လက်ရှိအစိုးရတက်လာသည့်နောက်ပိုင်းတွင် ကြားရသည့်မှတ်ချက်များမှာ ''အခွန်တွေ မတရားပေးနေရတယ်''၊ ''စီးပွားရေးကျနေတယ်''၊ ''ဘာလုပ်ရမှန်းမသိတော့ဘူး''၊ ''လာဘ်ထိုးလို့မရတော့ဘူး''၊ ''အစိုးရရုံးတွေနဲ့လုပ်ရတာ အချိန်ပိုကြာလာတယ်'' စသည်တို့ဖြစ်ပါသည်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပုံမကျပန်းမကျ တလွဲပုံစံခွက်ထဲတွင် ကြီးပြင်းလုပ်ကိုင်လာရသူများအနေဖြင့် နည်းလမ်းမှန်သောပုံစံခွက်ထဲတွင် အချိုးကျအံဝင်ရန်၊ အချိန်ယူ၍ ပြုပြင်ရန် လိုအပ်ပါသည်။ နိုင်ငံတကာတွင်လည်း နိုင်ငံသားများအနေဖြင့် ပေးဆောင်သင့်ပေးဆောင်ထိုက်သည့် အခွန်ဘဏ္ဍာများကို ပေးရပြီး ထိုအခွန်ဘဏ္ဍာများကို စနစ်တကျအသုံးချရန်မှာ သက်ဆိုင်ရာအစိုးရ၏တာဝန်သာ ဖြစ်ပါသည်။ ထိုနည်းတူစွာ မှီတင်းနေထိုင်ကြသော တိုင်းသူပြည်သားများ သာတူညီမျှ လူတိုင်းသိရှိနားလည်သော တစ်ပြေးညီလုပ်ကိုင်ခွင့် (Level Playing Field) ရရှိခြင်းသည် ဒီမိုကရေစီ၏အနှစ်သာရပင်ဖြစ်ပါသည်။
ယခုခေတ်အချိန်ကာလတွင် ယခင်ကမရှိဘူးသေးသော စီးပွားရေးလုပ်ငန်းများဖြစ်သည့်အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာလုပ်ငန်းများ၊ အစားအသောက်များကို အိမ်တိုင်ရာရောက်ပို့ဆောင်သည့် လုပ်ငန်းများ၊ မတူညီသော စားသောက်ဆိုင်အမျိုးမျိုးကို ဖွင့်လှစ်ရောင်းချသည့်လုပ်ငန်းများ၊ ဈေးကွက်ရှာဖွေသည့် လုပ်ငန်းများတွင် နိုင်ငံခြားသားများ အများဆုံးအစပြု ဦးဆောင်လုပ်ကိုင်နေသည်ကို သတိပြုနိုင်ပါသည်။ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်ခံဦးဆောင်သူများလည်း နိုင်ငံတကာသို့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရနေကြသော်လည်း လုပ်ငန်းပုံစံနမူနာများကို လေ့လာပြီး မိမိနိုင်ငံနှင့် သင့်လျော်သည့် လုပ်ငန်းနယ်ပယ်သစ်များ (Blue Ocean) တီထွင်နိုင်ရန် လိုအပ်ပါသည်။
Alan Lewis နှင့် Dan McKone တို့ ပူးပေါင်းရေးသားသော Edge Strategy စာအုပ်တွင် လက်ရှိစီးပွားရေးလုပ်ငန်းများ၏ အဖျားအနားမဟာဗျူဟာ (Edge Strategy) မှ အမြတ်အစွန်းရသော အခွင့်အရေးများရှိနိုင်သေးကြောင်း ထောက်ပြထားလေသည်။ ပထမတစ်ချက်မှာ မိမိလက်ရှိထုတ်လုပ်နေသော ကုန်ပစ္စည်းများမှတစ်ဆင့် မိမိဖောက်သည်များစိတ်ဝင်စားနိုင်မည့် သက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်ခြင်း ဖြစ်ပါသည်။ ဥပမာဆိုရသော် Apple ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ကုန်ပစ္စည်းနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယခုအခါတွင် အင်တာနက်မှတစ်ဆင့် ဥပမာ - ကားကုမ္ပဏီများအနေဖြင့် မိမိတို့ရောင်းလိုက်သည့် ကားတစ်စီးစီ၏အခြေအနေကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်နိုင်ပါသည်။
ဒုတိယအခွင့်အရေးတစ်ခုမှာ မိမိတို့၏ဖောက်သည်များထံမှဖြစ်ပါသည်။ ဖောက်သည်တို့သည် မိမိအခက်အခဲတစ်ခုကို ဖြေရှင်းရန် ကုန်ပစ္စည်းများ၊ သို့မဟုတ် ဝန်ဆောင်မှုများကို ပေးဝယ်ကြရပါသည်။ စာရေးဆရာနှစ်ဦးက အကြံပြုသည်မှာ ဖောက်သည်တို့၏နေရာမှခံစားပါက အခွင့်အရေးများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း အကြံပြုပါသည်။
တတိယအခွင့်အရေးမှာ မိမိ၏လုပ်ငန်းမှ အသုံးမပြုသေးသည့်အရာများကို အသုံးပြုစေခြင်းဖြစ်ပါသည်။ ဥပမာ - Toyota ကားကုမ္ပဏီအနေဖြင့် ယာဉ်အသွားအလာ သတင်းအချက်အလက်များကို ဒေသဆိုင်ရာအစိုးရများနှင့် သတင်းအချက်အလက်အသုံးပြုသော ကုမ္ပဏီများကို ရောင်းချပေးလေသည်။
မကြာသေးမီက အိမ်တိုင်ရာရောက်အစားအသောက်များကို ပို့ဆောင်သည့်လုပ်ငန်းသစ်ကို အစပြုဦးဆောင် တည်ထောင်ခဲ့သူ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် ဆွေးနွေးခွင့်ရရာ ထိုသူက အာပေါင်အာရင်းသန်သန်ဖြင့် မြန်မာနိုင်ငံတွင် ''အခွင့်အရေး'' များစွာရှိနေကြောင်းပြောသည်ကို နားထောင်ရသည့်အခါ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရှင်များ ပုံစံခွက်ထဲမှ ထိုးထွက်ရန် အချိန်ရောက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်ပါသည်။
မောင်သာ