လူကြီးလူညစ်ဂေါက်ပုံပြင် (၁)

ဂေါက်သီးရိုက်တာ ဘဝရဲ့အစိတ်အပိုင်းတွေ တော်တော်များများလိုပါပဲ။ အာရုံစူးစိုက်မှုကောင်းရမယ်။ အစကောင်းရမယ်။ အာရုံစုစည်းမှုလည်းပျက်၊ အစလည်းမကောင်းဘူးဆိုရင် သိပ်စဉ်းစားမနေနဲ့။ လောင်းကြေးလေးများ ထည့်ရိုက်လိုက်လို့ကတော့ အကြွေးမတင်ရင် ကံကောင်းအောက်မေ့။

ဂေါက်သမားတွေ ပြောတတ်ကြတဲ့ စကားတစ်ခွန်းရှိတယ်။ ဂေါက်သီးနိုင်ဖို့ဆိုတာ ကိုယ်ကောင်းဖို့မလိုဘူး။ သူပျက်ဖို့ပဲလိုတယ်တဲ့။

အဲဒီတော့ သူပျက်အောင် စည်းမျဉ်းစည်းကမ်းဘောင်ထဲက လုပ်ရတာပါ။ အာရုံနောက်အောင် နှောင့်ယှက်ရတာပါ။ ဒါကလည်း ပညာပါတယ်။

တချို့ကိစ္စတွေဆို ကြိုစီစဉ်ရတာ။ ပြောပါမယ်။

decmsp

ဂေါက်သီးရိုက်ရင် ပထမဦးဆုံးရိုက်ချက်ကို တီခုံ (Tee Box) က စရိုက်ရပါတယ်။ အဲဒီနေရာမှာပဲ ဂေါက်သီးကို တီတည်ပြီး ရိုက်ခွင့်ရှိပါတယ်။ တီတည်တယ်ဆိုတာ တီ (Tee) လို့ ခေါ်တဲ့ သစ်သားချောင်း၊ ဒါမှမဟုတ် ပလတ်စတစ်ချောင်းလေးပေါ်မှာ ဂေါက်သီးဘောလုံးကို တင်တာကိုပြောတာ။ အဲဒီ တီချောင်းလေးက မြေကြီးမှာစိုက်ဖို့ ထိပ်တစ်ဖက်ကို ချွန်ထားပါတယ်။ ကျန်တဲ့တစ်ဖက်ကတော့ ဂေါက်သီးဘောလုံး တင်လို့ရအောင် ကလပ်ပုံလေးဖြစ်နေပါတယ်။ အဲဒီကလပ်လေးရဲ့ ထိပ်ဖက်အလယ်မှာ ဂေါက်သီးဘောလုံး ငြိမ်ငြိမ်တင်လို့ရအောင် နည်းနည်းလေးချိုင့်ထားတယ်။ ဒါကို သတိမထားမိတဲ့ ဂေါက်သမားတွေလည်း ရှိတယ်။

ကဲလာပါပြီ။ တီပညာခန်းကလေး။ အဲဒီ ကလပ်လေးကို ချိုင့်မနေဘဲ ပြားပြီး ညီနေအောင် လုပ်ထားရင် ဘာဖြစ်မယ်ထင်ပါသလဲခင်ဗျား။ တီစိုက်ပြီး ဂေါက်သီးဘောလုံးကို ကလပ်ပေါ်တင်ချိန်မှာ ဘောလုံးက ပြုတ်ပြုတ်ကျတာပေါ့ဗျာ။ တင်လိုက်ပြုတ်ကျလိုက်နဲ့ အာရုံနောက်လိုက်မယ့်ဖြစ်ခြင်းဗျာ။

အဲဒီတီပြားပြားလေးတွေက ရောင်းလေ့မရှိဘူးဗျ။ ကိုယ့်ဘာသာမှာရတာ။ လုပ်ရတာ။ ပဲခူး ရွှေသာလျောင်းဘုရားနားက လက်မှုလုပ်ငန်းရှင်တွေဆီမှာ အော်ဒါမှာရင် ရနိုင်လောက်ပါတယ်။ ဒါမှမဟုတ် သစ်သားတီတွေဝယ်ပြီး ''ဥုံပြကျုတ်'' ''ဥုံပြကျုတ်'' ဆိုပြီး ဂါထာရွတ်ရင်း တံစဉ်းနဲ့တီအပေါ်ကို ပြားသွားအောင်  စားပေါ့။ လိုအပ်ရင် ဆေးလေးဘာလေးပြန်မှုတ်ပေါ့ဗျာ။

အဲဒီလို တီပြားပြားလေးတွေ လေးငါးဆယ်ချောင်းလောက် ဆောင်ထား။ စရိုက်ချိန်မှာ ကိုယ့်ပြိုင်ဘက်ကို တီစိုက်ဖို့ တစ်ချောင်းပေးလိုက်။ အဲဒီတီစိုက်ပြီး ရိုက်ပစေ။

အခုပြောတဲ့စစ်ဆင်ရေးကို တီပြား အော်ပရေးရှင်း (Flat Tee Operation) လို့ ခေါ်ကြပါစို့ရဲ့။ အောင်မြင်ပြီဆို စိတ်ချ။ အဲဒီကျင်းကတော့ နိုင်ပြီးသားသာ မှတ်ပေရော့။

ကိုယ့်ပြိုင်ဘက်က တီကိုစမ်းကြည့်ပြီး ပြားပြားကြီးမို့ ဘောလုံးတင်မရမှန်းသိလို့ လွှင့်ပစ်လိုက်လည်း စိတ်မပျက်ပါနဲ့။ အနည်းဆုံး သူစိတ်အနှောင့်အယှက် ဖြစ်သွားပြီ။ ကိုယ့်ဘက်က စိတ်ဓာတ်ရေးရာအရ သာသွားပြီ။

ဂေါက်သီးဆိုတာ လူကြီးလူကောင်း ကစားနည်းတဲ့။ ကဲ... လူကြီးလူကောင်း ညစ်နည်းလေးတွေလည်း သိထားတော့ မမှားဘူးပေါ့ဗျာ။

မောင်စံပေါ