၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရသွားသည့် ဒေါ်နယ်ထရန့်သည် လူဦးရေအတိုင်းမဲပေးသည့်စနစ် (Popular Vote) တွင် ရှုံးသော်လည်း Electoral College တွင် နိုင်သွားပြီး သမ္မတဖြစ်လာခြင်း ဖြစ်သည်။ နှစ်နှစ်တိုင်တိုင် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသည့်အခါ သူ့ပေါ်လစီကို ပွင့်ပွင့်လင်းလင်း မြင်သာထင်သာ အနေအထားဖြစ်အောင် လုပ်ထားသည်ကို တွေ့ရသည်။ အမေရိကန် အလုပ်သမားလူတန်းစားအများစုသည် နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာကုန်သွယ်မှုနှင့် ပတ်သက်၍ ၎င်းတို့အနေဖြင့် ကျန်ခဲ့သည်ဟု ယူဆကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် စက်ရုံများက အခြားနိုင်ငံကို ရွှေ့သွားသည်။ အလုပ်လက်မဲ့တွေ များလာသည်ဆိုသည့် တရားဟောသောကြောင့် ထိုတရားကို မဲထည့်သည့်သူတွေက ယုံကြည်ကြသည်။ သူ့ကိုထောက်ခံသည့်သူ အများစုကလည်း ပညာနိမ့်ကျသည့် အခြေခံလူတန်းစား ဖြစ်သည်။ သူတက်လာမည်ဆိုလျှင် နိုင်ငံခြားတွင်ရင်းနှီးမြှုပ်နှံသည့်သူများကို ဆက်ပြီးရင်းနှီးမြှုပ်နှံခွင့်မပေးတော့ဘဲ အမေရိကန်ပြည်တွင်းမှာပဲ ရင်းနှီးမြှုပ်နှံခွင့်ပေးတော့မည်ဟု ဆိုသည်။ နိုင်ငံခြားက ရွှေ့ပြောင်းလုပ်သားများကြောင့် ဒုစရိုက်မှုများဖြစ်သည်ဆိုပြီး သူတို့တွေကို ပိတ်ပင်မည်ဟု ဆိုပြန်သည်။
ထို့ပြင် ဒေါ်နယ်ထရန့်တက်လာသည့်အတွက် မြန်မာပြည်အပေါ် မည်သို့သက်ရောက်မှုရှိမည်နည်းဆိုလျှင် သူက ဂလိုဘယ်လိုက်ဇေးရှင်းကို အားပေးသူမဟုတ်ပေ။ အာရှပစိဖိတ်ဒေသမှာရှိသည့် နိုင်ငံများအားလုံးက လွတ်လပ်သည့် ကုန်သွယ်မှုစာချုပ်ကို ရုပ်သိမ်းလိုက်သည်။ ထို့ကြောင့် နိုင်ငံခြားကုန်သွယ်ရေး ဆက်ဆံမှုက အတော်တန့်သွားသည်။ ဆင်းရဲသည့်နိုင်ငံများကို ကုလသမဂ္ဂအဖွဲ့အစည်းက အထောက်အပံ့ပေးသည့်အတွက် မြန်မာပြည်ကိုလည်း အထောက်အပံ့ပေးသည့်အခါ ထိုဘတ်ဂျက်ကို လျှော့ချမည်ဟု သူကဆိုသည်။ ထိုအရာက ချက်ချင်းလက်ငင်း မဟုတ်လျှင်တောင် ကာလလတ်၊ ကာလရှည်မှာတော့ ထိခိုက်မည့်အနေအထား ရှိသည်။
ထို့ကြောင့် သူတက်လာသည့်အခါ မြန်မာနိုင်ငံအပေါ်သက်ရောက်မှုက ကုန်သွယ်မှုပိုင်းဖြစ်ပါသည်။ မကြာသေးခင်က အမေရိကန်က စီးပွားရေးပိတ်ဆို့မှုကို ဖြေလျှော့လိုက်သည့်အခါ မြန်မာက အမေရိကန်ကို ကုန်သွယ်ရောင်းချခွင့် ရှိသွားသည်။ ယခုတော့ ထိုကဲ့သို့ ရှိပါဦးမလားဟု ဖြစ်လာသည်။ လူလူချင်းစာနာ ထောက်ထားသည့် အထောက်အပံ့များကို ယခင်လောက်ပေးဦးမလားဆိုသည်ကို ကြည့်ရမည်။ အမေရိကန်က စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့်အတွက် သူ့လုပ်ရပ်များအားလုံးက မြန်မာပြည်အပါအဝင် နိုင်ငံအားလုံးနှင့် ပတ်သက်နေသည်။ သည့်အတွက် မိမိတို့အနေဖြင့် နိုးနိုးကြားကြား ရှိရန်လိုသည်။ နိုင်ငံတော်အစိုးရပိုင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအားလုံးက သူ၏ မူဝါဒအသစ်များကို နိုးနိုးကြားကြားနှင့် သိအောင် ကြိုးစားရန်လိုသည်။ ယခုလိုသိမှလည်း သေသေချာချာ သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မည်။
လေးနှစ်သမ္မတသက်တမ်း၏ ယခုရှေ့ပိုင်းရက်တစ်ရာမှာတော့ သူလုပ်စရာရှိသည်ကိုလုပ်နေသည်။ သူကပြောထားသည့်အတိုင်း လုပ်မည့်အနေအထားမှာ ရှိသည်။ မြန်မာနိုင်ငံနှင့် အမေရိကန်က သိပ်ပြီး ထဲထဲဝင်ဝင် ဆက်သွယ်မှုမရှိသောကြောင့် တိုက်ရိုက်ထိခိုက်မှု မရှိသော်လည်း သွယ်ဝိုက်သည့်နည်းနှင့်တော့ ထိခိုက်မည်မှာ အမှန်ပင်။ တရုတ်ပြည်နှင့် အမေရိကန် ယှဉ်ပြိုင်သည့်ကြားထဲ မြန်မာက ဝင်မပါရန်လိုသည်။ ထို့ပြင် ဂျပန်၊ ရုရှားတို့နှင့် ဆက်ဆံရေးများလည်းရှိသည့်အခါ မြန်မာပြည်အပေါ် သွယ်ဝိုက်သည့် သက်ရောက်မှုများကတော့ ဖြစ်လာပါမည်။
ဒေါက်တာအောင်ထွန်းသက်