နေပြည်တော်မှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံခြားလုပ်ငန်းရှင်တွေ တွေ့ဆုံခဲ့ပါတယ်။ ဧပြီလ၊ ၂၀၁၆ ခုနှစ် ရွေးကောက်ခံ အစိုးရသစ်တက်ပြီးနောက် ပထမဆုံးအကြိမ် အစိုးရနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့အခမ်းအနား ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ Union Minister of Planning and Finance က ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက Economic Policy Implementation and Way Forward နဲ့ Draft Investment Policy and Plan တို့ကိုလည်း ရှင်းလင်းပြောပြခဲ့ပါတယ်။ ပွဲမှာ Discussion Pannel တစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်နဲ့ Dean of Diplomatic Corps ဖြစ်သူ H.E Mr Robert Chua ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Governor H.E ဦးကျော်ကျော်မောင်၊ UMFCCI ရဲ့ ဥက္ကဋ္ဌဦးဝင်းအောင်၊ Myanmar Banks Association က ဥက္ကဋ္ဌဦးခင်မောင်အေး၊ KBZ Bank က ဒေါ်နန်းလိုင်ခမ်း၊ Astralian Embassy and Cooperation Partner Group Facilitator မှ Development Counsellor Mr. Nick Cumpston နဲ့ Sumitomo Mitsui Banking Corportaion ၊ Yangon Branch က General Manager Mr Nobuyasu Akagi တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ဒီပွဲမှာ လုပ်ငန်းနယ်ပယ်အသီးသီးမှ အကောက်ခွန်အများဆုံးပေးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေက စီးပွားရေးလုပ်ငန်းရှင် ၁၅၈ ဦး တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ မူဝါဒ၊ အခွန်အကောက်၊ နိုင်ငံသားများအတွက် အခွင့်အရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေး၊ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းတွေ စသဖြင့် နိုင်ငံရဲ့ရှေ့ဆက်မယ့် စီးပွားရေးကဏ္ဍအတွက် ရှေ့ဆက်လုပ်ကိုင်သွားမယ့် လမ်းကြောင်းတွေနဲ့ပတ်သက်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေကို အားပေးလမ်းညွှန် ပြောကြားသွားတာကို တွေ့ရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ နိုင်ငံသူနိုင်ငံသားအားလုံး စီးပွားရေးတိုးတက်မှု ဖွံ့ဖြိုးမှုမှာ ပါဝင်ဆောင်ရွက်စေလိုကြောင်း၊ အတိတ်ကိုပြန်ကြည့်ခြင်းမျိုး မဟုတ်ဘဲ အနာဂတ်ကိုမျှော်တဲ့ မူဝါဒမျိုးဖြင့် ဆက်လက်ဆောင်ရွက်သွားချင်ကြောင်း၊ ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပမှရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူများကိုလည်း ဖိတ်ခေါ်ကြောင်း ၊ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးအကြီးဆုံးမှာ ပြည်သူပြည်သားတွေရဲ့ အရည်အချင်းတန်ဖိုးကို မြှင့်တင်ရေးဖြစ်ကြောင်း၊ ပြည်သူပြည်သူသားတွေရဲ့ အစွမ်းအစအရည်အချင်းကို အဓိကအားကိုးတဲ့ စနစ်မျိုးကသာလျှင် ရေရှည်တည်တံ့ခိုင်မြဲနိုင်မယ်လို့ ယုံကြည်ကြောင်း၊ နိုင်ငံတိုးတက်ဖို့အတွက် မျှော်လင့်ရုံနဲ့မရဘဲ ကြိုးစားမှ၊ အလုပ်လုပ်မှ၊ ဝါယမစိုက်ထုတ်မှ လိုချင်တဲ့ပန်းတိုင်ကို ရောက်နိုင်မှာဖြစ်ကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့ပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ လုံလုံခြုံခြုံ၊ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ရဲ့ စီးပွားရေးအောင်မြင်ဖို့အတွက် ကိုယ့်စီးပွားရေးကနေတစ်ဆင့် ကိုယ့်ရဲ့နိုင်ငံတိုးတက်ဖို့အတွက် လုပ်ပေးနိုင်တဲ့အခွင့်အရေးတွေကိုပေးမယ့် မူဘောင်က တရားဥပဒေစိုးမိုးရေးဖြစ်ကြောင်း၊ မျှော်မှန်းသလောက် ပထမခြောက်လဟာ စီးပွားရေးဘက်မှာ မြန်မြန်ဆန်ဆန် တိုးတက်မှုမရှိခဲ့ဘူးဆိုတာ ဝန်ခံကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုထဲမှာ ပါဝင်ခွင့်ရမှာဖြစ်ကြောင်း၊ နိုင်ငံတွင်းနေထိုင်သူအများစုအားကိုးရာဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ နိုင်ငံရဲ့စီးပွားရေးမူဝါဒထဲမှာ ထည့်ထားကြောင်း၊ နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေကို နောက်ဆယ်စုနှစ်တွေအတွက် မျှော်မှန်းပြီး ချမှတ်မှ အောင်မြင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အခွန်အကောက်ကိစ္စနဲ့ပတ်သက်လို့ ထည့်သွင်း ပြောကြားခဲ့ရာမှာတော့ နိုင်ငံတော်ကိုထောက်ပံ့ခြင်းဖြစ်တဲ့ အခွန်အကောက်ပေးခြင်းက ပြည်သူအားလုံး ဂုဏ်ယူရမယ့်ကိစ္စ၊ တာဝန်၊ ဂုဏ်သရေဖြစ်ကြောင်း၊ အခွန်အကောက်ပေးခြင်းနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရှေ့ကနေ ဦးဆောင်လမ်းပြဖြစ်စေချင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေအနေနဲ့ နိုင်ငံရဲ့ဘဏ္ဍာကို ပံ့ပိုးပေးရတဲ့ ဂုဏ်ကိုတန်ဖိုးထားစေချင်ကြောင်း စသဖြင့် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ပညာရေးစနစ်နဲ့ပတ်သက်လို့ ပညာရေးစနစ်ကို မြှင့်တင်ဖို့၊ ပြည်သူပြည်သားတွေရဲ့အရည်အချင်းကို မြှင့်တင်ဖို့ဆိုတဲ့နေရာမှာ အနာဂတ်ကိုကြည့်ပြီးတော့ အစိုးရက ဆက်သွားမှာဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာကို အထူးအလေးထားပြီး၊ တန်ဖိုးထားပြီး ပိုပြီးတိုးတက်အောင် လုပ်သွားဖို့ ဆန္ဒရှိကြောင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ပတ်သက်လို့လည်း ကြိုက်တဲ့သူ၊ မကြိုက်တဲ့သူတွေ ရှိနိုင်မယ့်အကြောင်း၊ တတ်နိုင်သမျှ မြန်မာနိုင်ငံအတွင်း မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြည်တွင်းကရော၊ ပြည်ပကပါ ဝင်လာအောင်လို့ ဒီဥပဒေကို ပြဋ္ဌာန်းထားတာဖြစ်ကြောင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် လုပ်ငန်းတွေအတွက် အခွင့်အရေးတွေ သိပ်ပေးရင် ပြည်တွင်းက လုပ်ငန်းရှင်တွေပြိုင်နိုင်ပါ့မလားဆိုပြီး စိုးရိမ်မှုတွေရှိတာကိုလည်း မစိုးရိမ်ကြဘဲ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့နဲ့ အခက်အခဲရှိလာရင် အသိပေးနိုင်ကြောင်း၊ နိုင်ငံအစိုးရရဲ့ တာဝန်က ပြည်သူတွေအခက်အခဲရှိရင် ဖြေရှင်းပေးဖို့ တာဝန်ယူထားကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။