David Madden(Phandeeyar)

David Madden

Founder & CEO

Phandeeyar

နည်းပညာနဲ့ပတ်သက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပေါ်ထွက်လာဖို့ ရည်ရွယ်ကာ တစ်ဖက်တစ်လမ်းကနေ လူငယ်တွေအတွက် အကျိုးဖြစ်ထွန်းစေမယ့်အရာတွေကို မျှဝေပေးနေတဲ့ ဖန်တီးရာဆိုတဲ့ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်ရင်း မြန်မာလူငယ်ပေါင်းများစွာနဲ့အတူ လက်တွဲအလုပ်လုပ်နေတဲ့ Mr David Madden နဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့ပါတယ်။

Madden1

လက်ရှိလုပ်ကိုင်နေတဲ့ ဖန်တီးရာနဲ့ပတ်သက်လို့ . . .

ကျွန်တော်က Phandeeyar Myanmar Innovation Lab ရဲ့ Founder နဲ့ CEO တစ်ယောက်အဖြစ် တာဝန်ယူထားပါတယ်။ 'ဖန်တီးရာ' ကို ၂၀၁၄ ခုနှစ် အစောပိုင်းမှာ မြန်မာနိုင်ငံအတွက် ပထမဆုံးဖြစ်တဲ့ Hackathon Event တွေနဲ့ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ (Hackathon ဆိုတာကတော့ Mobile/Web Service တစ်ခုခုအတွက် လူအများကြီးစုပေါင်းကာ တစ်နေရာတည်းမှာအတူတူ Coding ရေးသားကြတဲ့ အစီအစဉ်ဖြစ်ပြီး နာရီပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။) ကျွန်တော်ဒီမှာနေတဲ့အချိန် အများစုအတွင်း မြန်မာနိုင်ငံကလူငယ်တွေနဲ့ အတူတကွ လက်တွဲအလုပ်လုပ်နိုင်ဖို့ ကံကောင်းထောက်မစွာနဲ့ အခွင့်အရေးရခဲ့ပါတယ်။ အထူးသဖြင့် ဒီနောက်ပိုင်း သုံး၊ လေးနှစ်အတွင်းမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက Software Developer တွေက များသောအားဖြင့် ငယ်ရွယ်ကြပါတယ်။ ဒါကြောင့် ကျွန်တော် မြန်မာနိုင်ငံက လူငယ်နည်းပညာသမားတွေနဲ့အတူတွေ့ဆုံ အလုပ်လုပ်လာခဲ့တာ သုံးနှစ်နီးပါးရှိနေပြီလို့ ပြောနိုင်ပါတယ်။

'ဖန်တီးရာ' ရဲ့လုပ်ငန်းပုံစံ . . .

'ဖန်တီးရာ' က Non-Profit Organization ဖြစ်ပါတယ်။ ကျွန်တော်တို့က တခြားအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ချည်းသက်သက်မဟုတ်ဘဲ ကိုယ်တိုင်ရပ်တည်နိုင်ဖို့လည်း Strategy တွေ ချမှတ်ပြီး Social Enterprise လုပ်ငန်းပုံစံဖြစ်အောင်လည်း လုပ်ဆောင်နေပါတယ်။

'ဖန်တီးရာ' မှာ တချို့ပွဲတွေလည်း လက်ခံကျင်းပပေးပါတယ်။ ဒါပေမဲ့ 'ဖန်တီးရာ' ကနေ အဓိကလုပ်တာကတော့ မြန်မာ့နည်းပညာနဲ့ တီထွင်ဆန်းသစ်မှု ဂေဟစနစ်တွေ ပိုမိုတိုးတက်လာအောင် အရှိန်မြှင့်တင်ပေးတဲ့ Program ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ Flagship Program တွေ ရှိပါတယ်။ အဲဒီထဲကမှ အကြီးဆုံးနဲ့ အဓိကကျတာကတော့ Phandeeyar Accelerator Program ဖြစ်ပါတယ်။ ဒီ Program က နိုင်ငံတွင်းအလားအလာရှိတဲ့ နည်းပညာ Startup တွေမှာ ရင်းနှီးမြှုပ်နှံမှုရနိုင်မယ့် Initiative တစ်ခုဖြစ်ပါတယ်။ ဖန်တီးရာကနေ အဲဒီလိုကုမ္ပဏီငယ်လေးတွေကို ငွေကြေးရင်းနှီးမြှုပ်နှံမှုပေးပါတယ်။ ပြီးတော့ သူတို့ကို Couching နဲ့ Mentoring  ခြောက်လလုပ်ပေးပါတယ်။ ဒါကလည်း သူတို့ကုမ္ပဏီ တကယ်လည်ပတ်ပြီး ဈေးကွက်ထဲရောက်အောင် လုပ်ပေးတဲ့သဘောဖြစ်ပါတယ်။

ကျွန်တော်တို့မှာ MakerSpace ဆိုတဲ့ Program တစ်ခုလည်းရှိပါတယ်။ အဲဒီမှာက Hardware Skill တွေကို လေ့လာနိုင်ပြီး လူငယ်တွေကိုယ်တိုင် 3D Printer အပါအဝင် တခြားနည်းပညာပစ္စည်းတွေကိုသုံးပြီး ကိုယ်ပိုင် Product တွေ ဖန်တီးတီထွင်နိုင်ဖို့ ကူညီပေးပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ opendevelopmentmyanmr.net ဆိုတဲ့ Open Data Platform တစ်ခုကိုလည်း တည်ဆောက်ခဲ့ပါသေးတယ်။ ဒီ Site ကို လူတိုင်းဝင်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထည့်သွင်းနိုင်ပါတယ်။ ဒါကနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတွင်းရော၊ ဒေသတွင်းကပါ နိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်အမှန်တွေကို ရယူကာ ပြန်လည်သုံးစွဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီ Website ကို တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အောင်မြင်အောင်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ Pre-accelerator အစီအစဉ် တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကို Founder Institute Yangon လို့ ခေါ်ပါတယ်။ ဒါက တကယ်တော့ Silicon Valley ကနေအစပြုခဲ့တဲ့ Startups တွေအတွက် တကယ့်ကိုနာမည်ကြီး Program တစ်ခု ဖြစ်ပါတယ်။ ဒီ Program က စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်ချင်သူတွေကို သီတင်းပတ် ၁၄ ပတ်ကြာ ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးပြီး သူတို့ရဲ့ ကိုယ်ပိုင်နည်းပညာကုမ္ပဏီကို စတင် Launch လုပ်နိုင်အောင် သင်ကြားပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့က Founder Institute Yangon ပထမ Class ကို စတင်နေပြီဖြစ်ပါတယ်။

ဖန်တီးရာမှာ သင်ကြားပေးနေတဲ့ Mentor တွေက . . .

Founder Institute Yangon ရော Phandeeyar Accelerator Program မှာပါ သင်ကြားပေးတဲ့ Mentor တွေဟာ နိုင်ငံခြားသားတွေရော ပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ Expatriate တွေရော၊ မြန်မာနိုင်ငံသားကျွမ်းကျင်သူတွေပါ ပါဝင်တာကြောင့် Local နဲ့ Foreign မျှတတဲ့ အနေအထားလို့ ပြောနိုင်ပါတယ်။ International Mentor ဆိုရင်လည်း ပြည်တွင်းမှာ နေထိုင်အလုပ်လုပ်နေသူတွေ များပါတယ်။ စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး ဒီမှာလာသင်ပေးသူ နိုင်ငံခြားသားတွေလည်း ရှိပါတယ်။ အများအားဖြင့်တော့ ပြည်တွင်းမှာနေထိုင်သူတွေပါပဲ။ ပြီးတော့ ဒီ Program နှစ်ခုစလုံးဟာ Strongly Mentor-Driven Program တွေ ဖြစ်ပါတယ်။ Mentor တွေအားလုံးဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေမှာ Founder ၊ CEO စသဖြင့် အုပ်ချုပ်မှု Level မှာရှိတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် ဒီအစီအစဉ်တွေရဲ့ အားသာချက်က နိုင်ငံတကာကရော၊ ပြည်တွင်းကပါ လုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်အဆင့်ရှိသူတွေက သူတို့ရဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ လုပ်နည်းလုပ်ဟန်တွေကို လူငယ်စွန့်ဦးတီထွင်သူတွေကို မျှဝေပေးနိုင်တာပဲဖြစ်ပါတယ်။

Accelerator နဲ့ Founder Institute Yangon မှာ လက်ရှိသင်တန်းသားတွေ . . .

Accelerator Program က Startup တွေကို ကျွန်တော်တို့မှာ လက်ရှိ Startup လေးခုရှိပါတယ်။ Founder Institute Yangon ကကျတော့ Preaccelerator Program ဖြစ်တာနဲ့အညီ အဲဒီမှာ တက်ကြတဲ့သူတွေက ကိုယ်ပိုင်လုပ်ငန်းမစရသေးတဲ့ သူတွေဖြစ်ပါတယ်။ အဲဒီမှာတော့ လက်ရှိတက်ရောက်နေသူ ၁၆ ယောက် ရှိပါတယ်။ စစချင်းတုန်းကတော့ ၂၄ ယောက်နဲ့စခဲ့ပေမယ့် Program ကလည်း ခက်ခဲတာနဲ့အမျှ ဒီလောက်ပဲကျန်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု စတင်တယ်ဆိုတာက တကယ်ခက်ခဲသလို Entrepreneurship ဆိုတာကလည်း လူတိုင်းအတွက် မဟုတ်ပါဘူး။ လက်ရှိမှာ Entrepreneur ဆိုတဲ့ စကားလုံးကနေရာတိုင်းမှာ ခေတ်စားနေပေမယ့် Social ၊ Civic ၊ ဘယ်လို Entrepreneur ဖြစ်ဖို့ပဲဖြစ်ဖြစ် ခက်ခဲမှုတွေ အများကြီးရှိပြီး ကြိုးစားမှုတွေလည်း အများကြီးလုပ်ရတာဖြစ်ပါတယ်။

ဖန်တီးရာရဲ့ရည်ရွယ်ချက် . . .

ဖန်တီးရာရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့ တီထွင်ဖန်တီးနိုင်မှုဂေဟစနစ်ကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံက Connectivity Revolution ဖြစ်နေတဲ့ အချိန်ပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် ဘယ်သူမှ အင်တာနက်နဲ့ ချိတ်ဆက်ထားနိုင်သေးတာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ Active SIM Card ပေါင်း ၁၅ သန်းလောက်ရှိနေပြီဖြစ် ပါတယ်။ ဒါကြောင့် အချိန်အနည်းငယ်လေးအတွင်းမှာ မြန်မာနိုင်ငံက အင်တာနက်ချိတ်ဆက်ပြီး ဖြစ်သွားခဲ့ပါတယ်။ တယ်လီကွန်းကုမ္ပဏီတွေကနေတစ်ဆင့် အင်တာနက်ကိုသုံးတဲ့လူတွေ အားလုံးထဲက ၇၀ ရာခိုင်နှုန်းလောက်က စမတ်ဖုန်းကနေတစ်ဆင့် သုံးကြတာဖြစ်ပါတယ်။ ဒါက တကယ့်ကို Powerful ဖြစ်ပါတယ်။ ဒါကြောင့် ဖန်တီးရာရဲ့ Mission က အဲဒီလို အင်တာနက်ချိတ်ဆက်သုံးနေမှုကို အကျိုးရှိရှိအသုံးချပြီး မြန်မာနိုင်ငံရဲ့ လူတွေရဲ့ဘဝကို ပိုပြီးကောင်းမွန်လာအောင် လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာရဲ့ ဖြစ်ထွန်းလာနိုင်စွမ်းတွေကို ဘယ်လိုအသုံးချပြီး ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်မလဲဆိုတာက ကျွန်တော်တို့ Mission ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဖန်တီးရာမှာလုပ်သမျှက Digital Leap Frog လုပ်နိုင်ဖို့အတွက် ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက နည်းပညာကိုအသုံးပြုပြီး Leap Forward လုပ်နိုင်ဖို့ပါ။ ကျွန်တော်တို့က ဒီလို Digital Leap Frog လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်အောင် တစ်ဖက်တစ်လမ်းကနေ ကူညီနေတာဖြစ်ပါတယ်။ ဒါကြောင့် ဖန်တီးရာက လုပ်သမျှအစီအစဉ်တိုင်းဟာ နည်းပညာတွေ တည်ဆောက်တာနဲ့ Startup Ecosystem ကို တည်ဆောက်ကာ မြန်မာနိုင်ငံအတွက် ကောင်းကျိုးတစ်စုံတစ်ရာ လုပ်နေပြီးသားလူတွေကို နည်းပညာအကူအညီနဲ့ လုပ်ငန်းတွေ ပိုမိုမြန်ဆန်အောင် ကူညီနေတာပဲဖြစ်ပါတယ်။

Madden2

ကိုယ်ပိုင်လုပ်ငန်းစလုပ်ချင်တဲ့ မြန်မာလူငယ်တွေအတွက် အကြံပြုချက် . . .

ကျွန်တော်တို့ ဖန်တီးရာကတော့ ဘယ်သူမဆို လုပ်ငန်းတစ်ခုစတင်ချင်တယ်ဆိုရင် အခုအချိန်က အချိန်ကောင်းပဲဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုနိုင်ငံအတွင်းဖြစ်ပွားနေတဲ့ Connectivity Revolution ကနေ ပြုလုပ်ပေးနေတဲ့ အခွင့်အလမ်းကောင်းမြောက်မြားစွာကလည်း ပေါ်ထွက်လို့လာနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အကျိုးပြုနိုင်မယ့် Product နဲ့ Service တွေ ဖော်ထုတ်လာနိုင်ဖို့ပဲလိုပါတယ်။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ကနေလည်း နည်းပညာကို အသုံးချပြီး ဖန်တီးထားတဲ့ လုပ်ငန်းတွေအများကြီးရှိနေတာကို လေ့လာနိုင်ပါတယ်။ အဲဒီလိုလုပ်ငန်းတွေထဲကတချို့က မြန်မာနိုင်ငံအတွက်လည်း သင့်တော်ပါတယ်။ အခွင့်အလမ်းတွေလည်း အများကြီးရှိနေပြီး တကယ်ကို စိတ်အားထက်သန်စွာနဲ့ မြန်မာနိုင်ငံအတွက် လက်ရှိအချိန်မှာလိုအပ်နေတဲ့ Product နဲ့ Service တွေကို ဖန်တီးလုပ်ကိုင်လာမယ့်လူတွေကို နိုင်ငံကလည်း လိုအပ်နေပါတယ်။ ဖန်တီးရာကတော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တယ်လို့ ပြောတဲ့လူတိုင်းကို ချက်ချင်းထလုပ်လိုက်ပါလို့ ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ Philosophy ကတော့ သင်ယူဖို့အတွက် အကောင်းဆုံးနည်းလမ်းက လုပ်ရင်းသင်ယူတာပဲဖြစ်တယ်လို့ မှတ်ယူထားပါတယ်။ (The best way to learn is by doing.) Business Plan ထိုင်ရေးဖို့ ခြောက်လလောက် အချိန်မသုံးလိုက်ပါနဲ့။ ကိုယ့်စိတ်ကူးကို ချက်ချင်းထပြီး အကောင်အထည်ဖော်လိုက်ပါ။ Silicon Valley မှာ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ၁၅ နှစ်တွေတုန်းကရတဲ့ နည်းလမ်းတစ်ခုက ကိုယ့်ရဲ့ အိုင်ဒီယာက ကောင်းလား၊ ဆိုးလား ဆိုတာကို စမ်းသပ်ဖို့ လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ရဲ့လားဆိုတာကို စမ်းသပ်တဲ့အမြန်ဆုံးနည်းလမ်းက ချက်ချင်းစစမ်းလုပ်ကြည့်တာပဲ ဖြစ်ပါတယ်။

Capacity Shortage တွေနဲ့ပတ်သက်လို့ . . .

ပညာရေးနဲ့ပတ်သက်လို့ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုမရှိခဲ့တာကြောင့် မြန်မာနိုင်ငံက Generation နှစ်ခုစာလောက် လူငယ်တွေအတွက် ပညာရေးက စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျန်းမာရေးနဲ့ တခြားအခြေခံအဆောက်အအုံ တည်ဆောက်မှုပိုင်းတွေမှာလည်း အားနည်းခဲ့တာပါပဲ။ ဒါပေမဲ့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ ဒါတွေတိုးတက်ပြောင်းလဲသွားလိမ့်မယ်လို့ ယူဆပါတယ်။

နိုင်ငံတကာအဆင့် အတော်ကောင်းတဲ့ ပညာရေးစနစ်ကို မြန်မာနိုင်ငံက လူငယ်တချို့ မရခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖန်တီးရာမှာတော့ Work - shop တွေ၊ Seminar တွေ၊ Meetup အတွက် အစီအစဉ်တွေ အများကြီးလုပ်လာခဲ့ရသလောက် တွေ့ရတဲ့လူတိုင်းက Skill အသစ်အသစ်တွေကို လေ့လာသင်ယူဖို့ ဘယ်လောက်စိတ်အားထက်သန်ပြင်းပြတယ်ဆိုတာ မြင်တွေ့နေရပါတယ်။ ကျွန်တော့်အလုပ်ရဲ့ ကောင်းကွက်တစ်ခုက လူငယ်တွေအနေနဲ့ ပညာရပ်အသစ်တွေကို လေ့လာသင်ကြားဖို့ ဘယ်လောက်တောင် စိတ်ပိုင်းဖြတ် စိတ်အားထက်သန်ကြတယ်ဆိုတာကိုတွေ့ပြီး အဲဒီအတွက် အခွင့်အလမ်းတွေလည်း ဖန်တီးပေးနိုင်တာပဲဖြစ်ပါတယ်။ Capacity Shortage နဲ့ ပတ်သက်ပြီး လူတွေက ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လူငယ်တိုင်း၊ လူတိုင်းက ပညာရပ်အသစ်တွေကို လေ့လာသင်ယူဖို့ ပြင်းပြနေတာကို တွေ့နေရပါတယ်။ ဖန်တီးရာက Entrepreneur တွေ အတွက်တင်မဟုတ်ပါဘူး။ မီဒီယာတွေအပါအဝင် တခြားပညာရပ်တွေအတွက်ပါ Meetup တွေနဲ့ Workshop တွေ၊ Seminar တွေကိုပါ စီစဉ်ပေးနေတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိုလာတဲ့ လူတွေထဲမှာ NGO အပါအဝင် နယ်ပယ်အသီးသီးက လူတွေလာရောက်သင်ယူနေတာတွေကို တွေ့ရပါတယ်။ ဖန်တီးရာ Team ဖန်တီးရာမှာ အချိန်ပြည့်ဝန်ထမ်း ၃၃ ယောက်ရှိပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ တော်တော်လေး ကျွန်တော်တို့ ကြီးထွားလာပါတယ်။ ၂၀၁၆ ခုနှစ် နှစ်စပိုင်းလောက်တုန်းကတောင် ကျွန်တော်တို့ အချိန်ပြည့်ဝန်ထမ်း ၁၂ ယောက်လောက်ပဲ ရှိခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ Program တွေ တော်တော်လေးချဲ့ထွင်ပြီး လူတွေလည်း ခန့်ဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် ကျွန်တော့်ရဲ့ အဓိက Target က ဖန်တီးရာအဖွဲ့မှာ တတ်ကျွမ်းနားလည်တဲ့ အဖွဲ့ဝင်တွေ ရှာဖွေခန့်ထားကာ၊ အစီအစဉ်အသစ်တွေ မိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့ကိုကူညီဖို့ ဖြစ်ပါတယ်။ လက်ရှိအထိလည်း ကျွန်တော်တို့မှာ လစ်လပ်ရာထူးတွေ ရှိနေဆဲပါပဲ။ ဝန်ထမ်းအများစုက မြန်မာနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံခြားသားအနည်းငယ်လည်းရှိပါတယ်။

၂၀၁၇ အတွက် ဖန်တီးရာရဲ့အစီအစဉ် . . .

'ဖန်တီးရာ' ရဲ့ဒီနှစ်အတွက် အစီအစဉ်အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ရှိနေပြီးသား Program တွေကို ထပ်ချဲ့ချင်ပါတယ်။

'ဖန်တီးရာ' Accelerator မှာဆိုရင်လည်း ကုမ္ပဏီတွေ ပိုများလာအောင် လုပ်မှာဖြစ်ပါတယ်။ ပြီးတော့ Founder Institute Yangon ရဲ့ နောက်ထပ် တန်းခွဲမှာဆိုရင်လည်း လူပိုများလာအောင် လုပ်ပါမယ်။ Incubator ၊ Accelerator Program တွေလည်း ထပ်လုပ်သွားမှာပါ။ နိုင်ငံအကျိုးပြုနိုင်သလို ကိုယ်တိုင်လည်းအကျိုးအမြတ်ရပြီး ရပ်တည်နိုင်တဲ့ လုပ်ငန်းမျိုးလုပ်နိုင်မယ့် အဖွဲ့အစည်းမျိုးတွေ  ဦးဆောင်နိုင်ဖို့ Social နဲ့ Civic Entrepreneur တွေကို ဖော်ထုတ်ပံ့ပိုးပေးသွားမယ့် အစီအစဉ်မျိုး ဖြစ်ပါတယ်။ တကယ်တော့ ဒီအချိန်က မြန်မာနိုင်ငံအတွက် စိတ်လှုပ်ရှားဖွယ်အချိန် ဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းလည်း အင်တာနက်ချိတ်ဆက်ပြီး ဖြစ်နေပါပြီ။ ဒါကြောင့် ဒီအချိန်မှာ နည်းပညာရဲ့ အကူအညီကိုယူပြီး တိုးတက်ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်နိုင်ပါတယ်။ နည်းပညာကို မြန်မာနိုင်ငံအတွင်း လူတွေရဲ့ လူမှုအဆင့်အတန်းကို တိုးတက်အောင်လုပ်တဲ့နေရာမှာ Tool တစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။

ဖြူလဲ့မွန်