ဒေါက်တာအောင်သူရ
CEO
Thura Swiss Co Ltd
ကျွန်တော့်အထင် ဒါကိုပြန်ထိန်းဖို့က တစ်ခုတည်းလုပ်လို့မရပါဘူး။ ငွေတန်ဖိုးကျတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ဘက်က Import ကို ထိန်းချုပ်ရမယ်လို့ ပြောလာတာတွေရှိပါတယ်။ ကျွန်တော့်အမြင်မှာတော့ မြန်မာပြည်ငွေတန်ဖိုးကျလာတာနဲ့ပတ်သက်ပြီး လုပ်ရမှာတွေက နည်းမျိုးစုံရှိပါတယ်။ တချို့ကို Short Term ပြုလုပ်ရမှာဖြစ်ပြီး တချို့ကို Long Term လုပ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်မှာ Export လွယ်လွယ်ကူကူလုပ်နိုင်အောင် ဖန်တီးပေးရမယ့်အပိုင်းတွေလည်းရှိပါတယ်။ အဲဒီမှာတချို့အပိုင်းတွေကို အစိုးရဘက်က လုပ်ရမှာဖြစ်သလို တချို့အပိုင်းတွေကျတော့ လုပ်ငန်းရှင်တွေဘက်က လုပ်ရမှာဖြစ်ပါတယ်။
Export လုပ်နိုင်ဖို့ဆိုရင် Infrastructure တွေ၊ Processing တွေ လွယ်လွယ်ကူကူ လုပ်နိုင်ဖို့လိုပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ထုတ်ကုန်တွေကို တကယ် Export လုပ်နိုင်ဖို့အတွက် ဘာအခက်အခဲတွေရှိလဲဆိုတာကို ပြန်ကြည့်ရပါမယ်။ ဆန်စပါးဆိုရင် အရည်အသွေးမမီဘူး၊ တကယ့် High End ဈေးကွက်တွေကို မတိုးနိုင်ဘူး။ ဒါကြောင့် Export လုပ်ရင် အာဖရိကတို့လို ဆင်းရဲတဲ့နိုင်ငံတွေကိုပဲ လုပ်နိုင်တယ်။ ဈေးများများပေးတဲ့ ဈေးကွက်တွေကို Export မလုပ်နိုင်ဘူးဖြစ်နေပါတယ်။ ဒါတွေလုပ်နိုင်မယ်ဆိုရင် Export လုပ်တာချင်းအတူတူ ကိုယ်ကဝင်ငွေပိုရလာမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုလုပ်ဖို့ ဘာတွေလိုနေတယ်ဆိုတာကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက ကျန်တဲ့တိုင်းပြည်တွေအများကြီးနဲ့ စာချုပ်တွေမချုပ်ထားတဲ့အတွက် Fresh Food တွေကို တိုက်ရိုက်ရောင်းလို့မရဘူး။ သူတို့တိုင်းပြည်မှာ Fresh Food တွေကို Import လုပ်မယ်ဆိုရင် သတ်မှတ်ထားတဲ့ Rules and Regulations တွေရှိတာကြောင့် ဒီက Export လုပ်လို့မရတဲ့ အပိုင်းတွေ ရှိတယ်။
တချို့အပိုင်းကျတော့ ဆက်သွယ်ရေးနဲ့ဆိုင်ပါတယ်။ တိုက်ရိုက်လေယာဉ်မရှိတာတို့၊ တိုက်ရိုက်သင်္ဘောလိုင်း မရှိတာတို့ကြောင့် တခြားနိုင်ငံတစ်ခုကို ကြားခံပြီးမှ တစ်ဆင့်ပို့နေရတာတွေ ရှိပါတယ်။ အဲဒီလို Infrastructure ပိုင်းတွေမှာ အများကြီးလိုအပ်နေပါတယ်။ တချို့ကျတော့ Rules and Regulations တွေနဲ့ဆိုင်ပါတယ်။ နောက်ပြီး တချို့လုပ်ငန်းတွေဆို မြန်မာပြည်မှာ Process လုပ်ပြီးတော့ Quality မြှင့်တင်နိုင်တဲ့အပိုင်းတွေ မရှိသေးဘူး။ ဒါတွေအားလုံးကို ပြန်သုံးသပ်ဖို့လိုပါတယ်။ Export Industry တက်လာရင် မြန်မာငွေတန်ဖိုးကျတဲ့ Pressure က နည်းနည်းတော့ လျော့သွားမယ်လို့ မြင်ပါတယ်။
နောက်ပြီး မြန်မာငွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်လည်း တန်ဖိုးတက်လာနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့ ကြိုးစားရမယ့်အပိုင်းတွေ ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမှုတွေ ဝင်လာဖို့ ကိုယ့်တိုင်းပြည်တန်ဖိုးပိုရှိအောင် လုပ်ရမယ်၊ ကိုယ့်တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါမှာရှိတဲ့ အခက်အခဲတွေကို လျော့ရမယ်။ ဒါဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပိုဝင်လာပြီး ပြည်တွင်းငွေလည်း အားကောင်းလာနိုင်ပါတယ်။
နောက်ပြီး မြန်မာအစိုးရ၊ ဒါမှမဟုတ် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားချေးငွေယူပြီးတော့ အဲဒီငွေကို ပြည်တွင်းဈေးကွက်ထဲမှာ ပြန်ရောင်းမယ်ဆိုရင်လည်း မြန်မာငွေတန်ဖိုးက ပြန်ပြီးတက်လာနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ အကြွေးတွေတင်နေတာတော့ ဖြစ်သွားနိုင်ပါတယ်။ တစ်ခါတလေကျရင် တချို့တိုင်းပြည်တွေမှာ အဲဒီလိုမျိုးလုပ်တတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ လုပ်သလဲဆိုရင် ငွေတန်ဖိုးအပြောင်းအလဲ တအားမြန်မြန်ကြီးဖြစ်သွားရင် ပြည်တွင်းလုပ်ငန်းတွေ၊ စားသုံးသူတွေအတွက် ပြင်ဆင်ဖို့ အချိန်မရတာမျိုး ဖြစ်တတ်တာကြောင့် ချက်ချင်းကြီး ငွေတန်ဖိုး မပြောင်းလဲသွားအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။
Import တွေကို ပိတ်လိုက်တာမျိုးကတော့ ကျွန်တော်က မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဒါဆိုရင် စီးပွားရေးကို Plan နဲ့ပြန်ပြီး ထိန်းချုပ်တဲ့ပုံစံဖြစ်သွားမှာဖြစ်ပြီး ဈေးကွက်စီးပွားရေးပုံစံမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး။