YSX ပေါ်က First Private Bank ရဲ့ ရှယ်ယာများ

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်က ပထမပုဂ္ဂလိကဘဏ်မှ ရန်ကုန်စတော့အိတ်ချိန်းမှာ အစုရှယ်ယာတွေ စတင်ရောင်းချခဲ့ပါတယ်။ စတော့ဈေးကွက်အတွင်း မနက် ၁၁ နာရီမှာ ခေါင်းလောင်းထိုးဈေးကွက်ဖွင့်ပြီးနောက် အစုရှယ်ယာပေါင်း ငါးထောင်ကျော် အရောင်းအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုအများပိုင်ကုမ္ပဏီအဖြစ် ပြည်သူလူထုကို ရှယ်ယာစတင်ရောင်းချမှုနဲ့ပတ်သက်ပြီး First Private Bank ကို ဘာကြောင့်ယုံကြည်စိတ်ချပြီး ရှယ်ယာဝယ်ယူသင့်သလဲဆိုတာကို FPB ရဲ့ Chairman ဖြစ်သူ ဒေါက်တာစိန်မောင်နဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

drseinmaung3

ဒေါက်တာစိန်မောင်

Chairman

First Private Bank

ကျွန်တော်တို့ ကုမ္ပဏီထောင်တုန်းက သင်းဖွဲ့စည်းမျဉ်းဆိုတာ ပြုစုရပါတယ်။ အဲဒီမှာ ကျွန်တော်တို့က ရည်ရွယ်ချက်တစ်ခုအနေနဲ့ Yangon Security Market ၊ Stock Exchange ကိုဝင်ပြီးတော့ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတဲ့အချက် ပါပါတယ်။ အဲဒီအခြေခံကြောင့်ပေါ့။ ကောင်းကျိုးတွေ ရှိသလို၊ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဈေးကွက်စီးပွားရေးက အခြေအနေမကောင်းဘူးဆိုတာကလည်း ရှိနေတာကိုး။ ဒါပေမဲ့ ကျွန်တော်တို့ စတင်တည်ထောင်ကတည်းက Public ကို ရှယ်ယာရောင်းခဲ့တယ်။ နှစ်အစိတ်ကြာပြီး ဘာမှပြဿနာမရှိပါဘူး။ IPO လုပ်ဖို့မလိုဘူး။ စကတည်းက IPO လုပ်ပြီးသားဖြစ်ပါတယ်။ ပြည်သူလူထုကလည်း ယုံတယ်၊ ရှယ်ယာတွေလည်း အမြတ်ပေးဝယ်တယ်။ ဝယ်တာမှ အမြတ် ၂၀၀ ရာခိုင်နှုန်း ပေးဝယ်တာပါ။ ဒါကြောင့် IPO လုပ်ဖို့မလိုပါဘူး။ ဒါပေမဲ့ သင်းဖွဲ့စည်းမျဉ်းမှာ ရည်ရွယ်ချက်က ပါပြီးသားဖြစ်တာကြောင့် စတော့အိတ်ချိန်းတင်ခဲ့တာပါ။ အစုရှယ်ယာရှင်တွေဘက်က ကြည့်ပေးတဲ့သဘောလည်းပါတယ်။ သူတို့ထဲမှာ ငွေလိုတဲ့သူရှိသလို၊ မလိုတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ငွေလိုရင်လည်း ငွေဖော်လို့ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပါတယ်။

ရှယ်ယာအသစ်မထုတ်ဘဲ ရှယ်ယာအဟောင်းတွေပဲ ဘာကြောင့်ရောင်းသလဲဆိုတော့ Liquidity အရ အစုရှယ်ယာရှင်တွေ ငွေဖော်ချင်ရင် ဖော်နိုင်အောင်လို့ လုပ်ပေးတာဖြစ်ပါတယ်။ အဓိက အသစ်မရောင်းတာကတော့ ကျွန်တော်တို့မှာ အရင်က ရှယ်ယာရောင်းထားတာ ပိုက်ဆံ ၂၅ ဘီလီယံ နီးပါးရှိပါတယ်။ Cash Fund တွေလည်း ရှိပါတယ်။ ဥပဒေအရ ၂၅ ရာခိုင်နှုန်းဖယ်ထားတာ၊ ရှယ်ယာကို ၂၀၀ ရာခိုင်နှုန်းရောင်းထားတဲ့အမြတ်တွေ၊ Reticence လုပ်ထားတာတွေ အားလုံးပေါင်းလိုက်ရင် ၇၆ ဘီလီယံနီးပါး ရှိပါတယ်။ကျွန်တော်တို့ ပိုက်ဆံမလိုပါဘူး။ ဒါကြောင့် အသစ်မရောင်းတာပါ။

First Private Bank ရဲ့ စတော့အိတ်ချိန်းပေါ်က ရှယ်ယာဈေးနှုန်းနဲ့ပတ်သက်လို့ကတော့ ရောင်းတဲ့လူ၊ ဝယ်တဲ့လူအပေါ်မှာ မူတည်ပါတယ်။ Demand  and Supply ပေါ့။ ရောင်းအားများပြီး ဝယ်တဲ့လူနည်းရင် ဈေးကျသွားမယ်၊ ရောင်းအားနည်းပြီး ဝယ်တဲ့လူများရင် ဈေးကတက်ပါမယ်။ ဒါပေမဲ့ အခြေခံကတော့ ရှယ်ယာရဲ့တန်ကြေးပါပဲ။ တကယ်ထဲထဲဝင်ဝင် ဒီဘဏ်အကြောင်းသိရင်၊ Website ထဲမှာတင်ထားတဲ့ Process ကိုဖတ်ရင်၊ ဒီဘဏ်က Corporate Governance ကောင်းတယ်၊ စိတ်ချရတယ်ဆိုတာသိရင် Long Term Investor တွေလည်း ဝယ်ချင်ကြမှာပါပဲ။ Speculator တွေအနေနဲ့ကတော့ ဈေးအတက်အကျကြည့်ပြီးတော့ ကျချိန်ဝယ်၊ နည်းနည်းတက်မယ်ဆိုရင် ပြန်ရောင်းမယ်ဆိုတာတွေလည်း ရှိပါမယ်။