မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း ၁) - ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်ပြောပါတယ်

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ (အခန်း ၁)

decsuntzu1

ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်ပြောပါတယ် . . .

''ကျွနု်ပ်တင်ပြခဲ့တဲ့ အသာစီးနိုင်စေမယ့်နည်းပရိယာယ်တွေကို အလေးထားမှတ်သားပြီးတဲ့အခါ သက်ဆိုင်ရာ သာမန်နည်းတွေကို လိုက်နာရုံမျှသာမက မိမိရဲ့ရည်ရွယ်ချက်အောင်မြင်ရေးကို အထောက်အကူပြုမယ့် အခြအနေတစ်ရပ်ကို ဖန်တီးယူရမယ်''။ ''အခြေအနေ'' တစ်ရပ်ဆိုရာမှာ စစ်မြေပြင်မှာ မိမိအတွက် အသာစီး ရစေနိုင်တာတွေကို အလျင်အမြန် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းဖြင့် ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခြေအနေကို ရင်ဆိုင်လာနိုင်တာကို ဆိုလိုပါတယ်။

ဘယ်စစ်ဆင်ရေးမဆို လှည့်ဖြားခြင်းပရိယာယ်ကို အခြေခံရတာချည်းဖြစ်တယ်။ ဒါကြောင့် တိုက်ခိုက်နိုင်တဲ့အခါ မတိုက်ခိုင်နိုင်ယောင် ဟန်ဆောင်ရမယ်။ မိမိရဲ့တပ်တွေလှုပ်ရှားဆောင်ရွက်နေတဲ့အခါ ဘာမှမဟုတ်သယောင် ဟန်ဆောင်ရမယ်။ အနီးရောက်နေတဲ့အခါ အဝေးကြီးမှာရှိနေတယ်လို့ ရန်သူက ထင်မြင်ယုံကြည်နေစေရမယ်။ အဝေးကြီးမှာ ရှိနေတဲ့အခါ အနီးနားရောက်နေပြီလို့ ရန်သူက ထင်မြင်ယုံကြည်နေအောင် လုပ်ရမယ်။

ရန်သူက အသာစီးလေးနည်းနည်းပါးပါးရတာကိုပဲ မက်မောနေတဲ့အခါ ရန်သူကို မက်လုံးလေးနဲ့မျှားပေးပါ။ ရန်သူဟာ ကစဉ့်ကလျားဖြစ်နေရင် ဝင်တိုက်ပါ။ ရန်သူဟာ အင်အားကြီးကြီးမားမားနဲ့ တိုက်ခိုက်ဖို့ ကောင်းကောင်းကြီး အဆင်သင့်ဖြစ်နေရင် ရန်သူကို သာမန်ထက် နှစ်ဆတိုးပြီး သတိထားပါ။ တိုက်ပွဲမှာ ရန်သူက အင်အားတောင့်နေရင် ရှောင်ပေးပါ။ ရန်သူဒေါသထွက်နေရင် ကြောက်အောင် လုပ်ပေးပါ။ ရန်သူက ထောင်လွှားမှု မရှိဘူးဆိုရင် မောက်မာလာအောင် ဆွပေးပါ။ ရန်သူတပ်တွေအတော်ကြီးအနားယူပြီးကြပြီဆိုရင် ပျော့အိနွမ်းခွေသွားအောင် လုပ်ပေးပါ။ ရန်သူစည်းလုံးညီညွတ်နေရင် စိတ်ဝမ်းကွဲအောင် လုပ်ပါ။

ရန်သူက အဆင်သင့်ပြင်ဆင်ထားခြင်း မရှိချိန်မှာ ဝင်တိုက်ပါ။ သူတို့မျှော်လင့်မထားချိန်မှာ တိုက်ပါ။

ဒါတွေဟာ စစ်ပရိယာယ်သမားအတွက် အောင်မြင်ရေးသော့ချက်တွေဖြစ်တယ်။ ဒါပေမဲ့ ဒါတွေကို ကြိုတင်ပြီး အသေးစိတ်ချမှတ်ထားဖို့ကတော့ မဖြစ်နိုင်ဘူး။

စစ်မတိုက်မီ မိမိရဲ့အားနည်းချက် အားသာချက်တွေကို စိစစ်တွက်ချက်ရာမှာ အမှန်တွေအများကြီး ရနေတဲ့တပ်မှူးဟာ စစ်ပွဲအောင်နိုင်ဖို့ များတယ်။ စိစစ်တွက်ချက်မှု မရှိသလောက် ဖြစ်နေရင်တော့ အောင်နိုင်ခြေနည်းတယ်။ အမှန်များရင် အောင်နိုင်တယ်။ အမှန်နည်းရင် အောင်နိုင်ခြေ ဘယ်လောက်နည်းသွားမလဲ စဉ်းစားကြည့်ပါ။ ဖြစ်ပေါ်နေတဲ့အခြေအနေကို ဒီအမြင်တွေနဲ့ သုံးသပ်ကြည့်ခြင်းဖြင့် ကျွန်ုပ်ဟာ ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာ ကြိုတင်ပြောနိုင်တယ်။

အထက်ပါအဆိုအမိန့်များကို မန်နေဂျာရှုထောင့်မှ သုံးသပ်ချက် သမားရိုးကျနည်းလမ်းတွေထက် ပိုတဲ့ မဟာဗျူဟာတွေကို ချမှတ်ပါ . . .

Concord စစ်မြေပြင်မှာ အမေရိကန်အရန် ပြည်သူ့စစ်အဖွဲ့ဝင်တပ်သားတွေနဲ့အင်္ဂလိပ်စစ်တပ်က တပ်သားတွေဟာ အဲဒီခေတ်ကာလအတိုင်း မျက်နှာချင်းဆိုင် တိုက်ခိုက်ကြတဲ့အခါ အမေရိကန် အရန်စစ်သားတွေ ရှုံးသွားခဲ့ပါတယ်။ အဲဒီနောက်တော့ အမေရိကန်အရန်စစ်သားတွေဟာ တိုက်ခိုက်ရေးနည်းပရိယာယ်တွေကို အခြေခံကအစ ပြောင်းလဲကာ ဘော့စတွန် (Boston) ကို ပြန်အလာမှာ အင်္ဂလိပ်စစ်သားတွေကို ကျောက်တုံးတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်တယ်။ ဒီလိုတပ်ဖွဲ့အချင်းချင်း ထိတွေ့တိုက်ခိုက်မှုဖြစ်တဲ့ စစ်နည်းပရိယာယ်ကြောင့် တိုက်တဲ့နည်းဟာ အမေရိကန်တော်လှန်ရေးကြီး အောင်မြင်သွားမှုမှာ များစွာအထောက်အကူဖြစ်ခဲ့တယ်။

decsuntzu2

ပြင်ပကို အာရုံစိုက်လုပ်ရတဲ့နည်း - Walmart ဟာ အစတုန်းကတော့ မြို့ငယ်လေးတွေကို အာရုံစိုက်တဲ့နည်းကို သုံးခဲ့တယ်။ ဒီလုပ်ငန်းကြီး ဝင်ရောက်လုပ်ကိုင်တဲ့ နေရာတိုင်းမှာ ကုန်ပစ္စည်းရောင်းဝယ်နည်းဟာ ထာဝရ ပြောင်းသွားခဲ့တယ်။ လက်လီအရောင်းလုပ်ငန်းမှာ Walmart လို ထုနဲ့ထည်နဲ့ရောင်းတဲ့ ဆိုင်ကြီးတွေ ဝင်လာကာ တခြားတစ်ဖက်မှာ ဖက်ရှင်စတိုးဆိုင်မျိုးလေးတွေလို သီးသန့်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေ ပေါ်ပေါက်လာကာ ကုန်ပစ္စည်းရောင်းဝယ်တဲ့ မဟာဗျူဟာတွေလည်း စီးပွားရေးလုပ်ငန်းအမျိုးမျိုးမှာ ပြောင်းလဲသွားပါတယ်။

decsuntzu3

ESPN လို့ခေါ်တဲ့ ကေဘယ်လ် တီဗီအသံလွှင့်လုပ်ငန်းဟာ Marketing Strategy အပြောင်းအလဲလုပ်တယ်။ သူ့မှာကြည့်မယ့်သူမရှိဘူး။ ဒါပေမဲ့ အားကစား ဝါသနာအိုးတွေအတွက် သူ့ရဲ့နည်းပရိယာယ်ကို ပြောင်းလိုက်တယ်။ အားကစားသတင်းတွေနဲ့ အားကစားပွဲတွေကို ကမ္ဘာ့နေရာအနှံ့ အန္တာတိကတိုက်အပါအဝင် ဒေသတွေကို ထုတ်လွှင့်ပါတော့တယ်။

အတွင်းကို အာရုံစိုက်တဲ့နည်း - လေကြောင်းကွပ်ကဲရေး ဌာနချုပ်မှာ ဗိုလ်ချုပ်ကြီး Bill Creech ရဲ့ ခြောက်နှစ်ခွဲ ခေါင်းဆောင်မှု ကာလအတွင်း တိုက်ပွဲဝင်ဖို့ အသင့်အနေအထားရှိရေးအတွက် ပိုမိုကောင်းမွန်တဲ့နည်းတွေ သုံးခဲ့ပါတယ်။ ဒီအတွက် လူအင်အားနဲ့ငွေကြေးအင်အားတွေ နောက်ထပ်တိုးမသုံးခဲ့ရဘူး။ ဒီလိုဖြစ်လာဖို့အတွက် ဗိုလ်ချုပ်ကြီးဟာ လုပ်ပိုင်ခွင့်အာဏာကို ဗဟိုကချည်း ချုပ်ကိုင်တဲ့နည်းကို ပယ်ဖျက်ဖို့ အာရုံစိုက်ဆောင်ရွက်ခဲ့ပါတယ်။ ဒါက တပ်တွင်းမှာ လုပ်ရတာဖြစ်တယ်။ သူ့ရဲ့တပ်မှူးတွေဟာ အခါအားလျော်စွာ စစ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ ဥပမာအားဖြင့် ညပိုင်းပြုပြင်ထိန်းသိမ်းရေးတပ်ဖွဲ့နဲ့ ရက်သတ္တပတ်နေရတာမျိုး လုပ်ရတယ်။ သူတာဝန်ယူရတဲ့ကာလတစ်လျှောက် သူဟာ အရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားတွေကို လက်တွေ့ကျင့်သုံးခဲ့ပါတယ်။ (နောင်လာတဲ့အကျိုးရလဒ်၊ ဖြစ်စဉ်၊ ဖွဲ့စည်းပုံ၊ ခေါင်းဆောင်မှုနဲ့ တာဝန်ယူဇောက်ချလုပ်ကိုင်မှု) ဆိုတဲ့ သဘောတရားတွေကို သူရေးတဲ့ The Five Pillars of TQM ဆိုတဲ့ စာအုပ်ထဲမှာ ဖော်ပြထားတယ်။

ဒါကြောင့်လည်း သူ့တပ်ရဲ့တိုက်ရည်ခိုက်ရည်တွေ နှစ်ဆတက်လာခဲ့တယ်။ ဒေါ်လာတွေ ဘီလီယံနဲ့ချီပြီး သက်သာသွားခဲ့တယ်။ မသုံးဘဲထားကာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်နေရတဲ့ လေယာဉ်စင်းရေဟာလည်း  ၇၁ ရာခိုင်နှုန်း ကျသွားတယ်။ တိုက်ခိုက်ရေးအတွက် လေယာဉ်ပျံသန်းရတဲ့ခေါက်ရေဟာလည်း ၈၀ ရာခိုင်နှုန်း တိုးတက်လာတယ်။ တိုက်ခိုက်ရေးလေယာဉ်တွေအတွက် လိုအပ်တဲ့လေယာဉ်အစိတ်အပိုင်း ပို့ရခြင်းဟာလည်း သိသိသာသာကျဆင်းသွားတယ်။ လေယာဉ်မတော်တဆဖြစ်မှုနဲ့ ပတ်သက်တဲ့ အန္တရာယ်ကင်းရှင်းမှုဟာ ၂၇၅ ရာခိုင်နှုန်းထိ တက်လာတယ်။

တစ်ခါတစ်ရံ မဟာဗျူဟာ အပြောင်းအလဲ မလုပ်ဖြစ်လို့ အကျိုးယုတ်သွားတဲ့ဖြစ်ရပ်တွေဟာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းသွားမှာပဲ သိရလေ့ရှိတယ်။ Detroit ရဲ့ကားထုတ်လုပ်ရေး စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေချိန် နှစ်ပေါင်းများစွာအတွင်း Toyota က တက်လာခဲ့တယ်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပြီး Detroit က မော်တော်ကားထုတ်လုပ်သူတွေ စီးပွားရေးပြိုလဲနေတုန်းကာလမှာ ဒီအခက်အခဲတွေကို အခွင့်ကောင်းယူသွားဖို့ မျှော်လင့်ကာ လုပ်ကိုင်ခဲ့တယ်။ မျှော်လင့်တဲ့အတိုင်းပဲ စီးပွားတက်လာကာ GM ကားထုတ်လုပ်ရေးကို အမီလိုက်ပြီး ကမ္ဘာ့ကားထုတ်ရေး လုပ်ငန်းမှာ အကြီးဆုံးလုပ်ငန်းကြီးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ တစ်နှစ်တောင်မကြာပါဘူး။ Toyota ရဲ့ ဥက္ကဋ္ဌက အဆီအငေါ်မတည့်တာတွေကို ကျွန်တော်တို့ လက်မြှောက်အရှုံးပေးရတော့မယ်။ မဟုတ်ရင် သေဖို့ပဲရှိတော့မယ့်ကိန်း ဆိုက်နေရပါပြီလို့ ဖွင့်ဟပြောဆိုပါတယ်။ သူ့စကားဟာ သူ့အရင်ကလူတွေလုပ်ခဲ့တဲ့ မဟာဗျူဟာအမှားတွေကို ထောက်ပြနေတာဖြစ်တယ်။

ညွန့်သောင်း