နိုင်ငံပေါင်း ၈၀ ကျော်မှာ သင်တန်းပို့ချပေးနေပြီး နာမည်ကျော် US Training Company တစ်ခုဖြစ်တဲ့ Dale Carnegie သင်တန်း မြန်မာပြည်မှာ စတင်မိတ်ဆက်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ Sule Shangri-La ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ US Embassy မှ Senior Commercial Officer Mr John Fleming က အမှာစကား ပြောကြားပြီး၊ Dale Carnegie & Associates Inc New York မှ Chief Franchise Advocate Mr Jean-Louis Van Doome ၊ Dale Carnegie Training Myanmar ရဲ့ Managing Director Mr Luc de Waegh နှင့် Institute of English မှ ဦးနေအုပ်တို့အသီးသီးမှ အခမ်းအနားအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဖွင့်လှစ်သွားမယ့် Dale Carnegie သင်တန်းများနဲ့ပတ်သက်လို့ Chief Franchise Advocate Mr Jean-Louis Van Doome ၊ Dale Carnegie Training Myanmar ရဲ့ Managing Director Mr Luc de Waegh တို့နဲ့ မေးမြန်းဖြစ်ခဲ့ပါတယ်။
သင်တန်းများ စတင်ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်
--------------
သင်တန်းကိုဖွင့်ဖြစ်တာကတော့ မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို အထောက်အပံ့ပေးဖို့ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံခြားကရင်နှီးမြှုပ်နှံသူတွေက သူတို့ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ကျွမ်းကျင်လုပ်သားတွေ လိုအပ်နေတယ်ဆိုတာကို သိရပါတယ်။
တကယ်လို့ ကျွမ်းကျင်လုပ်သားမရှိဘူးဆိုရင်တောင် သဘောထားပြည့်ဝတဲ့လူမျိုးကို ငှားတတ်ကြပါတယ်။ မြန်မာပြည်မှာက ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သင်တန်းမျိုးရှားပါးနေပါတယ်။ ဒီလိုအပ်ချက်တွေကြောင့် မြန်မာပြည်မှာ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘယ်လို Program မျိုးတွေနဲ့ သင်ကြားမှာလဲ
--------------------
Dale Carnegie Training တွေကို ဘာသာရပ်လေးမျိုးခွဲပြီး သင်ကြားမှာဖြစ်ပါတယ်။ ပို့ချသွားမယ့် အဓိကအကြောင်းအရာတွေကတော့ Flagship Communication Leadership ၊ High Impact Presentation ၊ Selling Skills တို့ဖြစ်ပြီး နောက်ဆုံးတစ်ခုကတော့ Higher Level of Leadership ပဲဖြစ်ပါတယ်။ ဒီသင်တန်းတွေက လေးလလောက် လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ရမှာဖြစ်သလို အသိအမှတ်ပြုလက်မှတ်ကိုလည်း အင်မတန်ကြပ်မတ်စိစစ်ပြီးမှ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
(အင်္ဂလိပ်ဘာသာနဲ့သင်ကြားမယ့်) လူထုဆက်ဆံရေးဘာသာရပ်နဲ့ပတ်သက်တဲ့ ပထမဆုံးသင်တန်း (အကျဉ်းရုံးပို့ချမယ့်သင်တန်း) ကို ၂၀၁၈ ခုနှစ် မတ်လလောက်မှ စတင်မှာဖြစ်ပါတယ်။ သင်တန်းက မတ်လ ၂ ရက်နေ့၊ ၃ ရက်နေ့နဲ့ ၄ ရက်နေ့အထိ သုံးရက်ကြာမြင့်မှာ ဖြစ်ပါတယ်။
မြန်မာဘာသာနဲ့ ပို့ချသွားမယ့် သင်တန်းတွေကိုတော့ ဒီနှစ်အလယ်ပိုင်းလောက်မှာ ပို့ချဖို့ မျှော်လင့်ထားပါတယ်။ အာရှတိုက်မှာတော့ Dale Carnegie Training အသိအမှတ်ပြုထားလက်မှတ် ရရှိထားတဲ့ အင်္ဂလိပ်စကား ဆရာ၊ ဆရာမ အယောက် ၁၈၀ လောက်ရှိပါတယ်။
သင်တန်းဆရာ၊ ဆရာမတွေနဲ့ပတ်သက်လို့
---------------
ပထမအဆင့်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ Dale Carnegie Training အသိအမှတ်ပြုထားတဲ့ ဆရာတွေမရှိသေးတာကြောင့် နိုင်ငံခြားက ဆရာတွေကပဲ အင်္ဂလိပ်လိုသင်ကြားသွားမှာဖြစ်ပါတယ်။
သင်တန်းတက်သင့်တဲ့သူတွေ
-----------------
ကန့်သတ်ချက်တော့မရှိပါဘူး။ လူတိုင်းအတွက်တော့ သင့်လျော်ပါတယ်။ မြန်မာပြည်မှာက လူတွေမှာ ဈေးကွက်အလားအလာကောင်းတွေရှိတယ်၊ အောင်မြင်တိုးတက်ချင်စိတ်တွေရှိပါတယ်။ အောင်မြင်ချင်စိတ်ဆိုတဲ့နေရာမှာ စီးပွားရေးအတွက်၊ မိသားစုအတွက်၊ အားကစားအတွက် ဘယ်အတွက်မဆို တက်လို့ရပါတယ်။ နောက်တစ်ခုကတော့ အစိုးရဝန်ထမ်းတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ နေပြည်တော်က ဝန်ထမ်းတွေကို သင်တန်းပေးဖို့ ကမ်းလှမ်းထားတာရှိပါတယ်။
သင်တန်းကြာမြင့်ချိန်
---------------------
ပုံမှန်ကတော့ သင်တန်းတစ်ခုကို ၁၂ ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ တစ်ပတ်ကို သုံးနာရီကြာမြင့်မှာဖြစ်ပြီး အလုပ်ချိန်ပြီးလောက်တဲ့အချိန်မှာ စတင်မှာဖြစ်ပါတယ်။ ဒါမှသာ သင်တန်းသားတွေအတွက် လေ့ကျင်ဖို့နဲ့ အတန်းမှာ လက်တွေ့ဘဝအတွေ့အကြုံတွေအကြောင်း ပြန်လည်မျှဝေနိုင်အောင် ဖြစ်ပါတယ်။ သင်တန်းပြီးသွားရင်လည်း ရထားတဲ့ပညာတွေ အကျိုးမဲ့သွားမှာ မဟုတ်ပါဘူး။ တစ်သက်တာ အသုံးချလို့ရပြီး အကျိုးရှိပါတယ်။ တကယ်လို့ ဒီသင်တန်းကို တက်ပြီးသူတစ်ယောက်ဟာ အရင်မတက်ရသေးတာနဲ့ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းတွေကိုလည်း မြန်မာနိုင်ငံမှာအခြေချပြီး ဖွင့်လှစ်ပို့ချမှာ ဖြစ်ပါတယ်။
သင်တန်းအတွက် Certificate
-----------------
အောင်မြင်သွားတဲ့ သင်တန်းသားတွေဟာ သင်တန်းက ချီးမြှင့်တဲ့ Certificate ကို ရရှိမှာဖြစ်ပါတယ်။ ဒီ Certificate က နိုင်ငံတကာမှာရှိတဲ့ ပညာရေးအဖွဲ့အစည်းတွေနဲ့ အမေရိကန်ပညာရေးအဖွဲ့အစည်းက အသိအမှတ်ပြုတာဖြစ်ပြီး တက္ကသိုလ်ဘွဲ့လို အသုံးချလို့ရပါတယ်။
ခေါင်းဆောင်ကောင်းမရှိခြင်းရဲ့ဆိုးကျိုးနဲ့ ခေါင်းဆောင်ရှိခြင်းရဲ့ကောင်းကျိုး
-----------------------
ခေါင်းဆောင်ကောင်းမရှိရင် ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်ပေါ်မှာ ပထမဦးဆုံးထိခိုက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီစွမ်းဆောင်ရည်ကျလာရင်တော့ စီးပွားရေးဈေးကွက်ပေါ်မှာ အကျိုးသက်ရောက်နိုင်ပါတယ်။ အခုခေတ်မှာ စီးပွားရေးက တအားကိုအခွင့်အလမ်းတွေများနေပြီး မြန်မာနိုင်ငံက လူတွေတိုးတက်မှုမရှိရင်တော့ နိုင်ငံအတွက်တအားကို နစ်နာပါတယ်။ ခေါင်းဆောင်ကောင်းရှိရင်တော့ မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက် အလားအလာကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တက်သစ်စလူငယ်လေးတွေ များစွာရှိပါတယ်။ ဒီသင်တန်းတွေက နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်ကောင်းတွေ မွေးထုတ်ပေးနိုင်ပါတယ်။