ဖူးသစ်စ စွန့်ဦးတီထွင်စီးပွားရေးသမားတွေနဲ့ တခြား စီးပွားရေးသမားတွေကို ကျွန်မဒီလိုမေးချင်ပါတယ်။ ''ဘာရည်ရွယ်ချက်နဲ့ စီးပွားရေးလုပ်တာလဲ'' ၁။ Fortune (ကံကောင်းမှု) ၂။Fame (ကျော်ကြားမှု) ၃။Freedom (လွတ်လပ်မှု) ၄။Fun (ပျော်ရွှင်မှု) ... အဲဒီထဲက တစ် ခုခုကြောင့်လား။ ကံကောင်းမှုနဲ့ ကျော်ကြားမှုဆိုတာကတော့ အောင်မြင်တဲ့ စီးပွားရေးသမားတွေအတွက် အလိုလို ဖြစ်လာတတ်ပါတယ်။ ဥပမာ- ဒေါ်နယ်ထရန့်ပ်ကို ကြည့်ပါ။ စားဝတ်နေရေးအတွက် ပူစရာမလိုဘူး။ ကိုယ်ပိုင်ငွေကြေးတွေ ဘဏ်မှာရှိတယ်ဆိုတဲ့ အနာ ဂတ်လုံခြုံမှုရှိနေရင် လွတ်လပ်မှုဆိုတာ ဖြစ် လာမှာပဲ။ လက်လီစတိုးဆိုင်ရဲ့ ပျော်ရွှင် မှုကတော့ ကုန်သွယ်မှု လုပ်တာ၊ ရောင်းတာ၊ ဝယ်တာ၊ ပစ္စည်းကောင်း ရှိတဲ့နေရာတွေ ရှာဖွေတာပါ။ အောင်မြင်လာတဲ့ ကာလတုန်းက ကံကောင်းမှု၊ ကျော်ကြားမှု၊ လွတ် လပ်မှု၊ ပျော်ရွှင်မှု အဲဒီအရာတွေ အားလုံးရောက်လာပြီး ကျွန်မတို့ကို လွှမ်းမိုးသွားတယ်။ ဒီအရာတွေ ကြောင့် မိုးမမြင်ဖြစ်နေပြီး တခြား ဘာကိုမှ မမြင်တော့ဘူး။ စီးပွားရေး ချောက်ကျတတ်တာမျိုး၊ လိုအပ်ချက်တွေကို မျော်တွေးပြီး အမြဲနိုးနိုးကြားကြားနေရမယ်ဆိုတာမျိုး တွေအားလုံးကို မေ့ လျော့သွားတယ်။ တစ်ခါတုန်းက ဒေါ်နယ်ထရန့်ပ်ဟာ အရှုံးပေါ်လို့ ဒေဝါလီခံရလုနီးနီးဖြစ်ခဲ့သေးတယ်။ အောင်မြင်မှုတွေအများ ကြီးရပြီးတဲ့နောက်မှာ အရှုံးကိုထပ်မံရင်ဆိုင်ရတော့ သူဟာ အတွေ့အကြုံရှိပြီးသားလူမို့ ခြေမကိုင်မိ လက်မကိုင်မိ မ ဖြစ်တော့ဘူး။ စီးပွားရေးအတွက် ကုန်ပစ္စည်းတွေ လှောင်တဲ့အခါ ကြပ်ကြပ်သတိထားရမယ့်အချက်က ကျွန်မတို့ရဲ့နောက်မှာ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေရှိနေတယ်ဆိုတာပဲ။ အခြေအနေနဲ့ပတ်ဝန်းကျင်ဆိုတာ အမြဲပြောင်း လဲနေတတ်လို့ ကျဉ်းထဲကျပ်ထဲဘယ်တော့မှ မကျသင့်ဘူး။ ချောင်ပိတ်မိနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ရမယ်။ ကျွန်မတို့အလုပ်က စီးပွားရေးလည်ပတ်အောင် လုပ်နေတာ။ ကိုယ့် လုပ်ငန်းကို စွန့်ခွာဖို့ကတော့ အင်မတန် လွယ်ကူပါ တယ်။ အကြီးအကဲတစ်ယောက်အနေနဲ့ လုပ်ငန်းတိုးတက်မှု ရှိမရှိ သတိဝီရိယနဲ့ စောင့်ကြည့်ရမယ်။ အမြဲတမ်း အာရုံ စိုက်ထားရမယ်။ စီးပွားရေး လုပ်ငန်းအများစုဟာ ပင်လယ် ထဲမှာ သင်္ဘောပျက်သလိုဖြစ်တတ်ကြတယ်။ ဘာကြောင့် လဲဆိုတော့ သူတို့ရဲ့ မာလိန်မှူးက ရှေ့ရှေးမျော်ကြည့်တာ မျိုးမလုပ်ဘူး။ အန္တရာယ်များတဲ့ ပင်လယ်ခရီးမှာ ရှေ့ခရီး ဆက်ဖို့ ပဲ့မကိုင်နိုင်လို့ပါပဲ။ ဒါကြောင့် စီးပွားရေးသမားတွေဟာ သုံးနှစ်တစ် ကြိမ် ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်အခြေအနေကို စစ်ဆေး သင့်တယ်။ ဒီအချိန်ဟာ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ၊ လုပ်ဆောင်ချက်တွေကို ဆန်းစစ်တဲ့အချိန်အခါ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အောင်မြင်မှုတွေမှာ အာရုံစူးစိုက်မှုရှိသလား၊ ပန်းတိုင်ရောက်ဖို့ နည်းလမ်းမှန်သလားလို့ လေ့လာရပါ မယ်။ တကယ်လို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ မရှိဘူး ဆိုရင် စာရင်းဇယားနဲ့ ကိန်းဂဏန်းတွေပြုစုပြီး ပြန်လည်ထိန်း ကိုင်ပေးဖို့လိုနေပါပြီ။ ဒီစစ်ဆေးမှုဟာ လုပ်ငန်းရဲ့ တိုးတက် မှုအတွက် မရှိမဖြစ် အရေးကြီးပါတယ်။ ဦးဆောင်စွန့်စားသူ တစ်ယောက်ရဲ့ ရှေ့ရေးအမြင်ဟာ ဖွံ့ဖြိုးတိုးတက်သင့်ပါတယ်။ သုံးနှစ်တစ်ကြိမ်တိုင်းမှာ အသိပညာ ပိုမိုကြွယ်ဝပြီး အဆင့် သစ်တစ်ခုကို တက်လှမ်းနိုင်ရမယ်။ ဒါကြောင့် သုံးနှစ် တစ်ကြိမ် စစ်ဆေးတာဟာ လုပ်ငန်းကြံ့ခိုင်မှုနဲ့ ရှေ့ရေးအ မြင်ကို အာမခံချက် ပေးနိုင်ပါလိမ့်မယ်။
ဒေါက်တာခင်စန်းမော်