် မရှိခဲ့ဘူး။ အခုမှလုပ်ဆိုတဲ့အခါကျ သစ်တွေက မထုတ်တော့ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာစိုးလို့ သစ်ထုတ်လုပ်ရေးကို ထိန်းချုပ်လိုက်တယ်။ ဒီအချိန် ဒီအခါမှာ ပရိဘောဂဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုဆက်လုပ်မလဲ။ ဒါကလည်း အဓိကအချက်ဖြစ်ပါတယ်။
ဘယ်နိုင်ငံတွေ အတုယူရမလဲဆိုရင် ဗီယက်နမ်ပါ။ ဗီယက်နမ်မှာလည်း သစ်တောတွေ ရှိခဲ့တယ်။ဗီယက်နမ်က တစ်နှစ်ကို သန်းခုနစ်ထောင် တင်ပို့တယ်။ သူ့ရဲ့သစ်တောတွေ ကျန်ပါဦးမလား မေးစရာရှိတယ်။ပရိဘောဂတွေဆိုတာ သစ်တစ်မျိုးကနေပဲ လုပ်တာမဟုတ်ဘူး။ မြန်မာပြည်မှာက သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲတွေက ပရိဘောဂဆိုရင် သစ်နဲ့ပဲ လုပ်တာလို့ထင်တယ်။ အဲဒီလိုမဟုတ်ဘူး။ ပရိဘောဂဆိုတာ သစ်မပါတဲ့ MDF Chip Board ၊ Fiber Glass၊ ပလတ်စတစ်၊ အလူမီနီယံစတဲ့ Raw Material ပေါင်းမြောက်မြားစွာနဲ့ ပရိဘောဂလုပ်လို့ ရတယ်။ ဗီယက်နမ်ဆိုရင် သူ့ပြည်သူတွေအလုပ်ရဖို့အတွက်ကို ကုန်ကြမ်းတွေ ပြည်ပက တင်သွင်းခွင့်ပြုတယ်။ ပြည်တွင်းမှာ အချောထည်ပြန်လုပ်ပြီး ပြည်ပကို ပြန်တင်ပို့တယ်။ ဒါပေမဲ့ အချိန်အခါကောင်းခဲ့စဉ်အခါတုန်းက ဒါကိုအာရုံစိုက်ပြီး မလုပ်ခဲ့တဲ့အတွက် ဒီနေ့ဒီချိန်ခါမှာ လုပ်မယ်ဆိုတော့ အခက်အခဲတွေက အများကြီးဖြစ်သွားတယ်။ အခုမှရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ပေါ်လာတော့မှ ပြည်ပတင်ပို့မယ့် ကုန်ချောတွေအတွက် တင်သွင်းလာတဲ့ ကုန်ကြမ်းတွေအားလုံးက အခွန်အကောက် ကင်းလွတ်ခွင့်ရမယ်။ တကယ်လို့ ပြည်ပကိုမတင်ပို့ဘူး၊ ပြည်တွင်းမှာပဲ ရောင်းချမယ်ဆိုရင် အခွန်အကောက်ပေးရမယ်။ Export Only ပဲဖြစ်ဖို့အတွက် မြန်မာပြည်မှာရှိတဲ့ လုပ်ငန်းရှင်တော်တော်များများက ပြည်ပဈေးကွက်နဲ့ ရင်းနှီးကျွမ်းဝင်မှုက တကယ်ကို အလှမ်းဝေးသွားပြီ။ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်က အရှိန်ကသေသွားတယ်။ One Decade လောက်ကြာသွားပြီဆိုတော့ အတော်ကို Gap ဖြစ်သွားတယ်။ ဒီအချိန်မှာ ကျွန်တော်တို့က ပြည်ပက ကုန်ကြမ်းကိုပဲ ကုန်ချောလုပ်ပြီး ပြည်ပကိုပြန်တင်ပို့ဖို့အတွက် ဘယ်လောက်ကောင်းတဲ့ စက်ပစ္စည်းတွေရှိလို့လဲ၊ ဘယ်လောက်ကောင်းတဲ့ နည်းပညာရှိလဲ၊ ဘယ်လောက်ကောင်းတဲ့ လက်ရာတွေရှိလဲ၊ ကုန်ထုတ်လုပ်မှု ဈေးဘယ်လောက်သက်သာနေလို့လဲ အစရှိသဖြင့် မေးခွန်းတွေဆက်မေးရင် ကျွန်တော်တို့မှာ ဘာအားသာချက်မှ မရှိဘူး။ သူများနိုင်ငံမှာ မလေးရှား၊ ဗီယက်နမ်လိုနိုင်ငံမျိုးဆိုရင် ဥရောပကိုတင်ပို့မယ့် ပရိဘောဂအတွက် ဥရောပက ထုတ်လုပ်တဲ့စက်ကို ရင်းနှီးမြှုပ်နှံဖို့လိုတယ်ဆိုရင် ပံ့ပိုးပေးတယ်။ ဒီစက်တွေကို ဝယ်ဖို့လိုတဲ့ငွေတွေကို သူ့ရဲ့စီးပွားရေးသေချာမှုကို တွက်ချက်ပြီးတဲ့အခါ ငွေကြေးကိုထုတ်ပေးတယ်။ အဲဒီအခါ တစ်ဖက်ကကုန်ဝယ်သူလည်း စက်ရုံလည်းရှိတယ်၊ စက်လည်း ရှိတယ်၊ ကုန်ကြမ်းလည်း ရှိတယ်ဆိုရင် လာသင်ပေးမှာ ဖြစ်တယ်။
ဒီလိုနည်းနဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတွေက အလုပ်ရနေတယ်။ ဒီနိုင်ငံက လူတွေက ဘယ်ကို Export လုပ်လဲ။ ဥရောပ၊ အမေရိကနိုင်ငံတွေက သုံးစွဲသူနိုင်ငံတွေ ဖြစ်တယ်။ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်တိုင်းပြည်တွေကို ပို့ရမလဲ။ ဥရောပနဲ့ အမေရိကကိုပဲ ပို့ရမှာဖြစ်တယ်။ ဥရောပနဲ့အမေရိကကိုပဲ တစ်ကမ္ဘာလုံးက ဝိုင်းပို့နေကြတယ်။ ကမ္ဘာပေါ်မှာ ပရိဘောဂအရောင်းအဝယ်တန်ဖိုးက ဘီလီယံလေးရာရှိတယ်။ သန်းပေါင်းလေးသိန်းဖိုးလောက်ရှိတယ်။ Market က အကြီးကြီးပဲဖြစ်တယ်။ Market ထဲကို ကျွန်တော်တို့က မဝင်နိုင်ဘူး။ ကျွန်တော်တို့မှာ သဘာဝသယံဇာတသစ်တောတွေ အများကြီးရှိတာတောင်မှ မဝင်နိုင်ဘူး။ လက်လုပ်ကုန်ကြမ်းတွေနဲ့ပြန်ပြီး ကုန်ချောထုတ်ပြီး လုပ်ရတော့မယ်ဆိုတဲ့အခါ ယှဉ်ပြိုင်မှုက ပိုပြီးပြင်းထန်လာတယ်။ ကျွန်တော်တို့အစိုးရ နားလည်ရမှာက နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ဥပဒေတွေ ပြင်တယ်ဆိုတာက အပေါ်ယံကြောပြင်လို့မရဘူး။ တကယ်ထဲထဲဝင်ဝင်ပြင်၊ ထိန်းကျောင်း၊ ဖြစ်အောင်လုပ်။ ကျားကုတ် ကျားခဲလုပ်မှရမယ်။ အခုလိုမျိုးဥပဒေ နည်းနည်းလေးကို ပြင်လိုက်၊ ကြေညာလိုက်၊ နောက်လုပ်ငန်းရှင်တွေ လုပ်လို့ရပြီလားဆိုတာမျိုး လုပ်လို့မရဘူး။ တကယ့်ကို လုပ်ငန်းရှင်နဲ့ လက်ပွန်းတတီးလုံးဝထိစပ်နေတဲ့ အစိုးရဌာနလေး၊ ငါးခု တပေါင်းတစည်းတည်း စုစည်းပြီးတော့ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ မလုပ်မချင်း အောင်မြင်မှာမဟုတ်ပါဘူး။ ကျွန်တော်ပြောချင်တာက ကုန်ကြမ်းဆိုလည်း ကုန်ကြမ်းအလျောက်၊ နည်းပညာဆိုလည်း နည်းပညာအလျောက်၊ ငွေကြေးပံ့ပိုးမှုဆိုလည်း ငွေကြေးပံ့ပိုးမှုအလျောက်၊ ဈေးကွက်ဆိုလည်း ဈေးကွက်အလျောက် အများကြီးကြိုးစားအားထုတ်ပြီး ယှဉ်ပြိုင်ရတဲ့အခါ မင်းတို့လုပ်ငန်းရှင်တွေပဲ လုပ်ပေါ့လို့ ပြောလို့မဖြစ်နိုင်ဘူး။ နှစ်ပေါင်း ငါးဆယ်၊ ခြောက်ဆယ်လောက် ကမ္ဘာ့ဈေးကွက်နဲ့ ဝေးထားတယ်။ နိုင်ငံခြားကို ပစ္စည်းတစ်ခု Export လုပ်တော့မယ်ဆိုရင် သူတို့လိုချင်တဲ့ ပစ္စည်းကုန်ချောကို ထုတ်လုပ်ပေးရမယ်။
ကုန်ကြမ်းဆိုတာက သူတို့လိုချင်ရင် ကျွန်တော်တို့ရဲ့ ဆန်တို့၊ သစ်တို့ကို ဝယ်မှာပဲ။ ကုန်ချောလို့ပြောလိုက်တာနဲ့ သူလိုချင်တဲ့ပစ္စည်းကို ကိုယ်ကလုပ်ပေးနိုင်မှ ရောင်းလို့ရမှာ ဖြစ်တယ်။ ကျွန်တော်တို့က သယံဇာတ ရောင်းစားတာမှ မဟုတ်တာ။ ဒါကို တိတိပပ မကူညီဘူးဆိုရင် ဘယ်သူတွေ ဆုံးရှုံးသွားလဲ။
ကျွန်တော်တို့ ပြည်သူသန်းငါးဆယ်ရဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးသွားမယ်။ ကျွန်တော်တို့ ပြောနေတာက လုပ်ငန်းရှင်တွေ အလုပ်ရဖို့ ပြောနေတာမဟုတ်ဘူး၊ ပြည်သူတွေ အလုပ်ရဖို့ပါ။ ဒါတွေကို ကျွန်တော်တို့က မှန်မှန်ကန်ကန် သိမြင်ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ တိုက်တွန်းလိုပါတယ်။
ဦးကျော်သူ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း
မြန်မာ့ Export တိုးတက်အောင် ဘယ်နိုင်ငံတွေကို အတုယူသင့်ပါသလဲ . . .
အခုလောလောဆယ် မြန်မာနဲ့ယှဉ်နေတာတွေက ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားရှိတယ်။ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ရှိတယ်။ သူတို့က အမြင့်သွားတယ်။ အရည်အသွေးကို အဓိကထားတယ်။ ဒီဇိုင်းကလည်း အသစ်အဆန်းတွေ။ အဲဒီတော့ ထိုင်းနဲ့ဖိလစ်ပိုင်ကိုတော့ မြန်မာပြည်က အဝေးကြီးလိုသေးတယ်။ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကိုတော့ ယှဉ်နိုင်အောင် ကြိုးစားသင့်တယ်။ ဘာလို့လဲဆိုတော့ ဗီယက်နမ်က ပစ္စည်းသိပ်မထွက်ဘူး။ နိုင်ငံခြားကနေ ကုန်ကြမ်းသွင်းပြီး ပြန်ထုတ်တော့ သူတို့က အများကြီးထွက်တယ်။ ပရိဘောဂဆိုရင် တစ်နှစ်ကိုခြောက်ဘီလီယံလောက်ထွက်တယ်။ ကြိမ်တို့၊ ဝါးတို့ဆိုရင် သန်းခုနစ်ရာနဲ့ ရှစ်ရာကြားထွက်တယ်။ အင်ဒိုနီးရှားဆိုလည်း ထွက်တယ်။ သူ့နိုင်ငံမှာ ကြိမ်က သယံဇာတပေါတယ်။ ဗီယက်နမ်နဲ့အင်ဒိုဈေးကွက်က မြန်မာဈေးကွက်နဲ့ သွားတူနေတယ်။ သူက အလယ်အလတ်ဈေးပေါ့။ အလယ်အလတ်ဈေးကွက်ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့သာအောင်လုပ်မလဲဆိုတာ ကြိုစဉ်းစားသင့်တယ်။
လက်ရှိ Law & Regulations တွေက ဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲ . . .
ဟိုတလောကသတင်းစာထဲမှာပါတဲ့ သစ်တောဥပဒေကြမ်းကို ကြည့်ဖြစ်ပါတယ်။ ကြိမ်တို့၊ ဝါးတို့၊ သစ်တို့က အခြေခံပစ္စည်းတွေဖြစ်ပေမယ့် ဒါတွေက ပရိဘောဂနဲ့ပတ်သက်ပြီး ကမ္ဘာမှာ Code နံပါတ်မတူဘူး။ ကုန်ကြမ်းပစ္စည်းရဲ့ Code နံပါတ်ကိုပြောတာပါ။ HS Code လို့ ခေါ်တာပေါ့။ Hormonized System (The Harmonized Commodity Description and Coding System) ပါ။ အဲဒီကုန်ကြမ်းအတွက် HS Code နဲ့ ပရိဘောဂပစ္စည်းတွေအတွက် ကမ္ဘာက သတ်မှတ်ထားတဲ့ HS Code နဲ့ လုံးဝမတူပါဘူး။ အဲဒီလို မတူတဲ့အတွက်ကြောင့် ဒီပစ္စည်းတွေကို ကုန်ကြမ်းလို့ သဘောမထားသင့်တော့ပါဘူး။ ဒါကြောင့် Law နဲ့ Regulations က ဒါတွေကိုပြင်သင့်တယ်။ အဲဒီတော့ ကုန်ချောဖြစ်သွားတဲ့ပစ္စည်းတွေပါ။ ပထမဆုံးကုန်ပစ္စည်းမှာ အဆင့်သုံးဆင့် ရှိတယ်။ ကုန်ကြမ်းရှိမယ်။ ဥပမာ - သစ်လုံးကိုခွဲလိုက်ရင် သစ်ခွဲသားဖြစ်သွားတယ်။ တန်ဖိုးမြင့်လာတယ်။
ဘာကြောင့်လဲဆိုတော့ ပကာတွေ အူတွေ ဖယ်လိုက်တယ်။ ဖယ်လိုက်တော့ ကျန်တဲ့အရည်အသွေးကောင်းတဲ့ သစ်ခွဲသားက တန်ဖိုးမြင့်သွားပါတယ်။ အဲဒီကမှ ပရိဘောဂတွေ ထုတ်လိုက်ပြီဆိုရင် Finish Good အပြီးသတ် ဖိုင်နယ်ပစ္စည်းဖြစ်သွားပြီ။ အဲဒီတော့ အခုပြောနေတာက ကုန်ကြမ်းအကြောင်းပြောနေတာမဟုတ်ဘူး။ Value Added ထက်သာတဲ့ Finish Good ကို သွားမှာ ။ အိမ်မှာတန်းသုံးလို့ရတဲ့ အဆင့်မျိုးဖြစ်ပါတယ်။ သစ်တောထွက်ပစ္စည်းလို့ သဘောထားပြီး Law & Regulations တွေက အသေးစိတ်လိုက်ပြီး စစ်နေမယ်ဆိုရင်တော့ အလုပ်မဖြစ်ဘူး။ သစ်တောသယံဇာတထိန်းသိမ်းရာလည်း မရောက်ပါဘူး။ Law & Regulations ကို အကောင်အထည်ဖော်တဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေမှာ Finish Good တွေကို လာပြီးအာရုံစိုက်နေသလိုဖြစ်နေတယ်။ ဒါတွေကို ပြင်သင့်တယ်လို့ ထင်ပါတယ်။
ACE အသိုက်အဝန်းအပါအဝင် နိုင်ငံတကာမှာ မြန်မာ Export ကဏ္ဍက Mainpulate အလုပ်မခံရအောင် အစိုးရရဲ့ ဘယ်လိုထောက်ပံ့မှုတွေလိုပါသလဲ . . .
ACE မှာ မြန်မာနိုင်ငံက နောက်က ကျန်နေခဲ့တယ်။ ဗီယက်နမ်တို့ဆို ပရိဘောဂအပါအဝင် ကုန်ပစ္စည်းတော်တော်များများကို ရှေ့ကနေဈေးကွက်ကို စီးမိအောင်လုပ်ထားတာပါ။ ဒီမှာကျတော့ စိုက်ပျိုးရေးကဏ္ဍဆိုလည်း မြေယာပိုင်ဆိုင်ခွင့်မရှင်းလင်းတာတို့လို ကိစ္စတွေလည်း ရှိနေသေးပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ တကယ်အသုံးပြုရမယ့် ကျွမ်းကျင်လုပ်သားဆိုရင်လည်း အခုဆို မလေးရှားတို့ ထိုင်းတို့လို သူများနိုင်ငံသွားပြီး အလုပ်လုပ်နေတယ်။ တခြားနိုင်ငံမှာ သူတို့သွားလုပ်လို့ ထွက်လာတဲ့သီးနှံကို ကိုယ့်နိုင်ငံက ပြန်ဝယ်စားရတာမျိုးတွေ ဖြစ်နေတာပေါ့။ စက်မှုကဏ္ဍက ပိုဆိုးပါတယ်။ လျှပ်စစ်မီးရရမယ်။ Law & Regulational တွေကလည်း အားပေးရပါမယ်။ အခုယှဉ်ပြိုင်နေတဲ့ ထိုင်းတို့၊ မလေးရှားတို့ဆို Export Bonus ပေးတယ်။ နောက်တစ်ခါ VAT လို့ခေါ်တဲ့ Tax တွေ ပြန်အမ်းတယ်။ Export များများပို့ရင် Tax လုံးဝမကောက်ဘူး။ ဒီနိုင်ငံမှာကတော့ ဘာပဲပြောပြော တိုင်းပြည်ထူထောင်နေဆဲကာလဖြစ်လို့ Tax ကောက်ရတယ်။ Tax ကောက်ပါ။ ဒါကိုမငြင်းဘူး။ ပေးမယ့်သူအများစုက ကိုယ့်တိုင်းပြည်အတွက်ဆို ပေးချင်ကြတာပဲ။ မှန်မှန်ကန်ကန်လုပ်ချင်တဲ့သူကတော့ ဆောင်ချင်ကြပါတယ်။ အဲဒီမှာ ဘာကြိုပြင်ပေးဖို့လိုမလဲဆိုတော့ လုပ်ထုံးလုပ်နည်း Procedure တွေက လုံးဝကို Export Treandly ဖြစ်နေရပါမယ်။ Export သမားက ဒီ Procedure တွေကို ကြောက်နေစရာမလိုဘူးဆိုတဲ့ အခြေအနေဖြစ်ရပါမယ်။
မလေးရှားကို သွားလေ့လာတုန်းကဆို သူတို့ဆီမှာ သစ်ခိုးထုတ်တာတွေ၊ သစ်မှောင်ခိုတွေ တော်တော်ကို မရှိတော့ဘူး။ ဘာလို့လဲလို့ မေးကြည့်တော့ သစ်ခိုးလို့ရတဲ့ အမြတ်နဲ့မှန်မှန်ကန်ကန်လုပ်လို့ရတဲ့အမြတ်က အတူတူပဲ။ အဲဒီတော့ အတူတူပဲဖြစ်တော့ မခိုးကြတော့ဘူးလေတဲ့။ မှန်မှန်ကန်ကန်လုပ်တော့ တရားဝင်ဖြစ်တယ်။ ကြောက်နေစရာမလိုဘူး။ အဲဒီလိုဖြစ်အောင် သက်ဆိုင်ရာအစိုးရဌာနတွေကနေ လုပ်ပေးရမယ်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေအချင်းချင်း ဘာကိုပြိုင်ရမလဲဆိုတော့ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးပြိုင်ရမယ်။ ဈေးနှုန်းပြိုင်ရမယ်။ သူများထက် ဘယ်လောက်ပိုထုတ်နိုင်လဲ ပြိုင်ရမယ်။ ဒီဇိုင်းပြိုင်ရမယ်။ အဲဒီလိုမျိုးတွေ ပြိုင်ပြီးတော့ ခုနကပြောတဲ့ Procedure တွေမှာ လိုက်ပြိုင်နေရစရာမလိုဘူး။ နောက်တစ်ခု Procedure ခက်နေတဲ့ လုပ်ငန်းရှင်တွေက ဒီမှာမထုတ်တော့ဘူး။ မထုတ်တော့ဘဲ တရုတ်တို့၊ ထိုင်းတို့က ဝယ်ပြီးပြန်ရောင်းတဲ့ အလုပ်ပဲလုပ်ကြတော့တယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်ဆိုရင် ဝယ်ရောင်းလုပ်တဲ့သူတွေ ချမ်းသာသွားတယ်။ တကယ်စက်ရုံနဲ့ လူတွေကို အလုပ်ပေးပြီး ထုတ်လုပ်နေတဲ့ သူတွေကျတော့ မရှုံးအောင် မနည်းလုပ်နေရတယ်။ ထုတ်လုပ်တဲ့သူကို လာချုပ်ထားသလို ဖြစ်နေတဲ့အတွက် ခက်တယ်။ ဝယ်ရောင်းလုပ်တဲ့သူတွေကတော့ လွယ်တယ်။ ငွေအဝင်အထွက်လည်းမြန်တယ်။ အရင်းပြန်ပေါ်တာလည်း မြန်တယ်။ အဲဒါတွေ အကုန်ပြောင်းဖို့ လိုပါတယ်။
မြန်မာ့စီးပွားရေးအပေါ် Export ကဏ္ဍတိုးတက်မှုရဲ့ အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ . . .
အခုဆို တရုတ်ကိုပဲကြည့် တရုတ်ကဆင်းရဲနေတဲ့နိုင်ငံကနေပြီးတော့ ကမ္ဘာ့နံပါတ်နှစ် ဂျပန်ကိုပါ ကျော်တက်သွားတယ်။ အဲဒါဘာလဲဆိုတော့ ထုတ်လုပ်မှုနဲ့ Export ပဲ။ အခုအာဆီယံမှာလည်း ထိုင်းတို့၊ မလေးရှားတို့၊ ဗီယက်နမ်တို့၊ အင်ဒိုနီးရှားတို့ ဒီနိုင်ငံတွေရဲ့ စီးပွားရေးက Export ပဲ။ ရသမျှအကုန်ထုတ်တယ်။ ထုတ်သမျှကိုလည်း အားပေးတယ်။
ကိုယ့်နိုင်ငံ Export နဲ့ပတ်သက်ပြီး တိုးတက်ဖို့ ဆက်စပ်နေတဲ့ ဌာနတွေအားလုံးကလည်း ဝိုင်းပြီးလုပ်ရမယ်။ ဌာနတွေ အားလုံးပူးပေါင်းညှိနှိုင်းမှုရှိမှပဲရမယ်။ ခက်နေတာတွေတော့ မရှိသင့်တော့ဘူး။ ကုန်ထုတ်လုပ်မှုလုပ်နေမယ်ဆိုရင်တော့ ခက်နေတာတွေမရှိဘဲ လုံးဝလျင်မြန်နေရမယ်။ ပြီးရင် ကုန်စည်စီးဆင်းတဲ့နေရာမှာလည်း လွယ်ကူလျင်မြန်နေရမယ်။
ကုန်ထုတ်လုပ်တဲ့အခါမှာလည်း ရစ်တာတွေ ညစ်တာတွေမရှိဘဲနဲ့ လုံးဝလွယ်ကူရမယ်။ အစိုးရသစ်လက်ထက် Export ကဏ္ဍအားရမှုမရှိသေးဘူး။ ဒါပေမဲ့ Procedure တွေက ပြောင်းတော့ပြောင်းနေပါတယ်။ ပြောင်းဖို့လည်း ဆွေးနွေးနေကြပါတယ်။ သိသိသာသာကြီးတော့ မပြောင်းလဲသေးဘူး။ စာရွက်စာတမ်းတွေက လုပ်နေရတုန်းပဲ။ အမှန်ဆို Finish Product ဖြစ်သွားတဲ့အတွက် လွယ်လွယ်ကူကူ သွားနေသင့်တယ်။
သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် Export အခြေအနေက ဘယ်လိုရှိပါသလဲ . . .
ကြိမ်တို့၊ ဝါးတို့၊ Export က တစ်နှစ်ကို အမေရိကန်ဒေါ်လာငါးသန်းကနေ ဆယ်သန်းကြားရှိတယ်။ ကျတဲ့နှစ်ဆို ငါးသန်းပတ်ဝန်းကျင်ရှိပြီး တက်တဲ့နှစ်ဆို ဆယ်သန်းနဲ့ ၁၂ သန်းဝန်းကျင်ရှိပါတယ်။ သိသိသာသာကတော့ ၂၀၁၆ ခုနှစ်မှာ တက်လာပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်း တက်လာဦးမှာပါ။
ဒေါက်တာခင်မောင်လွင်
Managing Director
FAME Pharmaceuticals
ဆေးဝါးလုပ်ငန်းကဏ္ဍ လက်ရှိ Export အခြေအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေအတွင်းက အခြေအနေ . . .
ဆေးဝါးလုပ်ငန်းဘက်က ကြည့်မယ်ဆိုရင် Import က တအားများပြီးတော့ Export က တအားနည်းနေပါတယ်။ တခြားလုပ်ငန်းတွေနဲ့စာရင် Balance က တအားကွာပါတယ်။ ဆေးဝါးဆိုတဲ့နေရာမှာ အဓိကသုံးမျိုးခွဲပြောရပါမယ်။ နံပါတ်တစ်အနေနဲ့ အနောက်တိုင်းဆေးနဲ့ပတ်သက်လို့ပြောရရင် အနောက်တိုင်းဆေးတွေကို ပြည်တွင်းမှာ နိုင်ငံတော်ပိုင်ဖြစ်တဲ့ မြန်မာနိုင်ငံဆေးဝါးစက်ရုံ BPI နဲ့ တပ်မတော်ဆေးဝါးစက်ရုံတို့ကပဲ ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ လုံလောက်အောင် မထုတ်နိုင်တဲ့အတွက် နိုင်ငံခြားကို Export မလုပ်နိုင်ဘူး။ ပြည်တွင်းမှာ သုံးဖို့လည်း မလုံလောက်တဲ့အတွက် နှစ်တိုင်းနိုင်ငံခြားကနေ အနောက်တိုင်းဆေး တန်ဖိုးငွေဒေါ်လာသန်းပေါင်းများစွာ Import ဝင်လာနေပါတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ ပုဂ္ဂလိကကဏ္ဍကို ဆေးဝါးထုတ်လုပ်ခွင့်ပြုခဲ့ပေမယ့်လည်း အခုအချိန်အထိ အနောက်တိုင်းဆေးအနေနဲ့ဆိုရင် Import ပဲ ရှိနေပါသေးတယ်။ Export လုံးဝမရှိသေးပါဘူး။ နံပါတ်နှစ်အချက်က တိုင်းရင်းဆေးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားကို တိုင်းရင်းဆေးတရားဝင်ပို့တာမျိုး ရှိပေမယ့် ပြည်တွင်းမှာ ရောင်းနေတာနဲ့ယှဉ်ရင် Export ပမာဏက နည်းနေပါသေးတယ်။ Export က ဒေါ်လာသိန်းဂဏန်းလောက်ပဲ ပို့နိုင်ပါသေးတယ်။ တတိယအုပ်စုကတော့ Health Supplement လို့ခေါ်တဲ့ ကျန်းမာရေးဖြည့်စွက်ဆေးဝါးတွေ ဖြစ်ပါတယ်။ Health Supplement က မနှစ်ကဆို Import အနေနဲ့ ဒေါ်လာသန်းတစ်ရာဖိုးလောက် ဝင်ပါတယ်။ Export ကတော့ ဒေါ်လာသိန်းဂဏန်းလောက်ပဲ ပြန်ပို့နိုင်ပါတယ်။
ဆေးဝါးကဏ္ဍမှာ Export တိုးတက်အောင် တခြားဘယ်နိုင်ငံတွေကို အတုယူသင့်ပါသလဲ . . .
ကမ္ဘာမှာ ဆေးဝါးတွေရောင်းချပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ စံပြအနေနဲ့ကတော့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက အထူးသဖြင့် အနောက်တိုင်းဆေးဝါးထုတ်လုပ်တဲ့ဘက်မှာ မူရင်း Branded ကို Generic လို့ခေါ်တဲ့ ပုံတူကူးပြီး ပြန်လည်ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ ဥပမာ - အသည်းရောင်အသားဝါစီပိုးနဲ့ ပတ်သက်တဲ့ဆေးဆိုရင် Original ဆေးတွေထွက်လာတဲ့အခါ အိန္ဒိယကနေ Copy လုပ်တယ်။ သူတို့ဆီမှာ ခွင့်ပြုချက် Under License နဲ့ထုတ်တဲ့အခါကျတော့ Generic ဖြစ်တဲ့အတွက်ကြောင့် ဈေးက တအားသက်သာသွားတယ်။ အဲဒီဆေးတွေကို တခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းချတယ်။ အိန္ဒိယနိုင်ငံဟာ နိုင်ငံခြားကို ဆေးဝါး Export လုပ်တဲ့နေရာမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး ရောင်းရတဲ့အတွက်ကြောင့် အတုယူရမယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။
လက်ရှိ Laws and Regulations တွေကကော ဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲ . . .
လက်ရှိ Law တွေက ပြင်ရမှာတွေအများကြီးပဲ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ နိုင်ငံတော်က ပုဂ္ဂလိကဆေးဝါးလုပ်ငန်းကို စပြီးခွင့်ပြုတယ်ဆိုပေမယ့် အခုအချိန်ထိ လုံးဝမဖွံ့ဖြိုးသေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးလိုက်ပြီဆိုပေမယ့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ နောက်ထပ် Law တွေ အများကြီးပြင်ဖို့ လိုနေပါသေးတယ်။ နောက်ပြီး အုပ်ချုပ်မှုနဲ့ပတ်သက်တာတွေ၊ စာရွက်စာတမ်းကိစ္စတွေနဲ့ ခွင့်ပြုချက်ကိစ္စတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပါတယ်။ အိန္ဒိယမှာဆိုရင် မှတ်ပုံတင်ဖို့ လျှောက်တဲ့အချိန်ကနေစပြီး နောက်သုံးလဆို ထုတ်ခွင့်ရပြီ ဖြစ်ပါတယ်။ ဒီမှာကကျတော့ ဘယ်လောက်ကြာရင်ရမယ်ဆိုတာ တိတိကျကျသတ်မှတ်ထားတဲ့ Law မရှိဘူး။ Procedure ပိုင်းမှာ လတွေ၊ နှစ်တွေနဲ့ ချီပြီး ကြန့်ကြာနေတာမျိုးတွေ မဖြစ်သင့်ပါဘူး။ Export တက်ဖို့ အစိုးရရဲ့ပံ့ပိုးမှုဆိုတာ ငွေရေးကြေးရေးပံ့ပိုးမှုတွေကို ပြောတာမဟုတ်ပါဘူး။ အဓိကက Procedure ကို သွက်သွက်လက်လက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ပေးဖို့ပါပဲ။
ဥပမာတစ်ခုပြောရရင် ကျွန်တော်တို့ကို ဂျာမနီနိုင်ငံဘက်က ငှက်ဖျားဆေးထုတ်လုပ်တဲ့နေရာမှာ သုံးဖို့ Artemisinin ဆိုတဲ့အပင် တစ်နှစ်ကို ဒေါ်လာဆယ်သန်းဖိုး ဝယ်ချင်တယ်လို့ ကမ်းလှမ်းလို့ ကျွန်တော်တို့က စိုက်တယ်။ Pilot Scale စိုက်ပြီးတော့ အပင်တွေကလည်း ဖြစ်နေပြီ။ Export လုပ်ဖို့ လိုင်စင်လျှောက်တဲ့အခါမှာ အဲဒီပစ္စည်းက မြန်မာပြည်က တစ်ခါမှမပို့ဖူးတဲ့ပစ္စည်းဖြစ်နေတဲ့အတွက် လိုင်စင်က ချက်ချင်းမကျဘူး။ Policy ပိုင်းဆိုင်ရာမှာ ပို့ခွင့်ရှိမရှိဆိုတာကို ကုန်သွယ်ရေးကနေ တစ်ဆင့်ပြီးတစ်ဆင့် တင်တယ်။ နောက်ဆုံးကျတော့ အဲဒီပစ္စည်းကို ပို့ခွင့်မပြုပါဆိုပြီးတော့ အဖြေကထွက်လာတယ်။ တစ်နှစ်ကို ဒေါ်လာဆယ်သန်းလောက် ဝင်ငွေရမယ့်ကိစ္စမှာ အကုန်စိုက်ပျိုးပြီး ခွင့်ပြုချက်တင်တော့ နောက်ဆုံးမှာ ခွင့်မပြုဘူးဆိုပြီး ဖြစ်တယ်။ အဲဒီတော့ ဖြစ်သင့်တာက ဘယ်ပစ္စည်းတွေကို ခွင့်မပြုဘူးဆိုတာ စာရင်းပြုစုပြီး ကြေညာထားရမယ်။ ကန့်သတ်ထားတဲ့ ပစ္စည်းမှအပ ကျန်တာတွေကို မည်သူမဆိုရောင်းလို့ ဝယ်လို့ရတာမျိုး ဖြစ်သင့်တယ်။ ကဏ္ဍအားလုံးအလိုက် အစိုးရရဲ့ Law တွေက တိကျခိုင်မာအောင် အမြန်ဆုံးလုပ်ပေးသင့်ပါတယ်။
နောက်တစ်ခုအရေးကြီးတာက လျှပ်စစ်မီးရရှိဖို့ ဖြစ်ပါတယ်။ လျှပ်စစ်မီးမရရင် Export က မလွယ်ကူပါဘူး။ ကျွန်တော်တို့ စက်ရုံမှာဆို အရင်က Capsule အခွံလေးတွေကို နိုင်ငံခြားကနေတင်သွင်းရတယ်။ နောက်ပိုင်းကျတော့ Capsule Making Machine ဝယ်ပြီး စက်ရုံမှာ ကိုယ်တိုင်ထုတ်လုပ်တယ်။ ဒါပေမဲ့ ပြဿနာက လျှပ်စစ်မီးကောင်းကောင်းမလာဘဲ တစ်နေ့တည်းကို လေးငါးဆယ်ခါလောက် လာလိုက်ပျက်လိုက်ဖြစ်နေတော့ စက်ကို Run ရတာ အဆင်မပြေဘူး။ ဒီစက်ရဲ့ သဘောသဘာဝက လျှပ်စစ်မီးက Continuous Supply ဖြစ်နေပြီး ဆေးကိုကျိုပြီး တစ်ဆင့်ပြီးတစ်ဆင့်သွားမှ နောက်ဆုံးမှာ Capsule အခွံဖြစ်အောင် လုပ်ပေးတာ ဖြစ်ပါတယ်။ မီးပျက်သွားရင် မီးစက်နှိုးပြီး စက်ကို Run ပေမယ့်လည်း အပူက အဆက်မပြတ်တောက်လျှောက်မရတဲ့အတွက် ထွက်လာတဲ့ ကုန်ပစ္စည်းက Quality ညံ့တဲ့ပစ္စည်းတွေ ဖြစ်လာတယ်။ Capsule တွေက ပျော့ပျော့ပျောင်းပျောင်း မဖြစ်တော့ဘဲ ကြွပ်ဆတ်ပြီးတော့ Capsule တွေကကွဲပြီး အထဲက ဆေးအမှုန့်တွေက အပြင်ကိုထွက်လာတယ်။ နဂိုတည်းက Import တွေကို အစားထိုးချင်လို့ ကိုယ့်ပြည်တွင်းမှာ ထုတ်တာဖြစ်ပေမယ့် လျှပ်စစ်မီးမလာတော့ တစ်နေကုန် မီးစက်ကြီးမောင်းပြီး စက်ကို Run ထားဖို့လည်း မဖြစ်နိုင်ဘူး။ မီးစက်မောင်းတဲ့ ကုန်ကျစရိတ်ထက် နိုင်ငံခြားက Capsule ဝယ်တာက ပိုသက်သာနေတဲ့အတွက် အခုဆိုရင် စက်ကို ရပ်ထားရပြီး Capsule အခွံကို နိုင်ငံခြားကနေပဲ ဝယ်ရတော့တယ်။ Capsule အခွံတောင်မှ ပြည်တွင်းမှာ မထုတ်လုပ်နိုင်ဘဲ နိုင်ငံခြားကဝယ်နေရတော့ Export လုပ်ဖို့နေနေသာသာ ပြန်တောင် Import လုပ်နေရပါတယ်။ ဒါကြောင့် Export လုပ်ဖို့အတွက်ဆိုရင် Industry သမားတွေအတွက် ၂၄ နာရီ လျှပ်စစ်မီးရရှိဖို့ လိုအပ်ပါတယ်။
AEC အသိုက်အဝန်းအပါအဝင် နိုင်ငံတကာမှာ မြန်မာ့ Export ကဏ္ဍ Manipulate အလုပ်မခံရအောင် အစိုးရရဲ့ ဘယ်လိုထောက်ပံ့မှုတွေ လိုအပ်ပါသလဲ . . .
AEC ဖြစ်လာမယ်ဆိုရင် အာဆီယံဆယ်နိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် ရောင်းကြဝယ်ကြမယ်။ တစ်နည်းအားဖြင့် ပြောရင် ပြိုင်ကြဆိုင်ကြမယ်။ ထိုင်းက ပစ္စည်းကလည်း မြန်မာပြည်လာရောင်းမယ်။ မြန်မာပြည်က ပစ္စည်းကလည်း ထိုင်းကို သွားရောင်းမယ်။ အဲဒီအခါမှာ ထိုင်းက ပစ္စည်းက မြန်မာပြည်လာရောင်းရပြီးတော့ မြန်မာပြည်က ပစ္စည်းက ထိုင်းသွားရောင်းတဲ့အခါ ဈေးဦးမပေါက်ဘူးဆိုရင် ကိုယ်ခံရပြီပဲ ဖြစ်ပါတယ်။ အဲဒီလိုမဖြစ်ဖို့အတွက်ကို Case by Case ကို အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေဘက်ကနေ ရပ်တည်ပြီးတော့ ကူညီလုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ ကူညီမှုမရှိရင်တော့ ရှုံးမှာပါပဲ။ အစိုးရကနေ ကိုယ့်ရဲ့ပြည်တွင်းလုပ်ငန်းရှင်တွေကို ဘေးကနေသေချာပံ့ပိုးပေးပါမှ ကျန်တဲ့ကိုးနိုင်ငံနဲ့ ယှဉ်နိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရှင် အားလုံးကလည်း ကြိုးစားဖို့လိုသလို တစ်ဖက်ကလည်း အစိုးရက ပံ့ပိုးပေးဖို့လိုပါတယ်။ အဓိကက Export မှာ သာမန်အားဖြင့် သိပ်ပြီးတော့ မတင်းကျပ်စေချင်ဘူး။ Export ဆိုတာ တိုင်းပြည်ကို ပိုက်ဆံရှာပေးတဲ့အလုပ် ဖြစ်ပါတယ်။ အဲဒီတော့ အချိန်နဲ့တစ်ပြေးညီ Prompt Action ဖြစ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ် Export ကဏ္ဍတိုးတက်မှုရဲ့ အကျိုးသက်ရောက်မှုတွေက . . .
တိုင်းပြည်တစ်ခုတိုးတက်ဖို့ဆိုတာက ပိုက်ဆံလိုပါတယ်။ နိုင်ငံခြားကို Export တိုးမှ ပိုက်ဆံဝင်ငွေရမှ ကျန်တာအကုန်လုပ်လို့ရမယ်။ Export မရှိရင် ပိုက်ဆံဝင်ငွေမရှိဘူး။ မရှိရင်အကုန်လုံး သူများဆီက ဝယ်စားရမယ်။ မရှိမဲ့ရှိမဲ့နဲ့ ဝယ်စားတဲ့အခါကျတော့ အကြွေးတွေတင်မယ်။ အကြွေးတင်တော့ တိုင်းပြည်က မတိုးတက်တော့ဘူး။ အဲဒီတော့ Export Drive က တအားအရေးကြီးပါတယ်။ တိုးတက်တဲ့နိုင်ငံတိုင်းကို ကြည့်လိုက်ရင် Export များတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ Export များတဲ့ နိုင်ငံတွေက ချမ်းသာမယ်။ Import များတဲ့ နိုင်ငံတွေက ဆင်းရဲမယ်။ အဲဒီတော့ Export က ကဏ္ဍအသီးသီးမှာ တိုးတက်နေရပါမယ်။ Export တွေမရှိတဲ့အတွက် မရောင်းရတဲ့အခါမှာ ပြည်တွင်းက စားသုံးသူတွေကိုပဲ ရောင်းနေရတော့ ဈေးကွက်က ကျဉ်းနေတယ်။ အဲဒီတော့ Export တိုးတက်ဖို့အတွက်ကို ကဏ္ဍအသီးသီးကနေ လုပ်ဆောင်ရပါမယ်။
ဦးညိုမင်း
ဥက္ကဋ္ဌ
Min Zar Ni Group of Companies
မြန်မာနိုင်ငံရဲ့ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းကဏ္ဍ တိုးတက်လာဖို့အတွက် ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ်နေသလဲဆိုတာ ပြောပြပေးပါ . . .
ကျွန်တော့်အနေနဲ့တော့ ရေထွက်ပစ္စည်း ပြည်ပပို့ကုန်တွေ တိုးမြှင့်တင်ပို့လာနိုင်ဖို့ အချက်ငါးချက်ကို ထောက်ပြချင်ပါတယ်။
၁။ ပင်လယ်ပြင်က ဖမ်းဆီးရမိတဲ့ ငါး၊ ပုစွန်တွေကို ထိုင်းနိုင်ငံကို ကုန်ကြမ်းအဖြစ် ရောင်းချရတာကနေ ကုန်ချောထုတ်လုပ်ရောင်းချတဲ့ Policy ကို အစိုးရက ဥပဒေသတ်မှတ်ဆောက်ရွက်စေဖို့ လိုပါတယ်။ အဲဒါရဲ့ အကျိုးဆက်ကတော့ (က) နိုင်ငံတော်အတွက် အခွန်အခတွေ တိုးမြင့်ရရှိစေမယ်။ (ခ) စက်ရုံတွေ မှန်မှန်လည်ပတ်လာနိုင်ပြီး နိုင်ငံသားတွေကို အလုပ်အကိုင် ပိုမိုဖန်တီးပေးနိုင်ပါတယ်။ (အထူးသဖြင့် ထိုင်းနိုင်ငံက ပြန်လာတဲ့သူတွေကိုပါ။) (ဂ) ကုန်ချောထုတ်လုပ်ခြင်းဖြင့် နည်းပညာတွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ရရှိလာမှာ ဖြစ်ပါတယ်။
၂။ မွေးမြူရေးကဏ္ဍမှာ အမှန်တကယ် လုပ်ကိုင်နေသူတွေကို အတိုးနှုန်းသက်သာစွာနဲ့ ငွေကြေးပံ့ပိုးလုပ်ကိုင်စေခြင်းဖြင့် ပို့ကုန်တွေတိုးမြင့်လာမှာဖြစ်ပြီး မြေကိုလည်း စပါးမထွက်တဲ့ ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ လယ်တွေကို တရားဝင်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးရပါမယ်။ လယ်တစ်ဧကကို စပါးစိုက်ရင် ၁.၅ သိန်းလောက်ပဲဝင်ပြီး ပုစွန်မွေးရင် အနည်းဆုံး သိန်းတစ်ရာလောက် ဝင်ငွေရရှိမှာ ဖြစ်ပါ တယ်။ ဝင်ငွေများစွာ ကွာခြားပါတယ်။ ဒီအခါမှာ အမြတ်ခွန်ဝင်ငွေလည်း တိုးပွားကောက်ခံရရှိမှာ ဖြစ်ပါတယ်။
၃။ ရေချိုငါး၊ ရေငန်ပုစွန် သယံဇာတကို စနစ်တကျကာကွယ်ပြီး၊ တိုးပွားလာအောင်လုပ်ပေးဖို့ လိုပါတယ်။ ဥပမာ- ပင်လယ်ပြင်မှာ ငါးဖမ်းရာသီကို မေလ၊ ဇွန်လ၊ ဇူလိုင်လတွေမှာ ပိတ်ထားပါတယ် (တကယ်တော့ သားပေါက်ရာသီဆိုတာ ငါးအမျိုးအစားအလိုက်၊ ရာသီဥတုကို အခြေခံပြီး ပေါက်ဖွားကြပါတယ်။ ငါးအမှန်ဥချချိန်၊ ကြီးထွားချိန်တွေကို သေချာသုတေသနပြုပြီးမှ ငါးဖမ်းရာသီကို ပိတ်သင့်ပါတယ်။ ဥပမာ- ကကတစ်လို ငါးမျိုးတွေဟာ မတ်လ၊ ဧပြီလတွေမှာသာ သားပေါက်ပါတယ်။ အဲဒီအချိန်မှာ ဖမ်းလိုက်တဲ့အတွက် ဥပါတဲ့ငါးတွေကို ဖမ်းမိပြီး တကယ်ငါးဖမ်းပိတ်တဲ့အချိန် ငါးတွေက မရှိတော့ပါဘူး။ ဒါတွေကို ငါးမွေးနှုန်းတွေကြည့်ရင် သိနိုင်ပါတယ်။
၄။ ပို့ကုန်တိုးမြှင့်တင်ပို့သူတွေကို စက်ပစ္စည်းကအစ လုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းတာတွေကို စည်းကမ်းနဲ့ သက်သာခွင့်တွေနဲ့ တင်သွင်းခွင့်ပြုသင့်ပါတယ်။
၅။ အထူးအရေးကြီးဆုံးကတော့ လျှပ်စစ်မီးပါပဲ။ နိုင်ငံတော်က ကောက်ခံနေတဲ့စနစ်က များများသုံးရင် များများပိုကျပါတယ်။ ဒါက အလွန်မှားယွင်းတဲ့ စနစ်လို့ ပြောရပါမယ်။ အထူးသဖြင့် ကျွန်တော်တို့ ရေထွက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေဟာ ကွန်ပရက်စာအကြီးကြီးတွေသုံးပြီး လည်ပတ်ရတဲ့အတွက် မီးအများကြီးအသုံးပြုပါတယ်။ သူများနိုင်ငံတွေမှာ နေ့တစ်ဈေး၊ ညတစ်ဈေး နည်းနည်းသုံး ဈေးကြီး၊ များများသုံး ဈေးနည်းနေတဲ့စနစ်နဲ့ သွားနေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းကြီးကြီး လျှပ်စစ်နဲ့လုပ်ရမယ့် အလုပ်ဆိုရင် သေချာပေါက်ကုန်ကျစရိတ်များပြီး လုပ်ရကိုင်ရခက်ပါတယ်။ ဈေးနှုန်းကို မပြောပါ၊ စနစ်ကို ပြောခြင်းသာဖြစ်ပါတယ်။
အပေါ်မှာ ကျွန်တော် ပြောခဲ့တာတွေက အရေးကြီးတဲ့အချက်တွေကိုပဲ ထောက်ပြထားတာဖြစ်ပါတယ်။ တကယ်တော့ လုပ်စရာ၊ ပြောစရာ အများကြီးရှိပါသေးတယ်။
လက်ရှိပို့ကုန်ပမဏက ဒေါ်လာသန်းခုနစ်ရာဝန်းကျင်မှာပဲရှိပြီး၊ အထက်ပါစနစ်ကို ပြုပြင်ပြောင်းလဲသွားမယ်ဆိုရင်တော့ အနည်းဆုံး ၁.၂ ဘီလီယံနဲ့အထက် ရရှိမှာဖြစ်သလို နိုင်ငံတော်အတွက် အခွန်ငွေတွေလည်း အများကြီးတိုးပွားလာမှာ ဖြစ်ပါတယ်။
ဦးထွန်းလွင်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း
လက်ရှိနဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းက Export အခြေအနေ . . .
ပဲကဏ္ဍတင်ပို့မှုကိုကြည့်ရင် ၂၀၁၆ ခုနှစ်နဲ့ အခုနှစ်ဆိုရင် ပြီးခဲ့နှစ်မှာတော့ ပဲလက်ကျန်အခြေအနေ၊ စားသုံးနိုင်ငံမှာ ထွက်ရှိမှုက ရာသီဥတုဖျက်သွားတဲ့အတွက်ကြောင့် အထွက်နည်းပြီး ဈေးနှုန်းတွေက စံချိန်တင်တက်ခဲ့တယ်။ တချို့ဆိုတစ်ခါမှမဖြစ်ဖူးတဲ့ တစ်တန်ကို သိန်းနှစ်ဆယ်ကျော်ထိ မတ်ပဲဆိုရင်ဖြစ်သွားတယ်။ ၂၀၁၇ ခုနှစ် အနေအထားမှာတော့ ထွက်ရှိနှုန်းက အသင့်အတင့်ရှိပါတယ်။ ပုံမှန်တစ်သန်းကနေ တစ်သန်းခွဲထွက်တာရှိတာပါ။ ခါ တိုင်းနှစ်နဲ့စာရင်တော့ ဈေးတော်တော်လေး လျော့သွားပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီကနေ ဇွန်လကုန်နဲ့ ၂၀၁၇ ခုနှစ်၊ ဧပြီလကနေ ဇွန်လကုန်ထိကို ကာလတိုတင်ပို့မှုနှိုင်းယှဉ်တာ၊ စာရင်းတွေအရ မနှစ်ကဆိုတန် ၅၃၀,၀၀၀ လောက် ရှိတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးဆိုရင် ဈေးတက်တော့ သန်းခြောက်ရာကျော် တန်ဖိုးရှိတယ်။ ဒီနှစ်မှာလည်း တန်ငါးသိန်းလောက်ရှိတယ်။ တန်ချိန်လည်း မတိမ်းမယိမ်းပဲရတဲ့ ငွေပမာဏကျတော့ ဈေးကျသွားတော့ အမေရိကန် ဒေါ်လာသန်း ၃၉၀ ကျော်ဆိုတော့ တန်ချိန်ကတော့ မတိမ်းမယိမ်းဖြစ်ပေမယ့် ဝင်ငွေကတော့ သန်းနှစ်ရာကျော်လောက် လျော့သွားပါတယ်။
လက်ရှိ Law & regulations တွေက ဘယ်လိုအကျိုးသက်ရောက်မူရှိပါသလဲ . . .
ပဲမျိုးစုံကိုတော့ အစိုးရအနေနဲ့ တော်တော်အလေးထားပါတယ်။ ပဲမျိုးစုံနဲ့ပတ်သက်ပြီး ဝယ်တဲ့ရောင်းတဲ့အခါမှာတော့ ပြည်တွင်းမှာရော၊ ပြည်ပပို့တာရော ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရှိတယ်။ ဒါပေမဲ့ ပြည်ပပို့တဲ့အခါမှာတော့ ကြိုတင်ခွန် ၂ ရာခိုင်နှုန်းဆောင်ရတာပေါ့။ နောက်တစ်ခုက ပို့ကုန်လိုင်စင်လျှောက်ထားစရာလည်း မလိုတော့ဘူး။ တင်ပို့တဲ့အခါမှာလည်း အကောက်ခွန်ဦးစီးဌာနကို တင်ပြပြီးတော့ ချက်ချင်းတင်ပို့လို့ရတာပါတယ်။ ဥပဒေတွေ သတ်မှတ်ချက်က ပဲမျိုးစုံနဲ့ပတ်သက်ရင် ဘာမှထွေထွေထူးထူး ပြောစရာမရှိသေးပါဘူး။
ACE အသိုက်အဝန်းအပါအဝင် နိုင်ငံတကာမှာ မြန်မာ Export ကဏ္ဍက Manipulate အလုပ်မခံရအောင် အစိုးရရဲ့ ဘယ်လိုထောက်ပံ့မှုတွေလိုပါသလဲ . . .
ACE အသိုက်အဝန်းနိုင်ငံတွေအချင်းချင်း ကုန်သွယ်ရင် Custom Duty ကင်းလွတ်ခွင့်ရှိတယ်။ တစ်ဖက်နိုင်ငံက ဝင်လာတဲ့ Export က ဥပမာ- ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ကိုယ့်နိုင်ငံက ထွက်တာရှိပြီဆိုရင် နိုင်ငံတကာက သွင်းလာတဲ့သူကို မယှဉ်ပြိုင်နိုင်မှာစိုးလို့ သွင်းလာတဲ့ပစ္စည်းကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်တာတို့ ဒါကိုအစိုးရက စီစဉ်လို့ရပါတယ်။ တစ်ဖက်နိုင်ငံတွေကလည်း ဒီလိုမျိုးပဲလုပ်ကြတာပဲ။ ပြည်တွင်းက လုပ်ငန်းရှင်တွေကို ကာကွယ်တဲ့အနေနဲ့ သူတို့လုပ်လို့ရတဲ့ အပိုင်းကနေ ထိန်းတာပါ။ ဒါမျိုးက ကျွန်တော်တို့အတွက်လည်း လိုအပ်ခဲ့ရင် တစ်ဖက်နိုင်ငံနဲ့ညှိနှိုင်းပြီး အခွန်ကောက်ခံမှုလုပ်ရမယ့် အနေအထားပါ။ ကျွန်တော်မြင်တာက အခွန်နှုန်းထားနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေ တခြားနိုင်ငံမှာ ACE အရ အခွန်သက်သာခွင့်ရှိပေမယ့် အဲဒါ Custom Duty မှာပဲဖြစ်တာ။ Commercial Tax တို့မှာတော့ မိမိနိုင်ငံနဲ့ကိုက်ညီတဲ့အခွန်ကို ကောက်လို့ရတယ်။ အဲဒီတစ်ခုကိုပဲ ကိုယ့်နိုင်ငံကိုဝင်တဲ့ ပစ္စည်းဆိုလည်း ကိုယ့်နိုင်ငံထွက်တဲ့ ပစ္စည်းတွေနဲ့သွားတိုက်ရင် ခုနကပြောတဲ့ Commercial Tax မြင့်တာတို့၊ လျော့တာတို့က ကိုယ့်သဘောပါပဲ။ Custom Duty က သဘောတူညီချက်အရတော့ လျော့ပေးရမှာပဲ။ ကျန်တဲ့ Commercial Tax တို့ VAT တို့ အဲဒါတွေနဲ့ပတ်သက်ပြီး သူတို့ကကိုယ့်နိုင်ငံက Export ပစ္စည်းတွေကို ကောက်တာတွေရှိရင် ဒါကိုစောင့်ကြည့်အဖွဲ့က အစိုးရအချင်းချင်း တောင်းဆိုတာတို့၊ ညှိနှိုင်းတာတို့၊ အချိန်နဲ့တစ်ပြေးညီ လုပ်ပေးတာတို့ကို လက်တွေ့ကျကျ ပံ့ပိုးဆောင်ရွက်လို့ရပါတယ်။
မြန်မာ့စီးပွားရေးအပေါ် Export ကဏ္ဍတိုးတက်မှုရဲ့ အကျိုးသက်ရောက်မူတွေက . . .
Export ကဏ္ဍအတက်အကျက စီးပွားရေးနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ပဲအနေနဲ့ကြည့်မယ်ဆို ပြည်တွင်းစားသုံးမှုကနည်းတော့ ပြည်ပကို ရာနှုန်းပြည့်နီးနီးပို့ပါတယ်။ အခြား Export တွေ နည်းနေတာကတော့ ဒီမှာထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်မယ့် အခြေခံအဆောက်အအုံကလည်း နည်းတဲ့သဘောရှိတယ်။ တခြားနိုင်ငံနဲ့ထွက်တဲ့ဟာ ကြိုယှဉ်ပြိုင်ပြီး ပြန်ပို့နိုင်ဖို့ဆိုတာကလည်း ကိုယ့်နိုင်ငံက လိုအပ်ချက်တောင် ပြည့်အောင်မဖြည့်နိုင်တော့ ပြည်ပက ဝင်လာတဲ့ဟာက ဈေးပိုသက်သာနေတာမျိုးရှိတယ်။ အဲဒီမှာ Export က နည်းနေတာကိုတွေ့ရပြီး အဲဒါကြောင့် စီးပွားရေးက ထင်သလောက်တက်မလာပါဘူး။ ဒါကြောင့် ပြည်ပကဝင်လာတဲ့ ပစ္စည်းတွေကို အခွန်နဲ့ထိန်းရမှာပေါ့။ လက်ရှိ Export ကဏ္ဍမှာ အကြောင်းကြောင်းကြောင့် နည်းနေတယ်ဆိုတာတော့ သိတယ်။ အခု ၂၀၁၇ ခုနှစ်ဆိုလည်း အပြောင်းအလဲတွေ အများကြီးရှိတယ်။ ဈေးနှုန်းအတက်အကျလည်း တအားမြန်တယ်။ ပြီးတော့ ကျတဲ့ဘက်ကို နည်းနည်းလေးများနေတယ်။ အဲဒီဈေးနှုန်းအပြောင်းအလဲကြောင့် ဆုံးရှုံးမှုတွေလည်း ရှိပါတယ်။ ပို့တဲ့သူတွေကလည်း ရာနှုန်းပြည့်ပို့တဲ့သူကတော့ အလွန်နည်းနေတဲ့ သဘောရှိတဲ့အတွက် ဒီအပိုင်းကိုလည်း အစိုးရဘက်က ရင်ဆိုင်ဖြေရှင်းရမယ့် အနေအထားမှာ ရှိနေပါတယ်။
ဒေါက်တာအောင်ကျော်ဝင်း
ဒုတိယဥက္ကဋ္ဌ (၅)
ရန်ကုန်တိုင်းကျောက်မျက်လုပ်ငန်းရှင်များအသင်း
ဗဟိုအလုပ်အမှုဆောင်
မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ်
Gems & Jewellery ရဲ့ လက်ရှိနဲ့ပြီးခဲ့တဲ့နှစ်တွေတုန်းက အခြေအနေ . . .
Gems & Jewellery လက်ရှိအခြေအနေနဲ့ ပြီးခဲ့နှစ်က အခြေအနေယှဉ်မယ်ဆိုရင် ကမ္ဘာနဲ့ချီပြီးပြောရမှာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ Economic Slow Down တွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံက ကမ္ဘာကြီးနဲ့ချိတ်ဆက်နေတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်မှာလည်း Impact ရှိပါတယ်။ ၂၀၁၆-၂၀၁၇ ကို ၂၀၁၄-၂၀၁၅ ခုနှစ်တွေနဲ့ယှဉ်မယ်ဆိုရင် ၂၀၁၄-၂၀၁၅ Sales တွေကို မမီပါဘူး။ ကမ္ဘာ့စီးပွားရေးကျဆင်းတာကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်နေတယ်။ Jewellery ကလည်း ရွှေနဲ့ခတ်ရတဲ့အခါ ၂၀၁၄-၂၀၁၅၊ ၂၀၁၆-၂၀၁၇ ရွှေဈေးနှုန်းတွေက တောက်လျှောက်တက်နေတာကလည်း အချက်တစ်ချက် ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးရိုက်ခတ်မှု၊ အစိုးရအပြောင်းအလဲနဲ့ မူဝါဒအပြောင်းအလဲ စတာတွေကတော့ Transaction Period ပိုင်းမှာတွေ့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ အဲဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားရတဲ့အတွက် ဈေးကွက်အနေအထားက အေးနေပါတယ်။
မြန်မာနိုင်ငံရဲ့ Export ကဏ္ဍတိုးတက်အောင် အစိုးရရဲ့ မူဝါဒတွေကနေ ဘယ်လိုလုပ်ဆောင်ပေးသင့်ပါသလဲ . . .
ကျောက်မျက်ကဏ္ဍနဲ့ပြောမယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို မကြာသေးခင်က တင်ပြထားတာတွေ ရှိပါတယ်။ နိုင်ငံတော်မှာလည်း လုပ်စရာ Priority ကဏ္ဍတွေက အများကြီးဖြစ်နေတယ်။ အဲဒီထဲမှာမှ ငွေကုန်ကြေးကျ ကြီးကြီးမားမားမရှိဘဲ ပြုပြင်ပြောင်းလဲနိုင်တာက မူဝါဒတွေ ပြန်သုံးသပ်တာ ဖြစ်ပါတယ်။ မူဝါဒတွေ ပြန်သုံးသပ်တဲ့အခါမှာ ကျောက်မျက်ကဏ္ဍနဲ့ပတ်သက်တဲ့ အဓိကစိန်ခေါ်မှုက မူဝါဒနှစ်ခုရှိတယ်။ တစ်ခုက Export မူဝါဒ၊ မြန်မာနိုင်ငံဟာ ကျောက်မျက်ကုန်ကြမ်းတွေထွက်တဲ့ နိုင်ငံဖြစ်ပေမယ့် အချောထည်ကဏ္ဍလို့ခေါ်တဲ့ Value Added မှာ တခြားနိုင်ငံကို လုံးဝမယှဉ်နိုင်တာကို တွေ့ရတယ်။ အဲဒါက အရင်ဆုံးစဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။ အချောထည်မှာလည်း အပိုင်းနှစ်ပိုင်းရှိတယ်။ အရိုင်းထွက်လာတဲ့ ကျောက်ကို ဖြတ်တယ်၊ သွေးတယ်၊ Polish လုပ်တယ်၊ လှပအောင် လုပ်တယ်။ အဲဒီကနေ ကျောက်ဆိုဒ်စုံ ထွက်လာတယ်။ အဲဒါကို Loose Stone လို့ ခေါ်တယ်။ အဲဒီဈေးကွက်တစ်ခုရှိတယ်။ အဲဒီ Loose Stone ကို စိန်လေးတွေရံပြီး ရွှေလေးနဲ့ကွပ်ထားတာ၊ ငွေနဲ့ကွပ်ထားတာမျိုးတွေကကျတော့ အဲဒါကို လက်ဝတ်ရတနာကဏ္ဍလို့ ခေါ်တယ်။ Export မူဝါဒက အဲဒီကဏ္ဍကြီးနှစ်ခုလုံးကို ကန့်သတ်ထားတယ်။ ဘယ်လိုကန့်သတ်ထားလဲဆိုတော့ အချိန်အားဖြင့် ကန့်သတ်ထားတယ်။ ကဏ္ဍနှစ်ခုမှာတစ်ခုကို အထိုက်အလျောက်ဖွင့်ပေးပေမယ့် အရေးကြီးတဲ့ Loose Stone ကဏ္ဍကို ကန့်သတ်ထားပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ ကျောက်သံပတ္တမြားဆိုရင် ကျောက်အလွတ်ကို ပိုကြိုက်ကြတယ်။ ကျောက်အလွတ်ရမှ သူတို့လိုချင်တဲ့ ပုံစံအမျိုးမျိုး ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
အချိန်အားဖြင့် ဘယ်လိုကန့်သတ်လဲဆိုတော့ မြန်မာနိုင်ငံက ရတနာကုန်သည်တွေဟာ နိုင်ငံခြားကို အချိန်မရွေးသွားရောင်းလို့မရဘူး။ အဲဒါ အဓိကကန့်သတ်ချက်။ ဘယ်အချိန်မှာ တရားဝင်နည်းလမ်းနဲ့ သွားရောင်းလို့ရလဲဆိုတော့ နိုင်ငံတော်အစိုးရက စီစဉ်ပေးတဲ့၊ တစ်ဖက်နိုင်ငံကဖိတ်တဲ့ ကျောက်မျက်ရတနာပြပွဲတွေမှာပဲ သွားရောက်ရောင်းချခွင့်ရှိတယ်။ တစ်နှစ်ပတ်လုံးမှာ အဲဒီလိုပွဲတွေက ခုနစ်ကြိမ်၊ ရှစ်ကြိမ်ထက်မပိုဘူး။ ပွဲတိုင်းက မရောင်းရတာမျိုးလည်း ရှိတယ်။ ကျန်တဲ့အချိန်မှာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်သွားပြလို့ Customer က ပစ္စည်းကို ကြိုက်တယ်။ Order မှာချင်တယ်ဆိုရင် နောက်တစ်ကြိမ် ပြန်ပို့ဖို့အတွက် တချို့ပွဲတွေက ခြောက်လ၊ တစ်နှစ်စောင့်ရတယ်။ ဈေးကွက်သဘောအရ Demand နဲ့ Supply ပဲ။ Demand ရှိတဲ့နေရာမှာ အရည်အသွေးကောင်းကောင်းနဲ့ မြန်မြန် Supply လုပ်နိုင်လေ Market မှာ Advantage ရလေလေ ဖြစ်ပါတယ်။ အခုကျတော့ အဲဒီလိုမျိုးလုပ်ဖို့ ရတနာကုန်သည်တွေမှာ အခွင့်အရေးလုံးဝမရှိဘူး။ အဲဒါက အဓိကကန့်သတ်ချက်ဖြစ်နေတယ်။
ဒုတိယကန့်သတ်ချက်ကျတော့ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲတွေသွားရင် လက်ဝတ်ရတနာတွေကို တရားဝင်သယ်သွားလို့ရတယ်။ နိုင်ငံတကာက လိုချင်တဲ့၊ နိုင်ငံတကာဈေးကွက်ကို အမြန်ဆုံးထိုးဖောက်နိုင်မယ့် ကျောက်မျက်အချောထည်လို့ခေါ်တဲ့ Loose Stone တွေကို သယ်ယူခွင့်မရှိဘူး။ သယ်ယူခွင့်မရတဲ့အခါ ကုန်သည်တွေကလည်း နိုင်ငံခြားကိုသွားရင် စရိတ်စက အင်မတန်ကြီးတယ်။ လေယာဉ်စရိတ်၊ ဟိုတယ်စရိတ်၊ Booth ငှားရမ်းခ၊ စားစရိတ်၊ Transportation Charges တွေရှိတဲ့အခါ မကိုက်တဲ့အခါကျတော့ ကိုက်အောင်လို့ နိုင်ငံတကာကကြိုက်တဲ့ Loose Stone လေးတွေကို၊ ရွှေကွင်း၊ ငွေကွင်းတွေကွပ်ပြီးမှ ဘောင်ဝင်အောင် သယ်ရပါတယ်။ အဲဒါကလည်း အကန့်အသတ်ရှိတယ်။ လူတစ်ကိုယ်စာပဲ သယ်လို့ရနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမျိုးတွေ ဖြစ်နေတာ့ တကယ့်ကိုစီးပွားဖြစ် နိုင်ငံတကာပြပွဲတွေမှာ (ဥပမာ- ဟောင်ကောင်ပြပွဲမှာဆို) Pavilion တွေ အများကြီးရှိတယ်။ မြန်မာ Pavilion မှာ မြန်မာပြည်ကထွက်တဲ့ သဘာဝကျောက်တွေက ချောက်ချီးချောက်ချက်ပဲရှိပါတယ်။ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာတို့လို Pavilion တွေမှာဆိုရင် Loose Stone တွေ အများကြီးခင်းကျင်းပြသကြတယ်။ Sapphire from Burma ၊ Ruby from Burma ၊ Pearl from Burma ၊ Sapphire from Siri Lanka စသဖြင့် စာတန်းတွေနဲ့ အများကြီးတွေ့ရတယ်။ ဒီလိုသူများနိုင်ငံက ပြခန်းတွေမှာ ကိုယ့်နိုင်ငံက ကျောက်မျက်တွေ တွေ့နေရတယ်ဆိုကတည်းက မူဝါဒက အကြီးအကျယ်မှားနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။
အခုနိုင်ငံတော်ကို ဘယ်လိုတင်ပြလဲဆိုတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဥပဒေကိုလည်း မချိုးဖောက်အောင်၊ ဥပဒေဘောင်အတွင်းမှာလည်းရှိအောင် ဥပဒေတွေ ပြန်လေ့လာတယ်။ လေ့လာတဲ့အခါ ၁၉၉၅ ခုနှစ်ကနေ ဒီနေ့တိုင်အောင်ပြဋ္ဌာန်းထားတဲ့ ကျောက်မျက်ရတနာဥပဒေမှာ လိုင်စင်ရထားတဲ့သူ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလိုင်စင်ရှိတဲ့သူတွေဆိုရင် လက်ဝတ်ရတနာဖြစ်ဖြစ်၊ ကျောက်မျက်အချောထည် Loose Stone ကိုဖြစ်ဖြစ် နိုင်ငံတော်ကို သတ်မှတ်ထားတဲ့ အခွန်ဆောင်ပြီးရင် ပြည်ပကို တရားဝင်တင်ပို့ရောင်းချခွင့်ရှိတယ်လို့ ပါပြီးသား။ အဲဒီမှာ အချိန်ကန့်သတ်ချက်ဆိုတာမရှိဘူး။ အဲဒါဆိုတော့ ဒီဥပဒေဘောင်အတွင်းကလည်းဖြစ်အောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနလည်း လုပ်သာကိုင်သာဖြစ်အောင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရဲ့ ကြီးကြပ်မှုနဲ့ ရတနာကုန်သည်တွေကို Gems Trade Centre ဖွင့်ပေးဖို့ ဖြစ်ပါတယ်။ Gems Trade Centre တွေက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိုးကုတ်၊ မြစ်ကြီးနားမြို့တွေမှာ ရှိပြီးသား။ အချိန်ကန့်သတ်ချက်မရှိတော့ဘဲနဲ့ ၂၄ နာရီဖွင့်ဖို့ဆိုတာက တခြားနိုင်ငံတွေနဲ့ နေဝင်နေထွက်ချိန်မတူလို့၊ အချိန်အားဖြင့်၊ ငွေအားဖြင့် ကန့်သတ်ချက်မထားဖို့။ သက်ဆိုင်ရာနိုင်ငံတော် Gems Trade Centre ကနေပြီးတော့ လက်ဝတ်ရတနာဖြစ်ဖြစ်၊ Loose Stone ဖြစ်ဖြစ် ကျောက်တွေကို ရာဖြတ်မယ်၊ ဈေးနှုန်းသတ်မှတ်မယ်၊ အခွန်ဆောင်မယ်၊ တံဆိပ်စည်းတာတွေကို တစ်နေရာတည်းမှာ One Stop Service လုပ်ဖို့ ဖြစ်ပါတယ်။ လုပ်ပြီးရင် ပြည်ပကို တရားဝင်တင်ပို့ရောင်းချခွင့်ပြုဖို့ ဖြစ်ပါတယ်။ သဘာဝတွင်းထွက်ပစ္စည်းထွက်တဲ့ တိုင်းပြည်တွေမှာ Valuation Centre ရှိတယ်။ မြန်မာနိုင်ငံမှ မဟုတ်ဘူး။ စိန်ထွက်တဲ့ တောင်အာဖရိကမှာလည်း Valuation Centre ဆိုတာရှိတယ်။ Valuation Centre က ရာဖြတ်ပေးတယ်။ ရာဖြတ်ပေးတာကို သက်ဆိုင်ရာအကောက်ခွန်ဌာနက သက်ဆိုင်ရာနှုန်းထားအလိုက် အခွန်ကောက်တယ်။ ပြီးရင် တရားဝင်အခွန်ဆောင်ပြီးသား ပြေစာနဲ့ ပြည်ပကို တရားဝင်တင်ပို့ရောင်းချခွင့်ရှိတယ်။ ဒါက နိုင်ငံတကာက လက်ခံကျင့်သုံးတဲ့ Practice ဖြစ်တယ်။ တွင်းထွက်မထွက်တဲ့ တိုင်းပြည်ကတော့ ပြဿနာမရှိဘူး။ မြန်မာနိုင်ငံရဲ့ မြေထု၊ ရေထု၊ လေထုတွေကို ပြည်သူတွေက ပိုင်တာဖြစ်ပါတယ်။ နိုင်ငံရဲ့ တွင်းထွက်သယံဇာတတွေနဲ့ ကုန်သည်တွေက အလုပ်လုပ်ရင် ပြည်သူလို့ခေါ်တဲ့ နိုင်ငံတော်ကြီးကို တရားဝင်အခွန်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအချက်နှစ်ချက် အချိန်ကန့်သတ်ချက်နဲ့ ငွေပမာဏကန့်သတ်ချက်ကို ပယ်ဖျက်ပေးဖို့ တင်ပြရတာကလည်း နိုင်ငံတော်မှာ တရားဝင်အခွန်ဆောင်ပြီးတော့ အလုပ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဖြစ်ပေါ်လာစေချင်တဲ့၊ တရားဝင်အခွန်ဆောင်ပြီး အလုပ်လုပ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိတဲ့ လုပ်ငန်းရှင်တွေ ဖြစ်ပေါ်လာစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ တင်ပြခဲ့တာဖြစ်ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ တင်ပြထားတဲ့အခါ MGE က လက်ခံပြီး နောက်ဆုံးအဖြေကတော့ အချိန်မရွေးသယ်ယူခွင့်ကို MGE က စီစဉ်ပေးမယ်။ ပြီးတော့ ငွေပမာဏကိုလည်း မကန့်သတ်ဘဲ ခွင့်ပြုပေးလိုက်ပါတယ်။ တရားဝင် ရာဖြတ်၊ တန်ဖိုးဖြတ်ပြီး အခွန်ဆောင်၊ သယ်ဆောင်ခွင့်ပြုလိုက်ပါတယ်။ သက်ဆိုင်ရာသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း ဒီမူဝါဒကိုလက်ခံပြီး အခုကျွန်တော်တို့က Union Government ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေတာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို တင်ပြထားတဲ့ နောက်တစ်ချက်ကတော့ ဒီလိုဖွင့်လိုက်တော့မှ ဈေးကွက်ကနေ နိုင်ငံတကာကို တင်ပို့တာရှိသလို ပြည်တွင်းမှာလည်း ကမ္ဘာ့ကျောက်မျက်ရတနာဈေးကွက်က ဖြစ်လာမှာပါ။ ဥပမာ- နိုင်ငံတကာပွဲတွေမှာဆိုရင် လေလံပြိုင်ပွဲတွေရှိတယ်။ အဲဒီလိုလေလံပြိုင်ပွဲတွေကို ဖိတ်ခေါ်ပြီး တိုင်းပြည်ထဲမှာ လေလံဆွဲမယ်။ အဲဒီမှာ ပြည်တွင်းကျောက်နဲ့ တခြားနိုင်ငံက ကျောက်တွေပါမယ်။ အဲဒီလိုလုပ်ဖို့ ငွေပမာဏကန့်သတ်ချက်မရှိမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံတကာကနေဒီမှာလာပြီး ကျောက်တွေလေလံဆွဲရင် ကိုယ့်တိုင်းပြည်က ကျောက်ကို လေလံဆွဲတာရှိမယ်။ တခြားတိုင်းပြည်က ကျောက်ကို လေလံဆွဲတာရှိမယ်။ Market ဆိုတာ Diverse ဖြစ်ရမယ်။ ကိုယ့်တိုင်းပြည်မှ ကိုယ့်တိုင်းပြည်ဆိုပြီး တအားကြီးဖွက်ထားလို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။ အဲဒီမှာ Import Duty နှုန်းထားတွေ တစ်ခါတည်းပြင်မှရမယ်။ အခုလက်ရှိ Import Duty နှုန်းထားက ဘာပဲသွင်းသွင်း ၃၀ ရာခိုင်နှုန်း၊ Import Duty နှုန်းထားမြင့်တဲ့အခါကျတော့ လူတွေက တရားမဝင်နည်းလမ်းနဲ့ သယ်တာမျိုးရှိလာတယ်။ အဲဒီအခါ နိုင်ငံတော်လည်း အခွန်မရဘူး။ ဘယ်သူမှအကျိုးမရှိဘူး။ မသယ်လာဘူးဆိုပေမယ့် သယ်လာနေတယ်။ တိုင်းပြည်ထဲရောက်နေတယ်။ ဥပမာ- စိန်တွေဆို ကျွန်တော်တို့ မမွေးခင်ကတည်းက တိုင်းပြည်ထဲမှာ ရောက်နေတယ်။ အားလုံးကို တရားဝင်နည်းလမ်းနဲ့ဖြစ်စေချင်တဲ့အတွက် ဒီလိုပြင်ဆင်ဖို့လိုနေတာပါ။ ပြင်လိုက်တာနဲ့ တရားမဝင်လမ်းကြောင်းကနေ တရားဝင်လမ်းကြောင်းကို ချက်ချင်းကြီး ၁၀၀ ရာခိုင်နှုန်းရောက်လာမယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်ခြင်းအားဖြင့် တရားဝင်လမ်းကြောင်းဘက်က ရာခိုင်နှုန်းများလာမယ်။ ဒီလိုနည်းနဲ့ နိုင်ငံတော်က ဆွဲဆောင်ရမှာဖြစ်ပါတယ်။
Import Duty နှုန်းထားနဲ့ပတ်သက်ပြီး သုံးချက်ပြထားပါတယ်။ ထိုင်းဆို ဘာမှမထွက်ပေမယ့် ကမ္ဘာ့နိုင်ငံအသီးသီးကထွက်တဲ့ ကျောက်အရိုင်းတုံးတွေကို အခမဲ့ တင်သွင်းခွင့်ပေးထားပါတယ်။ သွင်းပြီးရင်တိုင်းပြည်ထဲမှာ Value Added လုပ်မယ်။ ကျောက်တွေ သွေးမယ်။ လက်ဝတ်ရတနာတွေ ခတ်မယ်။ ပြီးတော့မှ Export လုပ်တယ်။ အဲဒီအခါမှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးမယ်။ ဒီ Industry မှာရှိတဲ့ Technology လည်း တိုးတက်မယ်။ ပစ္စည်းအဖြစ်ထွက်လာရင် Export ပြန်လုပ်ရင် Export Volume လည်း တက်မယ်။ အဲဒီလိုမျိုးချိတ်ဆက်နေတာ ဖြစ်ပါတယ်။
စိန်ဆို ၂ ရာခိုင်နှုန်း၊ ကျောက်ဆို ၅ ရာခိုင်နှုန်းနဲ့ တရားဝင် Import လုပ်ခွင့်ပြုဖို့တင်ပြထားပါတယ်။ Figure အရတော့ တကယ်ကောင်းပေမယ့် လက်တွေ့မှာ အခွန်မရဘူးဆိုရင် ပိုဆိုးတယ်။ ဒါကြောင့် လက်တွေ့မှာ လူတိုင်းလိုက်နာချင်တဲ့ အခွန်နှုန်းထားဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးဖို့ လိုပါတယ်။
နောက်တစ်ချက်က ကိုယ့်တိုင်းပြည်လာရင် ကိုယ့်တိုင်းပြည်က လက်ဝတ်ရတနာကုန်သည်တွေနဲ့ ပြိုင်မယ်ဆိုတော့ ဒါကိုတော့ ၃၀ ရာခိုင်နှုန်းပဲထားမယ်လို့ သက်ဆိုင်ရာအကောက်ခွန်ဌာနက ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာဆိုရင် အကုန်လုံးကို ၅ ရာခိုင်နှုန်းနဲ့ Import ပေးထားတယ်။ Jewellery Fair တွေကို ပြည်တွင်းမှာလုပ်ရင် ကိုယ့်တိုင်းပြည်မှာရှိတဲ့ ကုန်သည်တွေက Global Market ကို Access လုပ်လို့ရတယ်။ အခုကနိုင်ငံခြားသွားတဲ့ ကုန်သည်လောက်ပဲ နိုင်ငံတကာနဲ့ ထိတွေ့လို့ရတယ်။ အများစုက ဘာသာစကား၊ ကုန်ကျစရိတ် စတဲ့ အခက်အခဲတွေရှိတော့ မသွားချင်ကြဘူး။ ကိုယ့်တိုင်းပြည်မှာပဲ ကျောက်မျက်ရတနာပြပွဲလုပ်မယ်ဆိုရင် ဘာသာစကား အခက်အခဲရှိလည်း ဘာသာပြန်ခေါ်လို့ရတယ်။ ကိုယ့်ဆီက လူငယ်တွေလည်း ဘာသာပြန်တဲ့ အခွင့်အရေးရတယ်လေ။ နိုင်ငံတကာက ဧည့်သည်တွေလာရင် ဟိုတယ်တွေမှာ တည်းခိုနေထိုင်စားသောက်မယ်ဆိုတော့ ကျောက်မျက်မှ မဟုတ်ဘူး။ Hotel Industry ပါ တိုးတက်တယ်။ ဆိုလိုချင်တာက တစ်ခုတည်းကိုပဲကွက်ပြီး ကြည့်လို့မရဘူး။ ဆက်စပ်ပြီး ကြည့်သင့်ပါတယ်။
Market ဆိုတာ ဒီလိုအပြိုင်အဆိုင်ရှိမှ တိုးတက်မှာဖြစ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း နိုင်ငံတကာက လက်ဝတ်ရတနာတွေနဲ့ပတ်သက်ပြီး အမြင်ကျယ်လာမယ်။ ကျောက်မျက်ရတနာပြပွဲတွေ ပြည်တွင်းထဲရောက်လာရင် ကိုယ့်ရဲ့လုပ်ငန်းရှင်တွေက Global Market ကို Access ရတယ်။ Global Technology ရသလိုပဲ ဘယ်လိုမျိုး Service တွေ ပေးနေလဲဆိုတာသိနိုင်တယ်။ လေလံပွဲတွေလာဖို့ဆိုရင် ဒါတွေ Flexible ဖြစ်ရမယ်။ လေလံပွဲတွေလာမှ တိုင်းပြည်တိုးတက်မယ်။ သူ့ရဲ့ဝယ်နေကျဖောက်သည်၊ ကုန်သည်ကြီးတွေ လာမယ်။ Market ကို ဖွင့်ပေးလိုက်တဲ့သဘောဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ အတတ်နိုင်ဆုံးစီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါက တရားဥပဒေနဲ့အညီ ပြီးတော့ နိုင်ငံတော် Gems Trade Centre ရဲ့ ကြီးကြပ်မှုတွေရှိမယ်။ နိုင်ငံတကာ Practice နဲ့လည်း ကိုက်ညီတယ်ဆိုတော့ လုပ်ကိုလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်။
Import/Export မူဝါဒနှစ်ခု မပြောင်းသရွေ့ ရတနာကုန်သည်တွေရဲ့ အချောထည်နဲ့ လက်ဝတ်ရတနာ ကဏ္ဍရှေ့တိုးဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ Policy နှစ်ခုပြောင်းပြီး အချိန်အတိုင်းအတာတစ်ခုအထိ တွန်းတွန်းတိုက်တိုက်လုပ်မှ Export Volume တွေ တက်လာမယ်။
Export Volume တွေတက်လာဖို့အတွက် ဒီအချက်နှစ်ချက်အပြင် နိုင်ငံတော်က ဆက်လက်လုပ်ဆောင်ရမယ့် အချက်သုံးချက်ရှိပါတယ်။ ကျောက်မျက်ကဏ္ဍဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေကို ကြည့်တဲ့အခါ သူတို့မှာ Autonomous Government Regulatory Body ရှိတယ်။ သူတို့က Gems & Jewelry Trade Promotion လုပ်ပြီး ဒါကိုပဲ အာရုံစိုက်နေတဲ့ အဖွဲ့ရှိတယ်။ ဥပမာ- မြန်မာနိုင်ငံမှာဆိုရင် ကျောက်မျက်ရောင်းဝယ်ရေးကို MGE က လုပ်တယ်။ ဒါပေမဲ့ MGE တစ်ဖွဲ့တည်း ဆုံးဖြတ်ချက်ချလို့မရဘူး။ တချို့ဆုံးဖြတ်ချက်တွေဆိုရင် စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်က Custom နဲ့ချိတ်ရတယ်။ စီးပွားကူးသန်းနဲ့ ချိတ်ရတယ်။ ဗဟိုဘဏ်နဲ့လည်း ချိတ်ရတယ်။ ပြည်ထဲရေးနဲ့လည်း ချိတ်ရတယ်။ အဲဒီလိုတွေချိတ်တဲ့အခါ အချိန်က တအားကြာတယ်။ Autonomous Government Regulatory Body သာရှိရင် သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေ ကိုယ်တိုင်ဦးဆောင်ပြီး အတူတကွဆုံးဖြတ်လို့ ရတယ်။ ဒါဆိုရင် မကြန့်ကြာသင့်ဘဲ ကြန့်ကြာနေတာမျိုးတွေ မဖြစ်တော့ပါဘူး။
နောက်တစ်ချက်က ကျောက်မျက်အရိုင်းတွေထုတ်တဲ့ ကုန်သည်တွေအားလုံးကို လာမယ့်နှစ်ကစပြီး နှစ်စဉ် ၁၀ ရာခိုင်နှုန်းတိုးတိုးပြီး ကျောက်မျက်အရိုင်းသက်သက်မရောင်းဘဲ အချောထည်အနေနဲ့ရောင်းဖို့ နိုင်ငံတော်က ပံ့ပိုးပေးသင့်ပါတယ်။ Emporium တွေမှာ ကျောက်အရိုင်းတွေ ရောင်းတာရှိမယ်။ ပွဲစားနဲ့ရောင်းလွှတ်လိုက်တာ ရှိမယ်။ နယ်စပ်ကနေ ခိုးထုတ်သွားတာမျိုးရှိမယ်။ ဒါတွေကို Open Discussion လုပ်သင့်ပါတယ်။ အဲဒီလိုမျိုးတွေက ဘယ်သူအတွက်မှ အကျိုးမရှိဘူး။ Export Volume ဘယ်လောက်ရှိသလဲဆိုတာ ဘယ်သူမှအတိအကျမသိဘူး။ ထွက်သွားတဲ့ Export ပိုက်ဆံတွေက နိုင်ငံတော်အတွက် အခွန်လည်းမရတော့ တိုင်းပြည်အတွက် အကျိုးလည်း မရှိပါဘူး။ အဲဒါကြောင့် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းစီတိုးပြီး အချောထည်ထွက်နိုင်ဖို့ Plan လုပ်ထားသင့်တာပါ။ အဲဒီလိုလုပ်တဲ့အချိန်မှာ နိုင်ငံတော်ရဲ့ပံ့ပိုးမှုက အရေးကြီးပါတယ်။ ဥပမာ- MGE က လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာ ပြည်တွင်း၊ ပြည်ပ၊ ပုဂ္ဂလိကဘဏ်တွေနဲ့ ချိတ်ဆက်ပေးရပါမယ်။ ကျောက်မျက်အချောထည်ထုတ်ဖို့ဆိုရင် နည်းပညာလိုလာပြီ။ နည်းပညာလိုတယ်ဆိုရင် ငွေရင်းနှီးမြှုပ်နှံဖို့လိုတယ်။ Collateral မပေးရဘူး။ သင့်တင့်လျောက်ပတ်တဲ့ အခွန်နှုန်းထားဖြစ်မယ်၊ ဒါမှမဟုတ် Collateral ပေးရတယ်။ ပိုသင့်တင့်လျောက်ပတ်တဲ့ အခွန်နှုန်းထားနဲ့ရအောင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးမယ်ဆို ပိုပြီးတော့ ကောင်းပါတယ်။ ဒါကြောင့် ဘဏ်တွေရဲ့ Support ကလည်း အလွန်အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်နေတယ်။ ဆက်လက်ပြီး နိုင်ငံတော်က အချောထည်ကို တိုးတိုးပြီး ထုတ်တာကို စနစ်တကျမှတ်တမ်းတင်ပြီး အမှန်အကန်အခွန်ပေးတဲ့ ကုမ္ပဏီကို ဆုချတာမျိုးလို Appreciate လုပ်ပေးသင့်ပါတယ်။ ဥပမာ- Tax Holiday တွေ၊ Income Tax ရာခိုင်နှုန်းလျော့ပေးတာမျိုးလို အရာတွေလုပ်ရင် ကုန်သည်တွေကပိုပြီး Motivate ဖြစ်လာပါမယ်။
နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ကျောက်မျက်ရတနာက အရိုင်းကနေစထွက်မယ်ဆိုရင် Supply Chain က အရိုင်းလာမယ်။ ပြီးရင် ကျောက်တွေကို ဖြတ်မယ်။ Polish လုပ်မယ်။ Cutting လုပ်မယ်။ မြန်မာပြည်က အရည်အသွေးမကောင်းတဲ့ ကျောက်တွေဆို ဒီတိုင်းပစ်လိုက်တာ၊ သူများတိုင်းပြည်တွေမှာ အရည်အသွေးမကောင်းတဲ့ ကျောက်တွေကို မီးဖုတ်လို့ရရင် ဖုတ်မယ်။ မရရင် တခြား Treatment နဲ့ လုပ်လိုက်ရင် တန်ဖိုးမရှိတဲ့ကျောက်တွေက တန်ဖိုးရှိတဲ့ ကျောက်တွေဖြစ်သွားတယ်။ အဲဒီလိုလုပ်လို့ရတဲ့ နည်းလမ်းတွေလည်း အများကြီးရှိတယ်။ ပြီးရင် လက်ဝတ်ရတနာလုပ်တဲ့ အဆင့်ဆင့်သော ဒီ Supply Chain တစ်လျှောက်လုံး အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးဖန်တီးနိုင်ဖို့အတွက် ဒီမှာ Experience ရှိတဲ့ Labour တော့ရှိတယ်။ ဒါပေမဲ့ တကယ့် Skill Force Labour ဖြစ်ဖို့အတွက် လေ့ကျင့်ရဦးမယ်။ အဲဒီအတွက် နိုင်ငံတော်အစိုးရအနေနဲ့ Vocational Training School တွေ အများကြီးလုပ်ပေးဖို့လိုပါတယ်။ ဒီကျောက်မျက်ရတနာကဏ္ဍအတွက် Value Added လုပ်ဖို့အတွက် Vocational Training School လုပ်ဖို့ဆိုရင် ကိုယ်နဲ့နီးစပ်တဲ့ အိန္ဒိယ၊ ထိုင်း၊ တရုတ်တို့မှာရှိတဲ့ Trainee Center တွေနဲ့ အစိုးရချင်း အစိုးရချင်းချိတ်ဆက်နိုင်ရင် ပိုမြန်ပါတယ်။ အဲဒီလိုချိတ်ဆက်ပြီး ဖိဖိစီးစီးလုပ်ရင် နောင်ဆယ်နှစ်ဆို တော်တော်ကြီးကို တိုးတက်သွားနိုင်ပါတယ်။ ဒါကြောင့် အရေးကြီးဆုံးသုံးချက်ကို ဆွဲထုတ်ပြပါဆိုရင် အဲဒီသုံးချက်ကို ဆွဲထုတ်ပြရလိမ့်မယ်။
ကျွန်တော်တို့တိုင်းပြည်မှာ Export ကဏ္ဍအမြန်ဆုံးတိုးတက်နိုင်ဖို့ ကိုယ့်တိုင်းပြည်က ဘာ Nature Resources တွေရှိလဲ၊ ကိုယ့်တိုင်းပြည်မှာရှိတဲ့ Nature Resources ကို အရင်ဆုံးအားပေးအားမြှောက်လုပ်ရပါမယ်။ ဒါဆိုရင် Trade Volume တွေ အများကြီးတက်မယ်။ အခုချိန်မှာ ထိုင်းရဲ့ ကျောက်မျက်အချောထည် Export Volume က ၁၁ ဘီလီယံရှိတယ်။ ပြီးတော့ သီရိလင်္ကာနိုင်ငံတောင် တစ်ဘီလီယံဖြစ်နေပြီ။ မြန်မာက ၁၂.၅ သန်းပဲ ရှိနေသေးတာပါ။ တော်တော်လေး ကွာဟနေပါတယ်။ အဲဒါကြောင့် တကယ်အောင်မြင်တဲ့တိုင်းပြည်ရဲ့ Industry Sucees Story တွေကို လေ့လာပြီး မြန်မာနိုင်ငံနဲ့ Compare လုပ်လိုက်ရင် လုပ်သင့်တဲ့၊ ပြောင်းလဲသင့်တဲ့အရာတွေ ထွက်လာပါမယ်။ ဒါပေမဲ့ ကျွန်တော်အရှေ့မှာပြောခဲ့တဲ့ မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်တွေကို အရင်ပြောင်းဖို့ လိုပါမယ်။ အဲဒီလိုပြောင်းပြီးမှ တခြားနိုင်ငံတွေရဲ့ အောင်မြင်မှုတွေကိုလေ့လာပြီး ကိုယ့်နိုင်ငံအတွက် လုပ်သင့်တာတွေကို တိုက်တိုက်တွန်းတွန်း လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့လည်း အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် တခြားတိုင်းပြည်က တအား Develop ဖြစ်နေပြီး ကိုယ်က နောက်ကလိုက်ရမှာဖြစ်တဲ့အတွက် တော်တော်တော့ကြိုးစားရပါမယ်။
ဦးအောင်မြင့်ထူး
ဥက္ကဋ္ဌ
မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း
ရော်ဘာလုပ်ငန်း လက်ရှိ Export အခြေအနေနဲ့ လွန်ခဲ့တဲ့နှစ်တွေက အခြေအနေ . . .
ရော်ဘာလုပ်ငန်းကဏ္ဍမှာ Export က ဒီနှစ်မှာ အများကြီး တက်လာပါတယ်။ မနှစ်က နိုင်ငံခြားကို ရော်ဘာတန်ချိန် ၈၈,၀၀၀ ခန့်တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီနှစ် (၂၀၁၆ - ၂၀၁၇) မှာ တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
ရော်ဘာလုပ်ငန်းကဏ္ဍမှာ Export တက်အောင် ဘာတွေဆောင်ရွက်သင့်ပါသလဲ . . .
Export တက်အောင် ရော်ဘာအရည်အသွေးကောင်းထုတ်ဖို့လည်း လိုအပ်ပါတယ်။ ဒီမှာထုတ်တဲ့ ရော်ဘာအရည်အသွေးက အာမခံချက်မရှိလို့ ကမ္ဘာ့ပေါက်ဈေးအောက်လျော့ရနေပါတယ်။ အရည်အသွေးအာမခံချက်ရှိအောင်ထုတ်လုပ်နိုင်ရင် ကမ္ဘာ့ပေါက်ဈေးအတိုင်း ရရှိလာမှာဖြစ်တဲ့အတွက် Export တန်ဖိုးတက်လာမှာပါ။ တရုတ်ဈေးကွက်အပြင် အရည်အသွေးမြင့်လိုလားတဲ့ ဂျပန်၊ ဥရောပနဲ့ အိန္ဒိယစတဲ့ နိုင်ငံတွေဖြစ်တဲ့ ဈေးကွက်သစ်ကို ထိုးဖောက်ဖို့ လိုပါတယ်။ ရော်ဘာအရည်အသွေးအာမခံချက်နဲ့ ရောင်းချနိုင်ဖို့ အသင်းနဲ့ စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းပြီး International Accreditated Certificate ထုတ်ပေးနိုင်မယ့် ဓာတ်ခွဲခန်းထူထောင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုဓာတ်ခွဲခန်းဖြစ်အောင် International Rubber Association (IRA) အသင်းကို ဝင်ရပါတယ်။ IRA အသိအမှတ်ပြုဓာတ်ခွဲခန်းဖြစ်အောင် သတ်မှတ်စံချိန်စံနှုန်းနဲ့အညီ အစစ်ဆေးခံပြီး အောင်မြင်အောင် လုပ်ရပါတယ်။ ဒီနှစ်အတွင်း IRA အသိအမှတ်ပြုရရှိအောင် ရည်မှန်းပြီး လုပ်နေပါတယ်။ IRA အသိအမှတ်ပြု ဓာတ်ခွဲခန်းဖြစ်ပြီဆိုရင် အဲဒီကအရည်အသွေးစစ်ဆေးပြီး ထုတ်ပေးတဲ့ Certificate က အာမခံချက်ရှိတဲ့အတွက် ဝယ်ယူသူတွေယုံကြည်မှုရရှိပြီး ကမ္ဘာ့ပေါက်ဈေးနဲ့အညီရရှိလာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကထုတ်တဲ့ Specified Rubber (TSR) ရော်ဘာတွေကို စံချိန်စံနှုန်းသတ်မှတ်ပြီး Myanmar Standard Rubber (MSR) ဆိုပြီး တင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုမထုတ်နိုင်သေးခင်မှာ ပြည်ပကဝယ်ယူသူတွေက မြန်မာနိုင်ငံက ရော်ဘာတွေကို သူတို့ရဲ့ကုန်ကြမ်းအဖြစ် အသုံးပြုပြီး Reprocess လုပ်ရတဲ့အတွက် စရိတ်ကာမိအောင် မြန်မာနိုင်ငံကရော်ဘာတွေကို ဈေးနှိမ်ပြီး ဝယ်ကြပါတယ်။ နောက်ပြီး တရုတ်ကို နယ်စပ်ပို့ကုန်အနေနဲ့ တင်ပို့ရာမှာ တရားမဝင်မှောင်ခိုတင်ပို့တဲ့အတွက် Export Volume လျော့နေရတဲ့ အကြောင်းတစ်ချက်ရှိပါတယ်။ တရားမဝင်တင်ပို့နေတာကို စနစ်တကျထိန်းသိမ်းနိုင်မယ်ဆိုရင် Export Volume တက်လာပါလိမ့်မယ်။
ရော်ဘာလုပ်ငန်းကဏ္ဍအတွက် Export တိုးတက်အောင် တခြားဘယ်နိုင်ငံတွေကို အတုယူသင့်ပါသလဲ . . .
ရော်ဘာထုတ်လုပ်မှုမြင့်မားတဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေရဲ့ သင့်လျော်တဲ့စနစ်တွေကို မှီငြမ်းသင့်ပါတယ်။ International Rubber Study Group (IRSG) က ရေရှည်တည်တံ့တဲ့ ရော်ဘာထုတ်လုပ်မှု Sustainable Natural Rubber (SNR) စံချိန်စံညွှန်းတွေ သတ်မှတ်ထုတ်လုပ်ဖို့ စီမံကိန်းချမှတ်ထားပါတယ်။ စံချိန်စံညွှန်းငါးချက်က အကြမ်းအားဖြင့် ၁။ အထွက်ကောင်းမျိုးများ စိုက်ပျိုခြင်းဖြင့် ထုတ်လုပ်မှုတိုးမြှင့်ဖို့၊ ၂။ အရည်အသွေးကောင်းရော်ဘာတွေ ထုတ်လုပ်ရန်၊ ၃။ သစ်တောတွေ ရည်ရှည်တည်တံ့စေဖို့၊ ၄။ စွန့်ပစ်ပစ္စည်း၊ စွမ်းအင်နဲ့ ရေသုံးစွဲမှုနဲ့ ၅။ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေးမထိခိုက်စေရေးတို့ဖြစ်ပါတယ်။ ရော်ဘာသုံးစွဲတဲ့ ကုမ္ပဏီကြီးတွေဟာ ၂၀၁၈ - ၂၀၁၉ ခုနှစ် နောက်ပိုင်းမှာ SNR စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ရော်ဘာတွေကိုသာ ဝယ်ယူအသုံးပြုဖို့ ပေါ်လစီတွေ ထွက်လာပါပြီ။
အရည်အသွေးနဲ့ပတ်သက်ပြီးပြောရရင် ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ RSS 3 ရော်ဘာဟာ အရည်အသွေး တစ်သမတ်တည်းရှိတဲ့အတွက် ဝယ်ယူတဲ့ကုမ္ပဏီတွေက Lot အလိုက် စိတ်ချလက်ချဝယ်ကြပါတယ်။ မြန်မာနိုင်ငံကထုတ်တဲ့ RSS 3 အရည်အသွေးက တစ်သမတ်တည်းမဖြစ်တဲ့အတွက် ဝယ်ယူသူတွေက ဈေးနှိမ်ပြီး ဝယ်ကြပါတယ်။ တရုတ်ဈေးကွက်က အရည်အသွေးကောင်းကို ဈေးကောင်းပေးမဝယ်တဲ့အတွက်ကြောင့် ထုတ်လုပ်တဲ့တောင်သူတွေက အရည်အသွေးကောင်းထုတ်ဖို့ စိတ်မဝင်စားဘူး ဖြစ်နေပါတယ်။ အရည်အသွေးကောင်းထုတ်နိုင်အောင် အခြေအနေတွေ ဖန်တီးပေးပြီး အရည်အသွေးအာမခံတဲ့စနစ် Certificate နဲ့ ထုတ်လုပ်ရောင်းချနိုင်ရင် တရုတ်ဈေးကွက်မှာ ဈေးကောင်းရနိုင်ပါတယ်။
AEC အသိုက်အဝန်းအပါအဝင် နိုင်ငံတကာမှာ မြန်မာ့ရော်ဘာ Export ကဏ္ဍက Manipulate အလုပ်မခံရအောင် အစိုးရရဲ့ ဘယ်လိုအထောက်အပံ့လိုအပ်ပါသလဲ . . .
ရော်ဘာ Export နဲ့ပတ်သက်ပြီး AEC က ရော်ဘာကဏ္ဍကို သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး။ အဓိက Import ကိုသာစိုးရိမ်ရမှာပါ။ ပြည်တွင်းထုတ်ကုန်တွေကသာ Import သွင်းတဲ့ဈေးကို မယှဉ်နိုင်ရင် စိုးရိမ်ရမှာပါ။
မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ် Export ကဏ္ဍတိုးတက်မှုနဲ့ အကျိုးသက်ရောက်မှုများ . . .
မြန်မာနိုင်ငံစီးပွားရေးတိုးတက်ဖို့အတွက် Export ကဏ္ဍက အဓိကအရေးကြီးပါတယ်။
အခုက Trade Deficit ဖြစ်နေပါတယ်။ Export တက်လာရင် မျှခြေဖြစ်လာပါလိမ့်မယ်။ Export မတက်တော့ နိုင်ငံရဲ့ GDP လည်း ထိခိုက်ပါတယ်။
ဦးရဲမင်းအောင်
အထွေထွေအတွင်းရေးမှူး
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
ဒုတိယဥက္ကဋ္ဌ
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
လက်ရှိလုပ်ငန်းအခြေအနေနဲ့ လွန်ခဲ့တဲ့ငါးနှစ်က လုပ်ငန်းအခြေအနေ . . .
လယ်ယာကဏ္ဍမှာတော့ ကျွန်တော်တို့လက်ရှိက ရင်းနှီးမြှုပ်နှံမှုက အင်မတန်နည်းနေတယ်။ ရင်းနှီးမြှုပ်နှံမှုတအားနည်းတဲ့ အခြေအနေဟာ လယ်ယာကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြန်ကြည့်ရင် ရင်းနှီးမြှုပ်နှံမှုဆိုတာ တအားနည်းတယ်ပါ။ (စွမ်းအင်၊ လျှပ်စစ်၊ ဟိုတယ်တို့။) ကျွန်တော်တို့နိုင်ငံကို ကမ္ဘာသိ၊ မြန်မာသိတာက လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုပြီး သိတာ။ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ဘာကြောင့်နည်းနေတာလဲ။ လယ်ယာကဏ္ဍမှာ လုပ်စရာတွေအများကြီးရှိနေသေးလို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုအားနည်းနေသေးလို့ဆိုတာ ကျွန်တော်တို့က သုံးသပ်နိုင်တယ်။ အားနည်းချက်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမှာတွေက ဥပဒေပိုင်းတွေမှာ ရှိတယ်။ နောက်တစ်ခုက လယ်ယာစိုက်ပျိုးရေးလုပ်တဲ့အခါမှာ လိုအပ်တဲ့နည်းပညာ၊ သွင်းအားစုတွေ၊ ချိတ်ဆက်တဲ့အပိုင်း၊ သုတေသနနဲ့ ဖွံ့ဖြိုးရေးအပိုင်းတွေ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရာမှာ ပထမဆုံးအချက်ဖြစ်တဲ့ ဥပဒေနည်း၊ ဥပဒေပိုင်းတွေမှာ လယ်ယာစိုက်ပျိုးရေးက မြေကို အသုံးပြုပြီးတော့ လုပ်ရတာများတယ်။ အဲဒါကြောင့် မြေနဲ့ပတ်သက်တဲ့ ပြဿနာ၊ စိန်ခေါ်မှုတွေ၊ အရှုပ်အထွေးတွေ၊ အရင်က မြေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ ပိုင်ဆိုင်မှုအငြင်းပွားမှု၊ မြေအမျိုးအစားတစ်မျိုးကနေ တစ်မျိုးကိုပြောင်းဖို့အတွက် ခက်တာက အသီးအနှံတစ်မျိုးက နေတစ်မျိုးကို ပြောင်းပြီးစိုက်ဖို့အတွက် ခက်ခဲတာဖြစ်တယ်။ စိုက်ပျိုးရေးကနေ မွေးမြူရေးကိုပြောင်းလုပ်ဖို့အတွက် ခက်ခဲတယ်။ အဲဒီလိုမျိုးတွေမှာ ကျွန်တော်တို့ သုံးသပ်ရမယ့်အပိုင်းတွေ ရှိတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေရိုင်းဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ စီးပွားမြှင့်တင်ရေးဥပဒေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေဟာ ကျွန်တော်တို့ အမြန်ဆုံးပြုပြင်ပြောင်းလဲပြင်ဆင်ရမယ့် အပိုင်းတွေရှိတယ်။ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေ၊ မွေးမြူရေးလုပ်တဲ့ တောင်သူတွေ၊ အပင်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဆန်စပါး၊ ပဲမျိုးစုံစိုက်တဲ့ တောင်သူတွေ၊ မွေးမြူရေးလုပ်တဲ့သူတွေ (ငါး၊ ပုစွန်၊ နွား၊ ကြက်၊ ဘဲ) အတွက် တောင်သူလယ်သမားတွေ ဝင်ငွေကောင်းပြီး အကျိုးအမြတ်သေချာတဲ့ လယ်ယာစီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ဥပဒေတွေကို ကျွန်တော်တို့ ပြောင်းလဲပြင်ဆင်ပြီး လုပ်ဖို့လိုတယ်။ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားဖို့ လိုတယ်။ ဒီအရာတွေက အရေးကြီးတဲ့လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ဒီနည်းဥပဒေတွေ၊ မြေအသုံးပြုတဲ့ပုံစံတွေ ရှင်းလင်းပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားမှ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေက ပိုပြီးတော့များလာမယ်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ များလာမှ ကျွန်တော်တို့က သုတေသနနဲ့ဖွံ့ဖြိုးရေး၊ ဈေးကွက်နဲ့ ချိတ်ဆက်တာ၊ ထုတ်ကုန်ရဲ့ အရည်အသွေးကောင်းလာတာ၊ တန်ဖိုးမြင့်တဲ့ထုတ်ကုန်ထုတ်လာနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရတက်လာတဲ့အချိန်မှာ ကျွန်တော်တို့က လယ်ယာနဲ့ချိန်ခွင်လျှာညီမျှတဲ့ စီးပွားရေးပုံစံကို လုပ်မယ်ဆိုပြီး စီးပွားရေးမူဝါဒ ၁၂ ချက်ထဲမှာ ပါတယ်။ လယ်ယာနဲ့ စက်မှုချိန်ခွင်လျှာညီမျှတဲ့ စီးပွားရေးပုံစံဆိုတဲ့နေရာမှာ လယ်ယာစိုက်ပျိုးရေးမှာလည်း စိုက်ပျိုးရေးသက်သက်ကို စဉ်းစားလို့မရဘူး။ မွေးမြူရေးသက်သက်ကို စဉ်းစားလို့မရဘူး။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ၊ Agro-based Industry တွေ၊ အဓိကက စိုက်ပျိုးရေးဟာ စားနပ်ရိက္ခာထုတ်တာဖြစ်တဲ့အတွက် Agro-based Industry တွေ ဆောင်ရွက်ဖို့လိုလာပြီ။ ဥပမာ- ဆန်တစ်ခုတည်း ထုတ်လို့မရတော့ဘူး။ ဆန်ကနေ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆံ၊ ဆန်မှုန့်ထုတ်တာ၊ နောက်ဆုံးဆန်ကွဲကနေ Glucose ထုတ်တာမျိုးတွေကို တတ်နိုင်သမျှ တန်ဖိုးကွင်းဆက်တစ်ခုကို ဖန်တီးရမယ်။ ပဲဆိုရင်လည်း ဒီအတိုင်းပဲ။ မတ်ပဲ၊ ပဲစင်းငုံတွေကို ဒီတိုင်းတင်ပို့လို့ မရတော့ဘူး။ အခွံချွတ်၊ သန့်စင်ပြီး တန်ဖိုးမြင့်အောင်လုပ်ရမယ့် အပိုင်းတွေရှိလာပြီ။ ငါး၊ ပုစွန်တွေကိုလည်း သန့်စင်ပြီး Supermarket မှာ တင်ရောင်းတဲ့အထိ လုပ်ရမယ့်အပိုင်းတွေရှိလာပြီ။ ဒါကြောင့် တန်ဖိုးမြင့်တဲ့ Value-added Industry တွေဟာ ကျွန်တော်တို့ စိုက်ပျိုးရေးကိုအခြေခံတဲ့ Agro-based Industry တွေ၊ Agriculture ကနေပြီးတော့ Agro-based Industry ၊ Agribusiness တွေ ပေါ်လာအောင် လုပ်ရမယ်။ ကုန်ကြမ်းတွေအဖြစ် တင်ပို့နေရတဲ့ အနေအထားကနေ တကယ့် Value-added ကုန်ချောတွေ ပို့နိုင်မယ်ဆိုရင် ပိုပြီးတော့အဆင်ပြေမယ်။ ထုတ်လုပ်မှုပိုပြီးတော့ များလာမယ်။ အရေးအကြီးဆုံးကValue-added Industry တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရမယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကို ပြန်ကြည့်ရင် Investment တွေ နည်းနေတယ်။ Value-added Industry တွေမှာ Investment တွေ နည်းနေတယ်။ Investment တွေ နည်းရာကနေ Investment တွေ ဝင်လာအောင်ဆွဲဆောင်ရမယ်။ Investment တွေ ဝင်လာဖို့အတွက် အခွန်ဆိုင်ရာမက်လုံးတွေ လိုပါတယ်။ မြေအသုံးချမှုနဲ့ပတ်သက်ပြီး လွယ်ကူလျင်မြန်တဲ့ မြေအသုံးချမှုပုံစံတွေရအောင် ကျွန်တော်တို့ဆောင်ရွက်ပေးရမယ်။ တစ်ဧကကို သိန်းသုံးထောင်၊ လေးထောင်လောက်ရှိတဲ့ မြေကိုဝယ်ပြီး လယ်ယာကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံရမယ်ဆို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ စက်မှုဇုန်တွေရဲ့ မြေတွေက ကျွန်တော်တို့ထက် အများကြီးဈေးသက်သာတယ်။ ကျွန်တော်တို့ စက်မှုဇုန်တွေမှာဆို တစ်ဧကကို သိန်းသုံးထောင်၊ လေးထောင်ဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ရင်းနှီးမြှုပ်နှံတဲ့ စရိတ်စကကကြီးနေတယ်။ မြေဈေးကလည်း ကြီးနေတယ်။ လျှပ်စစ်ရဖို့ဆိုတာကလည်း မသေချာဘူး။ အဲဒီလို အနေအထားတစ်ခုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ဆိုရင်တော့ ဆွဲဆောင်နိုင်တဲ့ မက်လုံးတွေနဲ့ဖိတ်ခေါ်ရမယ်။ ဒါမှလည်း ကျွန်တော်တို့ လယ်ယာကဏ္ဍထုတ်လုပ်မှုတွေက တိုးလာမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားတွေ စပါးစိုက်တဲ့အတွက်ကြောင့် ဆန်ကို လွယ်လွယ်ကူကူ ရောင်းလို့ရတယ်။ ဒါပေမဲ့ စပါးထက် သူတို့တွက်ခြေကိုက်တဲ့ဟာကို စိုက်ချင်တယ်။ ဥပမာ- ရွှေဖရုံသီး၊ သခွားမွှေး၊ ဖရဲသီး စိုက်မယ်။ စိုက်ပြီးထွက်လာတဲ့ ထုတ်ကုန်တွေကို ဝယ်ဖို့ကျတော့ ကျွန်တော်တို့ဆီမှာဝယ်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ နည်းသေးတယ်။ တကယ့် Processing Industry တွေ၊ သရက်သီးတို့၊ ဘာတို့ဆိုရင် တချို့နေရာတွေမှာ တအားဒုက္ခရောက်တယ်။ မအူပင်မှာ၊ သရက်သီးက ပေါ်လာပြီ။ ဈေးကွက်ထဲကို ပို့လို့မရတော့ သရက်သီးအခြောက်ခံတဲ့ စက်၊ Juice လုပ်တဲ့စက် အစရှိတဲ့ Value-added Industry တွေ အများကြီးလိုအပ်နေပါတယ်။ နောက်ဆုံးမှာ Consumer Products တွေဖြစ်တဲ့ သရက်သီးကို တာရှည်ခံအောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ။ အအေးခန်းတွေနဲ့ ထားမလား။ ကျွန်တော့်အမြင်မှာတော့ Agro-based Value-added Industry တွေ ပေါ်ပေါက်လာအောင်၊ ရင်းနှီးမြှုပ်နှံမှုတွေများလာအောင် အစိုးရကစနစ်ကျတဲ့ ဆွဲဆောင်မှုတွေနဲ့ ဖိတ်ခေါ်မှ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရလာမှာ ဖြစ်ပါတယ်။
ဒီဘက်အစိုးရတက်လာတဲ့အချိန်မှာတော့ လယ်ယာကဏ္ဍရဲ့ ပို့ကုန်ဟာ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ထက် ဒေါ်လာ သန်းသုံးရာကျော် ပိုများတယ်။ တစ်နည်းအားဖြင့်ပြောရင် လယ်ယာကဏ္ဍရဲ့ ပြည်ပတင်ပို့မှုကတော့ တက်လာတာကို တွေ့ရတယ်။ ဒါပေမဲ့ လယ်ယာကဏ္ဍရဲ့ တင်ပို့မှုတွေ ကြည့်လိုက်လို့ရှိရင် အဓိကက ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငါး၊ ပုစွန်တွေကနေ ဒေါ်လာသုံးဘီလီယံလောက် ရတယ်။ ဒါပေမဲ့ ဆန်ဆိုရင် တစ်နှစ်လုံးကို ဒေါ်လာသန်းခြောက်ရာလောက် တန်ချိန် ၁.၇ သန်းဆိုတော့ ဒေါ်လာသန်းခြောက်ရာလောက်ရှာနိုင်တယ်။ ကျွန်တော်တို့ စနစ်တကျလုပ်ရင် ဆန်ကနေ ဒေါ်လာတစ်ဘီလီယံရှာလို့ရတယ်။ ငါး၊ ပုစွန် စတဲ့ ပြည်ပပို့ကုန်တွေကနေ ဝင်ငွေအများကြီး ရအောင်လုပ်လို့ရတယ်။ ဒါကြောင့် ပို့ကုန်တိုးမြှင့်မယ်ဆိုရင် တန်ဖိုးမြင့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ Value-added Industry တွေ၊ Agro-based Industry တွေကို ဆွဲဆောင်နိုင်ပြီဆိုရင် တင်ပို့နိုင်မယ့်ဈေးကွက်က ပိုပြီးတော့ကောင်းလာမယ်၊ ပိုပြီးတော့ ထုတ်လုပ်လာနိုင်မယ်၊ ပိုပြီးတော့ အရည်အသွေးကောင်းလာမယ်။ ဒါမှလည်း ကျွန်တော်တို့တိုင်းပြည်ရဲ့ Export Revenue ပို့ကုန်ဝင်ငွေများလာမယ်။ လက်ရှိမှာ သွင်းကုန်ကများနေတော့ တိုင်းပြည်စီးပွားရေး အားနည်းနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပို့ကုန်နဲ့ သွင်းကုန်မှာ ပို့ကုန်များလာအောင် လယ်ယာကဏ္ဍကို အခြေခံတဲ့ စက်မှုလုပ်ငန်းတွေ အများကြီးလုပ်မယ်။ အဲဒီကနေ ထွက်လာတဲ့ပစ္စည်းတွေကို နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်မယ်ဆိုရင် လယ်ယာကဏ္ဍပို့ကုန် တိုးတက်လာပါမယ်။
လက်ရှိ Laws and Regulations တွေထဲမှာ အမြန်ဆုံး ပြုပြင်သင့်တဲ့အချက်တွေ . . .
လွှတ်တော်မှာ အခုရောက်နေတဲ့ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ၊ အရေးကြီး ကုန်စည်ဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးနဲ့ စီးပွားမြှင့်တင်ရေးဥပဒေတွေကို ပြန်သုံးသပ်သင့်တယ်။ ဥပမာ- အရေးကြီးကုန်စည် ဥပဒေဆိုရင် နွား၊ ကျွဲတွေကို အရေးကြီးကုန်စည်လို့ သတ်မှတ်ထားတော့ အမှန်တကယ်ပြောရရင် နယ်စပ်ထွက်ပေါက်တွေကနေပြီးတော့ တစ်နေ့ကို နွားအကောင်ရေ ထောင်နဲ့ချီပြီး သွားနေတယ်။ ဒါပေမဲ့ အရေးကြီးကုန်စည်ဥပဒေအရ ဒါကိုအရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားတဲ့အတွက်ကြောင့် မွေးမြူရေးလုပ်သူတွေက မှောင်ခိုပုံစံနဲ့ ရောင်းချနေရတယ်။ ဒါတွေကို တရားဝင်လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့က အများကြီးလုပ်နိုင်မယ်။ အရင်ကလို မျိုး ကျွဲ၊ နွားကို အသုံးပြုပြီးတော့ လယ်ယာလုပ်ငန်းလုပ်တာ တော်တော်ကိုနည်းသွားပြီ။ အခုလက်ရှိမှာ လယ်ထွန်စက်တွေ အသုံးပြုတာများလာပြီ။
စနစ်တကျမွေးမြူရေးကိုလည်း လုပ်လို့ရတယ်။ ခိုင်းကျွဲ၊ ခိုင်းနွား မဟုတ်ဘဲနဲ့ မွေးမြူပြီးတော့ တရုတ်နိုင်ငံ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းကို တင်ပို့ပြီဆိုရင် မွေးမြူရေးလုပ်ဖို့အတွက် မြေနေရာတွေလည်း အများကြီးရှိတယ်။ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်ရင် အရေးကြီးကုန်စည်ဥပဒေက ပြင်ရမယ့်အချက်ဖြစ်နေတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေဆိုရင် သီးနှံတစ်မျိုးကနေတစ်မျိုး ပြောင်းစိုက်ဖို့၊ စပါးစိုက်ရာကနေ တခြားသီးနှံပြောင်းစိုက်ဖို့ဆိုတာ တော်တော်လေးကို ခက်တယ်။ ခွင့်ပြုချက်တွေ အဆင့်ဆင့်ယူရတယ်။
ဒါတွေကို ကျွန်တော်တို့က တတ်နိုင်သမျှ သီးနှံတစ်မျိုးကနေ တစ်မျိုးပြောင်းစိုက်တဲ့အခါမှာ တောင်သူလယ်သမားတွေ တွက်ခြေကိုက်ဖို့၊ သူတို့အတွက် ဝင်ငွေပိုရနိုင်တဲ့ အသီးအနှံကို လွတ်လွတ်လပ်လပ် ပြောင်းလဲစိုက်ပျိုးနိုင်မယ်ဆိုရင် ကျွန်တော်တို့က ပိုပြီးတော့လုပ်နိုင်မယ်လို့ ထင်တယ်။
စိုက်ပျိုးရေး လုံးဝလုပ်လို့မရလို့ မွေးမြူရေး လုပ်ချင်တယ်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ချင်တယ်ဆိုရင်လည်း တွဲလုပ်ခွင့်ရှိရမယ်။ ဆိုလိုတာက တချို့နေရာတွေမှာ လယ်ဆယ်ဧကပိုင်တယ်။ ငါးဧက၊ ခြောက်ဧကလောက်ကို စပါးစိုက်မယ်။ နောက်တစ်ဧက၊ နှစ်ဧကကို တခြားသီးနှံစိုက်မယ်။ နောက်နှစ်ဧက၊ သုံးဧကကို ငါးမွေးမယ်ဆိုရင် လက်ရှိဥပဒေအရ လယ်မြေမှာ စပါးစိုက်တာကလွဲလို့ တခြားအရာစိုက်တာကို ကန့်သတ်ထားတာတွေက တအားများတယ်။ ဒီအပိုင်းတွေကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ စပါးနဲ့ငါး တောင်သူလယ်သမားအချင်းချင်းလည်း အငြင်းပွားကြတယ်။
ပြဿနာတွေအများကြီး ဖြစ်တာကိုလည်း တွေ့ရတယ်။ ငါးမွေးမြူရေးအင်းတွေနဲ့ လယ်သမားတွေနဲ့ ဒီဘက်ကရေဖောက်ထုတ်လာရင် ဟိုဘက်က ရေလွှမ်းသွားတာမျိုးတွေရှိတော့ ဥပဒေတွေကို ပြန်ပြီးသုံးသပ်ရမယ်။
စိုက်ပျိုးရေးလုပ်တဲ့ တခြားအာဆီယံနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ ထင်မြင်သုံးသပ်ချက်၊ ပြုပြင်ပြောင်းလဲသင့်တဲ့အချက်တွေ . . .
အာဆီယံမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုကြည့်မယ်ဆိုရင် အာဆီယံနိုင်ငံတော်တော်များများက စိုက်ပျိုးရေး လုပ်ကြတယ်။ စင်ကာပူ၊ ဘရူနိုင်းတို့ကလွဲလို့ပေါ့။ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတွေရှိမယ်။ မလေးရှားကို ကြည့်မယ်ဆိုရင် ဆီအုန်း၊ ရာဘာ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ စိုက်တယ်။ ထိုင်းနိုင်ငံဆိုရင်လည်း ဆန်စပါး၊ ကြံ၊ သကြားထုတ်လုပ်မှုကလည်း တအားများတယ်။ ဒီနိုင်ငံတွေမှာ များသောအားဖြင့် Specialization နဲ့ Diversification ကို မျှတအောင်အသုံးချတယ်။ ကျွန်တော်တို့ဆီမှာတော့ Specification ကိုပဲ ဦးတည်တယ်။ Diversification ကိုကျတော့ တတ်နိုင်သမျှမလုပ်တာများတယ်။ Specialization အနေနဲ့ ဆန်စပါးပဲ အာရုံစိုက်ပြီး လုပ်နေတာ တွေ့ရတယ်။ ဆန်စပါးကို အာရုံစိုက်လုပ်တာက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံမှုအတွက်တစ်ပိုင်း၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ဆန်စပါးအဓိကလုပ်ပေမယ့် လက်တွေ့မှာ ဆန်စပါးလုပ်ငန်းရှင်တွေရဲ့ စီးပွားရေးထက် တောင်သူလယ်သမားနဲ့ တိုင်းပြည်စီးပွားရေးက ပိုအရေးကြီးတယ်။ ဆန်စပါးကို တွက်ခြေမကိုက်တဲ့နေရာတွေမှာ ဆန်အစား တခြားသီးနှံပြောင်းစိုက်စေချင်တယ်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုက လျော့ရင်လျော့မယ်၊ နည်းရင်နည်းသွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားရမှာက စိုက်ဧကနည်းတာ၊ များတာထက် အထွက်နှုန်းနည်းတာ၊ များတာကို ကြည့်ရမယ်။ တစ်ဧကအထွက်နှုန်းများအောင်ပဲ လုပ်ရမယ်။ ဆန်စပါးစိုက်ဧကလျော့ရင်လည်း လျော့မှာပေါ့။ လက်ရှိကျွန်တော်တို့က တစ်နှစ်ကို မိုးစပါး ဧက ၁၅ သန်းလောက် စပါးစိုက်တယ်။ အဲဒီကနေ ဘယ်လောက်လျော့မလဲဆိုတာ ပြန်ကြည့်ရမှာဖြစ်ပါ တယ်။ စိုက်ဧကလျော့လည်း အထွက်နှုန်းတိုးအောင် လုပ်ရမယ်ဆိုရင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှုက စိုးရိမ်စရာမရှိဘူးလို့ ထင်ပါတယ်။ တချို့နိုင်ငံတွေမှာ တရုတ်နိုင်ငံဆိုရင် ဆန်စပါးကို သွင်းလည်းသွင်းတယ်။ စားလည်း စားတယ်။ အများဆုံးသွင်းစားတဲ့နိုင်ငံက တရုတ်နိုင်ငံ။ တရုတ်နိုင်ငံက ဆန်ကို ပြန်လည်းပို့တယ်။ ဆန်ကို လိုအပ်ရင်သွင်းမယ်၊ မလိုအပ်ရင် ပို့မယ်ဆိုတာထက် မြန်မာနိုင်ငံက ဆန်ပို့တဲ့ နိုင်ငံမို့လို့ ဆန်မသွင်းရဘူးလို့ ပုံသေသတ်မှတ်ထားလို့ မရဘူး။ Specialize ဆန်တွေ ဈေးကွက်ထဲသွင်းရင်သွင်းရမယ်။ Consumers တွေကို ရွေးချယ်ခွင့်ပေးရမယ်။ ဒီလိုအချက်တွေ စဉ်းစားရမှာဖြစ်တဲ့အတွက် Specialization နဲ့ Diversification ကို စဉ်းစားရမယ်။ အရေးအကြီးဆုံးကတော့ အခြေခံအကျဆုံး ပြည်သူလူထုဖြစ်တဲ့ တောင်သူလယ်သမားတွေ အများဆုံးရနိုင်တဲ့ အကျိုးအမြတ်၊ ထုတ်ကုန်ကိုစဉ်းစားပြီး မြေတောင်မြှောက်ပေးရမယ်။ လယ်သမားတွေကို ဘယ်လို Empower လုပ်ပေးမလဲ။
သူတို့အတွက် Profitability နဲ့ Income အမြင့်ဆုံးရနိုင်တာဘာလဲဆိုတာကို မူဝါဒပိုင်းနဲ့ အထောက်အပံ့ ပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဗီယက်နမ်ဆိုရင် ကော်ဖီ၊ သီဟိုဠ်စေ့၊ ဆန်စပါးလည်း ပို့တယ်။ ကျန်တဲ့သီးနှံတွေလည်း ပို့တယ်။ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်းက ကျွန်တော်တို့ရဲ့အားသာချက်ဖြစ်တယ်။ အဲဒီအတိုင်းပဲ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စဉ်းစားရမယ်။ စိုက်ပျိုးရေးနိုင်ငံဆိုပေမယ့် ရန်ကုန်မှာ စားနေတဲ့ လိမ္မော်သီး၊ စတော်ဘယ်ရီတွေကအစ အိမ်နီးချင်းနိုင်ငံတွေက သွင်းစားနေရတာ။ တိုင်းပြည်မှာ ဒီအသီးအနှံတွေ ထုတ်လုပ်နိုင်ပေမယ့် မူဝါဒပိုင်းဆိုင်ရာ၊ အထောက်အပံ့၊ အကူအညီတွေ အားနည်းတဲ့အတွက်ကြောင့် ပြန်သုံးသပ်ရမယ့်အချက်တွေ ရှိပါတယ်။ နောက်အရေးကြီးဆုံးက ပန်းမန်။ Horticulture ဟင်းသီးဟင်းရွက်နဲ့ Flouriculture ပန်းမန်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာဆိုရင် ပန်းတွေကို ဥရောပအထိ တင်ပို့တာ။ ကျွန်တော်တို့တိုင်းပြည်မှာလည်း ဒီလိုပန်းတွေကို စိုက်ပျိုးထုတ်လုပ်နိုင်ပြီးတော့ နိုင်ငံတကာဈေးကွက်ကို ပို့နိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ကိုယ့်တိုင်းပြည်မှာသုံးမယ့် ပန်းတွေလည်း ကိုယ်တိုင်စိုက်နိုင်မယ်။ လေဆိပ်နဲ့ နီးတဲ့နေရာတွေမှာ ပန်းစိုက်ပျိုးရေးလုပ်ပြီး ပြည်ပကို လွယ်လွယ်ကူကူပို့နိုင်မယ်ဆိုရင်တော့ Export တိုးတက်လာမယ်။
Export နဲ့ပတ်သက်ရင် စိုက်ပျိုးရေးကဏ္ဍမှာ အမယ်တွေအများကြီး လုပ်လို့ရတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ပန်းမန်တွေ အများကြီးလုပ်လို့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က Specialization တစ်ခုပဲ သွားလို့မရဘူး။ Diversification နဲ့ တွဲရမယ်။ နောက်ကပါလာမှာက Intensification တစ်ဧကအထွက်နှုန်းကို Intensive သွားမယ်။ Extensive သွားလို့မရဘူး။ နယ်မြေချဲ့ဖို့ မလွယ်တော့ဘူး။ စိုက်ပျိုးမြေအသစ်တွေ ထပ်ရှာဖို့ဆိုတာ ခက်သွားပြီ။ မြေအသစ်တွေထပ်ရှာဖို့ လုပ်နိုင်ကိုင်နိုင်တဲ့ အနေအထားမရှိတဲ့အချိန်မှာ တစ်ဧကအထွက်နှုန်းကို Intensification လုပ်ရမယ်။
ဆန်၊ ပဲ၊ သီးနှံ၊ ငါး၊ ပုစွန်တွေရဲ့ ဧကအလိုက်၊ ကန်အလိုက် အထွက်နှုန်းတွေကို အာရုံစိုက်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့