Edison ရဲ့ အိုင်ဒီယာဝေစု

အိုင်ဒီယာတွေအများအပြားရှိနေတာက အိုင်ဒီယာလက်တစ်ဆုပ်စာလောက်ပဲရှိနေတာထက် ပိုမိုအရေးပါတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

နောက်ခံသမိုင်း

Thomas Alva Edison က အိုင်ဒီယာကောင်းတစ်ခုရရှိဖို့ဆိုရင် သင့်အနေနဲ့ အိုင်ဒီယာထွက်နိုင်သမျှ များများထွက်အောင် လုပ်နိုင်ရမယ်ဆိုတာကို နားလည်ခဲ့သူတစ်ဦးပါ။ သူဟာ တီထွင်ဖန်တီးသူ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဓာတ်စက်၊ မီးသီး၊ အားသွင်းဘက်ထရီနဲ့ ရုပ်ရှင်ပရိုဂျက်တာကိုပိုကောင်းအောင်အဆင့်မြှင့်တင်ခြင်း စတာတွေအပါအဝင် ဖန်တီးမှုများစွာလုပ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Electric ဆိုတဲ့ ကုမ္ပဏီကို Charles A. Coffin ၊ J.P. Morgan တို့နဲ့အတူ ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

Edison က ဘာကို သွားမြင်မိသလဲဆိုတော့ အိုင်ဒီယာကောင်းတွေဆိုတာက အလိုအလျောက်ရလာတတ်တဲ့အမျိုးမဟုတ်ဘူးဆိတာပါပဲ။ ဒါကြောင့်သူဟာ သူ့ကိုယ်သူအတွက်ရော၊ သူ့ဝန်ထမ်းတွေအတွက်ပါ အိုင်ဒီယာဝေစုကို သတ်မှတ်ထားခဲ့ပါတယ်။ သူ့ကိုယ်သူအတွက် သတ်မှတ်ထားတဲ့ ဝေစုကတော့ ဆယ်ရက်တစ်ခါ တီထွင်ဖန်တီးမှု သေးသေးမွားမွားလေးတွေထွက်ဖို့နဲ့ ၆လတစ်ကြိမ် အထင်ကရဖန်တီးမှုတွေလုပ်ဖို့ပါပဲ။

လုပ်ဆောင်ရန်

သင့်အနေနဲ့လည်း ဘာအတွက်ပဲဖြစ်ဖြစ် (လုပ်ငန်း၊ တီထွင်ဖန်တီးမှု၊ စာရေးသားချင်း၊ သီချင်းစပ်ခြင်း၊ ဟင်းပွဲအသစ်တီထွင်ခြင်း၊ ပစ္စည်းသစ်ထုတ်ခြင်း … စသဖြင့် အရာရာတိုင်းအတွက်) သင့်မှာ အိုင်ဒီယာတွေ များနိုင်သမျှများများရှိနေဖို့ ဖိအားထားလုပ်ဆောင်ပါ။

သင့်အနေနဲ့ ရရှိလာသမျှအိုင်ဒီယာတွေအကုန်လုံးက ကောင်းတာတွေဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ပထမဆုံးရလာတဲ့ အိုင်ဒီယာကလည်း အကောင်းဆုံးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ စစချင်းမှာ များနိုင်သမျှ များများတွေးတောစဉ်းစားခြင်း အလေ့အထရအောင် လုပ်ရပါလိမ့်မယ်။

သင်ဟာ လက်ရှိအချိန်မှာ ဝန်ထမ်းတစ်ယောက်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့လည်း  သင့်လုပ်ငန်းခွင် ပိုမိုတိုးတက်စေဖို့၊ သင့်ကုမ္ပဏီကထုတ်တဲ့ ထုတ်ကုန်/ဝန်ဆောင်မှုတွေ ပိုကောင်းဖို့ ၊ Customer Service ပိုကောင်းဖို့၊ သင့်အနေနဲ့ မကြာခင် ကိုယ်ပိုင်အလုပ်လုပ်နိုင်ဖို့ စသဖြင့် အမျိုးမျိုးသော အိုင်ဒီယာတွေကို ရရှိအောင် တွေးတောလေ့ကျင့်နေနိုင်ပါတယ်။ သင့်အတွက် ဘယ်အချိန်လိုလာမှန်းမသိနိုင်ပေမယ့် ဒီလို ဆက်စပ်တွေးတော ကြိုတင်စဉ်းစားခြင်းအားဖြင့် အချိန်ကျလာတဲ့အခါ အဆင်သင့်ရှိနေတဲ့ အိုင်ဒီယာတွေထဲက အကောင်းဆုံးရွေးချယ် မွမ်းမံ အသုံးချလိုက်ယုံပါပဲ။

ဒီလိုမဟုတ်တောင် နေ့စဉ် လုပ်ငန်းခွင်မှာ၊ နေ့စဉ် ဘ၀မှာ ဖြစ်ပျက်နေတာတွေထဲက ဖြေရှင်းမှရမယ့် ပြဿနာတွေကို ဖြေရှင်းဖို့ အိုင်ဒီယာပေါင်းစုံ စဉ်းစားတာမျိုးကနေ စတင်နိုင်ပါတယ်။

သင့်ကိုယ်သင်လည်း “ဒီပြဿနာ/ကိစ္စကို ဖြေရှင်းဖို့ တခြားဘာနည်းလမ်းတွေရှိသေးလဲ” ဆိုတာမျိုးအမြဲပြန်မေးတတ်တဲ့ အကျင့်ကို မွေးမြူပါ။  စစချင်းမှာခက်ခဲနိုင်ပေမယ့် အဲဒီပြဿနာ/ ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်း အဆုံး ၃ ခုလောက် စဉ်းစားတတ်အောင်လုပ်ပါ။ သင်လိုချင်တဲ့ ဖြေရှင်းနည်း မရမချင်း မရပ်တန့်လိုက်ပါနဲ့။   

နောက်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတစ်မျိုးမဟုတ် တစ်မျိုး အမြဲတမ်း  ရှိနေတတ်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။

Ref: The Idea Book by Fredrik Härén