COVID-19 နှင့် စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့စီးပွားရေးအတွက် ဘယ်လိုအဓိပ္ပာယ်သက်ရောက်စေသလဲ ၊ ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လောက်အထိရိုက်ခတ်မှုက ဆိုးရွားတယ်ဆိုတာနဲ့ ဘယ်လိုပြန်နာလံထအောင် လုပ်နိုင်မလဲဆိုတာက ဘယ်သူမှ မသေချာသေးတဲ့ မဖြေနိုင်သေးတဲ့မေးခွန်းဖြစ်ပါတယ်။

ခန့်မှန်းခြေများနဲ့ အညွှန်းကိန်းများကို ကြည့်ရုံနဲ့လည်း အဖြေမရနိုင်ပါဘူး။ကမ္ဘာ့နိုင်ငံအနှံ့အပြား ငွေကြေးဈေးကွက်များ ကမောက်ကမဖြစ်မှုတွေကြောင့် ချေးငွေနဲ့ဈေးကွက်နဲ့ ငွေကြေးရင်း နှီးမြှုပ်နှံမှုတွေဘက်မှာ အလွန်တရာလျော့နည်းသွားတာမျိုး၊ ရပ်ဆိုင်းသွားတာမျိုးအထိတောင် ဖြစ်သွားနိုင်ပါတယ်။လူတွေအနေနဲ့လည်း ကြောက်စိတ်နဲ့ Social Distancing တို့လို ရောဂါထိန်းချုပ်မှုလုပ်ဆောင်ချက်တွေကြောင့် ငွေမသုံးကြတော့ဘဲ အပျော်အပါးကိစ္စတွေလည်း လျော့ကျသွားပါလိမ့်မယ်။ ဒီလိုအထိနာမှုမျိုးတွေက နိုင်ငံအလိုက်၊ ထိခိုက်တဲ့ မြို့အလိုက်၊ အဲဒီနိုင်ငံမြို့တွေရဲ့ အဓိကစီးပွားရေးများအလိုက် ကွာခြားသွားပါလိမ့်မယ်။

ဟားဗတ်တက္ကသိုလ်က Olga Jonas ရဲ့အဆိုအရတော့ ၂၀၁၅ ခုနှစ်တုန်းက Middle East Respiratory Symdrome ကြောင့် တောင်ကိုရီးယားမှာ ရောဂါကူးဆက်မှုအနည်းငယ် (၁၈၆ ခု) လောက်ဖြစ်တုန်းကတောင် နိုင်ငံရဲ့ စီးပွားရေးမှာ စုစုပေါင်း ဒေါ်လာ ၈.၄ ဘီလီယံလောက် ဆုံးရှုံးမှုဖြစ်ခဲ့တာကိုတွေ့ရတယ်လို့ပြောပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍအများအပြားကြောင့် နာမည်ကြီးရှင်သန်ရပ်တည်နေတဲ့ မြို့ကြီးတွေက ပိုပြီးထိခိုက်မှုများပါလိမ့်မယ်။ အထူးသဖြင့် SARS ရောဂါ ပျံ့နှံ့တဲ့ကာလတွေတုန်းက အထိနာခဲ့တဲ့ ဟောင်ကောင်နဲ့ ပေကျင်းလိုမြို့ကြီးတွေပါ။

ရာသီတုတ်ကွေးကြောင့်ဖြစ်ရတဲ့ကပ်ရဲ့ ထိခိုက်မှုကို ကမ္ဘာ့ဒေသအလိုက် အဆင့် ၃ ဆင့်ခွဲဆန်းစစ်ထားတဲ့ လေ့လာချက်တစ်ခုကို ၂၀၀၆ ခုနှစ်တုန်းက Australian National University က Warwick MckKibbin နဲ့ Alexandra Sidorenko တို့က ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီ ဇယားကို ပုံ ၁ မှာ ကြည့်နိုင်ပါတယ်။

COVID-19 က တုတ်ကွေးတော့မဟုတ်ပေမဲ့ အဲဒီသူတို့နှစ်ဦးရဲ့ တွက်ချက်မှုဇယားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Mr MKibbin က အခုဖြစ်နေတဲ့ ပုံစံက Moderate Scenario လောက်ဖြစ်မယ်လို့ခန့်မှန်းတယ် လို့ဆိုပါတယ်။ ဒါကြောင့် COVID-19 က ကမ္ဘာ့ Growth Rate ရဲ့ ၂ ရာခိုင်နှုန်းထိခိုက်နိုင်ပါတယ်။ ဒါကလည်း Oxford Economics က ခန့်မှန်းထားတာနဲ့ မတိမ်းမယိမ်းပါ။ Oxford Economics ကတော့ COVID-19 ကြောင့် ကမ္ဘာ့ GDP က ၁.၃ ရာခိုင်နှုန်းလောက်ထိခိုက်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းချက်ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာနဲ့ချီပြီး ခန့်မှန်းတာက ကမ္ဘာ့နိုင်ငံအလိုက် ညီတူညီ မျပျံ့နှံ့ခွဲ ခြမ်းထိခိုက်မယ်လို့မဆိုပါဘူး။ ပိုဆင်းရဲတဲ့ နိုင်ငံတွေက သူတို့ရဲ့စီးပွားရေးပမာဏအလိုက်ပိုပြီးတော့ ဆုံးရှုံးထိခိုက်နိုင်ပါတယ်။

၂၀၀၃ ခုနှစ်မှာတုန်းက တရုတ်နိုင်ငံက ကမ္ဘာ့ COVID-19 ရဲ့ ၄ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးပါတယ်။ ၂၀၁၉ ခုနှစ်မှာဆိုရင်တော့ ကမ္ဘာ့ GDP ရဲ့ ၁၆ ရာခိုင်နှုန်းကိုထုတ် လုပ်ပေးပါတယ်။ ဒါကြောင့် COVID-19 ကြောင့် တရုတ်နိုင်ငံအတွင်း စီးပွားရေးထိခိုက်မှုတွေအားလုံးက သူ့တစ်နိုင်ငံတည်းကိုပဲ ထိခိုက်တာမဟုတ်ဘဲ၊ ဆက်စပ်ရာ ကမ္ဘာ့နိုင်ငံအသီးသီးကိုပါ ထိခိုက်တာဖြစ်ပါတယ်။

အထူးသဖြင့် ကမ္ဘာ့ကားဈေးကွက်လည်း ထိခိုက်ပါတယ်။ ဝူဟန်မြို့က ကုန်ထုတ်လုပ်မှုမြို့ဖြစ်ပြီး ကားနဲ့ပတ်သက်လို့ နစ်ဆန်း၊ ဟွန်ဒါ၊ ဂျင်နရယ်မော်တာတို့က အဲဒီမှာစက်ရုံတွေရှိပါတယ်။

COVID-19 ကြောင့် ထိခိုက်နိုင်တဲ့ ကဏ္ဍနောက် တစ်ခုကတော့ ဆေးဝါးထုတ်ကုန်နဲ့ပါဝင်ပစ္စည်းတွေ ထုတ်လုပ်တဲ့လုပ်ငန်းနယ်ပယ် API sector (API-Active pharmaceutical ingredient) ဖြစ်ပါတယ်။ တရုတ်ကာ ဒီ လုပ်ငန်းနယ်ပယ်ကို အစိုးရ၊ ပုဂ္ဂလိကနဲ့ ဖက်စပ်စသဖြင့် အမျိုးမျိုးသော စက်ရုံတွေကတစ်ဆင့် ချုပ်ကိုင်ထောက်ပံ့ထားနေတာလည်း အတော်လေးကြာမြင့်နေပြီဖြစ်ပါတယ်။ အမေရိကန်မှာဆိုရင် ၂၀၀၄ ခုနှစ်မှာကတည်းကသူ့ရဲ့ နောက်ဆုံးကျန်တဲ့ ပင်နယ်ဆီလင်ဆေးဝါးထုတ်စက်ရုံကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ တရုတ်က ကမ္ဘာ့ဆေးဝါးဈေးကွက်ရဲ့အတွက်လိုအပ်တဲ့ API ၈၀ ရာခိုင်နှုန်း(အကြမ်း ဖျဉ်းအားဖြင့်) ကို ထုတ်လုပ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ တရုတ်-အမေရိကန် ကုန်သွယ်မှုစစ်ပွဲ၊ COVID-19 Outbreak တို့ကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေတော်တော်များများဟာ ဆေးဝါးနဲ့ပိုးသတ်ဆေးထုတ်လုပ်မှုကဏ္ဍတွေမှာ တရုတ်နိုင်ငံက ဈေးကွက်ဝေစုအများအပြားယူထားခြင်းကို စိုးရိမ်လာနေပြီး သက်ဆိုင်ရာ နိုင်ငံဒေသတွေအလိုက် ပြန်လည် စက်ရုံတည်ထောင်ခြင်းလိုကိစ္စမျိုးတွေကို အားပေး ဖို့ ပြန်လည်စဉ်းစားနေကြပြီဖြစ်ပါတယ်။ တရုတ်က ၂၀၁၂ ခုနှစ်မှာ ဂျပန်နိုင်ငံနဲ့ နိုင်ငံရေးတင်းမာမှုတွေဖြစ်တုန်း ဂျပန်ကို Rare Earths တင်ပို့မှုရပ်ဆိုင်းလိုက်တာလိုမျိုး သာဓကတွေလည်း ရှိခဲ့ဖူးတာကြောင့် သူနဲ့နိုင်ငံရေး၊ စီးပွားရေးတင်းမာမှုတွေရှိမယ့် တခြားနိုင်ငံတွေကိုလည်း ဒီလိုမလုပ်ဘူးလို့ ဘယ်သူကမှ မယုံကြည်တော့ပါဘူး။ ဒါကြောင့် အနောက်နဲ့ဥရောပနိုင်ငံတော်တော်များများဟာ အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲကြောင့်တစ်ဖုံ၊ COVID-19 ကပ်ရောဂါအလွန်ကာလရောက်ရင်တော့ သူတို့ရဲ့စီးပွားရေးနဲ့ Outsourced လုပ်ငန်းတွေမှာ တရုတ်နိုင်ငံအပေါ် မှီခိုမှုကြီးလွန်းခြင်းကို ပြန်လည်စဉ်းစားရပါတော့မယ်။ အခုတောင်မှ ဒီလိုစဉ်းစားခြင်းရဲ့ရလဒ်အဖြစ် တချို့အာဆီယံနိုင်ငံငယ်တွေမှာ စက်ရုံတွေတည် ခြင်းတို့ကို မြင်တွေ့နေရပြီဖြစ် ပါတယ်။

တကယ်လို့ တရုတ်က ကုန်ထုတ်လုပ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလီယံလောက် လျော့ကျသွားတာနဲ့ တခြားကမ္ဘာ့နိုင်ငံ အသီးသီးက ထုတ်လုပ်မှုပမာဏနဲ့ အရောင်းပမာဏက ၆.၇ ဘီလီယံ လျော့ကျသွားနိုင်ကြောင်းတွေ့ရှိ ရပါတယ်။ ဒီလိုမျိုးပဲ ဆင့်ကဲအကျိုးသက်ရောက်မှုတွေစုစုပေါင်းလိုက်ရင်တော့ COVID-19 ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးဟာ တရုတ်နိုင်ငံနဲ့ ဆက်စပ်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆုံးရှုံးမှုတွေဟာ ဒေါ်လာ ၆၅ ဘီလီယံပမာဏအထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

တကယ်တော့ တရုတ်ရဲ့ ထုတ်လုပ်နိုင်စွမ်းပြတ်တောက်ခြင်းကြောင့် အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို တခြားနိုင်ငံတွေထက် အများကြီးပိုမိုထိခိုက်တာဖြစ်ပါတယ်။ ဒီလိုထိခိုက်နိုင်မှုတွေကို ဖော်ပြထားပါ တယ်။

နောက်တစ်ခုက အရှေ့တောင်အာရှနိုင်ငံတွေမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ၂၀၀၃ ခုနှစ်နောက် ပိုင်းကစလို့ တဖြည်းဖြည်းတိုးတက်လာခဲ့တာပါ။ အခု တော့ COVID-19 ပြီးရင်တောင်မှ နိုင်ငံပြန်လည် နာလံ ထူနိုင်ဖို့အတွက် လုပ်ရမယ့်ကိစ္စတွေကြောင့် နိုင်ငံပြင်ပ ရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျပဲသွားမလား၊ လုံးဝပဲ မလုပ် နိုင်တော့ဘူးဖြစ်သွားမလားဆိုတာကိုတော့ စောင့်ကြည့် ကြရပါမယ်။

နောက်တစ်ခုကတော့ တရုတ်နိုင်ငံအတွင်းမှာပဲ COVID-19 ကြောင့် နိုင်ငံစီးပွားရေးနဲ့ လည်ပတ်လှုပ်ရှားမှုတွေ ဆက်လက်ရပ်တန့်နေခဲ့ရင် လုပ်ငန်းငယ်လေးတွေ ရဲ့ ၈၅ ရာခိုင်နှုန်းက ပြုတ်သွားပါလိမ့်မယ်။ ပြီးတော့ တရုတ်တစ်ပြည်လုံး အလုပ်အကိုင်ပေါင်း ၄.၅ သန်း လောက်လည်း ဆုံးရှုံးသွားပါလိမ့်မယ်။

အရှေ့တောင်အာရှရဲ့အထည်ချုပ်လုပ်ငန်းတွေမှာလည်း ဒီကပ်ရောဂါကြောင့် အတော်လေးထိခိုက်မှုတွေရှိနေခဲ့ပါတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက အထည်ချုပ်တွေက ကမ္ဘာ့ဖက်ရှင်ဈေးကွက်အတွက် အတော်လေးအရေးပါပါတယ်။ ဒါပေမဲ့ အဲဒီလိုအထည် ချုပ်တွေအတွက် ကုန်ကြမ်းတွေကတော့ တရုတ်ကလာတာပါ။ ဒါကြောင့် တရုတ်နိုင်ငံက သယ်ယူပို့ဆောင်ရေးကွင်းဆက်တွေ အလုပ်မလုပ်တော့တဲ့အခါ အထည်ချုပ်လုပ်ငန်းတွေ လုပ်ငန်းဆက်လုပ်ဖို့ အခက်အခဲတွေဖြစ် စေခဲ့ပါတယ်။

တရုတ်ကတချို့ ကုန်ကြမ်းစက်ရုံတွေ ပြန်လည်ပတ်ဦးတောင်မှ ဒီနိုင်ငံတွေကို ကုန်ကြမ်းပို့ဆောင်နိုင်ဖို့ ဆိုတာက အခက်အခဲအတားအဆီးတွေအများကြီးရှိနေပါသေးတယ်။ ပြီးတော့ စက်ရုံတွေအနေနဲ့လည်း အရင်နှုန်းအတိုင်းပြန်လည်ပတ်နိုင်ဖို့က ရုတ်တရက် ပြန်စလို့မရနိုင်သေးပါဘူး။

မတ်လအထိကုန်ကြမ်းတွေမရနိုင်သေးဘူးဆိုရင်တော့ စက်ရုံပေါင်း ၂၀၀ ကျော်နဲ့ အလုပ်သမားပေါင်းကိုးသောင်းကျော် အလုပ်မှဆိုင်းငံ့ထားရမှာပဲဖြစ်တယ်လို့ ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလလယ်တုန်းက Khmar Times ကိုပြောခဲ့ပါတယ်။

ကမ္ဘာအနှံ့ ပိုက်ဆံအသုံးဆုံး တရုတ်ခရီးသွား ဧည့်သည်တွေ လျော့ကျသွားတာကြောင့် အာရှတစ်ခွင် တရုတ်ခရီးသွားဧည့်သည်တွေအပေါ်မှီခိုနေတဲ့ ခရီးသွားလုပ်ငန်းဈေးကွက်လည်း အတော်လေးဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက ခရီးသွားလုပ်ငန်းကဏ္ဍက ဝင်ငွေ ၁.၂၉ ဘီလီယံလောက် ဆုံးရှုံးနိုင်ခြေရှိပြီး ထိုင်းကတော့ ၁.၅ ဘီလီယံလောက် ဆုံးရှုံးနိုင်ခြေရှိပါတယ်။ လေကြောင်းလိုင်းတွေကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ ၂၉ ဘီလီယံလောက် ဆုံးရှုံးနိုင်ခြေရှိကြောင်း IATA က သတိပေးပါတယ်။ အမေရိကန်ရဲ့နိုင်ငံခြားခရီးသွား လုပ်ငန်းဝင်ငွေကလည်း ဒီနှစ်မှာ ၂၄ ဘီလီယံလောက် ဆုံးရှုံးနိုင်ခြေရှိပါတယ်။ ဒါတွေကတော့ ဖေဖော်ဝါရီလအတွင်းနဲ့ မတ်လအစောပိုင်းတုန်းက CNN, CNBC တို့ ရဲ့ ဆောင်းပါးတွေကတစ်ဆင့် လေ့လာသိရှိရတဲ့အချက်တွေ ဖြစ်ပါတယ်။ ခန့်မှန်းတွက်ချက်မှုပမာဏတွေပဲရှိ သေးပါတယ်။ တကယ်တမ်း ကပ်ရောဂါကာလပြီးဆုံးသွားသည့်တိုင် ကမ္ဘာ့ခရီးသွားလုပ်ငန်းကဏ္ဍက ပြန်လည်နာလံထူဖို့ရာ နှစ်နဲ့ချီပြီးကြာသွားနိုင်ပါသေးတယ်။

စီးပွားရေးကဏ္ဍအလိုက် အကြပ်အတည်းတွေနဲ့အတူ နိုင်ငံတိုင်းရဲ့ စီးပွားရေး၊ လူမှုဘဝနဲ့ နေထိုင်မှုပုံစံတွေလည်း COVID-19 ကြောင့် ပြောင်းလဲသွားနိုင်ပါသေးတယ်။

တရုတ်နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကိုထိန်းချုပ်နေစဉ်ကာလအတွင်းမှာ နည်းပညာမြင့် စက်နဲ့ဒရုန်းများရဲ့ အကူအညီကိုအများကြီးယူခဲ့ရပြီး တောင်ကိုရီးယားနဲ့ နည်းပညာအကူအညီဖြင့် Mass Scanning လုပ်ခြင်းတို့လို ကိစ္စတွေလုပ်ခဲ့ရပါတယ်။ ပြီးတော့တရုတ်ပြည်အတွင်းမှာပဲ Home Delivery လုပ်ငန်းများ အဆမတန်တောင်းဆိုမှုများလာခြင်းနဲ့ DingTalk တို့လို Team Communication နဲ့ Collaboration ပလက်ဖောင်းများကလည်း နေအိမ်ခြေချုပ်ကြနေချိန်အတွင်း အလွန်အသုံးဝင်တဲ့ Telecommuting ဝန်ဆောင်မှုတွေ ဖြစ်လာပါတယ်။

COVID-19 ကပ်ရောဂါကို ကမ္ဘာ့တစ်ဝန်း ထိန်းချုပ်နိုင်ဖို့ နိုင်ငံ့အစိုးရများ အပူတပြင်း ကြိုးပမ်းနေချိန်နဲ့ တပြိုင်နက်တည်းပဲ နိုင်ငံအသီးသီးရဲ့ စီးပွားရေးကဏ္ဍများပြိုလဲမှုမဖြစ်အောင် တစ်ဖက်က ကယ်တင်နေရမှာဖြစ်သလို COVID-19 အလွန်ကာလတွင် လူအများ၏ပြောင်းလဲလာမည့် လူနေမှုအပြုအမူများကို လိုက်မီရန် စီးပွားရေးလုပ်ငန်းများမှ အမှီလိုက်ရမှာလည်း ဖြစ်ပါကြောင်း ...