လက်ရှိမြန်မာနိုင်ငံရဲ့ Digital Mobile Payment ပကတိ အနေအထား။ SEA နိုင်ငံများနှင့် နှိုင်းယှဉ်သုံးသပ်ချက်…
ကိုဗစ်ပြီးတဲ့ကာလတွေမှာတော့ လူတွေကပိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာတာကိုတွေ့ရတယ်။ ၂၀၁၉ ခုနှစ်လောက်မှာ ဘဏ်တွေကလည်းသူတို့ရဲ့ Mobile App တွေ၊ Mobile Pay တွေနဲ့ အတူတူစပြီးတော့ Mobile Payment လောကကိုဦးဆောင်လာကြတယ်။ ဒီလိုပဲ Telecom Mobile တွေဖြစ်တဲ့ Wave Money၊ M ပိုက်ဆံတို့ Telecom လည်းမဟုတ်၊ Bank လည်းမဟုတ်တဲ့ OK Dollar တို့လည်း ၂၀၁၉ ခုနှစ်မတိုင်ခင်ကတည်းကလုပ်နေခဲ့ကြတယ်။ ၂၀၁၉ ခုနှစ်မှာပိုတွင်ကျယ်လာပြီးတော့ ကိုဗစ်ကာလမှာဆိုရင် Pay တွေရဲ့ အခန်းကဏ္ဍကအရေးပါလာပြီးတော့ လူတွေပိုပြီးစိတ်ဝင်စားလာတယ်။ နိုင်ငံတော်ကလည်း ပိုပြီးစိတ်ဝင်စားလာတယ်။ အစိုးရ Payment တွေဖြစ်တဲ့ မီတာခဆောင်တာတို့၊ အခြားသော အခွန်အခဆောင်တာတို့ကအစ Mobile Wallet တွေကို လက်ခံလာကြတာကို ဒီနှစ်ပိုင်းတွေမှာတွေ့ရမှာဖြစ်တယ်။
ဒီလိုပဲ ရန်ကုန်မြို့တော်စည်ပင်ဘဏ်ဆိုရင် Yangon Mobile Payment ဆိုတဲ့ Wallet ကိုထုတ်တယ်။ မန္တလေးမြို့တော်စည်ပင်ဘဏ်ဖြစ်တဲ့ ရတနာပုံဘဏ်ဆိုရင်လည်း MSP(Mandalay Smart Pay) ဆိုပြီးလုပ်လာတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ယှဉ်မယ်ဆိုရင်တော့အတော်နောက်ကျနေတယ်။ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့ဆိုရင် အရှေ့ရောက်နေကြပြီ။ ဘာလို့လဲဆိုတော့ သူတို့ဆီမှာ Mobile Payment တွေက ၂၀၁၅ ခုနှစ် ဝန်းကျင်လောက်ကတည်းက စခဲ့ကြတယ်။ စတဲ့အချိန်မှာသူတို့လည်း Silo System (Pay တစ်ခုတည်းကနေ ဒီ Pay တစ်ခုတည်းကိုပဲသုံးတဲ့ System) အနေနဲ့စပေမယ့် နောက်ပိုင်းမှာအစိုးရကိုယ်တိုင်ဦးဆောင်ပြီးတော့ Interoperability Platform ကြီးတစ်ခုကိုတည်ဆောက်ပေးတယ်။
ထိုင်းနိုင်ငံမှာ Prompt Pay ဆိုရင် ၂၀၁၆ ခုနှစ်လောက်မှာ အောင်အောင်မြင်မြင်ရှိလာပြီ။ သုံးနှစ်တာကာလအတွင်းမှာဆိုရင် အချင်းချင်းငွေပေး၊ ငွေလွှဲလို့ရတဲ့စနစ်တွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာပြီ။ စင်ကာပူနိုင်ငံဆိုရင်လည်း SGQR ဆိုရင် 1 Single QR နဲ့ ဘယ် Payment မဆိုပေးလို့ရတာမျိုးတွေ၊ လမ်းဘေးဆိုင်တွေကအစ ပေးလို့ရအောင်ထိဆောင်ရွက်လာတာကို တွေ့ရမှာ ဖြစ်တယ်။ Philippines ဆိုရင်လည်း QR Ph ကို ၂၀၁၉ ခုနှစ်မှာ Launched လုပ်သွားပြီ။ ခုဆိုရင် သူတို့လည်း တွင်တွင်ကျယ်ကျယ်၊ အင်တိုက်အားတိုက်စနေပြီ။ ကျွန်တော်တို့မြန်မာနိုင်ငံ အနေနဲ့ကတော့ အနည်းငယ်နောက်ကျနေတယ်လို့ပြောလို့ရပါတယ်။ ခုဆိုရင်တော့ MMQR ဆိုတဲ့ အမည်လေးတစ်ခုတော့ ရှိလာပြီ။ Platform တော့ မရှိသေးဘူး။ အခုတော့စတင်လုပ်ဆောင်နေကြပြီ။ မကြာခင်လာမယ်လို့ ကျွန်တော်တို့လည်းမျော်လင့်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင်တော့ နည်းနည်းလေး နောက်ကျနေတာလေးတွေရှိပါတယ်။
စတင်တည်ထောင်ချိန်ကစလို့ လက်ရှိအထိ MPU ရဲ့ Achievement များနဲ့ MPU က လက်ရှိလုပ်ပေးနေတဲ့ Service …
၂၀၁၁ ခုနှစ်မှာ MPU ကိုစတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ MPU Card တွေကို ဘဏ်လေးခုကနေစထုတ်ခဲ့ပါတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ဘဏ်ရှစ်ခုကနေ ၁၇ ခု၊ ခုဆိုရင်ဘဏ်၂၁ ခုထိ MPU ကတ်တွေကို ထုတ်ဝေနေပြီဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်မှာ အဖွဲ့ဝင်ဘဏ် ၁၄ ဘဏ်ကနေ ၁၇ ဘဏ်၊ ၂၄ ဘဏ်ကနေ ဒီနှစ်ထိဆိုရင် ၂၉ ဘဏ်ထိရှိနေပြီဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်ဘဏ်တိုးတက်လာခြင်း၊ ကတ်ထုတ်လုပ်မှု ဘဏ်တိုးတက်လာခြင်းဖြစ်ပါတယ်။ ဝန်ဆောင်မှုပိုင်းမှာဆိုရင်တော့ ကျွန်တော်တို့စတင်တဲ့အချိန်တုန်းကတော့ ATM Service နဲ့ပဲ စတင်ခဲ့ပြီးတော့ ATM တွေကအလုံးရာဂဏန်းမရှိပါဘူး။ အလုံး ၄၀၊ ၅၀ လောက်နဲ့ အဖွဲ့ဝင် MPU Logo လေးတွေနဲ့စတင်ခဲ့ကြတယ်။ ခုဆိုရင် Market ထဲမှာ ATM အလုံးပေါင်း လေးထောင်၊ ငါးထောင်ခန့်ရှိနေပါပြီ။ စတင်တုန်းကတော့ ငွေထုတ်တာပဲရတယ်။ Balance Enquiry ပဲလုပ်လို့ရတယ်။ အခုငွေထုတ် Balance Enquiry ပဲမဟုတ်တော့ဘူး။ ATM ကနေ MPU ကတ်ကိုသုံးပြီးတော့ အချင်းချင်းငွေလွှဲတဲ့ဝန်ဆောင်မှုလည်းရနေပါပြီ။
ဒါကလည်း ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုမှာ တိုးတက်လာတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ IBFT(Inter Bank Fund Transfer)လို့ခေါ်တဲ့ ဘဏ်အချင်းချင်းချိတ်ဆက် ငွေလွှဲဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်မှာ MPU ကနေ Basic Infrastructure ကိုစတင်ပြီး Launch လုပ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်နှစ်စမှာ ကျွန်တော်တို့ အဖွဲ့ဝင်ဘဏ်နှစ်ခုဖြစ်တဲ့ ရိုးမဘဏ်၊ ရွှေဘဏ်တို့နဲ့စခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာဆိုရင် IBFT ဝန်ဆောင်မှုရတဲ့ ဘဏ်ခြောက်ခုရှိသွားပါပြီ။ ရိုးမဘဏ်၊ ရွှေဘဏ်၊ UAB ဘဏ်၊ RDB ဘဏ်၊ မြဝတီဘဏ်နဲ့ CHIDB ဘဏ် ဒီဘဏ်ခြောက်ခုနဲ့ IBFT ဝန်ဆောင်မှုရပြီးတော့ ATM မှာ ငွေထုတ်တာတစ်ခုတည်း မဟုတ်တော့ပါဘူး။ ဘဏ်အချင်းချင်းငွေလွှဲ ဝန်ဆောင်မှုတွေရပါပြီ။ ဘဏ်တွေကလည်း သူတို့ရဲ့နည်းပညာကို မြှင့်တင်ပြီးတော့ ငွေထုတ်တဲ့ကိစ္စတင်မဟုတ်ဘဲ CRM လို့ခေါ်တဲ့ Cash Recycling Machine ကိုပါ သုံးနေပါပြီ။ Cash Deposit လုပ်လို့ရတဲ့ Function ပါတဲ့ Machine တွေဆိုရင် CB ဘဏ်၊ MAB ဘဏ်၊ UAB ဘဏ်တို့ကနေဒီဝန်ဆောင်မှုတွေ စတင်ပေးနေတာကို တွေ့ရတယ်။ ငွေထုတ်တာတင်မဟုတ်ဘဲ ငွေသွင်းတဲ့ လုပ်ငန်းတွေကိုပါ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ နောက် Service တစ်ခုကတော့ POS(Point Of Sale) ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေဝယ်ပြီးတော့ ပေးချေတဲ့အခါမှာ Payment ကတ်နဲ့လက်ခံတာဖြစ်ပါတယ်။ အရင်ကဆို ကျွန်တော်တို့ကတ်တွေကိုလက်ခံတာ ဆိုင်တွေနည်း ပေမယ့် ဘာပဲပြောပြော ပူးပေါင်းဆောင်ရွက်ပါတယ်။ လက်ခံဆောင်ရွက်တာအားနည်းတဲ့ ဆိုင်တွေလည်းရှိပါတယ်။ သုံးစွဲသူတွေရဲ့ ချို့ယွင်းချက်တွေလည်းရှိတာကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်မှာဆိုရင်တော့ ဆိုင်ပေါင်း ၂၅,၀၀၀ လောက် ကျွန်တော်တို့ စနစ်တပ်ဆင်ထားပါတယ်။
ကျွန်တော်တို့ Transaction တွေရဲ့ တစ်နှစ်ထက်တစ်နှစ်ရဲ့ တိုးတက်မှုကဆိုရင် သုံးဆကနေ လေးဆလောက်ရှိပါတယ်။ POS မှာဆိုရင် လူတော်တော်များများက ငွေသားနဲ့ ပေးချေတဲ့အစား ကတ်တွေနဲ့ ဈေးကွက်မှာပေးချေတာကို ပိုပြီးတော့ တွေ့ရမှာဖြစ်တယ်။ ဆိုင်တော်တော်များများကလည်း MPU ကတ်ကိုလက်ခံလာကြတယ်။ အသုံးဝင်မှုကိုလည်းသိလာကြတယ်။ အဓိကက ခုလိုကိုဗစ်ကာလမှာဆိုရင် ငွေသားကြောင့်ဖြစ်တဲ့ ရောဂါဘယတွေကင်းဝေးစေတယ်။ ပိုပြီးတော့ လုံခြုံစိတ်ချရတယ်။ ဘဏ်ကိုလည်း သွားစရာမလိုဘူးဆိုတဲ့ လွယ်ကူအဆင်ပြေမှုတွေကို ဆိုင်ရှင်တွေလည်း သိရှိလာတယ်။ သုံးစွဲသူတွေဘက်ကလည်း ဒါနဲ့ သုံးရတဲ့အတွက် ငွေသားကိုထုတ်ပြီးတော့ ကိုင်စရာမလိုဘူး။ အကြွေပြဿနာတွေလည်းရှင်းတဲ့အတွက်ကြောင့် POS မှာဆိုရင်လည်း Merchant တွေရဲ့ Acceptance Rate က နှစ်စဉ်တိုးတက်လာတယ်။ တိုးတက်လာတာနဲ့အညီ Transaction တွေကလည်း တိုးတက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့မှာ MPU e-commerce Gateway ရှိပါတယ်။
အွန်လိုင်းပေါ်မှာ ဈေးရောင်းချင်တဲ့ Merchant တွေက ကျွန်တော်တို့ e-commerce Gateway နဲ့ ချိတ်ဆက်ပြီးတော့ Settlement ဘဏ်တစ်ခုကနေသုံးလို့ရပါတယ်။ အဲဒီလိုပဲကျွန်တော်တို့ကတ်ကို ကိုင်ဆောင်သူတွေကလည်း e-commerce Gateway သုံးချင်တယ်ဆိုရင် Register လုပ်ပြီးတော့ သုံးလို့ရပါတယ်။ ဒီဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်မှာ စခဲ့တယ်။ SMS ဝန်ဆောင်မှုနဲ့ မစခဲ့ပါဘူး။ OTP(One Time Password) ပေးပို့တာကို ကျွန်တော်တို့က E-mail နဲ့ပဲ စခဲ့ပါတယ်။ နောက်ထပ်တိုးတက်မှုတစ်ခုကတော့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကစပြီးတော့ SMS OTP ပါ ပေးပို့ခဲ့ပါပြီ။ အရင်ကဆိုရင် e-commerce သုံးချင်တယ်ဆိုရင် E-mail ရှိမှသုံးလို့ရတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းက E-mail မရှိနိုင်ဘူး။ ခုဆိုရင် E-mail ရှိမှ မဟုတ်ပါဘူး။ ကတ်ရှိတယ်၊ တယ်လီဖုန်းရှိတယ်ဆိုရင် e-commerce ကိုသုံးလို့ရမှာ ဖြစ်ပါတယ်။ E-commerce ကလည်း ကျွန်တော်တို့ အရင်စခဲ့တုန်းက အွန်လိုင်းပေါ်မှာရောင်းတဲ့ Merchant ကဆယ်ဂဏန်းလောက်ပဲရှိတယ်။
တဖြည်းဖြည်းနဲ့ ခုတိုးတက်လာတာဆိုရင် Merchant ပေါင်း ၂၅၀ လောက်ဖြစ်လာပြီ။ Merchant ဆိုတာက ဒီအောက်မှာရှိတဲ့ Sub-Merchant တွေ မပါသေးဘူး။ တကယ့် Merchant အကြီးတွေပဲပြောထားတာဆိုတော့ တိုးတက်မှုတွေကအများကြီးပါပဲ။ E-commerce ကို လူတွေက ပိုသုံးလာကြတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကာလမှာ လူတွေက အွန်လိုင်းကနေ ဈေးရောင်းကြတယ်။ အွန်လိုင်းကနေ ငွေပေးချေကြတယ်။ အရင်က Cash On Delivery အစား Digital Payment နဲ့ ငွေပေးချေပြီး ပစ္စည်းလက်ခံလာကြတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ရဲ့တစ်ဆင့်နဲ့ တစ်ဆင့်တိုးတက်လာမှုတွေ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ System က ၂၀၁၂ ခုနှစ်မှာစတုန်းက မြန်မာနိုင်ငံက Sanction စာရင်းထဲမှာပဲရှိတဲ့အခါကျတော့ နည်းပညာပိုင်းအရ ရတဲ့နည်းပညာကိုသုံးခဲ့ရတာရှိတယ်။ ၂၀၁၆ ခုနှစ်မှာ ကျွန်တော်တို့ Sanction ကလွတ်ပြီးတော့ ကျွန်တော်တို့ရဲ့နည်းပညာက ခုဆိုရင်အဆင့်မြှင့်တင်ဖို့ စတင်ဆောင်ရွက်ခဲ့တယ်။ ၂၀၁၇ ခုနှစ်ကနေ နည်းပညာမြှင့်တင်ဖို့ အမေရိကန်နည်းပညာတစ်ခုကို ကျွန်တော်တို့ရွေးချယ်ထားတယ်။ အခုဒီနည်းပညာကိုသုံးပြီးတော့ ဝန်ဆောင်မှုကို စပေးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကိုလည်း ဒီထက်တိုးချဲ့သွားဖို့ ရှိပါတယ်။
CBM ကနေ ဒီနှစ်တွေအတွင်း ထူးထူးခြားခြားလုပ်ကိုင်ခဲ့တဲ့ Digital Mobile Payment ၊ e-commerce နဲ့ ပတ်သက်တဲ့ Project ၊ ထုတ်ပြန်ချက်တွေ…
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း Digital Economy သွားဖို့လုပ်ဆောင်နေသလို အစိုးရရဲ့ CERP Plan မှာလည်း ပါပြီးသားပါ။ မပါခင်ကတည်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Digital ဘက်ကိုသွားရမယ်ဆိုတာ သိတဲ့အတွက် တစိုက်မတ်မတ်နဲ့တွန်းအားပေးလုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ MPU ကိုလည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကအစဉ်အမြဲကူညီပံ့ပိုးလျက်ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာဆိုရင် ကတ်နဲ့ပတ်သက်တဲ့၊ Electronic နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပေးခဲ့တယ်။ ဒီဘက်ပိုင်းမှာဆိုရင်လည်း MMQR ဆိုတဲ့ Digital Payment အတွက်ကို ဗဟိုဘဏ်ကဦးဆောင်ပြီးလုပ်လျက်ရှိတယ်။ နောက်ပြီး Digital Payment အတွက် စည်းမျဉ်းဘောင်ထဲကလုပ်နိုင်အောင် ၂၀၂၀ အစပိုင်းမှာ နောက်ပိုင်းမှာလာမယ့် Mobile Wallet တွေ၊ Card Payment တွေမှာ ဘဏ်မဟုတ်တဲ့အဖွဲ့အစည်းတွေအတွက် Acquiring Lincence လျောက်ထားဖို့အတွက် Regulation ထုတ်ပြန်နိုင်ခဲ့တယ်။ ဒါတွေက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူ့ရဲ့ Regulatory Framework ထဲကနေ လုပ်ဆောင်လျက်ရှိတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ Digital Mobile Payment ၊ e-commerce တွေနဲ့ပတ်သက်လို့ လုပ်ဆောင်ထားသင့်တဲ့ မူဝါဒတွေ၊ Rules & Regulations တွေ၊ MPU ကနေကော ဘာတွေလုပ်ထားပါသလဲ။ (ဥပမာ-နည်းပညာပိုင်း၊ Privacy Policy ပိုင်းနဲ့ Security ပိုင်း)
e-commerce နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်သိသလောက်မူဝါဒဆိုရင်တော့ စီးပွားကူးသန်းဝန်ကြီးဌာနကနေ ဦးဆောင်ပြီးတော့ e-commerce မှာ CERP အရလည်းပါမယ်။ e-commerce ဖွံ့ဖြိုးဖို့အတွက် e-commerce နဲ့ရောင်းမယ့်လူတွေအကုန်လုံးအတွက် Voluntry Registration လုပ်ဖို့ ဆောင်ရွက်နေကြတယ်။မူဝါဒစည်းမျဉ်းဘောင်တွေ ချမှတ်နေတယ်။ ဒါက ထိန်းချုပ်ဖို့ မဟုတ်ဘဲ စနစ်အမှန်ကို လုပ်ဆောင်ဖို့ သွားနေတာ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့သိသလောက်ဆိုရင်တော့ Regional e-commerce Platform တွေပေါ်ပေါက်ဖို့အတွက် အစိုးရကနေ သတင်းနဲ့ နည်းပညာဝန်ကြီးဌာနပူးပေါင်းပြီးတော့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလနဲ့ ကိုဗစ်အပြီးကာလတွေမှာ အစိုးရအနေနဲ့ ဒီအပိုင်းကို ပိုပြီးအားထည့်လာတာတွေ့ရတယ်။
အစိုးရရဲ့ Payment တွေကိုပေးဆောင်ရတဲ့အခါမှာ လူစုလူဝေးနဲ့ပေးချေတာကို ရှောင်ရှားစေချင်တယ်။ မလိုအပ်ဘဲ အချိန်ကုန်ခံသွားရောက်ပေးဆောင်နေတာတွေကို ရှောင်ရှားချင်တယ်။ ဥပမာဆိုရင် Tax Payment တွေဆိုရင် ကျွန်တော်တို့ MPU ကတ်နဲ့ လက်ခံတဲ့အပြင်ကို တခြားဘဏ်တွေရဲ့ App တွေ၊ Bank Payment တွေ၊ Wallet တွေနဲ့ လက်ခံလာတာကိုတွေ့ရမယ်။ ဒီလိုမျိုး အစိုးရအနေနဲ့ ပြည်သူတွေပေးဆောင်ရမယ့် အခွန်အခတွေ၊ စရိတ်ကြေးငွေတွေကို အွန်လိုင်းကနေ လွယ်လွယ်ကူကူနဲ့ ပေးဆောင်နိုင်အောင် လုပ်ဆောင်နေတာတွေကို ကျွန်တော်တို့ရော ပြည်သူတွေရော သတိထားမိလိမ့်မယ်လို့ ထင်ပါတယ်။
MPU ရဲ့ အနာဂတ်အစီအစဉ်…
ကျွန်တော်တို့ စတင်တည်ထောင်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ငွေသားကိုင်တွယ်တဲ့စနစ်ကို လျော့ချမယ်။ ငွေပေးချေမှုစနစ်တွေ မြှင့်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ဖြစ်ပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ ငွေသားကိုင်တွယ်သုံးစွဲမှုကို ဒီထက်ပိုလျော့ချသွားမယ်။ ငွေပေးချေမှုမှာလည်း စောစောကပြောတဲ့ Payment Card တွေအပြင်ကို MMQR တွေလာမယ်။ Mobile Wallet လာမယ်။ Inter OPT တွေလာမယ်။ ငွေထုတ်အကြီးကြီးကိုင်ပြီး ဘဏ်မှာသွားလွှဲတာမျိုးအစား ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်မှုမျိုး၊ ကတ်လေးတစ်ကတ်ရှိရုံနဲ့ ငွေလွှဲဝန်ဆောင်မှုတွေလုပ်လို့ရမယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့ အင်တိုက်အားတိုက်ထည့်လုပ်သွားမှာပါ။ အခု IBFT ဆိုရင် ဘဏ်ခြောက်ဘဏ်ကနေ ရှစ်ဘဏ်၊ ဒီနှစ်ကုန်မှာ ၁၅ ဘဏ်ဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားပါမယ်။ နောက်ပြီး Digital Payment တွေကို ပြည်သူတွေ ပိုမိုသုံးစွဲလာအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
Data အချက်အလက်တွေ စုဆောင်းထားတာမျိုး ရှိလား… (ဥပမာ- မြန်မာနိုင်ငံမှာ Digital Mobile Payment သုံးတဲ့ လူဦးရေအရေအတွက်၊ e-commerce အသုံးပြုသူ အချက်အလက် )
ကျွန်တော်တို့စနစ်ထဲမှာ အသုံးပြုနေကြတဲ့ User တွေနဲ့ Transaction တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံး ကျွန်တော်တို့ဆီမှာရှိပါတယ်။ နှစ်စဉ် ကျွန်တော်တို့ရဲ့ ATM Transaction ဘယ်လောက်ရှိတယ်၊ POS Transaction ဘယ်လောက်ရှိတယ်၊ e-commerce Transaction ဘယ်လောက်ရှိတယ်ဆိုတာ အမြဲတမ်း ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်တဲ့ Data တွေ အကုန်လုံးကို MPU Website မှာတရားဝင် Upload လုပ်ထားပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တစ်နှစ်နဲ့ တစ်နှစ်တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။