မြန်မာနိုင်ငံအမျိုးသားဝင်ငွေတိုးမြှင့်ရန် ဖြည့်ဆည်းပေးနိုင်သည့် လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းမှာ ထိပ်ဆုံးမှ ပါဝင်ပါသည်။ အစဉ်အလာအားဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး အနာဂတ် အလားအလာကောင်းများဖြင့် ပြည့်နေသောလုပ်ငန်းလည်းဖြစ်သည်။ ခရီးသွားလုပ်ငန်း တိုးတက်ရန်ဟုဆိုရာတွင် ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သောလုပ်ငန်းအားလုံး အချိတ်ဆက်မိမိ တိုးတက်နေရန် လိုသည်။ လုပ်ငန်းတစ်ခုက ကောင်းသလောက် အခြားလုပ်ငန်းတစ်ခုက နောက်ကျန်နေပါက မည်သို့မျှ ဘက်ညီမည်မဟုတ်ပေ။
ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့် ပို့ဆောင်ရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်း လုပ်ငန်းများ၊ ဖျော်ဖြေရေး စသည့်လုပ်ငန်းများကို လုပ်ကိုင်ရာတွင် ပုဂ္ဂလိကတစ်ဦးတည်းဖြင့် ဆောင်ရွက်၍မရ။ သက်ဆိုင်ရာအစိုးရ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၏ ပေါ်လစီပိုင်းဆိုင်ရာ သိရှိနားလည်ပံ့ပိုးပေးမှုများ မရှိပါကလည်း တိုးတက်သင့်သလောက် မတိုးတက်နိုင်ပါ။
မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ပုဂ္ဂလိကအချင်းချင်း၊ ပုဂ္ဂလိကနှင့်အစိုးရ၊ အစိုးရဝန်ကြီးဌာနအချင်းချင်း တူညီသောရည်မှန်းချက်ဖြင့် ဟန်ချက်ညီညီဆောင်ရွက်မှသာလျှင် အရွေ့ဖြစ်ပေါ်လာပါမည်။ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ပိုမိုပွင့်လင်းမြင်သာစွာ မြန်ဆန်စွာလုပ်ကိုင်ဆောင်ရွက်ပါမှ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို အချိန်မီ ဆွတ်ခူးနိုင်မည်ဖြစ်ပါသည်။
အယ်ဒီတာ