ငွေကြေးကြွယ်ဝသူတွေရဲ့ သာမန်လူတွေနဲ့ ခြားနားတဲ့ လောကအမြင် ၈ မျိုး

ကိုယ်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးSteve Siebold ဟာ How Rich People Think ဆိုတဲ့ စာအုပ်ထဲမှာ သူ့ရဲ့တွေ့ရှိချက်တွေကို အကျဉ်းချုံးဖော်ပြခြင်းမပြုခင် ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်တချို့ကို ၂၆ နှစ်ကြာ အချိန်ယူပြီး တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

dec2016soethein2

အဲဒီမှာ ချမ်းသာဖို့အတွက် လျှို့ဝှက်ချက်ဟာ ငွေကြေးဆိုင်ရာ နည်းပရိယာယ်တွေနဲ့မဆိုင်ဘဲ တွေးခေါ်မှုအဆင့်နဲ့သာ သက်ဆိုင်ကြောင်း သူတွေ့ရှိခဲ့ပါတယ်။ သူဌေးတွေဟာ တခြားလူအများစုလို ဘဏ်စာရင်းထဲငွေတိုးပွားလာစေရုံမျှမကဘဲ သူများနဲ့မတူတဲ့ ယုံကြည်ချက်တွေ၊ ဒဿနတွေနဲ့ နည်းဗျူဟာတွေ ထားရှိကြပါတယ်။ Siebold ရဲ့အဆိုအရ သူဌေးတွေဟာ သာမန်လူတွေနဲ့ ခြားနားစွာ ကမ္ဘာလောကကြီးကို အဆုံးမဲ့တဲ့နည်းလမ်းတွေနဲ့ ကြည့်မြင်တတ်ကြပါတယ်။ အဲဒီနည်းလမ်းတွေထဲက အကောင်းဆုံးနည်းလမ်းရှစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သာမန်လူတွေက ချမ်းသာခြင်းဟာ အခွင့်ထူးတစ်ခုလို့ ယုံကြည်ထားပေမယ့် သူဌေးတွေကတော့ ချမ်းသာခြင်းဟာ ရပိုင်ခွင့်လို့ ယုံကြည်တယ်။

''ကမ္ဘာ့အဆင့်မီတွေးခေါ်သူတွေဟာ သူများတွေအတွက် များပြားကြီးမားတဲ့တန်ဖိုးကို တီထွင်ဖန်တီးလိုစိတ် ရှိရင် အရင်းရှင်နိုင်ငံတစ်ခုမှာ သူတို့ချမ်းသာဖို့ အခွင့်အရေးရှိမှန်းသိကြတယ်'' လို့ Siebold က ရေးထားပါတယ်။ ကံကောင်းသူတချို့သာ ချမ်းသာခွင့်ရှိတယ်လို့ လူအများစုက ထင်ကြတယ်။

''ဒီတွေးခေါ်ပုံကွဲပြားခြားနားမှုဟာ လူလတ်တန်းစားကို 'ထီ' အားကိုးစေပြီး အလုပ်သမားလူတန်းစားအလွှာကို အလုပ်လုပ်စေတယ်။ ချမ်းသာတဲ့လူတွေက သူများတွေ ဘဝတိုးတက်အောင်၊ ဒါမှမဟုတ် ပိုအဆင်ပြေအောင်လုပ်ပေးရင် သူတို့ချမ်းသာခွင့်ရှိတယ်လို့ ယုံကြည်တယ်'' လို့ သူက ပြောပါတယ်။

၂။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တာဟာ စွန့်စားမှုပဲလို့ သာမန်လူတွေက ယူဆချိန်မှာ သူဌေးတွေကတော့ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းဟာ ငွေရဖို့ အမြန်ဆုံးနည်းလမ်းလို့ ယုံကြည်တယ်။

''ရှင်းရှင်းပြောရရင် လူတစ်ယောက်မှာ အလုပ်အကိုင်ရှိတာဟာ လုပ်ငန်းတစ်ခုပိုင်ဆိုင်တာလောက် စိတ်မချရပါဘူး။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေဟာ လုပ်ငန်းကို မိမိဖြစ်စေချင်တဲ့အတိုင်း ဖန်တီးယူဖို့၊ ဝင်ငွေတိုးပွားစေဖို့ မိမိဆန္ဒအလျောက် လုပ်နိုင်တဲ့စွမ်းအားရှိတယ်'' လို့ Siebold က ပြောတယ်။ ''လုပ်ငန်းတစ်ခု စတင်ရာမှာ စွန့်စားမှုတွေရှိတတ်ပေမယ့် သူဌေးတွေဟာ သူတို့ကိုယ်သူတို့လောင်းကြေးထပ်ခြင်းက စွန့်စားမှုပိုကြီးမှန်း သိကြတယ်'' လို့ Siebold က ပြောတယ်။ သူဌေးတွေက လုပ်ငန်းတွေ တည်ထောင်ပြီး အမြတ်ရရှိနေခိုက်မှာ သာမန်လူတွေက ပုံမှန်လစာငွေကို ကျေနပ်စွာ လက်ခံပြီး ဥစ္စာဓနကြွယ်ဝအောင်လုပ်ဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေကြတယ်'' လို့ သူက ပြောတယ်။

''လူအများစုက သင့်တင့်တဲ့ လစာငွေနဲ့ နှစ်တိုးလစာတွေရတဲ့အလုပ်အကိုင်ကို ဆက်လုပ်ပြီးတော့ မရှိမရှား ဘဝတစ်ခုရရှိထားတာကို တင်းတိမ်ရောင့်ရဲနေကြတယ်''။

dec2016soethein1

၃။ သာမန်လူတွေက သူဌေးတွေ ပိုတော်တယ်လို့ ယူဆခိုက်မှာ သူဌေးတွေက ချမ်းသာသူတွေဟာ ပိုပြီး လူ့အထာညက်တယ်လို့ ယုံကြည်တယ်။

''ကျောင်းမှာ အမှတ်တွေ သိပ်ကောင်းတိုင်း သူဌေးဖြစ်နိုင်တယ်လို့ ယုံကြည်ရင် ဘွဲ့ရကောလိပ်ကျောင်းသားတိုင်း ချမ်းသာလိမ့်မယ်။ သတင်းအချက်အလက်ကို အလွတ်ကျက်ပြီး စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ချင်တဲ့လမ်းဘေးအထာကို ကျွမ်းကျင်နားလည်မှုကသာ မိမိငွေပမာဏတိုးပွားခြင်းနဲ့ ပိုသက်ဆိုင်တယ်'' လို့ Siebold က ထောက်ပြတယ်။ သင်ဟာ လူ့အထာပိုပြီး ညက်အောင် ဘယ်လိုလုပ်မလဲ။ ချမ်းသာပြီးသား လူတွေရဲ့ စိတ်ထဲဝင်ကြည့်ပြီး ငွေနဲ့ပတ်သက်လို့ သူတို့ဘယ်လိုတွေးသလဲ၊ ဘယ်လိုယူဆသလဲဆိုတာ စုံစမ်းရှာဖွေပါလို့ Siebold က ပြောပါတယ်။

၄။ ချမ်းသာအောင်လုပ်တာဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ကြိုးပမ်းအားထုတ်မှုလို့ သာမန်လူတွေက ယုံကြည်ချိန်မှာ သူဌေးတွေကတော့ ချမ်းသာအောင်လုပ်ဖို့ အသင်းအဖွဲ့တစ်ဖွဲ့ လိုအပ်တယ်လို့ ယုံကြည်တယ်။

''ကမ္ဘာ့အဆင့်မီသူဌေးတွေဟာ ချမ်းသာအောင်လုပ်ဖို့ အဖွဲ့လိုအပ်မှန်းသိပြီး၊ သူတို့ရဲ့ပြုမူလှုပ်ရှားမှုတွေနဲ့ စိတ်ကူးတွေကို ကျားကန်ဖို့ သင့်တော်တဲ့လူတွေရှာတွေ့အောင် ကြိုးပမ်းအားထုတ်မှုကို ဇောင်းပေးကြတယ်။ အကြီးကျယ်ဆုံးဥစ္စာဓနတွေဟာ ကမ္ဘာ့အဆင့်မီ အဖွဲ့တစ်ဖွဲ့ရဲ့ စိတ်နဲ့ကိုယ်ပေါင်းစပ်ဖြည့်ဆည်း ပံ့ပိုးမှုနဲ့ တည်ဆောက်ထားပါတယ်။ သင့်ကို ဝန်းရံထားတဲ့ လူတွေဟာ သင့်ရဲ့အသားတင်ချမ်းသာကြွယ်ဝမှုအပေါ် သင်ထင်တာထက်ပိုပြီး သက်ရောက်မှုရှိတယ်'' လို့ Siebold က ထောက်ပြပါတယ်။

၅။ သာမန်လူတွေက ငွေရှာခြင်းဟာ ခက်ခဲရှုပ်ထွေးတယ်လို့ ယုံကြည်နေချိန်မှာ သူဌေးတွေကတော့ ဒါကိုရိုးစင်းလွယ်ကူတယ်လို့ ယုံကြည်ကြပါတယ်။

''သူဌေးတွေဟာ ကိုယ့်ထက်ပိုတော်တယ်၊ ပိုကံကောင်းတယ်၊ ဒါမှမဟုတ် ပညာပိုတတ်တယ်လို့ လူအများစုက အမြဲထင်ကြတယ်။ အဲဒါတွေ တစ်ခုမှမမှန်ပါဘူး'' လို့ Siebold က ပြောတယ်။ ငွေဟာ စိတ်ကူးစိတ်သန်းတွေနဲ့ အခက်အခဲပြဿနာဖြေရှင်းမှုတို့ကနေ ရရှိတယ်လို့ သူဌေးတွေ သိတယ်။ ''အဖြေက ပိုကြီးမားလေ လစာငွေက ပိုများလေပဲ။ ငွေရှာနည်းက လွယ်ချင်မှ လွယ်မယ်။ ဒါပေမဲ့ ယုံကြည်မှုကို ကန့်သတ်တာဟာ ငွေရဖို့၊ ချမ်းသာဖို့ ကြိုးစားမယ့်လူတွေကို ဟန့်တားတယ်'' လို့ Siebold က ပြောပါတယ်။

၆။ သာမန်လူတွေက ငွေရဖို့ အချိန်နဲ့လုပ်အားရင်းရတယ်လို့ ယူဆခိုက်မှာ သူဌေးတွေကတော့ ငွေကို တွေးခေါ်ခြင်းကနေ ရနိုင်တယ်လို့ ယုံကြည်တယ်။

လူလတ်တန်းစားက ငွေနဲ့ပတ်သက်ရင် အစဉ်အတိုင်း ပုံစံအရတွေးပြီး ငွေပိုရဖို့ဆိုရင် အလုပ်ချိန်ပိုလုပ်ဖို့ပဲ ရှိတယ်လို့ ယုံကြည်တယ်။ သူဌေးတွေကတော့ ငွေများများရဖို့ စဉ်းစားရာမှာ အစဉ်အတိုင်း မဟုတ်တဲ့ပုံစံနဲ့ စဉ်းစားတယ်။ တီထွင်ဖန်တီးမှုရှိတဲ့ တွေးခေါ်နည်းဟာ ကမ္ဘာမှာ ကြေးအများဆုံးရတဲ့ ကျွမ်းကျင်မှုမှန်း သူဌေးတွေ သိတယ်။ ကိုယ့်စိတ်ကို ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးတာဟာ ငွေရလမ်းအတွက် တကယ့်လျှို့ဝှက်ချက်ပါပဲ'' လို့ Siebold က ပြောပါတယ်။

၇။ သာမန်လူတွေက ငွေဟာ ထိန်းချုပ်တာဖြစ်တယ်လို့ ယူဆနေချိန်မှာ သူဌေးတွေကတော့ ငွေဟာ လွတ်မြောက်မှုပေးတယ်လို့ ယုံကြည်တယ်။

''သူဌေးတွေက ငွေဟာ သူတို့နဲ့ သူတို့မိသားစုတွေအတွက် လွတ်မြောက်မှုနဲ့ အခွင့်အလမ်းဖန်တီးဖို့ တန်ခိုးအစွမ်းရှိတဲ့ အပြုသဘောကိရိယာတန်ဆာပလာလို့ မြင်တယ်။ သာမန်လူက ငွေဟာ ဖိနှိပ်ချုပ်ခြယ်မှုကြီးလို့ မြင်တယ်။ ကမ္ဘာ့အဆင့်မီသူက ငွေဟာ အဆုံးမဲ့ဖြစ်နိုင်စွမ်းတွေ လမ်းဖွင့်ပေးတဲ့ အရေးကြီးအရင်းအမြစ်အဖြစ် သဘောထားတယ်။ လူလတ်တန်းစားက ငွေကို မိစ္ဆာလို့သတ်မှတ်ပြီး ငွေရဲ့အရေးပါမှုကို ငြင်းဆန်တယ်။ ဒီလိုအခြေခံစိတ်သဘောထားမျိုးရှိမှတော့ လူအများစုမချမ်းသာတာ အံ့သြစရာလိုသေးလား'' လို့ Siebold က ရေးတယ်။

၈။ သာမန်လူတွေက ငွေရဖို့ အလုပ်လုပ်တာကို ယုံကြည်ချိန်မှာ သူဌေးတွေက ကျေနပ်မှုအတွက် အလုပ်လုပ်တယ်လို့ ယုံကြည်ကြတယ်။

သူဌေးတွေက ငွေရဖို့ သက်သက် အလုပ်လုပ်တာဟာ ဥစ္စာဓနကြွယ်ဝရေးအတွက် အဆိုးဆုံးနည်းဗျူဟာလို့ သဘောထားတယ်။ လစာတွေ အများကြီးရနိုင်တဲ့ အလုပ်တွေကို မရှာပါနဲ့။ ကျေနပ်မှုရဖို့ အလားအလာ ရှိဆုံးအလုပ်ကို အာရုံစိုက်ပါ။ အဲဒါကို သင်ရှာတွေ့ပြီဆိုရင် အဲဒီအလုပ်ထဲ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ရာကနေ သင့်ရဲ့လုပ်ငန်းနယ်ပယ်မှာ အတော်ဆုံးလူတစ်ဦး ဖြစ်လာနိုင်ပါတယ်။ သမားရိုကျမဟုတ်တဲ့ဥစ္စာဓနတွေကို သင့်ဆုလာဘ်အဖြစ် သင်ရရှိပါလိမ့်မယ်လို့ Siebold က ပြောပါတယ်။

စိုးသိဏ်း