ခရီးသွားလုပ်ငန်းတိုးတက်ဖို့ Tourist Master Plan ချမှတ်ကာလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍအတွက် လက်ရှိအချိန်ဟာ တိုးတက်ပြောင်းလဲမှုတွေ အကောင်အထည်ပေါ်လာဖို့ အားလုံးက လိုလားနေကြတဲ့ အချိန်ဖြစ်ပါတယ်။ Visa မလိုဘဲ လွယ်လင့်တကူ ကူးသန်းသွားလာလို့ ရနေတဲ့ အာဆီယံအတွင်းက နိုင်ငံတွေ၊ Arrival Visa ယူလို့ရနေတဲ့ နိုင်ငံတွေအပြင် E-Visa လျှောက်ထားမှုကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လာနေတာကို တွေ့ရသလို နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဝင်ရောက်မှုနှုန်း တိုးတက်အောင် လုပ်ဆောင်နေတာတွေက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် အာရုံစိုက်လုပ်ဆောင်လာမှုတွေရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်ပါတယ်။ ဒီလိုနိုင်ငံတကာ ခရီးသွားဧည့်သည်တွေအတွက် ဖြေလျှော့ပေးမှုတွေလုပ်လာတာနဲ့ တစ်ပြိုင်နက် နိုင်ငံတွင်းလိုအပ်လျက်ရှိတဲ့ သယ်ယူပို့ဆောင်ရေး၊ တည်းခိုစရာနေရာတွေနဲ့အခြားအခြေခံအဆောက်အအုံတွေကိုလည်း ရေတို၊ ရေရှည် Strategy များနဲ့ နိုင်ငံတကာ နည်းတူမဟုတ်သော်ငြားလည်း ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျမကျန်ရလေအောင် အရှိန်အဟုန်နဲ့တိုးမြှင်အကောင်အထည်ဖော်ရမယ့် အချိန်ဆိုတာ ခရီးသွားလုပ်ငန်းကဏ္ဍထဲက ထဲထဲဝင်ဝင် လုပ်ကိုင်နေသူတွေကိုယ်တိုင်ပြောဆိုနေတဲ့ အဓိကအချက်ပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြိတ်၊ နေပြည်တော်အပါအဝင် နယ်စပ်ဂိတ်များမှ မြန်မာနိုင်ငံကို နိုင်ငံခြားသားဝင်ရောက်မှုနှုန်းထားက အတိအကျဆိုရရင် ၄,၆၈၁,၀၂၀ ယောက်ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဟိုတယ်အခန်းအရေအတွက်က ၄၉,၉၄၆ ခန်းရှိပြီး ဟိုတယ်နဲ့ Commercial Complex တွေမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုပမာဏက စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၆၇၈,၃၈၀ သန်းရှိပြီး အဲဒီထဲက ပြီးဆုံးအောင်မြင်ပြီး Project ၃၄ ခု (အခန်းပေါင်း ၆,၃၄၆ ခန်း)နဲ့ ဆောက်လုပ်ဆဲ Project ၁၁ ခု( အခန်းပါင်း ၂,၂၉၆ ခန်း) နဲ့ စတင်ဖို့ MIC ကနေ ခွင့်ပြုချက်ရပြီးသား Project သုံးခု (အခန်းပေါင်း ၄၉၀ ခန်း) ရှိတယ်လို့လည်းသိရပါတယ်။ ဒီအချက်အလက်တွေက Ministry of Hotels and Tourism ရဲ့ Myanmar Tourism Statistics ၂၀၁၅ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအသီးသီးက ကျွမ်းကျင်သူများရဲ့ အတွေ့အကြုံအပေါ်အခြေခံပြီး မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍအတွက် လျင်လျင်မြန်မြန် ပြုပြင်ပြောင်းလဲမှုတွေလုပ်သင့်နေတဲ့ အစိတ်အပိုင်းတွေအပေါ်တို့ထိ ဖော်ပြထားတာကိုတွေ့ရမှာပါ။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနည်းတူ Mass Tourism ကို မသွားနိုင်သေးသလို ချမ်းသာတဲ့ နိုင်ငံတွေရဲ့ Demand ဖြစ်တဲ့ Luxury Tour တွေကိုလည်း မဖြည့်စွမ်းပေးနိုင်သေးဘူးဆိုပေမဲ့ Sustainable ဖြစ်ပြီး ခရီးသွားလုပ်ငန်းအပါအဝင် ဆက်စပ်ကဏ္ဍအသီးသီးပါ ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေတော့ဖြင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတာကို ဖတ်ရှုရမှာဖြစ်ပါတယ်။
ဦးအောင်ဝင်းနိုင်
General Manager
Triumph Hotel
Tourism Master Plan အရ ၂၀၂၀ ပြည့်နှစ်ကျရင် ခရီးသွား ရှစ်သန်းရှိလာမယ်လို့ ခန့်မှန်းထားတဲ့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေ အများကြီးလိုအပ်နေပါတယ်။ ကျွန်တော်တို့ နိုင်ငံသားပိုင်ဟိုတယ်တွေမှာတော့ အခုလို နိုင်ငံတကာက ဟိုတယ်လုပ်ငန်းတွေ မြန်မာပြည်ထဲကို ဝင်လာတဲ့အခါမှာ သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဝန်ဆောင်မှုပိုင်း ပိုမိုကောင်းမွန်နေဖို့ လိုပါတယ်။ ကျန်တာတွေက သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် Tourism Sector တိုးတက်အောင် ကျွန်တော်တို့ဆီမှာဆိုရင် လူသားအရင်းအမြစ် (Skilled Labor) တွေ နည်းတဲ့အတွက် ဒါကိုတိုးတက်အောင် Training ပေးတာတွေ ပြုလုပ်နေပါတယ်။ ဒါအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ညှိနှိုင်းပြီး Training တွေ ပေးသွားပြီး ဝန်ထမ်းအသစ်တွေကို ဆွဲဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့အနေနဲ့ Service ပိုင်း တိုးတက်အောင် လုပ်နေတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။
သူတို့တွေကို ဆွဲဆောင်နိုင်ဖို့ကတော့ ဈေးကွက်မတူတဲ့အတွက် သူတို့တွေက ဘယ်လိုဈေးကွက်မျိုးကို လိုချင်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဖို့ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က အသင်းအဖွဲ့တွေနဲ့ ဆောင်ရွက်တာက ပိုကောင်းပါတယ်။ ဥပမာ - Myanmar Hotelier Association ၊ ဟိုတယ်ခရီးဝန်ကြီးရဲ့အောက်မှာ အသင်းအဖွဲ့ ၁၁ ဖွဲ့ရှိပါတယ်။ ကျွန်တော်တို့တွေ အကုန်လုံးက အခွန်တွေ ပေးရတယ်။ အသင်းအဖွဲ့အတွက်လည်း အသင်းဝင်ကြေးတွေပေးရပေမယ့် နိုင်ငံခြားမှာလို နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်ဖို့ ကြော်ငြာစရိတ်အနေနဲ့သုံးစွဲတာတွေ မရှိသေးပါဘူး။ ဒီအတွက် ကုန်ကျမယ့် Budget ကိုလည်း ဘယ်သူကပေးမယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် လောလောဆယ်မှာ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့က ကိုယ်တိုင်ပဲ အင်တာနက်ကို အသုံးပြုပြီး ကြော်ငြာတွေ ပြုလုပ်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ ကုန်ကျစရိတ်က ပိုများပါတယ်။ ဒီလိုမဟုတ်ဘဲ အသင်းအဖွဲ့နဲ့ ဆောင်ရွက်ပြီး တစ်ဦးကိုဘယ်လောက်ဆိုပြီး ထည့်လိုက်ရင် တစ်တိုင်းပြည်လုံး တိုးတက်လာမယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။
ခရီးသွားလုပ်ငန်းဟာ တိုးတက်အောင်လုပ်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ ဥပမာ - နေပြည်တော်ဆိုရင် ဟိုတယ်တွေအများကြီးနဲ့ ဟင်းလင်းကြီး ဖြစ်နေပါတယ်။ စင်ကာပူလို ကျဉ်းကျဉ်းလေးတောင် ဖော်မြူလာဝမ်းလို ကားပြိုင်ပွဲလုပ်နိုင်ရင် နေပြည်တော်မှာ ကျွန်တော်တို့ ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ ဒါမျိုးတွေအပြင် အစည်းအဝေးပွဲတွေလည်း လုပ်လို့ရပါတယ်။
နောက်ပြီး တကယ်တိုးတက်လာဖို့ဆိုရင် Transporation ကောင်းကောင်း လုပ်ဖို့လိုပါတယ်။ ဘဏ်စနစ်ကတော့ အခုအခါမှာ အဆင်ပြေလာတယ်လို့ ပြောလို့ရပါတယ်။ ATM စက်တွေ ရှိလာတယ်။ Sanction ကလည်း လျှော့သွားပြီ ဖြစ်တဲ့အတွက် အများကြီး တိုးတက်လာမယ်လို့ ကျွန်တော့်အနေနဲ့ကတော့ မျှော်လင့်ပါတယ်။
ဦးအေးကြူ
ပိုင်ရှင်
Zawgyi Inn
Tourism ကဏ္ဍတိုးတက်ဖို့ ရုပ်ဝတ္ထုပိုင်းနဲ့ လူအပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြောချင်ပါတယ်။ ရုပ်ဝတ္ထုပိုင်းမှာ Destination နဲ့ Infrastructure ဆိုပြီး အပိုင်းနှစ်ပိုင်းနဲ့ လူအပိုင်းမှာ Technical Know-How နဲ့ Personality ဆိုပြီး အပိုင်းနှစ်ပိုင်းခွဲပြီး ပြောချင်ပါတယ်။
Destination အပိုင်းမှာ သဘာဝတရားအရရှိနေတဲ့၊ လူကိုယ်တိုင်လာကြည့်မှ မြင်နိုင်တဲ့ Destination တွေရှိသလို လူတွေပြုလုပ်ဖန်တီးထားတဲ့ Destination တွေလည်း ရှိပါတယ်။ ဒီနှစ်ခုကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံမှာ သဘာဝတရားအရရှိနေတဲ့ အရှိ Destination တွေက ပိုများပါတယ်။ သဘာဝပတ်ဝန်းကျင်တွေ၊ သမိုင်းတွေ၊ ဘာသာရေးနဲ့ပတ်သက်တဲ့ Destination တွေ၊ ယဉ်ကျေးမှုတွေ၊ ဝတ်စားဆင်ယင်မှုတွေ၊ အစားအသောက်တွေ စတာတွေဟာ သူ့ပြည်နယ်အလိုက် ရှိပြီးသားဖြစ်ပါတယ်။ လူက ဖန်တီးထားတာဆိုလို့ ဂုတ်ထိပ်လိုဟာမျိုးတွေပဲ ရှိပါတယ်။ ဒါလည်း တကယ်တမ်းဆို သမိုင်းထဲတောင် ထည့်လို့ရနေပြီဖြစ်ပါတယ်။ သူများတွေက ကျွန်တော်တို့ဆီမှာ အရှိတရားကိုလာကြည့်တာဖြစ်တာကြောင့် ဒီအရှိတရားကို ထိန်းသိမ်းနည်း မှန်မှန်ကန်ကန်နဲ့တန်ဖိုးတစ်ခု ပျောက်မသွားအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ တစ်ခါတလေကျရင် ထိန်းသိမ်းတယ်ဆိုပြီး အဲဒီထိန်းသိမ်းတဲ့ လုပ်ရပ်ကြောင့် မူရင်းတန်ဖိုးပျောက်သွားတဲ့ Destination တွေ ကျွန်တော်တို့ နိုင်ငံမှာ ရှိခဲ့ဖူးတယ်။ အခုလည်း ဖြစ်နေသေးတယ်လို့ ကျွန်တော်မြင်ပါတယ်။
နောက်ကျွန်တော်တို့ရဲ့ လုပ်ငန်းပေါ်မှာရှိတဲ့ အမြင်ကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့က Tourist တွေ လာလို့ရှိရင် စီးဖို့ယာဉ်တွေ၊ တည်းခိုဖို့ အဆောက်အအုံတွေ လိုတယ်ဆိုပြီး ပြောကြတယ်။ ဒါက Infra အပိုင်းပါ။ Infra အပိုင်းပြောတဲ့အခါကျရင် ကျွန်တော့်ရဲ့အတွေ့အကြုံအရ ကျွန်တော်တို့ဆီမှာ ဟိုတယ်ကြီးတွေဆောက်တယ်။ Air Con တွေ၊ TV တွေ၊ တယ်လီဖုန်းတွေ စတာတွေကို တပ်ကြပါတယ်။ ကျွန်တော်တို့က ဒီ Facility တွေ ပေးရမယ်ဆိုပြီး စဉ်းစားတယ်။ နောက်ပြီးတော်တော်များများက ဆောက်တော့မယ်ဆိုရင် တောင်ဆိုလည်း ကတုံးကြီးဖြစ်သွားတဲ့အထိ၊ မြေပြင်ဆိုလည်း Plain ကြီး ဖြစ်သွားတဲ့အထိ ရှင်းပြီးတော့မှ အဆောက်အအုံတွေဆောက်ပြီး ကိုယ်စိုက်ချင်တဲ့ အပင်တွေကို ဟိုနားတစ်ပင် ဒီနားတစ်ပင် ပြန်စိုက်တယ်။ အဲဒီလို ကျွန်တော်တို့က Tourism Sector တိုးတက်ဖို့အတွက် လုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေနဲ့ ကြုံလာရတယ်။ သူများနိုင်ငံမှာ လေ့လာကြည့်ရင် ဒါမျိုးတွေ မလုပ်ကြဘူးဆိုတာ တွေ့ရတယ်။ တကယ်တမ်း သဘာဝပတ်ဝန်းကျင်ကို အခြေခံတဲ့ Tourism လုပ်မယ်ဆိုရင် အရှိကနေပြီး လူတွေကို အန္တရာယ်မဖြစ်အောင်၊ သန့်သန့်ရှင်းရှင်းနဲ့ သက်သောင့်သက်သာနေနိုင်အောင် လုပ်ကြရတာဖြစ်ပါတယ်။
ထိုင်းမှာဆိုရင် Home Stay လို့ ခေါ်တဲ့ သက်ဆိုင်ရာ ဒေသခံတွေကို အထိုက်အလျောက်လေ့ကျင့်ပေးပြီး သူတို့အိမ်တွေမှာတင် တည်းခိုနိုင်တဲ့ အခန်းမျိုးရှိအောင် လုပ်ထားပေးတယ်။ ရိုးရာအိမ်တွေဖြစ်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ပဲ သူတို့စားသလိုပဲ စားရတယ်။ ကျွန်တော်တို့ ဒါမျိုးတွေ အများကြီးကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်တာဘဲ များပါတယ်။ ဒေသကထွက်တဲ့ ဝါးတို့၊ ကြိမ်တို့နဲ့ အိမ်လေးတွေ ဆောက်ပါဆိုရင် လုပ်ငန်းရှင် တော်တော်များများက Tourist တွေ လာရင် ဒါနဲ့ဘယ်ဖြစ်မလဲဆိုပြီး လက်မခံကြဘူး။ ရှမ်းပြည်ဆို ဝါးပေါတယ်။ ကုန်ကျစရိတ်ကလည်း အများကြီးကွာသလို၊ ဆောက်တဲ့နှုန်းကလည်း အများကြီးကွာပါတယ်။ တစ်နှစ်နဲ့အရင်းကျေတယ်လို့ ပြောပေမဲ့ ဒါကိုမလုပ်ချင်ကြဘူး။ ဒါတွေက Tourism ကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်စရာတွေ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ဆာဖာရီအတွေ့အကြုံရှိတဲ့ မိတ်ဆွေတစ်ယောက်ဆိုရင် မြန်မာပြည်မှာ Tourism လုပ်ရတာ ပိုက်ဆံတွေအများကြီးရင်းနှီးရပြီး အခန်းခက ဘယ်လောက်မှလည်း ပြန်မရဘူးဆိုပြီး ပြောတယ်။ ဆာဖာရီမှာ ကားတစ်စီးနဲ့ တဲအိမ်တစ်လုံးရင်းရင် တစ်ညကို ဒေါ်လာ လေး၊ ငါး၊ ခြောက်ရာရတယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က သူ့အတိုင်းပုံတူကားချရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုမျိုးသာ လုပ်နိုင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ၊ ကိုယ့်ဆီက Resources တွေကို အများကြီးမသုံးလိုက်ရဘဲနဲ့ဝင်ငွေများများ ရလာနိုင်မှာ ဖြစ်ပါတယ်။
Tourism မှ မဟုတ်ပါဘူး၊ ဘယ်လုပ်ငန်းပဲလုပ်လုပ် Sustainable ဖြစ်ဖို့ အရေးကြီးပါတယ်။ Sustainable ဖြစ်ဖို့က Destination ပျက်လို့မရဘူး။ ဒီအတွက် ဒေသတစ်ခုကိုလာတဲ့ Tourist အရေအတွက်ကို ကန့်သတ်တာမျိုးတွေ ပြုလုပ်မလားဆိုတာ စဉ်းစားသင့်ပါတယ်။ ဒါကို ပုဂံမှာ လက်ရှိအကောင်အထည်ဖော်မယ်လို့ ကြားပါတယ်။ ဘုရားတွေပေါ်ကို တစ်ရက်ကို လူဦးရေ ဘယ်လောက်ပဲ တက်ခွင့်ပြုမယ်ဆိုတာမျိုး လုပ်မယ်လို့ ကြားပါတယ်။ တချို့ကတော့ ဒါမျိုးတွေက ကျပ်တာလို့ ပြောကြပေမဲ့ ကျွန်တော်ကတော့ မှန်တယ်လို့ ယူဆပါတယ်။ လူဦးရေတက်ချင်သလောက်တက်ပြီး ဒီလူတွေမှာ ပါလာမယ့်ဝန်တွေဟာ များလာရင် Structure ပေါ်မှာ Damage ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်တွေနဲ့ လေ့လာတိုင်းတာပြီး ဘယ်အဆောက်အအုံကို တစ်ရက်မှာ လူဦးရေဘယ်လောက်ပဲ တက်သင့်တယ်ဆိုပြီး ကန့်သတ်သင့်တယ်လို့ မြင်ပါတယ်။ ဆွစ်ဇာလန်က နှင်းလျှောစီးကွင်းတွေ၊ ရေခဲတောင်တွေဆိုရင် တစ်ရက်ကို လူဦးရေ ဘယ်လောက်ပဲ ဝင်ရမယ်ဆိုပြီး ကန့်သတ်ထားတာရှိပါတယ်။ ဒါဟာ ခရီးသည်တွေအတွက် လုံခြုံမှုဖြစ်စေသလို ဒီရေခဲတောင်တွေကို ရေရှည်တည်တံ့စေဖို့ အကန့်အသတ်တွေ လုပ်ရမယ်ဆိုတဲ့ အမြင်ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ Centural Heritage တွေလည်း တူတူပါပဲ။ နောက်ပြီး မြန်မာပြည်မှာ အစားအသောက် အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကြည့်လိုက်ရင် ဘယ်ဟာမှ လောက်လောက်လားလား မပေါက်ပါဘူး။ ထိုင်းဆို နိုင်ငံတော်တော်များများကို သွားကြည့် ရင် Thai Restaurant ကောင်းကောင်းတွေ တွေ့ရပါတယ်။ လူအများလက်ခံပြီး စားနေတာလည်း တွေ့ရပါတယ်။ ဒါလည်း စဉ်းစားဖို့ လိုတယ်လို့ ထင်ပါတယ်။ နောက်ပြီး မြန်မာအစားအသောက်လို့ တပ်လိုက်တာနဲ့ တော်တော်များများက ဆီပြန်ဟင်းပဲ ရောင်းကြတယ်။ နိုင်ငံတကာမှာက ဆီကြောက်ပြီး၊ ဆီသိပ်မစားကြတော့ဘူး။ ကိုယ့်တိုင်းပြည်မှာလည်း ဆီမပါတဲ့ ဟင်းတွေရှိပါတယ်။ ဥပမာ - တိုင်းရင်းသားတွေရဲ့ ဟင်းတွေမှာဆို ဘာဆီမှ မပါတာတွေရှိတယ်။ စပ်တာတော့ စပ်တယ်။ ဒါပေမဲ့ ထိုင်းစာတွေလည်း စပ်တယ်ဆိုပေမဲ့ စားကြတာပါပဲ။ ဒီအတွက် ဈေးကွက်ဖန်တီးပေးဖို့လည်း လိုပါတယ်။ Standard တစ်ခုဖြစ်လာအောင် လုပ်ပေးရင် မြန်မာအစားအသောက် ဈေးကွက်ပေါက်လာမယ်။ အဲဒါနဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့ရဲ့ လက်မှုပစ္စည်းတွေဖြစ်တဲ့ ကြိမ်ထိုးတာ၊ ရက်ကန်းရက်တာ စတာတွေလည်း ဟုတ်တိပတ်တိဈေးကွက် မဖြစ်သေးပါဘူး။ တခြားနိုင်ငံတွေကို သွားကြည့်ရင် သူတို့ရဲ့ Product တွေကို ဈေးကောင်းကောင်းရအောင် ရောင်းတတ်တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဆီကတော့ လုပ်တော့လုပ်နေတယ်။ ဒါပေမဲ့ ရောင်းတာရော၊ Display ရော၊ Presentation ရောက သူများ ပိုက်ဆံများများပေးပြီး ဝယ်ချင်တဲ့စိတ်ပေါ်လာအောင် မဆွဲဆောင်နိုင်သေးဘူးလို့တော့ ကျွန်တော်က ယူဆပါတယ်။
နောက်ပြီး ရုပ်ရှင်လောကဟာ Tourism ကဏ္ဍနဲ့ဝေးတယ်လို့ ပြောရင်ပြောလို့ရပေမဲ့ ထိုင်းတက္ကသိုလ်တစ်ခုရဲ့ Tourism Dean က သူဟာ လက်ရှိမှာ ကိုရီးယား Tourism ကဏ္ဍပေါ်မှာ ကိုရီးယားရုပ်ရှင်တွေရဲ့ အကျိုးသက်ရောက်မှုကို စာတမ်းရေးဖို့ Research လုပ်နေတယ်လို့ကျွန်တော့်ကို ပြောဖူးပါတယ်။ ကိုရီးယား ရုပ်ရှင်ကားတွေ ကမ္ဘာမှာပေါက်လာပြီး နောက်ပိုင်းမှာ ကိုရီးယား Tourism Industry ဟာ သိသိသာသာ တက်သွားတယ်။ ရုပ်ရှင်ရဲ့ Influrence က Tourism Industry ပေါ်မှာ Effect ရှိနေတာကို တွေ့ရတယ်လို့ သူကပြောတယ်။ ဒါတွေက ကျွန်တော့်အမြင်အရ Trend တက်ချင်ရင် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။
လူအပိုင်းမှာ Know How ကတော့ တော်တော်လေး တိုးတက်လာတယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာရော၊ ပြည်ပကိုပါသွားပြီး သင်တန်းတွေတက်နေကြတာကို တွေ့ရတဲ့အတွက် Know How ပိုင်းကတော့ တိုးတက်လာတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမဲ့ အရေးကြီးတာက လူတွေရဲ့ Personality ပိုင်း ဖြစ်ပါတယ်။ ဒါက မသိလိုက်မသိဘာသာနဲ့ တအားအရေးကြီးပါတယ်။ အထူးသဖြင့် Service Industry အတွက် ပိုအရေးကြီးပါတယ်။ ဒါနဲ့ပတ်သက်ပြီး Service with Heart ဆိုတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ Service Industry က လူတွေက ရင်ထဲကမပါဘဲ အလုပ်လုပ်နေရင် သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် လူတွေကို Train လုပ်တဲ့အခါမှာ ကျွမ်းကျင်မှုပညာရပ်ကို Train လုပ်သလို စိတ်နေစိတ်ထားကိုလည်း Train လုပ်ရပါတယ်။ Personality ပိုင်းနဲ့ပတ်သက်ပြီး စင်ကာပူကို ကြည့်ရင် ကျွန်တော့်ရဲ့အတွေ့အကြုံအရ စင်ကာပူက McDonald ဆိုင်ဆိုရင် ဝန်ထမ်းတွေကို ကိုယ့်ဖောက်သည် (Customer) ရဲ့ စိတ်ကျေနပ်မှုကိုရအောင် သင်ကြားပေးထားတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါကို အတုယူပြီး ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဝန်ထမ်းတွေကို Customer ရဲ့ စိတ်ကျေနပ်မှုကို ရအောင်ယူနိုင်ဖို့ သင်ပေးထားဖို့ လိုတယ်လို့ မြင်ပါတယ်။ ဟိုတယ်တစ်ခုဆိုရင်လည်း သူ့ရဲ့ဝန်ထမ်းတွေကို Kitchen Room ထဲကနေ Dinning Room ထဲကို ဝင်တဲ့အခါမှာ အမြဲတမ်းပြုံးနေအောင် သင်ပေးထားတာ သတိထားမိပါတယ်။ ဒါမျိုးလေးတွေကအစ Training လုပ်တယ်ဆိုတဲ့နေရာမှာ နည်းမျိုးစုံနဲ့ Service Industry ထဲမှာ ဘောင်ဝင်အောင် Customer Care ကို တကယ်တမ်း ရင်ထဲကလာအောင် ဝန်ထမ်းတွေရဲ့ စိတ်ကို ကျွန်တော်တို့တွေ Train လုပ်ပေးဖို့ လိုပါတယ်။ ဒါဟာ Service Industry မှာ Know How လိုပဲ အရေးကြီးပါတယ်။ အဲဒါမပါရင် ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ ဘယ်လောက်ပဲ သင်ပေးထားထား စက်ရုပ်လိုပါပဲ။ အလုပ်ပြီးဖို့ပဲ အာရုံစိုက်ပြီးတော့ Human Touch ရှိတော့မှာ မဟုတ်ပါဘူး။
Mr. Jaffee Yee
Publisher and Editor in Chief
Mekong Business and Travel & NiHao Magazine
Chairman , PATA Chiang Rai Chapter
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအခြေအနေကို မဲခေါင်ဒေသတွင်း တခြားနိုင်ငံတွေနဲ့ယှဉ်ပြီးပြောပြချင်ပါတယ်။ အခြေခံအဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ လိုနေပါသေးတယ်။
မြန်မာနိုင်ငံမှာ Home Stay (နိုင်ငံခြား ခရီးသွားဧည့်သည်ကို ပြည်တွင်းက တစ်စုံတစ်ယောက်ရဲ့အိမ်မှာ တည်းခိုခွင့်) အတွက် ဥပဒေ မထုတ်ပေးထားသေးပါဘူး။ ထိုင်းမှာတော့ ဒီလိုလုပ်လို့ ရပါတယ်။ မြန်မာအစိုးရ ပိုပြီးလုပ်လို့ရတာက Eco Tourism ၊ Community Base Tourism တို့လို အခြေခံလူတန်းစားကို အကျိုးဖြစ်စေမယ့် ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးအောင် လုပ်လို့ရပါတယ်။
နောက်ထပ်ပြောစရာကိစ္စတစ်ခုရှိတာကတော့ လေကြောင်းလိုင်းတွေရဲ့ နှုန်းထားတွေပဲဖြစ်ပါတယ်။ ပြည်တွင်းကလူတွေထက် နိုင်ငံခြားသားတွေက လေယာဉ်လတ်မှတ်ခကို နှစ်ဆနီးပါးလောက်ပေးရပါတယ်။ စက်တင်ဘာလတုန်းက အီးဗီဇာနဲ့ နယ်စပ်ကနေ ခွင့်ပြုပေးလိုက်ပြီး တာချီလိတ်၊ ရနောင်းနဲ့ မြဝတီတို့ကနေ ဝင်ခွင့်ပေးလိုက်ပါတယ်။ တကယ်လို့ လေယာဉ်လက်မှတ်ခတွေက အဲဒီလောက်တောင် ဈေးကြီးနေသေးတယ်ဆိုရင် အဲဒီလိုနယ်စပ်တွေကနေ အီးဗီဇာကို ခွင့်ပြုပေးခဲ့တဲ့ ရည်ရွယ်ချက်က ဘာပါလဲ။ လက်ရှိဈေးနှုန်းနဲ့ဆိုရင် တာချီလိတ်ကနေ မန္တလေး၊ ဟဲဟိုး၊ ရန်ကုန်တို့ကို ဘယ်သူကမှ လေယာဉ်နဲ့ လာမှာမဟုတ်ပါဘူး။ ဒီတော့ ဘယ်သူကမှ အဲဒီဝန်ဆောင်မှုတွေကို သုံးစရာ မရှိပါဘူး။ ဒါပေမဲ့ လေယာဉ်လက်မှတ်ခကတော့ အစိုးရပေါ်လစီနဲ့မဆိုင်ပါဘူး။ အဲဒါက လေကြောင်းလိုင်းတွေနဲ့ပဲ ဆိုင်ပါတယ်။
ဗီယက်နမ်ကလည်း အရင်တုန်းက ပြည်တွင်း လေကြောင်းခရီးစဉ်တွေအတွက် အဲဒီလိုလုပ်ခဲ့ဖူးပါတယ်။ ပြည်တွင်းကလူတွေကတစ်ဈေး၊ နိုင်ငံခြားသားတွေတစ်ဈေးဆိုပြီး သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအတွက ်မကောင်းဘူးဆိုတာကို သိလို့ အဲဒီလိုလုပ်တာကို ပယ်ဖျက်ပစ်ခဲ့ပါတယ်။တချို့နေရာတွေမှာတော့ ဈေးနှုန်းမတူတာကို လက်ခံနိုင်ပါတယ်။ ဥပမာ- ရွှေတိဂုံဘုရားအတွက် နိုင်ငံခြားသားတွေရဲ့ ဝင်ကြေးက များပါတယ်။ ဒါက လက်ခံလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရဲ့အမွေအနှစ်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ လျှောက်ကြည့်ရုံတင်ဖြစ်တာကြောင့် ပိုက်ဆံကောက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ လေယာဉ်၊ ရေယာဉ်နဲ့ရထား၊ ကားတွေရဲ့ လက်မှတ်ခနှုန်းထားတွေကတော့ နိုင်ငံခြားသားရော၊ မြန်မာနိုင်ငံသားတွေအတွက်ပါ တစ်မျိုးတည်းဖြစ်သင့်ပါတယ်။
မြန်မာနိုင်ငံက ကိုယ့်ဈေးကွက်ကိုကိုယ် သိသင့်ပါတယ်။ ဥပမာ- ထိုင်းနိုင်ငံကဆိုရင် ကိုယ့်ဈေးကွက်ကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သိပါတယ်။ သူတို့က MICE – Meeting , Incentive , Conference & Exhibition တွေလုပ်ပါတယ်။ အဲဒီဈေးကွက်က တော်တော်ကြီးပါတယ်။ ထိုင်းမှာ Private Event Area တွေ အများကြီးရှိပါတယ်။ ချင်းရိုင်မှာဆိုရင်လည်း ချင်းရိုင် Convention Center ရှိပါတယ်။ အဲဒါကလည်း ဈေးကွက်ကြီးတစ်ခုဖြစ်ပြီး ကိုယ့်မှာ အခြေခံအဆောက်အအုံတွေရှိဖို့ လိုပါတယ်။
ဒေါ်မေမြတ်မွန်ဝင်း
Chairperson
Myanmar Tourism Marketing
(tourismmyanmar.org)
Myanmar Tourism Marketing ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ . . .
Myanmar Tourism Marketing (MTM) က Myanmar Tourism Federation ရဲ့အောက်မှာရှိပြီး Non-Political ၊ Non-Government ၊ Non-Profit ၊ Organization ဖြစ်ပါတယ်။ MTM ကို Myanmar Destination အတွက် Marketing လုပ်ပေးရတဲ့ Marketing Arm တစ်ခုအနေနဲ့ ဖွဲ့စည်းထားတာပါ။ ပြီးတော့ Non-Government ၊ Non Profit အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့် Private Individual တွေ၊ Organization တွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီတွေနဲ့ ပေါင်းပြီးတော့ ဖွဲ့ထားတာပါ။ အဖွဲ့ဝင်က လောလောဆယ် ၁၅၀ လောက်ရှိပါတယ်။ ကျွန်မတို့စဖွဲ့တုန်းက Tourism Industry ထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ Individual တွေ အကုန်အတူတူ ပေါင်းပြီးတော့ မြန်မာနိုင်ငံကို Prefer လည်းဖြစ်ရမယ့် Sustainable & Preferable Destination တစ်ခုဖြစ်လာဖို့ ဈေးကွက်ရှာဖွေမြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတာဖြစ်တယ်။
လက်ရှိ လုပ်ဆောင်နေတာတွေ . . .
MTM မှာ ကော်မတီခြောက်ခုဖြစ်တဲ့ Travel Trade Show & Road Show ၊ Public Relations & Digital marketing ၊ FamiliarizationTrips ၊ Fund Rising & Projects ၊ Membership ၊ Research & Statistics ဆိုပြီး ကော်မတီအသီးသီးကို ဖွဲ့စည်းထားပါတယ်။
Travel Trade Show & Road Show Committee က ကမ္ဘာမှာ သူ့ Region နဲ့သူ အရေးပါတဲ့ ခရီးသွားပြပွဲတွေမှာ မြန်မာအနေနဲ့ ပါဝင်ပြသနိုင်ဖို့ လုပ်ရပါတယ်။ နှစ်တိုင်းမဖြစ်မနေသွားလေ့ရှိတဲ့ Travel Trade Show တွေက WTM (World Travel Mart) ၊ ဂျာမနီနိုင်ငံက ITBBerlin၊ အာဆီယံမှာလှည့်ပြီး ကျင်းပနေတဲ့ ATF(Asean Tourism Forum) ၊ ဂျပန်နိုင်ငံမှာ လုပ်တဲ့ JATA နဲ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမှာလုပ်တဲ့ ITE (International Tourism Expo) စတဲ့ ပွဲတွေဖြစ်တယ်။ နောက်နှစ်ကျရင်တော့ Market အသစ်နဲ့ မြန်မာပြည် Destination ကို Promote လုပ်မယ်လို့ မှန်းထားတာက တရုတ်ပြည် ရှန်ဟိုင်း၊ နောက်ပြီး သြစတြေးလျ၊ အမေရိကန်နဲ့ တောင်အမေရိကားတွေထိ စဉ်းစားထားပါတယ်။ တရုတ်ပြည်ကို Marketing အနေနဲ့ ထိထိရောက်ရောက် ခုထိသိပ်မလုပ်ဖြစ်သေးဘူး။ သူတို့ဆီမှာ Mass Market ရှိသလို Up Market လည်းရှိတယ်။ အဲဒီဘက်ကို Target ထားပါမယ်။ ဒါပေမဲ့ marketing လုပ်ရင် ချက်ချင်းဆိုတာထက် Long-term result အတွက် Target ထားပြီးတော့ တစ်ဆင့်မြှင့်လုပ်သွားမယ်လို့စိတ်ကူးပါတယ်။ WTM မှာ State Counsellor ဒေါ်အောင်ဆန်းစုကြည်က သူ့ပုံကို Country Brand Ambassador အနေနဲ့ ပေးသုံးတယ်။ မြန်မာနိုင်ငံကို ကြော်ငြာမယ်ဆိုရင် သူ့ထက်ကောင်းတဲ့ Image မရှိတော့ပါဘူး။ သူက နိုင်ငံတကာမှာ အင်မတန်ကြီးတဲ့ Icon ဖြစ်တယ်။ သူ့ရဲ့ပုံကို သူပြောတဲ့ Quote နဲ့အတူ သုံးခဲ့တယ်။ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံကို နိုင်ငံခြားခရီးသွားပြပွဲတွေမှာ မြန်မာနိုင်ငံ Brand Ambassador အနေနဲ့ ပြခွင့်ရတာက positive Impact ကို ရရှိခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံက Vision အနေနဲ့ ခရီးသွားလုပ်ငန်းကို အားပေးတယ်ဆိုတဲ့ Image ကို Promote လုပ်နေတာ ဖြစ်တယ်။
Public Relation & Digital Marketing ကတော့ Travel Show နဲ့ မတူဘူး။ ဒါပေမဲ့ ခရီးသွားလုပ်ငန်းမှာ Customer တွေနဲ့ အမြဲတမ်းထိတွေ့နေဖို့က Digital Marketing နဲ့ Social Media Platform တွေက အလွန်အရေးကြီးတယ်။ အခုဆိုရင် Social Media ဖြစ်တဲ့ Facebook ကနေ တော်တော်ကို Aggressively လုပ်တယ်။ နောက်ပြီး Myanmar Website တွေကိုလည်း Review လုပ်နေပါတယ်။ ပုံမှန် Update လုပ်ဖို့၊ ခရီးသွားတွေနဲ့ ပိုပြီးတော့ထိတွေ့နိုင်ဖို့ လုပ်နေပါတယ်။ နောက်နှစ်တွေမှာတော့ MobileApp တွေ လုပ်လာလိမ့်မယ်လို့ ထင်ပါတယ်။ Public Relation အနေနဲ့ တစ်ပတ်တစ်ခါ အင်္ဂါနေ့တိုင်း MTM က Press Release ထုတ်တယ်။ နိုင်ငံခြား TV Program ၊ Travel Channel တွေက မြန်မာပြည်မှာ လာရိုက်ချင်တယ်ဆိုရင် Coordinate လုပ်ပေးတယ်။ အဆင်ပြေချောမွေ့အောင် ကူညီပံ့ပိုးပေးတယ်။
Familiarization Trip က မိတ်ဆက်ခရီးစဉ်လို့ ခေါ်တယ်။ မြန်မာ Destination ကို အပြင်မှာ ရေးပေးနေတဲ့ Travel Journalists တွေရှိတယ်။ TV ရိုက်ပေးမယ့် သူတွေရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံကို ခရီးစဉ်တွေ လုပ်ပြီးတော့ ရောင်းပေးတဲ့ Agent တွေရှိတယ်။ သူတို့တွေက ခရီးစဉ်တစ်ခုကို မရောင်းခင်မှာ ခရီးစဉ်ကို နားလည်အောင် လာကြည့်ရတယ်။ အဲလို Travel Agent Media တွေလာကြည့်ရင် ဈေးအသက်သာဆုံးဖြစ်အောင် လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေနဲ့ပေါင်းပြီး စီစဉ်ပေးတယ်။ MTM ကလည်း Organize လုပ်ပေးတယ်၊ သူတို့သွားသင့်တဲ့နေရာ၊ ကြည့်သင့်တဲ့နေရာတွေ၊ New Destination တွေကို အကြံပေးတယ်။
Fund Rising & Projects က တစ်နှစ်လုံးမှာ Project တွေ လုပ်ပြီးရှာတယ်။ ဥပမာ- Golf ပြိုင်ပွဲလုပ်တယ်၊ Sport Day တွေလုပ်တယ်။ MTM Grand Ball ဆိုတာမျိုး လုပ်ဖို့လည်း ရှိပါတယ်။ Project တွေကလည်း အားလုံးအတွက် Networking ဖြစ်တယ်။ Travel Industry က Human Industry ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုများရင် ပိုကောင်းတယ်။ Relationship လည်း ပိုကောင်းတယ်ဆိုတော့ ဒီ Networking အတွက်လည်း ပိုလုပ်နေပါတယ်။
Membership ကတော့ အဖွဲ့ဝင်တွေနဲ့ အမြဲတမ်း ထိတွေ့နိုင်ဖို့ ဖြစ်ပါတယ်။ Research ကတော့ ပြန့်နေတဲ့ Data တွေကို ပြန်စုပြီး Data တွေကို လုပ်ငန်းတွေမှာ အသုံးတည့်မယ့် Information အနေနဲ့ ပြန်ပေးနိုင်အောင် လုပ်ပါတယ်။ ဒီကော်မတီခြောက်ခုလုံးရဲ့ လုပ်ငန်းစဉ်တွေဟာ MTM ရဲ့ Road Map ပဲ ဖြစ်ပါတယ်။
Tourism ကဏ္ဍ တိုးတက်အောင် ဘာတွေ ပြင်ဆင်ဆောင်ရွက်သင့်ပါသလဲ . . .
မြန်မာနိုင်ငံရဲ့ Tourism ဟာ Potential အကြီးကြီးရှိပါတယ်။ မြန်မာနိုင်ငံအတွက် Tourism Product က တကယ့်ကို တန်ဖိုးမဖြတ်နိုင်ဘူး။ နိုင်ငံထဲမှာစီးဆင်းနေတဲ့ အင်မတန်လှတဲ့မြစ်တွေ၊ ကမ်းခြေတွေရှိတယ်။ ကျွန်းတွေ၊ တောင်တန်းတွေ၊ ပြီးတော့ လူတွေ ဒါတွေအားလုံးက တကယ့်ကိုအကြီးဆုံး Asset ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ Diverse ဖြစ်တဲ့ လှပတဲ့ယဉ်ကျေးမှုတွေရှိတယ်။ မြန်မာနိုင်ငံကို လာတဲ့ ဧည့်သည်တစ်ယောက်က တစ်ခါတည်းမှာ မတူညီတဲ့ Culture အမျိုးမျိုးကို လေ့လာသွားလို့ရတယ်။ အစားအသောက်တွေကလည်း တစ်ခုနဲ့ တစ်ခုက မတူဘူး။ ဒါတွေ အားလုံးကို တစ်ပြိုင်တည်း အားလုံးလေ့လာသွားလို့ ရတယ်။
လူတွေက ဘာကြောင့်ခရီးသွားလဲဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးရှိပေမယ့် စဉ်းစားကြည့်ရင် Experience လိုချင်လို့ ခရီးသွားကြတယ်။ Stress များလို့ပဲဖြစ်ဖြစ်၊ အပျော်သွားတာပဲဖြစ်ဖြစ်၊ လုပ်ငန်းကိစ္စကြောင့် သွားတာပဲဖြစ်ဖြစ် Experience လိုချင်ကြတယ်။ Potential ကတော့ အကြီးကြီးပဲ။ ဒါပေမဲ့ Potential အကြီးကြီးပဲဆိုပြီး ကျွန်မတို့ ဒီအတိုင်းနေလို့မရပါဘူး။ ကျွန်မတို့ အားလုံးအလုပ်လုပ်မှရမယ်။ ပြီးခဲ့တာတွေကို ပြန်ပြောမနေတော့ဘဲ ကိုယ့်နိုင်ငံရဲ့ Tourism ပိုပြီး Sustainable ဖြစ်အောင်၊ ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မလဲဆိုပြီး အားလုံးက ရှေ့ကိုကြည့်ပြီး အလုပ်လုပ်မှရမယ်။ ကျွန်မတို့ဆီမှာ အလုပ်လုပ်စရာတွေ အများကြီးရှိပါတယ်။
ကျွန်မတို့ရဲ့ Customer တွေဖြစ်တဲ့ Tourist တွေ သွားရလာရတာ သက်သောင့်သက်သာဖြစ်အောင်၊ သူတို့တွေလာချင်အောင်၊ လာရတာလွယ်ကူအောင် ဖြေလျှော့သင့်တာတွေလည်း လျှော့ရမယ်။ ဥပမာ- Visa လျှောက်တာကအစ သူတို့လာရတာ လွယ်ကူအောင် ဖြေလျှော့ပေးသင့်တယ်။ အခြေခံအချက်တွေဖြစ်တဲ့ Direction Signage တွေကအစ အင်္ဂလိပ်လို မရှိတဲ့နေရာတွေ အများ ကြီးရှိပါသေးတယ်။ လမ်းညွှန်ဆိုင်းဘုတ်တောင် မရှိသေးတဲ့နေရာတွေလည်း အများကြီးရှိပါတယ်။ သန့်ရှင်းတဲ့ အိမ်သာတွေ သိပ်မရှိသေးတဲ့နေရာတွေ အများကြီးရှိပါသေးတယ်။။ နောက်ပြီး သန့်ရှင်းတဲ့ရေတွေ ရှိအောင် လုပ်ဖို့ လိုပါတယ်။ ဒီလိုမျိုး Facility တွေ အပြင် နောက်တစ်ခုကတော့ အခြေခံအဆောက်အအုံပါ။
အခြေခံအဆောက်အအုံကတော့ အချိန်တိုနဲ့တော့ ဘယ်လိုမှ လုပ်လို့မရပါဘူး။ ရေရှည်အနေနဲ့ အစီအစဉ်တွေ လုပ်သင့်ပါတယ်။ ဥပမာ - ချင်းပြည်နယ်၊ ချင်းတောင်တန်းတွေဟာ အင်မတန်လှတဲ့နေရာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီကိုရောက်နိုင်ဖို့ လမ်းပန်းဆက်သွယ်ရေးက တော်တော်ခက်ခဲပါတယ်။ မိုးတွင်းဆိုရင် လမ်းတွေက ပျက်ပါတယ်။ မိုးတွင်းမှာ ပျက်သွားတဲ့လမ်းတွေကို မိုးကုန်ပြီး ပြင်ဖို့က နှစ်လသုံးလလောက် အချိန်ကြာတယ်။ ဒါကြောင့် သူ့အနေနဲ့ ၁၂ လမှာ တကယ် Tourist တွေကို လက်ခံနိုင်တဲ့အချိန်က တစ်နှစ်မှာ သုံး၊ လေးလလောက်ပဲ ရှိပါတယ်။ Seasonality က တအား Strong ဖြစ်ပါတယ်။ ဒီလိုဝေးလံတဲ့နေရာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေမှာ ဖွံ့ဖြိုးမှုကလည်း အင်မတန် နှောင့်နှေးပါတယ်။ ဒီလိုနေရာတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် Tourism က အထောက်အကူပေးနိုင်တယ်။ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင်၊ အမှိုက်တွေ မပစ်အောင်သွားတဲ့သူတွေကလည်း တာဝန်သိသိနဲ့ သွားနိုင်အောင်၊ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုတွေလည်း လိုပါတယ်။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သယ်ယူပို့ဆောင်ရေးဘက်မှာဆိုရင်လည်း အဓိကက ခရီးသွားတွေသွားဖို့အတွက်ကို သက်သောင့်သက်သာ ဖြစ်ရမယ်၊ လွယ်ကူရပါမယ်။ အဲဒီလိုမျိုး Transportation Facilities တွေ ရှိသင့်ပါတယ်။
Destination အသစ်တွေကိုလည်း ဖော်ဆောင်နိုင်မှ ကျွန်မတို့ဆီမှာ ဧည့်သည်တွေက ကြာကြာလည်း နေမယ်၊ နောက်တစ်ခါပြန်လာမယ့် Return Customer တွေကိုလည်း ရနိုင်ပါမယ်။ ကျွန်မတို့ဆီမှာ ရှိပြီးသား Core Destination တွေရှိပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငပလီတို့ ရှိပါတယ်။ ဒီ Destination တွေမှာလည်း Product တိုင်းမှာကို သက်တမ်းရှိပါတယ်။ Destination ဖြစ်တဲ့အတွက်ကြောင့် အချိန်ကတော့ သက်တမ်းက နည်းနည်းကြာပါတယ်။ ဒီ Destination တွေကို Refresh လုပ်ပြီးတော့ လူတွေကို ဆွဲဆောင်ရပါမယ်။ Destination Planning ကို Major Destination တွေမှာလည်း LongTerm အနေနဲ့ Plan ဆွဲဖို့လိုသလို၊ New Destination တွေလည်း လုပ်ရပါမယ်။ မြန်မာပြည်ထဲမှာ Tourist က ကြာကြာနေလေ ပိုက်ဆံသုံးရလေပါပဲ။ အဲဒီအခါမှာ Tourism Income က Export Income ပါပဲ။ အဲဒီ Income ကလည်း တက်ပါတယ်။ ဒါကြောင့် Destination အသစ်တွေကိုလည်း တဖြည်းဖြည်းဖော်ထုတ်ရပါမယ်။ Destination ဖော်ထုတ်တယ်ဆိုတဲ့အခါမှာလည်း အခြေခံအဆောက်အအုံက စကားပြောလာပါတယ်။ တကယ့်ကို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ Destination အသစ်သွားလုပ်ထားပြီးတော့ လေယာဉ်လည်း သွားလို့မရဘူး။ ကားနဲ့သွားမယ်ဆိုရင်လည်း ၂၈ နာရီလောက်ကြာမယ်ဆိုရင်တော့ ဒါက Feasible မဖြစ်နိုင်ပါဘူး။ Feasible လည်းဖြစ်ရမယ်၊ Tourist ကိုလည်း Attract လုပ်နိုင်မယ်၊ Unique ဖြစ်တဲ့ Niche Selling Point တစ်ခုခုလည်းရှိရမယ်ဆိုတဲ့ နေရာတွေကို ရှာဖွေပြီး ကျွန်မတို့က Destination အသစ်တွေကို ဖော်ထုတ်သင့်ပါတယ်။
နိုင်ငံတစ်ခုကို Destination တစ်ခုကို ဆွဲဆောင်နိုင်အောင် လုပ်မယ်ဆိုရင် Experience က အဓိကကျပါတယ်။ Experience မှာ Food ကလည်း One of the Main Attractions ပါ။ နေရာတစ်ခုကိုသွားတဲ့အခါမှာ အဲဒီတော့ ကျွန်မတို့နိုင်ငံအတွက် အားသာချက်က ဒေသစာလို့ ပြောနိုင်ပြီး ဒေသအသီးသီးရဲ့ ဒေသစာတွေအကုန်လုံးက မြန်မာနိုင်ငံရဲ့ Local Food လို့ ပြောလို့ရပါတယ်။ အဲဒီ မတူတဲ့ဒေသစာတွေ အကုန်လုံးကို ကျွန်မတို့က Promote လုပ်လို့ ရပါတယ်။
နောက်တစ်ခုက Street Food - လမ်းဘေးစာ။ Tourist တွေက Street Food ကို အင်မတန်မှ စိတ်ဝင်စားပါတယ်။ အခု တရုတ်တန်း၊ ၁၉ လမ်းတို့မှာ ကြည့်ရင်သိနိုင်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ Industry ထဲက တာဝန်ရှိသူတွေက လုပ်ပေးသင့်တာကတော့ Street Food ဆိုပေမဲ့ GoodFood ၊ Healthy Food ဆိုတာမျိုးဖြစ်အောင် နည်းနည်းထိန်းကျောင်းပေးသင့်ပါတယ်။
Souvenir တွေကို Mass Production ထုတ်ဖို့ဆိုတာက Tourism က Mass Tourism ဖြစ်လာရင် Souvenir တွေက Mass Production ဖြစ်လာမှာပါပဲ။ ကျွန်မတို့က လောလောဆယ်မှာ Mass Production ကိုလည်း မသွားသေးပါဘူး။ ကိုယ့်ဘာသာ ကိုယ့် Carrying Capacity နဲ့ ကိုယ်သွားနေပါတယ်။ Mass Tourism ဆိုတာကလည်း နိုင်ငံတစ်ခုရဲ့ Vision နဲ့လည်း ဆိုင်ပါတယ်။ Mass Tourism ကို မသွားဘူးဆိုရင် Mass Tourism အတွက် Marketing လုပ်စရာ မလိုပါဘူး။ ကိုယ်လိုချင်တဲ့ Goal ကိုယ့်ရဲ့ Vision လောက် ရေရှည်ကို ဦးတည်ပြီး Plan လုပ်သွားရမှာပါပဲ။
၂၀၁၇ ခုနှစ် ခရီးသွားလုပ်ငန်းကဏ္ဍပေါ် ခန့်မှန်းချက်နဲ့အမြင် . . .
၂၀၁၇ ခုနှစ်က သိပ်ကို Positive ဖြစ်ပါတယ်။ အခု ဒီ Season လည်း ကောင်းပါတယ်။ မြန်မာပြည်မှာက Seasonal ဖြစ်ပါတယ်။ အဲဒီလိုဖြစ်တာကလည်း ဟိုနှစ်ပေါင်းများစွာကတည်း ပြင်ပက လူတွေရဲ့အတွေးပေါ့။ မိုးတွင်းဆိုမသွားနဲ့၊ မြန်မာပြည်က မိုးတအားရွာတဲ့အတွက် ဘယ်မှသွားလို့ မရဘူးဆိုတာမျိုး ယူဆထားတော့ မိုးတွင်းက Tourist မှာ သိပ်နည်းတယ်။ မိုးကုန်ပိုင်း အောက်တိုဘာ၊ နိုဝင်ဘာလလောက်ကစပြီး ပြန်တက်ပါတယ်။ အဲဒီအခါမှာ တစ်နှစ်လုံးစာကြည့်ရင် Tourist Demand က မမျှတပါဘူး။ မမျှတော့ MTM အနေနဲ့က Stakeholder တွေနဲ့အတူတူ မိုးတွင်းကိုဆွဲတင်ဖို့ ကြိုးစားနေပါတယ်။ မိုးတွင်းကို ဆွဲတင်နိုင်မယ်ဆိုရင် Tourism အတွက်လည်း ပိုကောင်းနိုင်မယ်။ Tourism ထဲမှာရှိတဲ့ လူတွေအများကြီးလည်း ပိုပြီးစီးပွားရေး ပိုကောင်းပါမယ်။ ၂၀၁၇-၁၈ ခုနှစ်က ကောင်းပါတယ်။ မြန်မာပြည်ကို လာချင်တဲ့လူတွေအများကြီး ရှိနေပါတယ်။ လာချင်တဲ့လူတွေက Tourist တွေတင်မကဘူး၊ စီးပွားရေးသမားတွေလည်း အများကြီးရှိနေပါတယ်။ Tourist တွေရော၊ စီးပွားရေးသမားတွေရောပေါင်းပြီးတော့ Growth ပိုရှိပါမယ်။ နောက်တစ်ခါ ၂၀၁၇ ခုနှစ်မှာ လုပ်ချင်တာက Domestic Tourism ပါ။ Myanmar Travel Myanmar ကိုပါ။ ပြည်တွင်းမှာ ပြည်တွင်းကလူတွေ ပိုပြီးခရီးသွားဖို့ လုပ်ချင်ပါတယ်။ ၂၀၁၇-၁၈ မှာ မြန်မာတွေ မြန်မာပြည်တွင်းမှာ ခရီးသွားကြဖို့ပါ။ ပြည်တွင်းမှာ ခရီးသွားခြင်းအားဖြင့် ပြည်တွင်းမှာ ငွေကပြန်လည်တယ်၊ နိုင်ငံခြားကို ငွေထွက်တာလျော့မယ်။ နိုင်ငံခြားကို ထွက်တာကတော့ တားလို့ မရပါဘူး၊ ဒါပေမဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ခရီးသွားခြင်းအားဖြင့် ကိုယ့်ပြည်တွင်းကိုလည်း Support လုပ်ပါဆိုတဲ့ပုံစံမျိုးတွေ လုပ်သွားဖို့ ရှိပါတယ်။
ဦးဖြိုးဝေရာဇာ
Managing Director
All Asia Exclusive Travel Co Ltd
ကျွန်တော်တို့ခရီးသွားလုပ်ငန်းရဲ့ အဓိကကတော့ သယ်ယူပို့ဆောင်ရေးပဲ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်လို့ အရင်ကထက် တိုးတက်မှုတွေရှိလာပါပြီ။ ကားမော်ဒယ်မြင့်မြင့်တွေ သွင်းလာနိုင်ပြီး အရင်လောက် ကားဈေးနှုန်းတွေလည်း မရှိတော့ဘူး။ ဒါပေမဲ့ အခု ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနက ကားတွေကို လိုင်စင်နံပါတ်ပြားအပြာနဲ့ လုပ်ရမယ်ဆိုပြီး ချမှတ်ထားပါတယ်။ အစိုးရကသတ်မှတ်တာကို လုပ်ရတယ်ဆိုတော့ အခု ကားတော်တော်များများက လိုင်စင်အပြာရှိမှ ဖြစ်မယ်ဆိုပြီး ပြောင်းနေကြတယ်။ အဲဒီတော့ ရေရှည်မှာ ကားအားလုံးက နံပါတ်ပြားအပြာဖြစ်လာပြီဆိုရင် အစိုးရအနေနဲ့ Regulate လုပ်ရတာ လွယ်ကူလာပါမယ်။
နောက်တစ်ခါ ရေကြောင်းသွားလာရေးမှာလည်း လက်ရှိမှာအဓိကဖြစ်တဲ့ ဧရာဝတီမြစ်မှာ သွားလာနေတဲ့ ရေယာဉ်တွေလည်း များလာတာကို တွေ့ရပါတယ်။ တစ်ခုရှိတာက ယာဉ်တွေများပြီး အဲဒီယာဉ်တွေအားလုံးပြည့်ဖို့ ခရီးသည် နည်းနေသေးတာ ဖြစ်ပါတယ်။ စစချင်း လွန်ခဲ့တဲ့ သုံး၊ လေးနှစ်လောက်က ဒီလုပ်ငန်းကျယ်ပြန့်လာတဲ့အခါမှာ သင်္ဘောတွေဆောက်ကြပါတယ်။ အခုနောက်ပိုင်းမှာ အဲဒီသင်္ဘောတွေမှာ ခရီးသည်ပြည့်ဖို့ကို တော်တော်လေး ပြန်ရှာရမယ့် သဘောဖြစ်နေပါတယ်။ ဈေးကွက်ရဲ့ သဘောသဘာဝကတော့ အဲဒီလိုပဲ Supply နဲ့ Demand ကတော့ ညီမျှအောင် တော်တော်လေးလုပ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ယာဉ်ပိုင်ရှင်တွေရော၊ ခရီးသွားလုပ်ငန်းရှင်တွေရော၊ အစိုးရရောပူးပေါင်းပြီး ဈေးကွက်ကို ချဲ့ပေးဖို့ လိုပါတယ်။
နောက်တစ်ခါ လေကြောင်းလိုင်းကတော့ ကျွန်တော်တို့က အာဆီယံဒေသအတွင်းမှာ ပြည်တွင်းလေကြောင်းလိုင်း အများဆုံးနိုင်ငံလို့ ပြောလို့ရပါတယ်။ လေယာဉ်နှစ်စင်းရှိရင် လေကြောင်းလိုင်းထောင်လို့ ရတာမျိုးရှိသလို တချို့ဆို တစ်စင်းနဲ့တင် ပြေးဆွဲနေတာတွေလည်း ရှိပါတယ်။ ကျွန်တော့်အမြင်ကတော့ လက်ရှိမှာ သူတို့ရဲ့ Competitiveness ဘယ်လောက်ရှိနေလဲ၊ လက်ရှိရော မြတ်နေကြလားဆိုတာကို သုံးသပ်ဖို့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်မယ်ထင်ပါတယ်။ လေကြောင်းလိုင်းဆိုတာက အရင်းအနှီးကြီးတယ်၊ အာမခံကြေးတွေကလည်း အခြားလုပ်ငန်းတွေထက် များတယ်၊ Risk က တခြား Industry တွေထက်များတဲ့အတွက် လေယာဉ်နှစ်စင်းလောက်နဲ့လေကြောင်းလိုင်း လုပ်ခွင့်ပြုမယ့်အစား တခြားနိုင်ငံတွေလိုမျိုး လေကြောင်းလိုင်းလေးတွေကို ပူးပေါင်းခိုင်းလိုက်တာမျိုး အစိုးရအနေနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးသင့်ပါတယ်။ ပူးပေါင်းတယ်ဆိုတာ ကုမ္ပဏီနှစ်ခုပူးပေါင်းဖို့ မဟုတ်ပါဘူး။ Alliance လုပ်ဖို့ဖြစ်ပါတယ်။ ကမ္ဘာမှာ အောင်မြင်နေတဲ့ လေကြောင်းလိုင်းတွေလည်း Alliance လုပ်ပြီး အလုပ်လုပ်နေကြရတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Alliance ဖွဲ့ပေးတာတို့၊ ဒီ Industry နဲ့ ပတ်သက်ပြီး အားလုံးစုပေါင်းလုပ်နိုင်ဖို့ Association ထောင်ပေးတာတို့ လုပ်ဆောင်ဖို့ လိုအပ်မယ်ထင်ပါတယ်။ နောက်တစ်ခုက လေကြောင်းလောကမှာ စိန်ခေါ်မှုတစ်ခုက လေယာဉ်ဆီ ဈေးမြင့်နေတာလို့လည်း သိရပါတယ်။ လက်ရှိ လေယာဉ်ဆီဖြန့်ချိတာကလည်း ကုမ္ပဏီတစ်ခုတည်းကပဲ ဖြန့်ချိခွင့်ရနေတယ်လို့ သိရပါတယ်။ အဲဒီလိုတစ်ခုတည်းကိုပဲ လုပ်ပိုင်ခွင့်ပေးထားမယ့်အစား အပြိုင်တွေရှိလာမယ်ဆိုရင် သုံးစွဲသူတွေအတွက်လည်း Cost ကျနိုင်သလို ပိုပြီးအဆင်ပြေလာမယ်လို့ ထင်ပါတယ်။
အစိုးရအနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ Master Plan ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ Master Plan ကို Materialize ဖြစ်အောင်၊ ချထားတဲ့ Strategic Plan တွေကို အကောင်အထည်ဖော်ဖို့ကတော့ အားလုံး ပူးပေါင်းပါဝင်ရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့ Regular Role နဲ့ ကျွန်တော်တို့ လုပ်ငန်းရှင်တွေရဲ့ Operator Role ပူးပေါင်းလုပ်ဆောင်မှ ဒီ Master Plan ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ လက်ရှိမှာ Master Plan ကို အကောင်အထည်ဖော်မှုအပိုင်း အားနည်းနေတယ်လို့ မြင်ပါတယ်။
နောက်တစ်ခု လိုအပ်နေတာက Market Intelligence ပဲ ဖြစ်ပါတယ်။ ဈေးကွက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့၊ ရရှိလာတဲ့ သတင်းအချက်အလက်တွေကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အသုံးချနိုင်ဖို့က တော်တော်လေးနည်းနေတာကို တွေ့ရပါတယ်။ တကယ်တမ်း ဒီ Industry ကို ရေရှည်အောင်မြင်တဲ့ လုပ်ငန်းဖြစ်ဖို့ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဈေးကွက်သတင်းအချက်အလက်နဲ့ ပတ်သက်တာကို ကိုယ်ကိုယ်တိုင် ကောက်ယူတာလည်း လုပ်သင့်သလို Secondary Resources တွေဖြစ်တဲ့ Report တွေ၊ ဆောင်းပါးတွေကနေလည်း ယူလို့ရပါတယ်။ နောက်ပြီး အစိုးရက ထုတ်ပြန်တဲ့သတင်းတွေကလည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေပဲ ဖြစ်ပါတယ်။ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တယ်ဆိုရင် ကိုယ့်ရဲ့ဈေးကွက်ထိုးဖောက်နိုင်မှုနဲ့ လက်ရှိကိုယ်ဘယ်အခြေအနေမှာ ရောက်နေလဲဆိုတာတွေကို သိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ဧည့်သည်ဘယ်နှယောက် ဝင်တယ်ဆိုတာလောက်ပဲ သိတာမျိုးဖြစ်နေပါတယ်။ တစ်ကယ်တမ်း လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ဒါတွေအားလုံးကို Platform တစ်ခုပေါ်မှာတင်ပြီး ဆုံးဖြတ်ချက်ချနိုင်မယ့်သူတွေ၊ မူဝါဒချတဲ့သူတွေ အသုံးချနိုင်ဖို့ ကျွန်တော်တို့မှာ Unit တစ်ခုတော့လိုပါတယ်။ အဲဒီမှာလည်း ပြည်တွင်းသတင်း အချက်အလက်တွေဖြစ်သလို ပြည်ပကနေလည်း ဈေးကွက်တွေရော၊ ဒေသတွင်းအာဆီယံနိုင်ငံတွေက သတင်းအချက်အလက်တွေရော သိနိုင်မှ ကိုယ့်နိုင်ငံက ဘယ်နေရာမှာရောက်နေတယ်၊ သူများတွေက ဘယ်နေရာမှာရောက်နေတယ်၊ သူတို့တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ကျွန်တော်တို့တွေ ဘယ်လောက်ထိ ကြိုးစားရမယ်၊ ဘယ်လောက်ငွေကြေးသုံးစွဲရမလဲ၊ လူအင်အားတွေသုံးရမလဲ ဆိုတာမျိုး သိဖို့လိုပါတယ်။ အဲဒီသတင်းအချက်အလက်တွေကို ကောက်ယူပေးနိုင်တဲ့၊ လုပ်ငန်းရှင်တွေဆီကို ပြန်ပြီးမျှဝေပေးနိုင်တဲ့ Mechanism တစ်ခု လိုနေပါတယ်။
ဟိုတယ်ပိုင်းနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေထဲက ကြယ်နှစ်ပွင့်နဲ့ကြယ်သုံးပွင့် ဟိုတယ်တချို့မှာဆိုရင် လူ့စွမ်းအားအရင်းအမြစ်နဲ့ပတ်သက်တဲ့ Function တွေကို တိုးတက်အောင် လုပ်ဖို့လိုနေပါတယ်။ ဆိုလိုတာက တချို့မှာ ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးမှု အားနည်းနေပါတယ်။
ဟိုတယ်တွေအနေနဲ့ Demand နဲ့ Supply ပိုင်းနဲ့ ပတ်သက်ပြီး သိပ်မကြာသေးခင်က ရန်ကုန်၊ မန္တလေးနဲ့ အင်းလေးဒေသမှာ ဟိုတယ်အခန်းတွေက လိုအပ်တာထက်ပိုနေတဲ့အတွက် ဝန်ကြီးဌာနကနေ ဟိုတယ်ဆောက်လုပ်ခွင့်မပေးဘူး ဆိုတာမျိုး ကြားမိပါတယ်။ ကျွန်တော့်အမြင်ကတော့ ဆောက်တဲ့သူအနေနဲ့ အခုလက်ရှိမှာ အခန်းကတော့ ပိုချင်ပိုနေပါလိမ့်မယ်။ ဒါပေမဲ့ သူဆောက်တဲ့အခါမှာ အနည်းဆုံး အချိန်နှစ်နှစ်လောက်တော့ ယူရပါမယ်။ သူက တစ်နှစ်၊ နှစ်နှစ် အတွက်ပဲ ဆောက်တာမဟုတ်ပါဘူး။ ဟိုတယ်တစ်လုံး ဆောက်ပြီးရင် တစ်သက်လုံး Run ရမှာ ဖြစ်ပါတယ်။ အနည်းဆုံး နောက်အနှစ် ၃၀ လောက်ထိ မျော်မှန်းပြီး ဆောက်ရတာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းရဲ့ သဘာဝက အတက်အကျ အမြဲတမ်းရှိပါတယ်။ ပြီးခဲ့တဲ့သုံးနှစ်လောက်မှာဆိုရင် ဟိုတယ်အခန်း မလုံလောက် တာတွေ ဖြစ်ခဲ့ဖူးတယ်။ အဲဒါကြောင့် ဟိုတယ်အသစ်တွေ ဆောက်ခဲ့ကြတယ်၊ နည်းတာနဲ့ ကြုံတဲ့အခါ အခန်းတွေ ပိုတာတွေဖြစ်တယ်။ ပိုလာတာနဲ့ ထပ်ပြီး ဆောက်ခွင့်မပေးဘူးဆိုတာက မဖြစ်သင့်ပါဘူး။ အခုအချိန်မှာ အခန်းတွေပိုရင် ပိုနေမယ်ဆိုပေမယ့် နောက်ထပ် အနှစ် ၂၀ လောက်ကို ကြိုပြီး စဉ်းစားရမယ်ဆိုရင် ဆောက်လည်းဆောက်၊ ဈေးကွက်ဖွံ့ဖြိုးဖို့လည်း အားလုံးပူးပေါင်းလုပ်ကြမယ်ဆိုရင် တိုးတက်မှုလမ်းကြောင်း ပေါ်ကို မြန်မြန်ရောက်မယ်လို့ ထင်ပါတယ်။ ဒီ Industry ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးပူးပေါင်းပါဝင်တဲ့ Strategies လိုအပ်ပါတယ်။ အဲဒါကလည်း ခရီးသွားလုပ်ငန်းတစ်ခု တင်မဟုတ်ဘဲ ချိတ်ဆက်နေတဲ့ စီးပွားရေးလုပ်ငန်း အားလုံးအတွက် မဟာဗျူဟာတစ်ခု လိုအပ်ပါတယ်။ လက်ရှိ Master Plan မှာက မဟာဗျူဟာ ခြောက်ခုရှိပါတယ်။ အဲဒါတွေကို အကောင်အထည်ဖော်ဖို့ဆိုရင် ငွေကြေးအရင်းအနှီး၊ လူအင်အားတွေအများကြီး လိုအပ်ပါတယ်။
အစားအသောက်ပိုင်းမှာတော့ အခုနောက်ပိုင်း ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်တွေက အမျိုးအမည်တွေ ပိုများလာသလို တိုင်းရင်းသား အစားအသောက်နဲ့ပတ်သက်တဲ့ အသင်းတစ်ခုလည်း ပေါ်လာပြီ ဖြစ်ပါတယ်။ ပဒုမ္မာစားသောက်ဆိုင်က ဦးဆန်နီအောင်ခင်က ဦးစီးပြီး ဒီအသင်းကို ထောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာအစားသောက်ကတော့ တော်တော်လေး လူသိနည်းနေပါသေးတယ်။ မြန်မာအစားအစာကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် သုံးမယ်ဆိုရင် အခက်အခဲအများကြီး ရှိနေပါသေးတယ်။ မြန်မာအစားအသောက်တွေက ဆီအလွန်များပြီး အချိုမှုန့်သုံးတာတွေလည်းများတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တာမျိုး ရှိတယ်။ နောက်ပြီး Food Safety ပိုင်းမှာလည်း ပြဿနာ ရှိနေတယ်။ မသုံးသင့်တဲ့ အရောင်တွေ သုံးတာ၊ ဘေးဖြစ်စေတဲ့ ဆိုးဆေးတွေသုံးတာတို့၊ ဥပမာ- သံပုရာရည်ကို အရသာနဲ့ အက်ဆစ်အပျော့စားနဲ့ ဖျော်ပြီး ရောင်းနေကြတာမျိုးတွေ ဖြစ်ပါတယ်။
နှစ်အနည်းငယ်အတွင်းမှာကို စားသောက်ဆိုင်တွေ အဆင့်အတန်းကတော့ မြင့်လာတာ တွေ့ရပါတယ်။ ဆိုင်တွေတော်တော်များများကလည်း စားသုံးသူတွေရဲ့ အကြိုက်နဲ့ ဘေးကင်းရေးတွေကို ဂရုစိုက်လာကြတာလည်း တွေ့ရပါတယ်။ ခရီးစဉ်ဒေသတွေဖြစ်တဲ့ ပုဂံတို့၊ အင်းလေးတို့၊ မန္တလေးတို့မှာလည်း စားသောက်ဆိုင်အသစ်တွေ အများကြီး ပေါ်လာပါပြီ။ ညောင်ရွှေလို နေရာမျိုးမှာဆိုရင် နိုင်ငံတကာအစားအသောက်ကော၊ ဒေသအစားသောက်တွေပါ ရောင်းနေကြတဲ့ စားသောက်ဆိုင် တော်တော်များပါတယ်။
အစားအသောက်ပိုင်းဆိုင်ရာကို သေသေချာချာ လုပ်မယ်ဆိုရင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား အကျိုးပြုမှာဖြစ်ပါတယ်။ အဓိကကတော့ ဒေသအစားအသောက်တွေကို အချက်အပြုတ်ပြိုင်ပွဲ လုပ်တာတို့၊ စားသောက်ဆိုင်ပိုင်ရှင်တွေကို တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက် အလုပ်ရုံဆွေးနွေးပွဲ လုပ်ပေးတာတို့ လုပ်သင့်ပါတယ်။ စားသောက်ဆိုင်တွေကို စစ်ဆေးပြီး Certificate ထုတ်ပေးတာက စည်ပင်ဆိုရင်လည်း အဲဒီတာဝန်ရှိတဲ့ သူတွေကိုလည်း ဘယ်လိုထိထိရောက်ရောက် စီမံခန့်ခွဲပေးမှ ကောင်းမယ်ဆိုတာမျိုးကို Training ပေးတာမျိုး လုပ်သင့်ပါတယ်။
Tour Destination ပိုင်းဆိုရင် နိုင်ငံခြားသားတွေက ပုံမှန်သွားလာနေကျနေရာတွေရှိသလို နယ်စပ်တွေကို ဖြတ်သွားရတာမျိုးတွေကို ကြိုက်ကြပါတယ်။ ဥပမာ- လာအိုကနေ မြန်မာနိုင်ငံထဲကို ဝင်ခွင့်ရမယ်ဆိုရင် ရှမ်းပြည်နယ် အရှေ့ပိုင်းကို ခရီးသွားတွေ အများကြီး ရောက်လာနိုင်ပါတယ်။ ချင်းပြည်နယ်ဆိုရင်လည်း ခရီးသွားဝင်ရောက်မှု တိုးပွားလာအောင် လုပ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ချင်းပြည်နယ်မှာဆိုရင်လည်း အခုလတ်တလော လုပ်သွားတာက ခွာဒိုပွဲတော်ရှိပါတယ်။ အဲဒီပွဲကို တီးတိန်မြို့မှာ လုပ်တာဖြစ်ပြီး အဲဒီမြို့နားက လိုင်လိုဆိုတဲ့ရွာကို ခရီးစဉ်ဒေသတစ်ခုဖြစ်အောင်လုပ်ဖို့ ရွေးထားပါတယ်။ အဲဒီရွာက တိုင်းရင်းသားတွေကလည်း အလွန်ကို ဖော်ရွေကြပါတယ်။ ဒေသခံအစားအစာတွေလည်း မြည်းစမ်းလို့ ရတယ်။ ရှုခင်းတွေကလည်း အင်မတန်လှတယ်။ ဒီလိုတွေရှိတော့ Tour Destination တွေက တိုးပွားလာဖို့ ရှိပါတယ်။ ဒါပေမဲ့ အဓိကလိုအပ်ချက်က သွားလာတဲ့အခါ လွယ်ကူဖို့ဖြစ်ပါတယ်။
Souvenir Market မှာလည်း တိုးတက်မှုတွေတော့ မြင်နေရပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ အများကြီးနောက်ကျနေပါတယ်။ အခုဆိုရင် အမှတ်တရပစ္စည်း ပြုလုပ်ရောင်းချသူများအသင်းဆိုပြီး ရှိနေပါပြီ။ အဓိကက ထုတ်လုပ်တဲ့နေရာမှာ Cost နည်းနိုင်သမျှနည်းပြီး အရည်အသွေးကောင်းအောင်လုပ်နိုင်ဖို့ဆိုရင် Market Demand က ဘယ်လောက်ရှိလဲဆိုတာကို သိဖို့လိုပါတယ်။ ထပ်ဖန်တီးတာ မဟုတ်ဘဲ လက်ရှိပစ္စည်းတွေဖြစ်တဲ့ ဥပမာ - ဇီးကွက်ရုပ်၊ စက္ကူနဲ့လုပ်တဲ့ နွားရုပ်၊ ဆင်ရုပ်တွေကိုလည်း ဈေးကွက်ဝင်အောင်လုပ်လို့ ရပါတယ်။
Night Life နဲ့ပတ်သက်ပြီး ညဈေးလိုမျိုးဆိုရင်လည်း နေရာတစ်ခုသတ်မှတ်ပေးပြီး လုပ်ကိုင်ခွင့် ပေးသင့်ပါတယ်။ ရန်ကုန်မှာ နှေးနေပေမဲ့ အင်းလေး (ညောင်ရွှေမြို့နယ်၊ ကျောက်တိုင်ကွင်း) မှာ တစ်ခုလုပ်နေပါပြီ။ ဒီဇင်ဘာလထဲမှာ ဖွင့်မယ်လို့ သိရပါတယ်။ ဒါကတော့ ခရီးစဉ်ဒေသလေးခုထဲမှာ ပထမဆုံးပေါ်လာမယ့် ညဈေးဖြစ်ပါတယ်။
Promotion ပိုင်းဆိုရင် ဥပမာ - မြန်မာနိုင်ငံကို နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီတစ်ခုကနေ ရုပ်ရှင်လာရိုက်မယ်၊ အဲဒီအတွက် တစ်ကမ္ဘာလုံးကနေ အဲဒီရုပ်ရှင်ကို ကြည့်ကြမယ်၊ မြန်မာနိုင်ငံရဲ့ Destination တွေကို တွေ့မြင်ကြမယ်။ ဒါဆို Promote လုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ အခွန်ကောက်တာမျိုးတွေမလုပ်ဘဲ လွယ်လွယ်ကူကူ လာရောက်နိုင်ဖို့ ခွင့်ပြုပေးသင့်ပါတယ်။ အဲဒီလို ရိုက်ကူးမှုတွေကို အစိုးရက နေပံ့ပိုးပေးရုံနဲ့ Promotion အတွက် အများကြီးရပါတယ်။ အဲဒါမျိုးကို အစိုးရအနေနဲ့ မီဒီယာစည်းမျဉ်းတွေ ချမှတ်ပြီး ပံ့ပိုးပေးမယ်ဆိုရင် Tourism Industry အတွက် Promotion တင် မဟုတ်ဘဲ အခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဦးစိုင်းကက်နက်
ဧည့်လမ်းညွှန်
(အင်္ဂလိပ်၊ တရုတ်၊ ဂျပန်)
Tourism Industry ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အခြေခံအဆောက်အအုံကြီးတစ်ခုလုံး ပြင်ဖို့လိုနေတာပါ။ နိုင်ငံခြားသားတစ်ယောက် မြန်မာနိုင်ငံကို စပြီး ခြေချလိုက်တာနဲ့ Taxi တွေကို တွေ့မယ်။ Taxi အများစုက အဲကွန်းမရှိဘူး၊ မီတာမရှိဘူး။ ကြိုက်တဲ့ဈေးခေါ်တယ်။ ခရီးသည်ကို အတင်းဆွဲခေါ်တာတွေရှိတယ်။ လူထပ်တင်ဖို့ လုပ်တာတွေရှိပြီး ပေါင်းပြီးတင်တာမျိုးတွေလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ စနစ်ကျတဲ့ Taxi စနစ်မရှိဘူး။
Public Transportation မရှိဘူး။ Airport Shuttle ဆိုတာမျိုးကလည်း လုပ်ဖို့တော့ကြိုးစားနေတယ်။ ဒါပေမဲ့ ထင်သလောက်အောင်မြင်တာ မတွေ့ရဘူး။ ဖြစ်သင့်တာက Airport Shuttle မှာ ဝန်ထမ်းက အင်္ဂလိပ်လို အခြေခံလောက်လေး ပြောတတ်ပြီး လေဆိပ်ကနေမြို့ထဲကို ဆယ်မိုင်လောက်ရှိတဲ့ခရီးမှာ တစ်လမ်းလုံးမှာ အဆင်ပြေသလို ဟိုတယ်တွေမှာ ချပေးတာမျိုးပါ။ ဒီလိုဈေးနှုန်းချိုချိုသာသာနဲ့ နိုင်ငံတကာခရီးသည်တွေ အဆင်ပြေပြေသွားလာနိုင်တဲ့ ကွန်ရက်တစ်ခုက သေချာမတည်ဆောက်နိုင်သေးဘူး။ ဒါကို အခုလက်ရှိမှာ ပုဂ္ဂလိကကဏ္ဍက လုပ်ဖို့ကြိုးစားနေပေမဲ့ သိပ်အဆင်ပြေတာကို မတွေ့ရပါဘူး။
လေကြောင်းလိုင်းနဲ့ ပတ်သက်ရင်တော့ မြန်မာနိုင်ငံက စိတ်ဝင်စားလာကြတဲ့ Destination ဖြစ်လာတဲ့အခါ နိုင်ငံတကာလေကြောင်းလိုင်းတွေက ထပ်တိုးပြီးပြေးဆွဲဖို့တောင် တာဆူနေကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အခုဆိုရင် လေကြောင်းလိုင်းပေါင်း ၂၈ ခု လောက်ရှိပြီး တိုင်းပြည်တိုးတက်လာတာနဲ့အမျှ အရှိန်အဟုန်နဲ့ တိုးတက်လာဖို့ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးဖို့လိုတာက စနစ်ကျတဲ့ စီမံခန့်ခွဲမှုရှိတဲ့ လေဆိပ်ကအဓိက ဖြစ်ပါတယ်။ အခုက လေဆိပ်အဆောက်အအုံသစ်တွေလည်းရှိလာပေမယ့် စီမံခန့်ခွဲမှုပိုင်းက သိပ်အထာမကျသေးဘူး။ ဘယ်လိုမျိုးတွေလဲဆိုရင် ဧည့်လမ်းညွှန်မပါတဲ့၊ ခရီးသွားကုမ္ပဏီနဲ့ ချိတ်ဆက်မထားတဲ့ ခရီးသည်တွေဆိုရင် ဘယ်နေရာမှာ အဆင်ပြေစွာနဲ့ ကားငှားလို့ ရမလဲ၊ အစားအသောက်စားလို့ရမလဲစတဲ့ လမ်းညွှန်နဲ့ပတ်သက်တဲ့ဆိုင်းဘုတ်တွေ စနစ်တကျညွှန်ပြထားတာ မရှိဘူး။ နောက်ပြီး အခု Terminal နှစ်ခုရှိတဲ့အခါ ဘယ် Terminal ကနေဆင်းမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘူး။ နောက်ပြီး Terminal 1 နဲ့Terminal 2 ကိုလည်း စနစ်တကျချိတ်ဆက်ထားတာမရှိဘူး။ မပြီးသေးတာလည်းပါပါတယ်။ ကျွန်တော်ထင်တာက ဒါတွေပြီးအောင် နောက်နှစ်နှစ်လောက်အထိ စောင့်ရဦးမယ်။
ပြည်တွင်းလေကြောင်းလိုင်းတွေအတွက်ကတော့ စိန်ခေါ်မှုတွေများတဲ့ အနေအထားဖြစ်ပါတယ်။ သူတို့ရဲ့အားနည်းချက်ကတော့ ဒေသတွင်းက ပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ယှဉ်ရင် ယှဉ်ပြိုင်နိုင်မှုအားနည်းတာဖြစ်ပါတယ်။ ဈေးများနေတာရှိတယ်။ ထိုင်းရဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ၊ ဗီယက်နမ်ပြည်တွင်း လေကြောင်းလိုင်းတွေနဲ့ယှဉ်ရင် ခရီးစဉ်အကွာအဝေး အတူတူလောက်ကိုပဲ မြန်မာနိုင်ငံမှာက ပိုပေးနေရတယ်။ ဥပမာ - ရန်ကုန်ကနေ ဟဲဟိုးလောက်ကိုသွားမယ်ဆိုရင် တစ်ကြောင်းကို ၄၅,၀၀၀ ကျပ်လောက်ရှိတယ်။ ဒီလို အကွာအဝေးလောက်ကိုပဲ ထိုင်း၊ ဗီယက်နမ်တို့မှာဆိုရင် ၂၅,၀၀၀ ကျပ်လောက်ပဲ ကျပါတယ်။ ဒီတော့ ပြည်တွင်းလေကြောင်းလိုင်းချင်း ယှဉ်တဲ့အခါ ဈေးကခေါက်ချိုးလောက်ကို ဟနေပါတယ်။ ဒါလည်း အခက်အခဲတစ်ခု ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကိုသွားရင် ပိုပြီးတော့ ဈေးချိုတဲ့အတွက်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ Holiday Destination က ထိုင်း (ချင်းမိုင်)၊ ဗီယက်နမ် (ဟာလောင်ဘေး) ဖြစ်ကုန်ကြတယ်။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းတွေ အသုံးပြုနေတဲ့ လေဆိပ်တွေက အင်မတန်ဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေဖြစ်ပြီး စနစ်တကျစီမံခန့်ခွဲမှု လုံးဝမရှိပါဘူး။ ဧည့်သည်တွေများတဲ့အခါ ထိုင်ဖို့နေရာက အလုံအလောက်မရှိပါဘူး။ နောက်ပြီးရန်ကုန်ကို ပြန်ဝင်လာလို့ လေယာဉ်အစင်းရေများတဲ့အခါ ဧည့်သည်တွေက Check In လုပ်ပြီး Luggage တွေကို ဘယ်နေရာမှာ ယူရမယ်မှန်း မသိကြဘူး။
တကယ်လိုအပ်ချက်ဖြစ်နေတာကတော့ မပြောဖြစ်ကြတဲ့၊ လက်တွေ့မှာတော့ တကယ်အရေးပါတဲ့ အိမ်သာဖြစ်ပါတယ်။ အများအားဖြင့် သန့်ရှင်းရေးကို အလျင်မီအောင် လုပ်တဲ့စနစ်က အားနည်းတဲ့အခါ ခရီးသွားတအားများတဲ့ရာသီမှာ အနံ့အသက်အင်မတန် ဆိုးရွားတာတွေ တွေ့ရပါတယ်။ ဒါကြောင့် လေဆိပ်တွေမှာ ဝင်လာတဲ့ခရီးသည်နဲ့မျှတဲ့ လူအင်အားကိုထားပြီး သန့်ရှင်းရေးအလျင်မီအောင် လုပ်နိုင်တဲ့ စီမံခန့်ခွဲမှု လိုအပ်ပါတယ်။
Express Bus တွေကလည်း အခုနောက်ပိုင်းမှာ အများကြီးတိုးတက်လာပါတယ်။ ဒါပေမဲ့ အဝေးပြေး လမ်းမကြီးတွေပေါ်မှာဖြစ်တဲ့ မတော်တဆဖြစ်မှုနှုန်းတွေ တက်လာတဲ့သတင်းတွေလည်း ခရီးသွားတွေက သိထားတော့ တခြားနိုင်ငံတွေလိုတော့ Express Bus နဲ့ သွားတဲ့နှုန်းက တအားကြီးတိုးတက်မလာပါဘူး။
နိုင်ငံခြားခရီးသွားတွေ အင်မတန်အကြိုက် တွေ့လာတာကတော့ River Cruise တွေဖြစ်ပါတယ်။ ဒီငါးနှစ်အတွင်းမှာ ဈေးကွက်အတွင်းမှာ အားရစရာကောင်းလောက်အောင် တိုးတက်လာတယ်။ ကုမ္ပဏီတွေလည်းများလာပြီး ခရီးစဉ်တွေလည်း များလာတယ်။ အခု ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်နှစ်ခုမှာ ဈေးအကြီးဆုံးကနေ ဈေးခပ်ချိုချိုပြေးဆွဲနေတဲ့ သင်္ဘောတွေက အစီးပေါင်းသုံးဆယ်ခန့် ရှိပါတယ်။ အသက်ကြီးပိုင်းနိုင်ငံခြားသားခရီးသည်အများစု အကြိုက်တွေ့ပါတယ်။ မြစ်ကြောင်းတစ်လျှောက် ဧရာဝတီမြစ်အလှကိုခံစားရင်း လူနေမှုဘဝတွေကို လေ့လာကြတယ်။ ရန်ကုန်ကနေ ပုဂံ၊ ပုဂံကနေ ရေကြောင်းသာတယ်ဆိုရင် အထက်ပိုင်း ဗန်းမော်၊ ဟုမ္မလင်းလောက်အထိသွားတဲ့ ခရီးစဉ်အရှည်တွေလည်း ပေါ်လာပါတယ်။
ဟိုတယ်ပိုင်းမှာဆိုရင် ဒီဘက်နှစ်ပိုင်းမှာ အငြင်းပွားရတာ၊ ဆွေးနွေးရတာတွေက Supple နဲ့Demand ကိစ္စပဲဖြစ်ပါတယ်။ နိုင်ငံခြားသားအနေနဲ့ Complaint လုပ်တာကတော့ မြန်မာနိုင်ငံက ဟိုတယ်ဈေးတွေ ကြားလိုက်တာနဲ့ လန့်သွားတာပဲလို့ အများဆုံး ပြောကြပါတယ်။ ဒါပေမဲ့ အခုဆို Supply ဘက်ကို ကြည့်မယ်ဆိုရင် ရန်ကုန်၊ မန္တလေးတို့မှာ ဟိုတယ်အသစ်တွေ အများကြီးထွက်လာတယ်။ ထပ်ပြီးတိုးလာဖို့လည်း ရှိတယ်။ နောက်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနဲ့ ထပ်ပြီးဖွင့်မယ့်ဟိုတယ်တွေကလည်း နှစ်နှစ်၊ သုံးနှစ်အတွင်းမှာ ထပ်ပြီးများလာဖို့ ရှိပါတယ်။ ကျွန်တော်ထင်တာတော့ Supply နဲ့Demand က Balance မျှသွားတဲ့အချိန်မှာ လက်ခံနိုင်တဲ့ ဈေးအနေအထားကို ရောက်သွားမှာပါ။
Service ပိုင်းဆိုရင်တော့ တိုင်းပြည်က ခေတ်နောက်ကျပြီးကျန်ခဲ့တဲ့အတွက် HR ပိုင်းမှာ Shortage ဖြစ်သွားတယ်။ ဟိုတယ်၊ စားသောက်ဆိုင်၊ လေကြောင်းလိုင်းတွေမှာ အင်္ဂလိပ်စာကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့ဝန်ထမ်း မလောက်ဘူး။ အဲဒီအတွက် Language Training ရော၊ Career Training ပါ လိုနေပါတယ်။ ဒါ ကြောင့် Service ပိုင်းနဲ့ပတ်သက်တဲ့ Training တွေကို ပုဂ္ဂလိကပိုင်းကရော၊ အစိုးရပိုင်းကပါ ပိုပြီးအားကောင်းမောင်းသန်နဲ့ တည်ဆောက်ပေးပြီး နောင်လာမယ့် အနာဂတ် Tourism Industry ကို ဝင်လာမယ့် လူငယ်တွေကို ပြန်ပြီး အရည်အသွေးမြင့်အောင်လုပ်ပေးမယ့်သင်တန်းတွေ ပို့ရပါမယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ Free Information ပေးတဲ့ Information Counter လိုမျိုးတွေ၊ Brochure တွေက အားနည်းနေပါတယ်။ ဧည့်သည်တစ်ယောက်က ကိုယ့်ဟာကိုယ်သွားမယ်ဆိုရင် သွားနိုင်အောင် ပေးထားတဲ့ Information တွေ သိပ်မရှိဘူး။ နောက်ပြီး ရှိနေတာ တချို့ကလည်း Update မဖြစ်ဘူး။ ဒါပေမဲ့ အခုဆိုရင် မြို့ထဲကလမ်းတွေရဲ့နာမည်ကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရေးထားတဲ့ဆိုင်းဘုတ်တွေ လုပ်ထားပါပြီ။ ဘယ်ဆိုင်သွားစားရမလဲဆိုတဲ့ Food Guide မျိုးတွေတော့ နည်းနည်းတွေ့နေရပါပြီ။ ဒါကို Service Provider အနေနဲ့ခရီးသွားမြှင့်တင်ရေး အဖွဲ့အစည်းကပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနကပဲဖြစ်ဖြစ် ပိုပြီးဖိဖိစီးစီးလုပ်ဖို့တော့ သင့်တယ်လို့ ထင်ပါတယ်။
Night Life နဲ့ ပတ်သက်ပြီး ပြောရရင်တော့ မကောင်းဘူးမဟုတ်ပါဘူး။ Night Life ဆိုတဲ့နေရာမှာ သူငယ်ချင်းတွေ သီချင်းဆိုကြမယ်၊ Spa သွားကြမယ်၊ Gallery တွေသွားလည်ကြမယ်၊ Music Bar တွေ သွားကြမယ်၊ စားကြသောက်ကြမယ်ဆိုတာတွေပါတယ်။ ဒါက ရန်ကုန်မြို့မှာတော့ တိုးလာတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တကယ့်ဒေသအစားအစာတွေကို စားနိုင်မယ့် Night Market တွေ၊ ဥပမာ - စင်ကာပူမှာရှိတဲ့ Food Court လိုမျိုး၊ ထိုင်းမှာရှိတဲ့ Street Food လိုမျိုးတွေလာတဲ့နိုင်ငံခြားသားတိုင်း သန့်သန့်ရှင်းရှင်းနဲ့စားနိုင်တဲ့နေရာလေးတွေ ဖန်တီးပေးဖို့တော့ လိုပါသေးတယ်။ Street Food ဆိုလို့ရှိရင် ရန်ကုန်မြို့၊ တရုတ်တန်းကလွဲပြီး မရှိသေးပါဘူး။ ဒါပေမဲ့ တရုတ်တန်းက အစားအသောက်ရဲ့သန့်ရှင်းမှု၊ နေရာထိုင်ခင်းအနေအထားအရ နိုင်ငံခြားသားစားဖို့ သင့်တော်သလားဆိုတာ ပြောရခက်ပါတယ်။ ဒါကို နိုင်ငံခြားသားတွေ စိတ်ချလက်ချစားနိုင်မယ့် Street Food အတွက် အဖွဲ့အစည်းတစ်ခုကဦးဆောင်ပြီး နေရာလွတ်တစ်ခုကိုအသုံးပြုပြီး လုပ်သင့်ပါတယ်။ Night Market ဖြစ်လာရင် အစားအသောက်ရှိမယ်၊ အမှတ်တရပစ္စည်းရှိမယ်၊ အနီးနားမှာ Entertainment လေးတွေရှိမယ်။ ရိုးရာအက၊ ရုပ်သေး၊ မြန်မာကိုယ်ပိုင်သံစဉ်လေးတွေကို ဆိုပြတီးပြတဲ့တီးဝိုင်းလေးတွေကို သက်သာတဲ့ဝင်ကြေးလေးတစ်ခုနဲ့ ဖျော်ဖြေမယ်ဆိုရင်လာကြမှာပဲ။
Souvenir Market အပိုင်းကိုပြောမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ တီထွင်ကြံဆမှုအားနည်းပါတယ်။ တစ်ဦးကလုပ်ရင် ကျန်တဲ့သူတွေအားလုံး လိုက်လုပ်တယ်။ တကယ့်နိုင်ငံခြားသားတွေ ယူသွားချင်လောက်အောင်၊ မက်လောက်စရာရှိတဲ့ အမှတ်တရပစ္စည်းတွေက အားနည်းနေပါတယ်။ ရိုးရာအရတော့ ပန်းပုရုပ်လေးတွေ၊ ယွန်းထည်လေးတွေ၊ ရုပ်သေးရုပ်လေးတွေ၊ ရွှေချည်ထိုးလေးတွေကတော့ မန္တလေး၊ ပုဂံ၊ အင်းလေးရောက်ရင် ဝယ်လို့ရနိုင်တဲ့နေရာလေးတွေရှိပေမယ့် ရန်ကုန်မှာ တစ်စုတစ်စည်းတည်း ဝယ်နိုင်အောင် စိတ်ကူး စိတ်သန်းကောင်းကောင်းနဲ့အမှတ်တရ ပစ္စည်းလေးတွေကိုလုပ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းကနေ ကမကထလုပ်ဖို့လိုပါတယ်။ အခုလက်ရှိမှာ အမှတ်တရပစ္စည်း ထုတ်လုပ်သူများအသင်းတော့ ဖွဲ့ထားတာရှိပါတယ်။ အဲဒီလိုအသင်းတွေနဲ့ခရီးသွားလုပ်ငန်းတွေ ပူးပေါင်းပြီးတော့ နေရာလွတ်တစ်ခုရှာပြီး အကောင်အထည်ဖော်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ လုပ်ကွက်အများကြီးရှိသေးတဲ့ ဈေးကွက်တစ်ခုပါ။ နောက်ပြီး ဈေးလည်းမများ၊ သယ်ဆောင်ရလည်း လွယ်ကူ၊ အရည်အသွေးလည်းကောင်း၊ ဝယ်လိုစိတ်ကို ဆွဲဆောင်နိုင်တဲ့ အမှတ်တရပစ္စည်းမျိုးတော့ ဖြစ်ဖို့လိုပါတယ်။
နောက်ပန်းချီကားတွေဆိုရင်လည်း မြန်မာနိုင်ငံက ပန်းချီဆရာတွေရဲ့ပန်းချီးကားတွေကို နိုင်ငံတကာက တော်တော်ကြိုက်ကြပါတယ်။ ဒါပေမဲ့ ရောင်းနေတဲ့ဈေးနှုန်းအရပဲဖြစ်ဖြစ်၊ အရွယ်အစားအရပဲဖြစ်ဖြစ်၊ လာလည်တဲ့လူတွေ ပြန်ယူသွားဖို့ ခက်ခဲပါတယ်။ ဥပမာ - ကျွန်တော် ဗီယက်နမ်မှာတွေ့တဲ့ တချို့ပန်းချီကားလေးတွေ တော်တော်လှတယ်။ ကမ္ဘာလှည့်ခရီးသွားတွေလက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်တဲ့ ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၁၅၀ လောက်အတွင်း ရနိုင်တယ်။ နောက်ပြီး ကွန်ဒိုတိုက်ခန်းလိုမျိုးမှာ ချိတ်ဆွဲလို့ရတဲ့ အရွယ်အစားလေးတွေဖြစ်တယ်။ ဒီမှာကတော့ တအားကောင်းတဲ့ ပန်းချီကားတွေက ဒေါ်လာနှစ်ထောင်၊ သုံးထောင်လောက်ရှိပြီး အရွယ်အစားတွေကလည်း သိပ်ကြီးတော့ လုံးချင်းအိမ်တွေမှ ချိတ်လို့ရမယ့် ပုံစံဖြစ်နေပါတယ်။ ရုပ်သေးရုပ်လေးတွေဆိုရင်လည်း စာအုပ်စင်လေးမှာ၊ ကိုယ့်အိပ်ခန်းလေးထဲမှာ အလှဆင်လို့ရမယ့် ခပ်သေးသေးအရွယ်လေးတွေဆိုရင် ပိုဝယ်ချင်ကြပါမယ်။
Tourist Guide တွေမှာလည်း ရှေ့မှာပြောခဲ့သလို Supply နဲ့ Demand တော့ မမျှဘူးဖြစ်သွားတာမျိုး ရှိပါတယ်။ တကယ်ကျွမ်းကျင်ပြီး လုပ်ငန်းခွင်မှာ တကယ်လုပ်နေတဲ့ Tourist Guide မလုံလောက်ဘူး ဖြစ်သွားတဲ့ နှစ်တွေရှိပါတယ်။ အခုလက်ရှိမှာတော့ ဧည့်လမ်းညွှန်သင်တန်းအပြင် နယ်တွေမှာလည်း ဒေသဆိုင်ရာ ဧည့်လမ်းညွှန်တွေကို မွေးထုတ်ပေးနေပါတယ်။ ပုဂံ၊ အင်းလေးအပြင် အသစ်ပေါ်လာတဲ့ ခရီးစဉ်ဒေသတွေဖြစ်တဲ့ သီပေါ၊ လားရှိုး၊ မော်လမြိုင်၊ လွိုင်ကော်တို့မှာလည်း သင်တန်းတွေဖွင့်နေတယ်လို့ သိရပါတယ်။ ဧည့်လမ်းညွှန်တွေက တကယ့်ကို ဧည့်သည်များတဲ့ နှစ်တွေမှာဆိုရင် လိုနေပါတယ်။ ဒါပေမဲ့ ဧည့်လမ်းညွှန်အလုပ်က မိုးရွာတုန်းရေခံရတဲ့ သဘောမျိုးရှိပါတယ်။ တချို့အင်မတန်ထူးချွန်ပြီး ဒီအလုပ်မှာ မကျန်ခဲ့တာမျိုးလည်းရှိပါတယ်။ ရုတ်တရက်ကြည့်ရင် ဝင်ငွေအင်မတန်ကောင်းတဲ့ အလုပ်ဖြစ်ပေမဲ့ ဒေါင်ဒေါင်မြည်ဝင်ငွေရတဲ့ လက ခုနစ်လပဲရှိတယ်။ ကျန်တဲ့ငါးလ ဘာလုပ်ကြမလဲဆိုတဲ့ ပြဿနာက အမြဲဒွန်တွဲနေတယ်။ ဒါကြောင့် ကျွမ်းကျင်ပြီး အလားအလာရှိတဲ့လူငယ်တွေကို ဒီပရော်ဖက်ရှင်နယ်မှာ တင်ကျန်နေအောင်လုပ်ဖို့ဆိုတာ အခက်အခဲဖြစ်နေပါတယ်။ ဒီဘက်နှစ်တွေမှာတော့ ဧည့်လမ်းညွှန်အလုပ်ထဲကို လူငယ်အလုံးအရင်းဝင်လာဖို့လုပ်နေတာတော့ ရှိပါတယ်။
ခရီးသွားလုပ်ငန်းအေဂျင်စီတွေအနေနဲ့ အခက်အခဲရှိဆုံးကတော့ အသေးစားအလတ်စားလုပ်ငန်းတွေကို သေချာကူညီနေတဲ့ ပရောဂျက်တွေ ကောင်းကောင်း မရှိတာပါပဲ။ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းတို့ ၊ ဗီယက်နမ်တို့မှာတော့ တအားသေးငယ်တဲ့ခရီးသွားအေဂျင်စီတွေ လုပ်ငန်းစမယ်ဆိုရင် မတူတဲ့ထောင့်ကနေ ပံ့ပိုးပေးမယ့် အစီအစဉ်တွေရှိတယ်။ ဘဏ်ငွေချေးမလား၊ လုပ်ငန်းဆိုင်ရာအရ တိုးတက်အောင်လုပ်မလားဆိုတာတွေကို Tourism Rolling Body ဆိုတာတွေက လုပ်ပေးတယ်။ ထိုင်းမှာဆိုရင် Tourism Authority of Thailand (TAT) ရှိတယ်။ မလေးရှားမှာဆိုရင်လည်း Malaysia Tourism ရှိတယ်။ စင်ကာပူမှာလည်း Singapore Tourism Board ရှိတယ်။ အဲဒီလိုမျိုး အဖွဲ့အစည်းတွေက အားကောင်းလာတဲ့အချိန်ကျတော့ ဝန်ကြီးဌာနတွေလို အစိုးရတာဝန်လိုမဟုတ်ဘဲနဲ့ အဲဒီလို အားကောင်းတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့ ဦးဆောင်လုပ်ကြတာရှိတယ်။ ကျွန်တော်တို့ဆီမှာ ဒီလိုအပိုင်းလည်း အားနည်းနေတာတွေ့ရတယ်။ ကျွန်တော်တို့ဆီမှာ Tourism Association တော့ရှိနေပြီ။ ပိုပြီးထိရောက်အောင်လုပ်ဖို့ကတော့ အချိန်တစ်ခုပေးရမယ့်အနေအထား ဖြစ်နေပါတယ်။
ခရီးသွားလုပ်ငန်းတွေကတော့ အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ Operation Cost မြင့်လာတယ်။ ရန်ကုန်မြို့မှာတင်မကဘဲ တစ်ပြည်လုံးမှာ အခန်းငှားခ၊ ဝန်ထမ်းခ၊ အခွန်အခတွေ ကြီးမြင့်လာတာက အခက်အခဲဖြစ်ပါတယ်။ လမ်းကြောင်းပေါ်မှာ အောင်မြင်နေပြီးသားကုမ္ပဏီတွေကတော့ ဒေသတွင်းမှာလည်း ပြိုင်ဆိုင်နိုင်ကြတယ်။ နောက်ပြီး တချို့ကုမ္ပဏီတွေက ဖက်စပ်လုပ်ငန်းတွေဖြစ်တာကြောင့် ဈေးကွက် ရှာဖွေတာ အင်မတန်လွယ်ပါတယ်။ နိုင်ငံတကာဈေးကွက်ကို နိုင်ငံခြားကနေပြီးရှာပြီးလုပ်ကြတော့ ပိုအားသာတာရှိပါတယ်။
Tourism Industry ကို အကျပ်အတည်းဖြစ်စေတဲ့ Law & Regulations တွေကတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် နယ်စပ်ဝင်ပေါက်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ အဆင်မပြေဆုံးပါပဲ။ အခုနောက်ပိုင်း ဒါနဲ့ပတ်သက်ပြီး ထုတ်ထားတဲ့စည်းကမ်းချက်တွေက ခဏခဏပြောင်းတယ်။ တချို့က တာချီလိတ်၊ မြဝတီက ၊ ရွှေလီ၊ မူဆယ်တို့က ဝင်လာချင်တာတွေရှိတယ်။ အဲဒါတွေကို အခုကန့်သတ်ချက်ရှိတာက ဝင်လာတဲ့ နယ်စပ်ဝင်ပေါက်ကနေ ပြန်ထွက်ရမယ်ဆိုတာမျိုးပါ။ ဥပမာ - မူဆယ်ကဝင်လာရင် မူဆယ်ကနေ ပြန်ထွက်သွားရမယ်။ အဲဒီစည်းကမ်းတွေက လက်တွေ့မကျပါဘူး။ အဆင်လည်း မပြေပါဘူး။ အဲဒီလိုသွားဖို့ကိုတောင် ကြိုတင်ပြီး Permission တင်ရမယ်ဆိုတာမျိုး အဟန့်အတားတွေက အရင်စနစ်ဟောင်းက ကျန်တာတွေပါ။ Rules & Regulations တွေထုတ်တဲ့အချိန်မှာ ခရီးသွားကုမ္ပဏီတွေတင်မကဘဲ လေကြောင်းလိုင်းရော၊ ဟိုတယ်ရော၊ ဧည့်လမ်းညွှန်ရော အကုန်လုံး ပါဝင်တဲ့ အစည်းအဝေးတွေလုပ်ပြီးတော့ ဆွေးနွေးနိုင်တဲ့ အခွင့်အရေးမျိုးတွေ ပေါ်ပေါက်လာစေချင်ပါတယ်။
Mr. Suki Singh
General Manager
Inya Lake Hotel Yangon
ဟိုတယ်ပိုင်းကိုပြောရမယ်ဆိုရင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရရင် အကြမ်းဖျင်း ဟိုတယ်အခန်း ၅၅,၀၀၀ ဝန်းကျင်နဲ့ဟိုတယ်ပေါင်း ၁,၃၀၀ ဝန်းကျင်ရှိပြီး ဒါက တော်တော်ကိုနည်းသေးတဲ့ ပမာဏ ဖြစ်ပါတယ်။ ဘန်ကောက်နဲ့ပဲ နှိုင်းယှဉ်ပြရရင် ဘန်ကောက်မှာ အကြမ်းဖျင်းအားဖြင့် ဟိုတယ်အခန်းပေါင်း ၁,၀၀၇,၀၀၀ ဝန်းကျင်ရှိပါတယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးစာရဲ့ သုံးဆနီးပါးလောက် ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ၆၀,၀၇၆,၀၀၀ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး မြောက်ဘက်ကနေ တောင်ဘက်တစ်လျှောက် တောင်တန်းတွေ၊ ကမ်းခြေတွေရှိတယ်၊ ကျွန်းစုပေါင်း ရှစ်ရာကျော်လောက် ပါရှိတဲ့ မြိတ်ကျွန်းစုလည်း ပါရှိပါတယ်။ သမိုင်းကြောင်းတွေရှိတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံတွေ မရှိပါဘူး။
ဟိုတယ်ပိုင်းကို ဆက်ပြောရမယ်ဆိုရင် လက်ရှိအခြေအနေမှာ အခန်းခတွေက ကျဆင်းနေပါတယ်။ ၂၀၁၃၊ ၂၀၁၄ တွေမှာ အမြင့်ဆုံးအနေအထားကို ရရှိခဲ့တယ်။ ပြဿနာတစ်ခုရှိတာက ကျွန်တော်တို့မှာ ဟိုတယ်အခန်းပေါင်း ၅၅,၀၀၀ ကျော်လောက်ရှိနေတဲ့ အထဲက အခန်းပေါင်း သုံးထောင်ကျော်လောက်ဆီကပဲ သတင်းအချက်အလက် ရရှိနိုင်တာ ဖြစ်ပါတယ်။ တချို့ဟိုတယ်တွေက သတင်းအချက်အလက်တွေကို ထုတ်မပေးချင်ကြပါဘူး။ ဟိုတယ်ဈေးနှုန်းတွေကတော့ တချို့သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းရှိကြပေမယ့် အများစုကတော့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အလွန်ဈေးကြီးတဲ့နှုန်းထားတွေဖြစ်နေတုန်းပါပဲ။
အစိုးရက ဗီဇာကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီး အကောင်းဆုံးလုပ်ပေးပါတယ်။ အခုဆိုရင် ဗီဇာကင်းလွတ်ခွင့်ရရှိတာ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့ဖြစ်ပါတယ်။ နောက်ထပ် စင်ကာပူ၊ မလေးရှားတို့ကိုလည်း ပေးလာမယ်လို့ ထင်ပါတယ်။ မိနစ် ၂၀ လောက်နဲ့ အွန်လိုင်းမှာ အီးဗီဇာရနိုင်လာမယ်။ ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက်ဗီဇာကိုလည်း Passport ဓာတ်ပုံနှစ်ပုံ၊ ဒေါ်လာ ၅၀ လောက်နဲ့ရအောင် လုပ်ပေးပါတယ်။
သယ်ယူပို့ဆောင်ရေးပိုင်းနဲ့ ပတ်သက်လို့ ပြောရရင် ဥပမာ- ပြည်တွင်းလေကြောင်းလိုင်းတွေကို ပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာ လေကြောင်းလိုင်း ၉ ခုလောက်နဲ့လေယာဉ်အစင်းရေ ၃၈ စင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ကျွန်တော် နေပြည်တော်သွားတာ အသွားအပြန်ကို ဒေါ်လာ ၂၂၃ ဝန်းကျင် ကျသင့်ပါတယ်။ ဘန်ကောက်ကို အသွားအပြန်လေယာဉ်ခက ဒေါ်လာ ၁၀၀ လောက်ပဲ ကျသင့်ပါမယ်။ အတိအကျဆိုရင် နှစ်ဆခွဲလောက် ဈေးကြီးနေတာဖြစ်ပါတယ်။
ပြည်တွင်းနဲ့နိုင်ငံခြားသားတွေအတွက် ဈေးနှုန်းပိုင်းကွာခြားမှုအပေါ်အမြင်ဆိုရင်တော့ တချို့နေရာတွေမှာတော့ ပြည်တွင်းအတွက် ဈေးတစ်မျိုးနဲ့ နိုင်ငံခြားသားတွေအတွက် ဈေးတစ်မျိုးရှိပါတယ်။ ဒါကို ဘာကမှန်တယ်လို့ ကျွန်တော်မပြောနိုင်ပေမဲ့ အဲဒီလို ဈေးနှုန်းနှစ်ခုကတော့ မကောင်းဘူးလို့ မြင်ပါတယ်။ ပြည်တွင်းကလူတွေထက် နိုင်ငံခြားသားတွေက ဝင်ငွေပိုကောင်းတာကြောင့် ဒီလိုလုပ်တာလို့တော့ တွေး နိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာကတော့ ဒီလိုဈေးနှုန်း နှစ်မျိုးဖြစ်နေတာကို မဖြစ်သင့်ဘူးလို့ မြင်နေကြပါတယ်။ ဒါတွေအားလုံးအတွက် အချိန်တော့ပေးရမယ်လို့ မြင်ပါတယ်။
Training ပိုင်းကို ပြောရမယ်ဆိုရင်တော့ စွမ်းဆောင်ရည်မြှင့်တင်ဖို့သင်တန်းကျောင်းတွေနဲ့ Professional ကျောင်းတွေရှိဖို့လည်း လိုပါသေးတယ်။ အလယ်တန်းအဆင့် မန်နေဂျာတွေလိုအပ်နေတုန်းဖြစ်ပြီး Vocational Training နဲ့ technical training တွေကလည်း ခရီးသွားလုပ်ငန်း တစ်ခုတည်းအတွက်မဟုတ်ဘဲ Industry တစ်ခုလုံးအတွက် လိုအပ်နေတာဖြစ်ပါတယ်။
အစားအသောက်ပိုင်းဆိုရင်တော့ မြန်မာပြည်တွင်းရိုးရာအစားအသောက်တွေက ကောင်းပြီးသားပါ။ ဟိုတယ်တွေကပေးတဲ့ အစားအသောက်တွေကလည်း တခြားနိုင်ငံတွေက အစားအသောက်တွေနဲ့ ယှဉ်လိုက်ရင် အတူတူပါပဲ။ အခြေခံအားဖြင့်တော့ အစားအသောက်ဈေးနှုန်းက ဈေးမကြီးပါဘူး။ တစ်ခုရှိတာက ဝိုင်နဲ့အရက်တင်ပို့မှုက သိပ်ပွင့်လင်းမှုမရှိသေးတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေကလည်း အာဆီယံ Free Trade အသက်ဝင်လာတာနဲ့အမျှ တည်ငြိမ်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်။
ရန်ကုန် Heritage Trust ကလည်း ရှေးဟောင်းအဆောက်အအုံ ၁၈၆ ခုလောက်ကို ထိန်းသိမ်းမှုတွေ လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့လယ်က အကောင်းဆုံး Preserved Area ဖြစ်တယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ကလည်း အဲဒီလို အဖွဲ့အစည်းတွေကနေ အဆောက်အအုံတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ငှားရမ်းခတွေကို အနည်းဆုံးထားပေးသင့်ပါတယ်။ အဲဒီလို ရှေးဟောင်းအဆောက်အအုံတိုင်းက Commercialize လုပ်နိုင်ဖို့ လိုပါတယ်။ ဟိုတယ်ဖြစ်နိုင်တယ်။ ရုံးခန်းတွေဖြစ်နိုင်တယ်။ ပြတိုက်တွေဖြစ်နိုင်တယ်။ အဲဒါတွေ အကုန်လုံးကို Integrated လုပ်ပြီး Preserved လုပ်ထားနိုင်ဖို့ပဲ လိုပါတယ်။ ဥပမာ- ရန်ကုန်မြစ်ဘေးဆိုရင်လည်း စိမ်းစိမ်းစိုစိုဖန်တီးပြီး လူစိတ်ဝင်စားအောင် လုပ်လို့ရတဲ့အခွင့်အလမ်းတွေအများကြီးရှိပါတယ်။
မြန်မာနိုင်ငံမှာလည်း ထိုင်းနိုင်ငံက TAT – Tourism Authority of Thailand လို National Tourist Bureau တစ်ခုရှိဖို့ အရေးအကြီးဆုံး ဖြစ်တယ်လို့ ထင်ပါတယ်။ Destination Promotion လုပ်ဖို့ အစိုးရရဲ့ ဘတ်ဂျက်တစ်ခုလည်း လိုပါတယ်လို့ မြင်ပါတယ်။ အခုလက်ရှိမှာ MTM နဲ့ MTF ကလည်း ကောင်းတဲ့ကိစ္စတွေအများကြီး လုပ်နေတယ်ဆိုပေမဲ့ ကိုယ်ပိုင်အရင်းအနှီးအပေါ် အများကြီးမှီတည်နေပြီး အစိုးရဆီက ထောက်ပံ့ငွေရတယ်ဆိုပေမဲ့ ပမာဏအနည်းငယ်မျှသာ ရရှိတယ်လို့ သိထားပါတယ်။ ကန့်သတ်ချက်တွေလည်း ရှိပါတယ်။
Tour Destination အသစ်တွေဆိုရင်တော့ အင်းတော်ကြီးရေအိုင်၊ ချင်းပြည်နယ်၊ ပူတာအို စတာတွေလည်း ဖြစ်နိုင်ပါတယ်။ ကျားတွေရှိတဲ့ တောတွေ၊ မြောက်ပိုင်းမှာဆိုရင်လည်း ခါကာဘိုရာဇီတောင်လို တောင်စခန်းတွေလုပ်နိုင်မယ့်နေရာတွေ၊ မြိတ်ကျွန်းစုလို ကျွန်းငယ်ပေါင်း ရှစ်ရာနီးပါးလောက်ရှိတဲ့ ကျွန်းစွယ်ဒေသတွေ စသဖြင့်အများကြီး ရှိနေပါသေးတယ်။ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးကလည်း အခုဆိုရင် Community Based Tourism ကို စတင်အကောင်အထည် ဖော်နေပါပြီ။
Promotion လုပ်တာနဲ့ပတ်သက်ပြီးတော့ မြန်မာခရီးသွားလုပ်ငန်းကဏ္ဍက ကောင်းလာနိုင်စရာ ရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့ အေးအေးဆေးဆေးတော့ နေလို့မရပါဘူး။ နိုင်ငံတကာကို ပြနိုင်ရပါမယ်။ Promote လုပ်နိုင်ရမယ်။ မြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နေရတာဖြစ်လို့ ခရီးသွားကဏ္ဍအတွက် အများကြီး လုပ်စရာတွေရှိပါသေးတယ်။ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်နှုန်းကိုကြည့်ရင် ပထမအများဆုံးက ထိုင်းပါ။ တရုတ်က ဒုတိယအများဆုံးပါ။ တရုတ်က လူဦးရေလည်းများပြီး စီးပွားရေးအရလည်း အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။ အဲဒီအတွက် တရုတ်ခရီးသွားတွေကိုလည်း မြန်မာနိုင်ငံက Embrace လုပ်သင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ Selling Point က ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်တွေနဲ့ ဖော်ရွေမှုရှိတဲ့လူတွေဖြစ်ပြီး နိုင်ငံကလည်း တချို့နေရာတွေကိုတော့ ခရီးသွားတွေ အလာများပြီး မထုတ်ဖော်ပြရသေးတဲ့ နေရာတွေအများကြီးလည်း ရှိနေတာဖြစ်ပါတယ်။
ဦးသက်လွင်တိုး
Managing Director
Myanmar Voyages International Tourism Co Ltd
သယ်ယူပို့ဆောင်းရေးပိုင်းမှာ အများဆုံးအသုံးပြုတဲ့ ကားတွေကစပြီး ပြောချင်ပါတယ်။ အဲဒီမှာ အဓိကကတော့ ကားမောင်းတဲ့သူက အရေးကြီးဆုံးဖြစ်ပါတယ်။ ကားရဲ့ကြံ့ခိုင်မှုလည်း လိုအပ်သလို ကားမောင်းတဲ့ ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှုကလည်း လိုအပ်ပါတယ်။ ယာဉ်မောင်းတွေရဲ့ Hygienic ပိုင်းရော၊ Safety ပိုင်းရော၊ ပြောဆိုဆက်ဆံရေးပိုင်းတွေရော အကုန်လုံး အရေးကြီးပါတယ်။ အခုချိန်မှာ ကားအုံနာ ဒရိုင်ဘာတွေ များလာပါတယ်။ လူတိုင်းနီးပါးကားဝယ်လာနိုင်တဲ့အခါကျတော့ သူတို့တွေဆီမှာလည်း ကိုယ့်ကား ကိုယ်မောင်းတာဆိုတဲ့ မာန်လေးတွေ ရှိလာတဲ့အခါမှာ ခရီးသည်တွေနဲ့ပြဿနာတွေတက်တာတွေလည်း ရှိလာပါတယ်။ တစ်ခါတစ်လေ တယ်လီဖုန်းတွေပြောပြီးတော့ ဧည့်သည်လာရင် တံခါးမဖွင့်ပေးတာမျိုးတွေ၊ သူ့ကားလိုက်ရှာနေရတာမျိုးတွေ၊ ကားဆရာက လေအေးစက်ဖွင့်ပြီး အိပ်ပျော်နေတာမျိုးတွေ ကြုံလာရပါတယ်။ ဒါမျိုးတွေ မဖြစ်ရပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အုံနာတွေရော၊ ယာဉ်မောင်းသူတွေရောကို Tourism Industry မှာ ဝန်ဆောင်မှုပေးချင်တယ်ဆိုရင် ဘယ်လိုအပြုအမူတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေကို ထိန်းသိမ်းရမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး သင်တန်းပေးပါတယ်။
နောက်ပြီး ဟိုတယ်တွေမှာဆိုရင် ပြည်တွင်းဈေးနဲ့ နိုင်ငံခြားသားဈေးဆိုပြီး နှစ်မျိုးကွဲနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာတော့ ဒီလိုမျိုးဖြစ်မနေပါဘူး။ ဥပမာ- ထိုင်းနိုင်ငံမှာဆိုရင် ဘတ်ငွေနဲ့ပဲ Book လုပ်တဲ့အတွက် နိုင်ငံခြားသားလည်း ဒီဈေး၊ မြန်မာလည်း ဒီဈေးပဲ ဖြစ်နေပါတယ်။ ဈေးနှစ်မျိုးကွဲနေတာ မရှိပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ အကြောင်းရင်းက နိုင်ငံခြားသားတစ်ယောက်က ဟိုတယ်တစ်ခုကို လာတည်းပြီဆိုရင် တစ်အချက်က သူက Register လုပ်ရတယ်၊ ပြီးရင် ဧည့်စာရင်းတိုင်ရတယ်။ ဧည့်စာရင်း တိုင်တဲ့အတွက်ကြောင့် သူက ဘယ်လိုပဲပြောပြော မှတ်တမ်းဝင်သွားတယ်။ မှတ်တမ်းဝင်သွားတဲ့အတွက်ကြောင့် သူက ဒီအပေါ်မှာ နိုင်ငံခြားငွေကောက်ခံရမယ်ဆိုတဲ့ မူရှိတယ်။ နောက်ပြီး ဟိုတယ်တွေမှာ အခွန်တွေ ကောက်ခံတဲ့အခါမှာ နိုင်ငံခြားသားတစ်ယောက်တည်းရင် ဒေါ်လာနဲ့ပဲ ကောက်ခံရမယ်။ အခုနောက်ပိုင်းဆိုရင် Tourist Visa ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေဟာလည်း သက်ဆိုင်ရာ လိုင်စင်ယူထားတဲ့ ဟိုတယ်တွေ၊ မိုတယ်တွေမှာပဲ တည်းရမယ်ဆိုတဲ့ မူဝါဒအရ တင်းကျပ်စွာ ဆောင်ရွက်လာတယ်။ လဝကဥပဒေအရရော၊ ဟိုတယ်ခရီးရဲ့ ဥပဒေအရရော လုပ်လာပြီဖြစ်တဲ့ အတွက်ကြောင့် ရတဲ့ငွေကြေးတွေက အခွန်ဆောင်ပြရမယ်၊ ဌာနဆိုင်ရာကို သတင်းပို့ရမှာဖြစ်တဲ့အတွက် ဒေါ်လာနဲ့ပဲယူတယ်။ ဒါတွေကို ဟိုတယ်ခရီးကတော့ မူအရတော့ လိုင်စင်ပေးတဲ့အတွက်ကြောင့် ဒေါ်လာနဲ့ပဲယူဆိုပြီး ပြောထားတယ်။ လျှော့ယူတာတို့၊ ဘာတို့ကိုတော့ သူတို့က ဘာမှပြောလို့ မရပါဘူး။ Price Discrimination အရ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားက ဝင်ငွေနည်းတဲ့အတွက်ကြောင့် Local တွေ သွားနိုင်လာနိုင်၊ စားနိုင်သောက်နိုင်လာတဲ့ နှုန်းအတိုင်းပေးတာက တစ်ခု၊ နောက်တစ်ခါ နိုင်ငံခြားသားကျတော့ ဝင်ငွေများတဲ့အတွက်ကြောင့် သူတို့အတွက်ဈေးတွေကို သူတို့ဝင်ငွေနဲ့ယှဉ်ပြီးတော့ ဖြတ်တာတစ်ခု၊ အဲဒါ ပိုင်ရှင်ရဲ့သဘောပါ။ ဒါတွေကလည်း ပိုင်ရှင်က စီးပွားရေးအရ Business Plan တွေကို တွက်ချက်ပြီးတော့ လုပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒါနဲ့ပတ်သက်လို့ အစိုးရပိုင်းကတော့ သွားပြီးတော့ ကန့်သတ်ပြောဆိုလို့တော့ မရဘူးထင်တယ်။ ဒါပေမဲ့ Regulation အရ ဒေါ်လာနဲ့ကောက်ရမယ်။ Service နဲ့ Tax တွေ ကောက်ရမယ်။ နောက်တစ်ခါ ဒီနှုန်းထက် ဒီ Category ရဲ့နှုန်းက ကြီးသင့်တယ်လို့ သူတို့က ဘောင်ခတ်ထားရင်လည်း ဒီထဲကပဲသွားရမှာ ဖြစ်ပါတယ်။
ဟိုတယ် Facility တွေကလည်း သူယူထားတဲ့ ပိုက်ဆံအလိုက်၊ သူ့ရဲ့ Catagory အလိုက် သင့်တင့်လျောက်ပတ်တဲ့ ဝန်ဆောင်မှုတွေ ရှိရမယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ဟိုတယ်တွေမှာ ဘာလို့ အခန်းမပြည့်လဲဆိုတော့ ဒါက ဒီကိုလာတဲ့ ဧည့်သည်တွေရဲ့ အနေအထားပေါ်မူတည်တယ်လို့ ပြောနိုင်ပါတယ်။ ဒီကိုလာတဲ့ ဧည့်သည်တွေက သာမန် Mo-derate Level တွေ၊ Budget တွေဆိုရင်တော့ သူတို့က အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်မယ်။ ဒီမှာ 3 Star လောက်ဆိုရင် တစ်ရာလောက် ပေးနေရပြီဆိုတော့ တစ်ရာလောက်ပေးတဲ့ Service ကို ရသလားဆိုတာနဲ့ ပြန်တိုင်းတာလာတယ်။ ဒါပေမဲ့ High End လာတဲ့ ဧည့်သည်တွေကျတော့လည်း မြန်မာပြည်မှာ ဒီနေ့ အမြင့်ဆုံးဈေးယူထားတဲ့ ဟိုတယ်တွေမှာတောင် သူတို့လိုချင်တဲ့ Expectation ကို မီအောင် မလုပ်ပေးနိုင်တာတွေ ရှိနေပါတယ်။ ဒါပေမဲ့ တကယ့် Niche Market ကို လိုချင်တဲ့ လူက Strand ဟိုတယ်မှာ ဒေါ်လာ လေး၊ ငါး၊ ခြောက်ရာလောက်ပေးပြီးတော့ သူတို့လိုချင်တဲ့ Service မျိုး၊ Facility မျိုး မရဘူးဆိုရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။
ဒါကို ဘယ်မှာသွားတွေ့ရလည်းဆိုရင် ကျွန်တော်တို့ဆီကို တကယ့်ကမ္ဘာ့အချမ်းသာဆုံးလူတွေက ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့ လာမယ်ဆိုပြီးလုပ်တဲ့အခါမှာ သူတို့က ကောင်းပေ့ဆိုတဲ့ ဟိုတယ်တွေ၊ ကောင်းပေ့ဆိုတဲ့ Transport ၊ အကောင်းဆုံးဟာတွေကို တွက်ခိုင်းတယ်။ သူတို့က လူတစ်ယောက်ကို သူတို့လာမယ့် ခရီးစဉ်အတွက် ဒေါ်လာသိန်းကျော် သုံးဖို့အထိ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ရသမျှကို တွက်တာတောင်မှ နှစ်သောင်းခွဲမကျော်ဘူး။ သူတို့လိုချင်တဲ့ Expectation ကို မဖြည့်ဆည်းနိုင်တဲ့အတွက်ကြောင့် မြန်မာပြည်ကို မရွေးတော့ဘဲ ဟောင်ကောင်ကို ရွေးလိုက်တယ်။ မြန်မာပြည်က တကယ့် Niche Market ကို မှန်းနိုင်တဲ့ Facility တွေကို ဝန်ဆောင်မှုမပေးနိုင်သေးပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က မြန်မာပြည်မှာ ဈေးကြီးတယ်ဆိုတာ မှန်ပါတယ်။ သာမန် Tourist တွေ မလည်နိုင်တဲ့၊ မပေးနိုင်တဲ့ Domestic Flight တွေ ဈေးကြီးတယ်။ နောက် Accomodation တွေမှာလည်း မတန်ဘူးလို့ သတ်မှတ်ကြတယ်။ ထိုင်းလိုနေရာမှာ လေးဆယ်လောက်ပဲပေးရင်ရတဲ့ Facility မျိုးကို ဒီမှာ တစ်ရာပေးရရင် ဒါမတန်ဘူးလို့ ပြောလာနိုင်ပါတယ်။
ကျွန်တော်တို့က Target Market ပေါ်မူတည်ပြီးတော့ပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အလုပ်ဖြစ်တဲ့ ဟိုတယ်တွေကျတော့လည်း သူ့ဟာနဲ့သူ ပြည့်နေတာပဲ ဖြစ်ပါတယ်။ အလုပ်မဖြစ်တဲ့ ဟိုတယ်တွေကျတော့လည်း ဝိတ်လျှော့တာတွေ၊ ဝန်ထမ်းတွေကို ပေါချောင်ကောင်းငှားထားတာတွေ၊ သန့်ရှင်းရေး၊ လုံခြုံရေးအတွက် ပြန်ပြီးဂရုမစိုက်တွေရှိရင်လည်း ဧည့်သည်တွေက လာမှာမဟုတ်ပါဘူး။ အဲ့ခါကျတော့ သူတို့တွေ က Survival အတွက် Target Market ကို နိုင်ငံခြားသားထားရာကနေ Local တွေပါထားလာတယ်။ Local တွေကမှတစ်ဆင့် Time Sharing Market ကိုပါ ရောက်လာတော့ အဲတာမျိုးတွေကတစ်ဆင့် ဟိုတယ်တွေမှာ Surplus ဖြစ်တယ်ဆိုပြီး ပြောလို့ရပါတယ်။
နောက်တစ်ခု Surplus ဖြစ်တဲ့အကြောင်းအရင်းက Data အမှန်တွေ မသိရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ လူသန်းချီဝင်လာပြီး တစ်နှစ်ကို တစ်သန်းတက်တယ်ဆိုရင်တော့ Logistically အရ တွက်လိုက်ရင် တစ်နှစ်ကို အခန်းဘယ်လောက်လိုမယ်ဆိုပြီး ဆောက်ရင်းနဲ့ နောက်ကျတော့ ဘယ်ဒေသက ပိုပြီးလိုအပ်သလဲ၊ ဘယ်လိုလူမျိုးတွေက အဓိကလာသလဲ၊ ဘယ်လိုဈေးတွေကို မျှော်လင့်လဲဆိုတဲ့ Research ကို သေချာမလုပ်ဘဲနဲ့ လေဖမ်းဒန်းစီးလိုမျိုး ပြောတဲ့အသံကိုကြားပြီး Business Plan ကို သေသေချာချာတွက်ချက်ပြီး လုပ်တာက တော်တော့်ကိုရှားနေပါတယ်။
မြန်မာပြည်ကိုလာတာက Culture Tourist တွေက အဓိကလာတာဖြစ်တဲ့အတွက် ညဘက်မှာ ရုပ်သေးပွဲလေးတွေ၊ မြေဝိုင်းဇာတ်လေးတွေ၊ ရှိုးပွဲလေးတွေရှိတယ်ဆို သူတို့ကြိုက်တယ်။ ရန်ကုန်လိုနေရာမျိုးမှာ ပထမဆုံးအကြိမ်ဆိုရင်ကတော့ ကရဝိတ်လို နေရာမျိုးသွားမယ်။ ကရဝိတ်ကလွဲပြီး ကျန်တဲ့နေရာက ပီပီပြင်ပြင် မရှိသေးပါဘူး။ ပုဂံမှာဆိုရင်တော့ FIT လမ်းဆိုတာကတော့ ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းနားမှာ သူ့ဟာသူဖြစ်လာတယ်။ အဲဒီမှာ ဘားလေးတွေမှာ ထိုင်စားရင်းနဲ့ကော့တေးလေးတွေ ဖြစ်လာတယ်။ Gallery အသေးလေးတွေ ရှိလာတယ်။ လက်မှုပညာလေးတွေ ရောင်းတာလေးတွေ ရှိလာတယ်။ ဆိုင်တစ်ခုနဲ့ တစ်ခုကလည်း သူ့ဟာနဲ့သူ Attraction လေးရှိအောင် လုပ်သလို နိုင်ငံခြားသားတွေ ကြိုက်မယ့် ပုံစံလေးတွေ လုပ်လာကြတဲ့အခါကျတော့ အဲဒီမှာ FIT လေးတွေ စုတဲ့နေရာဖြစ်လာတော့ FIT Street ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာတယ်။ ရန်ကုန်မှာတော့ Plan နဲ့ လုပ်တာတွေ ရှိတယ်။ China Town ကိုလည်း Upgrade လုပ်မယ်။ အခုလည်း ဘဏ်လမ်းကိုလည်းပိတ်ပြီးတော့ တကယ့်ညဈေးတန်းတွေ ဘာတွေလုပ်မယ်ဆိုတော့ ဒါမျိုးတွေကလည်း သေချာ Promote လုပ်မယ်၊ စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင်တော့ ကောင်းပါတယ်။
ဒီနေ့ Souvenir တွေ ကြည့်ရင်တော့ Mass Production သိပ်မလုပ်နိုင်သေးပါဘူး။ Home Made ၊ Hand Made လေးတွေများပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ကမ္ဘာ့အဆင့်အတန်းမီ Packaging တွေ၊ Value Added တွေ မလုပ်နိုင်သေးဘူး။ Souvenir ဆိုရင် ဒီဘက်ခေတ်မှာ သံလိုက်ပါတဲ့အရုပ်လေးတွေ ပေါ်လာတယ်။ သယ်ရတာလည်း လွယ်တယ်။ ကျွန်တော်တို့ဆီမှာလည်း ဒီလို Bon Voyage Gift လေးတွေတော့ လုပ်လာတယ်။ ဒါပေမဲ့ Packaging ပိုင်းမှာတော့ အားနည်းသေးတယ်။ နောက်မတ်ခွက်တို့၊ တီရှပ်တို့ ဒါတွေလည်း လိုပါတယ်။ တစ်ခါလာလည်း ယွန်းထည်၊ တစ်ခါလာလည်း ရွှေချည်ထိုး ကျောက်စီပန်းချီကား၊ ဒါတွေက လက်ဆောင်ပေးဖို့ပဲ ကောင်းတာ၊ တကယ့် Tourist တွေအတွက်ကျတော့ သယ်ရပိုးရတာခက်တယ်။ အိတ်ထဲမှာတင် ထည့်သွားလို့ရတဲ့ ပစ္စည်းတွေကိုဆိုရင် ပိုပြီးနှစ်သက်ကြပါတယ်။
Tourist Guide တွေလည်း အခုအခါမှာ Over Supply ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ၂၀၁၂ ခုနှစ်မှာ Tourist တွေက ဝုန်းခနဲ ဝင်တယ်ဆိုတော့ Guide တွေလည်း လိုပြီဟေ့ဆိုပြီးတော့ သင်တန်းတွေကို တစ်နှစ်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်ထိ ဖွင့်လာပြီး ဒီနေ့ခေတ်မှာ လိုင်စင်ယူထားတဲ့ Guide တွေက အခုဆိုရင် လေးထောင်ကျော်လောက်ရှိတယ်။ English ကတော့ အများဆုံးပေါ့။ ကျန်တဲ့ ဘာသာရပ်တွေကတော့ ရာဂဏန်းတွေထိ ရှိလာတယ်။ Regional Guide ကလည်း ၁,၈၀၀ လောက် ၁,၉၀၀ လောက်ရှိလာတယ်။ ပေါင်းလိုက်တော့ ငါးထောင်ကျော် ခြောက်ထောင်လောက် ဖြစ်လာတယ်ဆိုတော့ ဒီနှစ်လာတဲ့ ဧည့်သည်က ရှစ်သိန်းထဲမှာ FIT ပါတယ်။ Package Tour နည်းသွားတယ်။ Package Tour က မနှစ်ကရှိတဲ့ ၂၂ ရာခိုင်နှုန်းက ဒီနှစ်မှာ ၁၈ ရာခိုင်နှုန်းကို လျော့ကျသွားတယ်။ အခု ၂၀၁၆ ခုနှစ်ကတော့ မသိရသေးပါဘူး။ Package Tour ကတော့ ဒီမှာ ၁၈ ရာခိုင်နှုန်း၊ FIT က ၂၄ ရာခိုင်နှုန်း၊ Business Traveler က ၁၇ ရာခိုင်နှုန်းဆိုတော့ မနှစ်ကနဲ့ ဒါက Decline နည်းနည်းဖြစ်တယ်။ Package Tour ရမှ Tour ကုမ္ပဏီတွေ အလုပ်ရမယ်။ Tour ကုမ္ပဏီအလုပ်ရမှ Guide ပါအလုပ်ရမယ်။ ချိတ်ထားရတာကိုး။ ဒီနှစ်က Package Tour တွေ ကျဆင်းလာတော့ Guide တွေလည်း အလုပ်မဖြစ်တော့ဘူး။ သူတို့ဝင်ငွေတွေလည်း ထိခိုက်လာတယ်။ နောက်တစ်ခါ Guide ဈေးတွေကလည်း ဈေးနှုန်းမြင့်တဲ့အတွက် Tour ကုမ္ပဏီတွေကလည်း မငှားတော့ဘူး။ Station ပဲ သုံးကြတယ်။ အခုခေတ်က အွန်လိုင်းခေတ်ဆိုတော့ အကုန်လုံးက Data တွေရှိနေတော့ အွန်လိုင်းကို အားကိုးလာကြတယ်။ နောက် Audio Guide တွေ၊ ပြတိုက်တွေမှာဆိုရင် နောက်ပိုင်း Audio ဖွင့်ပြီး Language ပေါင်းစုံနဲ့ နားထောင်လို့ ရလာတယ်။ အဲဒီလိုမျိုးတွေ နောက်ပိုင်းဖြစ်လာမယ်ဆိုရင် Guide တွေရဲ့ Role က တော်တော်လေးကို စိန်ခေါ်မူတွေ ကြုံနေရတယ်။ အဲဒီအတွက်လည်း Solution ရှာသင့်တယ်လို့ ထင်ပါတယ်။
Tourism Industry ကို Promote လုပ်တဲ့အပိုင်းမှာ အဓိကကတော့ ကျွန်တော်တို့က Destination Awareness ရဖို့လည်း လုပ်ရပါဦးမယ်။ မြန်မာပြည်ကို ဧည့်သည်တွေ လာနေကြပြီ။ သူတို့ရဲ့ Programme တွေမှာ မြန်မာပြည်ကို စပြီးတော့ရောင်းလာကြပြီ။ ဒါပေမဲ့ အစိုးရရဲ့ ပံ့ပိုးမှုပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ အစိုးရက တစ်နှစ်ကို ဒေါ်လာလေးသိန်းပဲ ပံ့ပိုးပေးခဲ့တယ်။ တကယ်တော့ လေးသိန်းဆိုတာ နိုင်ငံတကာ Travel Promotion ပွဲကြီးတစ်ပွဲ သွားရင်တောင် သိန်းဂဏန်းပေါက်တယ်ဆိုတော့ နှစ်ပွဲတောင် မသွားနိုင်ဘူး။ Regional ပြပွဲတွေဖြစ်တဲ့ တရုတ်တို့၊ အင်ဒိုနီးရှား၊ စင်ကာပူ ATF တို့တွေရှိသလို နိုင်ငံတကာ ပြပွဲတွေကလည်း အများကြီးရှိပါတယ်။ ဒါတွေကတော့ လန်ဒန်၊ WTM တို့၊ ITB Berlin တို့၊ Japan JICA ပြပွဲ တို့၊ နောက်တစ်ခါ တခြား Market တွေဖြစ်တဲ့ အီတလီတို့၊ သြစတြေးလျတို့၊ အမေရိကားတို့တွေအထိ ခြေဆန့်ဖို့ လိုတယ်။ အဲဒီအတွက် နိုင်ငံတော်ရဲ့ Budget ကိုတော့ ကျွန်တော်တို့ ခရီးသွားအဖွဲ့ချုပ်ကနေပြီးတော့ တင်ထားတယ်။ ဒါပေမဲ့ လောလောဆယ်ထိတော့ Approve မဖြစ်သေးပါဘူး။
Tourism Industry တိုးတက်ဖို့ ရှိနေတဲ့ Barrier ကတော့ ကျွန်တော်တို့တွေက ခုအစိုးရသစ်လက်ထက်မှာ အခုဆိုရင် ခြောက်လရှိပြီ။ ကျွန်တော်တို့ ဟိုတယ်ခရီးဝန်ကြီးဌာနကလည်း သီးခြားရပ်တည်တဲ့ ဌာနတစ်ခုအနေနဲ့ဆက်ပြီးရှိနေတယ်။ အုပ်ချုပ်တဲ့ လူကြီးတွေကလည်း တကယ့်လုပ်ငန်းပိုင်းမှာ Career ပိုင်းမှာ Professional တွေနဲ့ အတွေ့အကြုံများစွာရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှာလည်း အတွေ့အကြုံရှိတဲ့လူတွေပါနေတယ်ဆိုတော့ Private နဲ့ Public ပိုပြီးတော့ Closely Partnership လုပ်မယ်ဆိုရင် ကောင်းပါတယ်။ အခုလည်း လုပ်တော့ လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘာဖြစ်နေလဲဆိုတော့ မလိုလားအပ်တဲ့ Issue တွေ၊ အမိန့်ကြော်ငြာစာတွေကလည်း ခဏခဏထုတ်နေတော့ ဘယ်ဟာကို ဘယ်လိုလိုက်ရမှန်းမသိဘူးဖြစ်နေတာတွေ ရှိပါတယ်။ မလိုလားအပ်တဲ့ အဆင့်တွေကို လျော့ချဖို့ လိုတယ်။ ဥပမာ - နံပါတ်ပြာကားကိစ္စမျိုးလိုပေါ့။ နံပါတ်ပြာက တကယ်တော့ ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံကြီးနဲ့ ဒီလူနာမည်ပေါက်တာပဲ ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ကညနမူအတိုင်းဆိုရင်တော့ ကျွန်တော်တို့က အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကားက အိုနေပြီပြောင်းချင်ပြီဆိုလည်း နောက်တစ်ခါ လျှောက်ရင် အခွန်ထပ်ဆောင်ရမယ်။ နောက်ပြီး ကားတွေက Driver တွေက Service ပေးတဲ့အခါ လိုအပ်ချက်တွေအများကြီးတွေ့ရတယ်။ ဒါမျိုးတွေမှာ အပြာရောင်ကားနံပါတ်က မူအရထုတ်တာမှန်ပေမဲ့ ကျွန်တော်တို့သဘောကတော့ Sticker ကပ်မယ်။ ဒါဆိုရင်တော့ Tourist တွေအတွက် Safe ဖြစ်တဲ့ ဥပမာ- ဝန်ကြီးဌာနရဲ့ Sticker ပဲဖြစ်ဖြစ်၊ အသင်းရဲ့ Sticker ပဲဖြစ်ဖြစ်ကပ်လိုက်ရင် Driver နဲ့ ကားပေါ်မှာ ယုံကြည်စိတ်ချရပြီဆိုတာမျိုး ဖြစ်စေချင်ပါတယ်။ တကယ်လို့ မသမာမူတွေ၊ ပစ္စည်းပျောက်တာတွေဖြစ်ခဲ့ရင် ဒီကားနံပါတ်ကို Register ဘယ်လောက်မှာ ရှာလို့ရနိုင်တယ်ဆိုတာမျိုး ရှိဖို့လိုပါတယ်။ တွေ့ရာကားနဲ့ Taxi နဲ့သွားနေမယ်ဆိုရင် ဒါတွေက Tourist တွေအတွက်လည်း လုံခြုံမှုရှိနိုင်မှာ မဟုတ်ပါဘူး။
Motel တွေ ၊ Inn တွေကို မြန်မာနာမည် တပ်ခိုင်းတာက မရောင်ရာ၊ ဆီလူးလို့ ပြောရင်လည်း အပြောခံရမှာပါပဲ။ ဘာလို့ မြန်မာနာမည် ခက်ခက်ခဲခဲတွေကို အင်္ဂလိပ်လို ပြန်ရေးရမှာလဲဆိုတာကို ကျွန်တော်တော့ နားမလည်ပါဘူး။ လုပ်လည်းလုပ်နေရပါတယ်။ YCTC မှာ စည်ပင်မှာပဲ မှတ်ပုံတင်တဲ့လူက မြန်မာနာမည်ပဲ သုံးရမှာလားဆိုတာ ဖြစ်လာတယ်။ Tourist လိုင်စင်တင်ရင် ပိုင်ရှင်တွေက အခွန်အခတွေကို ဒေါ်လာနဲ့ပေးရမယ်။ ဥပမာ - Tourist လိုင်စင်မှာ အနည်းဆုံး ၁၂ ခန်း ရှိရမယ်။ အားလုံးက Bathroom Attatched ဖြစ်ရမယ်။ Air Condition ပါရမယ်၊ Staff တွေက ဟိုတယ်သင်တန်းဆင်းတွေ ဖြစ်ရမယ်စတဲ့ သတ်မှတ်ချက်တွေပါတယ်။
အယ်ဒီတာအဖွဲ့