အွန်လိုင်းသတင်းလောကကို ဝင်လာတော့မယ့် eBay တည်ထောင်သူ Pierre Omidyar

ebays-founder-plans-on-building-a-new-mass-media-organization-from-scratch-starting-with-snowden-leaks copy eBay တည်ထောင်သူ Pierre Omidyar ကို ပြင်သစ်နိုင်ငံတွင် အီရန်မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ သူ့ဖခင်သည် Johns Hopkins သင်ကြားရေးဆေးရုံမှ ခွဲစိတ်ဆရာဝန်ဖြစ်ကာ၊ သူ့မိခင်သည် Georgetown  မြို့တွင် ပါရှန်ဘာသာစကားသင်သည့် ဆရာမဖြစ်သည်။ သူ့အသက် ခြောက်နှစ်အရွယ်တွင် အမေရိ ကန်ပြည်ထောင်စု၊ ဝါရှင်တန်သို့ မိသားစုအလိုက်ပြောင်းရွှေ့ခဲ့သည်။ Omidyar သည် အထက်တန်းပညာကို Hawaii တွင် နှစ်နှစ်တက်ရောက်ခဲ့ပါသည်။ သူ့ဇနီးသည်ကလည်း Hawaii မှပင် ဖြစ်သည်။ Omidyar မိသားစုသည် ၂၀၀၆ ခုနှစ်တွင် Hawaii သို့ ပြောင်းရွှေ့ကာ Honolulu မြို့အနီးက စတုရန်းပေ ၅,၈၀၀ ကျယ်ဝန်းသည့်ကမ်းခြေအိမ်တစ်လုံးကို ဝယ်ယူနေထိုင်လျက်ရှိပါသည်။ Omidyar သည် အခြားစွန့်ဦးတီထွင် သူများနှင့်မတူဘဲ မီဒီယာတွေကို ရှောင်ရှားလေ့ရှိသည်။ ၂၀၀၉ ခုနှစ်က  Honolulu Advertiser သတင်းစာမှ ရှားပါး အင် တာဗျူးတစ်ခုတွင် ''ကျွန်တော်က လူသိများတာ မကြိုက်ဘူးဗျ။ မြို့ထဲလျှောက်သွားရင် ကျွန်တော်ကိုမှတ်မိပြီး  ကျွန်တော့်နာမည်ခေါ်ကြတာဆိုလို့ Starbucks  ကော်ဖီ ဆိုင်က လူတွေလောက်ပဲရှိစေချင်တာ'' ဟု ပြောသည်။   ကွန်ပျူတာနှင့် အကျွမ်းဝင်ခဲ့ ကွန်ပျူတာကို Omidyar စတင် စိတ်ဝင်စားလာသည်မှာ ကိုးတန်းကျောင်းသားဘဝ၊ ဗာဂျီးနီးယားပြည်နယ်၊ McLean ဒေသမှ The Potomac School ကျောင်း တွင် ဖြစ်သည်။ သူသည် ၁၉၈၄ ခုနှစ်တွင် မေရီလင်းပြည်နယ်၊ St. Andrew's Episcopal ကျောင်းမှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကွန်ပျူတာ သိပ္ပံဘွဲ့ကို မက်ဆာချူးဆက်ပြည်နယ်ရှိ Tufts University မှ ရရှိခဲ့ပါသည်။ Omidyar သည် ဘွဲ့ရပြီးမကြာမီ Silicon Valley မှ နည်းပညာကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဦးစွာ Apple Computer ၏လုပ်ငန်းခွဲတစ်ခုဖြစ် သည့် Claris ကုမ္ပဏီတွင် ဝင်ရောက်အလုပ်လုပ်သည်။ ၁၉၉၁ ခုနှစ်တွင် Ink Development  ဆိုသော ကွန်ပျူတာ ကုမ္ပဏီတစ်ခုကို ပူးတွဲတည်ထောင်ကာ နောက် ပိုင်းတွင် ယင်းကုမ္ပဏီကို အီး-ကောမားစ်ကုမ္ပဏီတစ်ခုအဖြစ် eShop ဟု အမည်ပြောင်းခဲ့ပါသည်။   eBay ဝက်ဘ်ဆိုက်၏ နိဒါန်း ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်၊ သူ့အသက် ၂၈ နှစ်အရွယ်တွင် Omidyar သည် Auction Web  ဆိုသည့် အွန်လိုင်းဝန်ဆောင်မှုတစ်ခု စတင်တည်ထောင် ခဲ့သည်။ ထိုနာမည်ကို Echo Bay ဟု အမည်ပေးရန် ရွေးချယ်ခဲ့သော်လည်း အွန်လိုင်းမှာ ထိုနာမည်ကို မှတ်ပုံတင်ပြီးသားဖြစ်နေသဖြင့် အတိုချုံ့ထားသည့် eBay ဆိုသော အမည်ကိုသာ ယူခဲ့ပါသည်။  eBay တွင် ပထမဆုံးရောင်းချခဲ့သည့်ပစ္စည်းမှာ လေဆာညွှန်တံ အကျိုးတစ်ခုသာဖြစ်ကြောင်း သိရသည်။ မည်သို့ဆိုစေ အမေရိ ကန်၏ခေတ်သစ်စီးပွား ရေးလောကမှာ လျမ်းလျမ်းတောက် အောင်မြင်ခဲ့သည့် eBay ၏သမိုင်းကြောင်းကို ၂၀၀၂ ခုနှစ်ထုတ် Adam Cohen  ၏ The Perfect Store: Inside eBay စာအုပ်တွင် အတွင်းကျကျ ရေးသားဖော်ပြခဲ့ပါသည်။   လုပ်ငန်း ကြီးထွားလာ ထို့နောက် Omidyar သည် eBay ကို ကုမ္ပဏီအဖြစ် ဖွဲ့စည်းထူထောင်လိုက်သည်။ ပစ္စည်းတစ်ခု ရောင်းရတိုင်း  သူရရှိသည့် အခကြေးငွေအနည်းငယ်ဖြင့် ဝက်ဘ်ဆိုက် ကို  ချဲ့ထွင်နိုင်ခဲ့သည်။ ထိုဝက်ဘ်ဆိုက်က ရသည့်ဝင်ငွေသည် ထိုစဉ်က သူလုပ်ကိုင်နေသည့် General Magic ဆက်သွယ်ရေးကုမ္ပဏီတွင် သူရသည့်လစာထက် များ လာပါသည်။ သို့ဖြင့် နောက်ကိုးလအကြာတွင် Omidyar သည် သူ့လုပ်ငန်းကို အပြည့်အဝအာရုံစိုက်သွားရန် ဆုံးဖြတ်ခဲ့ပါတော့သည်။ ၁၉၉၆ ခုနှစ်မှာပင် Omidyar သည် လေကြောင်း လိုင်းလက်မှတ်များကို အွန်လိုင်းမှရောင်းချနိုင်မည့် လိုင်စင်တစ်ခု ရရှိခဲ့သည်။ ထိုအချိန်တွင်  eBay ဝက်ဘ် ဆိုက်တွင် လေလံတင်ရောင်းချမှုပေါင်း ၂၅၀,၀၀၀ အထိ ရှိနေပါသည်။ ၁၉၉၇ ခုနှစ်၊ ပထမလတွင် ထိုအရေအတွက်သည် နှစ် သန်း ဖြစ်လာပါသည်။ နှစ် လယ်ပိုင်းရောက်သောအခါ  eBay ဝက်ဘ်ဆိုက်သည် လေလံတင်မှုပေါင်း တစ်နေ့လျှင် ရှစ်သိန်းနီးပါးအထိ လက်ခံဆောင်ရွက်ပေးနေပါသည်။ eBay ၏ ဝန်ဆောင်မှုသည်အစတွင် အခမဲ့ဖြစ်သော်လည်း အင်တာနက်ဝန်ဆောင်မှုကုန်ကျစရိတ်ကို ပေးဆောင်ရန် အခကြေးငွေ ကောက်ခံလာ ရခြင်းဖြစ်ကြောင်း သိရသည်။ ကုန်စည်တစ်ခု အပြီးသတ်ရောင်းချသည့် ဈေးနှုန်း၏ ၁၀ ရာခိုင်နှုန်းကို eBay က ကောက်ခံပါသည်။   ဘီလီယံနာ အဖြစ်သို့ ၁၉၉၆ ခုနှစ်တွင်  eBay ကို Jeffrey Skoll က ဝင်ရောက်လာပါသည်။ ၁၉၉၈ ခုနှစ်၊ မတ်လတွင် Meg Whitman ကို ဥက္ကဋ္ဌနှင့် CEO အဖြစ် တာဝန်ပေးခဲ့သည်။ သူက ထိုရာထူးတွင် ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလအထိ တာဝန်ယူခဲ့ပါသည်။ သူ့နေရာတွင် John Donahoe က ဆက်လက် တာဝန်ယူပါသည်။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် eBay ကုမ္ပဏီကို စတော့အိတ်ချိန်းမှာ အရှင်မျောစနစ်ဖြင့် စာရင်းတင်လိုက်ပါသည်။ ထိုအခါ တည်ထောင်သူ အသက် ၃၁ နှစ်အရွယ် Omidyarရော၊ Skoll ပါ ဘီလီယံနာများ ဖြစ်သွားသည်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လစာရင်းအရ Omidyar  ၏ eBay ရှယ်ယာ ၁၇၈ သန်း ပိုင်ဆိုင်မှုက ဒေါ် လာ ၄.၄၅ ဘီလီယံတန်ပါသည်။ Omidyar သည် ကာလီဖိုးနီးယားပြည်နယ်၊ Laguna ကမ်းခြေရှိ Montage Resort & Spa တွင်လည်း ရင်းနှီးမြှုပ်နှံထားပါသည်။   ကုသိုလ်ဖြစ်လုပ်ငန်းဘက်လှည့် Omidyar သည် ယခုအခါ eBay  ၏ အကြီးအကဲရာထူးကို တာဝန်ယူထားသော်လည်း ၂၀၀၄ ခုနှစ်က တည်ထောင်ခဲ့သည့် သူ၏ Omidyar Network တွင် အများ ဆုံးဆောင်ရွက်နေပါသည်။ Omidyar Network  ဆိုသည်မှာ ကုသိုလ်ဖြစ် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဖြစ်သည်။ ဈေးကွက်စွမ်းရည်ကို အသုံးချကာ လူတို့၏နေ့စဉ်ဘဝများ တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်အောင် တီထွင်ဆန်းသစ်မှုရှိသည့်ကုမ္ပဏီများက ပါဝင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ကူညီပါသည်။ ယနေ့အထိဆိုလျင် Omidyar Network သည် စီးပွားဖြစ်ကုမ္ပဏီများနှင့် အကျိုးအမြတ်မယူသော ကုမ္ပဏီများ အတွက် ဒေါ်လာ သန်း ၂၇၀ ကျော်ထည့်ဝင်ထားပြီးဖြစ်သည်။ အထူးသဖြင့်  စီးပွားရေးတိုးတက်မှုရရှိစေရန်နှင့် အိမ်ခြံမြေရပိုင်ခွင့်၊ အစိုးရပွင့်လင်းမြင်သာမှုနှင့် ဆိုရှယ်မီဒီယာအပါအဝင် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်များစွာမှ လုပ်ငန်းများဖြစ်သည်။ eBay မှတာဝန်များကို လွှဲပေးပြီးသည့်နောက်ပိုင်းတွင် Mr Omidyar  နှင့် သူ့ဇနီးသည် Pamela တို့က ဒေါ်လာတစ်ဘီလီယံကျော်ကို ကုသိုလ်ဖြစ်လုပ်ငန်းများ အတွက် လှူဒါန်းထားသည်။ ထို့ပြင် Hawaii တွင်လည်း ပြန်လည်အသုံးချနိုင်သော စွမ်းအင်လုပ်ငန်း၊ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းနှင့် လူမှုအဖွဲ့အစည်းများစွာတို့တွင် ရင်းနှီးမြှုပ်နှံထားပါသည်။   ထင်ပေါ်ကျော်ကြားလာ Forbes မဂ္ဂဇင်းက Omidyar ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ဒေါ်လာ ၈.၅ ဘီလီယံ ပိုင်ဆိုင်မှုဖြင့် ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၁၂၃ ယောက်မြောက်တွင် သတ် မှတ်ထားသည်။ သူသည် အမေရိကန်၏ ၄၂ နှစ်ယောက်မြောက် အချမ်းသာဆုံးလည်းဖြစ်သည်။ သူသည် အချမ်းသာဆုံး အီရန်လူမျိုးဖြစ်ကာ ပဉ္စမမြောက်အချမ်းသာ ဆုံး ပြင်သစ်နိုင်ငံသားလည်း ဖြစ်သည်။ Omidyarသည် ၂၀၁၁ ခုနှစ်တွင် Tufts University  မှ Doctor of Public Service  ဒေါက်တာဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။   စာနယ်ဇင်းနယ်ပယ်ကို စိတ်ဝင်စား Omidyar  သည် Washington Post ကိုဝယ်ယူလိုက်သည့် Amazon  ဝက်ဘ်ဆိုက်တည်ထောင်သူ Jeff Bezos နှင့် ယှဉ်ပြိုင်ကာ သတင်းများ၏ အနာဂတ်ကို ဖန်တီး မည်ဟု သတင်းထွက်နေပါသည်။ Washington Post  ကို ရောင်းချရန် သူ့ကိုလည်း ကမ်းလှမ်းခဲ့သည့်တိုင် နောက်ဆုံးတွင် Amazon တည်ထောင်သူ Jeff Bezos   က ဒေါ်လာ သန်း ၂၅၀ နှင့် ဝယ်ယူသွားပါသည်။ Omidya  သည် မီဒီယာများကို ရှောင်ရှားသော်လည်း စာနယ်ဇင်းများကိုတော့ စိတ်ဝင်စားမှုရှိပါသည်။ Honolulu Civil Beat  ဟုခေါ်သော အွန်လိုင်းမှသာ မှာယူဖတ်ရှုနိုင်သည့်ဒေသဆိုင်ရာ အွန်လိုင်းသတင်းဝက်ဘ်ဆိုက်တစ်ခုကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ထို့ပြင် Arianna Huffington  နှင့်အတူ Huffington Post  သတင်းစာ၏ Hawaii ဝက်ဘ်ဆိုက်ကို  ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ပူးတွဲတည်ထောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် Omidyar သည် သူ၏ဂလိုဘယ်ဒစ်ဂျစ်တယ် မီဒီယာပေါင်းစုံပါဝင်သည့်အဖွဲ့အစည်းတစ်ခု တည်ထောင်မည့် အစီအစဉ် ကို ကြေညာခဲ့ပါသည်။ ထိုဝက်ဘ်ဆိုက်ကို နာမည်မသိရသေးသော်လည်း အကြောင်းရပ်မျိုးစုံပါဝင်မည်ဟု မျှော်လင့်ရပါသည်။  သူနှင့်တွဲဖက်ပါဝင်သူသုံးယောက်မှာ အမျိုးသား လုံခြုံရေးနယ်ပယ်မှ ဖြစ်သည်။ ထိုလုပ်ငန်းမှာ အစောပိုင်းအဆင့်သာရှိသေးသော်လည်း တစ်ဦးချင်း စာဖတ်သူများနှင့် ကိုက်ညီသောသတင်းများကို ကြိုးစားတင်ဆက် သွားမည်ဟု ဆိုထားပါသည်။ Omidyar သည် eBay ၏ ၁၀ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ကာ ယခုလုပ်ငန်းသစ်အတွက် ဒေါ်လာ သန်း ၂၅၀ အနည်းဆုံးထည့်ဝင်ရန် ကတိပြုထားပါသည်။ Washington Post ကိုဝယ်ခဲ့သည့် Jeff Bezos  နှင့် Omidyar တို့နှစ်ဦးလုံးသည် နည်းပညာစွန့်ဦးတီထွင်သူများပီပီ  တစ်ချိန်ကလည်း အင်တာနက်လက်လီအရောင်း လုပ်ငန်းအတွက် ပြိုင်ဆိုင်ခဲ့ကြဖူးသည်။ ယခုလည်း သတင်းလုပ်ငန်းအတွက် ပြိုင်ဆိုင်ကြပါဦးမည်။ သတင်းလုပ်ငန်းထဲသို့ Omidyar ဝင်လာသည်ကို ကြိုဆိုကြောင်း Arianna Huffington  ကပြောသည်။ ''eBayကနေ သိပ်ထိရောက်တဲ့ လက်လီလုပ်ငန်းသစ် တစ်ခုကို သူဖန်တီးပြခဲ့သလို မီဒီယာနယ်ပယ်မှာလည်း သူ့ရဲ့တီထွင်ဆန်းသစ်မှုတွေကနေ အားလုံးအတွက် ဘာတွေ အကျိုးရှိလာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ" ဟု သူက ပြောပါသည်။   ကိုယ်ရေးအကျဉ်း အမည်            -         Pierre Morad Omidyar မွေးနေ့            -         ၂၁၊ ဇွန်၊ ၁၉၆၇ (အသက် ၄၆ နှစ်) ဇာတိ             -         ပဲရစ်၊ ပြင်သစ်နိုင်ငံ နေရပ်            -         Honolulu, Hawaii, US ပညာရေး        -         ဝိဇ္ဇာ/သိပ္ပံဘွဲ့၊ Tufts University အလုပ်အကိုင်   -         eBay Inc တည်ထောင်သူနှင့်ဥက္ကဋ္ဌ၊ Honolulu Civil Beat အွန်လိုင်းသတင်းစာ၏ CEO အသားတင် ပိုင်ဆိုင်မှု         -         ဒေါ်လာ ၈.၅ ဘီလီယံ (၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ) ဇနီး               -         Pamela Kerr Omidyar သားသမီး        -         သုံးယောက်   သားသမီး        -         သုံးယောက်