Uber ၊ Grab တို့လို အက်ပလီကေးရှင်းများ တပ်ဆင်ထားသော တက္ကစီကားများကို ရန်ကုန်မြို့တွင်း အနှံ့အပြားတွေ့မြင်နိုင်ပြီး လက်ရှိအနေထားတွင် ရုံးတက်ရုံးဆင်းချိန်များတွင် တော်ရုံတက္ကစီကားများငှားရန် မလွယ်ကူတော့ပေ။ ဖုန်းမှတစ်ဆင့် တပ်ဆင်ထားသော အက်ပလီကေးရှင်းကို တစ်ချက်နှိပ်ရုံ၊ ဖုန်းတစ်ချက်ပြောရုံမျှဖြင့် တက္ကစီကားခေါ်နိုင်နေပြီ ဖြစ်ပါသည်။ သုံးရအဆင်ပြေခြင်း၊ ဈေးညှိရန်မလိုခြင်း၊ လုံခြုံမှုရှိခြင်းတို့ကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေကြပါသည်။
စာရင်းအင်းဆိုင်ရာအလုပ်များမှအစ ဟိုတယ်ဘွတ်ကင်ပြုလုပ်ခြင်း၊ လေယာဉ်ပျံလက်မှတ် မှာယူခြင်းအပြင် မိမိစားသုံးလိုသောအစားအစာကို စားသုံးလိုသည့်အချိန်တွင် စားသုံးနိုင်ရန် မှာယူသည်အထိ နေရာတကာတွင် ဒစ်ဂျစ်တယ်နည်းပညာလွှမ်းမိုးမှုကို တွေ့မြင်နိုင်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာက အလုပ်အကိုင်သစ်များ၊ ဈေးကွက်အခွင့်အရေးသစ်များ ဖန်တီးနိုင်သကဲ့သို့ ငွေကြေးဆိုင်ရာလုံခြုံမှု စိန်ခေါ်မှုများ ကြုံတွေ့ရပြန်ပါသည်။
အမေရိကန်နိုင်ငံတွင်လည်း စတော့ဈေးကွက်တစ်ခုလုံး၏ ၄၂ ရာခိုင်နှုန်းသည် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး တဖြည်းဖြည်း ကြီးထွားလာဖွယ်ရှိကြောင်း ခန့်မှန်းထားသဖြင့် ထိုအခြေနေအတွက် စကားလုံးအသစ် 'Amazoned' ဟု သုံးနှုန်းတင်စားလာကြပါသည်။ ထို့ကြောင့်လည်း IBM ၏ ဦးဆောင်သူ Ginni Rometty က ''ယခုရာစုနှစ်တွင် ရှိသမျှသော လုပ်ငန်းစုတိုင်း ဒစ်ဂျစ်တယ်နည်းပညာကို စနစ်တကျအမြော်အမြင်ရှိရှိ အသုံးချနိုင်မှသာ ရေရှည်ရပ်တည်နိုင်မှာဖြစ်တယ်'' ဟုဆိုလေသည်။ ၂၀၁၇ ခုနှစ်တွင် ဖို့ဒ်ကားကုမ္ပဏီ၏ဦးဆောင်သူ Mark Fields အနေဖြင့် ကုမ္ပဏီငွေကြေးအကျိုးအမြတ်ရရှိရန် ဆောင်ရွက်နိုင်ခဲ့သော်လည်း ဒစ်ဂျစ်တယ်နည်းပညာ၏ပြောင်းလဲမှုနှင့် စိန်ခေါ်မှုကို မထီမဲ့မြင်ပြုသဖြင့် အလုပ်မှ ထုတ်ခံရလေသည်။
ဒစ်ဂျစ်တယ်နည်းပညာ၏ ပြောင်းလဲမှုလိုက်မီရန်အတွက် ကုမ္ပဏီတို့၏ ပြင်ဆင်မှုများကို လေ့လာလျှင် … Walt Disney အနေဖြင့် ၆၆ ဘီလီယံဒေါ်လာအကုန်ကျခံကာ 21st Century အားလုံးနီးပါးဝယ်ခြင်းဖြင့် Netflix နှင့် Amazon အစား မိမိ၏ ရုပ်ရှင်နှင့် ဗီဒီယိုများကို အွန်လိုင်းတင်ရန် ပြင်ဆင်ခြင်းဖြစ်ပါသည်။ အလားတူ e-commerce အတွက် ရှော့ပင်းမောအုပ်စုကြီးနှစ်ခုဖြစ်သည့် Westfield နှင့် Unibail တို့ ပူးပေါင်းရန် အမှတ်တံဆိပ်တစ်ခု သီးသန့်တည်ထောင်ရန် သဘောတူညီကြပါ သည်။ အလားတူ ဘဏ်ကြီးများကလည်း အွန်လိုင်းငွေပေးချေမှုကို လုံးဝအာရုံစိုက်ပြင်ဆင်လာကြရပြီ ဖြစ်ပါသည်။ Intel ကလည်း မောင်းသူမဲ့ကား တီထွင်နိုင်ရန်အတွက် Mobileye ကုမ္ပဏီကို ဒေါ်လာ ၁၅ ဘီလီယံနှင့် ဝယ်ယူခဲ့သကဲ့သို့ Walmart အနေဖြင့် ထပ်မံရင်းနှီးမြှုပ်နှံမှု၏ ၂၀ ရာခိုင်နှုန်းကို ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာတွင် ရင်းနှီးမြှုပ်နှံနေပြီ ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာကို မျက်ခြေပျက်ခဲ့သော ဖလင်ကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့သည့် Kodak ၏ သင်ခန်းစာကိုလည်း မမေ့ရန်လိုအပ်ပါသည်။
ဘတ်ဂျက်၊ ကျွမ်းကျင်မှု၊ ဈေးကွက်၊ လုံခြုံမှုနှင့် နည်းပညာသတ်မှတ်ချက်ရှိသော ကျွန်တော်တို့အနေဖြင့် ရှေ့က အောင်မြင်မှုနှင့် ဆုံးရှုံးမှုသင်ခန်းစာများကို စနစ်တကျလေ့လာအသုံးချတတ်ရန် လိုအပ်ပါကြောင်း။
မောင်သာ