၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်က အမေရိကန်အငှားကားဝန်ဆောင်မှုလုပ်ငန်းတွင် Hertz နှင့် Avis တို့ အပြင်းအထန်ယှဉ်ပြိုင်နေကြသည်။ Hertz က ပို၍နာမည်ကြီးပြီး လုပ်ငန်းအနေနှင့်လည်း ပို၍ရှေ့သို့ရောက်နေစဉ် Avis က ကြော်ငြာတစ်ခုလုပ်၍ လူထု၏စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သည်။ ကြော်ငြာစာသားမှာ ကျွန်တော်တို့သည် ဒုတိယနေရာတွင်ရှိသောကြောင့် ပိုမိုကြိုးပမ်းအားထုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပါဟု ဆိုသည်။
Avis ၏ ကြော်ငြာမှာ အလုပ်ဖြစ်ပါသည်။ ဖောက်သည်အများအပြားမှာ Avis သို့ ပြောင်းသွားကြသည်။
ယခုအခါမြန်မာပြည်၏ အငှားယာဉ်လောကတွင်လည်း အင်တာနက်သုံးယာဉ်အငှားလုပ်ငန်းများ ပေါ်ပေါက်လာသည်။ မူလအငှားယာဉ်လုပ်ငန်းကို နည်းပညာသုံး၍ ပိုမိုလွယ်ကူကာ သက်သောင့်သက်သာရှိလာစေသည်။
နေမှုပုံစံအသစ်ဖြစ်၍ စားသုံးသူများနှင့် အသားကျရန်၊ မိမိကုမ္ပဏီအသာရရန် အပြိုင်အဆိုင်ကြိုးစားယှဉ်ပြိုင်နေကြသည်။ အချိန်အတိုင်းအတာတစ်ခုတွင် အားလုံးနှင့် နေသားကျသွားပါလိမ့်မည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ထိုအချိန်အတိုင်းအတာအထိ မည်သူက မည်မျှမည်သို့ တောင့်ခံထားမည်နည်းဆိုသည်ပင်။
ယခုအခါတွင်မူ ပိုမိုကြိုးပမ်းအားထုတ်ပါမည်ဆိုရုံမျှနှင့် မလုံလောက်တော့ပြီ။ စီမံခန့်ခွဲမှု၊ နည်းပညာ၊ စံနှင့် စနစ်ကောင်းမွန်မှု၊ ငွေကြေးအရင်းအနှီးတို့ ပုံအောပြိုင်ကြရမည့် အနေအထားဖြစ်ပါသည်။
စိုက်ထုတ်သမျှ မည်မျှပြန်လည်ရိတ်သိမ်းရမည်ကို အချိန်ကသာ အဆုံးအဖြတ်ပေးမည် ဖြစ်ပါသည်။
အယ်ဒီတာ