အားလပ်ရက်အတွင်း ရုံးပါတီပွဲတွေမှာ အမှားမလုပ်မိလေအောင်

etiqutte2018mar

နှစ်စဉ်တိုင်း အလုပ်ခွင်အားလပ်ရက်ပါတီပွဲတွေမှာဆိုရင် လူကြီးလူကောင်းဆန်တဲ့အပြုအမူနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ရွှင်နေမှုမှာ ဘယ်ဘက်ကိုမှ မတိမ်းစောင်းသွားဖို့ လိုအပ်ပါတယ်။ ရုံးကကျင်းပတဲ့ပါတီပွဲတွေမှာ အမူအကျင့်ကောင်းတွေနဲ့ လေးစားမှုရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ရုံးပါတီပွဲမှာ လူကြီးလူကောင်းဆန်ဆန်နေနိုင်ဖို့အတွက် လိုက်နာသင့်တဲ့အမူအကျင့် ၄ ခုကို အားလပ်ရက်အတွင်း ရုံးပါတီပွဲတွေမှာ အမှားမလုပ်မိလေအောင် ဖော်ပြပေးလိုက်ပါတယ်။

အရက်သောက်တာ အလွန်အကျွံမဖြစ်ပါစေနဲ့

---------------------

ပါတီပွဲမှာ အရက်အမူးလွန်ပြီး ရုံးဖွင့်ရက်အလုပ်ခွင်မှာ ကိုယ့်ကိုအတင်းပြောစရာမဖြစ်အောင် နေသင့်ပါတယ်။  တစ်နာရီမှာ တစ်ခါပဲသောက်တာက အလွန်အကျွံမဖြစ်အောင် ထိန်းပြီးသားဖြစ်စေနိုင်တဲ့နည်းလေးပါ။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆွေတွေနဲ့ ပါတီကျင်းပနေတယ်လို့ မတွေးဘဲ ရုံးပါတီဆိုတာကို အာရုံစိုက်ထားပါ။ မူးနေတဲ့အခါမှာ ရူးကြောင်ကြောင်အပြုအမူတွေလုပ်မိရင် ကိုယ့်ကိုယ်ကိုယ်မထိန်းချုပ်နိုင်သူအဖြစ် တွေးထင်ကြမှာဖြစ်ပါတယ်။

ရာထူးမြင့်တဲ့အကြီးအကဲတွေ၊ မရင်းနှီးသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆွေဖွဲ့ပါ

--------------

ပါတီပွဲမှာ ရာထူးကြီးတဲ့သူတွေ၊ ဒါမှမဟုတ် ကိုယ်နဲ့တွဲလေ့နေကျမဟုတ်တဲ့ မရင်းနှီးသေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖွဲ့နိုင်မယ့် အခွင့်အရေးရှိပါတယ်။ ဒီပွဲမှာ စကားစမြည်ပြောပြီးတာနဲ့ နောက်နေ့အလုပ်ရောက်တဲ့အခါ အီးမေးလ်တစ်ဆင့်စသဖြင့် ဆက်သွယ်ပြောဆိုပါ။ ဒါပေမဲ့ ရာထူးမြင့်တဲ့သူတွေနဲ့ ပြောဆိုတဲ့အခါမျိုးမှာ တစ်ခါတည်းတန်းပြီးတော့ ရာထူး၊ ဒါမှမဟုတ် လခတိုးခိုင်းတာမျိုး၊ တစ်ယောက်ယောက်ရဲ့ မကောင်းကြောင်းပြောတာမျိုးတွေကို မလုပ်သင့်ပါ။

မသင့်လျော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းမပြုပါနဲ့

----------------

ဝတ်ဆင်မယ့် အဝတ်အစားဟာ ကိုယ့်သွားမယ့်နေရာနဲ့ ရုံးမှာဝတ်ဆင်ရတဲ့ အဝတ်အစားပေါ် မူတည်ပါတယ်။ ဒါက ကိုယ့်ရဲ့အားလပ်ရက်လည်းဖြစ်တယ်၊ ပါတီပွဲကလည်း ပျော်စရာကောင်းတယ်ဆိုရင်တောင်မှ ဒါက ရုံးကကျင်းပတဲ့ ပါတီဆိုတာကို မမေ့သွားပါနဲ့။ ဒါကြောင့် ကလပ်ကိုသွားတဲ့အခါ ဝတ်တဲ့အဝတ်အစားမျိုး၊ ဘောလုံးပွဲသွားကြည့်တဲ့အခါ ဝတ်သလိုမျိုး မဝတ်ဆင်သင့်ပါဘူး။

ပါတီကျင်းပပေးသူကို ကျေးဇူးတင်စကားပြောပါ၊ ဒါပေမဲ့ သူ့အချိန်တွေမဖြန်းပါနဲ့

----------------------

အလုပ်ခွင်ပေါ်မူတည်ပြီးတော့ ရုံးပါတီပွဲကျင်းပပေးသူဟာ CEO လည်းဖြစ်နိုင်ပါတယ်။ ဘယ်ပါတီပွဲမှာမဆို အိမ်ရှင်အဖြစ် ကျင်းပပေးတဲ့သူကို ကျေးဇူးတင်စကားပြောဖို့ကတော့ အရေးပါပါတယ်။ ကျင်းပပေးသူက အလုပ်မများနေဘူးဆိုရင် သူ့အနားချဉ်းကပ်ပြီးတော့ ပွဲကျင်းပပေးတဲ့အတွက် ကျေးဇူးတင်စကား ပြောသင့်ပါတယ်။ ကိုယ့်နာမည်မသိလောက်ဘူးလို့ယူဆရင် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စကားပြောပါ၊ ဘယ်ဌာနမှာ လုပ်တယ်ဆိုတာကို ပြောပြပါ။ ဒါပေမဲ့ ကျင်းပပေးတဲ့သူရဲ့အချိန်ကို ကိုယ်တစ်ဦးတည်းက အပိုင်စီးထားပြီးတော့ စကားပြောနေတာမျိုးမဖြစ်သင့်ပါ။ သူက ကျန်တဲ့ ပွဲတက်ရောက်လာတဲ့ သူတွေနဲ့လည်း စကားပြောရမှာဖြစ်ပါတယ်။