ဒေါ်ဝတ်ရည်ချမ်း (Founder & CEO,Groupbuyy, AnyReview)

Groupbuyy နဲ့ AnyReview Channel တို့ကို တည်ထောင်လုပ်ကိုင်လျက်ရှိတဲ့ ဒေါ်ဝတ်ရည်ချမ်းနဲ့တွေ့ဆုံခဲ့ပြီး လုပ်ငန်းနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

DawWutYeeChan1

ပညာရေးနဲ့အလုပ်အကိုင် Background

------------

ကျွန်မက ၂၀၀၉ ခုနှစ်မှာ ဒဂုံတက္ကသိုလ်ကနေ အင်္ဂလိပ်စာအထူးပြုနဲ့ ကျောင်းပြီးခဲ့ပါတယ်။ နောက်ပြီးတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကနေ Master of Public Administration (MPA) ရရှိခဲ့ပါတယ်။ အခု MBA ကို ဆွစ်ဇာလန်ကနေပြီး သင်နေပါတယ်။ Groupbuyy ကို မတည်ထောင်ခင်တုန်းက ကျွန်မက ဂျာမန် Base Internet Innovator Company မှာ အရောင်းအနေနဲ့စပြီး လုပ်ခဲ့ပါတယ်။ Internet Base ဖြစ်တဲ့အတွက်ကြောင့် အဲဒီတုန်းက မြန်မာပြည်မှာ E-commerce က တအားခေတ်မစားသေးပါဘူး။ ကုမ္ပဏီက Start Up တစ်ခုဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မအနေနဲ့ အရောင်းပိုင်းပဲ တာဝန်ယူရတာမဟုတ်ဘဲနဲ့ Business Process တစ်ခုလုံးကြီး Run ပေးရတာမျိုး ရှိပါတယ်။ အဲဒီကနေမှ ကျွန်မအတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။

Groupbuyy ကို တည်ထောင်ဖြစ်ခဲ့ပုံ

-----------------

အမေရိကားက ကျွန်မရဲ့အစ်ကိုတစ်ယောက်က မြန်မာနိုင်ငံမှာ Groupbuyy လို ပုံစံမျိုးလုပ်ဖို့ စိတ်ဝင်စားတယ်။ ကျွန်မကလည်း ဂျာမန်ကုမ္ပဏီမှာ လုပ်နေတာဆိုတော့ လုပ်ကြည့်ရအောင်ဆိုပြီး လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သုံးလလောက်ကြာတော့ သူက မဖြစ်နိုင်ဘူးဆိုပြီး အမေရိကားပြန်သွားတယ်။ အဲဒါနဲ့ ကျွန်မက အလုပ်ထွက်ပြီး အဲဒီ Project ကို ကိုယ့်ဘာသာ အသစ်ကပြန်စပြီး လုပ်ခဲ့ပါတယ်။ ကျွန်မအစ်ကိုလုပ်ခဲ့တဲ့ Project က အမေရိကားက Business Model တစ်ခုလုံးကြီးကို ဒီမှာပြန်ပြီး Set Up လုပ်တဲ့ ပုံစံဖြစ်ခဲ့တော့ ကျွန်မက ဒါကို မြန်မာနိုင်ငံနဲ့ Fit In ဖြစ်အောင်လို့ ပြန်ပြီး Localize လုပ်ရပါတယ်။ နောက်ထပ်သုံးလေးလလောက်အကြာမှာ ရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားလာပြီး ကျွန်မတို့ဆီမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ အဲဒီလိုကနေစပြီး Groupbuyy ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

Groupbuyy ရဲ့ Business Model နဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ပတ်သက်လို့ပြောပြပေးပါ

-----------------

Groupbuyy Business Model ကတော့ Commission Base နဲ့ Advertising ပါ။ နောက်ပိုင်းမှာတော့ Subscription Base ကိုပါ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကတော့ iMyanmar Group နဲ့ Early Bird Trading Group of Company ကပါ။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ကတော့ ငွေကြေရေးသာမက အခြားသောလိုအပ်တဲ့ စီးပွားဆိုင်အကြံအဉာဏ်တွေ၊ နည်းပညာ၊ Network အထောက်အကူတွေ ပေးပေးတဲ့အတွက် အလုပ်လုပ်ရာမှာတော့ သိပ်အခက်ခဲရယ်ဆိုပြီး မရှိပါဘူး။

Groupbuyy က ပေးနေတဲ့ဝန်ဆောင်မှုတွေ

-----------------

www.groupbuyy.com.mm ဆိုတဲ့ Website မှာ Discount Cupon တွေကို Platform တစ်ခုတည်းမှာ စုစည်းပေးထားပြီး ကူပွန်တွေကို အခမဲ့ထုတ်ပေးပါတယ်။ နေ့စဉ် နေ့တိုင်းမှာ Discount ကူပွန်တွေ အခမဲ့ရနေတဲ့ဆိုင်တွေ၊ Spa တွေ၊ Hotel တွေ၊ ကျောင်းတွေ၊ ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုတွေ ဒါတွေအားလုံးကို ကျွန်မတို့ အမြဲတမ်း Update လုပ်ပေးနေပါတယ်။ သဘောကတော့ စားသောက်ဆိုင်တွေ၊ Spa တွေသွားတာပဲဖြစ်ဖြစ်၊ သင်တန်းကျောင်းတွေပဲဖြစ်ဖြစ် ဘယ်နေရာကိုမဆို သွားမယ်ဆိုရင် Groupbuyy ကနေပြီး ကူပွန်လေးတွေ ထုတ်သွားမယ်ဆိုရင် User တွေအနေနဲ့ ဝန်ဆောင်မှုတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သုံးချင်တဲ့ဝန်ဆောင်မှုက တစ်ထောင်ကျပ် ကျသင့်မယ်ဆိုရင် နှစ်ရာကျပ် Discount ရပြီး ရှစ်ရာကျပ်ပဲပေးရမယ့် သဘောမျိုး ဖြစ်ပါတယ်။

DawWutYeeChan2

AnyReview Channel ရဲ့အကြောင်း ပြည့်ပြည့်စုံစုံလေး ပြောပြပေးပါဦး

------------------------

Anyrev Channel ကတော့ ဝန်ဆောင်မှုတွေ ထုတ်ကုန်တွေရဲ့ လေ့လာသုံးသပ်ချက်တွေ၊ ခရီးသွားဆိုင်ရာကို Online Channel မှာ Video ဖိုင်လေးတွေနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးဆိုင်ရာ ဗဟုသုတအပြင် မြန်မာ့ယဉ်ကျေးမှုတွေကိုပါ လေ့လာသင်ယူနိုင်တဲ့ Online Channel လေးပဲဖြစ်ပါတယ်။ ဒီလိုဗဟုသုတဖြစ်စေမယ့် Video File လေးတွေကို အခမဲ့ကြည့်ရှုသင်ယူသွားနိုင်မှာ ဖြစ်ပါတယ်။ (www.anyreviewmyanmar.com)

ဝန်ထမ်းအင်အားနဲ့ ဝန်ထမ်းစီမံအုပ်ချုပ်မှုပုံစံ

--------------------

ကျွန်မတို့က Start Up ဖြစ်တဲ့အတွက် ကျွန်မတို့ Team မှာ ဝန်ထမ်းက အများကြီးတော့မရှိသေးပါဘူး။ အရောင်းဝန်ထမ်းတစ်ယောက်က Customer Service လုပ်လို့ရတယ်၊ အဲဒီဝန်ထမ်းက Computer လည်း သုံးတတ်တဲ့သူဖြစ်မယ်ဆိုရင် Content ပိုင်းလည်း သူဝင်ကူလို့ရတယ်။ အဲဒီလို လုပ်နိုင်အောင်လည်း ကျွန်မရဲ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးထားပါတယ်။ ဝန်ထမ်းတစ်ယောက်က တစ်မျိုးပဲလုပ်ရလို့ တစ်မျိုးပဲလုပ်တယ်ဆိုတာမျိုး ကျွန်မတို့ဆီမှာ မရှိပါဘူး။ သူတို့အနေနဲ့ လုပ်ချင်ကိုင်ချင်စိတ် ရှိအောင်တော့ Motivation ရှိအောင် လုပ်ပေးရပါတယ်။ Motivation မရှိတဲ့အခါမှာ သူတို့အနေနဲ့ Over-load ဖြစ်သွားတတ်ပါတယ်။ ဝန်ထမ်းတွေကို Motivate ဖြစ်အောင် လုပ်ပေးဖို့ဆိုရင် ကိုယ်ကိုယ်တိုင်ကလည် Motivate ဖြစ်နေပြရပါတယ်။

ကျွန်မတို့က ငွေအရင်းအနှီးအများကြီးနဲ့ လုပ်နေတဲ့ ကုမ္ပဏီမဟုတ်တဲ့အတွက် Market မှာ Leader ဖြစ်အောင် အများကြီး ကြိုးစားရပါတယ်။ တခြားကုမ္ပဏီကြီးတွေက ဝန်ထမ်းသုံးယောက်အသုံးပြုတဲ့နေရာမှာ ကျွန်မတို့က တစ်ယောက်ပဲ သုံးထားပါတယ်။ အဲဒီအခါကျတော့ Motivation တအားအရေးကြီးပါတယ်။ လိုအပ်လာပြီဆိုရင် ကျွန်မကိုယ်တိုင် အရောင်းထွက်ရတဲ့အခါမျိုး၊ Camera ကိုင်ပြီး ရိုက်ပေးရတာမျိုးလည်း ရှိပါတယ်။ ဝန်ထမ်းတွေအတွက် စံပြကောင်းဖြစ်အောင် ကိုယ်တိုင်အလုပ်ကို သေချာလုပ်ပြပါတယ်။

ကျွန်မကတော့ Family ပုံစံမျိုးလေးနဲ့ ဝန်ထမ်းတွေကို စီမံအုပ်ချုပ်ပါတယ်။ ကျွန်မတို့ဆီကနေ တခြားတစ်နေရာ ပြောင်းသွားတာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ကုမ္ပဏီ တည်ထောင်တာပဲဖြစ်ဖြစ် လုပ်လည်းရနိုင်အောင် ဝန်ထမ်းတွေအတွက် အရည်အသွေးကောင်းတွေကို Built-up လုပ်ပေးပါတယ်။

Innovative ဖြစ်တဲ့ ဝန်ထမ်းတွေရအောင် ဘယ်လိုပြုစုပျိုးထောင်ပေးပါသလဲ

---------------------

ကျွန်မတို့အနေနဲ့ ဝန်ထမ်းတွေ ခန့်အပ်ပြီဆိုရင် အဓိကအနေနဲ့ သူ့ရဲ့စိတ်ဓာတ်ကို အရင်ကြည့်ပါတယ်။ Qualification က အရေးကြီးတယ်ဆိုပေမဲ့ စိတ်ဓာတ်က အခြေခံကျပါတယ်။ သူဘယ်လောက်အထိ သင်ယူလေ့လာချင်သလဲ၊ ဘယ်လောက်အထိ မဆုတ်မနစ်ကြိုးစားလုပ်ကိုင်ချင်သလဲ၊ Motivation ဘယ်လောက်ရှိသလဲ ဆိုတာတွေအပေါ် အဓိကထားပြီး ရွေးပါတယ်။ အဲဒါတွေက ဝန်ထမ်းတစ်ယောက်မှာ Built-in ပါလာရမှာ ဖြစ်ပါတယ်။ Qualification မရှိရင်ကျွန်မတို့သင်ပေးလို့ ရပါတယ်။ Qualification တွေ အများကြီးရှိပြီးတော့ Ethic မရှိတဲ့သူတွေလည်း အများကြီးရှိပါတယ်။ Qualification မရှိပေမယ့်လည်း လုပ်ငန်းမှာ တဖြည်းဖြည်းသင်ရင်းနဲ့မှ နေရာတစ်ခုအထိ ကျွန်မတို့ လက်လွှဲပေးနိုင်တဲ့ အနေအထား ရောက်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီတော့ လူတစ်ယောက်ရဲ့ Attitude ကို ကြည့်ပြီးတော့မှ ဝန်ထမ်းအဖြစ် ရွေးချယ်ခန့်အပ်ပါတယ်။ လိုအပ်တဲ့ Qualification တွေကိုတော့ ကျွန်မတို့က သင်ကြားပေးပါတယ်။

DawWutYeeChan3

Start Up စလုပ်တုန်းက ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ကိုယ့်လိုပဲ လုပ်ငန်းသစ်တစ်ခု စချင်တဲ့လူငယ်တွေအတွက် အကြံပြုချက်

---------------------

ကိုယ့်မှာ အိပ်မက်ရှိရင် အခုစပြီးလုပ်ပါ။ များသောအားဖြင့် ကျွန်မတို့က Complain များတယ်။ ကိုယ့်မှာ မိဘက ကျောထောက်နောက်ခံမရှိဘူး၊ အင်တာနက်လိုင်းတွေ မကောင်းဘူး၊ အရင်းအနှီးမရှိဘူး အဲဒီလို Complain တွေကို ခဏရပ်ပြီး တစ်ခုခုလောက် စမ်းပြီးလုပ်ကြည့်ပါ။ ကျွန်မတို့အနေနဲ့ GroupBuyy ကို စလုပ်တုန်းက ဘယ်သူမှ အရင်းအနှီးမထုတ်ပေးခဲ့ပါဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်ပြီး ရတဲ့လခကို စုပြီး ကျွန်မတို့စလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအလုပ်က အောင်မြင်မလား မအောင်မြင်မလား မသိဘူး။ Investment ကလည်း မရှိဘူး။ ဒီ Saving ထဲကပဲ ပိုက်ဆံထုတ်သုံးခဲ့ရတယ်။ အဲဒီလို တအားစိုးရိမ်ရတော့ အိပ်တောင်မပျော်ခဲ့တဲ့နေ့တွေ ရှိပါတယ်။ Over workload ဖြစ်သွားတာတွေလည်း ရှိတယ်။ အတက်အကျလည်း တအားများတယ်။ ဒါပေမဲ့ ကြံ့ကြံ့ခံပါ။ ဒါကိုတော့ ဖြစ်အောင်လုပ်မယ်။ ဘယ်ဟာကိုတော့ စလုပ်ကြည့်မယ်ဆိုပြီး ကြိုးစားပြီးလုပ်ကြည့်ပါ။ တစ်ရက်ကို ငါ Task ဘယ်နှခုတော့ ပြီးအောင်လုပ်မယ်ဆိုပြီး အကျင့်လေးတွေ လုပ်ထားပါ။ အဲဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် တည်ဆောက်သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။

DawWutYeeChan4

အနာဂတ်အစီအစဉ်

---------------------

GroupBuyy အနေနဲ့ အခုထက်ပိုပြီးတော့ Market Coverage ရအောင် ကြိုးစားနေပါတယ်။ အလုပ်လုပ်ချင်တဲ့ သူတွေ၊ လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးပေးနိုင်အောင် ကျွန်မတို့ကြိုးစားနေပါတယ်။

အခု AnyReview Channel ဆိုပြီး Channel တစ်ခု ကျွန်မတို့လုပ်နေပါတယ်။ Groupbuyy တစ်ခုတည်းနဲ့စာရင် အလုပ်က ပိုများလာပါတယ်။ Groupbuyy က သူ့ Client တွေနဲ့ သူ့အကောင့်တွေနဲ့သူ ရှုပ်နေတဲ့အချိန်မှာ တစ်ဖက်ကလည်း ဒီ Channel အပေါ်မှာ Focus လုပ်သွားမှာ ဖြစ်ပါတယ်။

ကြည်ပြာနွဲ့ဦး