ပြီးခဲ့သည့်လပိုင်းအတွင်း ဂရိစီးပွားရေးပြိုဆင်းခဲ့ပြီး တစ်ဆက်တည်းမှာလိုပင် တရုတ်နိုင်ငံ၏ စတော့ဈေးကွက် ယောက်ယက်ခတ်သည့်သတင်းများ ပျံ့နှံ့ခဲ့သည်ကို ဖတ်ရှုရပါသည်။ ဂရိစီးပွားဇောက်ထိုးဆင်းသည်က Euro Zone နှင့် ချိတ်ဆက်ထားသည့် ဥရောပနိုင်ငံများအတွက်လောက်သာ စိတ်ပူရသော်လည်း စီးပွားရေးအင်အားကြီးဖြစ်သည့် တရုတ်ပြည်ထိလာချိန်မှာတော့ ကျန်ကမ္ဘာ့နိုင်ငံအများစုတုန်လှုပ်ကြရသည်။ စတော့ဈေးကွက်ရှိသောနိုင်ငံများအတွက် ယေဘုယျအားဖြင့် တိုင်းပြည်စီးပွားရေးနှင့် စတော့ဈေးကွက်တို့ အချိုးညီညီဆက်စပ်မှုရှိမှ စတော့ဈေးကွက်တည်ငြိမ်နိုင်သည်ကို တွေ့ရသည်။ တိုင်းပြည်စီးပွားတက်လျှင် စတော့ရှယ်ယာဈေးကွက်လည်း တိုးတက်အောင်မြင်သည်။ တရုတ်ပြည်မှာတော့ ၂၀၁၄ ခုနှစ် အလယ်လောက်မှာစပြီး စတော့ရှယ်ယာဈေးကွက် သိသိသာသာ ထိုးတက်လာသော်လည်း တိုင်းပြည်စီးပွားရေး တိုးတက်မှုမရှိသလောက် နှေးကွေးနေခဲ့သည်။ တရုတ်လူမျိုးအများစုက ငွေများချေးပြီး စတော့ရှယ်ယာဈေးကွက်သို့ အလုံးအရင်း ဝင်ရောက်ရင်းနှီးမြှုပ်နှံလာကြရာ ၂၀၁၄ ခုနှစ်၊ ဇွန်မှ ၂၀၁၅ ခုနှစ်၊ မေအထိ တစ်နှစ်အတွင်း Stock Account အသစ် သန်း ၄၀ ကျော်ရှိလာပြီး တိုးတက်မှု ၁၅၀ ရာခိုင်နှုန်း ရှိခဲ့သည်က ပြဿနာ၏အစဟုဆိုကြသည်။ ဂျပန်၊ အမေရိကန် စသည့် စတော့ဈေးကွက်ရှိနိုင်ငံကြီးများတွင်လည်း အလားတူ စတော့ဈေးကွက် ပြိုဆင်းခြင်းမျိုး ရှိခဲ့ဖူးကြရာ ပြည်တွင်းဘဏ်၊ အစိုးရဘဏ်တို့က ရှယ်ယာလိုက်ဝယ်၊ ဘဏ်တိုးနှုန်းလျော့ စသည့်အချက်များ ပြုလုပ်ခြင်းဖြင့် စတော့ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ကြသည်။ တရုတ်ပြည်တွင်မူ စတော့ရင်းနှီးမြှုပ်နှံသူဆယ်ဦးတွင် ရှစ်ဦးက တစ်နိုင်တစ်ပိုင်မြှုပ်နှံသူများ ဖြစ်နေသဖြင့် အဖွဲ့အစည်းရင်းနှီးမြှုပ်နှံသူ (Institutional Investors) များသာရှိသော တခြားနိုင်ငံကြီးများ ဖြေရှင်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန် အခက်အခဲတွေ့ပြီး နိုင်ငံရေးမငြိမ်သက်မှုပါကြုံလာမည်ကို စိုးရိမ်နေကြသည်။ မြန်မာနိုင်ငံတွင်လည်း မကြာတော့သည့်ကာလတစ်ခုတွင် Securities Exchange ဈေးကွက်ပေါ်လာတော့မည်။ တရုတ်တွင် စတော့ ဝင်ရောက်ကစားသူအများစုက အထက်တန်းပညာအဆင့်ထက် နိမ့်ကျသူများဖြစ်၍ ဈေးကွက်ထုံးစံကိုနားမလည်ဘဲ အမြတ်ရရေးကိုသာ ဇောင်းပေးလုပ်ခဲ့ကြသဖြင့် ကြုံရသောပြဿနာမျိုး မဖြစ်ရလေအောင် မြန်မာတို့သတိပြုဖို့ လိုပါသည်။ အိမ်၊ ခြံ၊ မြေ၊ ကား၊ ဒေါ်လာနဲ့ ရွှေဈေးကွက်များ ပျက်ယွင်းသောအချိန်တွင် ပေါ်လာသော စတော့ဈေးကွက်ကို ရှိစုမဲ့စုပုံအောလိုက်ခြင်းမျိုး မဖြစ်အောင် ကြိုတင်လေ့လာထားကြဖို့ လိုပါသည်။ ကြိုတင်ပညာပေးထားဖို့လည်း တာဝန်ရှိကြပါသည်။
အယ်ဒီတာ