စာအုပ်ရဲ့အခုနောက်ဆုံးအခန်းမှာ အကြံဉာဏ်ကြီးတွေ၊ အယူအဆကြီးတွေနဲ့ ဆုံးဖြတ်ချက်ကြီးတွေကို ဘယ်လိုဖော်ဆောင် ဆုံးဖြတ်လုပ်ကိုင်ကြသလဲဆိုတဲ့အကြောင်းနဲ့ အကျိုးမရှိတဲ့အယူအဆတွေနဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုရှောင်ရှားကြသလဲဆိုတာကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် အဲဒီအချက်တွေအားလုံးကို အကျိုးရှိအောင် စဉ်းစားလုပ်ကိုင်သွားပုံကိုပါ တင်ပြသွားမှာဖြစ်ပါတယ်။
အယူအဆ . . .
လူ့ဘဝမှာ တချို့ဖြစ်ရပ်တွေဟာ ဝိရောဓိ (ဆန့်ကျင်ဘက်) ဖြစ်နေတတ်တယ်။ ဥပမာ - ရွေးစရာတွေ များများရှိလေ အရွေးရခက်လေဖြစ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ ရွေးချယ်စရာများလာတဲ့အခါ အဲဒါတွေနဲ့ ပတ်သက်တဲ့ စဉ်းစားစရာအချက်အလက်တွေလည်း များလာတဲ့အတွက် အချိန်တွေလည်း ပိုပေးလာရတယ်။ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တော့ စိတ်ရှုပ်လာတယ်။ ဘာမှမလုပ်တတ်တော့ဘူးဆိုတာမျိုး ဖြစ်လာတယ်။ ဆုံးဖြတ်ချက်ချတဲ့အလုပ်ဟာ စီးပွားရေးလုပ်ငန်း အောင်မြင်ရေးအတွက်ရော လိုအပ်တဲ့အကြံသစ် ဉာဏ်သစ်တွေ ရရှိရေးအတွက်ပါ အရေးကြီးတယ်။ ဒါပေမဲ့ အန္တရာယ်တွေကလည်း အများကြီးပါပဲ။
လက်တွေ့ဆောင်ရွက်ရန် . . .
- လူတွေဟာ တစ်ဦးချင်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ တွေးမြင်ကြရာမှာ အဲဒီစဉ်းစားတွေးမြင်ပုံကို လိုက်ပြီးဆုံးဖြတ်ချက်တွေ ချကြတာဖြစ်တယ်။ အဲဒီဆုံးဖြတ်ချက်တွေဟာ ရှင်းရှင်းလင်းလင်းမရှိလှဘဲ နားလည်ဖို့ခက်တယ်။ John S.Hammond ၊ Ralph L.Keeney နဲ့ Howard Raiffa ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ ဆုံးဖြတ်ချက်ချရာမှာ တွေ့ကြုံရတတ်တဲ့ထောင်ချောက်တွေ (သတိမထားရင် တွေ့ကြုံရတတ်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေ) ကို အောက်ပါအတိုင်း တင်ပြခဲ့တယ်။
- ကျောက်ချထားသလိုနေလိုခြင်း - သင်္ဘောတွေ ကျောက်ချထားတဲ့အခါ ဘယ်မှမရွေ့တော့သလို၊ တချို့လူတွေဟာ အယူအဆတစ်ခုခု၊ သတင်းအချက်အလက်တစ်ခုခုရလို့ ထလုပ်လိုက်တဲ့အခါ အတော်အဆင်ပြေသွားရင် တခြားဘာမှ ထည့်စဉ်းစားလေ့မရှိကြတော့ဘူး။ အဲဒီအသိကိုပဲ လိုတာထက်ပိုပြီး အလေးပေးလုပ်ကိုင်လာကြတယ်။ ဒီတော့ အခြေအနေတစ်ရပ်ကို မှန်မှန်ကန်ကန် စိစစ်ဆုံးဖြတ်ခြင်း မရှိနိုင်တော့ဘူး။
- ပိုနေမြဲ ကျားနေမြဲနေလိုခြင်း - ပိုကောင်းတဲ့အခြေအနေတွေရှိရက်သားနဲ့ လက်ရှိအခြေအနေအတိုင်း ဆက်နေသွားချင်တာဖြစ်တယ်။ အပြောင်းအလဲ လုပ်လိုက်ရင် နာမည်ပျက်သွားမှာ၊ အရှက်ရသွားမှာစိုးလို့ဖြစ်တယ်။
- ငွေမြုပ်နေခြင်း - ဒီထောင်ချောက်ကတော့ လုပ်ထားခဲ့တဲ့အမှားကို သက်ဆိုးရှည်စေတတ်တယ်။ ငွေတွေက ရင်းနှီးထားတာတွေထဲမှာ မြုပ်နေတော့ ဆုံးဖြတ်ထားပြီးတာတွေပြင်ဖို့ မစဉ်းစားနိုင်တော့ဘူး။
- အထောက်အထားအရ မှန်ပြီလို့ ယူဆခြင်း - လက်ရှိအခြေအနေမှန်ကန်ကြောင်းပြဖို့ အထောက်အထားအချက်အလက်တွေ ရှာတယ်။ လက်ရှိကြိုက်နှစ်သက်တဲ့ လုပ်နည်းလုပ်ဟန်အတိုင်း ဆက်လုပ်သွားဖို့အတွက် ရနိုင်သမျှ အထောက်အထားတွေ ရှာခြင်းဖြစ်တယ်။ ဆန့်ကျင်နေတဲ့ အယူအဆအထောက်အထားတွေ၊ အချက်အလက်တွေကို ထည့်မတွက်တော့ဘူး။
- မိမိကိုယ်မိမိယုံကြည်မှုလွန်ကဲခြင်း - အနာဂတ်အတွက် ခန့်မှန်းတွက်ချက်ထားတာတွေ မှန်လှပြီလို့ အလွန်အကျူးထင်မြင်နေခြင်းဖြစ်တယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ 'အထောက်အထားအရ မှန်ပြီလို့ ယူဆခြင်း' ထောင်ချောက်နဲ့ဆက်စပ်နေတယ်။ ဆုံးဖြတ်ချက်ချသူဟာ အခြေအနေတွေကို မှန်မှန်ကန်ကန် နားလည်နိုင်စွမ်းရှိတယ်။ အနာဂတ်အတွက် မှန်မှန်ကန်ကန် ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုပြီး သူ့အရည်အချင်းကို လိုတာထက်ပိုပြီး ယုံကြည်ထားတာဖြစ်တယ်။
- ပြဿနာ၊ အခက်အခဲက ဘာလဲဆိုတာ ပီပီပြင်ပြင် မမြင်ခြင်း - ပြဿနာကို လွဲမှားစွာထင်မြင်ယူဆနေတဲ့အခါ ဆုံးဖြတ်ချက်ဟာ အရာမရောက်ဖြစ်သွားတတ်တယ်။
- များမကြာခင်တုန်းက ဖြစ်ရပ်ဟာလည်း ထောင်ချောက်တစ်ခုပါပဲ။ များမကြာခင်က မမျှော်လင့်ဘဲ ဖြစ်ခေါင့်ဖြစ်ခဲဖြစ်ပျက်သွားတဲ့ဖြစ်ရပ်တစ်ခုကို လိုတာထက်ပိုပြီး အလေးပေးယူဆနေတတ်တယ်။ ဒါဟာ ဆုံးဖြတ်ချက်မှားသွားစေနိုင်တယ်။
- နှိုင်းနှိုင်းချိန်ချိန်လုပ်လွန်းတာလည်း ထောက်ချောက်ပါပဲ။ စွန့်စားပြီးလုပ်ကိုင်ရမှာကို ကြောက်တတ်ကြတယ်။
အထက်ပါထောင်ချောက်တွေအပြင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ ဓလေ့အရဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့်ပဲဖြစ်ဖြစ် တွေ့ရတတ်တဲ့ထောင်ချောက်နှစ်ခုကတော့ 'အယူအဆကွဲပြားခြင်း' နဲ့ 'အုပ်စုရဲ့အယူအဆ' ဖြစ်ပါတယ်။ လူတွေက မိမိတို့အချင်းချင်းဖြစ်ဖြစ်၊ မိမိတို့အထက်ကလူတွေနဲ့ဖြစ်ဖြစ် သဘောထားအယူအဆ ကွဲတတ်ကြတယ်။ အစည်းအဝေးတွေမှာ တရားဝင်ကွဲလွဲကြတာမဟုတ်ဘဲ အပြင်မှာပြောဆိုနေရင်း ကွဲလွဲနေကြတာကို တွေ့ရတယ်။ ဒီအကွဲအပြဲဟာ လှိုက်စားသွားတတ်တယ်။ ထိထိရောက်ရောက် စိစစ်ခြင်း၊ ဆုံးဖြတ်ခြင်းတွေ မလုပ်နိုင်တော့ဘူး။ အုပ်စုတစ်စုက စိုးမိုးချယ်လှယ်လာပြီဆိုရင် အခြေအနေပိုဆိုးလာတယ်။
'အုပ်စုရဲ့အယူအဆ' ဆိုတာကတော့ အယူအဆတူသူတွေရဲ့ အယူအဆဖြစ်ပြီး မိမိတို့နဲ့ အယူအဆ မတူသူတွေကို နှိပ်ကွပ်တယ်။ ဒီအုပ်စုအယူတွေကြောင့် ဝေဖန်ဆန်းစစ်မှုလည်းမရှိနိုင်တော့သလို ကွဲပြားတဲ့ အယူအဆတွေလည်း ပေါ်ထွက်မလာတော့ဘူး။ ကာလကြာလာတာနဲ့အမျှ အဲဒီအုပ်စုရဲ့အယူအဆတွေကို ပြောင်းဖို့မလွယ်ဘဲ ဖြစ်လာတတ်တယ်။
အထက်ပါအခက်အခဲတွေကို ကျော်လွှားနိုင်ရေးအတွက် ဆုံးဖြတ်ချက်ချရာမှာ လိုက်နာကျင့်သုံးနိုင်တဲ့နည်းလမ်းတွေကို အောက်ပိုင်းအတိုင်း တင်ပြလိုက်ပါတယ်။
- သတ္တိရှိပါ။ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို မကြောက်ပါနဲ့။ အဆိုးဆုံးတွေ ဖြစ်လာလိမ့်မယ်လို့ တွက်ထားပေမဲ့ အဲဒါတွေ ဘယ်တော့မှ ဖြစ်လာနိုင်ခြေမရှိတတ်ပါဘူး။ ဖြစ်လာဦးတော့ စိတ်ဓာတ်အရ ခံနိုင်ရည်ရှိကြတာချည်းပါပဲ။
- စိတ်ကူးပေါ်လာတဲ့အတိုင်းလုပ်ရင် ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါ။ တစ်ခါတစ်ရံမြန်မြန်ဆုံးဖြတ်ပြီး မြန်မြန်လုပ်လိုက်တာဟာ အကျိုးအများကြီးရှိသွားတတ်တယ်။ အချိန်ဆွဲနေရင် ရရှိတဲ့ သတင်းအချက်အလက်တွေ စုပုံလာကာ အာရုံတွေ ထွေပြားလာတတ်တယ်။
- အပြစ်အနာအဆာရှာတတ်အောင် လုပ်ပါ။ အပြစ်အနာအဆာရှာတတ်ရင် ဆုံးဖြတ်ချက်တွေ ခိုင်မာအားကောင်းလာမှာဖြစ်တယ်။
- မဆိုင်တာတွေကို ရှောင်ပါ။ ဆီလျော်ပတ်သက်ခြင်း မရှိတဲ့ သတင်းအချက်အလက်တွေကြောင့် အတွေးအမြင်တွေ လွဲမှားသွားနိုင်တယ်။
- ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပါ။ ကိစ္စတွေကို ရှုထောင့်တစ်မျိုးက မြင်လာစေနိုင်တယ်။
- အတိတ်ကဖြစ်ရပ်ကြောင့် နောက်ဆုတ်မနေပါနဲ့။ 'ငွေမြုပ်နေတဲ့ထောင်ချောက်' မိနေလို့ နောက်တွန့်မနေပါနဲ့။ တစ်နည်းတစ်ဖုံ လုပ်ကိုင်နည်းရှိနိုင်ပါတယ်။
- 'အုပ်စုဖွဲ့အတွေးများ' ကို စိန်ခေါ်ပါ။ လူတွေဟာ လူမှုရေးဖိအားကြောင့် လူမှုရေးကိုငဲ့ပြီး ဝေဖန်ရမှာ ကြောက်နေကြတယ်။ အဲဒီလိုမဖြစ်သင့်ပါ။
- ရွေးချယ်စရာတွေ များလွန်းနေရင် ကန့်သတ်လိုက်ပါ။ အလားအလာအကောင်းဆုံးအရာကိုပဲ ရွေးပါ။ ဆုံးဖြတ်စရာရှိတာကို မိမိထက်ပိုပြီး အရည်အချင်းရှိတဲ့သူကို လွှဲပေးရင်လည်း ရတာပါပဲ။
အရေးအကြီးဆုံးကတော့ မိမိလုပ်တာကို မိမိသဘောကျကျေနပ်နေနိုင်ဖို့၊ ဆုံးဖြတ်ချက်တွေကို အတော်ဆုံးလူက ဆုံးဖြတ်ဖို့၊ ဆုံးဖြတ်တဲ့အချိန်ကာလနဲ့ ဆုံးဖြတ်နည်းတွေမှန်ကန်ဖို့ ဖြစ်ပါတယ်။
ညွန့်သောင်း