ဒေါ်မာလာဝင်း
ဥက္ကဌ
UMG Group of Companies
ဆောက်လုပ်ရေးလုပ်ငန်းသုံးယန္တရားကြီးများ၊ စားသောက်ကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်းစတဲ့ လုပ်ငန်းခွဲတွေနဲ့ နှစ်စဉ်နှစ်တိုင်း ဖွံ့ဖြိုးတိုးတက်လာတဲ့ UMG Group of Companies ရဲ့ဥက္ကဋ္ဌဖြစ်သူ ဒေါ်မာလာဝင်းကို အင်တာဗျူးခွင့်ရခဲ့ပြီး UMG ရဲ့လုပ်ငန်းတွေနဲ့ လုပ်ငန်းကြီးကိုစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မှု ၊ ပြိုင်ဆိုင်မှုတွေအတွက် အသင့်ပြင်ဆင်ထားရှိမှု စတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
လုပ်ငန်းမှာ ကိုယ်တိုင်တာဝန်ယူထားတဲ့ Role နဲ့ Responsibility တွေအကြောင်း ပြောပြပေးပါ . . .
ကျွန်မနာမည်ကတော့ ဒေါ်မာလာဝင်းဖြစ်ပြီး UMG Group of Companiesမှာ ဥက္ကဋ္ဌတစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်နေသလို ပိုင်ရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
နောက်ခံပညာရေးနဲ့ UMG စတင်ခဲ့တဲ့သမိုင်းကြောင်းကို ပြောပြပေးပါ . . .
ကျွန်မ ဆယ်တန်းအောင်ပြီးတော့ Psychology ကို ပထမနှစ်တက်ရောက်နေရင်း အင်ဒိုနီးရှားသံရုံးမှာ စစ်သံမှူးရဲ့ အတွင်းရေးမှူးအနေနဲ့ အလုပ်စလုပ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ပြီးတော့ ၁၉၉၈ ခုနှစ်၊ ဇူလိုင်လမှာ United Machinery Company ကို ကျွန်မအပါအဝင် ဝန်ထမ်းခြောက်ဦးနဲ့ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာဝန်ထမ်းပေါင်း ၂,၅၀၀ကျော်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ အလုပ်လုပ်ရင်းနဲ့ပဲ တက်သင့်တဲ့သင်တန်းတွေ၊ ဖတ်သင့်တဲ့စာအုပ်တွေနဲ့ သင်ယူလေ့လာမှတ်သားပြီး လက်တွေ့မှာ အကောင်အထည်ဖော် အသုံးချခဲ့ရပါတယ်။ ပထမဦးဆုံး Used Machine ၊ Generator နဲ့ Spare Part ဆက်စပ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချကာ အစပြုခဲ့ပြီး နှစ်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံဈေးကွက်ရဲ့ ဝေစု ၅၀ ရာခိုင်နှုန်းကျော် ရရှိတဲ့အထိလုပ်ငန်းတွေ တိုးတက်လုပ်ကိုင်လာနိုင်ခဲ့ပါတယ်။
အရင်အစိုးရရဲ့ ပကတိအခြေအနေတွေကို သေသေချာချာသုံးသပ်ခြင်းမရှိဘဲ တင်းကျပ်တဲ့စည်းမျဉ်းတွေ၊ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့် United Machinery ဟာ တစ်ကြိမ် ယာယီပိတ်ခဲ့ရပါတယ်။ ဒီနေ့အချိန်ထိ ကြီးမားခက်ခဲတဲ့အခြေအနေ သုံးကြိမ်ကို ကျွန်မတို့ UMG ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
လက်ရှိလုပ်ငန်းတွေအကြောင်းနဲ့ လုပ်ငန်းတစ်ခုပြီးတစ်ခုတိုးချဲ့မှုအပိုင်း (တစ်ဦးတည်းပိုင်လား၊ အများနဲ့ ပူးပေါင်းလုပ်ကိုင်တာလား) . . .
ကျွန်မတို့ UMG တစ်ဦးတည်းပိုင်အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားကြီးတွေကို စတင်တင်သွင်းဖြန့်ဖြူးပြီး ရောင်းချပြင်ဆင် ငှားရမ်းခြင်းလုပ်ငန်းတွေ၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအပြင်၊ တခြားစီးပွားရေးအခန်းကဏ္ဍတွေဖြစ်တဲ့ စက်မှုလယ်ယာ၊ ပညာရေးလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်း ကုမ္ပဏီခွဲတွေထားရှိပြီး လူငယ်၊ လူရွယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်နေရပါတယ်။
စက်မှုလယ်ယာလုပ်ငန်းအတွက် Win Motors ကုမ္ပဏီကိုထူထောင်ခဲ့ပြီး DeutzFahr Tractor နဲ့ Yanmar Combine Harvester တွေ ဖြန့်ဖြူးရေးကို တိုးချဲ့ခဲ့ပါတယ်။ ပညာရေးအနေနဲ့ အရည်အသွေးပြည်ဝတဲ့ အင်ဂျင်နီယာတွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး UMG Collage ကိုထူထောင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်မီ နိုင်ငံတကာအသိအမှတ်ပြု Diploma တွေဖြစ်တဲ့ Civil Engineer ၊ Mechanical Engineer ၊ Electrical Engineer ဘာသာရပ်တွေကို စာတွေ့ လက်တွေ့သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။ ဒီနှစ်၂၀၁၆ ခုနှစ်ကစပြီး Information Techonology & IT Business Management ကျောင်းကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ အနာဂတ်မှာ UMG University အထိရောက်ရှိအောင် တိုးချဲ့လုပ်ဆောင် သင်ယူပို့ချသွားဖို့ ရည်ရွယ်ထားပါတယ်။
UMG ရဲ့ နောက်ထပ်အောင်မြင်မှု မှတ်တိုင်တစ်ခုကတော့ Win Food စားသောက်ကုန်လုပ်ငန်းကို ၂၀၁၃ ခုနှစ်မှာ စတင်တိုးချဲ့ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ Win Food ကနေထုတ်လုပ်တဲ့ စားသောက်ကုန်မျိုးစုံကို သဘာဝကုန်ကြမ်းတွေကိုသာအခြေခံပြီး FDA နဲ့ ISO နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ရရှိပြီးတော့ ဈေးကွက်ထဲမှာ ကြိုးစားဖြန့်ဖြူးပေးနေပါတယ်။ ဆယ်နှစ်အတွင်းမှာ Win Food စားသောက်ကုန် ထုတ်လုပ်တဲ့လုပ်ငန်းကို မြန်မာနိုင်ငံရဲ့ စားသောက်ကုန်ဈေးကွက်မှာထိပ်ဆုံးရောက်ရှိဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့အိပ်မက်တွေ တကယ်ဖြစ်လာအောင် ဆောင်ရွက်ပေးတဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပါဝင်ပူးပေါင်းကြိုးစားမှုတွေ အတွေးအမြင်သစ်တွေ အများကြီးပါဝင်ပံ့ပိုးဖို့ လိုအပ်တဲ့အတွက် Management အဖွဲ့ကို Training တွေ အမြဲတမ်း သင်ကြားပို့ချပေးလျက် ရှိပါတယ်။
သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် UMG Logistic ကုမ္ပဏီကိုထူထောင်ခဲ့ပြီး UMG ရဲ့ မိတ်ဖက် Customer တွေရဲ့ စက်ယန္တရားကြီးတွေ သယ်ယူပို့ဆောင်ရေးမှာ အခက်အခဲမရှိအောင် အကောင်းဆုံးဝန်ဆောင်မှုနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
UMG က Volvo Bus နဲ့ Volvo Excavator ၊ Volvo Trunk ကားတွေ၊ JMC Trunk ကားကြီးတွေ၊ Kawasaki & Vespa အမှတ်တံဆိပ် မော်တော်ဆိုင်ကယ်တွေကိုလည်း တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။
ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ ငွေကြေးကဏ္ဍမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်နဲ့Win Finance လုပ်ငန်းကို ၂၀၁၄ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ပြီး UMG ရဲ့ Customers ကြီးတွေအတွက် စက်ယန္တရားမျိုးစုံ ဝယ်ယူခြင်းကို နှစ်တို၊ နှစ်ရှည် အရစ်ကျငွေပေးချေမှုတွေနဲ့ဝယ်ယူနိုင်အာင်၊ Hire Purchase နဲ့ Commercial Loan တွေကို သင့်တင့်မျှတတဲ့နှုန်းထားတွေနဲ့ ဝန်ဆောင်မှု ပေးလျက်ရှိပါတယ်။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍမှာ အဓိကအစိတ်အပိုင်းအနေနဲ့ ပါဝင်လာနိုင်အောင် ရည်ရွယ်ထားပါတယ်။
နောက်ပြီး ကျွန်မတို့ရဲ့ Media One Company က အများပြည်သူတွေ စိတ်လက်အပန်းဖြေစေနိုင်ဖို့နဲ့ လူငယ်လူရွယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေချင်တဲ့ဆန္ဒနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေလွှာလျှောစီးအပန်းဖြေ ဥယျာဉ်ကစားကွင်းကြီးကို Yangon Waterboom အမည်နဲ့ ၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်၊ May Day နေ့မှာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီး အများပြည်သူတွေအတွက် နေ့စဉ်(တနင်္လာနေ့မှအပ) နံနက် ၉ နာရီကနေ ညနေ ၇ နာရီအထိ ဖွင့်လှစ်ပေးလျက် ရှိပါတယ်။
သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကဏ္ဍအနေနဲ့ Kiwi & I Company မှ Ooredoo Sim Card & Topup Card ဖြန့်ဖြူးရေးကို မြန်မာနိုင်ငံအထက်ပိုင်းမှာ ဈေးကွက်ဦးဆောင်မှုအများဆုံးနဲ့ဆောင်ရွက်လျက်ရှိပါတယ်။ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Intex Smart Phone တွေကို မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးလျက် ရှိပါတယ်။
သတ္တုတူးဖော်ရေးအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လမ်းခင်းကျောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ရာမှာ အသုံးပြုရတဲ့ ဂေါဒန်ကျောက်ထုတ်လုပ်ခြင်းလုပ်ငန်းတွေကိုလည်း ဝန်ကြီးဌာနနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
နောက်ထပ်ခြေလှမ်းသစ်အနေနဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၈ ရက်မှာ တိုးတက်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေ မြင့်မြင့်မားမားရှိတဲ့ Volvo အမှတ်တံဆိပ် ကားအုပ်စုနဲ့Performance Auto Company Limited တို့ဟာ ရန်ကုန်မြို့၊ Novotel Hotel မှာ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ပေးအပ်ခြင်းနဲ့ ဖြန့်ချိရောင်းချမှုဆိုင်ရာ သဘောတူညီချက်ကို စာချုပ်ချုပ်ဆိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာလည်း Volvo Car Luxury Showroom ကို ဖွင့်လှစ်ပြီး အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒီ Showroom ကနေပြီး ကမ္ဘာ့အဆင့်မီ Volvo ဇိမ်ခံကားတွေကို မိမိစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မီ အရောင်းစင်တာနဲ့အတူ အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေကို ပေးသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဆောင်ရွက်မှုတွေမှာ Healthcare Business Sector ကိုလည်း New Section အဖြစ် ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။
ပူးပေါင်းလုပ်ကိုင်တဲ့ လုပ်ငန်းတွေရှိရင် လုပ်ငန်းပါတနာကိုကော ဘယ်လိုရွေးချယ်ပါသလဲ . . .
ကျွန်မတို့လိုပဲ အောက်ခြေအဆင့်ကနေ ကြိုးစားလုပ်ကိုင်ပြီး အောင်မြင်လာတဲ့လုပ်ငန်းရှင်တွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ စိတ်တူကိုယ်တူ ရေရှည်လုပ်ကိုင်သွားနိုင်တဲ့ ပါတနာကောင်းတွေကို လုပ်ငန်းအတွေ့အကြုံတွေအရ ရွေးချယ်ပြီး ပူးပေါင်းလုပ်ကိုင်သွားနိုင်ခဲ့ပါတယ်။
လုပ်ငန်းတိုးချဲ့ရာမှာထည့်သွင်းစဉ်းစားတဲ့အချက်နဲ့ ပြင်ဆင်မှုအပိုင်း (လုပ်ငန်းဆိုင်ရာလေ့လာမှု၊ ငွေကြေးပိုင်းဆိုင်ရာ ကြိုတင်စီမံမှု) . . .
လုပ်ငန်းတစ်ခုတိုးချဲ့တော့မယ်ဆိုရင် အနည်းဆုံးငါးနှစ်သက်တမ်းထားပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရပါတယ်။ လုပ်ငန်းမစတင်မီ ကြိုတင်ငွေကြေးစုဆောင်းခြင်း၊ ဝန်ထမ်းကောင်းတွေ မွေးထုတ်ခြင်း၊ ဈေးကွက်သုံးသပ်ခြင်း၊ မိမိနိုင်ငံရဲ့နိုင်ငံရေးနဲ့ စီပွားရေးအခြေအနေ အရပ်ရပ်ကို အမြဲမပြတ် စောင့်ကြည့်လေ့လာသုံးသပ်ပြီး ဆောင်ရွက်ရပါတယ်။
အာရှနိုင်ငံတွေအထိပါ ထိုးဖောက်ပြီး ရုံးခွဲတွေ ဖွင့်လှစ်ဖြစ်ခဲ့ပုံနဲ့ အဲဒီကနေရရှိတဲ့ အတွေ့အကြုံတွေကို ပြောပြပေးပါ . . .
ကျွန်မတို့ အိမ်နီးချင်းအာရှနိုင်ငံတွေမှာ ရုံးခွဲဖွင့်လှစ် ခြေဆန့်နိုင်ဖို့ သွားပြီးလေ့လာဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်အစိုးရရဲ့စည်းမျဉ်းဥပဒေတွေဟာ ကျွန်မတို့ လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်နိုင်ဖို့နဲ့ ဝန်ထမ်းတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုတိုးတက်လာနိုင်ဖို့ အကျပ်အတည်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ အခက်အခဲဆုံးအချိန်တွေကို မိမိကိုယ်တိုင် စိတ်ဓာတ်ခိုင်မာစွာနဲ့ ကြိုးစားရုန်းကန် ဖြေရှင်းခဲ့ရပါတယ်။ အဲဒီလို တင်းကျပ်တဲ့ စည်းမျည်းတွေကြောင့်ပဲ နိုင်ငံခြားရုံးခွဲတွေ ဖွင့်လှစ်နိုင်ဖို့ အကြောင်းတွေ ဖြစ်ခဲ့ရပါတယ်။
နောက်ပိုင်း UMG ဟာ မြန်မာနိုင်ငံရဲ့ ပြင်ပမှာရင်းနှီးမြှုပ်နှံမှု စတင်လုပ်ကိုင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေ ဆောင်ရွက်နိုင်သလို အာရှနိုင်ငံကြီးတွေမှာလည်း အောင်မြင်အောင်လုပ်ကိုင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံသာမက ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တရုတ်နိုင်ငံတို့မှာလည်း လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ကောင်းမွန်စွာလုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ရုံးချုပ်ထားရှိပြီး အာရှဒေသတွေမှာလည်း ရုံးခွဲတွေ ဖွင့်လှစ်နိုင်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လုပ်ဆောင်နေပါတယ်။ ရုံးခွဲအသီးသီးမှာလည်း လုပ်ငန်းတွေလုပ်ကိုင်နိုင်ဖို့ အဖွဲ့အစည်းတစ်ခုအနေနဲ့ စနစ်ကောင်းတစ်ခုကို ကြိုးစားတည်ထောင်ပြီး နေ့စဉ် Management တွေကို ပူးပေါင်းညှိနှိုင်းဖြေရှင်းလုပ်ကိုင်ကြမယ်ဆိုရင် ဘယ်လုပ်ငန်းမဆို အောင်မြင်မှုရလဒ်ကို ခံစားရရှိကြမှာပါ။
လုပ်ငန်းသေးသေးလေးကနေ ဒီနေ့အချိန် ဝန်ထမ်းပေါင်း ၂,၅၀၀ ဖြစ်လာတဲ့အခါမှာ ပြောင်းလဲရတဲ့ဝန်ထမ်းအုပ်ချုပ်မှုအပိုင်းနဲ့ စီမံခန့်ခွဲမှုအားကောင်းစေဖို့ ဘယ်လိုအဆင့်ဆင့်ပြောင်းလဲခဲ့ရပါလဲ . . .
UMG ရဲ့ ရန်ကုန်ရုံးချုပ်နဲ့ ရုံးခွဲတွေအပါအဝင် ကျားမဝန်ထမ်းပေါင်း ၂,၅၀၀ ကျော်ရှိပါတယ်။ အာရှနိုင်ငံတွေ အပါအဝင် ဝန်ထမ်းပေါင်း သုံးထောင်ကျော်နဲ့ ဖွဲ့စည်းလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ UMGiants (UMG မှ ဝန်ထမ်းတွေ) တွေဟာ ကျရာနေရာမှာ ယုံကြည်မှုရှိရှိနဲ့ ကျွန်မတို့ရဲ့အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးတွေမှာ အလျင်းသင့်သလို ပြောင်းလဲဆောင်ရွက်နေကြတာဖြစ်တယ်။ ကြီးမားတဲ့စိန်ခေါ်မှုတွေက အမြဲရှိနေပြီး နေ့စဉ် အောင်မြင်မှုတွေ ရရှိအောင်လည်း အမြဲမပြတ် တီထွင်ကြံဆ၊ ကြိုးစားဆောင်ရွက်နေကြရပါတယ်။
UMG မှာ ဝင်ရောက်လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတချို့ဟာ ကုမ္ပဏီထူထောင်ပြီး အောင်မြင်နေကြတာ မြင်ရကြားသိရတဲ့အတွက်လည်း ကျွန်မအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ UMG ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုတွေဟာ နိုင်ငံတော်နဲ့ အများပြည်သူအတွက် တစ်ဖက်တစ်လမ်းကနေ ကဏ္ဍတစ်ခုအနေနဲ့ ကောင်းကျိုးဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
UMG ဝန်ထမ်းတွေအားလုံးကို စိတ်ဓာတ်ကောင်း၊ အတွေးအခေါ်ကောင်း၊ အကောင်းမြင် အပြုသဘောဆောင်မှုတွေနဲ့ စဉ်ဆက်မပြတ် ကိုယ့်ခြေထောက်ပေါ် ကြိုးစားရပ်တည်နိုင်အောင် လမ်းညွှန်ပြသ၊ သင်ကြားပို့ချနေတာက ကျွန်မတို့ ကုမ္ပဏီတစ်ခုတည်းအတွက်သာမက နိုင်ငံတော်ကြီးချမ်းသာအောင်ပါ တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ခံယူပါတယ်။
လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အရေးပါတဲ့အချက်တွေနဲ့မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းတွေဆိုရင် . . .
UMG ရဲ့ စီးပွားရေးယန္တရားအောင်မြင်လည်ပတ်နိုင်ဖို့ အမြဲအတူတကွ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ နိုင်ငံရဲ့ စီပွားရေး အတက်အကျအချိန်တွေမှာ သစ္စာရှိပြီး လုပ်ငန်းကျွမ်းကျင်တဲ့ဝန်ထမ်းကောင်းတွေ၊ အရည်အချင်းပြည့်ဝတဲ့ လုပ်ဖော်ကိုင်ဖက်တွေကြောင့် ဘယ်လိုအခက်အခဲမဆို ကျော်ဖြတ်ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။
ကျွန်မတို့ ကုမ္ပဏီဟာ Modern Management Methods (ISO Standard Processed ၊ Systems Thinking and Learn Processes) တွေသာမက ခေါင်းဆောင်တွေရဲ့ ဦးဆောင်ခြင်း၊ မှန်ကန်တိကျတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခြင်းနဲ့ သွားနေပါတယ်။ UMG ဟာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာစေဖို့ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့ပြီး ဒီနေ့အချိန်ထိလည်း ဆက်လက်လုပ်ဆောင်နေရပါတယ်။ ကုမ္ပဏီစည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရသလို၊ ကုမ္ပဏီအကြောင်း(တန်ဖိုး) နားလည်တဲ့သူတွေကိုလည်း မြေတောင်မြှောက်ပေးရပါတယ်။ ခေါင်းဆောင်ကောင်းတွေရှိမှသာ UMG ရဲ့ လည်ပတ်မှုတွေကို စနစ်တကျနဲ့ ထိန်းသိမ်းပေးနိုင်မှာ ဖြစ်တယ်။ Program အမျိုးမျိုးကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပြီး စာတွေ့သာမက လက်တွေ့နဲ့လည်း သင်ကြားပေးလျက် ရှိပါတယ်။ အမြဲပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ UMG ဟာ အချိန်နဲ့တစ်ပြေးညီ လိုက်ပါပြောင်းလဲနေရပါတယ်။
ဒီနေ့ခေတ်မှာ နိုင်ငံက ပွင့်လင်းလာပြီး ပြိုင်ဆိုင်မှုတွေများတဲ့အခါ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပါသလဲ။ ပြိုင်ဆိုင်မှုတွေအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။ မတူညီတဲ့ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါသလဲ . . .
၂၀၂၀ ပြည့်နှစ်မှာ ကျွန်မတို့ ကုမ္ပဏီဟာ Become a Billion Dollar Company ဖြစ်ရမယ်လို့ ရည်မှန်းချက် ထားရှိပါတယ်။ ပြောင်းလဲမှုနဲ့အတူ သွားမယ်ဆိုရင် ပြောင်းလဲမှုကိုလိုက်နိုင်တဲ့ အရည်အချင်းကောင်းတွေ လိုအပ်ပါတယ်။
ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို အမြဲမပြတ် လေ့လာသိရှိနေရပြီး ဆုံးဖြတ်ချက်မှန်ကန်စွာ ချက်ချင်းချနိုင်ဖို့နဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်မတို့ ပြိုင်ဆိုင်မှုများတဲ့ဝန်းကျင်အတွက် အတွေးတစ်ခု ရခဲ့ပါတယ်။ UMG ဟာ စီးပွားရေးလုပ်ငန်းစုလေးတွေ ခွဲထွက်ရပါမယ်။ အတွေးသစ်အမြင်သစ်နဲ့ ရပ်တည်နေရမယ်။ UMG ဟာ ပေါက်မြောက်နိုင်သမျှ Startup လုပ်ငန်းတိုင်းမှာ Open Platform ဖြစ်နေသင့်တယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေရင်း ပိုမိုကောင်းမွန်တဲ့ဘက်ကို ရှေးရှုသွားနိုင်ရပါမယ်။ ဘက်ပေါင်းစုံကနေ အတွေးသစ် အမြင်သစ်တွေကို မှတ်သားပြီး ကျင့်ကြံဆောင်ရွက်ရပါမယ်။ UMG အနေနဲ့ ဇီဝဗေဒပိုင်း၊ ဒစ်ဂျစ်တယ်ပိုင်းနဲ့ Human Physical ပိုင်းတွေကြား ဖြစ်တည်လာမယ့် 4th Industrial Revolution အတွက် ဘက်ပေါင်းစုံမှာ စွမ်းရည်တွေ ပြည့်ဝနေစေဖို့ လိုအပ်တယ်။
UMG ဟာ အခုဆိုရင် ရှေ့အနာဂတ်နဲ့ အံကိုက်ဖြစ်နိုင်စေဖို့၊ အောင်မြင်ဖို့ အဖွဲ့အစည်းအတွင်း တတိယအကြိမ်မြောက် ပြောင်းလဲခြင်းတွေ ပြုလုပ်နေပါတယ်။ Retail Network တွေဖြစ်တဲ့ Branch တွေ၊ ဝန်ထမ်းအင်အားတွေနဲ့ System Operation တွေ အားလုံးတောင့်တင်းခိုင်မာဖို့ အားထုတ်ကြိုးပမ်းနေရပါတယ်။ ဒါအပြင် နည်းပညာပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အသိပညာများပြားတဲ့ UMGian Leader တွေ မွေးထုတ်ဖို့ကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိတယ်။ စီးပွားရေးအသိပညာဟာ ဖောက်သည်တွေရဲ့ စိတ်အလိုမကျမှုတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်တဲ့အထိ အရေးပါကြောင်း သိရှိနိုင်ရပါမယ်။
Human Development ဌာနရဲ့ Chief Officer ဖြစ်တဲ့ ဦးအေးမင်းထွန်းဟာလည်း UMGian တွေ အားလုံးအရည်အချင်းရှိပြီး၊ ဦးဆောင်နိုင်စွမ်းဆိုတဲ့ စိတ်ဓာတ်ကို တိုးတက်လာအောင် အားထုတ်ကြိုးပမ်းနေသူတစ်ဦးဖြစ်ပါတယ်။ UMG ရဲ့ အဓိကအစိတ်အပိုင်းဟာ UMGian တွေဖြစ်တယ်။ UMGian အားလုံးကို 4th Industrial Revolution မှာ အရေးပါဆုံးလူတွေအဖြစ် အဆင်သင့်ဖြစ်နေအောင် ပြောင်းလဲခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ကျွန်မတို့ လုပ်ဆောင်ချက်တွေဟာ အချိန်တိုတိုလေးနဲ့ လွယ်လွယ်ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အခက်အခဲမျိုးစုံ၊ ခေါင်းကိုက်စရာမျိုးစုံ၊ စိတ်တိုစရာမျိုးစုံ၊ စိတ်မကောင်းစရာမျိုးစုံတွေကိုလည်း ဝမ်းသာပျော်ရွင်မှုတွေနဲ့အတူ ရှေ့ဆက်ရမယ့်ခရီးတစ်လျှောက် ဖြတ်သန်းသွားကြရမှာဖြစ်ပါတယ်။
UMG ရဲ့ အနာဂတ်အစီအစဉ်များ . . .
UMG Group of Companies ကို မြန်မာနိုင်ငံနဲ့ လူမျိုးအတွက် တစ်ဖက်တစ်လမ်းက ဂုဏ်ယူစရာအဖြစ် အမြဲရပ်တည်ပြီး စဉ်ဆက်မပြတ် ကြိုးစားရုန်းကန် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ချက်ချမှတ်ထားပြီး UMG ရဲ့ အနာဂတ်ကို အားလုံးပူးပေါင်းပြီး အောင်မြင်မှုကို ထိန်းသိမ်းလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်ပါတယ်။ UMG ကို နောက်နောင်မျိုးဆက်အသစ်အသစ်တွေအထိ ဆက်လက်တည်တံ့အောင် လုပ်ဆောင်ကြဖို့လည်း အဖွဲ့သားတွေအားလုံးကို တိုက်တွန်းချင်ပါတယ်။ UMG ဒီနေ့အထိ ရပ်တည်နိုင်ခြင်းအတွက် ကျေးဇူးတင်ထိုက်တဲ့ Customer တွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
နန္ဒာနေဝင်း