Education for Entrepreneurs (E4E) အစီအစဉ်ရဲ့ SME တွေအတွက် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာသင်တန်း

Standard Chartered Bank နဲ့ ဗြိတိသျှကောင်စီတို့ ပူးပေါင်းစီစဉ်တဲ့ Education of Entrepreneurs (E4E) အစီအစဉ်ကနေပြုလုပ်မယ့် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေအတွက် ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာ သင်တန်းအကြောင်း အကြိုဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ UMFCCI မှာ ကျင်းပခဲ့ပါတယ်။

e4e1

Education of Entrepreneurs (E4E) အစီအစဉ်ရဲ့ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်း ဦးဆောင်နေသူတွေအနေနဲ့ မိမိတာဝန်ယူနေတဲ့ ကုမ္ပဏီ၊ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပိုပြီးထိထိရောက်ရောက် စီမံခန့်ခွဲနိုင်အောင် ဘဏ္ဍာရေးနဲ့ စီးပွားရေးအသိပညာတွေကို ပိုပြီးနားလည်တတ်ကျွမ်းလာစေဖို့ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ငွေကြေးစီးဆင်းမှုဆိုင်ရာ စီမံမှု၊ ရသုံးခန့်မှန်းတွက်ချက်ခြင်း၊ စာရင်းအင်းပညာနဲ့ စီးပွားရေး စီမံကိန်းဆွဲခြင်း၊ လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းစတဲ့ ကဏ္ဍတွေပါဝင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၄ ခုနှစ်မှာစတင်ခဲ့ပြီး နှစ်နှစ်တာအတွင်း မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ ကျိုင်းတုံနဲ့ ပခုက္ကူမြို့တွေမှာရှိတဲ့ အသေးစားနဲ့အလတ်စားလုပ်ငန်းပေါင်း ၇၄၅ ခုကို သင်ကြားပို့ချခဲ့ပါတယ်။

သင်တန်းအကြောင်း အကြိုဆွေးနွေးပွဲမှာ  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျသံအမတ်ကြီး Andrew Patrick က နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပြီး Standard Chartered Bank ရဲ့ Chief Representitive Tina Singhsacha က နှုတ်ခွန်းဆက်စကားနဲ့အတူ E4E အကြောင်း မိတ်ဆက်ပြောကြားခဲ့ပါတယ်။ ပြီးတဲ့နောက် UMFCCI ရဲ့ Joint Secretary General ဒေါ်ခိုင်ခိုင်နွယ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဗြိတိသျှကောင်စီမြန်မာရဲ့ ညွှန်ကြားရေးမှူး Richard Sunderland က Skills for Social Entrepreneur Programme အကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Motivating Entrepreneurship Through Education ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပေးခဲ့ပြီး သင်တန်းဆရာဦးမျိုးသန်းထွန်းက E4E သင်တန်းမှ သင်ခန်းစာတွေအကြောင်းကို ရှင်းလင်းပြောကြားသွားပါတယ်။ Education of Entrepreneurs (E4E) အစီအစဉ်အကြောင်းကို http://www.britishcouncil.org.mm/my/programmes/society/skills-social-entrepreneurs/education-for-entrepreneurs မှာ ဖတ်ရှုနိုင်ပါတယ်။ သင်တန်းလျှောက်လွှာကို Download ရယူနိုင်ပြီး ဒေါ်ခိုင်သီဟဖူး ([email protected]) ဆီကို ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ဟောပြောခဲ့တဲ့ Motivating Entrepreneurship Through Education ခေါင်းစဉ်နဲ့ ဟောပြောချက်တွေထဲက အနှစ်ချုပ်ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

e4e2

ပါမောက္ခဒေါက်တာအောင်ထွန်းသက်

အခွင့်အရေးတစ်ခုကို စီးပွားရေးအသွင်ပြောင်းတာ Entrepreneurship ဖြစ်ပါတယ်။ ဦးရေခဲလမ်းမှာ ညဘက်ရောင်းတဲ့ မုန့်ဟင်းခါးဆိုင်ရှိတယ်။ အဲဒီမှာ ညရှစ်နာရီနောက်ပိုင်းမှ မုန့်ဟင်းခါးရောင်းတာကို ဘယ်သူက လာစားမှာလဲဆိုပြီး စောဒကတက်ကြတယ်။ ဒါပေမဲ့ အဲဒီဆိုင်က သိပ်ရောင်းကောင်းတယ်။ ညဘက်မှာ မုန့်ဟင်းခါးစားချင်တဲ့သူတွေနဲ့ ပြည့်နေတယ်။ ဒါကြောင့် သူများမလုပ်တာကိုလုပ်၊ သူများက နေ့ဘက်ပဲရောင်းတယ်ဆိုရင် ကိုယ်က ၂၄ နာရီ ရောင်းနိုင်မလားဆိုတာမျိုး စဉ်းစားပါ။

နိုင်ငံတစ်နိုင်ငံ ဘာကြောင့်တိုးတက်သလဲဆိုရင် Entrepreneurial Spirit ရှိလို့ ဖြစ်ပါတယ်။ Entrepreneur (စွန့်ထွင်ဦးစီးတဲ့သူ) လို့ပြောတာနဲ့ နံပါတ်တစ်က စွန့်စားရမယ်။ ဒုတိယအချက်က သူများနဲ့မတူတာဘဲ ကွဲပြားခြားနားအောင် တီထွင်ရမယ်။ ပြီးတဲ့အခါ ခေါင်းဆောင်တစ်ယောက်အဖြစ် ဦးစီးနိုင်တဲ့အရည်အချင်း လိုပါတယ်။ ဒီတော့ Entrepreneur ဖြစ်တဲ့အခါ စွန့်စားပါ။ တီထွင်ပါ။ ဦးစီးပါ။ နောက်ပြီး ကျွန်တော်မှာချင်တာက Use what you have, do what you can ပါ။ ကျွန်တော်/ကျွန်မမှာ ဘာမှမရှိဘူးလို့ မပြောပါနဲ့။ ကိုယ့်မှာ ရှိတာကို အသုံးချပြီး ကိုယ်လုပ်နိုင်တာကိုလုပ်ပါ။ လုပ်တဲ့သူက ဖြစ်ကိုဖြစ်ပါတယ်။

နောက်ပြီး Entrepreneur ဖြစ်ဖို့ အခြေခံအချက် လေးချက်လိုပါတယ်။ ပထမဆုံးအချက်က သူများနဲ့မတူအောင် စဉ်းစားတွေးခေါ်နိုင်ရမယ်။ Outside the Box စဉ်းစားရမယ်။ ဒုတိယအချက်က လေ့ကျင့်သင်ယူမှုရှိရမယ်။ စွန့်ထွင်ဦးစီးသူဖြစ်လာတယ်ဆိုတာ မွေးရာပါမဟုတ်ဘူး။ Train လုပ်ဖို့လိုပါတယ်။ တတိယအချက်က ပြောရဲဆိုရဲရမယ်။ လူကြိုက်ခံရဖို့လိုတယ်။ နောက်ဆုံးတစ်ချက်ကတော့ မခိုင်းဘဲလုပ်တတ်ရမယ်။

ပြီးရင် ဆရာမှာချင်တာက စီးပွားရေးလုပ်တဲ့အချိန်မှာ Aggressive ဖြစ်ရမယ်။ ဒါပေမဲ့ ကိုယ့်အတွက်မဟုတ်ဘဲ တိုင်းပြည်အတွက် ဖြစ်ရမယ်။ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုတဲ့ စကားကို ဆုပ်ကိုင်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်ရမယ်။ အကောင်းဆုံးလုပ်ပြီးရင် သူများနဲ့ယှဉ်ပြိုင်ရမယ်။ Competition ကို မကြောက်ပါနဲ့။ နောက်ပြီး အခွင့်အရေးကို သူများမမြင်ခင်မှာ မြင်ရမယ်။ သူများထက်ဦးအောင် လုပ်ရမယ်။ ပြီးတော့ Social Capital က အရေးကြီးပါတယ်။ ဒီနေ့အပြင်ထွက်ရင် အနည်းဆုံးလူငါးယောက်ကို မိတ်ဆက်ပါ။ Network တည်ဆောက်ပါ။ ပြီးရင် အခွင့်အရေးကိုရှာပါ။

ဒီတော့ စွန့်ထွင်ဦးစီးမှုပညာသင်မယ့်သူတွေ စဉ်းစားရမှာက ကိုယ့်အတွက် အကျိုးရှိရမယ်။ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိရမယ်။ ကိုယ်တတ်ရင် သူများကိုသင်ပေးပါ။ အသစ်တွေဖန်တီးနိုင်ဖို့လိုသလို လက်ရှိလုပ်နေတဲ့အလုပ်တွေကိုလည်း ပိုကောင်းအောင် လုပ်ဖို့ လိုတယ်။ ပြီးတော့ သင်တန်းက မပေးနိုင်တာ ရှိတယ်။ အဲဒါက ဆန္ဒဖြစ်ပါတယ်။ ကိုယ်တိုင်က လုပ်ချင်စိတ်၊ ဖြစ်ချင်စိတ်ဆန္ဒရှိရမယ်။ ဒီနေ့လို နည်းပညာခေတ်မှာ နည်းပညာကို ကောင်းကောင်းအသုံးချနိုင်ရမယ်။ နောက်ပြီး သင်တန်းက သီအိုရီပဲ သင်ပေးလိုက်မှာပါ။ ကိုယ်တိုင်က Practise လုပ်ဖို့လိုပါတယ်။

နန္ဒာနေဝင်း