ဒေါ်ဝင်းအိခိုင် @ Winnie

MaWinEiKhine1

MAPLE Trading Co Ltd        

Executive Director

Wai Sithu International Co Ltd       

Executive Director

Belle Maison Maple Co Ltd  

President

Streamline Training Learning Centre

Owner

MJBC Co Ltd 

Director

~~~~~

မိမိရဲ့ကိုယ်ပိုင်လုပ်ငန်း၊ မိသားစုလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ရင်း ပြည်တွင်းက အသင်းအဖွဲ့တွေထဲမှာ တက်ကြွစွာပါဝင်တာဝန်ယူလျက်ရှိတဲ့ ဒေါ်ဝင်းအိခိုင်ကို သူ့ရဲ့လက်ရှိတာဝန်ယူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အနာဂတ်အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

တာဝန်ယူထားတဲ့လုပ်ငန်းတွေ

---------------------------------

၂၀၀၇ ခုနှစ် ဘွဲ့ရပြီးချိန်မှာ Streamline ကျောင်းကို တည်ထောင်ခဲ့တယ်။ စတည်ထောင်ကတည်းက International Standard အတိုင်း စာသင်ပေးခဲ့တယ်။ အခုဆိုရင် ကလေး ရှစ်ရာကျော်ရှိလာပါပြီ။ Pre School စခဲ့တာ အခုဆိုရင် အလယ်တန်းကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အခုကျောင်း Operation ကို ကျွန်မအစ်ကိုက Run နေပါတယ်။

၂၀၁၁-၂၀၁၂ ခုနှစ် ဂျပန်မှာ ကျောင်းသွားတက်ပြီးတော့ ပြန်လာခဲ့ပါတယ်။ ရလာတဲ့ပညာတွေနဲ့ အထည်စက်ရုံကိုသွားပြီးတော့ ဆက်လုပ်ခဲ့ပါတယ်။ အဲဒီချိန်တုန်းက ကျွန်မမိသားစုတွေက သူတို့လည်း ပင်ပန်းတယ်၊ ကူဖော်လောင်ဖက်လိုချင်တယ်ဆိုတော့ ကျောင်းကိုလည်း အစ်ကိုကလုပ်ပေးနေတာ အဆင်ပြေနေတဲ့အတွက် အထည်ချုပ်လုပ်ငန်းကို စလုပ်ခဲ့ပါတယ်။ အခုဆိုရင် ခြောက်နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

အထည်ချုပ်ကို လုပ်နေရင်းနဲ့ ၂၀၁၄ ခုနှစ်မှာ MJBC ကို ကျွန်မနဲ့အတူတကွ တစ်ခြားဂျပန်ရော၊ မြန်မာပြည်မှာရှိတဲ့ တခြားလုပ်ငန်းရှင်တွေရော Director အားလုံးခုနစ်ယောက်ပေါင်းပြီးတော့ အဲဒီ Company ကို ထောင်ခဲ့ပါတယ်။ ဒီ Company ကို တည်ထောင်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်မတို့က မြန်မာနိုင်ငံမှာရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းလေးတွေ စနစ်တကျနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို ပိုပြီးတော့ ဘယ်လိုတိုးတက်အောင်မြင်အောင် စွမ်းဆောင်သင့်လဲ၊ လုပ်သင့်လဲ၊ နိုင်ငံတကာဈေးကွက်တွေကို ဘယ်လိုထိုးဖောက်သင့်လဲ၊ ထိုးဖောက်ဖို့အတွက် ဘယ်လိုပြင်ဆင်သင့်လဲဆိုတာတွေကို အဓိကကူညီလုပ်ကိုင်ပေးတဲ့ Company ဖြစ်ပါတယ်။ ဂျပန်ပညာရှင်တွေရဲ့ အထောက်အပံ့၊ အကူအညီတွေလည်း အများကြီးရပါတယ်။

Wai Sithu International Trading Company ကတော့ ကျွန်မအမျိုးသားနဲ့ သူ့ရဲ့အမေထောင်ထားတဲ့ Company ဖြစ်ပါတယ်။ ကျွန်မက ၂၀၁၆ ခုနှစ်ကနေစပြီးတော့ ဒီ Company ထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ ဝင်ပြီးတော့ ကျွန်မတို့ Trading Company မှာ Esprit ကို ယူမယ်ဆိုပြီး စလုပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ကျွန်မလုပ်ငန်းနှစ်ခု ထပ်စလိုက်ပါတယ်။ တစ်ဖက်က ကျွန်မ Wai Sithu ကို ဝင်လိုက်ပြီးတော့ Esprit ကို စလုပ်ခဲ့တယ်။ အဲဒီလိုတစ်ပြိုင်တည်းမှာပဲ ပဲခူးမှာ ဂျပန်နဲ့ပေါင်းပြီးတော့ အထည်ချုပ်စက်ရုံတစ်ခု ထပ်တည်ထောင်ခဲ့ပါတယ်။ အခုလောလောဆယ် အထည်ချုပ်စက်ရုံနှစ်ရုံနဲ့ Esprit ကို အဓိက Run နေပါတယ်။

အဓိကတာဝန်ယူလုပ်ကိုင်နေတဲ့ အထည်ချုပ်လုပ်ငန်းနဲ့ပတ်သက်လို့ ဦးတည်ချက်

----------------------------------

အထည်ချုပ်ဆိုရင် ကျွန်မတို့ရဲ့ရည်ရွယ်ချက်က Made In Myanmar ဆိုတဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ အဲဒီလို ထိုးဖောက်ဝင်ရောက်ရင်းနဲ့လည်း မြန်မာနိုင်ငံမှာ ထုတ်တဲ့ပစ္စည်းတွေက အရည်အသွေးပြည့်မှီပြီးတော့ နိုင်ငံတကာအဆင့်မှီတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်တယ်ဆိုတဲ့အတိုင်း ဦးတည်ချက်ထားပြီးတော့ လုပ်ပါတယ်။ အဲဒါကြောင့် အထည်ချုပ်လောကမှာဆိုရင်လည်း အောင်မြင်တဲ့စက်ရုံတစ်ခုလို့ ပြောလို့ရပါတယ်။ အထည်ချုပ်စက်ရုံလုပ်တယ်ဆိုတာ တကယ်ကုသိုလ်လည်းရပါတယ်။ ကျောင်းဆိုလည်း ကုသိုလ်ရတယ်။ အထည်ချုပ်ဆိုရင်လည်း ဝန်ထမ်းတွေ အများကြီးကို အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်တယ်၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခု သင်ပေးနိုင်တယ်။ တခြားစက်ရုံတွေထက်စာရင် ကျွန်မတို့စက်ရုံမှာ မတူတာတစ်ခုက ဝန်ထမ်းတွေကို အကုန်ချုပ်တတ်အောင်သင်ပေးပါတယ်။ အဲဒါကြောင့် ကျွန်မတို့စက်ရုံက ဝန်ထမ်းတွေဆိုရင် ကျန်တဲ့စက်ရုံတွေက အရမ်းလိုချင်ပါတယ်။ သူတို့အကုန်လုံးကျွမ်းကျင်တဲ့အတွက်ကြောင့် ကိုယ့်လုပ်ငန်းကိုပိုပြီးတော့ အကျိုးရှိစေပါတယ်။ အဓိက ကျွန်မတို့ရဲ့ Objective ကတော့ အထည်ချုပ်လုပ်ငန်းဆိုတာ ကျွန်မမိဘတွေလုပ်ခဲ့တာ နှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်ပါတယ်။ ကျွန်မအထည်ချုပ်ကို ဝင်ရောက်လုပ်ကိုင်တာ ခြောက်နှစ်ကျော်ပဲ ရှိသေးတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မမိဘကိုလည်း ကျေးဇူးဆပ်ချင်တာက တစ်ကြောင်း၊ ဝန်ထမ်းတွေကိုလည်း အခုထက်ပိုပြီး တိုးတက်အောင်မြင်စေချင်တာကတစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးချင်တာရော၊ မြန်မာနိုင်ငံရဲ့ အရည်အသွေးမြင့်တဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ချင်တာက တစ်ကြောင်း အဲဒီအချက်တွေကြောင့် အထည်ချုပ်လုပ်ငန်းကို ဆက်လုပ်ဖြစ်တာဖြစ်ပါတယ်။ အခုဆက်ပြီးတော့လည်း ကြိုးစားနေတယ်၊ ထပ်ပြီးတော့လည်း ချဲ့နေပါတယ်။ အထည်ချုပ်မှာဆိုရင် တကယ်တမ်းပြောရရင် စက်ချုပ်ဆိုင်အကြီးစားတစ်ခုလိုပဲ ဖြစ်ပါတယ်။ ကုန်ကြမ်းတွေ ကိုယ့်ဘာသာဝယ်ပြီးတော့ ကုန်ချောအဖြစ်သူတို့ကို ပြန်ပြီးရောင်းချပေးနိုင်တဲ့ အဆင့်ကို တက်မှာဖြစ်ပါတယ်။ နောက်ဆုံးဒီဇိုင်းရော၊ ကုန်ချောရောရောင်းတဲ့အဆင့်ကို သွားဖို့ ဆယ်နှစ် Plan လုပ်ထားပါတယ်။ နောက်ပိုင်းမှာ တစ်ဆင့်၊ တစ်ဆင့်တက်သွားအောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

Esprit အနေနဲ့ ရှေ့ဆက်သွားမယ့်အစီအစဉ်

----------------

Esprit နဲ့ပတ်သတ်ပြီးတော့ ကျွန်မတို့က ဒီ Company ကိုထောင်တာက အဓိကလူတွေရဲ့ Life Style အတွက်ဖြစ်ပါတယ်။ လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝကိုပိုပြီးတော့ အဆင့်မြင့်လာအောင်၊ ပိုပြီးတော့နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်လာအောင် လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်ဖြစ်တဲ့အခါမှာ Esprit နဲ့ချိတ်ဆက်မိပြီး စယူခဲ့တာဖြစ်ပါတယ်။ ယူတဲ့အချိန်မှာဆိုရင်လည်း Esprit ဈေးနှုန်းတွေဆိုရင် စင်ကာပူတို့နဲ့ယှဉ်ရင် ပိုသက်သာပါတယ်။ အဲဒီလိုမျိုးဖြစ်အောင် ညှိပြီးလည်း လုပ်ရပါတယ်။ အရည်အသွေး အရမ်းကောင်းတယ်၊ ရာသီဥတုနဲ့လည်း အရမ်းအဆင်ပြေပြီးတော့၊ ဝတ်ရတာသက်သောင့်သက်သာရှိပြီးတော့ ဝတ်ရင်လည်း လိုက်ဖက်အဆင်ပြေပါတယ်။ ဈေးနှုန်းမှာဆိုရင်လည်း အကုန်လုံးတတ်နိုင်အောင် သင့်တင့်သောဈေးနဲ့ ရောင်းပါတယ်။ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့လူမျိုးအတွက်လည်း အကျိုးရှိအောင်၊ အဆင်ပြေအောင် ထည့်စဉ်းစားပြီးတော့ အလုပ်လုပ်ပါတယ် Esprit ကိုလည်း ပိုပြီးတော့ အဆင်ပြေစွာဝယ်ယူနိုင်အောင် နောက်ထပ်ဆိုင်ခွဲတွေဖွင့်ဖို့လည်း ကြိုးစားနေပါတယ်။ ကျွန်မတို့ဆီမှာ တခြား Brand တွေ ထပ်ယူထားတာလည်း ရှိပါတယ်။ Accessory လည်းပါမယ်၊ နောက်ထပ်အဝတ်အစာပိုင်းလည်း ပါတယ်။ ကိုယ့်လူမျိုးတွေ သက်သောင့်သက်သာနဲ့ ကောင်းကောင်းသုံးနိုင်မယ့်အရာမျိုးဆိုရင် သူတို့ဆီကယူမယ်၊ တင်သွင်းမယ်၊ ရောင်းချပေးမယ် အားလုံးသုံးနိုင်ရမယ်၊ ပစ္စည်းလည်းကောင်းရမယ်၊ Customer အတွက်လည်း အကျိုးအမြတ်ရှိရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဦးတည်ပြီး လုပ်ပါတယ်။ Esprit နဲ့အတူ နောက်ထပ် Brand တွေကိုလည်း ဆက်လက်ချဲ့ထွင်သွားဖို့ ရှိပါတယ်။

[caption id="attachment_32831" align="alignnone" width="420"]MaWinEiKhine2လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တွေ့ရစဉ်[/caption]

ဝန်ထမ်းအင်အားနဲ့ ဝန်ထမ်းတွေကို စီမံအုပ်ချုပ်ပုံ

---------------------

အထည်ချုပ်မှာဆိုရင် ဝန်ထမ်းတစ်ထောင်ကျော် ရှိပါတယ်။ Esprit မှာဆိုရင် ဝန်ထမ်းသုံးဆယ်ကျော်ရှိပါတယ်။ ကျောင်းမှာဆိုရင်တော့ ဝန်ထမ်းတစ်ရာပတ်ဝန်းကျင်လောက်ရှိပါတယ်။ စီမံခန့်ခွဲတာလည်း သူ့ဘာသာနဲ့သူ မတူပါဘူး။ ကျောင်းမှာဆိုရင်တော့ မူလတန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်ဆိုပြီး ခွဲထားပေးတာရှိပါတယ်။ Management ကိုတော့ ကျွန်မ Team Management နဲ့သွားပါတယ်။ လူတွေအကုန်လုံးတစ်ခုခုဆို သုံးယောက်စုံပြီး ဆွေးနွေး၊ အဲဒီမှာတစ်ယောက် သဘောမတူဘူးဆိုရင် အဲဒီတစ်ယောက်နဲ့ပြန်ညှိ အဲဒီလိုမျိုးအားလုံး သဘောတူတဲ့အရာကိုမှ ကျွန်မတို့လုပ်ကြမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ စက်ရုံမှာဆိုရင်လည်း ကျွန်မ Top Management Team ဖွဲ့ထားပါတယ်။ Top Management Team ထဲမှာ Department Manager တွေ အကုန်ပါတယ်။ ကျွန်မမရှိဘူးဆိုရင်လည်း သူတို့ဘာသာဆုံးဖြတ်ချက်ကို Team တွေအကုန်ခေါ်ပြီး သူတို့ဆွေးနွေးကြပါတယ်။ ဘာပဲလုပ်လုပ် ကျွန်မတို့က တစ်ယောက်ထဲလုပ်တာ မဟုတ်ဘဲနဲ့ Team နဲ့သွားပါတယ်။ Management Meeting တိုင်းမှာ သူတို့ကို ဘယ်လိုလုပ်ရင်ဘယ်လိုရှိတယ်၊ သူတို့ကလည်း အကြံဉာဏ်တွေပြန်ပေးတဲ့အခါ စဉ်းစားပြီးတော့မှ ပြန်လုပ်ပါတယ်။

အလုပ်နဲ့ပတ်သက်ပြီး Future Plan ပြောပြပေးပါ

-----------------------

လုပ်ငန်းနဲ့ပတ်သက်ပြီး Future Plan ကတော့ အများကြီးရှိပါတယ်။ Streamline ကိုပြောမယ်ဆိုရင် ကျွန်မတို့ Pre-School ကနေ စခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အထက်တန်းကိုသွားဖို့ ကျွန်မနဲ့ ကျွန်မအစ်ကို Plan တွေ ချနေပြီဖြစ်ပါတယ်။ နောက်ပိုင်းဖြစ်နိုင်လို့ရှိရင် ကျွန်မတို့ကလေးတွေကို ဆယ်တန်းပြီးသွားရင်တောင်မှ သူတို့နဲ့သက်ဆိုင်မယ့် တက္ကသိုလ်တွေနဲ့ ရအောင်ချိတ်ဆတ်ပြီးတော့ လုပ်မယ်ဆိုတဲ့အထိ လုပ်နေပါတယ်။

အထည်ချုပ်ဆိုရင်လည်း အခု CMP (Cut-Make-Pack) အဆင့်ကနေ FOB (Freight-on-Board) အဆင့်ထိ သွားမယ်။ အဲဒီကနေမှတစ်ဆင့် ကိုယ့်ရဲ့ဒီဇိုင်းကို ကိုယ်ပြန်ထုတ်ပြီးတော့ ပြန်ရောင်းတဲ့အဆင့်ထိ သွားမှာဖြစ်ပါတယ်။ နောက်ဆုံးကတော့ ကိုယ့်ရဲ့ Brand ကို ကိုယ်ပြန်ထုတ်တဲ့ပုံစံမျိုးသွားမှာ ဖြစ်ပါတယ်။ အဲဒါကိုတော့ အဲဒီအချိန်မှာ ပြန်ကြည့်ပြီးတော့ ကိုယ့် Brand ကို မြန်မာနိုင်ငံတစ်ခုတည်းတင် မဟုတ်ဘဲနဲ့ နိုင်ငံတကာကို ဖောက်နိုင်တဲ့ Brand တစ်ခုကိုစဉ်းစားပြီး ထုတ်သွားမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းတွေအပြင် တခြားပါဝင်လုပ်ကိုင်နေတဲ့ အသင်းအဖွဲ့တွေ

------------------------------

ကျွန်မ MYEA - Myanmar Young Entrepreneurs Association မှာ အဓိကလုပ်ပေးဖြစ်ပါတယ်။ MYEA မှာ Management ကော်မတီ အဓိက ၁၂ ယောက်ထဲမှာပါဝင်ပြီး စာရင်းစစ်အနေနဲ့ တာဝန်ယူထားပေးပါတယ်။MY-EA ကို ကော်မတီကိုးခုနဲ့ ဖွဲ့စည်းထားတာရှိပါတယ်။ အဲဒီမှာလည်း နိုင်ငံခြားသံတမန်ဆက်သွယ်ရေးကော်မတီ ရဲ့ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားပါတယ်။

အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းမှာလည်း လူငယ်ကော်မတီရဲ့ ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားပြီး ပါဝင်လုပ်ကိုင်ပေးနေပါတယ်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှာလည်း ဗဟိုအလုပ်မှုဆောင်အနေနဲ့ လုပ်ပေးတယ်။ မြန်မာနိုင်ငံကုန်သွယ်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှာလည်း အငယ်ဆုံး EC တစ်ယောက်အနေနဲ့ တာဝန်ယူထားပါတယ်။ SME အသင်းကိုလည်း ဝင်ထားပါတယ်။

ဝါဝါနိုင်