မြန်မာနိုင်ငံထုတ် မြန်မာ့ကုန်အမှတ်တံဆိပ်အမျိုးမျိုးကို နိုင်ငံတကာအဆင့်မီ ရောင်းတန်းဝင်ပစ္စည်းများအဖြစ် မြင်တွေ့ရန် လုပ်ငန်းရှင်တိုင်းလိုလို လိုလားကြသည်။ မြန်မာ့ထုတ်ကုန်ပစ္စည်းဟုဆိုရာတွင် Raw Material အဆင့်ဖြင့်မဟုတ်ဘဲ ကုန်ချောပစ္စည်း၊ Value-Added Goods များကို ရည်သန်သည်။ လက်တွေ့တွင် မြန်မာ့ထုတ်ကုန်များကို စလယ်ဆုံး ထုတ်လုပ်နေကြသော လုပ်ငန်းရှင်များအနေဖြင့် ဘက်ပေါင်းစုံမှ အခက်အခဲများရှိနေကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ ပြည်တွင်းစားသုံးသူများ၏ စိတ်တွင် နိုင်ငံတကာအမှတ်တံဆိပ်များကို ပိုမိုအားထားရသည်ဟု ယုံကြည်နေခြင်း၊ ပြည်တွင်းဖြစ်ပစ္စည်းများကို တန်ဖိုးမြင့်ပေးပြီး မသုံးစွဲလိုကြခြင်းလို ဈေးကွက်ယုံကြည်မှုနှင့် စားသုံးသူအလေ့အထများက အများပြည်သူအမြင်သာဆုံး မြန်မာ့ထုတ်ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲတချို့ဖြစ်သည်။ ကုန်ထုတ်လုပ်မှုစရိတ်စက မြင့်မားခြင်း ... စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းများ စသည်ဖြင့် အမျိုးမျိုးသောကဏ္ဍများတွင် တချို့မြန်မာနိုင်ငံတွင်မထွက်၊ မရနိုင်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းရသည့် ကုန်ကျစရိတ်ရှိသည်။ ပြည်တွင်းလုပ်ငန်း နိုင်ငံရပ်ခြားတင်ပို့ရန်မဟုတ်သေးဘဲ ပြည်တွင်းဈေးကွက်အတွင်းရှိ နိုင်ငံတကာထုတ်ကုန်များနှင့် ယှဉ်ရာတွင် ထိုထုတ်ကုန်များနည်းတူ အရည်အသွေးကို အာမခံနိုင်ရန်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် လိုအပ်သော အဆင့်မြင့်နည်းပညာမရှိသေးခြင်း၊ သို့မဟုတ် တချို့လုပ်ငန်းငယ်များမှ ထိုနည်းပညာများကို လက်လှမ်းမမီခြင်း။ နိုင်ငံတကာအဆင့်မီဖြစ်သော်ငြားလည်း လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်စက များပြားသောကြောင့်၊ သို့မဟုတ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့်၊ တရားဝင်နည်းလမ်းဖြင့် ထုတ်လုပ်ကာ တရားဝင်အခွန်ပေးသွင်းနေသော လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ပစ္စည်း၏တန်ဖိုးမြင့်တက်ရခြင်း စသည်ဖြင့် လိုအပ်ချက်များစွာရှိသည့်ကြားမှ ''မြန်မာ့ထုတ်ကုန်'' ဟူသည့် နေရာတစ်ခုရရန် ကြိုးစားနေသည့် လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် SME လုပ်ငန်းငယ်များ၏ ထုတ်ကုန်အမျိုးမျိုးနှင့် သူတို့ ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်ရောက်နိုင်ဖို့ ကြိုးစားရပ်တည်မှုများကို မေးမြန်းဖော်ပြပေးလိုက်ပါသည်။
လက်ရှိ Made In Myanmar Product တွေရဲ့ အခြေအနေ
------------------
Made In Myanmar Product လို့ပြောရင် အဓိကကတော့ ဘယ်လိုပစ္စည်းတွေရှိလဲ ကြည့်ရမှာပါ။ အထည်ချုပ်လုပ်ငန်းမှာဆို ပြည်တွင်းမှာ လက်ခစားနဲ့ ထုတ်လုပ်ပေးတဲ့ အထည်ချုပ်တွေကလည်း Made In Myanmar ဆိုတဲ့ Label နဲ့ ကမ္ဘာအနှံ့ကို ရောက်ရှိနေပါပြီ။ CMP လုပ်ငန်းအသွင်နဲ့လည်း Made In Myanmar စပြီးတော့ ကမ္ဘာ့ဈေးကွက်မှာ နေရာရနေပြီဖြစ်ပါတယ်။ Made In Myanmar ရဲ့ နောက်ထပ်အဓိကကဏ္ဍတစ်ခုကတော့ အသေးစားအလတ်စား စက်မှုလုပ်ငန်းတွေကနေပြီးတော့ ပြည်တွင်းဈေးကွက်အတွက်ကို ရည်ရွယ်ပြီးတော့ သွင်းကုန်အစားထိုးထုတ်လုပ်တဲ့ ကဏ္ဍကြီးကလည်း Made In Myanmar မှာ အဓိကကျတဲ့အခန်းကဏ္ဍကြီးတစ်ခု ဖြစ်ပါတယ်။
သွင်းကုန်အစားထိုးထုတ်လုပ်တဲ့ Import Substitution မှာတော့ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ အဓိကစိန်ခေါ်မှုက AEC ပါ။ ဒီနှစ်မှာ AEC က အပြည့်အ၀ အကောင်အထည်ဖော်ပြီး စတင်ကျင့်သုံးတော့မှာဖြစ်ပါတယ်။ AEC အကောင်အထည်ပေါ်လာတဲ့အခါကျရင် အာဆီယံနိုင်ငံတွေက ထုတ်ကုန်ပစ္စည်းတွေကို Form D တို့ Form E စတဲ့ သွင်းကုန်ပုံစံနဲ့ ဝင်ရောက်လာရင် အကောက်ခွန်နှုန်းထားတွေကို ၀ ရာခိုင်နှုန်းထိ လျှော့ပေါ့ပေးရမယ်ဆိုပြီး Agreement ရှိပါတယ်။ တစ်ဖက်မှာ နိုင်ငံခြားကနေ ကုန်ကြမ်းပစ္စည်းတွေတင်သွင်းပြီး သွင်းကုန်အစားထိုးထုတ်လုပ်နေတဲ့ လုပ်ငန်းတွေမှာက အကောက်ခွန်တွေကို နဂိုနှုန်းထားအတိုင်း ၁၅ ရာခိုင်နှုန်း၊ ၁၀ ရာ ခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းဆိုပြီး ဆောင်နေရတဲ့အတွက် သွင်းကုန်အစားထိုးလုပ်ငန်းတွေက နိုင်ငံတွေက တင်သွင်းလာတဲ့ ကုန်ချောပစ္စည်းတွေနဲ့ ဈေးနှုန်းမယှဉ်ပြိုင်နိုင်တဲ့ အနေအထားကို ရောက်နေပါတယ်။ နောက်တစ်ချက်က ပြည်တွင်းမှာရှိတဲ့ Made In Myanmar လုပ်နေတဲ့ သွင်းကုန်အစားထိုးလုပ်ငန်းတွေ နောက်ထပ်ရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုက Illicit Trade ခေါ်တဲ့ တရားမဝင်ကုန်သွယ်မှုတွေကြောင့် ပြည်တွင်းသွင်းကုန်အစားထိုးထုတ်လုပ်နေတဲ့ လုပ်ငန်းတွေအပါအဝင် SME တွေများစွာ ထိခိုက်နစ်နာနေတဲ့ ကိစ္စဖြစ်ပါတယ်။
တရားမဝင်တင်သွင်းတဲ့ ကုန်ပစ္စည်းနဲ့ တရားဝင်တင်သွင်းတဲ့ ကုန်ပစ္စည်းကတော့ အစစအရာအရာ ကွာဟနေပါတယ်။ ပထမအချက်က Quality အရည်အသွေး။ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီးတော့ စားသောက်ကုန်ဆေးဝါးတို့ဆိုရင် ကျန်းမာရေးနဲ့ အသက်အန္တရာယ်ထိ ထိခိုက်နိုင်ပါတယ်။ လျှပ်စစ်ပစ္စည်းဆိုရင်လည်း သူ့ရဲ့ Quality ပေါ်မူတည်ပြီး သုံးစွဲတဲ့အခါမှာ လျှပ်စစ်အန္တရာယ်တွေ မီးအန္တရာယ်တွေထိ ဖြစ်နိုင်ပါတယ်။ ဒါတစ်ပိုင်းဖြစ်သလို တရားဝင်သွင်းလာတဲ့ပစ္စည်းတွေက သူ့ရဲ့ကျသင့်တဲ့ အခွန်တွေပေးဆောင်ရတဲ့အချိန်မှာ တရားမဝင်သွင်းလာတဲ့ပစ္စည်းက အခွန်အခတွေ ဘာမှမပေးရဘူးဆိုရင် ဈေးကွက်မှာ ယှဉ်ပြိုင်တဲ့အခါ ဈေးနှုန်းအားဖြင့် မယှဉ်ပြိုင်နိုင်တဲ့ အခြေအနေတွေကြောင့် သွင်းကုန်အစားထိုးလုပ်ငန်းတွေ တစ်နည်းအားဖြင့်ပြောရင် Made In Myanmar လုပ်ငန်းတွေကတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။
သွင်းကုန်အစားထိုးထုတ်လုပ်နေတဲ့ ပြည်တွင်း အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေအနေနဲ့ နိုင်ငံခြားကနေ ကုန်ကြမ်းတွေ စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်တဲ့အခါမှာ ပေးရတဲ့အကောက်ခွန်နှုန်းထားနဲ့ တစ်ဖက်က AEC အရ ဝင်လာတဲ့ကုန်စည်ပစ္စည်းတွေက အကောက်ခွန်ကင်းလွတ်ခွင့်ရတဲ့ အနေအထားတွေက မတူညီမမျှတတဲ့အတွက်ကြောင့် မယှဉ်နိုင်တဲ့ အနေအထားကိုလည်း စီမံဘဏ္ဍာဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ အကောက်ခွန်ညွှန်ချုပ်ထံကို ကျွန်တော်တို့အနေနဲ့ အသင်းအောက်မှာရှိတဲ့ လုပ်ငန်းကဏ္ဍအလိုက် သူတို့တွေ့ကြုံနေတဲ့ အကောက်ခွန်နှုန်းထားရဲ့ ကွာဟမှုအခြေအနေတွေကို ပြန်ပြီးတော့ ပြင်ဆင်ညှိနှိုင်းပေးဖို့အတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ပါတယ်။
နောက်တစ်ခါ အခွန်နှုန်းထားတွေကိုလည်း UMFCCI ဦးဆောင်မှုနဲ့ ကျွန်တော်တို့ ညီနောင်အသင်းတွေ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ စက်မှုကဏ္ဍမှာရှိတဲ့ လုပ်ငန်းတွေမှာ ပေးဆောင်နေရတဲ့အခွန်တွေကတော့ ဝင်ငွေခွန်ရယ်၊ ပင်ရင်းက ဖြတ်တောက်နုတ်ယူတဲ့ With holding Tax ရယ်၊ ကုန်သွယ်လုပ်ငန်းခွန်ကိစ္စတွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ UMFCCI ကို တင်ပြထားပါတယ်။ စက်မှုကဏ္ဍအခွန်နဲ့ ပတ်သက်ပြီးတော့ လိုအပ်ချက်တွေကို စဉ်းစားပေးဖို့၊ လိုတာလျှော့ပေါ့ပေးဖို့၊ ပြင်ဆင်ပေးဖို့ကို UMFCCI က တစ်ဆင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ လွှတ်တော် Channel ကနေပြီးတော့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့အခါမှာ ထည့်သွင်းစဉ်းစားဖို့ ကျွန်တော်တို့ လုပ်နေတာရှိပါတယ်။ ဒါလည်း မကြာမီအကောင်အထည်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။
AEC ဝင်ရင်ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားသင့်သလဲ
------------
AEC က အခုမှရုတ်တရက်ကောက်ပေါ်လာတာ မဟုတ်ပါဘူး။ AEC မတိုင်ခင်က AFTA ရှိပါတယ်။ အဲဒီတုန်းကလည်း Asean Free Trade Area လုပ်ကြမယ်ဆိုပြီးတော့ ၁၉၉၇ ခုနှစ်လောက်ကတည်းက Asean အဖွဲ့ဝင်နိုင်ငံတွေက သဘောတူပြင်ဆင်ပြီးတော့ နှစ်အလိုက်အကောက်ခွန်နှုန်းထားတွေကို လျှော့ပေါ့ပေးလာခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ AEC အဖြစ် အပြည့်အဝကျင့်သုံးတဲ့အခါမှာတော့ ၀ ရာခိုင်နှုန်းထိ ပြောင်းလဲသွားမယ်ဆိုပြီးတော့ သူ့ရဲ့ Time Line နဲ့ Road Map အရ သွားတာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ရော UMFCCI အနေနဲ့ရော ဟောပြောပွဲ၊ ဆွေးနွေးပွဲစာစောင်တွေကနေတစ်ဆင့် အသိပညာပေးခဲ့တာတွေ ရှိပါတယ်။ နောက်ပြီးတော့ AFTA တို့ AEC တို့ လာတဲ့အခါမှာ စိန်ခေါ်မှုလည်းပါသလို အခွင့်အလမ်းလည်းပါတယ်ဆိုတဲ့အကြောင်း ပြောထားပြီးသားဖြစ်ပါတယ်။ အဓိကစိန်ခေါ်မှုဆိုတာကတော့ တခြား Asean နိုင်ငံတွေက ပစ္စည်းတွေနဲ့ အရည်အသွေးယှဉ်ပြိုင်နိုင်ဖို့က နံပါတ် ၁ ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ ကိုယ့်ရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေ လျော့နည်းနိုင်အောင်လို့ စီမံခန့်ခွဲနိုင်ဖို့ကလည်း တစ်ပိုင်းပေါ့။ ဒီအပိုင်းမှာလည်း အဓိကကျတာက ကုန်ထုတ်စွမ်းအားမြင့်မားအောင် ပြင်ဆင်ဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့အကြောင်းနဲ့ ခေတ်မီနည်းပညာနဲ့ စက်ပစ္စည်းတွေ ရယူသုံးစွဲဖို့လိုတယ်ဆိုတာရယ်၊ နောက်တစ်ခုက ကိုယ့်ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ ဈေးကွက်ခိုင်မာအောင်လုပ်ထားဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ စက်မှုအသင်းအနေနဲ့ရော UMFCCI အနေနဲ့ရော စက်မှုဇုန်အနေနဲ့ရော သက်ဆိုင်ရာဝန်ကြီးဌာန နိုင်ငံတော်အဆင့်ဆင့်နဲ့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာရော အမြဲတမ်းတင်ပြဆွေးနွေးခဲ့ပါတယ်။ အဓိကကတော့ ဒါတွေ ကျွန်တော်တို့ပြောတဲ့အချိန်မှာ နိုင်ငံတော်ရယ် ပုဂ္ဂိုလ်ကလုပ်ငန်းရှင်ရယ် ပူးပေါင်းပြီးတော့ ကြိုကြိုတင်တင် လုပ်ထားရမယ့်အပိုင်းက အဓိကကျပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့သူကတော့ အခက်အခဲကြီးကြီးမားမားမရှိနိုင်ပေမယ့် ကြိုတင်မပြင်ဆင်ထားတဲ့သူတွေအတွက်ကတော့ အခက်အခဲကြီးကြီးမားမား ကြုံနိုင်ပါတယ်။ ဒါက တော်တော်လေးကို ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပါတယ်။
အဲဒီတော့ ပြင်ဆင်ထားတဲ့သူတွေကတော့ ဆက်လက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်အားကောင်းရင် ဈေးကွက်တွေ ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။ သန်းငါးဆယ်ဈေးကွက်ကနေ သန်းငါးရာဈေးကွက်ကို ချဲ့ထွင်နိုင်မှာပေါ့။ မပြင်ဆင်ထားတဲ့သူတွေအတွက်ကတော့ ကိုယ့်သန်းငါးဆယ်ဈေးကွက်ကိုတောင်မှ နည်းသွားမယ့်အနေအထားရှိတယ်။ ဒါက AEC ရဲ့ သက်ရောက်မှုတွေ ဖြစ်ပါတယ်။
မြန်မာ Product တွေ နိုင်ငံတကာအဆင့်မီပြီလား
----------------------
အဓိကကတော့ ကိုယ်ပိုင်အမှတ်တံဆိပ်ထူထောင်နိုင်ဖို့၊ ဈေးကွက်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့၊ နောက်တစ်ခုက ထုတ်ကုန်ရဲ့တန်ဖိုးပစ္စည်းတွေရဲ့ အရည်အသွေးကို နိုင်ငံတကာအဆင့်မီဖို့ ISO တို့ တခြား HACCP တို့ GMP တို့အစရှိတဲ့ သူ့ရဲ့ကုန်ပစ္စည်းအလိုက် နိုင်ငံတကာစံချိန်စံနှုန်း အရည်အသွေးတွေမီအောင် စီမံခန့်ခွဲထုတ်လုပ်နိုင်တဲ့ စနစ်တွေကျင့်သုံးဖို့ဆိုတဲ့အပိုင်းလည်း အရေးကြီးသလို ထုတ်လုပ်မှုကုန်ကျစရိတ်မှာလည်း အလေအလွင့်နည်းအောင် စီမံခန့်ခွဲမူနဲ့ စွမ်းဆောင်ရည်တွေကောင်းအောင် ဒါတွေ အဘက်ဘက်က လိုအပ်ပါတယ်။ အဲဒီလိုလုပ်နိုင်မှပဲ Made In Myanmar Product တွေဟာ ပိုပြီးတော့ အောင်မြင်လာမှာ ဖြစ်ပါတယ်။ အောင်မြင်တာမရှိဘူးလားလို့ ပြောရင်ရှိပါတယ်။ ဒါတွေက ခေတ်မီတဲ့ SME ၊ SMI တွေပေါ့။ ဒီလိုလုပ်ငန်းတွေက ခေတ်မီတဲ့စက်ပစ္စည်း နည်းပညာတွေ ရယူသုံးစွဲသလို ကိုယ့်ရဲ့ကုန်အမှတ်တံဆိပ်ကိုလည်း ခိုင်မာအောင်အောင်မြင်အောင် ဈေးကွက်ရအောင် သူတို့စီမံခန့်ခွဲပြီး လုပ်တတ်ပါတယ်။ အရည်အသွေးနဲ့ပတ်သက်ရင်လည်း ISO တို့လိုဟာမျိုး စားသောက်ကုန်ဆိုရင်လည်း HACCP ဟာမျိုး ဆေးဝါးဆိုရင်လည်း GMP အစရှိတဲ့ ဒီလိုစနစ်တွေကို တက်လှမ်းနိုင်အောင် သူတို့ကြိုးစားပြီးတော့ ဒါတွေနဲ့အညီလုပ်တဲ့နောက်တော့ အရည်အသွေးပိုင်းရော ဈေးနှုန်းပိုင်းရော ယှဉ်ပြိုင်နိုင်မယ့်အပြင် ဈေးကွက်ကိုလည်း ထိုးဖောက်နိုင်တဲ့ အားတွေရှိတဲ့အတွက်ကြောင့် ဒီလိုလုပ်ငန်းတွေကတော့ ဆက်လက်ရှင်သန်အားကောင်းနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်ငန်းတွေကတော့ စိုးရိမ်ဖို့ကောင်းလဲဆိုတော့ သမားရိုးကျသွားနေတဲ့ SME ၊ SMI လုပ်ငန်းတွေကတော့ Globalization ပဲပြောပြော AEC ပဲပြောပြော သူတို့ Free Competition ၊ Open Competition ဖွင့်လိုက်တဲ့အခါမှာ ကိုယ့်ဘက်က သမားရိုးကျပဲ စီမံခန့်ခွဲထုတ်လုပ်နေမယ်ဆိုရင် ခေတ်မမီတော့တဲ့ နည်းပညာစက်ပစ္စည်းတွေနဲ့ ထုတ်လုပ်နေဦးမယ်ဆိုရင်တော့ အရည်အသွေးလည်း မမီနိုင်ပါဘူး။ ပြီးတော့ ထုတ်လုပ်မှုကုန်ကျစရိတ်လည်းများမှာဖြစ်သလို ဈေးကွက်မှာလည်းယှဉ်ပြိုင်ပြီး မရောင်းနိုင်ဘူးဆိုရင်တော့ အခုကျွန်တော်တို့ ကြုံခဲ့ကြားခဲ့သလိုပဲ စိတ်မကောင်းစွာနဲ့ အဲဒီလုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ အဲဒါကြောင့် ဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရရယ် ပုဂ္ဂလိကရယ် ပူပေါင်းပြီးတော့ အဖြေတစ်ခုရှာဖို့ လိုနေတဲ့အနေအထားတစ်ခုပါ။
Made In Myanmar Product တွေအတွက် အစိုးရက ဘယ်လိုပံ့ပိုးဖို့ လိုအပ်မလဲ
---------------------
ကျွန်တော်တို့ Nibban ဆိုရင် ဈေးကွက်မှာ အခုလိုရပ်တည်နိုင်ဖို့က ဆယ်စုနှစ်လေးခုကျော်လောက် တည်ဆောက်ဖြတ်သန်းကြိုးစားခဲ့ရပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာလည်း သမားရိုးကျ မိရိုးဖလာတစ်ခုတည်း မဟုတ်ဘဲနဲ့ ခေတ်မီတဲ့နည်းပညာတွေ ရယူသုံးစွဲတယ်၊ စီမံခန့်ခွဲမှုစနစ်တွေဆိုရင်လည်း နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမူစနစ်တွေကို ၂၀၀၄ ခုနှစ်ကတည်းက AFTA ၊ AEC အတွက် ရည်ရွယ်ပြီးတော့ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်တည်ထောင်ပြီးတော့ Branding တို့ Marketing တို့ Sale တို့ Distribution တွေကို စနစ်တကျဆောင်ရွက်ခဲ့ပါတယ်။ နောက်တစ်ခုက ရောင်းချပြီးနောက် ဝန်ဆောင်မှုကောင်းအောင်ဆောင်ရွက်ပါတယ်။ အဘက်ဘက်က ခိုင်မာအောင်ကောင်းအောင်လုပ်နိုင်မှ ဒီလုပ်ငန်းတစ်ခုက ရေရှည်မှာ ရပ်တည်လို့ရမှာပါ။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုလုပ်ငန်းတွေ အများကြီးပေါ်လာဖို့ လိုအပ်ပါတယ်။ ဒီလုပ်ငန်းတွေ အလားအလာကောင်းအောင် နိုင်ငံတော်က မြေတောင်မြှောက်အားပေးဖို့လည်း လိုပါတယ်။ အဲဒီလိုအားပေးမှလည်း ကျွန်တော်တို့နိုင်ငံက Brand တွေ လုပ်ငန်းတွေဟာ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေမှာရှိတဲ့ Corporation ကြီးတွေ ပုံစံမျိုးဖြစ်လာမယ်။ ဥပမာ- ဂျပန်မှာဆိုရင် National , Panasonic ဆိုတာလည်း လွန်ခဲ့တဲ့နှစ်တစ်ရာကျော်လောက်ကတည်းက အိမ်တွင်းမှုလုပ်ငန်းက စခဲ့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့နိုင်ငံနဲ့ သူ့ရဲ့အနေအထားအရ စနစ်တကျအားပေးလိုက်တဲ့အခါမှာ အခုချိန်မှာ တစ်ကမ္ဘာလုံးကို ခြေဆန့်နိုင်တဲ့ Corporation ကြီးတစ်ခု ဖြစ်သလို နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ စီပွားရေးလုပ်ငန်း အင်အားစုကြီးလည်း ဖြစ်လာပါတယ်။
ကျွန်တော်တို့နိုင်ငံမှာလည်း အဲဒီလိုလုပ်ငန်းကြီးတွေ အများကြီးလိုအပ်ပါတယ်။ ဒါတွေကို အားမပေးဘဲနဲ့တော့ ကိုယ့်နိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ယှဉ်ဖို့ဆိုတာ တော်တော်ခက်မယ့်အနေအထားရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ရဲ့စီးပွားရေးကို တည်ဆောက်တဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းအားကိုးလို့ မရပါဘူး။ ပြည်တွင်းလုပ်ငန်းတွေ အားကောင်းဖို့ကလည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ့် တကယ်စီးပွားရေးကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တကယ်တမ်းကျန်ခဲ့မှာက ပြည်တွင်းလုပ်ငန်းတွေပဲ ကျန်ခဲ့မှာဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာပေါ် မူတည်ပြီးတော့ ဈေးကွက်တွေကို ရွှေ့ပြောင်းပြီးတော့ လုပ်နေသလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပေါ်တွေမှာ မူတည်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှုစွန့်စားမှု- Investment Risk ကို ကြည့်ပြီးတော့မှ ရင်းနှီမြှုပ်နှံမှာဖြစ်တဲ့အတွက်ကြောင့် တကယ်တမ်းနိုင်ငံတော်ရဲ့ စီးပွားရေးမှာ အားကိုးအားထားပြုလို့ ရတာကတော့ ကိုယ့်ပြည်တွင်းက စီပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒတွေမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ခိုင်မာပြီးအားပေးတဲ့ မူဝါဒမျိုး ဖော်ဆောင်ပေးဖို့ လိုပါတယ်။
Made in Myanmar Product တွေက နိုင်ငံတကာ အဆင့်အတန်းမီပြီလား
---------------------
Made in Myanmar Product တွေက နိုင်ငံတကာကို ထိုးဖောက်ဖို့အတွက် အဓိကအခက်အခဲတွေ ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းအရည်အသွေးကို စစ်ဆေးပေးမယ့်ဌာနတွေ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ အခုချိန်မှာ မြန်မာစံချိန်စံညွှန်းဥပဒေကို ဥပဒေမူကြမ်းအားဖြင့် လွှတ်တော်က အတည်ပြုဖို့အတွက် ကျွန်တော်တို့က ဆွေးနွေးဆုံးဖြတ်ပြီးပြီဖြစ်တယ်။ လွှတ်တော်က အတည်ပြုပေးပြီးရင်တော့ နည်းဥပဒေတွေပြဋ္ဌာန်းပြီးရင် မြန်မာနိုင်ငံမှာ ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးစမ်းသပ်မှုတွေကို အလုံးစုံလုပ်ကိုင်နိုင်တော့မှာဖြစ်ပါတယ်။ တကယ်တော့ပြောရမယ်ဆိုရင် Made in Myanmar Product တွေ နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုတာက ကျွန်တော်တို့ရဲ့ Innovation တွေ၊ Quality တွေက International Standard ဖြစ်ဖို့လိုတယ်။ စားသောက်ကုန်ဆိုရင်လည်း နိုင်ငံတကာက သတ်မှတ်ထားတဲ့ Food Safety နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ကိုင်နိုင်ဖို့လိုပါတယ်။ တခြားအသုံးအဆောင်ပစ္စည်းတွေ၊ အဝတ်အထည်ကအစ လူသုံးကုန်ပစ္စည်းတွေဆိုရင်လည်း နိုင်ငံတကာက ဝယ်သူစိတ်ကြိုက် Quality ကို ကျွန်တော်တို့နိုင်ငံက ထုတ်ပေးနိုင်မှ Made in Myanmar အနေနဲ့ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ Made in Myanmar တွေ ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ မြန်မာစံချိန် စံညွှန်းဥပဒေပေါ်ထွက်ရေးက အဓိကအကြောင်းတရား တစ်ခုအနေနဲ့ ရှိနေတာဖြစ်တဲ့အတွက် ဒီဥပဒေထွက်ပေါ်လာပြီးပြီဆိုရင် ကျွန်တော်တို့ Made in Myanmar Product တွေက ပိုပြီးတော့ လုပ်လို့ကိုင်လို့ကောင်းလာမယ့် အနေအထားရှိပါတယ်။ နောက်တစ်ခုအရေးကြီးတာက Intellectual Property ဆိုတဲ့ အသိဉာဏ်ပစ္စည်းဆိုင်ရာဥပဒေတွေ၊ ဒီဥပဒေတွေကလည်းပဲ ကျွန်တော်တို့ဥပဒေမူကြမ်းမှာ ဆွေးနွေးနေတာတွေ လွှတ်တော်ကိုရောက်နေပြီ။ ဖေဖော်ဝါရီလ ၁၅ ရက်က အမျိုးသားလွှတ်တော်မှာ ဆွေးနွေးအတည်ပြုပြီးဖြစ်တယ်။ ဆက်လက်ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ ဒီဥပဒေတွေကို ပြဋ္ဌာန်းပြီးတော့ ထုတ်ပြန်ဖို့ရှိနေပါတယ်။ ဒါတွေဟာ အင်မတန်အရေးကြီးပါတယ်။ Made in Myanmar မှာလည်း အရေးကြီးကိစ္စ တစ်ခုကဘာလဲဆိုရင် Geographical Identity လို့ခေါ်တဲ့ ပထဝီဒေသဆိုင်ရာအညွှန်းမူပိုင်ခွင့်မှာ မြန်မာစိန်တစ်လုံး သရက်လိုဟာမျိုး၊ မြန်မာ့သနပ်ခါး ဒီနေ့ဒီအချိန်မှာ ထိုင်းနိုင်ငံတို့၊ ဂျပန်နိုင်ငံတို့က သနပ်ခါးနဲ့ အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ပြီးတော့ ကမ္ဘာ့ဈေးကွက်ကို စတင်ဖြန့်ချိနေပြီ။ ကျွန်တော်တို့က ကိုယ့်တိုင်းပြည်ရဲ့ ကုန်ကြမ်းကို သုံးပြီးတော့ သူတို့ထုတ်လုပ်သွားတဲ့ အနေအထားမှာ ကျွန်တော်တို့တိုင်းပြည်အနေနဲ့အကျိုးခံစားခွင့်မရဘူး ဖြစ်နေတယ်။ ဒါကဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ဒီလိုဥပဒေတွေ မရှိတဲ့အတွက်ကြောင့်ဖြစ်နေတာပါ။ ဒါ့အပြင် ကျွန်တော်တို့ ကုန်အမှတ်တံဆိပ်ဥပဒေ၊ စက်မှုဒီဇိုင်း၊ တီထွင်မှုဥပဒေဒါတွေရှိလာခဲ့မယ်ဆိုရင် မြန်မာလုပ်ငန်းရှင်တွေက ကိုယ်ကြိုးစားရင် ကြိုးစားသလောက်အကျိုးရှိမယ်ဆိုတဲ့ အနေအထားမှာ အားလုံးကတော့ အားသွန်ခွန်စိုက်လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ကျလို့ ရှိရင်တော့ Made in Myanmar Product တွေက ကမ္ဘာ့ဈေးကွက်ကို မျက်နှာပန်းလှလှနဲ့ ကျွန်တော်တို့ယှဉ်ပြိုင် ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
Made in Myanmar Product တွေက လက်ရှိမှာ ဘယ်လိုစိန်ခေါ်မှုတွေကြုံနေရလဲ
----------------------
လက်ရှိအခြေအနေမှာတော့ Made in Myanmar ဆိုတဲ့ Product တွေက နိုင်ငံခြားသားတွေ ယုံကြည်စွာနဲ့ သုံးစွဲဖို့အတွက် အခက်အခဲတွေအများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စားသောက်ကုန်ဆိုရင်လည်းပဲ ကျွန်တော် ပြောထားသလို Food Safety နဲ့ပတ်သက်ပြီးတော့ စစ်ဆေးပေးမယ့် အဖွဲ့အစည်းတွေမရှိဘူး။ ကိုယ့်ပစ္စည်းကို နိုင်ငံခြားအထိ တင်ပို့ဖို့ဆိုရင် အနီးစပ်ဆုံး ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာ သွားရောက်ပြီးစစ်ဆေးခံပြီး တင်ပို့နေတာတွေရှိတယ်။ ဒါတွေက အဓိကအခက်အခဲဖြစ်ပါတယ်။ လက်ရှိ Made in Myanmar တွေက ကမ္ဘာ့ဈေးကွက်ကို ပို့တယ်ဆိုတဲ့အနေအထားမှာ ကမ္ဘာအနှံ့ရောက်ရှိနေတဲ့ မြန်မာလူမျိုးတွေရဲ့စားသုံးမှုကိုသာ အဓိကထားပြီးတင်ပို့နေတာဖြစ်ပြီးတော့ နိုင်ငံခြားသားတွေ မက်မက်မောမောသုံးစွဲဖို့အတွက်ကို တင်ပို့နိုင်ခြင်းမရှိပါဘူး။ ဒါကတော့ လက်ရှိအခြေအနေပဲဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရပ်တည်နိုင်ဖို့အတွက် ကိုယ့်ဘက်က ဘာတွေပြင်ဆင်ထားရမလဲ
-------------------
Made in Myanmar ပစ္စည်းတွေ နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုရင် ဒီပစ္စည်းကိုထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက ဗဟုသုတရှိဖို့လိုပါတယ်။ ကိုယ့်ပစ္စည်းကို နိုင်ငံခြားမှာ တရားဝင်ဈေးကွက်ရအောင်လုပ်ဖို့ဆိုရင် ကိုယ့်ပစ္စည်းက သက်ဆိုင်ရာနိုင်ငံက လိုအပ်တဲ့အရည်အသွေး၊ စံချိန်စံညွှန်းကို သိရှိနားလည်ပြီးတော့ ကြိုတင်ပြင်ဆင်နိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ တစ်ဆက်တည်းပြောချင်တာက Genius ကော်ဖီလို့ခေါ်တဲ့ ရွာငံကထွက်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက Highland ကော်ဖီလို့ခေါ်တယ်၊ အမြင့်ပေလေးထောင်ကျော်မှာပေါက်တဲ့ကော်ဖီစေ့က ထွက်တဲ့ကော်ဖီက ဒီနေ့ဆိုရင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကနေဒါနိုင်ငံ၊ အင်္ဂလန်နိုင်ငံတို့ကို တင်ပို့နိုင်ပြီ။ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုရင် ဒီလုပ်ငန်းကို လုပ်တဲ့လုပ်ငန်းရှင်က ဒီပစ္စည်းတွေရဲ့ နိုင်ငံတကာစံချိန်စံညွှန်းကိုသိရှိပြီးတော့ သူ့ရဲ့ပစ္စည်းကို နိုင်ငံတကာစံချိန်စံညွှန်းဝင်အောင် ကြိုးစားပြီး ဆောင်ရွက်လုပ်ကိုင်နိုင်တဲ့အတွက် ဒီလိုမျိုးဖြစ်တာပါ။ Made in Myanmar Product တွေ နိုင်ငံတကာမှာ နေရာရဖို့ဆိုရင် ဒီလိုမျိုးလုပ်ငန်းရှင်တွေဟာ နိုင်ငံတကာရဲ့ စံချိန်စံညွှန်းတွေကို လေ့လာသိရှိပြီးတော့ ကြိုတင်ပြင်ဆင် လုပ်ကိုင်နိုင်မယ်ဆိုရင်တော့ ဒီဈေးကွက်ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။
ထပ်ဖြည့်ပြောချင်တာက
-------------------
ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်တိုင်းပြည်ဟာ နေ့ချင်း၊ ညချင်း ကြီးပွားတိုးတက်လာတာကို မြင်တွေ့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေကလည်း အခွင့်အရေးကို ထိုင်စောင့်မနေဘဲနဲ့ အခွင့်အရေးရှိတဲ့နေရာကို ရှာဖွေသွားလာပြီးတော့ ဒီအခွင့်အရေးကို ဖော်ဆောင်နိုင်ဖို့လိုပါတယ်။ ဒီအခါမှာ နိုင်ငံခြားဘာသာကို ကျွမ်းကျင်ဖို့လိုပါတယ်။ နိုင်ငံခြားသားတွေအကြိုက်ကို ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့လိုပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်တွေကို သိရှိပြီးတော့မှ ကျွန်တော်တို့ပြင်ဆင်နိုင်ဖို့လိုပါတယ်။ ပညာက အဓိကအခြေခံဖြစ်ပါတယ်။ ပညာရှိမယ်ဆိုရင် တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။
FAME Pharmaceuticals ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
---------------------------
ကျွန်တော်တို့က အဓိကအားဖြင့် သဘာဝဆေးဝါးတွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ သဘာဝဆေးဝါးထုတ်လုပ်တယ်ဆိုတဲ့နေရာမှာ ပြင်ဦးလွင်မှာရှိတဲ့ ကျွန်တော်တို့ကိုယ်ပိုင် Organic Farm စိုက်ခင်းကနေ စိုက်တဲ့အပင်လည်း ရှိမယ်။ နိုင်ငံခြားကနေတင်သွင်းတဲ့ Extract တွေကိုအသုံးပြုပြီး ထုတ်တာလည်း ရှိမယ်။ အဲဒီကနေတစ်ဆင့်မှ သဘာဝဆေးဝါးတွေ ထုတ်ပါတယ်။ သဘာဝဆေးဝါးမှာ အဓိကအားဖြင့် အုပ်စုနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ Phytopharmaceuticals လို့ခေါ်တဲ့ အပင်ကို အခြေခံတဲ့ ဆေးဝါးဖြစ်ပါတယ်။ ဒုတိယတစ်ခုက Biopharmaceuticals လို့ခေါ်တဲ့ သတ္တဝါကိုအခြေခံတဲ့ ဆေးဝါးဆိုပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆေးအမျိုးပေါင်း ၈၆ မျိုး ထုတ်လုပ်ရောင်းချနေပါတယ်။
Product တွေကို ဘယ်လိုဖြန့်ဖြူးရောင်းချနေပါသလဲ
-----------------
ကျွန်တော်တို့အနေနဲ့ ပြည်တွင်းရော ပြည်ပမှာပါ ဖြန့်ဖြူးရောင်းချနေပါတယ်။ ပြည်တွင်းမှာဆိုရင် တစ်နိုင်ငံလုံးကို Door to Door စနစ်နဲ့ ကျွန်တော်တို့ဆီကနေ အရောက်ဖြန့်စနစ်နဲ့ ဖြန့်ပါတယ်။ အချို့မရောက်တဲ့နေရာတွေကိုတော့ ကိုယ်စားလှယ်အနေနဲ့ ပေးထားတာရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ဆိုင်တွေ ရှိပါတယ်။ အဓိကကတော့ Door to Door စနစ်နဲ့ ဆိုင်တွေကို အရောက်ပို့ပါတယ်။
Product တွေကို ဘယ်လိုမျိုး Standard တွေ၊ ဘယ်လို Quality တွေနဲ့ ထုတ်လုပ်ရောင်းချနေပါသလဲ
-----------------
ဆေးဝါးဖြစ်တဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ Standard တွေ ရှိကိုရှိရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၁၉၆၈ ခုနှစ်မှာ ဆေးဝါးထုတ်လုပ်တဲ့အခါ GMP လို့ခေါ်တဲ့ ကောင်းမွန်တဲ့ဆေးဝါးထုတ်လုပ်မှုကျင့်စဉ် Guideline နဲ့အညီထုတ်ရမယ်လို့ သတ်မှတ်ထားတာ ရှိပါတယ်။ ကျွန်တော်တို့စက်ရုံနဲ့ ကျွန်တော်တို့ပစ္စည်းတွေအားလုံးကို GMP နဲ့အညီ ထုတ်လုပ်ထားပါတယ်။ အဲဒီလို ထုတ်လုပ်ထားတာကြောင့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ၂၀၀၃ ခုနှစ်တည်းက GMP Certificate ပေးထားပြီးသားဖြစ်ပါတယ်။ နောက်ပြီးတော့ အရည်အသွေးနဲ့ပတ်သက်လို့ Certificate တွေ လိုပါသေးတယ်။ ISO 9001 ကို ၂၀၀၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကျွန်တော်တို့က ပထမဦးဆုံးရရှိတာ ဖြစ်ပါတယ်။ နှစ်အလိုက် Update Version တွေလည်း ကျွန်တော်တို့ လုပ်ပါတယ်။ နောက်ဆုံး Version ဖြစ်တဲ့ 9001:2015 ကိုလည်း ကျွန်တော်တို့ ရရှိပြီးသားဖြစ်ပါတယ်။
Quality Management System လို့ခေါ်တဲ့ အရည်အသွေးပြည့်မီတဲ့ ကုန်ပစ္စည်းတွေထွက်ရှိဖို့အတွက် အရည်အသွေးပြည့်မီတဲ့ စီမံခန့်ခွဲမှုစနစ်ကိုလည်း ကျင့်သုံးပါတယ်။ ဒီနေ့ခေတ်မှာ ကုန်ပစ္စည်းတွေက အရည်အသွေးကောင်းရုံနဲ့ မပြီးသေးဘူး။ Environment ကို ကာကွယ်တဲ့အပိုင်းလည်း ပါရပါဦးမယ်။ ကျွန်တော်တို့က Environmental Management System ဆိုပြီးတော့မှ ISO 14001: 2015 ကို ၂၀၀၆ ကတည်းက Practice လုပ်နေတာပါ။ ထုတ်ကုန်ကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးဘူးဆိုတဲ့ အာမခံချက်ဖြစ်ပါတယ်။ ဒါလည်း အရည်အသွေးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ လိုအပ်ချက်လို့ ပြောလို့ရပါတယ်။ ကုန်ပစ္စည်းတစ်ခုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုရင် ပြည်သူလူထုက ဝယ်ယူအားပေးမှာ မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ပစ္စည်းမှသာ ဝယ်ယူအားပေးမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက စက်ရုံမှာလာလုပ်တဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး (Occupational Health and Safety Assessment System) OHSAS 18001 ကိုလည်း ၂၀၀၆ ခုနှစ်တည်းက Certified လုပ်ထားပါတယ်။ ဒီသုံးချက်နဲ့ အဓိကအားဖြင့် Management စနစ်တွေနဲ့ ကောင်းအောင်လုပ်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေက အရည်အသွေးအားဖြင့် ပြည့်မီတဲ့ ကုန်ပစ္စည်းတွေလို့ ပြောလို့ရပါတယ်။
AEC ဝင်လာမယ်ဆိုရင် နိုင်ငံတကာ Product တွေလည်း ဝင်လာမှာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာ Product တွေအနေနဲ့ ဘယ်လိုယှဉ်ပြိုင်ရပါမလဲ
-----------------
ကျွန်တော်တို့အနေနဲ့က AEC အတွက် လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းက ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။ AEC ဝင်လာမယ်ဆိုရင်လည်း ကျွန်တော်တို့က အဆင်သင့်ဖြစ်နေပါပြီ။ အဆင်သင့်ဖြစ်တဲ့နေရာမှာ ပြောရရင် နိုင်ငံခြားကလာမယ့် ကုန်ပစ္စည်းမလာခင်ကတည်းက ကိုယ့်ပစ္စည်းကို AEC လုပ်မယ့်နိုင်ငံတွေဆီ အကုန်လုံးဖြန့်ထားတယ်။ AEC ရဲ့ ခေါင်းဆောင်လို့ပြောရင် Influence အဖြစ်ဆုံးက စင်ကာပူပါပဲ။ စင်ကာပူက ပန်နီဆူလာပလာဇာမှာ Showroom ဖွင့်ထားပြီးတော့ ကျွန်တော်တို့ Product တွေကို ကြိုပြီးတော့ ရောင်းထားတယ်။ Product တွေ အကုန်လုံးကို စင်ကာပူမှာ Registration လုပ်ထားတယ်။ အလားတူပဲ ထိုင်းနိုင်ငံမှာလည်း ကျွန်တော်တို့ Product တွေကို မှတ်ပုံတင်ပြီးတော့ ကိုယ်စားလှယ်ပေးပြီး ဖြန့်ဖြူးရောင်းချနေပါတယ်။ မလေးရှားမှာလည်း ကျွန်တော်တို့ လုပ်ထားပါတယ်။ သူတို့ကိုယ့်ဆီ မလာခင်ကတည်းက ကိုယ်က သူတို့ဆီသွားပြီးတော့ ဈေးကွက်လေး လုပ်ထားတယ်။ သူတို့ဈေးကွက်တွေအကြောင်း လေ့လာတယ်။ သူတို့ဈေးကွက်တွေကို လေ့လာခြင်းအားဖြင့် ကိုယ့်ဘက်က ဘယ်လို Protect လုပ်ရမလဲဆိုတာ ကိုယ်နားလည်တယ်။ သူတို့ကို ယှဉ်ပြိုင်နိုင်အောင်လည်း ကြိုးစားလို့ရတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ AEC အတွက် အဆင်သင့်ဖြစ်နေပါပြီ။ သူတို့လည်း ကိုယ့်ဆီလာရောင်းချင်ရင်ရောင်းမယ်။ ကိုယ်လည်း သူတို့ဆီသွားရောင်းချင်ရင် ရောင်းမယ်။ အဲဒီအခါမှာ သူနဲ့ကိုယ်နဲ့တရားသောနည်းနဲ့ ယှဉ်ပြိုင်ရောင်းချရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က အားသာချက် အားနည်းချက်တွေတော့ ရှိပါတယ်။ အားသာချက်တွေကတော့ မြန်မာပြည်ဈေးကွက်အနေနဲ့ ကြည့်မယ်ဆိုရင် ကိုယ်တိုင်ထုတ်လုပ်တယ်။ ကုန်ကြမ်းရဖို့ ကိုယ်တိုင်စိုက်ပျိုးတယ်။ ကျွန်တော်တို့မှာ မြေဧက ၄၅ ဧက Organic Farm ရှိတယ်။ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့နဲ့ လိုင်းတူတဲ့သူတွေမှာ အဲဒီလောက်မြေဧကများများနဲ့ လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဥပမာ- စင်ကာပူနိုင်ငံဆိုရင် ၄၅ ဧက မြေနေရာရဖို့ အတော်လေးခက်ပါမယ်။ ၄၅ ဧက ဝယ်မယ်ဆိုရင်တောင်မှ ဒီအတွက်အရင်းအနှီးက ဒေါ်လာသန်းပေါင်းမြောက်မြားစွာပေးရမယ်။ လုပ်ချင်ရင်တောင် သူတို့အတွက် Opportunity မရဘူး။ သူတို့က ကုန်ကြမ်းကို တခြားသူတွေဆီကဝယ်ရမယ်။ ကျွန်တော်တို့က ကုန်ကြမ်းကို ကိုယ်တိုင်ထုတ်တာဖြစ်တဲ့အတွက် အားသာချက်ရှိတယ်။ အဲဒီကနေတစ်ဆင့်မှ ရန်ကုန်စက်ရုံမှာ ကိုယ်တိုင်ထုတ်တာဖြစ်တဲ့အတွက် သူတို့နဲ့ယှဉ်လိုက်ရင် ကျွန်တော်တို့ကုန်ပစ္စည်းက အများကြီးဈေးသက်သာတယ်။ မြန်မာပြည်သူပြည်သားတွေက များသောအားဖြင့် ဈေးနှုန်းကို Conscious ဖြစ်တယ်။ အရည်အသွေးအရလည်း တူတယ်ဆိုရင် ဈေးနှုန်းသက်သာတာကို ဝယ်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထုတ်တဲ့ပစ္စည်းသည် အရည်အသွေးပိုင်းမှာတော့ သူတို့ထက်မနိမ့်ဘူး။ အတူတူဖြစ်ချင်လည်း ဖြစ်မယ်။ သာချင်လည်းသာမယ်။ သေချာတာကတော့ ဈေးနှုန်းက သက်သာနေပါတယ်။ ဈေးနှုန်းသက်သာတယ်ဆိုတာ နည်းနည်းလေးသက်သာတာ မဟုတ်ဘူး။ သုံးပုံတစ်ပုံ၊ ဒါမှမဟုတ် ၅၀ ရာခိုင်နှုန်းလောက် သက်သာတာဖြစ်တဲ့အတွက် ကျွန်တော်တို့ပစ္စည်းက သူတို့ကို ယှဉ်နိုင်တယ်လို့ အာမခံနိုင်တာဖြစ်ပါတယ်။ တခြားကျွန်တော်တို့ရဲ့ မိတ်ဆွေတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ် ကြည့်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ Product တွေက အရည်အသွေးမြှင့်တင်ဖို့ လိုနေသေးတယ်။ အချို့လည်း Quality မီတာတွေ ရှိတယ်။ အချို့လည်း မမီသေးတာတွေရှိတယ်။ ကျွန်တော့်အမြင်နဲ့ ပြောရရင် ၁၀ ရာခိုင်နှုန်းလောက်ကတော့ အရည်အသွေးမီတယ်။ ကောင်းကောင်းယှဉ်နိုင်တယ်။ ဒါပေမဲ့ ၉၀ ရာခိုင်နှုန်းလောက်က မမီသေးဘူး။ စင်ကာပူ Product နဲ့ မြန်မာ Product နဲ့ ယှဉ်လိုက်ရင် တခြား Sector တွေမှာ ကိုယ့်ဆီက Product က နိမ့်နေသေးတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့က အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ လိုနေပါသေးတယ်။ အဲဒီလို မြှင့်တင်မှသာလျှင် ကိုယ့်ဆီက Product တွေက သူများကိုယှဉ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အမြန်လုပ်စေချင်ပါတယ်။
Made in Myanmar Product တွေ Standard မီပြီလား
--------------------
ကုန်ချောအနေနဲ့ Export လုပ်နိုင်တဲ့ Item တွေက Standard မီတယ်လို့ ကျွန်တော်တို့ သတ်မှတ်လို့ရတယ်။ လယ်ယာထွက်ကုန်ပစ္စည်းတွေဆိုရင် ကျွန်တော်တို့ကုန်ကြမ်းပဲ အဓိကရောင်းနေရသေးတယ်။ ဒါဆိုရင်တော့ Standard မီတယ်လို့ သတ်မှတ်လို့ မရဘူးပေါ့။ ကုန်ကြမ်းပဲရောင်းနေတာကိုး။ မြင်သာထင်သာအောင် ဥပမာပေးရရင် Transformer တွေ ဖြစ်ပါတယ်။ စိုးလျှပ်စစ်ဆိုရင် ပြည်တွင်းမှာလည်း တင်ဒါတွေမှာ သူတို့ဝင်ပြီး ယှဉ်ပြိုင်တယ်။ နိုင်ငံခြားလည်း ပို့တာတွေရှိတယ်။ သူတို့ရဲ့ Transformer ဟာ နိုင်ငံခြားက Import လုပ်တာထက် ဈေးပိုသက်သာတယ်။ ကျွန်တော်တို့ဆီမှာလည်း စိုးလျှပ်စစ်က Transformer တွေ သုံးတယ်။ အဲဒီ Product တွေဆိုရင် Quality မီတယ်။ နိုင်ငံခြားကို ယှဉ်နိုင်တယ်။ Made in Japan တို့၊ Made in Singapore တို့က ဝင်လာတဲ့ပစ္စည်းတွေထက် ပြည်တွင်းမှာထုတ်တာဖြစ်တဲ့အတွက် ဈေးနှုန်းအားဖြင့် သက်သာတယ်။ ဒါကြောင့် အစိုးရတင်ဒါတွေမှာလည်း သူက အရွေးခံရတယ်။ အရည်အသွေးကလည်း နိုင်ငံခြားက ဝင်လာတဲ့ပစ္စည်းတွေနဲ့ အတူတူပဲ။ အဲဒါမျိုးပစ္စည်းတွေကတော့ နိုင်ငံခြား Quality ကို မီတယ်။ ယှဉ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အချို့ပစ္စည်းတွေကျတော့ မယှဉ်နိုင်ဘူး။ နိုင်ငံခြားပစ္စည်းတွေက ကိုယ့်ပစ္စည်းတွေထက်သာနေတယ်။ သာနေတော့ ပြည်တွင်းမှာရှိတဲ့သူတွေက ပြည်တွင်းထက်ကို နိုင်ငံခြားပစ္စည်းတွေကို အားပေးကြတယ်။ ကိုယ့်ပစ္စည်းကို အားမပေးဘူး။ ဘာလို့အားမပေးဘူးလဲဆိုရင် ဈေးနှုန်းသက်သာဦးတော့ အရည်အသွေးက ကွာနေတယ်။ အဲဒီလိုဆိုရင်တော့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ပစ္စည်းကို အရည်အသွေးကောင်းအောင် လုပ်သင့်ပါတယ်။ ကိုယ့်ကျရာ Sector မှာ ကိုယ်ထုတ်လိုက်တဲ့ ကုန်ချောပစ္စည်းသည် အရည်အသွေးမီသင့်ပါတယ်။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကိုယ့်ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းတွေက ထုတ်လုပ်တဲ့ Product တွေကို နိုင်ငံခြားကဝင်လာတဲ့ Investor တွေထက်ပိုသာတာ မြင်ချင်ပါတယ်။ အဲဒီလိုဖြစ်အောင်လည်း ကြိုးစားရမှာဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် မြန်မာ Product တွေအနေနဲ့ ဘယ်လိုတွေပြင်ဆင်ထားသင့်ပါသလဲ
--------------
ကျွန်တော်တို့အတွေ့အကြုံအရ ပြောရမယ်ဆိုရင် လေ့လာမှုလိုအပ်ပါတယ်။ ယှဉ်ပြိုင်မယ်ဆိုရင် ကျွန်တော်တို့က မလေ့လာဘဲ ယှဉ်ပြိုင်လို့မရပါဘူး။ ကိုယ်နဲ့တူတဲ့ နိုင်ငံခြားက Product တွေ၊ သဘာဝဆေးဝါးတွေ ဘယ်နိုင်ငံမှာ ဘာတွေထုတ်လဲ။ ကမ္ဘာကို ဦးဆောင်နေတာ ဘယ်သူတွေက ဦးဆောင်နေတာလဲ။ နံပါတ် ၁ က လေ့ လာရမယ်။ စာတွေလည်း ဖတ်ရတယ်။ အွန်လိုင်းကနေလည်း လေ့လာရတယ်။
ကိုယ်တိုင်ကိုယ်ကျ သွားကြည့်တာလည်းပါတယ်။ သူတို့ဆီမှာ ပြုလုပ်တဲ့ Fair တွေ၊ Trade Show တွေ သွားကြည့်ပြီး လေ့လာလို့ရတယ်။ အရည်အသွေးမြင့်အောင် ဘယ်လိုတွေလုပ်ကိုင်တယ်ဆိုတာ အရင်ဦးဆုံးလေ့လာရမယ်။ လေ့လာမှ ကိုယ်နဲ့ယှဉ်ပြိုင်မယ့် သူရဲ့အကြောင်းကိုသိမှ ကိုယ်က ယှဉ်လို့ရမယ်။ လေ့လာပြီးမှ သူ့ရဲ့အားသာချက်၊ အားနည်းချက် ဘာရှိလဲ။ ဘယ်လိုမီအောင်လုပ်မလဲ။ ပြီးတော့မှ ကိုယ်က Plan ချပြီး လုပ်ရမယ်။ ကျွန်တော်တို့ဆိုရင် တစ်ကမ္ဘာလုံးနဲ့ ပတ်သက်ပြီး လေ့လာထားတယ်။ ဒါကြောင့် ကျွန်တော်တို့ပစ္စည်းတွေကို နိုင်ငံခြားကိုပို့ဖို့ မကြောက်ပါဘူး။ ဘယ်နိုင်ငံမှာ ဘာတွေလုပ်တယ်ဆိုတာ ကျွန်တော်တို့က လေ့လာထားတယ်။ ဒီအတွက်ကိုလည်း အချိန်တွေအများကြီးပေးထားတယ်။ အဓိကပြောချင်တာကတော့ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ။ ကိုယ့်ရဲ့ပြိုင်ဘက်ကို သိအောင်လုပ်ပါ။ ကိုယ့်ပြိုင်ဘက်ကိုသိတော့မှ သူနဲ့ကိုယ်နဲ့ ယှဉ်ပြိုင်ဖို့ကို ကြိုးစားရမှာပါ။
Myanmar Combiz Group ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
--------------------
ကျွန်တော်တို့ Myanmar Combiz Group တစ်ခုလုံးက ရောင်းဝယ်ရေးလုပ်ငန်းတွေ၊ ထုတ်လုပ်မှုလုပ်ငန်းတွေ ရှိပါတယ်။ ရောင်းဝယ်ရေးဆိုတဲ့နေရာမှာ Sale & Distribution ဆိုတဲ့ အရောင်းအဝယ်တင်မကဘဲ ဖြန့်ဖြူးမှုလုပ်ငန်းတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ Group အောက်မှာပဲ Construction လုပ်ငန်းတွေ လုပ်တယ်။ Construction မှာဆိုရင်လည်း တည်ဆောက်ရေးလုပ်ငန်းတွေအပြင် Design နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေပါ လုပ်ဆောင်နေပါတယ်။ တခြားအဖွဲ့မှာလည်း Projects တွေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုလုပ်ငန်းတွေ လုပ်ပါတယ်။
ကျွန်တော်တို့ရဲ့ Precious Rice Products ကို စလုပ်ခဲ့တဲ့အခါမှာ တော်တော်အားထည့်ခဲ့ရပါတယ်။ Product Line ကို ဘယ်လောက်ထိသွားရမလဲဆိုတာကို တော်တော်စဉ်းစားရပါတယ်။ Modern ပုံစံဖြစ်အောင်လည်း စဉ်းစားရပါတယ်။ ကျွန်တော်တို့ စပြီးစဉ်းစားတဲ့အခါမှာ မြန်မာပြည်မှာ ဆန်ကုန်သည်လုပ်ပြီး ဆန်ရောင်းနေကြပါတယ်။ ဆန်ရောင်းတဲ့အဆင့်ကနေ ခေတ်မီတဲ့ ထုတ်ပိုးမှုပုံသဏ္ဌာန်၊ ပိုးမွှားသန့်စင်ပြီးသား ပုံသဏ္ဌာန်၊ အထူးသဖြင့် Modern ခေတ်ကာလမှာ အိမ်ရှင်အမျိုးသမီးတွေ၊ လုပ်ငန်းလုပ်ကိုင်နေတဲ့ အိမ်ရှင်မတွေအတွက် ဆန်ရွေးစရာမလိုဘဲ ဆန်သားကောင်းတဲ့ Value-Added Product ဖြစ်အောင် စဉ်းစားခဲ့ပါတယ်။ ဆန်သား၊ Quality ၊ ထပ်ပြီးစဉ်းစားတာက ထုပ်ပိုးမှုပုံသဏ္ဌာန် ဖြစ်ပါတယ်။ ကိုယ့် Product ကို မြင်လိုက်တာနဲ့ လိုချင်တယ်ဆိုတဲ့ Packaging က ဘယ်လိုဖြစ်မလဲဆိုတာတင် တော်တော်စဉ်းစားခဲ့ရပါတယ်။ ပထမဆုံးထုတ်ဖြစ်တဲ့အခါမှာ ရိုးရိုး Plastic Cover ကနေ စက္ကူတွေနဲ့ Cover လုပ်တဲ့အဆင့်အထိကို စပြီးစဉ်းစားခဲ့ပါတယ်။ Design ပိုင်းကို စဉ်းစားတဲ့အခါမှာလည်း မြန်မာမှုဖြစ်အောင်စောင်းလေးတွေ၊ မြန်မာနန်းဆန်တဲ့ အမျိုးသမီးလေးရဲ့ ပုံသဏ္ဌာန်လေးကိုထည့်တယ်။ Cover မှာ စာတွေ ဘယ်လိုရေးမလဲဆိုတာတွေကအစ အထူးဂရုစိုက်စဉ်းစားခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးအများစုက ဆန်ဆိုရင် အထုပ်လိုက်ဝယ်စားတယ်၊ ကြွပ်ကြွပ်အိတ်နဲ့ ဝယ်စားတယ်၊ ဆန်ဆိုင်တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆန်ဆိုတာထက် ကောင်းမွန်၊ သပ်ရပ်၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်ပြီး ဖောက်ပြီးတာနဲ့ စားရုံပဲဆိုတဲ့အဆင့်အထိကို အဆင်သင့်ဖြစ်စေပြီး Value Added Service ပေးတာဖြစ်ပါတယ်။ ကိုယ့်ရဲ့မြန်မာဆန်ကို တန်ဖိုးမြှင့်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆန်ကိုတန်ဖိုးမြင့်တဲ့ Packaging နဲ့ စပြီးထုတ်မယ်ဆိုပြီး စဉ်းစားခဲ့တာဖြစ်ပါတယ်။
ထုတ်တော့လည်း ဘယ်ဆန်ကို စထုတ်မလဲဆိုတာ စဉ်းစားခဲ့ပါတယ်။ မြန်မာပြည်မှာ နေရာအနှံ့မှာ ဆန်မျိုးစုံကို တွေ့ရပါတယ်။ ဆန်ဆိုင်အများအပြားလည်း ရှိပါတယ်။ မတူညီတဲ့ လူတန်းစားမျိုးစုံမှာ မတူညီတဲ့ ဝယ်ယူအားပေးမှုတွေကိုလည်း လေ့လာဆန်းစစ်ပြီး ဘယ်လိုဆန်ကို ထုပ်ပိုးမှုအဆင့်မြင့်မြင့်နဲ့ ထုတ်မယ်ဆိုတာ စဉ်းစားခဲ့ရပါတယ်။ ပထမဆုံးကတော့ Premium Brand ဖြစ်တဲ့ ရွှေဘိုဆန်၊ အစိမ်းရောင်ကို ထုတ်ခဲ့ပါတယ်။ ရွှေဘိုဆန်မှာလည်း အမျိုးကွဲတွေရှိတာကြောင့် အကောင်းဆုံးဆိုတဲ့ ဆန်သားကို ရွေးတယ်။ ဘယ်လိုစိုက်ချင်တယ်၊ ဘယ်လိုစိုက်ထားတဲ့ လူဆီမှာဝယ်မယ်ဆိုတာကို တွေးတယ်၊ ပိုးမွှားဆိုလည်း ဘယ်လိုသန့်ရှင်းထားတယ်ဆိုတဲ့အချက်တွေကို တွေးပြီးမှ ကျွန်တော်တို့ ဆန်ကိုထုတ်ဖြစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိမ်းရောင်မှာရှိတဲ့ ရွှေဘိုက ဘယ်ရွှေဘိုထက်မဆိုသာတယ်ဆိုတာကို အာမခံရဲပါတယ်။ ကျွန်တော်ပထမဦးဆုံး ဒီစီးပွားရေးလောကကို ဝင်လာတဲ့အခါမှာ လျှပ်စစ်မီးက တော်တော် Challenging ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က မီးမမှန်ဘူး၊ ထုတ်ပိုးမှုပုံသဏ္ဌာန်အသစ်ကို လူတွေက ထူးဆန်းတယ်ဆိုပြီး မလိုချင်ဘူး၊ အဲဒီတော့ ဈေးနှိမ်ချင်တာတွေ ရှိတယ်။ ဘာမှန်းမသိလို့ မဝယ်ရဲတာတွေရှိတယ်။ ဝယ်ယူသူရဲ့ Nature က ဆန်သားကို ကိုင်ကြည့်ပြီး ကြိုက်မှ စားတယ်ဆိုတဲ့ အချက်တွေကို နှစ်များစွာကျော်လွှားပြီးမှသာ ဒီနေ့၊ ဒီအချိန်မှာ Precious ဆိုတဲ့ Brand က စင်ပေါ်မှာ ရဲရဲတောက်ရှိနေတာ ဖြစ်ပါတယ်။
Precious Rice Products ရဲ့ Quality Standard
----------------
ကျွန်တော်တို့ ဆန်ကိုထုတ်ပြီးတဲ့အချိန်မှာလည်း မြန်မာအချင်းချင်းမှာလည်း Quality ကိုအများကြီး ယှဉ်ပြိုင်ရပါတယ်။ အကောင်းဆုံးဆိုတာတွေ စားသုံးသူကိုပေးနိုင်ဖို့ ကိုယ့် Team ကို Service Quality ကို သင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြိုင်ရင်အမြဲနိုင်ချင်တယ်၊ ထိပ်ဆုံးမှာအမြဲရှိချင်တာကြောင့် သူများမပေးနိုင်တာကို ပေးနိုင်မှ ထိပ်ဆုံးမှာနေရမယ်ဆိုတာကို ခံယူထားပါတယ်။ ကျွန်တော်တို့ခံယူချက်နဲ့ပဲ အလုပ်လုပ်တဲ့အခါမှာ လုပ်ဖော်ကိုင်ဖက်အချင်ချင်း ကောင်းသောယှဉ်ပြိုင်ချင်းနဲ့ ယှဉ်ပြိုင်ပြီး ဒီလို Quality ကို ရအောင်လုပ်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ယှဉ်ပြိုင်မှုတွေဟာ ဒီဘက်ခေတ်မှာ Globle Market တွေက Open ဖြစ်လာတယ်။ ဖြစ်လာတော့ ဒီပြိုင်ဆိုင်မှုတွေက နိုင်ငံတကာယှဉ်ပြိုင်မှုတွေဆီ ရောက်လာတယ်။ ကျွန်တော်တို့ဆန်တွေ နိုင်ငံခြားရောက်သွားတယ်။ နိုင်ငံခြားကဆန်တွေ မြန်မာပြည်ရောက်လာတယ်။ တန်းပေါ်မှာ နိုင်ငံခြားက ပစ္စည်းတွေရော မြန်မာနိုင်ငံက ပစ္စည်းတွေရော တန်းတူယှဉ်ပြိုင်ခွင့်၊ တန်းတူယှဉ်ပြိုင်ခွင့်ဆိုပေမယ့် ကျွန်တော်တို့မှာ မညီမျှချင်းတွေ အများကြီး ရှိပါတယ်။ ဒီယှဉ်ပြိုင်မှုတွေမှာ ကျွန်တော်တို့က အခြေခံအဆင့်ဆိုတဲ့ အောက်ဆုံးအဆင့်ကိုကျော်ဖို့ အများကြီးကြိုးစားရပါတယ်။ Organic လို့ခေါ်ရင် Organic ဖြစ်မဖြစ်၊ ထုပ်ပိုးမှုဆိုရင်လည်း ထုပ်ပိုးမှုပုံဏ္ဌာန်သပ်ရပ်မှု ဈေးနှုန်းနှိုင်းယှဉ်ချက်၊ စားသုံးသူရဲ့ လွယ်ကူစွာရွေးချယ်နိုင်မှု စတဲ့အချက်တွေကို အဆင့်ဆင့်ဖြတ်သန်းရပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကိုက ဒီ Market ကြီးထဲမှာ တအားစိမ်းနေပါသေးတယ်။ ရောင်းချသူအတွက်ကလည်း Internation Market မှာ တအားစိမ်းသလို၊ ဝယ်ယူသူအတွက်ကလည်း ဒီ Market တွေပေါ်မှာ တော်တော်ကြီး စိမ်းသေးပါတယ်။ ဆန်ဆိုတဲ့ Product ဟာ Shelf ပေါ်မှာ Ready Position အလွယ်တကူဝယ်လို့ရပါလားဆိုတဲ့ ခေါင်းစဉ်နဲ့ ပညာပေးဖို့ အများကြီးကြိုးစားဖြတ်သန်းခဲ့ရပါတယ်။ ဒါကြောင့် International Product တွေကို မီပြီလားလို့ ပြောတဲ့အခါမှာ ထုပ်ပိုးမှု၊ ဆန်အရည်အသွေး၊ ဈေးနှုန်း၊ Validity စတာတွေကို ပြောစရာမရှိအောင် ကျွန်တော်တို့လုပ်ထားပြီးပါပြီ။ ဈေးနှုန်းကတော့ International Market ရဲ့ Level ကိုတောင် မရောက်သေးပါဘူး။ ကျွန်တော်တို့မြန်မာ့ဆန် Quality ကို လက်မထောင်နိုင်အောင်ကြိုးစားပြီး ရပ်တည်နေတာဖြစ်ပါတယ်။ International Standard ကိုကျွန်တော်တို့အနေနဲ့ Ready ဖြစ်နေပါပြီ၊ ယှဉ်လည်းယှဉ်ပြိုင်နိုင်နေပါပြီ။ ကျွန်တော်တို့ရဲ့ Market Ready ဖြစ်ဖို့ စောင့်နေပါတယ်။ ဒီလို Ready ဖြစ်တဲ့အခါမှာ International Market ပေါ်မှာ ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်နိုင်အောင် လက်မထောင်ပြီး အမြဲစောင့်နေပါတယ်။
Export အနေနဲ့ ဘယ်လိုလုပ်ဆောင်နေသလဲ
----------------
Product အနေနဲ့ On The Shelf လို့ ပြောပြီးတဲ့အချိန်မှာ မြန်မာ့ဆန်ရဲ့ Export အကြောင်းကို ပြောစရာရှိလာပါ တယ်။ ၂၀၀၈ ခုနှစ်မှာ အကုန်လုံးကို Open Up လုပ်ပြီးတဲ့အခါမှာ ဆန်တွေကို ဆန်ကုန်သည်တွေက အကန့်အသတ်တွေနဲ့ လွတ်လပ်စွာကုန်သွယ်လို့ ရလာပါတယ်။ ကျွန်တော်တို့ စလုပ်စဉ်ကာလက Container နဲ့တောင် မပို့နိုင်ပါဘူး။ ကုန်သည်တွေစုပေါင်းပြီး တစ်နှစ်ကိုတစ်ယောက် တန်ချိန် လေး၊ ငါး၊ ခြောက်သောင်းပို့ကြပါတယ်။ အားလုံးပေါင်း တစ်နှစ်လုံးမှာ တန်ချိန်တစ်သန်းခွဲ၊ နှစ်သန်းခွဲလောက် ပို့ကြပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ ဆန်တင်ပို့တန်ချိန် ဆယ်နှစ်အတွင်းမှာ အများဆုံးဖြစ်နေပါတယ်။ ကျွန်တော်တို့တွေက ဆန် Export ဆိုတဲ့နေရာမှာ သင်္ဘောပေါ်က ပို့တဲ့အဆင့်ကနေ Container တွေနဲ့ ပို့တဲ့အဆင့်ကိုရောက်သွားပြီ၊ Container ခဈေးကြီးပေမယ့် Handling အတွက် ပိုမိုလွယ်ကူနေပြီ၊ Quality ထိန်သိမ်းလို့ ရလာနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Product ကို International ကိုဖောက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ လက်ရှိဆန်ပို့ပြီး ရောင်းနေရတဲ့ အနည်းအကျဉ်း Quantity ရောင်းနေတဲ့ နိုင်ငံတွေရှိနေပါပြီ။ Europe ကို ပို့ဖို့ကြိုးစားနေပါပြီ။ China ၊ Singapore နဲ့ ယိုးဒယားတို့မှာလည်း ကျွန်တော်တို့ Product တွေကို On The Shelf တင်နိုင်အောင်စကားပြောဆိုပြီး Sample တွေ ပို့ထားပြီးပါပြီ။
လက်ရှိကြုံတွေ့နေရတဲ့စိန်ခေါ်မှု
--------------------
အလုပ်လုပ်ပြီရင်ဆိုတော့ အကုန်လုံးစိန်ခေါ်မှုတွေ ရှိပါတယ်။ International Market နဲ့ တကယ်ချိတ်သွားပြီဆိုတဲ့အခါမှာ International ဈေးနှုန်းနဲ့ ပြိုင်ရတာဖြစ်သွားပါတယ်။ International ဈေးနှုန်းလို့ ပြောလာရင် International Standard တွေ ပါလာပါတယ်။ ဝယ်ယူသူကလည်း မြန်မာချည်း မဟုတ်တော့ပါဘူး၊ မြန်မာပြည်မှာနေထိုင်တဲ့ လူတွေချည်း မဟုတ်တော့ပါဘူး။ လူတိုင်းက လွယ်လင့်တကူ ဝယ်လို့ရလာပါတယ်။ Social Media တွေပေါ်မှာ Online Shopping တွေ ပေါ်လာတယ်။ Delivery တွေ ပေါ်လာတယ်။ ဈေးကွက်က တအားကျယ်ပြန့်သလို စားသုံးသူတွေကလည်း အချိန်မရွေးနှိုင်းယှဉ်လို့ ရလာပါတယ်။
ကျွန်တော်တို့ တကယ်ယှဉ်ပြိုင်ရဲပြီလား၊ တကယ်ရော International Level ရောက်နေပြီလားဆိုပြီး ဆန်းစစ်ရပါတယ်။ နေ့စဉ်နဲ့အမျှလည်း အမြဲတမ်း Upgrade တွေ လုပ်နေရပါတယ်။ ဝယ်ယူသူစိတ်တိုင်းကျဖြစ်အောင် ပြန်ဆန်းစစ်ရပါတယ်။ Quality အနေနဲ့ကလည်း တစ်ကမ္ဘာလုံးက ဆန်တွေနဲ့ပါ ယှဉ်ရမှာဖြစ်ပါတယ်။ Quality တင်မကဘဲ Availability ဆိုတဲ့ ကျွန်တော်တို့ဆန်ကို ရယူတာလွယ်ကူနိုင်မှု၊ ငွေချေတဲ့အခါမှာ လွယ်ကူမှုကအစ ရှိအောင်လုပ်ရပါတယ်။ စိန်ခေါ်မှုကတော့ အမြဲတမ်းရှိနေပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ရဲ့ အဓိကစိန်ခေါ်မှုကတော့ ဆန်ဖြစ်ဖို့ လုပ်သားအင်အား၊ သတ်မှတ်နည်းပညာ၊ သတ်မှတ်နည်းစနစ်တွေနဲ့ စနစ်တကျလုပ်နိုင်တဲ့ လုပ်သားလိုအပ်ချက်တွေဖြစ်ပါတယ်။
ဒါ့အပြင် စက်ကောင်းတွေလိုအပ်ပါတယ်။ စက်ကောင်းမယ်ဆိုရင် ထုတ်လုပ်မှုစရိတ်ကျလာနိုင်ပြီး ဈေးနှုန်းအရ ယှဉ်လာနိုင်မှာ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့လုပ်သားတွေရှိလာရင် ကျွန်တော်တို့ရဲ့ပစ္စည်း Quality ကို တစ်ဆင့်မြှင့်လာနိုင်ပါတယ်။ ကောင်းတဲ့ Product တွေရှိလာရင် International Market မှာပိုပြီး ပြိုင်နိုင်တဲ့ ဈေးနှုန်းရလာမှာဖြစ်ပါတယ်။ ဈေးကွက်အနေနဲ့ကလည်း International Standard မီရင် လွယ်လင့်တကူ ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ Market ကို Easy Access ပေးနိုင်တဲ့ အစိုးရယန္တရားတွေ၊ Market Ground တွေ ဖြစ်လာပြီဆိုရင် ကျွန်တော်တို့က နိုင်ငံတကာမှာ စိန်ခေါ်မှုပိုလျော့ကျလာပြီး နိုင်ငံတကာနဲ့ယှဉ်နိုင်တဲ့အနေအထားကို ရောက်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့ Product တွေက မြန်မာလူမျိုးတွေအတွက် တကယ့်အခြေခံအကျဆုံး Local Product စစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေက နေ့စဉ်သွားရည်စာမစားဘဲ နေလို့ရပါတယ်။ ထမင်းမစားဘဲ နေလို့မရပါဘူး။ ဒီလိုဆန်ကောင်းတစ်ခုဖြစ်လာဖို့ နောက်ကွယ်ကလုပ်ရတာ အများကြီးရှိပါတယ်။ သင့်တင့်မျှတတဲ့မြေ၊ ကောင်းမွန်တဲ့မြေသြဇာ၊ သတ်မှတ်ချိန်ရေရရှိမှု၊ နေရရှိမှု၊ ဒါတွေစုံရင်တောင် ကိုယ့်စိုက်ခင်းကို စောင့်ရှောက်ပေးတဲ့ တောင်သူဦးကြီးတွေ ကောင်းမွန်စွာလုပ်ဖို့ လိုအပ်ပါတယ်။ ဒီဘက်ခေတ်မှာ အလုပ်သမားရှားပါးမှုပြဿနာကို ကြုံနေရပါတယ်။ ယာမြေလုပ်ချင်တဲ့ လုပ်သားနဲ့စာရင် အပြင်မှာ လက်လုပ်လက်စားဘဝကို ရောက်လာပြီး ကျေးလက်ကနေမြို့တက်လာပြီး အလုပ်လာလုပ်ကြကုန်ပါပြီ။ ထို့အပြင်မြို့တွေမှာ လုပ်ခလစာ မြင့်လာပြီ၊ နယ်မှာ လုပ်တာနဲ့စာရင် မြို့မှာလုပ်တာက လစာပိုရတယ်ဆိုတဲ့ ခေါင်းစဉ်ကို လယ်သမားတွေ၊ ဒီဘက်ခေတ်လူငယ်တွေ ခေါင်းထဲရောက်ကုန်ပြီ ဖြစ်ပါတယ်။ သိပ်မသိသာပေမယ့် ဒါကလည်း ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါတယ်။
လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ဘယ်လိုပြောင်းမလဲ၊ ပြောင်းရင်ရောတကယ်လက်ခံနိုင်သလား၊ Quantity ရော တကယ်ထွက်မှာလာစတာတွေက အဓိကစိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရက ပံ့ပိုးမှုတွေ လုပ်ရပါမယ်။ အစိုးရတင်မကဘဲ ပံ့ပိုးမှုတွေကို အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေက လုပ်ရပါမယ်။
မျိုးစေ့ထုတ်လုပ်မှုမှာလည်း မျိုးကွဲပေါင်းများစွာရှိတာကြောင့် ဘယ်မျိုးက လက်မထောင်နိုင်မှာလဲ၊ ဘယ်မျိုးကိုလုပ်ရင် ဈေးအကောင်းဆုံးဖြစ်မလဲဆိုတာ စဉ်းစားရပါမယ်။ သူများနိုင်ငံက ထုတ်ကုန်တွေက On The Shelf ပေါ်မှာ လက်မထောင်ပြီး ရောင်းနေတယ်။ ဆယ်တန်ရောင်းပြီး ကျွန်တော်တို့ဆီက တန်တစ်ထောင်လောက်နဲ့ ညီနေလားမသိပါဘူး။ ကိုယ်ဆီကတော့ တန်ချိန်တွေ များစွာပို့နေတယ်။ ဒါပေမဲ့ သူများနိုင်ငံက On The Shelf ရောင်းရတာက ကျွန်တော်တို့ရဲ့ တစ်လလောက်နဲ့ သွားတူနေပါတယ်။ ဒီ Value တွေကို ကြည့်လိုက်ရင် ကျွန်တော်တို့လည်း Value-Added Product တွေလုပ်ဖို့ လိုအပ်တယ်။ Value-Added ဆိုတဲ့အခါလည်း ဝယ်ယူနိုင်စွမ်းအားလည်းလိုပါတယ်။ ကိုယ်ကဘယ်လောက်ရောင်းရောင်း ပြည်သူတွေ ဝယ်စားနိုင်ဖို့လိုတယ်။ ဒီလိုဝယ်နိုင်ဖို့ လူနေမှုအဆင့်အတန်းအခြေအနေမြင့်လာဖို့ လိုပါတယ်။ ဒီလိုမြင့်တက်ဖို့ဆိုရင်လည်း အခြေခံစီးပွားရေးအဆောက်အအုံမြင့်တက်မှရမှာ ဖြစ်ပါတယ်။ ပြန်ပြောရရင်အကုန်လုံးက ချိတ်ဆက်နေတာဖြစ်ပါတယ်။
အစိုးရကလည်း လျှပ်စစ်မီး၊ ရေ စတဲ့ Basic Infrastructure တွေကို ပံ့ပိုးပေးရမယ်။ သွင်းအားစုမှာလည်း သွင်းအားစုဈေးသက်သာအောင်၊ Permit To Export လွယ်လွယ်ကူကူဖြစ်အောင်၊ Export Incentive တွေကိုလည်း ဆန်စပါးဈေးကွက်ရဲ့ Export ကို သေချာကြည့်ပြီးတော့ ပေးဖို့ လိုအပ်ပါတယ်။ မျိုးစေ့၊ ထုတ်ကုန်၊ ပို့ကုန်တွေနဲ့ ဆက်စပ်နေတဲ့ Supply Chain တစ်ခုလုံးအတွက် သယ်ယူပို့ဆောင်မှုစရိတ်စကတွေ၊ လမ်းကြောင်းတွေ အစိုးရဘက်က လုပ်ပေးဖို့လိုပါတယ်။ ကုန်သည်တွေ၊ လယ်သမားတွေဘက်ကလည်း မျိုးစေ့တွေကောင်းဖို့၊ Market နဲ့ ချိတ်ဆက်နိုင်ဖို့၊ Market တွေ ရှာထားနိုင်ဖို့၊ ထုတ်နိုင်တဲ့စွမ်းအားကို တကယ်သိဖို့၊ ကိုယ့်ပစ္စည်းကိုယ်ပိုင်နိုင်ဖို့ စတာတွေကို ချိတ်ဆက်လုပ်ဆောင်နိုင်မှ International Market ပေါ်မှာ Myanmar Product တွေ ရင်ပေါင်တန်းနိုင်မှာဖြစ်ပါတယ်။ Chain တစ်ခုလုံးကလူတွေက Rythum မှန်မှန်နဲ့သွားမှ ကျွန်တော်တို့ Market ဒီထက်ပိုပြီး ရှင်သန်နိုင်မယ်လို့ ထင်ပါတယ်။
Made In Myanmar Product ထုတ်ပြီး နိုင်ငံတကာဈေးကွက်သွားမယ့်လူငယ်တွေအတွက် အကြံပေးချက်
----------------------
ကျွန်တော်တို့လည်း ဒီ Products တွေ လုပ်တဲ့အခါမှာ ရင်ခုန်စွာနဲ့ပဲ တော်တော်လုပ်ရပါတယ်။ လုပ်ပြီးတော့ ကြွပ်ကြွပ်အိတ်နဲ့ ဆန်ရောင်းတဲ့ဘဝကနေ Packaging နဲ့ ဆန်ရောင်းတဲ့ဘဝမှာ ဈေးကတော်တော်ကွာပါတယ်။ ဈေးကွာတဲ့အခါမှာ ကိုယ့်အဖွဲ့ကို စလုပ်ကတည်းက ပြောထားပါတယ်။ ကျွန်တော်တို့ ဆန်ရောင်းတယ်ဆိုတာထက် ကောင်းမွန်၊ လတ်ဆတ်၊ သန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ့် Product ကို ဝယ်လိုက်တာနဲ့ စိတ်မညစ်ရဘူးဆိုတဲ့ Service ကို ရောင်းချင်တယ်။ ဒီ Service ကိုရောင်းမှ ကျွန်တော်တို့အတွက် Value Added ဆိုတာကိုရမယ်လို့ အမြဲပြောလေ့ရှိပါတယ်။ ကံအားလျော်စွာပဲ ကျွန်တော်တို့က အောင်မြင်တယ်ဆိုတဲ့ ပုံမှန်လုပ်ငန်းတွေရဲ့ အပေါ်ကိုရောက်လာပါတယ်။ ရောက်လာတော့ ရှင်သန်နိုင်တယ်၊ ရပ်တည်နိုင်တယ်။ ကိုယ်လိုလုပ်ပေမယ့် တိုးမပေါက်ဘဲရပ်သွားတဲ့ အဖွဲ့တွေရှိပါတယ်။ ကျွန်တော် ပြောချင်တာက ကျွန်တော်တို့လည်း ဒီနေ့ဒီအချိန်ထိ လူငယ်တစ်ယောက်အနေနဲ့ဘဲ ရပ်တည်ကြိုးစားနေပါတယ်။ ကျွန်တော့်လိုပဲ နောက်ကနေရောက်လာမယ့် ညီငယ် ညီမငယ်တွေ ကြိုးစားပါ။ Made In Myanmar ဆိုတဲ့ Product တွေ အများကြီးမြင်ချင်ပါတယ်။ ကျွန်တော်တို့လည်း စွမ်းစွမ်းတမံလုပ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ Shelf ပေါ်မှာလည်း Made In Myanmar Product က သိပ်မရှိသေးပါဘူး။ ဒါတွေကို ဂုဏ်ယူဝင့်ကြွားစွာဖြစ်ဖို့ စောင့်မျှော်နေပါတယ်။ လက်လှမ်းကူစရာရှိရင်လည်း ကူဖို့အမြဲအသင့်ရှိပါတယ်။ ပြောချင်တာက လက်ရှိလုပ်နေတဲ့ လူတွေရော၊ နောက်ဝင်လာမယ့် လူငယ်တွေရော စည်းစည်းလုံးလုံးဖေးမကူညီမယ်ဆိုရင် Shelf တွေပေါ်မှာ Made In Myanmar Product တွေ များလာမယ်လို့ အကြံပေးချင်ပါတယ်။
AEC ဝင်လာမယ်ဆိုရင် နိုင်ငံတကာ Product တွေလည်း ဝင်လာမှာဖြစ်တဲ့အတွက်ကြောင့် မြန်မာ Product တွေအနေနဲ့ ဘယ်လိုယှဉ်ပြိုင်ရပါမလဲ
-------------
ကျွန်တော်တို့က နိုင်ငံအတွင်းမှာ ပထမအဆင့်ပြိုင်ရတယ်။ နောက်တစ်ဆင့်က ဒေသအတွင်းမှာ ပြိုင်ရတယ်။ ဒေသအတွင်းလို့ပြောတဲ့အခါမှာလည်း CLMV လို့ခေါ်တဲ့ Cambodia ၊ Laos ၊ Myanmar ၊ Vietnam ဆိုပြီးရှိပါတယ်။ အခုဆိုရင် Vietnam က CLMV ထဲကတောင် ထွက်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ အဲဒါထက် တစ်ဆင့်မြင့်ပြီး Region လို့ပြောရင် ASEAN Region ပြီးရင် ASEAN Plus Three ၊ ASEAN Plus Five ၊ နောက်ပြီး Asia Pacific ဆိုတာတွေ ရှိလာမှာဖြစ်ပါတယ်။ အကုန်လုံးကတော့ AEC ဆိုပြီး တော်တော်လေးပြောကြပါတယ်။ AEC ဝင်လာရင်ဘာဖြစ်မလဲဆိုပြီး စိတ်လည်းဝင်စားကြပါတယ်။ ကျွန်တော်တို့လည်း စိတ်ဝင်စားလို့ပြင်ဆင်ပြီး ကြိုးစားရုန်းကန်နေကြပါတယ်။ ဒါပေမဲ့ ပြန်ပြောလိုတာက AEC ဝင်မလာခင်ကကော ကျွန်တော်တို့မှာ ဘယ်လိုယှဉ်ပြိုင်မှုတွေရှိသလဲ။ AEC မတိုင်ခင်ကတည်းက နယ်စပ်ကနေ တရားမဝင်ဝင်လာတဲ့ပစ္စည်းတွေရှိတယ်။ တရားဝင်တဲ့ ပစ္စည်းနဲ့ တရားမဝင်တဲ့ပစ္စည်းဆိုရင် အခွန်နှုန်းကွာပါတယ်။ ဒါတွေအပေါ်မှာ ကျွန်တော်တို့ ကြိုးစားရုန်းကန်ရပါတယ်။ ဖြတ်သန်းရပါတယ်။ မတူညီတဲ့အခွန်အခတွေ ကြားထဲမှာ မတူညီတဲ့ ဈေးနှုန်းတွေနဲ့ ပြိုင်ဆိုင်ကြရပါတယ်။ AEC ဝင်လာတော့ ဒီပစ္စည်းတွေက တရားဝင်ဖြစ်သွားပါတယ်။ တရားဝင်ဖြစ်သွားတော့ တရားမဝင်တုန်းက ရုန်းကန်ပြီး တော်တော်လှုပ်ရှားရတဲ့အချိန်မှာ တရားဝင် ဖြစ်သွားတယ်ဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ သို့ပေမယ့် မပြိုင်ဆိုင်လို့ရသလားဆိုရင်တော့ မပြိုင်ဆိုင်ရင် အရှုံးပေးပြီး ထွက်ပေးလိုက်ရတာမျိုးပဲ ရှိမှာဖြစ်ပါ တယ်။
ကျွန်တော်တို့က မြန်မာ့မြေပေါ်မှာ မြန်မာစိတ်ဓာတ်နဲ့ပြိုင်ဆိုင်၊ ရုန်းကန်နေမှာ ဖြစ်ပါတယ်။ အခွန်ကွာတယ်လို့ပြောရင်လည်း အခွန်ကွာတဲ့အကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြောဆိုနေမှာ ဖြစ်ပါတယ်။ ကိုယ့်အစိုးရကလည်း ကိုယ့်တိုင်းရင်းသားပြည်သူလုပ်ငန်းရှင်တွေကို ကြည့်သင့်တာထက်ပိုကြည့်ပေးဖို့ ပြောလိုပါတယ်။ တိုင်းရင်းသားပြည်သူလုပ်ငန်းရှင်တွေကလည်း ရသင့်တဲ့အခွင့်အရေးကို တောင်းတတ်ပြီးတော့ အခွင့်အရေးကို မိမိရရ အသုံးချပြီးတော့ တလွဲအသုံးမချဖို့ လိုပါတယ်။ ဒါတွေအကုန်လုံးကို မျှတစွာစီစဉ်ဆောင်ရွက်နေရင် AEC ကိုလည်း Process တစ်ခုလိုပဲ အလွယ်တကူကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
Tree Food ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
-------------------
Tree Food အညာထန်းလျက်လုပ်ငန်းကုမ္ပဏီကို ၂၀၁၅ ခုနှစ်က စတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် နှစ် နှစ်ရှိပြီ။ စစချင်းတော့ အညာထန်းလျက်ကို ထုပ်ပိုးမှုပုံစံကောင်းကောင်းရယ်၊ ဆွဲဆောင်မှုရှိအောင်ရယ်၊ အရသာလေးမျိုးရယ် (ချင်း၊ ဒိန်ချဉ်၊ ဆီးမဆလာနဲ့ မန်ကျည်း) ထုတ်တယ်။ အခုဒုတိယမြောက်နှစ်မှာတော့ သီဟိုဠ်လက်ဖက်ဆော့ဆိုပြီး အရသာသုံးမျိုးနဲ့ထုတ်တယ်။ ပင်စိမ်း၊ ပေါ့ဆိမ့်နဲ့ ပျဉ်းတော်သိမ်ရယ်ဆိုပြီး ထုတ်ထားတယ်။
Tree Food ရဲ့ Product တွေကို City Mart ၊ Marketplace ၊ Ocean နဲ့ အခြား Supermarket တွေဖြစ်တဲ့ Orange တို့၊ စိန်ဂေဟာတို့၊ လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေနဲ့ လေဆိပ်မှာတွေလည်း ရနိုင်ပါတယ်။
ဘယ်လို Standard/ Quality တွေနဲ့ ထုတ်လုပ်နေလဲ
---------------------
ကျွန်မထုတ်လုပ်တဲ့ပုံစံက သာမန်ရိုးရိုးထန်းလျက်တွေကို နည်းနည်း Modified လုပ်ထားတဲ့ပုံစံပါ။ သူ့ရဲ့ Size တွေ၊ Process တွေရောကို လက်နဲ့ထိရမယ့်အဆင့်တွေမှာ လက်နဲ့ကိုင်တွယ်စရာမလိုဘဲနဲ့ သန့်ရှင်းသပ်ရပ်စွာနဲ့ Quality ကိုလည်းထိန်းထားတယ်။ အရည်မပျော်အောင်၊ အထဲမှာ ဖုန်တွေသဲတွေ ဘာမှမပါအောင်၊ Ingredients ကိုလည်း Ingredients အလျောက် ကျွန်မကိုယ်တိုင်လုပ်ပြီးတော့မှ ထည့်ထားတာပါ။
သီဟိုဠ်လက်ဖက်ဆော့ကျတော့ သီဟိုဠ်စေ့ပါမယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး နေကြာဆီသုံးထားတယ်။ လက်ဖက်ကို စားသုံးတဲ့အခါမှာ တစ်ခါတလေကျရင် လေထိုးလေအောင့်တွေ ဖြစ်တတ်တယ်၊ အဲဒါကိုလည်း ကာကွယ်တဲ့အနေနဲ့ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့အတိုင်း နနွင်းကို သုံးပြီးတော့မှ လေနိုင်အောင် ကျွန်မထည့်ထားတယ်။ တခြား Ingredient အနေနဲ့ လက်ဖက်ရယ်၊ ဆီရယ် ထည့်ထားတယ်။ အရောင်၊ ဆိုးဆေးတွေ လုံးဝမပါဘူး၊ တခြား Preservative တွေလုံးဝမထည့်ထားဘဲနဲ့ တာရှည်ခံအောင်လုပ်ထားပါတယ်။ ဒါပေမဲ့ စားမယ်ဆိုရင် ဖောက်ပြီးပြီးဆိုရင် အပြင်မှာ ဒီအတိုင်းထားလို့မရဘူး။ ဆီထဲမှာ နစ်အောင်ထည့်မယ်၊ ပြီးရင် ရေခဲသေတ္တာထဲ သိမ်းထားမယ်။ ဘာလို့လဲဆိုတော့ ဖောက်လိုက်ပြီဆိုတာနဲ့ လတ်ဆတ်မှုက ခုနစ်ရက်အတွင်း စားသုံးရင် အသင့်တော်ဆုံးပါ။
AEC ဝင်လာရင် နိုင်ငံတကာ Product တွေ ဝင်လာမှာဖြစ်တဲ့အတွက် မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
-----------------
AEC နဲ့ ညီတာမညီတာထက် ပြည်တွင်းက စားသောက်ကုန်ရော၊ ပြည်တွင်းထုတ်ကုန်တွေ အကုန်လုံးက ဒီအချိန်မှာ ကြိုးစားနေရမယ့်အချိန်ပါ။ အရေးကြီးဆုံးကတော့ ရှေ့ကိုဆက်လျှောက်ဖို့ပဲ လိုအပ်တယ်။ တစ်ချိန်ချိန်ကျရင်တော့ တစ်ခုခုဖြစ်လာမှာပဲ။ မရပ်မနားတော့ ရှေ့ကို တိုးတက်အောင်လုပ်ဖို့လိုအပ်တယ်။
မြန်မာ Product တွေ နိုင်ငံတကာအဆင့်အတန်းမီပြီလား
-----------------
Standard မီပြီလားဆိုတော့ တကယ်တမ်း သူ့ရဲ့ Certificate တွေနဲ့၊ စားသောက်ကုန်ဆိုရင်လည်း Certificate တွေရှိတယ်၊ အထည်ချုပ်ဆိုလည်း အထည်ချုပ် Certificate တွေရှိတယ်။ အဲဒီ Certificate တွေရဲ့ Guideline အတိုင်း လုပ်နိုင်ရင်တော့ Quality မီတယ်လို့ပြောရမှာပါ။ ဒါပေမဲ့ ကျွန်မတို့မြန်မာပြည်မှာကလည်း ပြဿနာပေါင်းစုံရှိတယ်၊ Raw ဆိုလည်း Raw ပိုင်းမှာ ပြဿနာရှိတယ်။ တစ်ဦးတစ်ယောက်တည်းနဲ့လည်း မရဘူး၊ အကုန်လုံးပေါင်းပြီးတော့မှ Raw ဆိုလည်း Raw Quality မီအောင်၊ Finished Product မှာဆိုလည်း Finished Quality မီအောင် ကြိုးစားဖို့တော့ လိုအပ်တယ်။ တချို့ပစ္စည်းတွေလည်း Quality မီတာရှိတယ်၊ တချို့လည်း မမီသေးဘူး။
နိုင်ငံတကာ Standard မီအောင် ဘာတွေပြင်ဆင်ထားသင့်လဲ
------------
Law တွေကို ပြင်ရမယ်၊ ချမှတ်ထားတဲ့ Certificate Guideline အတိုင်း သွားနိုင်ရမယ်၊ ဒါမှ တခြားနိုင်ငံကို တင်ပို့ရောင်းချနိုင်တဲ့အထိကို Quality မီမှာဖြစ်ပါတယ်။ Quality ပိုင်းရော၊ Quantity ပိုင်းရော အားလုံးဖြည့်ဖို့ လိုအပ်ပါတယ်။
ထပ်ဖြည့်စွက်ပြောချင်တာက
---------------
ပြောချင်တာကတော့ ပြည်တွင်းဖြစ်ကို အားပေးပါဆိုတဲ့ပုံစံမျိုးနဲ့ Local Product တွေကို ပြန်ပြီးတော့ Promote လုပ်ချင်တယ်။ Local Product တွေ ရှေ့ကိုရောက်ဖို့အတွက်လည်း ပြည်သူလူထုမှာ အများကြီးကြိုးစားအားထုတ်ဖို့ လိုအပ်တယ်။ ကျွန်မတို့ Local Product တွေ၊ အစားအသောက်ပဲဖြစ်ဖြစ်၊ ဘာထုတ်ကုန်ပဲဖြစ်ဖြစ် ကျွန်မတို့ အရှေ့ကိုတွန်းပို့နေဖို့လိုအပ်တယ်။ ကိုယ့် Local Product ကို ကိုယ် Proud ဖြစ်ဖို့ လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။
United Myanmar & Asia ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
---------------------
D Nae အမှတ်တံဆိပ်က ထုတ်လုပ်နေတဲ့ ပြည်တွင်းထုတ် အလှကုန်ပစ္စည်းတွေကတော့ မန်ကျည်းသီး၊ သနပ်ခါးတို့နဲ့လုပ်ထားတဲ့ သဘာဝရေချိုးဆပ်ပြာ၊ ကျောက်ချဉ်နဲ့လုပ်ထားတဲ့ ချိုင်းချွေးနံ့ပျောက်ဖြန်းဆေး၊ သလဲသီး၊ ပျားရည်တို့နဲ့လုပ်ထားတဲ့ Body Lotion ၊ နှင်းဆီနဲ့ လုပ်ထားတဲ့ Facial Mist ၊ တမာနဲ့ ရှားစောင်းလက်ပပ်နဲ့ ပြုလုပ်ထားတဲ့ လက်သန့်ဆေးနဲ့ လက်ဆေးဆပ်ပြာ၊ ဖွဲပြာနဲ့ သံပုရာနဲ့ပြုလုပ်ထားတဲ့ ဘက်စုံသုံးဆပ်ပြာရည်တို့ ဖြစ်ပါတယ်။ ဓာတုပစ္စည်းအနည်းငယ်သာပါဝင်တဲ့အတွက် အသားအရည်ထိခိုက်မှာ စိုးရိမ်စရာမလိုပါဘူး။ နောက်တစ်ခုက ဒီပစ္စည်းတွေက ပြည်တွင်းမှာ ထုတ်တာဖြစ်တဲ့အတွက် အလတ်ဆက်ဆုံးပစ္စည်းတွေကို အကောင်းဆုံးသုံးထားတယ်၊ ဈေးသက်သာတယ်။
လက်ရှိ Made In Myanmar Product တွေရဲ့ အခြေအနေ
------------------
အခုဆို ပြည်ပကုန်ပစ္စည်းတွေ ကိုယ်တွေဆီဝင်လာရင် ဘာစာရွက်စာတမ်းအထောက်ထားမှမရှိဘဲ ကိုယ့်ဆိုင်မှာ တင်ရောင်းခွင့်ရနေပါတယ်။ သူတို့ဆီ ကိုယ်သွားရောင်းတဲ့အခါကျတော့ အဲဒီလိုမရဘူး၊ အကုန်အပြည့်အစုံမေးတယ်၊ အကုန်စုံမှ သွားရောင်းခွင့်ရတယ်။ ဒါဆိုကျွန်မတို့နိုင်ငံဘက်ကလည်း သူတို့လိုပြင်ဆင်ပေးမယ်ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေအတွက်လည်း အဆင်ပြေမှာပါ။ ကျွန်မတို့ဆို အခုတစ်နှစ်စာအခွန်ဆောင်ပါတယ်။ အရည်အသွေးပြည့်မီအောင်ကြိုးစားပြီးမှ ဈေးကွက်ထဲရောက်လာတဲ့ ပစ္စည်းတစ်ခုနဲ့ ဘာမှကြိုးစားစရာမလိုဘဲနဲ့ ဘာအတားအဆီးမှမရှိဘဲ အဆင်ပြေသလိုဝင်လာတဲ့ ပစ္စည်းတစ်ခုနဲ့ ဈေးကွက်ချင်းယှဉ်တဲ့အခါမှာ ဘယ်လိုမှမယှဉ်ပြိုင်နိုင်ဘူး ဖြစ်နေပါတယ်။ အဲဒါလည်း စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ ကိုယ်တွေလုပ်ငန်းရှင်တွေက ငွေကြေးအများကြီး အကုန်ကျခံပြီးတော့ Quality အကောင်းဆုံးဖြစ်အောင် ကြိုးစားထားရတယ်။ တရားမဝင်ကျတော့ ဈေးကွက်ထဲရောက်နေတာကို ကျွန်မတို့ မတားဆီးနိုင်ဘူးဆို နံပါတ် ၁ က သုံးစွဲတဲ့ ပြည်သူလူထုအနေနဲ့လည်း အရည်အသွေးမမီတဲ့ပစ္စည်းတွေ သုံးစွဲရတဲ့အတွက် နစ်နာပါတယ်။ နံပါတ် ၂ က လုပ်ငန်းရှင်တွေကလည်း ဘယ်လို Fair Play မဖြစ်တော့ဘူးပေါ့။ မျှတတဲ့တိုက်ပွဲတစ်ခု မဖြစ်တော့ပါဘူး။ နောက်ပြီးတော့ Manufacturing မှာဆို စက်ပစ္စည်းအကောင်းစားတွေ သုံးချင်ပါတယ်။ စက်ရုံကိုလည်း နိုင်ငံတကာအဆင့်မီဖြစ်ချင်ပါတယ်။ အဲဒီတော့ ငွေကြေးရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ တော်တော်လေးကြိုးစားရပါတယ်။ အဲဒီလို Manufacturing ကို တအားကြီးလိုက်လိုက်တော့ Marketing ပိုင်းမှာငွေကြေးသုံးစွဲမှုက အားနည်းသွားပါတယ်။ အဲဒီတော့ ကျွန်မတို့က ဖြည်းဖြည်းချင်းပဲ သွားရပါတယ်။ ဝုန်းခနဲသွားနိုင်ဖို့ကတော့ မလွယ်ပါဘူး၊ အဲဒါလက်ရှိကြုံတွေ့နေရတဲ့ ပြဿနာပါ။ နောက်တစ်ခုက Distribution အပိုင်းပါ။ ဒီ Online Marketing တွေလည်းရှိပါတယ်။ ကိုယ်ပိုင် Brand တစ်ခုအနေနဲ့ ပေါက်ဖို့ဆိုတာကတော့ တဖြည်းဖြည်းချင်းတော့ ဖြစ်သွားမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ကြိုးစားဖို့လိုပါတယ်။
AEC ဝင်ရင် ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုပြင်ဆင်ထားသင့်သလဲ
------------
ကျွန်မတို့အနေနဲ့လည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။ မယှဉ်ပြိုင်နိုင်ဘူးဆိုတာတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ နေရာတိုင်းမှာ ကိုယ့်အားနည်းချက် သူ့အားသာချက်ရှိပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေမှာလည်း အားသာချက်တွေ ရှိပါတယ်။ နိုင်ငံတကာမှာဆိုရင် သူတို့စိုက်ခင်းကြီးကို တကူးတကလုပ်ပြီးတော့ ပစ္စည်းတစ်မျိုးတည်းကိုပဲ အားထည့်ပြီး ထုတ်ကြတယ်။ ဥပမာ- ရှားဇောင်းဆိုရင် ရှားဇောင်းတစ်မျိုးတည်း၊ နှင်းဆီဆို နှင်းဆီတစ်မျိုးတည်းကို သေချာထုတ်ကြတယ်။ ဒီနိုင်ငံမှာကတော့ သဘာဝပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ အားသာချက်တွေ အများကြီးရှိပါတယ်။ နေရာတိုင်းမှာ သူ့အားသာချက်နဲ့သူရှိပါတယ်။ တောင်ပေါ်မှာလည်း တောင်ပေါ်အားသာချက်ရှိသလို မြေပြန့်မှာလည်း မြေပြန့်အားသားချက်ရှိပါတယ်။ အဲဒီလိုပဲ နိုင်ငံတကာထုတ်ကုန်ပစ္စည်းတွေမှာ Purchasing ဆိုင်ရာတွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေမှာ သူ့အားသာချက်ရှိသလို ဒီနိုင်ငံမှာလည်း အားသာချက်တွေ အများကြီးရှိပါတယ်။ ဒါကြောင့်မို့ ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာလည်း အတတ်နိုင်ဆုံးကြိုးစားရပါမယ်။ ဖြန့်ချိမှုပိုင်းဆိုင်ရာမှာလည်း ကျွန်မတို့သေသေချာချာ Strategy ကျကျ ကြိုးစားမယ်ဆိုရင် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဒါကို အခွင့်အရေးတစ်ခုလို့လည်း မြင်ပါတယ်။ ကိုယ့်ဆီမှာလာရောင်းမှာ တစ်ခုတည်းကို တွေးလို့မရပါဘူး။ ကိုယ်ကလည်း သူတို့ဆီမှာ သွားရောင်းခွင့်ရှိသွားပြီဖြစ်ပါတယ်။ ဟိုတုန်းက ဒီနိုင်ငံသန်းငါးဆယ်လောက်ကို ဖြန့်ချိနေတာကနေ သန်းရာချီပြီးဖြန့်ချိခွင့်ရမယ့် ဈေးကွက်ကြီးတစ်ခုလို့ မြင်ဖို့လိုပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ ရှိတဲ့ ပစ္စည်းသွားရောင်းရင်တော့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး၊ သူတို့ဆီမှာ မရှိတဲ့ပစ္စည်းကို သွားရောင်းမှပဲ စိတ်ဝင်စားမှာပါ။ အခက်အခဲဆိုတာတော့ နေရာတိုင်းမှာ ရှိမှာဖြစ်ပါတယ်။ ဒီ AEC မှ မဟုတ်ပါဘူး။ နောက်အကြောင်းတရားတွေလည်း အများကြီးလာနေဦးမှာဖြစ်ပါ တယ်။ အဲဒီထဲမှာမှ ဘယ်သူထိုးထွက်မလဲ၊ ဘယ်သူက ရေကုန်ရေခန်းကြိုးစားမလဲပေါ်မှာ မူတည်တာဖြစ်ပါတယ်။
မြန်မာ Product တွေ နိုင်ငံတကာအဆင့်မီပြီလား
-----------------
မြန်မာ Product တွေမှာ နိုင်ငံတကာအဆင့်မီတဲ့ Product တွေ အများကြီးရှိပါတယ်။ တချို့မြန်မာ Product တွေဆို နိုင်ငံတကာမှာ ရောင်းနေတာတွေ ရှိပါတယ်။ အဆင့်မီတဲ့ပစ္စည်းလည်းရှိသလို အဆင့်မမီတဲ့ ပစ္စည်းလည်းရှိပါတယ်။ ကျွန်မတို့ပစ္စည်းကော အဆင့်မီပြီလားဆိုရင် ကျွန်မအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ တစ်ချိန်ကျရင် သူတို့ပစ္စည်းတွေ ကိုယ့်တွေနိုင်ငံရဲ့ စင်ပေါ်မှာရောင်းသလို ကိုယ့်ပစ္စည်းတွေလည်း သူတို့နိုင်ငံတွေရဲ့ စင်ပေါ်တွေမှာ ရောင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကြိုးစားနေပါတယ်။ အခုကျွန်မတို့ဆီမှာ တစ်ခုကောင်းတာက FDA ဆိုရင်လည်း အစားအသောက်ရော အလှကုန်ပစ္စည်းရော သေသေချာချာ တင်းတင်းကျပ်ကျပ် စိစစ်နေပါတယ်။ ပြည်ပကလာတဲ့ ပစ္စည်းထက်တောင် ကိုယ့်မြန်မာတွေရဲ့ ပစ္စည်းက တစ်ခါတလေ သူတို့ထက်ပိုပြီး စိတ်ချရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ ပြီးတော့ တာဝန်ယူမှုအပိုင်းမှာလည်း အတူတူပဲဖြစ်ပါတယ်။ ဒီပစ္စည်းတစ်ခု သုံးစွဲလိုက်လို့ ပြဿနာတစ်ခုတစ်ခု ဖြစ်သွားတယ်ဆိုရင် ဘယ်ကလာတဲ့ ပစ္စည်းမှန်းမသိတာနဲ့စာရင် ကိုယ့်နိုင်ငံမှာ နာမည်တစ်ခုနဲ့ ထုတ်နေတဲ့ ပစ္စည်းဖြစ်တဲ့အတွက် တာဝန်ယူမှုအများကြီးရှိပါတယ်။
စိတ်ချရတဲ့အပိုင်းတွေလည်း အများကြီးရှိပါတယ်။ နောက်ပြီးတော့ အရည်အသွေးနဲ့ပတ်သက်ရင် စာရွက်စာတမ်းတွေနဲ့ စစ်ရတာဖြစ်ပါတယ်။ ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ အကုန်စစ်ထားပါတယ်။ အဲဒီ Proof တွေလည်း ရအောင်ယူထားပါတယ်။ သန့်စင်မှုနှုန်း ဒါတွေအသေးစိတ်အကုန်စစ်ထားပါတယ်။ အဲဒီတော့ လုပ်ငန်းရှင်တိုင်းကတော့ နိုင်ငံတကာအဆင့် မီအောင်လို့တော့ ကိုယ်ကိုယ်တိုင်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူမှလာပံ့ပိုးပေးမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့၊ လမ်းကောင်းအောင်လုပ်ပေးတော့လည်း သွားရတဲ့သူတွေက သက်သာမှာဖြစ်ပါတယ်။
အောင်နေလင်းထွန်းကုမ္ပဏီကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
------------------
အောင်နေလင်းထွန်းကုမ္ပဏီမှာ စုစုပေါင်း Brand လေးမျိုး ရှိပါတယ်။ Genius Shan Highlands Coffee ၊ Blue Pond Specialty Coffee ၊ Genius Certified Organic Coffee နဲ့ နောက်တစ်ခုက အိုးစည်ဆိုပြီး လေးခုရှိပါတယ်။ ပုံသဏ္ဌာန်မတူတဲ့ဈေးကွက်တွေကို ပုံသဏ္ဌာန်မတူတဲ့ Brand တွေနဲ့ ထိုးဖောက်တဲ့သဘောပါ။ ကုမ္ပဏီကတော့ အောင်နေလင်းထွန်းနာမည်နဲ့ပါ။ စက်ရုံကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ တည်ရှိပြီးတော့ နိုင်ငံခြားကိုလည်း တင်ပို့ရောင်းချပါတယ်။ မိုးကုတ်၊ နောင်ချို၊ ပြင်ဦးလွင်၊ ရွာငံ၊ ပင်းတယ၊ ငဖဲ၊ ဒီမောဆိုးနဲ့ သံတောင်ကြီး စတဲ့ဒေသတွေက ကော်ဖီတွေကို ယူပြီး ကြိတ်ခွဲတယ်၊ သန့်စင်တယ်၊ ထုပ်ပိုးတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ ပြည်တွင်းက ကော်ဖီဆိုင်တွေ၊ စူပါမားကတ်ကြီးတွေဆီ ပို့တယ်၊ နောက်ပြီး နိုင်ငံခြားကို Export လုပ်ပါတယ်။ Export လုပ်ရင်းနဲ့ ကျွန်တော်တို့မှာ Distribution Partner နှစ်ဦးရှိပါတယ်။ ကမ္ဘောဒီးယားမှာဆိုရင် အောင်နေလင်းထွန်းကုမ္ပဏီနာမည်နဲ့ပဲ သွားရောက်ရောင်းချပါတယ်။ အဲဒီမှာ ကော်ဖီဆိုင်လေးလည်းဖွင့်ထားပါတယ်။ ကော်ဖီတွေကိုလည်း အဲဒီမှာဖြန့်ချိတယ်။ လောလောဆယ် ကမ္ဘောဒီးယားက စတိုးဆိုင်နှစ်ဆယ်လောက်မှာ ကျွန်တော်တို့ကော်ဖီကို ရောင်းချပေးနေပါတယ်။ ကနေဒါမှာလည်း ရင်းနှီးမြှုပ်နံှမှုတွေ လုပ်ပါတယ်။ ကျွန်တော်တို့ကော်ဖီကို အဲဒီမှာလည်း သွားရောင်းတယ်။ မြန်မာနိုင်ငံမှာ ကော်ဖီစိုက်တဲ့ဒေသတွေ အများကြီးရှိပါတယ်။ အဲဒီဒေသက ကော်ဖီစိုက်တဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လူ့စွမ်းအားအရင်းမြစ်တွေကိုလည်း ဖော်ထုတ်ရာကျတဲ့အတွက် လုပ်ဆောင်နေပါတယ်။
နောက်ပြီး ကော်ဖီအပြင် ကော်ဖီကနေထွက်တဲ့ ဆက်စပ်ပစ္စည်းတွေလိုမျိုး ကွတ်ကီးတို့၊ Tea တို့ နောက်တစ်ခု ဆပ်ပြာတို့ အဲဒီလိုမျိုးပေါင်းစပ်ပြီး ထုတ်ပါတယ်။ Cascara ကော်ဖီခွံလို့ခေါ်တဲ့ အရင်တုန်းက အသုံးမဝင်တဲ့ဟာတွေကို နေလှန်းတယ်၊ အခြောက်ခံတယ်၊ ပြီးတော့ သန့်စင်လိုက်တဲ့အခါမှာ ရေနွေးနဲ့သောက်လိုရတဲ့ဟာ ဖြစ်သွားတယ်။ ဒါကို သုံးဒေါ်လာနဲ့ မလေးရှားကို ပို့တယ်။ အဲဒီဒါကိုအမှုန့်ဖြစ်အောင်လုပ်ပြီးတော့ ကွတ်ကီးဖြစ်အောင်ထပ်လုပ်တယ်။ အဲဒီအခါကျတော့ သူ့ရဲ့တန်ဖိုးက အများကြီးတက်လာတယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပေါလာစေတယ်။ လူ့စွမ်းအားရင်းအမြစ်လည်း ပိုတိုးတက်လာတယ်။
ဘယ်လို Standard ၊ ဘယ်လို Quality နဲ့ ထုတ်လုပ်ရောင်းချနေလဲ
---------------------
Standard တွေအနေနဲ့ ကျွန်တော်တို့က FDA ရပြီးသွားပြီ။ Organic Certificate လည်းရထားပါတယ်။ ခုနောက်ပိုင်းမှာလည်း ISO 22,000 Certificate ရအောင်ကြိုးစားနေပါတယ်။ ထုတ်လုပ်တဲ့ဟာတွေ အကုန်လုံးကိုတော့ GAP/GMP Standard တွေရအောင် လုပ်နေပါတယ်။ လောလောဆယ်တော့ GAP/GMP Certificate တွေတော့ မရသေးပါဘူး။ ကျွန်တော်တို့ကတော့ တကယ်ကို ကုန်ထုတ်လုပ်မှုမှာတော့ Food Safety Guideline တွေကို လိုက်နာပြီးတော့ လုပ်ဆောင်နေပါတယ်။ ဖြန့်ဖြူးတာကတော့ မြန်မာနိုင်ငံ အတော်များများမှာ ရနေပါပြီ။ ရန်ကုန်နဲ့ မန္တလေးမှာ ကျွန်တော်တို့ရဲ့ Showroom တွေရှိပါတယ်။ အဲဒီနေရာတွေမှာ ဝယ်ယူစမ်းသပ်သုံးဆောင်လို့လည်းရပါတယ်။ Export လုပ်တာကတော့ နိုင်ငံနှစ်ဆယ်ကျော်လောက်ရှိပါတယ်။
AEC ဝင်လာရင် နိုင်ငံတကာ Product တွေလည်း ပါလာမှာဖြစ်တဲ့အတွက် မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
--------------------
AEC ဝင်လာရင် မြန်မာနိုင်ငံမှာ ဘာအားသာချက်ရှိလဲ ကြည့်ရမယ်။ အားသာချက်အနေနဲ့ သုံးခုရှိပါတယ်။ နံပါတ် ၁ အနေနဲ့မြေမျက်နှာသွင်ပြင်အရ တောင်မြင့်မြင့်တွေရှိတယ်။ အဲဒါကို အသုံးချတတ်ရပါမယ်။ ဒုတိယက လုပ်နိုင်ကိုင်နိုင်ရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်ရှိပါတယ်။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ လူဦးရေအများကြီးရှိတဲ့အတွက် အဲဒီလူဦးရေကို ပြန်လည်ရောင်းချနိုင်တဲ့ ပစ္စည်းမျိုးတွေနဲ့ AEC ကို ပြိုင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း လွန်ခဲ့တဲ့သုံးနှစ်လောက်ကတည်းက AEC ကို ပြိုင်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေခဲ့ပါတယ်။ အခုဆိုရင် AEC ထဲမှာပါတဲ့ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်း အဲဒီသုံးနိုင်ငံမှာ ကျွန်တော်တို့ပစ္စည်းတွေကို ရောင်းချတယ်။ သူတို့ဆီက ပစ္စည်းတွေထက် ကျွန်တော်တို့ဟာတွေက ဈေးပိုရတယ်။ သူတို့ဆီက လူတွေကလည်း လက်ခံပြီးတော့ ဝယ်သုံးနေကြတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ
--------------
အဓိကကတော့ မြန်မာနိုင်ငံအတွက်ထုတ်တယ်ဆိုရင် မြန်မာနိုင်ငံဈေးကွက်ကိုပဲ စဉ်းစားကြတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ဘဲ သုံးမျိုးခွဲခြားထားတယ်။ တကယ့်ကို ခပ်ဝေးဝေးကို ပို့ချင်ရင် Organic Coffee ၊ ကိုယ့် Local မှာ ရောင်းချင်တယ်ဆိုရင် အိုးစည်၊ ခပ်နီးနီးက AEC တို့ ဘာတို့ကိုပြိုင်မယ်ဆို Genius အဲဒီလိုမျိုး ပြင်ဆင်ထားပါတယ်။ နောက်ပြီး Product Range တွေ ပြင်ဆင်ထားဖို့လိုတယ်၊ နောက်ပြီး တီထွင်ဆန်းသစ်မှုတွေလည်းလိုပါတယ်။ ကိုယ့်ပြည်တွင်းကလူတွေကို အကြံပေးချင်တာကတော့ ပြည်တွင်းမှာ အင်အားရှိတယ်၊ သဘာဝကပေးထားတဲ့ အရင်းအမြစ်တွေရှိတယ်၊ ဒါတွေကို အသုံးချပြီးတော့ လုပ်ဆောင်ကြပါလို့ အကြံပြုချင်ပါတယ်။
Myanmar Heart Souvenirs ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
-------------------
ကျွန်တော်ရဲ့လုပ်ငန်းမှာတော့ MH shoes နဲ့ MH bags ဆိုပြီး ပြည်တွင်းဖြစ်ရိုးရာဖိနပ်တွေနဲ့ ရိုးရာအဆင်အိတ်လေးတွေကို ထုတ်လုပ်ရောင်းချပေးနေပါတယ်။ ဖြန့်ဖြူးရောင်းချတဲ့စနစ်က တစ်မြို့ကို ကိုယ်စားလှယ်တစ်ဦးပေးတဲ့စနစ်ဖြစ်ပြီး သူတို့ကတစ်ဆင့် အမြို့မြို့အနယ်နယ်ကို ဖြန့်ဖြူးရောင်းချပေးနေပါတယ်။
ဘယ်လို Standard/Quality တွေနဲ့ ထုတ်လုပ်နေသလဲ
--------------------
MH Shoes နဲ့ MH bags ကို နိုင်ငံတကာအဆင့်မီတဲ့ ဖိနပ်တွေ၊ အိတ်တွေပုံစံအတိုင်း ပြည်တွင်းမှာပဲချုပ်လုပ် ဖြန့်ဖြူးပေးပါတယ်။ အဓိကအသုံးပြုတာကတော့ ပြည်တွင်းဖြစ် ရိုးရာချည်ထည်ကို အသုံးပြုထားပါတယ်။ Handmade Method နဲ့ ထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်တဲ့အခါမှာလည်း ပြည်တွင်းအလုပ်သမားတွေနဲ့ပဲ ထုတ်လုပ်ပါတယ်။
AEC ဝင်လာရင် ယှဉ်ပြိုင်နိုင်လား
-----------------
AEC ဝင်လာရင်လည်း ပြည်တွင်းထုတ်ကုန်တွေအနေနဲ့ သိပ်စိတ်ပူစရာမရှိပါဘူး။ သို့ပေမယ့်လည်း လိုအပ်တဲ့ Certificate တွေ၊ ခိုင်မာတဲ့ Pricing Strategy ၊ Brand Strategy တွေရှိထားဖို့ လိုအပ်တယ်။ ကိုယ့်လုပ်ငန်းကို မှတ်ပုံတင်ထားရမယ်။ တရားဝင် Register လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါတွေကို စနစ်တကျလုပ်ကိုင်ထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ရဲ့ Product ကို စနစ်တကျကြော်ငြာတတ်ဖို့ Marketing Strategy လည်း လိုအပ်ပါတယ်။ ဒီလိုအဆင့်ဆင့်နဲ့ စနစ်တကျ လုပ်ဆောင်ထားမယ်ဆိုရင် ဘယ်လို Product မျိုးပဲ ဝင်လာဝင်လာ ကျွန်တော်တို့အနေနဲ့ ကြောက်စရာမရှိပါဘူး။ လက်ရှိအခြေအနေမှာလည်း တခြားနိုင်ငံတွေကနေ ဝင်ရောက်လာတဲ့ ဖိနပ်တွေ၊ အိတ်တွေလည်းရှိပါတယ်။ အဲဒါတွေကို ယှဉ်တုပြီးရောင်းချနိုင်တဲ့အတွက် ထူးထူးခြားခြား တုန်လှုပ်စရာတော့ မရှိပါဘူး။
မြန်မာကုန်ပစ္စည်းတွေက နိုင်ငံတကာအဆင့်မီပြီလား
------------------
ကျွန်တော်တို့ Made In Myanmar Product တွေက နိုင်ငံတကာအဆင့်မီပြီလားဆိုရင် မီတယ်လို့ပဲ ပြောရမှာဖြစ် ပါတယ်။ သို့ပေမယ့်လည်း တချို့အရည်အသွေးမမြင့်တဲ့ Product တွေရှိပါတယ်။ တချို့တော့ဈေးနှုန်းတွေကို အောက်ဈေးတွေနဲ့ လိုက်ထုတ်လုပ်တာတွေရှိပါတယ်။ သို့ပေမယ့် ကိုယ့်ရဲ့ထုတ်လုပ်မှုကို စနစ်တကျနဲ့ ကိုယ့် Product Quality ကိုလည်း မထိခိုက်အောင် ဈေးနိမ့်တိုင်း ကောင်းတာမဟုတ်သလို ဈေးနိမ့်တိုင်းရောင်းရတာမဟုတ်ဘူးဆိုတာကို မတွေးစေချင်ပါဘူး။ ဒါကြောင့် စနစ်တကျ မဟာဗျူဟာကျကျ ထုတ်လုပ်ရင် နိုင်ငံတကာအဆင့်ကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ယှဉ်နိုင်ဖို့ ဘာတွေပြင်ဆင်ရမလဲ
-------------
နိုင်ငံတကာနဲ့ယှဉ်ပြီး ပြိုင်နိုင်ဖို့ ဘာတွေပြင်ဆင်ထားရမလဲဆိုရင် Product Quality ကို အမြဲဦးတည်ထားပြီး စဉ်ဆက်မပြတ်ပြင်ဆင်ထားရမယ်။ နိုင်ငံတကာကို ပို့ပြီးရောင်း ချမယ်ဆိုရင်လည်း လိုအပ်တဲ့ Certificate တွေ ယူထားသင့်ပါတယ်။ ဈေးနှုန်းကိုလည်း စနစ်တကျနဲ့ နိုင်ငံတကာ ကို ရောင်းချလို့ရတဲ့ ဈေးနှုန်းကို Pricing Strategy နဲ့ သတ်မှတ်ထားရပါမယ်။ ကိုယ့်ကုန်ပစ္စည်းကိုလည်း Brand ဖြစ်အောင် စနစ်တကျ Brand Strategy တွေနဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ နိုင်ငံတကာမှာ ရဲရဲဝံ့ဝံ့ရောင်းချနိုင်မှာဖြစ်ပါတယ်။ Myanmar Arts & Crafts Association (MACA) ဆိုတဲ့ မြန်မာ့လက်မှုနဲ့ အနုပညာအသင်းဆိုပြီး ဖွဲ့စည်းထားတာရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တက်တက်ကြွကြွနဲ့ ပူးပေါင်းလှုပ်ရှားနေပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းဖြစ်ထုတ်ကုန်တွေ ပိုမိုအရည်အသွေးမြင့်လာစေဖို့၊ မြန်မာ့လက်မှုပညာ ဈေးကွက်ရရှိဖို့၊ ရိုးရာအမွေအနှစ် မပျောက်သွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ဖြစ်ပါတယ်။
Power Maw Shan ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
--------------------
ကျွန်မတို့ကုမ္ပဏီက ၁၉၈၅ ခုနှစ်မှာ စတင်ပြီး လက်လီလုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထပ်ပြီးတော့ Customer Retail ပိုင်းကို ပိုပြီးလုပ်လာခဲ့တာပါ။ ကျွန်မတို့ Brand က သက်တမ်းနှစ်သုံးဆယ်ကျော် ရှိခဲ့ပါပြီ။ ကျွန်မတို့ကုမ္ပဏီက လက်ဖက်ခြောက်နဲ့ လက်ဖက်နှစ်မျိုး ထုတ်လုပ်ပါတယ်။ ငယ်ငယ်ကတည်းက တောင်ပေါ်မှာ မိဘတွေက စိုက်ပျိုးခဲ့တာပါ။ အခုချိန်မှာ လက်လီဈေးကွက်ကိုလည်း တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးနေပြီးတော့ ပြည်ပ Market ကိုလည်း တင်ပို့ဖို့အတွက် လုပ်နိုင်ခဲ့ပါတယ်။ အဓိကကုန်ကြမ်းကတော့ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့ကပါ။ လက်ဖက်ခြောက်ကုန်ထုတ်စက်ရုံက နှစ်ခုရှိပါတယ်။ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့မှာ တစ်ခု၊ ရန်ကုန်မင်္ဂလာဒုံမှာတစ်ခုပါ။ တောင်ပေါ်က စက်ရုံကကျတော့ ကုန်ကြမ်းတွေ ထုတ်လုပ်ပေးတယ်။ ရန်ကုန်စက်ရုံမှာတော့ Packaging ပြန်လုပ်ပါတယ်။
ကျွန်မတို့က Local Product တွေအပြင် အခြေခံစားသုံးသူတွေအတွက်ရော၊ မြန်မာပြည်မှာ ရှိတဲ့သူတွေအတွက်ရော၊ Export Market အတွက်ရော Segment အကုန်လုံးအတွက် အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှာ Organic Certificate ရထားတယ်ဆိုတော့ GIZ ပရောဂျက်နဲ့ တွဲပြီးတော့ ဂျာမနီကို ကျွန်မတို့Organic Product တွေ Export ပို့ဖို့လည်း ကြိုးစားနေပါတယ်။ ရန်ကုန်မှာလည်း Organic Product တွေကို ဒီနှစ်ထဲမှာ ဖြန့်ချိပေးသွားမှာပါ။ ကျွန်မတို့ ထပ်ထုတ်ထားတာက လက်ဖက်ခြောက်အပြင်ကို လက်ဖက်ပါ။ လက်ဖက်ခြောက်မှာဆိုရင်လည်း စပါယ်ရှယ်၊ လှော်သင်းနံ့ကောက်ညှင်းမွှေး၊ စက်လှော်ခြောက်၊ ရွှေလက်ဖက်လုံး စသဖြင့် တစ်ခါသောက်အထုပ်ကလေးတွေကိုပါ အနံ့အမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဒါကတော့ လက်ဖက်ခြောက်ရဲ့ Category ပါ။
လက်ဖက်ဆိုရင် ကျွန်မတို့က ဖန်ချိုခါးလက်ဖက်၊ ချဉ်ငန်စပ်လက်ဖက်တွေကို ၂၀၁၇ ခုနှစ်က နောက်ဆုံးထုတ်လုပ်ထားပြီး FDA Certificate ရပြီးဖြစ်ပါတယ်။ ယခုဈေးကွက်ကို တွင်တွင်ကျယ်ကျယ် ဖြန့်ချိတော့မယ့်ပစ္စည်းကတော့ အသီးလက်ဖက်ပါ။ မြန်မာလူမျိုးတွေက လက်ဖက်ကို အိမ်မှာစိတ်ကြိုက်အမျိုးမျိုး လုပ်စားကြတယ်။ ယခုခေတ်လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာနဲ့အမျှ လူတွေက အဆင်သင့်စားသုံးလို့ရမယ့်လက်ဖက်တွေထုတ်လုပ်ပေးဖို့ရန် လိုအပ်လာပါတယ်။ ဒါ့အပြင် ကျွန်မတို့က နိုင်ငံခြားသားတွေနဲ့လည်း မိတ်ဆက်လို့လွယ်အောင် ဖန်တီးထားပါတယ်။ Europe ဘက်ကသူဆိုရင် Olive က သူတို့ရဲ့အစားအစာတစ်ခုပါ။ သံလွင်သီးနဲ့ လက်ဖက်ကို တွဲလိုက်ပြီး လိုက်ဖက်တဲ့အစားအစာတစ်ခုအဖြစ် ဖန်တီးထားပါတယ်။
ငါးကြိမ်မြောက်မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲမှာဆိုရင် သံလွင်လက်ဖက် Sandwich ပေါင်မုန့်နဲ့ လုပ်ထားတာလေးကို Sampling လုပ်ပါတယ်။ အဓိကက လက်ဖက်ကို ဘယ်လိုမျိုးလုပ်စားလို့ရတယ်ဆိုတဲ့ Message ကိုပေးတာပါ။ Breakfast စားတဲ့အခါ နိုင်ငံခြားကလာတဲ့ ယိုတွေနဲ့ပဲ စားမှာလား။ မြန်မာ့အစားအစာတစ်ခုကို ဒီ Channel တစ်ခုမှာ ကျွန်မတို့က ပြသခွင့်ရချင်တာပါ။ အခုဆိုရင် ဟိုတယ်တွေမှာ Breakfast တွေတချို့မှာ ဒီလို Sandwich ထဲမှာ လက်ဖက်လေးပါအောင် ထွင်ထားပါတယ်။ နောက်တစ်ခုက ခရမ်းချဉ်သီးလက်ဖက်ပါ။ လက်ဖက်သုပ်သုပ်စားတဲ့အခါ ခရမ်းချဉ်သီးအိမ်မှာ ရှိချင်ရှိမယ်၊ ကုန်သွားတဲ့အခါရှိမယ်။ ကျွန်မတို့က လက်ဖက်ကို ခရမ်းချဉ်သီးနဲ့ လုပ်ထားတော့ လက်ဖက်နှစ်ထဲကို အကြော်လေးထည့်လိုက်ရုံနဲ့ ပြီးသွားမှာပါ။ အရသာကို အပိုပေးလိုက်တာပါ။ သံပရိုသီးလက်ဖက်လည်းရှိတယ်။ အသီးကိုစားရတာထက် အနံ့ပေါ့။ ဒါပေမဲ့ ကျွန်မတို့က Flavor ထည့်ထားတဲ့အနံ့မဟုတ်ဘူး။ အသီးနဲ့လုပ်ထားတာ ဖြစ်တဲ့အတွက် အသီးရဲ့အရသာကိုရတယ်။ လက်ဖက်က အခုမြန်မာပြည်မှာ ပိုပြီးခေတ်စားလာပါတယ်။ Maw Shan အနေနဲ့ လက်ဖက်ကို ထုတ်ခဲ့တဲ့အခါမှာ ချဉ်ငန်စပ်အရသာ၊ ဖန်ချိုခါးအရသာ အညွန့်အနှပ်လေးတွေအပြင် Local Market မှာ ဒီလိုအသီးအရသာလေး လူတွေအတွက်ကို ပိုပြီးတော့ဆွဲဆောင်မှုရှိစေမယ့်၊ ကြိုက်နှစ်သက်စေမယ့် အသီးလေးတွေနဲ့ ထပ်မံပြီး ထုတ်လုပ်ထားပါတယ်။
ဘယ်လို Standard ၊ ဘယ်လို Quality တွေနဲ့ ထုတ်လုပ်ရောင်းချနေလဲ
--------------------
Standard အနေနဲ့ဆိုရင်လည်း ကျွန်မတို့က FDA (Food & Drug Association) Certificate ၊ Organic Certificate ရရှိထားတဲ့အပြင် ISO 9001 : 2008 ၊ ISO 9001 : 2015 ကိုလည်း ယူသွားဖို့စီစဉ်ထားပါတယ်။
AEC ဝင်လာရင် နိုင်ငံတကာထုတ်ကုန်တွေပါလာမှာဖြစ်တဲ့အတွက် မြန်မာထုတ်ကုန်တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
----------------
AEC ဝင်လာမယ်။ လက်ဖက်ခြောက်တွေ၊ အချိုခြောက်တွေအတွက် Market တစ်ခု ယှဉ်ပြိုင်ရတာဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်မတို့ရဲ့နယ်မြေဒေသမှာ အားသာချက်တွေ အများကြီးရှိပါတယ်။ ကျွန်မတို့တောင်ပေါ်ဒေသက လက်ဖက်ပင်တွေမှာ သဘာဝအတိုင်း ဘာမြေသြဇာမှ မသုံးဘဲနဲ့ရှိနေတဲ့ Resource တွေ အများကြီးရှိပါတယ်။ ရှင်းရှင်းပြောရရင် တောင်သူတွေဟာ ဓာတ်မြေသြဇာကို ဝယ်သုံးရလောက်အောင် မတတ်နိုင်တဲ့အပြင် ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်ကို သယ်ယူဖို့ရန် မလွယ်ကူပါဘူး။ ဒါက နိုင်ငံတကာမှာမရနိုင်တဲ့ အားသာချက်တစ်ခုဖြစ်လာပါတယ်။ အဲဒီအားသာချက်နဲ့ပဲ ကျွန်မတို့က ရှေ့ဆက်သွားရမှာပါ။ လက်ဖက်ဆိုရင် နိုင်ငံတကာမှာ ဘယ်နိုင်ငံမှမရှိဘူး။ လက်ဖက်စားတာ ကမ္ဘာမှာ မြန်မာပဲရှိပါတယ်။ မြန်မာ့ရိုးရာအစားအစာအစစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံလက်ဖက်ကို ကမ္ဘာကသိဖို့ အသင်းအဖွဲ့နဲ့တကွ ကျွန်မတို့က ရဲရဲဝံ့ဝံ့ချီတက်ကြမှာပါ။
မြန်မာကုန်ပစ္စည်းတွေ နိုင်ငံတကာ Standard မီပြီလား
-----------------------
နိုင်ငံတကာအဆင့်အတန်းမီဖို့ဆိုရင် ကျွန်မတို့မြန်မာနိုင်ငံ လက်ဖက်အသင်းကိုလည်း ဂျပန်ကနေ ပရော်ဖက်ဆာတွေနဲ့ Consultant ယူပြီးတော့မှ သွားနေတဲ့အပိုင်းလေးတွေ ရှိပါတယ်။ လက်ဖက်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ကျွန်မတို့ကို အကြံဉာဏ်ပေးနေတဲ့အတွက် မြန်မာရဲ့စံတစ်ခုရလာခဲ့မယ်။ အခုလို GIZ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတဲ့အတွက် ကမ္ဘာ့ဈေးကွက်ရဖို့၊ ကမ္ဘာ့စံတစ်ခုရဖို့ကို ကျွန်မတို့ ကြိုးစားပြီးသွားနေပါတယ်။ အချိန်တစ်ခုတော့ ယူရပါမယ်။ ကျွန်မတို့လုပ်ရင်းနဲ့ ပြင်သွားပြီးတော့ မြန်မာ့လက်ဖက်ဆိုရင်လည်း မြန်မာ့လက်ဖက်ရဲ့ Standard ထွက်အောင်ကြိုးစားနေပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ
-------------
အစားအစာလုပ်ငန်းဖြစ်တဲ့အတွက် လူတွေကိုပေးရမှာက နံပါတ် ၁ က အရသာပါ။ နံပါတ် ၂ က Quality ပါ။ Hygienic ဖြစ်ရမယ်၊ Quality ကောင်းတဲ့ Quality ကို ပေးရမယ်။ အရသာက လူတစ်ယောက်ရဲ့ လိုအပ်ချက်ကို ပေးနိုင်တဲ့အရသာကို ကိုယ်က တီထွင်ပေးနိုင်ရမယ်။ အဲဒီလိုမျိုးအချက်တွေနဲ့ပဲ ကျွန်မတို့က ပြင်ဆင်သွားမှာပါ။ တဖြည်းဖြည်းနဲ့ Retail ကို သွားတဲ့အခါမှာ လူတွေလိုအပ်ချက်ကိုလည်း သိလာတယ်။ Packaging နဲ့ပတ်သက်ပြီး အခုဆို Recycle တို့၊ Waste မဖြစ်အောင်လည်း Environment ကို ထိန်းသိမ်းရမယ့် အပိုင်းလေးတွေလည်း ပါလာတယ်။ Environment အတွက်ပါ ထည့်သွင်းစဉ်းစားပြီး Packaging တွေ လုပ်ရမယ်။ International Standard တွေမီအောင် Product ရဲ့ Shelf life ကို မြှင့်တင်ပေးဖို့နဲ့ တစ်ဆက်တည်း အရသာကိုလည်း ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။
ထပ်ဖြည့်စွက်ပြောချင်တာက
-------------------
ပဉ္စမအကြိမ်မြောက် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲမှာ မြန်မာ့ရိုးရာစားသောက်ကုန်ပစ္စည်း အကောင်းဆုံးစားသောက်ကုန်ဆုကို မောရှမ်း ''ရွှေလက်ဖက်လုံး'' လက်ဖက်ခြောက်နဲ့ မောရှမ်း ''ခရမ်းချဉ်သီး'' လက်ဖက်ဆု နှစ်ဆုကိုရရှိခဲ့ပါတယ်။ ကျွန်မတို့ကုမ္ပဏီက ၂၀၁၇ ခုနှစ်၊ မေလကစပြီး လက်လီဈေးကွက်မှာ ထိုးဖောက်ခဲ့တဲ့ သံလွင်သီးလက်ဖက်၊ ခရမ်းချဉ်သီးလက်ဖက်၊ သံပရိုသီးလက်ဖက်နဲ့တကွ မကြာခင်မှာ ထွက်ရှိလာတော့မယ့် အော်ဂဲနစ်လက်ဖက်ခြောက်တွေကိုလည်း စားသုံးသူတွေထံကို ပိုမိုတွင်ကျယ်စွာ ဖြန့်ဖြူးပေးသွားမယ်ဆိုတာကို ပြောချင်ပါတယ်။
Htoo Mar & POP POP ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
-------------
ကျွန်မတို့မှာကော်ဖီက နှစ်မျိုးရှိပါတယ်။ ပထမတစ်ခုကတော့ အသင့်ဖျော်ကော်ဖီ 2 plus1 ပါ။ နောက်တစ်ခုကတော့ ကော်ဖီဖျော်စေ့လည်းရှိတယ်၊ နှပ်ပြီးသောက်ရတဲ့ ကော်ဖီမှုန့်ဆိုပြီးရှိပါတယ်။ အဲဒါတွေကို ကျွန်မတို့က ပြင်ဦးလွင်က ကိုယ်ပိုင်ကော်ဖီခြံကနေပဲ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်တာပါ။ ပြီးတော့ နောက်တစ်ခုက ချင်းပြည်နယ်က တောင်သူတွေဆီက ကော်ဖီတွေကို ဝယ်ယူပြီးတော့ ချင်းကော်ဖီဆိုပြီးလည်း ထုတ်ပါတယ်။ ရုံးချုပ်ကတော့ ရန်ကုန်မှာရှိပါတယ်။ ပြည်တွင်းမှာဆို နေရာအနှံ့ရရှိ အောင် ကြိုးစားနေပါတယ်။ ပြည်ပပို့ကုန်အနေနဲ့ဆိုရင် ကော်ဖီအစိမ်းအစေ့ Raw Materials တွေအနေနဲ့ပဲ ပို့နေပါတယ်။
ဘယ်လို Standard / Quality တွေနဲ့ ထုတ်လုပ်ရောင်းချပေးနေလဲ
--------------------
ကျွန်မတို့ကတော့ အဓိကအနေနဲ့ ကော်ဖီဆိုရင် လုံးဝမှည့်နေတဲ့ ကော်ဖီချယ်ရီသီးလို့ခေါ်ပါတယ်၊ အဲဒါကို လက်နဲ့ခူးပြီးတော့ Wet Method နဲ့ သေချာ Processing လုပ်ပါတယ်။ အရင်ကတော့ ကော်ဖီပဲထုတ်ပေမယ့် လက်ရှိမှာ ဆီကိုလည်း စထုတ်နေပါတယ်။ ဒါပေမဲ့ ဆိုင်တော်တော်များများတော့ မရောက်သေးပါဘူး။ လောလောဆယ်မှာ ကုန်ကြမ်းအနေနဲ့ မန္တလေးကနေယူပြီးတော့ ရန်ကုန်မှာပဲ ဆီစက်ကို အထိုင်ထားပါတယ်။
AEC ဝင်လာရင် နိုင်ငံတကာ Product တွေလည်း ပါလာမှာဖြစ်တဲ့အတွက် မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
----------------
အရင်တုန်းကနဲ့စာရင်တော့ စားသောက်ကုန်လုပ်ငန်းပဲဖြစ်ဖြစ်၊ တခြားပြည်တွင်းဖြစ်တော်တော်များများပဲဖြစ်ဖြစ် တော်တော်တိုးတက်လာပါပြီ။ ထုတ်လုပ်မှုစနစ်ရော၊ Packing စနစ်တွေရော အရင်ကနဲ့မတူတော့ဘဲ ပြောင်းလဲလာပါပြီ။ ကျွန်မတို့ကအစ အရင်တုန်းက ထုတ်တဲ့ပုံစံကတစ်မျိုး၊ ခုဆို Packing ကို သိသိသာသာလေးပြောင်းတယ်။ Quality Care ကို သေချာလုပ်တယ်၊ နိုင်ငံတကာနဲ့ယှဉ်ရင် မြန်မာ Product ကို ရဲရဲကြီးပြနိုင်အောင် ကြိုးစားနေပါတယ်။ တခြား Product ဆိုလည်း တော်တော်လေး ပြောင်းလဲတိုးတက်နေပြီဆိုတော့ မြန်မာ Product တွေအနေနဲ့ အာဆီယံမှာဝင်ဖို့ မခဲယဉ်းဘူးလို့ ထင်ပါတယ်။
မြန်မာကုန်ပစ္စည်းတွေ နိုင်ငံတကာ Standard မီပြီလား
-----------------------
အားလုံးတော်တော်များများကလည်း ကြိုးစားနေကြပါတယ်။ နိုင်ငံတကာကပေးတဲ့ Certificate တွေကိုလည်း မြန်မာနိုင်ငံက စားသောက်ကုန်ကုမ္ပဏီတွေက ရထားကြပြီဆိုတော့ မီပါတယ်။ ကျွန်မတို့ ကော်ဖီအနေနဲ့ဆိုလည်း နိုင်ငံတကာကပေးတဲ့ Organic Certificate ကို ရထားပြီဆိုတော့ တစ်နှစ်နဲ့တစ်နှစ်လည်း မတူအောင်၊ ကိုယ့် Product ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့အတွက် မြန်မာထုတ်ကုန်တွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲ
--------------
အဓိကကတော့ မြန်မာထုတ်ကုန်တွေအနေနဲ့ နည်းပညာတွေကလည်း တိုးတက်နေပြီဖြစ်တဲ့တွက် အမီလိုက်နိုင်အောင် ကြိုးစားနေပါတယ်။ ဥပမာ- ကော်ဖီဆိုလည်း လှော်တဲ့စက်တွေကအစ မတူတော့သလို စက်ကောင်းကောင်းသုံးရင် သုံးသလောက် ကော်ဖီရဲ့ Quality ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ နောက်တစ်ခု ကျွန်မအမြင်ကတော့ မြန်မာပစ္စည်းတွေက Packing အပိုင်းမှာ နည်းနည်းအားနည်းတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ အရင်ကနဲ့စာရင် ကောင်းမွန်လာပါတယ်။ အဲဒါလေးကို ဆက်လက်ထိန်းသိမ်းပြီး လုပ်ဆောင်မယ်ဆိုရင်တော့ နိုင်ငံတကာကို ယှဉ်ပြိုင်လို့ရမယ်လို့ ထင်ပါတယ်။
Natural Farm Fresh Myanmar ကုမ္ပဏီကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
--------------
ကျွန်တော်တို့ အဓိကစခဲ့တာတော့ Solar Dryer Dome ဆိုတဲ့ နည်းပညာဖြန့်တာပါ။ နမူနာပြ Solar Designer Done တွေကို ပြသမှုကနေ ဦးစပ်ကြီးဆိုတဲ့ ငရုတ်သီး Brand က မွေးဖွားလာတာဖြစ်ပါတယ်။ ဒီနည်းပညာက ထိုင်းနိုင်ငံ Silpakorn တက္ကသိုလ်ကလာတာဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်ကနေ တောင်သူလယ်သမားတွေ၊ သမဝါယမတွေ၊ အိမ်တွင်းစက်မှုလက်မှုတွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေ၊ စားသောက်ကုန်လုပ်ငန်း Process တွေကို ရည်ရွယ်ပြီး လုပ်တာပေါ့။ ဂျာမန်ကုမ္ပဏီတစ်ခုနဲ့ ကျွန်တော်တို့နဲ့ MOU ထိုးပြီး Solar Dryer ကို မြန်မာပြည်မှာစပြီးဖြန့်ဖို့ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလက စပြီးလုပ်ခဲ့တာပေါ့။ အဲဒါနဲ့ မြစ်သားမြို့နယ်က ကျေးရွာမှာ Solar Dryer ရုံလေးရုံတည်လိုက်ပါတယ်။ တည်ပြီးမှ ငရုတ်သီးအခြောက်လုပ်ငန်းကို စတာပါ။ ငရုတ်သီးလုပ်ဖြစ်တာက ၂၀၁၆ ခုနှစ်မှာ စက်တင်ဘာလောက်မှာ FDA ကနေ မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးတဲ့ ငရုတ်သီးမှုန့်လုပ်ငန်းတွေ အကုန်လုံးနီးပါးလောက်က Aflatoxin ဆိုတဲ့ မှိုဓာတ်မကင်းဘူးတဲ့၊ အဲဒီမှိုက ဘာဖြစ်စေလဲဆိုတော့ အသည်းကင်ဆာဖြစ်စေပါတယ်။ နောက်တွေ့ရှိချက်တစ်ခုက ဆိုးဆေးတွေတွေ့ပါတယ်။ ဆိုးဆေးတွေကတော့ အစားအသောက်ထဲမှာထည့်တဲ့ ဆိုးဆေးမဟုတ်ဘူး၊ ချည်ထည်တို့ Industry သုံးတဲ့ ဆိုးဆေးတွေ တွေ့တယ်ဆိုပြီး ပြောပါတယ်။ မှိုဓာတ်ကတော့ စိုက်ပျိုးပြီးတော့ ရိတ်သိမ်းပြီးတဲ့အချိန်မှာ စနစ်ကျတဲ့ ရိတ်သိမ်းပြီးချိန် နည်းပညာလိုပါတယ်။ ငရုတ်သီးကို အစိုအတိုင်းလည်း ရောင်းတာရှိပါတယ်၊ နောက်တစ်ခုက သက်တမ်းကို ပိုကြာအောင်ဆိုပြီး အခြောက်ခံတာလည်းရှိပါ တယ်။ အခြောက်ခံတဲ့အခါမှာလည်း Solar Dryer က ထွက်လာတဲ့ပစ္စည်းတွေကို သက်တမ်းပိုရှည်အောင် အခြောက်ခံပေးတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာက ရိုးရာအတိုင်းပဲ အခြောက်ခံတာ လုပ်နေတာပေါ့၊ ဦးဆောင်ပြီး နည်းပညာဖြန့်မယ့်သူကလည်း မရှိသေးတဲ့အခါကျတော့ အဲဒီနည်းပညာကို ကျွန်တော်တို့က စလုပ်ပြခဲ့တယ်၊ လုပ်ပြတော့ Solar Dryer လေးရုံတည်ပြီးတော့ ငရုတ်သီးလှန်းပါတယ်။ ငရုတ်သီးလှန်းပြီး ထွက်တဲ့ဟာတွေကို ဒီမှာရှိတဲ့ Lab တွေမှာ လိုက်စစ်တဲ့အခါကျတော့ မှိုဓာတ်က မပါတာကို တွေ့ရပါတယ်။ နောက်ပိုင်း တခြား Lab စတဲ့ စင်ကာပူတို့ထိ ပို့ပြီးတော့ စစ်ဖို့ စီစဉ်နေတာပေါ့။ မိရိုးဖလာလှန်းတာနဲ့ Solar Dryer လှမ်းတာကွာတာပေါ့၊ ကွာတဲ့အခါကျတော့ ဈေးကွက်ကောင်းမွန်တဲ့ တုံ့ပြန်မှုရပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာလူမျိုးတွေက ငရုတ်သီးအခြောက်ကို ကြိုက်ကြတယ်။
ကျွန်တော်တို့ရဲ့ ရည်ရွယ်ထားတာကဘာလဲဆိုတော့ တောင်သူဆီက ငရုတ်သီးအခြောက်ကို ကိုယ့်ဘာသာကိုယ်ဝယ်ပြီး ကြိတ်မယ်ဆိုရင် ဒီမှိုပြဿနာက ကျော်လွှားနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ အဲဒီတော့ တောင်သူဆီကနေ ငရုတ်သီးအမှည့်အစိုကို ဝယ်လိုက်တယ်၊ အဲဒီတော့ တောင်သူတွေအတွက်က ဘာကောင်းလဲဆိုတော့ ပိုက်ဆံချက်ချင်းပေါ်တယ်။ အခြောက်လှန်းရတဲ့ ဒုက္ခကင်းတယ်။ ကျွန်တော်တို့က တောင်သူဆီကဝယ်တဲ့ ငရုတ်သီးအစိုကို ရွေးတာပေါ့၊ ပုပ်နေတဲ့ဟာတို့၊ မှိုတက်နေတဲ့ ပုံစံမျိုးရှိတာတို့ကို ပြန်ရွေးတယ်၊ ရွေးပြီးတော့မှ ငရုတ်သီးကို ရေနဲ့ဆေးတယ်။ ပြီးတော့ ရေနွေးနဲ့ထပ်ဆေးပါတယ်။ ဒီလိုထပ်ဆေးပြီးမှ Solar Dryer ကို ထည့်လိုက်ပြီဆိုရင် ပုံမှန်တောင်သူတွေ လှမ်းတာဆို ငါးရက် ခြောက်ရက် အခြောက်ခံရတယ်ဆိုပေမယ့် Solar Dryer နဲ့ဆို နှစ်ရက်ခွဲပဲ အခြောက်ခံရတယ်။ နောက်တစ်ခုက ဖုန်၊ သဲ၊ ခဲ၊ တိရစ္ဆာန်အညစ်အကြေးကင်းစင်တယ်။ အဲဒီတော့ လေလုံတဲ့အခန်းထဲမှာ အခြောက်ထားတဲ့အခါကျတော့ ခြောက်တဲ့အချိန်လည်းမြန်တယ်၊ အရည်အသွေးကောင်းပြီး သန့်ရှင်းပါတယ်။ ငရုတ်သီးရဲ့ အရောင်ကနေ ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိဘူး။ နောက်တစ်ခုက Solar Dryer မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်တဲ့အလွှာလည်းပါတဲ့အခါကျတော့ အရောင်လည်း ပိုလှပါတယ်၊ အနံ့လည်း ပိုကောင်းတယ်၊ အာဟာရဓာတ်ပိုပြည့်တယ်။ နောက်တစ်ခု ရေခိုးရေငွေ့ပမာဏကို ၈ ရာခိုင်နှုန်းအောက်ကို လျှော့ချထားတယ်။ ပြီးတော့ ထွက်လာတဲ့ငရုတ်သီးကို တစ်ခါတည်းကြိတ်ခွဲလိုက်တော့ မှိုကိုထိန်းချုပ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ဆက်ပြီးသုတေသနတော့ လုပ်နေပါတယ်။ ဒီထက်ပိုပြီး ကောင်းအောင်ပေါ့။ အဲဒါကြောင့် ကြိတ်ပြီးသားတွေကို လေလုံအောင်ထည့်ပြီး ရောင်းတဲ့အခါကျတော့ သန့်ရှင်းမှုရှိတယ်။ အမြင်လည်း ကောင်းတာပေါ့။ အဓိက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ စိုက်ပျိုးတဲ့နေရာကနေ စားသုံးသူကို တိုက်ရိုက်ဖြန့်ဖြူးချင်တာပေါ့။ ခုနကပြောတဲ့ ရိတ်သိမ်းချိန်ကျော် နည်းပညာကို ပျက်စီးစေနိုင်တဲ့ အခြေအနေတွေကိုကျော်ပြီး အဓိကလုပ်ချင်တာပေါ့။
AEC ဝင်လာရင် Made In Myanmar ယှဉ်ပြိုင်နိုင်ပါ့မလား
----------------
ကျွန်တော်တို့က အစိတ်အပိုင်းလေးတစ်ခုပေါ့၊ ရိတ်သိမ်းနည်းပညာနဲ့ ပစ္စည်းထုတ်လုပ်တဲ့အပိုင်းပေါ့၊ အမှန်တကယ်ပြောရရင် စိုက်ပျိုးရေးကဏ္ဍမှာ အထွက်တိုးဖို့ သွင်းအားစုတွေလိုပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အဲဒါတွေအကုန်လုံးက အိမ်နီးနားချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ကျွန်တော်တို့ဆီက ဈေးများတယ်။ ဈေးများနေတော့ ကျွန်တော်တို့ရဲ့ကုန်ကြမ်းက ဈေးများနေတယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်နိုင်ပါ့မလား၊ နောက်တစ်ခု အလုပ်သမားရှားပါးမှုနဲ့ အလုပ်သမားတွေရဲ့ စွမ်းရည်မြှင့်တင်နိုင်ဖို့တွေကတော့ AEC ဝင်လာရင် ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုတွေတော့ရှိတယ်။ ပြီးတော့ SME တွေအနေနဲ့ အခုကြုံတွေ့နေရတာကတော့ ဘဏ်ချေးငွေရဖို့တောင်မှ အပေါင်ပစ္စည်းနဲ့မှ ဘဏ်ချေး ငွေရတယ်။
ဘဏ်ချေးငွေရတော့လည်း အတိုး ၁၃ ရာခိုင်နှုန်းပေးရတယ်။ ဒါတောင် တော်တော်ကံကောင်းလို့ရတာ၊ သူများနိုင်ငံမှာက ဘဏ်တိုးနှုန်းက ၃ ရာခိုင်နှုန်းလောက်ပဲရှိတဲ့အခါကျတော့ အဲဒီမှာတင် ယှဉ်ပြိုင်နိုင်ဖို့က ခက်တယ်။ နောက်တစ်ခု မြေကြီးပေါ့၊ ကျွန်တော်တို့တိုင်းပြည်က မြေပေါတယ်။ ဒါပေမဲ့ ဈေးကမြင့်နေတော့ ဝယ်ဖို့ခက်တယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံသူအနေနဲ့ဝင်လာတဲ့အခါကျရင် ယှဉ်ပြိုင်ဖို့ကတော့ တော်တော်ခက်ပါတယ်။ လက်ရှိ ငရုတ်သီးလုပ်ငန်းမှာဆိုလည်း ကျွန်တော်တို့အနေနဲ့လည်း ပြည်ပကတင်သွင်းလာတဲ့ ငရုတ်သီး၊ ငရုတ်သီးမှုန့်တွေကို ယှဉ်ပြိုင်နေရတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း တောင်သူတွေနဲ့ ဈေးကွက်နဲ့ ချိတ်ဆက်ပေးနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလုပ်ငန်းကို လုပ်နေတာပါ။ AEC ဝင်လာရင်တော့ ဒီကလုပ်ငန်းလေးတွေပေါ် သက်ရောက်မှုတော့ရှိမှာပဲ။ ဥပမာပြောရရင် အဝတ်လျှော်ဆပ်ပြာမှုန့်လုပ်တဲ့ မြန်မာလုပ်ငန်းတစ်ခုကို ကုမ္ပဏီကြီးတစ်ခုက ဝယ်လိုက်တယ်။ ပြီးရင် ဈေးကွက်လွှမ်းမိုးဖို့ လုပ်လာနိုင်ပါတယ်။ ဈေးကွက်ဈေးနှုန်း ထိန်းချုပ်လာနိုင်ပါတယ်။ AEC ဝင်လာတယ်ဆိုပြီး သူတို့နိုင်ငံတွေကို ငရုတ်သီးသွားပို့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ဆီမှာ အတားအဆီးတွေရှိပါတယ်။ စံသတ်မှတ်ချက်တွေ ဆိုတာတွေရှိတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ အခွန်အတားအဆီးလေးတွေတော့ ထားသင့်တယ်လို့ ထင်ပါတယ်။
ဘယ်လိုပြင်ဆင်ထားသင့်လဲ
--------------
အစိုးရအနေနဲ့ စိုက်ပျိုးရေးပစ္စည်းနဲ့ ပတ်သက်တာတွေကို အခွန်ကင်းလွတ်ခွင့်သော်လည်းကောင်း၊ တင်သွင်းခွန်သော်လည်ကောင်း အဲဒီလိုဟာတွေကို ကင်းလွတ်ခွန်တွေ ပေးပြီးတော့ လုပ်သင့်တယ်၊ နောက်တစ်ခုက စိုက်ဧကလည်း များဖို့လိုပါတယ်၊ ဈေးကွက်လည်း ရဖို့လိုတယ်၊ ဈေးကွက်ရတယ်ဆိုရင် တောင်သူက များများစိုက်တယ်၊ နောက်တစ်ခုက အထွက်နှုန်းကောင်းတဲ့ မျိုးစေ့လည်း လိုတယ်၊ ငရုတ်သီးမှာ အထွက်နှုန်းကောင်းတဲ့ ဒေသမျိုးနဲ့ နိုင်ငံခြားကတင်သွင်းလာတဲ့ မျိုးဆိုတာ ကျွန်တော်တို့ခေါ်တာကတော့ ဒေသမျိုးပေါ့၊ လူတွေအဲဒါကို ကြိုက်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီငရုတ်သီးက အစပ်လျော့တယ်၊ ဒါပေမဲ့ အပုမျိုးတွေဆိုတာ သုတေသန ဘာမှမလုပ်ထားတဲ့အခါကျတော့ နောက်ပိုင်းကျတော့ သူကဘာဖြစ်လာလဲဆိုတော့ ရာသီဥတုဒဏ်ကို မခံနိုင်ဘူး၊ အဲဒီတော့ အထွက်နှုန်းကျလာတယ်၊ အဲဒီတော့ တောင်သူတွေက အဲဒီမျိုးကို မစိုက်ချင်ဘူး။ အပုမျိုးက နိုင်ငံခြားက တင်သွင်းတဲ့ မျိုးထက်တော့ ဈေးက ၃၀ ရာခိုင်နှုန်းလောက်ပိုရပေမယ့် ထွက်နှုန်းကျတော့ တခြားမျိုးတွေကို မမီတော့ဘူး။ အဲဒါကြောင့် ဒေသမျိုးတွေကို စိုက်ပျိုးရေးဌာနတို့က သုတေသနပြုပြီးတော့ ရာသီဥတုဒဏ်ခံနိုင်တဲ့ မျိုးစေ့မျိုးထုတ်ဖို့ ကောင်းတာပေါ့။ အခုဆို နိုင်ငံခြားမျိုးစေ့တွေလည်း အကုန်လုံးသွင်းနေတာပဲ၊ သွင်းနေတယ်ဆိုကတည်းက ကျွန်တော်တို့က ယှဉ်ပြိုင်ဖို့ ခက်တယ်။ ထိုင်းမှာဆို သုတေသနတွေက သူ့မျိုးသူထုတ်နိုင်တဲ့ အနေအထားတွေရှိတဲ့အခါကျတော့ ကျွန်တော်တို့ ဒီမှာလည်း ပံ့ပိုးပေးရင်တော့ ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါတယ်။
My Bird's Nest ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
----------------
ကျွန်မတို့ My Bird's Nest မှာ ငှက်သိုက်ပေါင်းပြီးသား ဘူးတစ်မျိုး၊ ကုန်ကြမ်းနဲ့ ကုန်ကြမ်းအချောထည်ဆိုပြီး သုံးမျိုးရှိပါတယ်။ အခုလက်ရှိမှာတော့ အမှတ် ၃၈၂၊ မာလာမြိုင်လမ်း၊ ၁၆/၃ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြိုနယ်၊ ရန်ကုန်မြို့မှာပဲ အလုပ်ရုံရော Showroom ရောဖွင့်ပြီး ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ နောက်ပြီး ကျွန်မတို့က နယ်တွေကို အဓိကလက်ကားဖြန့်ဖြူးပါတယ်။
ဘယ်လို Standard တွေ Quality တွေနဲ့ ထုတ်လုပ်ရောင်းချနေလဲ
---------------------
စလုပ်တုန်းကတော့ Quality Control ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ပါဘူး။ အခုနောက်ပိုင်း အလုပ်ကနေပြီးတော့ Quality Control ကို ဘယ်လိုထိန်းရသလဲဆိုတာ သိလာရတာကတော့ ငှက်သိုက်တစ်ဘူးလုပ်မယ်ဆိုရင် ဘယ်လောက်ဂရမ်ဆိုရင် ရေဘယ်လောက်ရောသင့်သလဲ၊ ငှက်သိုက်ဘယ်လောက်ထည့်ရမလဲဆိုတာကို သေချာပြင်ဆင်ပြီးတော့ လုပ်ကိုင်ပါတယ်။ ဘူးမထုတ်ခင်မှာလည်း Quality Control လုပ်ပါတယ်။ နောက်ပြီးတော့ ငှက်သိုက်က ကုန်ကြမ်းရတဲ့အပေါ်မှာ မူတည်တဲ့အတွက်ကြောင့် နှစ်လတစ်ကြိမ်လောက် ဈေးနှုန်းပဲဖြစ်ဖြစ်၊ အရည်အသွေးပဲဖြစ်ဖြစ် ပြန်လည်သုံးသပ်ပါတယ်။
AEC ဝင်လာရင် နိုင်ငံတကာ Product တွေလည်း ပါလာမှာ ဖြစ်တဲ့အတွက် မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
-----------------
နိုင်ငံက တဖြည်းဖြည်း တိုးတက်လာပြီဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်မှာရှိတဲ့ ထုတ်လုပ်သူတွေက အကုန်လုံးပြောင်းလဲလာပြီဖြစ်ပါတယ်။ အခုဆိုရင် Creation တွေကအစ တိုးတက်လာနေပြီ ဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းကျရင်တော့ တခြားနိုင်ငံနဲ့စာရင်တော့ တိုးတက်လာမယ်လို့ ထင်ပါတယ်။
မြန်မာကုန်ပစ္စည်းတွေက နိုင်ငံတကာ Standard မီပြီလား
-----------------
မြန်မာပြည်ကုန်ပစ္စည်းတွေကတော့ တချို့တစ်ဝက်ကတော့ Standard မီနေပြီဖြစ်ပြီး၊ ကျန်တစ်ဝက်ကတော့ မမီကြသေးပါဘူး။ အဲဒါကြောင့် မြန်မာပြည်က ထုတ်လုပ်သူတွေက Trend ကို လိုက်ပြီးပြောင်းလဲနေကြတဲ့အပြင်၊ အလုပ်နဲ့ဆိုင်တဲ့ Seminar တွေလုပ်ပြီး တိုးတက်အောင် လုပ်နေကြတဲ့အတွက်ကြောင့် တိုးတက်လာနေပြီလို့တော့ ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမီဖို့ဆိုရင်တော့ အချိန်တော်တော်ယူရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်က လူတွေတော်တော်များများက Traditional တိုင်းတော်တော်သွားကြတဲ့အတွက် ပြောင်းလဲဖို့တော်တော်လိုအပ်ပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ဘာတွေပြင်ဆင်ထားသင့်သလဲ
--------------
မြန်မာပြည်က ကုန်ကြမ်းအလုံအလောက်ရှိပါတယ်။ ကုန်ကြမ်းအများဆုံးထွက်တဲ့ နိုင်ငံလည်းဖြစ်တဲ့အတွက်ကြောင့် ဘယ် Product လုပ်လုပ် လွယ်ကူမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကုန်ကြမ်းရှိပေမယ့် ပြန်အသုံးမချတတ်တာလေးတော့ ရှိပါတယ်။ လုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ် အမြဲတမ်းသင်ယူ၊ သုံးသပ်ပြီးတော့ ပြောင်းလဲနေဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ သူတော်တော်များများက အလုပ်ပေါ်မှာပဲ အချိန်ကုန်ကြတာများပါတယ်။ အဲဒီလိုမလုပ်ဘဲနဲ့ ကိုယ့်အလုပ်ကို အမြဲတမ်းပြန်လည်သုံးသပ်နေတာမျိုးကို လုပ်စေချင်ပါတယ်။
သိင်္ဂီဆန်စက်ကနေ ဘယ်လို Product တွေ ထုတ်လုပ်ရောင်းချနေပါသလဲ
-----------------
ကျွန်မတို့ဆန်စက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ စက်မှုဇုန်မှာရှိပါတယ်။ ပြည်တွင်း Market ကို အဓိကဦးတည်ပြီးသွားနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုပါ။ ပြည်တွင်းမှာထုတ်တဲ့ပစ္စည်းတစ်ခုကို ပြည်တွင်းမှာပဲ ရောင်းချတာမျိုးကိုပဲ လုပ်နေပါတယ်။ မြန်မာနိုင်ငံမှာ အခုဆိုရင် မြို့ပေါင်းလေးဆယ်ကျော်မှာ လုပ်ငန်းရှင်ပေါင်းနှစ်ရာကျော်နဲ့ချိတ်ပြီးတော့ ကျွန်မတို့ သိင်္ဂီတံဆိပ်နဲ့ ဆန်ဖြန့်ဖြူးရောင်းချနေပါတယ်။ ၂၀၀၇ ခုနှစ်မှာ ကျွန်မရဲ့မိဘတွေက ဆန်ပွဲရုံလုပ်ငန်းစလုပ်တယ်။ ၂၀၀၉ ခုနှစ်မှာ ဆန်စက်ကို စတည်ထောင်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကျွန်မတို့ Brand က ဆယ်နှစ်ထဲကို ကျော်လာပါပြီ။
ရွှေဘိုပေါ်ဆန်းမွှေးကို အဓိကထုတ်ထားတယ်။ ရွှေဘိုဒေသကထွက်တဲ့ အခြားဆန်တွေဖြစ်တဲ့ ရွှေဘိုဧရာမင်းတို့၊ မဂျမ်းတောတို့ အဲဒီဆန်တွေကိုလည်း ထုတ်ပါတယ်။ အခုနောက်ပိုင်း အာဟာရချို့တဲ့မှု တိုက်ဖျက်ရေးအတွက် အားဖြည့်ဆန်ကိုလည်း ထပ်ပြီးထုတ်ထားပါတယ်။ အားဖြည့်ဆန်ကကျတော့ ဗီတာမင်နဲ့ သတ္ထုဓာတ်ရှစ်မျိုးကို အားဖြည့်ဆန်ထဲမှာ ထပ်မံဖြည့်ထည့်ပြီးတော့ ထုတ်ထားတာပါ။ အဲဒီ Product ထွက်တာတော့ သိပ်မကြာသေးပါဘူး။
ဘယ်လိုဖြန့်ဖြူးရောင်းချနေလဲ
--------------
ကျွန်မတို့က ဆန်ပွဲရုံ၊ ဆန်လုပ်ငန်းရှင်တွေကို အဓိကဖြန့်ဖြူးပေးတယ်၊ တိုက်ရိုက်ရောင်းချပေးတယ်။ ဒါပေမဲ့ ကျွန်မတို့က Branding ဖြစ်တဲ့အတွက် ကိုယ့် Brand ကို သေချာလေးဖောက်ပြီးတော့ရောင်းတယ်။ ဆန်ကိုရောင်းတယ်ဆိုရင် မြန်မာနိုင်ငံမှာက ဆန်ကို Brand နဲ့ရောင်းတာ ရှားတယ်။ Brand ဖောက်တယ်ဆိုတာလည်းမရှိဘူး။ ကျွန်မတို့အလုပ်ရဲ့ အဓိကရည်ရွယ်ချက်က ကျွန်မတို့ဆန်ကို တံဆိပ်တစ်ခုအနေနဲ့ မြန်မာနိုင်ငံကသူတွေဝယ်ပြီးတော့ စားလာတဲ့အထိဖြစ်လာအောင် ကြိုးစားပြီးဖောက်နေပါတယ်။ ဆန်ဆိုရင် ဈေးတွေထဲမှာ ဝယ်တယ်၊ ဘာတံဆိပ်လဲ မသိဘူး၊ ဘယ်သူရောင်းတာလဲ မသိဘူး၊ အာမခံချက်မရှိဘူး။ ပြည်တွင်းမှာပဲ စားတာဖြစ်ပေမယ့်လည်း ကျွန်မတို့ဆီက ဆန်ကို ဝယ်စားတဲ့သူတွေအတွက် အာမခံချက်အပြည့်ပေးနိုင်အောင် မြန်မာနိုင်ငံမှာ ဆန်ဆိုရင် သိင်္ဂီဆိုပြီး ဖြစ်လာအောင်ကြိုးစားနေပါတယ်။
အခုနောက်ပိုင်းမှာ 2 kg နဲ့ 5 kg အိတ်သေးသေးလေးတွေကို Modern Trade Line အတွက် ထုတ်နေတယ်။ မြန်မာနိုင်ငံမှာက ဆန်ကို အိတ်သေးသေးလေးတွေနဲ့ထုတ်ရင် ရောင်းဖို့မလွယ်ဘူး။ ဒါပေမဲ့ ကျွန်မက Modern Trade Line လည်းသွားချင်တယ်၊ Premium Market ကိုလည်း ယူချင်တယ်ဆိုတော့ အဲဒါလေးကို အကောင်အထည်ဖော်ထားတာပါ။ 2 kg နဲ့ 5 kg အထုပ်လေးတွေက အခုလောလောဆယ်မှာတော့ City Mart တို့၊ ProMart တို့၊ Marketplace တို့ Modern Trade Line ကိုပဲ စရည်ရွယ်တာပါ။ စဖောက်တဲ့အချိန်မှာ အကုန်လုံးက မရောင်းရဘူးလို့ပဲထင်တာ၊ အစတုန်းက Modern Trade Line မှာတောင် မတင်ချင်ကြဘူး၊ ဝယ်မှာမဟုတ်ဘူးလို့ပဲထင်ကြတာ။ အခုကျတော့ မထင်မှတ်ဘဲနဲ့ အဲဒီပစ္စည်းလေးတွေကလည်း Wet Market ထဲမှာလည်း အောင်မြင်ပါတယ်။
ဘယ်လို Standard/ Quality တွေနဲ့ ထုတ်လုပ်ထားလဲ
--------------------
ကျွန်မတို့ပစ္စည်းကို Quality ကောင်းကောင်းလေးနဲ့ ထွက်ရမယ်။ ကျွန်မအမေက ထမင်းစားတဲ့အချိန်မှာ စားတဲ့သူ ကို ကိုယ့်ပစ္စည်းကို စားလိုက်ပြီးတော့ စိတ်ညစ်သွားတာမျိုးမဖြစ်စေချင်ဘူး။ ထမင်းစားနေတဲ့အချိန်မှာ လူတစ်ယောက်က စိတ်ရှုပ်သွားရင် မကောင်းဘူး။ အဲဒီအချိန်မှာ Quality လေးကောင်းကောင်းဖြစ်အောင် လုပ်ရမယ်ဆိုပြီးတော့ ကျွန်မတို့မိသားစုက တွေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ဆန်ကို Class တွေ ခွဲလိုက်တယ်၊ အရည်အသွေးအဆင့်တွေ ခွဲလိုက်တယ်။ စပါးမကြိတ်ခင်မှာ တစ်ခါခွဲတယ်၊ စပါးကြိတ်ပြီးသွားတဲ့အခါ စပါးဆိုတော့ ခွဲလိုက်တဲ့အချိန်မှာ ကိုယ်မှန်းတဲ့အတိုင်း မထွက်လာဘူး။ တစ်ခါတလေမှာ ညံ့ရင်လည်း ညံ့တတ်တယ်။ အဲဒီတော့ ကြိတ်ပြီးသွားတဲ့အချိန်မှာ တစ်ခါထပ်ပြီး အရည်အသွေးပြန်စစ်ပြီးခွဲတယ်။ ခွဲလိုက်ပြီးရင် ကျွန်မတို့သုံးမယ့်အရည်အသွေးကို မမီတဲ့ပစ္စည်းတွေကို ပြန်ဖယ်ထားပြီးတော့ ဈေးအနိမ့်စားနဲ့ တခြားမှာထုတ်ရောင်းတယ်။ ကျွန်မတို့ Brand ထဲမှာ ထည့်မသုံးဘူး။ အကောင်းဆုံးအရည်အသွေးကိုပဲ ပြန်ယူပြီး ဈေးကွက်မှာတင်တယ်။ ဆန်ဆိုရင် ကျွန်မတို့က ဆန်ရဲ့အမြင်ထက် ထမင်းရဲ့ Quality ၊ ထမင်းစာ တဲ့အချိန်မှာ ခံစားရတဲ့အရသာ၊ အနံ့ကို ဦးစားပေးပြီးတော့ ဈေးကွက်ကို ဝင်ပါတယ်။
ဈေးထဲမှာက ရွှေဘိုဆန်လို့ပြောပေမယ့် စစ်လား၊ မစစ်ဘူးလားဆိုတာ မသိဘူး။ အဲဒီအတွက် ကျွန်မတို့က အိတ်ပိတ်တာကအစ Seal တံဆိပ်နဲ့ သေချာပိတ်တယ်။ ကျွန်မတို့အိတ်ကို ဖွင့်ပြီးသွားတာနဲ့ ပြန်ပိတ်လို့ မရတော့ဘူး။ တခြားဆန်ရောထည့်လို့မရတော့အောင် လုပ်ထားတယ်။ ကျွန်မတို့နဲ့ လက်တွဲပြီးတော့ဖြန့်တဲ့ Distributor တွေဆိုရင် စိတ်ချယုံကြည်တယ်၊ ကျွန်မတို့ဆန်ဆိုရင် ကလောင်ထိုးကြည့်စရာမလိုဘူး။ ကျွန်မတို့ တံဆိပ်ဆိုရင် ရောက်တယ်၊ ပစ္စည်းပို့တယ်ဆိုရင် ချထားလိုက်ရုံပဲ။ Quality က အခုဝယ်ရင်လည်း ဒီ Quality ပဲ၊ နောက်ထပ်သုံးလလောက်နေမှ ပြန်ဝယ်လည်း ဒီ Quality ပဲ။ အဲဒီလို Quality ကို အာမခံချက်ပေးနိုင်အောင် ကြိုးစားထားတယ်။ ရိုးရိုးဆန်ကိုပဲ ကျွန်မတို့က FDA ယူထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဆီက ဝယ်စားတဲ့သူတွေကို အာမခံချက်ပေးချင်တယ်။ မြန်မာနိုင်ငံမှာ FDA ယူတဲ့ ဆန်ဆိုတာ မရှိသလောက် ရှားတယ်။ အားဖြည့်ဆန်တွေကတော့ မဖြစ်မနေယူရတယ်။
AEC ဝင်လာရင် နိုင်ငံတကာ Product တွေပါလာမှာဆိုတော့ မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
----------------
ကျွန်မတို့ကတော့ အခြေခံစားသောက်ကုန်ဆန်ဖြစ်နေတဲ့အတွက် အစိုးရပိုင်းက ဆန်စပါးကဏ္ဍကို AEC ကို ဝင်ခွင့်ပေးမှာလား၊ ဝင်ခွင့်ပေးရင်ကော ဘယ်လောက်အတိုင်းအတာလောက်ထိ ဝင်ခွင့်ပေးမှာလဲဆိုတာ အများကြီးစဉ်းစားဖို့ ရှိသေးတယ်။ အဲဒါတွေကတော့ အစိုးရပေါ်လစီတွေ ခိုင်ခိုင်မာမာထွက်လာမှပဲ စဉ်းစားလို့ရမှာပါ။ လက်ရှိမှာ ယှဉ်ဖို့ကျတော့ Quality အရ၊ Taste အရတော့ ပြည်တွင်းက ကိုယ်စားနေကျဆန်ကိုပဲ ပြည်သူတွေက ဒီ Taste ကို ကြိုက်နေပြီ။ ထပ်ဝင်လာရင်တော့ သူတို့ကြိုက်မယ်၊ မကြိုက်ဘူးတော့ မှန်းလို့မရသေးဘူး။ နောက်တစ်ခုက မြန်မာနိုင်ငံအနေနဲ့က စက်မှုလယ်ယာကို ရာနှုန်းပြည့် အကောင်အထည်မဖော်နိုင်သေးဘူး။ အဲဒီတော့ ထုတ်လုပ်မှုကုန်ကျစရိတ်က သူများနိုင်ငံထက် များတယ်၊ ကျွန်မတို့နိုင်ငံမှာက စပါးဈေးအတက်အကျက တအားမြန်တယ်၊ ထိန်းဖို့ခက်တယ်။ ပြီးတော့ ရွှေဘိုဆန်ကစားတဲ့ Demand အင်မတန်များတယ်။ အဲဒါကြောင့် ဈေးနှုန်းက ထိန်းရတာမလွယ်တော့ဘူး။ အဓိကဈေးနှုန်းပိုင်းမှာ ယှဉ်ဖို့ကတော့ အခက်အခဲအများကြီးရှိပါလိမ့်မယ်။ ဆိုလိုတာက ထိုင်းဆန်တို့၊ Jasmine Rice တို့က ရွှေဘိုပေါ်ဆန်းနဲ့ ယှဉ်လိုက်ရင် အများကြီးဈေးချိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က စက်မှုလယ်ယာလည်းဖြစ်သွားပြီဆိုတော့ သူတို့ရဲ့ထုတ်လုပ်နိုင်တဲ့ Capacity နဲ့ ကျွန်မတို့ရဲ့ထုတ်တဲ့ Capacity နဲ့က ကွာတယ်။ ဒီနှစ်မှာ စပါးအဟောင်းဆိုရင် ဈေးနှုန်းက ၁၇ သိန်းလောက်ထိ ရောက်သွားပါပြီ။ ဒါက ဆယ်နှစ်အတွင်းမှာ တစ်ခါမှမဖြစ်ဖူးသေးတဲ့နှုန်းတွေပါ။ အဲဒီလိုဖြစ်တဲ့အခါကျတော့ AEC ဝင်လာမယ်ဆိုရင် သူတို့ရဲ့ဆန်ဈေးက ကျွန်မတို့အောက်နဲ့ဝင်လာမယ်ဆိုရင်တော့ ဈေးကွက်ကို ထိန်းဖို့ခက်မယ်။ ဒါပေမဲ့ လယ်ယာကဏ္ဍဖြစ်တဲ့အတွက် အစိုးရပိုင်းကလည်း တောင်သူတွေကို ဘယ်လိုမျိုး ကာကွယ်ပေးထားမလဲဆိုတဲ့အပေါ် မူတည်ပြီး အပြောင်းအလဲတွေတော့ရှိမှာပါ။
Export အတွက် ထုတ်ဖို့အစီအစဉ်ရှိလား
----------------
Export ကတော့ စပြီးတင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အဓိကဈေးနှုန်းဖြစ်နေတယ်။ ကမ္ဘာ့ဈေးကွက်မှာ ကျွန်မတို့က ရွှေဘိုပေါ်ဆန်းကို သွားတင်မယ်ဆိုရင် Jasmine Rice ရဲ့ ဈေးနဲ့ ကျွန်မတို့ရဲ့ဈေးနဲ့က ကွာဟနေတယ်။ စက်တွေဆိုရင်လည်း သူတို့နိုင်ငံနဲ့ယှဉ်ရင် ကျွန်မတို့နိုင်ငံမှာ တအားကြီးအဆင့်မမီသေးဘူး။ အဲဒီအပိုင်းမှာလည်း ဆန်ရဲ့အရည်အသွေးပေါ်မှာလည်း မယှဉ်နိုင်သေးဘူး။ အဲဒီအခက်အခဲတွေတော့ ရှိပါသေးတယ်။
မြန်မာကုန်ပစ္စည်းတွေက နိုင်ငံတကာ Standard မီပြီလား
------------------
အခုနောက်ပိုင်းမှာ အများကြီးကြိုးစားလာတာကိုတွေ့ရပါ တယ်။ လက်ဖက်တို့၊ ထန်းလျက်တို့ကအစ။ လက်ဖက်ဆိုရင် အခုနောက်ပိုင်း အရင်ကလို Traditional ထုတ်တာမဟုတ်ဘဲ နိုင်ငံခြားသားတွေ ဝယ်သွားချင်လောက်တဲ့အထိ သန့်ထားတာ၊ Certificate တွေအများကြီးယူထားပြီး ထုတ်ထားတာဖြစ်တဲ့အတွက် အရင်နဲ့စာရင် အများကြီးအဆင့်မီလာပါတယ်။ ကျွန်မတို့ဆန်ဆိုရင်လည်း ဟိုးအရင်ခေတ်တွေတုန်းကတော့ ဆန်ကို ပွဲရုံတွေဆိုရင် အောက်မှာ မိုးကာတွေခင်းပြီးတော့ ဆန်တွေကို ချပုံကြတာတွေရှိတယ်။ အခုနောက်ပိုင်းမှာ ကျွန်မတို့က ရှစ်နှစ်လောက်အတွင်းမှာ အဲဒီလို လုံးဝမလုပ်တော့ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုအောက်မှာချပုံတာကို မစားချင်ဘူး။ ကိုယ့်ဆီက ဝယ်စားတဲ့သူကိုလည်း အဲဒီလိုဟာမျိုးမပေးချင်ဘူး။ ဘယ်လိုပဲ Export Product မဟုတ်ဘူးဆိုရင်တောင် ပြည်တွင်းမှာရှိတဲ့ ကိုယ့်ဆီက ဝယ်ယူသူတွေကို အကောင်းဆုံးပေးချင်တယ်။ အဲဒါကြောင့် အားလုံးစက်တွေနဲ့ပဲ သွားနိုင်အောင်လုပ်ထားပါတယ်။
Product တွေအနေနဲ့ နိုင်ငံတကာအဆင့်မီအောင် ဘာတွေပြင်ဆင်ထားသင့်လဲ
---------------
ကျွန်မက အစားအသောက်ဆိုတော့ အစားအသောက်ကဏ္ဍကိုပဲ ဦးတည်ပြောချင်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ စိတ်ချယုံကြည်ရမှု၊ ကျွန်မတို့ဆန်မှာဆိုရင်လည်း ဓာတုဓာတ်ကြွင်းကင်းလား၊ ဓာတ်ကြွင်းတွေမကျန်စေဖို့။ ကျွန်မဆိုရင် ဖြစ်စေချင်တာတော့ နယ်တစ်ခုမှာ ဓာတ်ခွဲခန်းတစ်ခုစီတော့ ရှိစေချင်တယ်။ ကျွန်မတို့ရဲ့ Product ကို ရန်ကုန်ထိယူပြီးတော့ အမြဲတမ်းဓာတ်ခွဲတယ်၊ စစ်တယ်။ ဘယ်သူမှတော့ ကျွန်မတို့ရဲ့ Certificate ကို လာစစ်တာတော့မရှိဘူး။ ဒါပေမဲ့ ကျွန်မက ကိုယ့်ဆီက စားသုံးသူတွေကို စိတ်ချယုံကြည်စေချင်တယ်။ ကိုယ့် Product ကိုစားလိုက်လို့ တစ်ခုခုဖြစ်သွားတာမျိုး မဖြစ်စေချင်ဘူး။
ဒီဆန်ကို ဝယ်စားရတဲ့အတွက် စိတ်ချရတယ်၊ ယုံကြည်ရတယ်ဆိုတာကို လိုချင်တယ်။ ပိုက်ဆံကုန်တယ်၊ အချိန်ကုန်တယ်၊ ဒါပေမဲ့ ကျွန်မတို့က ရန်ကုန်ထိယူပြီး စစ်တယ်။ စားသောက်ကုန်ထုတ်တဲ့ ကဏ္ဍအနေနဲ့ကတော့ စားတဲ့သူကို ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ စိတ်ချယုံကြည်မှုတစ်ခုတော့ရအောင် လုပ်ပေးစေချင်ပါတယ်။ လယ်ယာကဏ္ဍကို အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့အကူအညီပေးစေချင်တယ်။ စပါးစိုက်ပျိုးတဲ့ အဓိကတိုင်းဒေသကြီးတွေမှာ ထုတ်တဲ့ပစ္စည်းတွေကို ဓာတုဓာတ်ကြွင်းမကျန်အောင်၊ စိတ်ချယုံကြည်မှုရှိအောင် ပြည်သူတွေရဲ့ကျန်းမာရေးအတွက် ဓာတ်ခွဲခန်းတွေရှိစေချင်ပါတယ်။
Bayin Food က ထုတ်လုပ်ရောင်းချနေတဲ့ Product များ
-------------
မြန်မာနိုင်ငံကထွက်တဲ့ သဘာ၀ ပဲ၊ နှမ်းစစ်စစ်တွေကို ကြိတ်ထားတဲ့ ပဲဆီ၊ နှမ်းဆီအပြင် မြန်မာ့ရိုးရာလက်ဖက်နဲ့ အကြော်စုံတို့ကို ထုတ်လုပ်ပြီး အိုင်ယာလန်၊ အင်္ဂလန်နဲ့ ဂျာမနီ စတဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချနေပါတယ်။ နောက်ထပ်ပြီး နနွင်းမှုန့်နဲ့ အခြား Agri Based Product တွေလည်း ထုတ်လုပ်ရောင်းချသွားဖို့ စီစဉ်နေပါတယ်။
Product တွေကို ဘယ်လိုဖြန့်ဖြူးရောင်းချနေပါသလဲ
------------------
အိုင်ယာလန်မှာ ကျွန်တော့်ရဲ့ ပါတနာကုမ္ပဏီရှိပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံကနေ ဆီ၊ လက်ဖက်နဲ့ အကြော်စုံတွေကို အိုင်ယာလန်နိုင်ငံကို သင်္ဘောနဲ့တင်ပို့ပါတယ်။ Bottling ၊ Packaging ၊ Marketing နဲ့ Distribution ပိုင်းကို အိုင်ယာလန်ဘက်က ကုမ္ပဏီက အဓိကလုပ်ပါ တယ်။ Bayin Oil ကို ၂၀၁၆ ခုနှစ်မှာ အိုင်ယာလန်မှာ အရင်ဆုံးဖြန့်ချိရောင်းချခဲ့တာဖြစ်ပါတယ်။ အခုဆိုအိုင် ယာလန်နိုင်ငံမှာရှိတဲ့ Supermarket တစ်ရာဝန်းကျင်မှာ Bayin Food Product တွေကို ဝယ်ယူရရှိနေနိုင်ပါပြီ။ လက်ရှိမှာ အင်္ဂလန်နိုင်ငံနဲ့ ဂျာမနီနိုင်ငံတို့ကိုလည်း တင် ပို့ရောင်းချနေပါတယ်။ အခုဆိုရင် ဥရောပရဲ့အကြီးဆုံး Online Market ဖြစ်တဲ့ Amazon မှာလည်း ကျွန်တော်တို့ရဲ့ Bayin Oil ကိုတင်ပြီး ရောင်းချနေပြီ ဖြစ်ပါတယ်။ အိုင် ယာလန်နိုင်ငံကနေမှတစ်ဆင့် အခြားနိုင်ငံတွေကို ဖြန့် ဖြူးရောင်းချတာဖြစ်ပါတယ်။ သိပ်မကြာခင်ကာလအ တွင်း မြန်မာနိုင်ငံမှာလည်း Bayin Food Product တွေကို ဖြန့်ချိရောင်းချသွားဖို့ လုပ်ဆောင်နေပါတယ်။
Product တွေကို ဘယ်လိုမျိုး Standard တွေ၊ Quality တွေနဲ့ ထုတ်လုပ်ရောင်းချနေပါသလဲ
----------------
EU ၂၈ နိုင်ငံလုံးမှာ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေရှိတယ်။ ကျွန်တော်တို့ Product တွေ အကုန်လုံးကိုလည်း သူတို့သတ်မှတ်ထားတဲ့ အရည်အသွေး၊ စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ရောင်းချပါတယ်။ စားသုံးဆီကို သူတို့နိုင်ငံကို တင်ပို့တော့မယ်ဆိုရင် သူတို့တွေက ဆီမှာပါဝင်တဲ့ Erucic Acid Value ကို ကြည့်တယ်။ ဆီမှာ အရေးကြီးဆုံးဖြစ်တဲ့ Aflatoxin Rate တွေ သူတို့သတ်မှတ်ထားတယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်း အရည်အသွေးမီမှ လက်ခံတာဖြစ်ပါတယ်။ ကျွန်တော်တို့ Bayin မြေပဲဆီဟာ ၂၀၁၇ ခုနှစ်မှာ UK Great Taste Awards က ပေးတဲ့ အရသာအကောင်းဆုံးဆီဆုကို ရရှိခဲ့ပါတယ်။ ဆီ Brand ပေါင်းများစွာရှိတဲ့ အထဲကမှ အကဲဖြတ်ဒိုင် ၂၄ ဦးရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံက သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ Bayin မြေပဲဆီက အရသာအကောင်းဆုံးဆိုပြီး ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
မြန်မာ Product တွေ နိုင်ငံတကာ Standard မီသလား
-----------------
ကျွန်တော်တို့မြန်မာနိုင်ငံက Product တွေက နိုင်ငံတကာအဆင့်မီပါတယ်။ ဖြစ်နေတဲ့ပြဿနာက ကျွန်တော်တို့ ကိုယ်တိုင်အဆင့်မီကြောင်းမသိဘူးဖြစ်နေတာပါ။ ကျွန်တော်တို့မှာချပြဖို့ အခွင့်အရေးမရှိခဲ့ဘူး။ အဲဒီကျတော့ ကိုယ့် Product တွေ အရည်အသွေးမီတယ်ဆိုတာကို ဘယ်သူမှမသိဘူးဖြစ်နေတာပါ။
AEC ဝင်လာတဲ့အခါ မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
--------------------
ယှဉ်ပြိုင်ဖို့အတွက် ကျွန်တော်တို့အများကြီးကြိုးစားဖို့ လိုအပ်ပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေမှာ စိန်ခေါ်မှုတွေက အများကြီးဖြစ်ပါတယ်။ နိုင်ငံခြားကဝင်လာမယ့် လုပ်ငန်းတွေသည် သူတို့ရဲ့နောက်ခံ Background က ငွေအင်အားအရပဲဖြစ်ဖြစ်၊ လူသိများမှုအရပဲဖြစ်ဖြစ် ကျွန်တော်တို့ထက် သာလွန်ကြီးမားတယ်။ ယှဉ်ပြိုင်တော့မယ်ဆိုရင် ကျွန်တော်တို့ဘက်က အစစ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ ကြိုးစားဖို့ လိုအပ်ပါတယ်။ ကြိုးစားရင်တော့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လို SME လုပ်ငန်းလေးတွေအနေနဲ့ အဘက်ဘက်က ပြင်ဆင်ဖို့ ပိုပြီးလိုအပ်ပါတယ်။ ဒါအပြင် လုပ်ငန်းရှင်တွေကို ယှဉ်ပြိုင်နိုင်လောက်တဲ့ အခွင့်အရေးတွေပေးဖို့ လိုအပ်တယ်။ တကယ်တမ်း သူတင်ကိုယ်တင် ယှဉ်ပြိုင်ရပြီဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတဲ့ မူဝါဒတွေလည်း တိတိကျကျရှိဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာ Product တွေကို ယှဉ်ပြိုင်နိုင်ဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲ
------------
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေ လေ့လာမှတ်သားဖို့ လိုအပ်ပါတယ်။ တခြားနိုင်ငံက ကိုယ်နဲ့လုပ်ငန်းတူတဲ့သူတွေ ဘယ်လိုမျိုးလုပ်ကိုင်နေသလဲ။ ဘယ်လိုအရည်အသွေးမီအောင် ထုတ်လုပ်ရောင်းချနေသလဲဆိုတာတွေ လေ့လာဖို့ လိုအပ်ပါတယ်။ ကိုယ့်နယ်ပယ်မှာ ကိုယ်က ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေအောင်ကို လေ့လာထားရမှာ ဖြစ်ပါတယ်။ စာတွေလည်း အများကြီးဖတ်ရပါမယ်။
Toy Box မှာ ဘယ်လို Product တွေ ပါဝင်သလဲ
-------------
Toy Box မှာ မြန်မာ့ရိုးရာအရုပ်တွေ ပါဝင်ပါတယ်။ ကျွန်တော်တို့က ကိုယ်တိုင်အရုပ်မလုပ်ဘူး။ ကျွန်တော်တို့က Toy Box ဆိုတဲ့ Branding လုပ်တယ်။ မြန်မာ့ရိုးရာကစားစရာတွေကို Box တစ်ခုတည်းမှာ တစ်စုတစ်စည်းတည်း ရနိုင်တဲ့ အိုင်ဒီယာနဲ့လုပ်ပြီး ရောင်းချတာဖြစ်ပါတယ၊်။ Toy Box မှာ ကျွန်တော်တို့နဲ့ ချိတ်ထားတဲ့ Supplier တွေရှိတယ်။ Toy Box မှာ Classic Box နှစ်ခုရှိတယ်။ မြန်မာ့ရိုးရာကစားစရာပုံးနဲ့ မြန်မာ့ရိုးရာတူရိယာပုံးတို့ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာကစားစရာပုံးမှာဆိုရင် မြန်မာ့ရိုးရာကစားစရာ ၁၉ မျိုး ပါတယ်။ အဲဒီ ၁၉ မျိုးကို တစ်နေရာတည်းမှာ ဘယ်လိုမှမရနိုင်ဘူး။ စက္ကူရုပ်တွေဆိုရင် ပဲခူးဘက်မှာရတယ်။ မွန်ပြည်နယ်က ချောင်းဆုံဘက်မှာရတယ်။ ဝါးနဲ့လုပ်တဲ့အရုပ်ကကျတော့ အင်းလေးဘက်က ဖြစ်သွားပြန်တယ်။ ထန်းခေါက်ဖာကကျတော့ အညာဘက်က ဖြစ်သွားတယ်။ ပစ္စည်းတွေက တစ်နေရာတည်းက မရနိုင်ဘူး။
Toy Box ရဲ့ အသက်သည် အဲဒီ Supplier တွေ အားလုံးနဲ့လိုက်ချိတ်ထားရတယ်။ အဲဒီ Supplier တွေ အားလုံးဆီက ပစ္စည်းတွေ တစ်ချိန်တည်းမှာရဖို့ အရေးကြီးတယ်။ အရုပ် ၁၉ မျိုးပါတာမှာ နှစ်မျိုးလောက်မရရင် ကျွန်တော်တို့အနေနဲ့ Box တွေ ထုတ်လို့မရတော့ဘူး။ ကျွန်တော်တို့ Toy Box သည် ကိုယ်တိုင်အရုပ်ထုတ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်လိုချင်တဲ့ အရုပ်ဒီဇိုင်းနဲ့ အရည်အသွေးကိုတော့ Supplier တွေကိုပြောပြီး အပ်ရပါတယ်။ အရည်အသွေးမကောင်းရင် ကောင်းအောင်လုပ်ခိုင်းရပါတယ်။
TOY BOX ကို ဘယ်လိုဖြန့်ဖြူးရောင်းနေသလဲ
--------------
Toy Box ကို Social Media ကနေပဲ အဓိကရောင်းချပါ တယ်။ နောက်ပိုင်းကျတော့ အပြင်မှာလာဝယ်ချင်တဲ့ သူတွေအတွက် ကျွန်တော်တို့ရုံးခန်းမှာ လာဝယ်လို့ရပါတယ်။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ Physical Shop တွေလည်းရှိပါတယ်။ ပုလဲကွန်ဒိုမှာရှိတဲ့ Strawberry Sky ၊ ဗိုလ်ချုပ်ဈေးထဲက ဈေးဆိုင်တွေ၊ Myanmar Book Center တို့မှာ ကျွန်တော်တို့ Toy Box ပုံးလေးတွေ တင်ထားပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Sales Channel ကတော့ Social Media ကနေပဲ အဓိကသွားတယ်။ Social Media ကနေပဲကြော်ငြာတယ်။ Social Media ကနေပဲ Order လက်ခံပြီး Delivery နဲ့ ပို့ပေးပါတယ်။
Quality နဲ့ Standard ပိုင်းကို ဘယ်လိုဆောင်ရွက်ပါသလဲ
-----------
တချို့အရုပ်တွေရဲ့ အရည်အသွေးကိုတော့ ကျွန်တော့်အနေနဲ့ လက်ခံလို့မရသေးဘူး။ ဒါပေမဲ့ ရွေးချယ်စရာမရှိတော့ လက်ခံနေရတဲ့အပိုင်းတွေ ရှိနေပါတယ်။ တော်တော်များများသည် Handmade ဖြစ်တယ်။ Handmade ဖြစ်တဲ့အတွက် လုပ်တဲ့သူအပေါ်မှာ အများကြီးမူတည်သွားတယ်။ သူ့ရဲ့လုပ်နိုင်တဲ့ Capacity အပေါ်မှာလည်း မူတည်တာပေါ့။ ကျွန်တော်တို့ဘက်က အော်ဒါများလို့ သူ့ကိုအတင်းတွန်း လုပ်ခိုင်းတဲ့အခါ အချိန်တိုအတွင်းမှာ ရဖို့လုပ်ရတာဖြစ်တဲ့အတွက် အရည်အသွေးက ကျသွားတတ်ပါတယ်။ အဲဒီလိုမျိုးရှိတဲ့အခါကျတော့ ညှိယူရပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကအခက်အခဲက Supplier တွေ အများကြီး လိုက်ရှာရတာပါ။ အရုပ်အမျိုးအစားတစ်ခုကို လုပ်နိုင်တဲ့ Supplier သုံး၊ လေးယောက်လောက်ရှာထားရတယ်။ အဲဒီမှာမှ အရည်အသွေးအကောင်းဆုံးပေးနိုင်တဲ့ SUPPLIER ကို ကျွန်တော်တို့ ချိတ်ဆက်ရပါတယ်။ ကျွန်တော့်တို့ရဲ့ ရည်ရွယ်ချက်က SUPPLIER တွေအားလုံးနဲ့ ချိတ်ဆက်ချင်တာ။ ဒါပေမဲ့ တချို့ SUPPLIER တွေက ဘယ်လိုမှဆွဲတင်လို့မရဘူး။ ကြိုးစားကြည့်တယ်။ လိုအပ်တာပံ့ပိုးပေးတယ်။ စက္ကူရုပ်ကိုအပေါ်က ဆေးသုတ်ထားတာက မသားနားတာမျိုးဖြစ်တတ်တယ်။ သတင်းစာစက္ကူသုံးထားတဲ့အခါကျတော့ ဆေးသုတ်လိုက်တဲ့အခါ အောက်ကစာတွေမြင်နေရတယ်။ အဲဒါကြောင့် A4 ပဲသုံးဖို့ ပြောကြည့်တယ်။ ရန်ကုန်ကနေသွားရင် A4 တွေ ယူသွားပေးတယ်။ သတင်းစာစက္ကူတွေမသုံးဘဲ စာရွက်ကောင်းကောင်းလေး သုံးဖို့ ပြောကြည့်တယ်။ ဒါပေမဲ့ မရပါဘူး။ သတင်းစာစက္ကူနဲ့ပဲ လုပ်ကြတယ်။ အရုပ်မှာခဲတွေ ကပ်နေတတ်လို့ အရုပ်နေလှန်းရင် ဖုန်မတက်တဲ့နေရာလှမ်းပေးဖို့ ပြောကြည့်တယ်။ အဲဒီလိုမျိုးအဆင်မပြေတဲ့ Supplier တွေကို ကျတော့ ကျွန်တော်တို့ လက်လျှော့လိုက်ရတာမျိုးရှိပါ တယ်။ အဲဒီအခါမှာ ပိုပြီးကောင်းတဲ့ SUPPLIER တွေ လိုက်ရှာရတော့ ဈေးတွေကလည်း မြင့်သွားတယ်။ ပုံမှန်ရောင်းတဲ့ Supplier တွေကတော့ ဈေးသက်သာတယ်။ တကယ့်အရည်အသွေးမြင့်တဲ့ အရုပ်တွေမှာကျတော့ သုံးတဲ့ပစ္စည်းတွေရဲ့ အရည်အသွေးကိုက ကောင်းတယ်။ ကလေးတွေ ဒီအရုပ်တွေနဲ့ ကစားတဲ့အခါ အဆိပ်မသင့်အောင် အန္တရာယ်မဖြစ်စေတဲ့ သင်္ဘောဆေးကို သုံးတယ်။ အရုပ်ကို A4 စာရွက်နဲ့ပဲ နှစ်ထပ်၊ သုံးထပ်ပတ်မယ်။ အဲဒီလို အရည်အသွေးကောင်းအောင် လုပ်ရတဲ့အခါကျတော့ ဈေးကတော့ နည်းနည်းမြင့်ပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့အရည်အသွေးမျိုး အချိန်မီလုပ်ပေးနိုင်တဲ့ Supplier တွေနဲ့ လက်တွဲလုပ်ကိုင်ရပါတယ်။ သူတို့ကိုလည်း ကိုယ့်ဘက်က Demand ရှိတယ်။ တောက်လျှောက်ရေရှည် လက်တွဲမယ်ဆိုတာလည်း ပြပေးရတယ်။ တစ်ခါမှာရင် အနည်းဆုံး အရုပ်ငါးရာ၊ ခြောက်ရာ မှာရတယ်။
AEC ဝင်လာရင် မြန်မာ Product တွေ ယှဉ်ပြိုင်နိုင်ပါ့မလား
----------------
ယှဉ်ပြိုင်နိုင်တဲ့ Product တချို့လည်းရှိပါတယ်။ တချို့ Product တွေကျတော့ မယှဉ်ပြိုင်တာတွေ ရှိပါတယ်။ တချို့ကလေးကစားစရာအရုပ်တွေက စက်တွေနဲ့လုပ်ရတာရှိတယ်။ လုပ်ရတာလည်း Function တွေ အများကြီးစုံတယ်။ အဲဒီနေရာမှာတော့ ယှဉ်ပြိုင်နိုင်တဲ့ မြန်မာကစားစရာမရှိဘူး။ ဒါပေမဲ့ နိုင်ငံခြားက ဝင်လာတဲ့ တချို့ပစ္စည်းတွေနေရာမှာ အစားထိုးနိုင်တဲ့ ပစ္စည်းတွေလည်းရှိတယ်။ ဥပမာ- ပတ္တလားဆိုရင် တရုတ်ပြည်က ဝင်တဲ့ပတ္တလားအရုပ်တွေရှိတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ကလေး ကစားစရာပတ္တလားအရုပ်လေးတွေ ရှိတယ်။ ဈေးနှုန်းကလည်း မြန်မာပတ္တလားအရုပ်က ပိုသက်သာပါတယ်။ အခုနောက်ပိုင်း ကျွန်တော် Yoe Yar Zay Website တည်ထောင်ပြီးနောက်ပိုင်း ကျွန်တော်တို့ Website မှာလာတင်ရောင်းတဲ့ တချို့ Supplier တွေရဲ့ မြန်မာ Product တွေသည် နိုင်ငံခြား Product တွေကို ယှဉ်နိုင်တဲ့အခြေအနေမှာရှိတယ်။ ဈေးနှုန်းအရရော အရည်အသွေးပိုင်းရောမှာပါ ယှဉ်နိုင်တယ်။ တချို့ကျတော့လည်း မြန်မာမှုဆိုပြီး ဈေးက တအားထိုးတက်သွားတယ်။ အဲဒါမျိုးကျ မယှဉ်နိုင်ဘူး။ မြန်မာမှုပေမယ့် နိုင်ငံတကာကိုယှဉ်နိုင်တဲ့ အရည်အသွေးရှိတဲ့ ပစ္စည်းတွေလည်းရှိပါတယ်။ အထူးသဖြင့် Myanmar Traditional အိတ်လေးတွေဆိုရင် နိုင်ငံတကာကို ယှဉ်နိုင်ပါတယ်။ Custoemr တွေအနေနဲ့လည်း ဝယ်ရင်မြန်မာမှုကို ဦးစားပေးဝယ်ဖို့ အကြံပေးချင်တယ်။ အရည်အသွေးလည်းတူတယ်။ ဈေးလည်းတူတယ်။ ကိုယ့်အတွက်လည်း အဆင်ပြေတယ်ဆိုရင် မြန်မာပစ္စည်းတွေကို ဝယ်ယူအားပေးတာက မြန်မာလုပ်ငန်းတွေကို အားပေးရာရောက်ပါတယ်။ လုပ်ငန်းရှင်တွေဘက်ကလည်း အရည်အသွေးကောင်းအောင် အမြဲတမ်းထိန်းထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားကပစ္စည်းတွေက စက်နဲ့ထုတ်တယ်။ မြန်မာနိုင်ငံကပစ္စည်းတွေက အရည်အသွေးကောင်းတယ်ဆိုရင်တောင် အခက်အခဲတစ်ခုက Supplier က မနိုင်တော့တာ ဖြစ်တတ်ပါတယ်။ အရည်အသွေးကောင်းဖို့အတွက် အချိန်ပေးပြီး လုပ်ရတယ်။ လုပ်တဲ့အခါကျတော့ နောက်က Supply က မလိုက်နိုင်တော့ဘူး။ အထူးသဖြင့်တော့ တရုတ်ဘက်က ဝင်လာတာတွေရှိတယ်။ အရည်အသွေးတစ်သမတ်တည်းနဲ့ ပစ္စည်းအရေအတွက်အများကြီးကို စက်နဲ့အများကြီး ထုတ်လုပ်နိုင်တယ်။ ဒီမှာ ဆယ်ခုထုတ်နိုင်တဲ့အချိန်မှာ ဟိုဘက်က အခုတစ်ထောင်လောက် ထုတ်လုပ်နိုင်တယ်။ ဒါကတော့ မြန်မာ Product တွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။
မြန်မာကုန်ပစ္စည်းတွေအနေနဲ့ နိုင်ငံတကာ Standard မီပြီလား
------------
နိုင်ငံတကာ Standard မီတယ်ဆိုတာ ဘာနဲ့အဓိကတိုင်းမှာလဲ မေးစရာရှိပါတယ်။ နိုင်ငံတကာ Standard မီတယ်လို့ ပြောတဲ့နေရာမှာ Packaging ကောင်းရင် နိုင်ငံတကာ Standard မီတယ် ပြောရမှာလား။ အထဲမှာ ပါဝင်တဲ့ပစ္စည်း အန္တရာယ်ကင်းရင် နိုင်ငံတကာ Standard မီတာလား။ မြန်မာ Standard တွေထဲမှာ နိုင်ငံတကာကို ထိုးဖောက်နေတဲ့ Standard တွေ တော်တော်များများရှိပါတယ်။ တချို့ကျတော့လည်း Safety အရလည်း အဆင်မပြေဘူး။ တာရှည်လည်းမခံဘူး။ Packaging လည်း မကောင်းဘူး။ အဲဒါမျိုးဆိုရင်တော့ နိုင်ငံတကာအဆင့်မမီဘူး ပြောရပါမယ်။ ဒါပေမဲ့ အရည်အသွေးလည်း ပြည့်မီတယ်၊ Packaging လည်း ကောင်းတယ်၊ တာရှည်လည်းခံတဲ့ မြန်မာ Product တွေ နိုင်ငံတကာကို ထိုးဖောက်နေတာလည်း ရှိပါတယ်။
နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် မြန်မာ Product တွေအနေနဲ့ ဘာတွေပြင်ဆင်ထားဖို့ လိုအပ်သလဲ
---------------
ထုတ်လုပ်တဲ့ ပစ္စည်းအပေါ်မူတည်ပြီး သူတိုနဲ့ကိုက်ညီတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ သိထားဖို့ လိုအပ်ပါတယ်။ နောက်တစ်ခု ဘယ် Channel ကနေ ထိုးဖောက်မှာလဲ။ မြန်မာထုတ်ကုန်တွေကို နိုင်ငံတကာကို တိုက်ရိုက်တင်ပို့နိုင်မယ့် Channel တွေ ပေါ်လာပါလိမ့်မယ်။ အဓိက Digital Channel တွေ ပေါ်လာမှာပါ။ အဲဒီလိုပေါ်လာတဲ့အခါမှာလည်း သူတို့အနေနဲ့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ မြန်မာပြည်ထဲမှာပဲ ပစ္စည်းထုတ်နေတယ်။ ဒါပေမဲ့ နိုင်ငံခြားကို ထိုးဖောက်ဖို့ နည်းပညာအခက်အခဲတွေ လိုနေတယ်။ အဆက်အသွယ် အခက်အခဲတွေ ရှိနေတယ်ဆိုရင် ထိုးဖောက်ဖို့ ခက်ခဲနေမှာပါပဲ။ တချို့ပစ္စည်းတွေသည် အရည်အသွေးအရကောင်းနေပြီ။ ထိုးဖောက်နိုင်တဲ့ အရည်အသွေးလည်း ရှိနေပြီ။ ဒါပေမဲ့ နိုင်ငံတကာကို ထိုးဖောက်ဖို့ အခြားအခက်အခဲတွေ ရှိနေသေးရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ့်ပစ္စည်းအရည်အသွေး စံချိန်စံညွှန်းကောင်းမွန်မှုရှိဖို့ လိုအပ်တဲ့အပြင် နိုင်ငံတကာကို ထိုးဖောက်ဖို့ Channel တွေ၊ ထိုးဖောက်ဖို့ အဆက်အသွယ်တွေ အဓိကရှာထားရမှာ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့