CB Bank က ထုတ်ပေးနေတဲ့ Credit Card တွေအကြောင်း၊ ဘယ်လိုပုံစံနဲ့ထုတ်ပေးနေတယ်၊ ဒီကတ်တွေကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာတွေနဲ့ပတ်သက်လို့ CB Bank ရဲ့ Cards & Merchant Services Department က Head of Card & Merchant Services ဦးဇေယျာအောင်က ဖြေကြားပေးထားပါတယ်။ [caption id="attachment_32682" align="alignnone" width="370"] ဦးဇေယျာအောင်
Head of Card & Merchant Services
Cards & Merchant Services Department
CB Bank Ltd[/caption] CB Bank ကထုတ်ပေးနေတဲ့ Credit Card တွေက -------------------------------- မြန်မာနိုင်ငံမှာ Credit Card ကို စတင်ထုတ်ဝေခဲ့တဲ့ ဘဏ်တွေထဲမှာ ကျွန်တော်တို့ CB ဘဏ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က ထုတ်ထားတဲ့ Credit Card အမျိုးအစားတွေကတော့ MPU Credit Card ၊ Visa နဲ့ပေါင်းပြီးထုတ်တဲ့ Visa Credit Card ၊ MasterCard နဲ့ပေါင်းပြီးထုတ်တဲ့ MasterCard Credit Card ၊ UnionPay ရယ်၊ MPU ရယ်နှစ်ခုပေါင်းပြီးထုတ်တဲ့ UnionPay MPU Credit Card ဆိုပြီးတော့ အမျိုးအစားလေးမျိုးနဲ့ ထုတ်ဝေထားပါတယ်။ သုံးစွဲတဲ့သူအနေနဲ့ကလည်း ကိုယ်သုံးစွဲမှုအခြေအနေပေါ် မူတည်ပြီးတော့ အဲဒီလေးမျိုးထဲက တစ်မျိုး၊ ဒါမှမဟုတ် လေးမျိုးစလုံးကိုပဲဖြစ်ဖြစ် လျှောက်ထားကိုင်ဆောင်လို့ရပါတယ်။ Credit Card လျောက်ထားဖို့ လိုအပ်ချက်တွေနဲ့ပတ်သက်လို့ ------------------------------- Credit Card လျှောက်တဲ့အခါမှာလည်း သုံးစွဲသူတွေ လွယ်ကူအောင်လို့ Credit Card လျှောက်တဲ့ Process ကို အရိုးရှင်းဆုံးဖြစ်အောင် ပြုလုပ်ထားပါတယ်။ Credit Card လျှောက်တဲ့သူတွေအနေနဲ့ အဓိကအရေးကြီးတဲ့လိုအပ်ချက်ကတော့ လစာဝင်ငွေအထောက်အထားပါ။ အဲဒီအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့က လျှောက်ထားသူကို Credit Card ထုတ်ပေးမယ်၊ မထုတ်ပေးဘူးဆိုတာကို စဉ်းစားတယ်။ လစာဝင်ငွေအထောက်အထား ရရှိမှုပေါ်မူတည်ပြီးတော့ Credit Limit အကြွေးပေးမယ့်ပမာဏကိုလည်း သတ်မှတ်တယ်၊ ဆုံးဖြတ်တယ်။ CB ဘဏ်အနေနဲ့က Credit Card လျှောက်တဲ့အခါမှာ Computerized ပါ။ လူနဲ့လုပ်တဲ့အလုပ်တွေ တော်တော်များများကို လျှော့ချပြီးတော့ Credit Card ကို စလျှောက်တဲ့အချိန်ကစပြီး Credit Card ကို စစ်ဆေးတယ်၊ Credit Limit သတ်မှတ်တယ်၊ ပြီးတော့ Card ထွက်လာတဲ့အထိကို ကျွန်တော်တို့က ကွန်ပျူတာတွေနဲ့ပဲ ဆောင်ရွက်ပါတယ်။ Credit Card နဲ့ပတ်သက်တဲ့ Document တွေကို ကွန်ပျူတာထဲထည့်ပေးလိုက်တာနဲ့ ကွန်ပျူတာကနေ ဒီလျှောက်ထားသူကို Credit Card ထုတ်ပေးသင့် မသင့်၊ Credit Limit ဘယ်လောက်ရသင့်တယ် စတာတွေ အကုန်လုံးကို ကွန်ပျူတာနဲ့ပဲ တွက်ချက်ပြီး ကွန်ပျူတာနဲ့ ထုတ်ပေးတာဖြစ်ပါတယ်။ CB ဘဏ်ရဲ့ Credit Card ကို CB ဘဏ်ခွဲတိုင်းမှာ လျှောက်လို့ရပါတယ်။ CB ဘဏ်ရဲ့ Website ၊ ဒါမှမဟုတ် Facebook ကနေပြီးတော့ Form ကို Download လုပ်ပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေကို Attach လုပ်၊ အီးမေးလ်ကနေပေးပို့ပြီးတော့လည်း လျှောက်ထားလို့ရပါတယ်။ အဓိကလိုအပ်ချက်တွေကလည်း ရိုးရှင်းပါတယ်။ နံပါတ်တစ်က လစာဝင်ငွေအထောက်အထား လိုပါတယ်။ နံပါတ်နှစ်က မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ လိုပါတယ်။ နံပါတ်သုံးက Guarantor လိုပါတယ်။ ကတ်လျှောက်ထားတဲ့သူကို အာမခံချက်ပေးနိုင်မယ့်သူတစ်ယောက်လိုပါတယ်။ အဲဒီ Guarantor ရဲ့ ဝင်ငွေအထောက်အထား၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူစတာတွေကို လိုအပ်ပါတယ်။ အဲဒီအချက် လေးငါးချက်နဲ့ပတ်သက်ပြီး ပြည့်စုံပြီဆိုတာနဲ့ လစာအထောက်အထားက ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီ HR ၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ Authorised Person တစ်ယောက်ကနေပြီးတော့ ကုမ္ပဏီ Letter Head နဲ့ လျှောက်ထားသူက ဒီကုမ္ပဏီမှာ အလုပ်လုပ်နေပါတယ်။ လစာငွေဘယ်လောက်ရပါတယ်ဆိုပြီးတော့ ထောက်ခံပေးတဲ့ကုမ္ပဏီ Letter စာရွက်စာတမ်းလိုပါတယ်။ အာမခံပေးမယ့်သူကလည်း ဝန်ထမ်းဖြစ်တယ်ဆိုရင် ဝန်ထမ်းအထောက်အထားနဲ့ လစာအထောက်အထားတွေ လိုပါတယ်။ တကယ်လို့သာ လုပ်ငန်းရှင်တစ်ယောက်က လျှောက်ချင်တယ်ဆိုရင် သူဟာ လုပ်ငန်းရှင်ဖြစ်ကြောင်း၊ သူ့ရဲ့ကုမ္ပဏီအထောက်အထား Form 6/26 Copy ၊ Audited အရှုံးအမြတ်စာရင်း (သုံးနှစ်စာ) လိုပါတယ်။ ဒါတွေပြည့်စုံပြီဆိုရင် အချက်အလက်တွေကို ကျွန်တော်တို့ရဲ့ Credit Card Processing System ထဲကို ထည့်လိုက်ပါတယ်။ လျှောက်ထားသူရတဲ့ တစ်လစာဝင်ငွေရဲ့ တစ်ဆ၊ ဒါမှမဟုတ် နှစ်ဆ၊ ဒါမှမဟုတ် အများဆုံးသုံးဆအထိ Credit Limit သတ်မှတ်ပေးပြီးရင် ကတ်ထွက်လာပြီ ဖြစ်ပါတယ်။ ကြာမြင့်ချိန်ကတော့ CB ဘဏ်ရဲ့ Form ဖြည့်ပြီး Document တွေပြည့်စုံတယ်ဆိုရင် နှစ်ပတ်အတွင်း Credit Limit နဲ့ကတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ အခုကြုံတွေ့နေရတာတွေက Credit Card ထုတ်ပေးတာကြာနေတယ်ဆိုတာက ဘာဖြစ်လို့လဲဆိုတော့ Document တွေ ပြည့်စုံမှုရှိဖို့ အချိန်ယူရပါတယ်။ တချို့က Form ဖြည့်တဲ့နေရာမှာ မပြည့်စုံဘူး။ တချို့ကျတော့ HR Letter က မပြည့်စုံတာတွေ ဖြစ်တတ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်တွေကျတော့လည်း ကျွန်တော်တို့က Audited Paper လိုချင်တယ်၊ သူတို့ပေးတော့ Audited မဟုတ်ဘူး၊ ကျွန်တော်တို့က သုံးနှစ်စာလိုချင်တယ်၊ သူတို့ပေးတာက တစ်နှစ်စာပဲရှိတယ်။ အဲဒီလိုမျိုးတွေကြောင့် ကြာချိန်က သတ်မှတ်ထားတဲ့ နှစ်ပတ်ကနေ Document မပြည့်စုံရင် မပြည့်စုံသလို အချိန်က ပိုယူရမှာဖြစ်ပါတယ်။ Credit Limit နဲ့ထုတ်ပေးတဲ့ ကတ်အမျိုးအစား -------------------------------- ကျွန်တော်တို့ထုတ်တဲ့ Card တွေထဲမှာ Classic ၊ Gold နဲ့ Platinum Card ဆိုပြီး Category သုံးခုရှိတယ်။ Classic Card မှာ အများဆုံးက ဆယ်သိန်းထိ Range ထဲမှာရှိတယ်။ Gold Card က ဆယ်သိန်းကနေ သိန်း ၄၀ ထိရှိတယ်။ Platinum Card က သိန်းလေးဆယ်ကနေ သိန်း ၅၀ ထိ ရှိပါတယ်။ သိန်း ၅၀ ကတော့ Maximum Amount ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က Credit Card လာလျှောက်တယ်။ သူ့ရဲ့လစာက တစ်လကို ၁၅၀,၀၀၀ ကျပ်ရတယ်ဆိုရင် သူ့ရမယ့် Credit Limit က အနည်းဆုံးသူ့လစာရဲ့ တစ်ဆဖြစ်တဲ့ ၁၅၀,၀၀၀ ကနေ အများဆုံး ၄၅၀,၀၀၀ ကျပ် ကြားထဲမှာဖြစ်နိုင်ပါတယ်။ တကယ်လို့ Credit Card လျှောက်ထားသူရဲ့ တစ်လစာ ဝင်ငွေက ဆယ်သိန်းဆိုရင် သူက Gold Catergory ထဲမှာ ရှိပါတယ်။ ဒါဆိုရင် သူ့ရဲ့ Credit Limit က အနည်းဆုံး ဆယ်သိန်းကနေ အများဆုံးသိန်း ၄၀ ကြားထဲမှာ ဖြစ်နိုင်တယ်။ အဲဒီထက်လစာမြင့်တဲ့သူ၊ ဥပမာ-သိန်း ၂၀၊ သိန်း ၃၀၊ ဒါမှမဟုတ် လုပ်ငန်းရှင်တစ်ယောက် သူ့ရဲ့အခွန်ငွေရော၊ လစာရောက သိန်း ၅၀၊ တစ်ရာလောက်ရှိတဲ့သူတွေဆိုရင်တော့ သူ့ရဲ့ Category က Platinum ဖြစ်ပြီးတော့ သူ့အနေနဲ့ Credit Limit က သိန်း ၅၀ ထိသုံးလို့ရပါတယ်။ တကယ်လို့ ပိုက်ဆံပိုပြီးသုံးချင်တယ်ဆိုရင် Credit Card ထဲကို ပိုက်ဆံထပ်ထည့်ပြီး သုံးနိုင်ပါတယ်။ ကျွန်တော်တို့ပေးထားတဲ့ Credit Limit က သိန်း ၅၀ ဆိုရင် Credit Card ထဲကို နောက်ထပ်ဆယ်သိန်းထည့်လိုက်ရင် သူ့ရဲ့သုံးပိုင်ခွင့်က သိန်း ၆၀ ဖြစ်သွားပါမယ်။ ဒါဆိုရင် သိန်း ၅၀ က ကျွန်တော်တို့ဘဏ်ရဲ့အကြွေးထဲမှာရှိတဲ့ Limit ကိုသုံးတာ၊ ဆယ်သိန်းကတော့ ကိုယ့်ပိုက်ဆံကိုယ် သုံးတာဖြစ်သွားပါမယ်။ အဲဒီလိုမျိုးသုံးစွဲလို့ လည်းရပါတယ်။ CB ဘဏ်က ထုတ်ပေးတဲ့ကတ်တွေကို ဘယ်နေရာတွေမှာ သုံးနိုင်မလဲ၊ နိုင်ငံတကာမှာရော သုံးလို့ရနိုင်မလား ----------------------------- CB ဘဏ်က ထုတ်တဲ့ကတ်တွေက Visa ၊ MasterCard ၊ UnionPay ရယ်၊ MPU ရယ်ရှိတယ်။ CB ဘဏ်ကလည်း ဒီလိုကတ်တွေကိုသုံးဖို့ ATM တွေချပေးထားတယ်။ ဆိုင်တွေမှာ Credit Card လက်ခံတဲ့စက်တွေ၊ ကျွန်တော်တို့ခေါ်တာတော့ Point of Sale (POS) စက်တွေလည်း တပ်ထားတယ်။ ကျွန်တော်တို့ဘဏ်တစ်ဘဏ်တည်းမဟုတ်ဘူး။ KBZ တို့၊ AYA တို့အပါအဝင် ကျန်တဲ့ဘဏ်တွေ ပေါင်းလိုက်မယ်ဆိုရင် Market ထဲမှာ Credit Card သုံးလို့ရတဲ့ နေရာပေါင်းက မြန်မာတစ်ပြည်လုံးမှာဆိုရင် တစ်သောင်းကျော်၊ နှစ်သောင်းနီးပါးလောက်ရှိလာတယ်။ အခုဆိုရင် အဆင့်မြင့်ဟိုတယ်ကြီးတွေ အကုန်လုံးမှာ Credit Card သုံးလို့ရပါတယ်။ ပြည်တွင်းကထုတ်ပေးတဲ့ ကတ်တွေက ဟိုတယ်တွေ၊ Restaurant တွေနဲ့ Airline တွေမှာ သုံးလို့ရမယ်။ အခုဆိုရင် ရွှေပလ္လင်လက်ဖက်ရည်ဆိုင်တွေမှာ Credit Card သုံးပြီး ငွေရှင်းလို့ ရနေပါပြီ။ Credit Card အသုံးပြုတဲ့သူတွေအတွက် Discount Program တွေလည်းရှိပါတယ်။ ရွှေပလ္လင်မှာ CB ဘဏ်ကတ်နဲ့ ခုနစ်ထောင်ဖိုးနဲ့အထက်သုံးစွဲရင် ၂၀ ရာခိုင်နှုန်း Discount ပေးထားတယ်။ အဲဒီလိုအခွင့်အရေးတွေ ရှိပါတယ်။ နိုင်ငံခြားမှာတော့ Visa Logo ရှိတဲ့နေရာ၊ MasterCard Logo ရှိတဲ့နေရာတိုင်း၊ UnionPay Logo ရှိတဲ့ နေရာတိုင်းမှာ တွင်တွင်ကျယ်ကျယ် သုံးနိုင်ပါတယ်။ Visa ၊ MasterCard နဲ့ UnionPay ကတ်တွေဆိုရင် နိုင်ငံပေါင်း ၁၉၀ ကျော်မှာ သုံးစွဲနိုင်တဲ့နေရာပေါင်း သန်းနဲ့ချီပြီးတော့ရှိတယ်။ နိုင်ငံခြားသွားတဲ့အခါ ကိုယ့်မှာ Credit Card တစ်ကတ်ရှိထားမယ်ဆိုရင် ATM မှာလည်း သုံးလို့ရမယ်၊ ဟိုတယ်ခတို့၊ မုန့်ဝယ်တာတို့အပြင် အသေးသုံးဖြစ်တဲ့ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာသုံးတာကအစ ကတ်နဲ့သုံးလို့ရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရောက်သွားပြီဆိုတာနဲ့ လက်ထဲမှာ Cash ကိုင်ထားစရာ မလိုသလောက်ကို သုံးလို့ရပါတယ်။ CB က ထုတ်ပေးနေတဲ့ကတ်တွေရဲ့ Currency --------------------- Credit Card တွေရဲ့ Currency က မြန်မာကျပ်ပါ။ Credit Limit ကိုလည်း မြန်မာကျပ်နဲ့ပဲ သတ်မှတ်ပေးတယ်။ မြန်မာငွေဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းမှာမြန်မာငွေနဲ့ သုံးတာတွေက မြန်မာကျပ်ကို မြန်မာကျပ်နဲ့ ရှင်းတဲ့အတွက် Exchange Rate မရှိဘူး။ ဒါပေမဲ့ တခြားဘာ Currency ပဲသုံးသုံး၊ Exchange Rate က ရှိလာမှာဖြစ်ပါတယ်။ ဥပမာ-စင်ကာပူရောက်သွားတယ်ဆိုရင် သူကစင်ကာပူဒေါ်လာနဲ့ သတ်မှတ်တယ်။ အဲဒီအတွက် မြန်မာ Currency ကနေ စင်ကာပူ Currency ကို သူ့ဘာသာ Change သွားမှာဖြစ်ပါတယ်။ ဘယ် Rate နဲ့ Change လဲဆိုတော့ MasterCard ဆိုရင် MasterCard က သတ်မှတ်တဲ့ Rate ၊ Visa ဆိုရင် Visa က သတ်မှတ်တဲ့ Rate ရှိပါတယ်။ နိုင်ငံတကာရဲ့ Practice အရ အဲဒီ Rate ပေါ်မှာ ဘဏ်အနေနဲ့ Exchange Rate ကို Cover ဖြစ်အောင်လို့ဆိုပြီးတော့ ၂ ရာခိုင်နှုန်း Mark up လုပ်ပါတယ်။ ဒါကလည်း International Rate ဆိုတော့ ဥပမာ- ဒီနေ့ Visa ၊ MasterCard သတ်မှတ်ထားတဲ့ Rate က တစ်ထောင်ဆိုရင် ကျွန်တော်တို့က ၂ ရာခိုင်နှုန်း Mark up လုပ်တယ်။ ဘာကြောင့် Mark Up လုပ်ရလဲဆိုတော့ ဒီ Exchange Rate က အမြဲအပြောင်းအလဲရှိတယ်။ ဒါကြောင့် နိုင်ငံတကာနည်းလမ်းအတိုင်း အနည်းဆုံး Mark up ကို ၂ ရာခိုင်နှုန်း လုပ်ပြီးတော့ Exchange Rate ကို သတ်မှတ်ပါတယ်။ စင်ကာပူမှာ ဒေါ်လာတစ်ရာကို တစ်ရာဖိုးဝယ်တယ်ဆိုရင် စင်ကာပူဒေါ်လာနဲ့ မြန်မာငွေနဲ့ ပြောင်းတဲ့အခါမှာ သုံးစွဲသူတွေအနေနဲ့ သိထားရမှာက အနည်းဆုံးတော့ ၂ ရာခိုင်နှုန်းလောက်ကို ထပ်ထည့်ပြီးတော့ တွက်ချက်ဖို့လိုအပ်ပါမယ်။ အမေရိကသွားမယ်ဆိုရင် အမေရိကန်ဒေါ်လာကို သူ့အလိုလိုပြောင်းသွားပါမယ်။ Mark up အနည်းဆုံး ၂ ရာခိုင်နှုန်းလောက်ကိုတော့ ထည့်ပြီးတွက်ထားဖို့ လိုပါမယ်။ Currency က မြန်မာကျပ်ဖြစ်တဲ့အတွက် ဘယ်နိုင်ငံသွားသွား ဒီ Currency Exchange ကို စိတ်ပူစရာမလိုပါဘူး။ အထက်မှာပြောခဲ့သလို Rate ကိုပဲ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ တချို့ Currency တွေက တိုက်ရိုက် Change တယ်။ အမေရိကန်ဒေါ်လာဆိုရင် မြန်မာငွေကနေ အမေရိကန်ဒေါ်လာကို တိုက်ရိုက် Change လို့ရတယ်။ တချို့ Currency တွေကျ တိုက်ရိုက် Change လို့ မရဘူး။ အဲဒီအခါမျိုးကျရင် မြန်မာကျပ်ငွေကနေ အမေရိကန်ဒေါ်လာကို အရင်ပြောင်းရပါတယ်။ ပြီးမှအမေရိကန်ဒေါ်လာကနေ တခြား Currency ကို ပြောင်းရတာမျိုးလည်း ရှိတယ်။ ဘယ်လိုပြောင်းလဲဆိုတာက Visa ၊ MasterCard ၊ UnionPay တို့က သူတို့လုပ်နေကျနှုန်းထားတွေအတိုင်း ပြောင်းပေးသွားတာပါ။ ဒါပေမဲ့ ကျွန်တော်တို့က အများ အားဖြင့် Currency တွေက တိုက်ရိုက် Change တာများတယ်။ ဘယ်လို Change သွားလဲဆိုတာကို Credit Card ကို သုံးစွဲပြီးတဲ့အခါ လကုန်တာနဲ့ Bill Statement ပို့တယ်။ အဲဒီ Statement မှာ တွေ့ရမှာဖြစ်ပါတယ်။ Credit Card အခုမှ စသုံးမယ့်သူတွေအနေနဲ့ ဘာတွေသတိထားရပါမလဲ --------------------- အဓိကကတော့ Credit Card တို့၊ Debit Card တို့ ဘယ်ကတ်ပဲဖြစ်ဖြစ် ငွေသားလိုပဲ ငွေသားကို ထိန်းသိမ်းစောင့်ရှောက်ရသလိုပဲ ကတ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကတ်ပျောက်သွားတယ်ဆိုရင် သက်ဆိုင်ရာဘဏ်ကို အကြောင်းကြားရမယ်၊ ကတ်ကို ပိတ်ရမယ်။ ကတ်ကို တစ်ခါမှမသုံးဖူးသေးတဲ့သူတွေအနေနဲ့ စသုံးမယ်ဆိုရင် Exchange Rate Concern ရှိနိုင်ပါတယ်။ Exchange Rate ကို ကိုယ်ပေးရတာ တအားများသွားလား။ Exchange Rate က တိုက်ရိုက် Change မှာလား၊ နှစ်ဆင့်သုံးဆင့်ခံပြီး Change မှာလား၊ ပုံမှန်ဒေါ်လာတစ်ရာကျတာကို ဘယ်လောက်ထိဖြစ်သွားမှာလဲဆိုတဲ့ စိုးရိမ်စိတ်တွေရှိတတ်တယ်။ နောက်ပြီးပေးလိုက်တာနဲ့ တကယ်ရောပြောတဲ့အတိုင်း ဖြတ်မှာလား၊ ပိုဖြတ်မှာလား။ နောက်ကွယ်က တခြား Fee တွေ၊ Charge တွေ ရှိဦးမှာလား၊ ဒါမှမဟုတ် ပြန်မဆပ်ရင် အတိုးနှုန်းက ဘယ်လောက်ဖြစ်မှာလဲ။ ဒါကတော့ ပုံမှန်သုံးစွဲတဲ့သူတစ်ယောက်ရဲ့ စိုးရိမ်စိတ်ပါ။ ဒါပေမဲ့ ဒီကတ်သုံးစွဲတာက ငွေသားသုံးစွဲတာထက် အများကြီးအကျိုးရှိတာက လုံခြုံတယ်။ လုံခြုံတယ်ဆိုတာက ကိုယ်က တိုက်ရိုက်သုံးစွဲမိသွားတယ်၊ ဒါမှမဟုတ် ပစ္စည်းတစ်ခုခုဝယ်တယ်၊ ကိုယ်ပြောတဲ့အတိုင်း မဟုတ်ခဲ့ဘူးဆိုရင် Visa ၊ MasterCard နဲ့ UnionPay ဆိုရင် အငြင်းပွားလို့ရတယ်။ အငြင်းပွားလို့ရတယ်ဆိုတာက ဒီ Product က ကျွန်တော်ပြထားတဲ့အတိုင်းမဟုတ်ဘူး၊ အရည်အသွေးမမီရင် အငြင်းပွားလို့ရတယ်။ Cash ပေးလိုက်ရင် ဘာမှအငြင်းပွားလို့မရဘူး။ ဝယ်ပြီးပစ္စည်း ပြန်မလဲဆိုတဲ့ ပုံစံမျိုးပဲ၊ ပြန်ပြီးအငြင်းပွားလို့မရဘူး။ နောက်တစ်ခုက Cash က ပျောက်သွားပြီဆိုရင် ၁၀၀ ရာခိုင်နှုန်း ဆုံးရှုံးတယ်။ ကတ်က ပျောက်သွားပြီဆိုရင် ကတ်ကို သက်ဆိုင်ရာကထုတ်ပေးတဲ့ ဘဏ်ကို အကြောင်းကြားပြီးတော့ ကတ်ကို ပိတ်လိုက်တယ်၊ ကတ်ကို Stop လုပ်လိုက်တယ်ဆိုရင် ကျွန်တော်တို့က ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကတ်သုံးစွဲသူတွေအတွက် Form တွေထဲမှာ စည်းမျဉ်းစည်းကမ်းတွေပါပါတယ်၊ Fee တွေလည်း ပါပါတယ်။ ဘယ်မှာသုံးရင် ဘယ်လောက်ကျမယ်၊ ဘာကိုဆို ရင်တော့ ဘယ်လိုယူပါတယ်၊ နှစ်စဉ်ကြေးဆို ဘယ်လောက်ရှိပါတယ်၊ Issuing Fee က ဘယ်လောက်ရှိပါ တယ်၊ အတိုးနှုန်းကို ဘယ်လိုတွက်ပါတယ်။ ဒါတွေကို သေသေချာချာဖတ်ပြီးတော့ သေသေချာချာနားလည်ဖို့လိုပါတယ်။ ဘယ်လိုအချိန်မှာ အငြင်းပွားခွင့်ရှိတယ်၊ ဘယ်လိုအချိန်မှာ အငြင်းပွားခွင့်မရှိဘူး၊ ကတ်ပျောက်ရင် ဘယ်လိုမျိုးဆို ဖုန်းဆက်ရမယ်၊ ကတ်ကို ဘယ်လိုကိုယ်နဲ့မကွာ ထားရမယ်၊ Password မှာ PIN နံပါတ်တွေကို Share လို့မရဘူး စသဖြင့် သိသင့်သိထိုက်တဲ့အချက်တွေကိုလည်း ကျွန်တော်တို့က Guideline တွေ၊ FAQ တွေ ထုတ်ပါတယ်။ ဘယ်လိုပုံစံနဲ့အကောင်းဆုံးဖြစ်အောင် အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ စိတ်ချရဆုံးဖြစ်အောင် ဘယ်လိုသုံးစွဲမလဲဆိုပြီးထုတ်ပါတယ်။ ကတ်သုံးစွဲသူအနေနဲ့ မသုံးစွဲခင် အရေးကြီးတဲ့အချက်တွေကို သေချာနားလည်ပြီးတော့ သိရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲဒါတွေသေချာသိ ပြီဆိုရင်တော့ သုံးစွဲရတာ တအားလွယ်ပါတယ်။ အကြွေးဝယ်ကတ်ဖြစ်တဲ့အတွက်ကြောင့် ပုံမှန်ငွေစိုက်ပြီးဝယ်နေရမယ့်နေရာမှာ ကျွန်တော်တို့က အစားထိုးပြီးတော့ ရက် ၃၀ ပဲဖြစ်ဖြစ်၊ ၁၅ ရက်ပဲဖြစ်ဖြစ်၊ အများဆုံး ၄၅ ရက်ပဲဖြစ်ဖြစ် အကြွေးနဲ့ သုံးစွဲလို့ရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အရင်က ကျွန်တော်တို့ဘဏ်တွေမှာ ဘာပဲရှိလဲဆိုရင် Collateral အပေါင်ပစ္စည်းပေးပြီးတော့ပဲ ငွေချေးတဲ့ပုံစံပဲရှိတယ်။ ဘဏ်တွေက ငွေကို အလွတ်ချေးတယ်ဆိုတာ မရှိသေးဘူး။ ဒါက မြန်မာပြည်ရဲ့ ပထမဦးဆုံး Collateral အပေါင်ပစ္စည်းမပေးရဘဲနဲ့ Personal Loan လူတစ်ဦးချင်းစီကို ချေးတဲ့ပုံစံဖြစ်တယ်။ ပိုက်ဆံချေးတယ်ဆိုတာက ပုံမှန်ဆိုရင် ချေးတဲ့နေ့ကစပြီး အတိုးပေးရတယ်။ ၁ ရက်နေ့ကစယူရင် ၁ ရက်နေ့ကစပြီး အတိုးပေးရတယ်။ ဆယ်ရက်ယူရင် ဆယ်ရက်အတိုးပေးရတယ်၊ တစ်လလုံးယူရင် တစ်လလုံးအတိုးပေးရတယ်။ ဒါက ပိုက်ဆံချေးတဲ့ပုံစံပါ။ Credit Card က ဘာအားသာလဲ၊ မတူညီလဲဆိုတော့ ပိုက်ဆံတော့ချေးလိုက်တာပဲ။ ဒါပေမဲ့ Credit Card က ပိုက်ဆံကိုချေးပြီးတော့ သွားသုံးရတာ။ Credit Card နဲ့ ပိုက်ဆံသုံးထားတယ်ဆိုရင် ကျွန်တော်တို့က လကုန်ရက်မှာ Statement ပို့တယ်။ Credit Card ကိုင်ဆောင်အသုံးပြုတဲ့သူ သုံးထားတဲ့ငွေပမာဏကို လကုန်ရက်ဖြစ်တဲ့ ၃၀ ရက်နေ့မှာ Statement ပို့တယ်။ နောက်လ ၁၅ ရက်နေ့မတိုင်ခင် သုံးထားတဲ့ပိုက်ဆံကို တစ်လုံးတစ်ခဲတည်းပြန်သွင်းရမယ်၊ မသွင်းခဲ့ဘူးဆိုရင် ဘယ်လိုမျိုးအတိုးနှုန်းတွေရှိပါတယ်ဆိုပြီးတော့ Statement ပို့တယ်။ အဲဒီမှာသုံးတဲ့သူက နောက်လ ၁၅ ရက်နေ့ မတိုင်ခင်မှာ သူသုံးထားတဲ့ပိုက်ဆံကို ၁၀၀ ရာခိုင်နှုန်း ပြန်ပေးသွင်းမယ်ဆိုရင် ကျွန်တော်တို့က အတိုးမယူပါဘူး။ ငွေချေးတာနဲ့ ကွာခြားချက်က အဲဒါပါ။ ဥပမာ- ပိုက်ဆံတစ်သိန်းကို ဒီအတိုင်းချေးမယ်ဆိုရင် ၁၅ ရက်သုံးပဲပြီးတော့ ကိုယ်ကပြန်ဆပ်မယ်ဆိုရင်တောင် အဲဒီ ၁၅ ရက်စာ အတိုးပေးရပါမယ်။ Credit Card ကကျတော့ ကိုယ်က တစ်သိန်းသုံးလိုက်တယ်၊ သတ်မှတ်ထားတဲ့ရက်အတွင်း မှာ ပြန်လာဆပ်တယ်ဆိုရင် အတိုးပေးစရာမလိုပါဘူး။ ဒါက Credit Card ရဲ့အကြီးမားဆုံး အားသာချက်တစ်ခုပါ။ နောက်တစ်ခုက Credit Card နဲ့ တစ်သိန်းသုံးလိုက်တယ်။ တစ်သိန်းကိုမှ ဥပမာ-ငါးသောင်းပဲဆပ်တယ်ဆိုရင် သုံးစွဲတဲ့တစ်သိန်းပေါ်မှာ ကျွန်တော်တို့က အတိုးရှိမှာဖြစ်ပါတယ်။ တကယ်လို့ ၁၀၀ ရာခိုင်နှုန်းပေးရင် အတိုးမရှိဘူး။ Partial လို့ခေါ်တဲ့ တချို့တစ်ဝက်ပေးတယ်ဆိုရင် အတိုးတွက်တာက တစ်သိန်းပေါ်မှာ အတိုးတွက်တယ်၊ ကျန်တဲ့ငါးသောင်းပေါ်မှာလည်း အတိုးတွက်တာရှိတယ်။ Unsecure Loan ဖြစ်တဲ့အတွက် နိုင်ငံတကာမှာလည်း အတိုးနှုန်းက တစ်ဘဏ်နဲ့တစ်ဘဏ်မတူပါဘူး။ တချို့ဘဏ်တွေက ဥပမာ - ၁၅ ရာခိုင်နှုန်းယူတာရှိတယ်၊ ၁၃ ရာခိုင်နှုန်း ယူတာရှိတယ်။ တချို့ဘဏ်တွေက ၂၆ ရာခိုင်နှုန်း၊ ၂၈ ရာခိုင်နှုန်းယူတာရှိတယ်။ ဒါက ဘဏ်တွေရဲ့ သူတို့ရဲ့တွက်ချက်မှုပေါ်မူတည်ပြီးတော့ ကွဲပြားမှာ ဖြစ်ပါတယ်။ သုံးစွဲသူအနေနဲ့က Credit Card ကို သုံးတဲ့အခါမှာ အတိုးဘယ်လောက်ပေးရမယ်၊ ဘယ်လိုတွက်တယ်ဆိုတာကို ကတ်ထုတ်ပေးတဲ့ဘဏ်မှာ သေချာနားလည်အောင် သေချာရှင်းရှင်းလင်းလင်း သိအောင် လုပ်ထားဖို့ လိုအပ်ပါတယ်။ စည်းကမ်းချက်တွေ၊ သတ်မှတ်ချက်တွေကို သေချာဖတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ CB Bank က ထုတ်ပေးတဲ့ကတ်တွေရဲ့ အတိုးနှုန်း -------------- ကျွန်တော်တို့ရဲ့အတိုးနှုန်းက နှစ်ပိုင်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ဘဏ်တိုးနှုန်းက တစ်နှစ်ကို အားလုံးပေါင်းလိုက်တယ်ဆိုရင် ၂၀ ရာခိုင်နှုန်း ကျော်ကျော်လောက်ရှိမယ်။ ရှင်းရှင်းပြောရရင်တော့ တစ်လကို အတိုးက ရပ်ကွက်ထဲက အတိုးထက်တော့ အများကြီးသာသွားတယ်။ တစ်လကို ဘယ်လောက်ပဲရှိမလဲဆိုရင် အတိုးတွေအကုန်လုံး ပေါင်းလိုက်ရင် ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်တော့ ဖြစ်သွားမယ်။ ဥပမာ -တစ်သိန်းသုံးတဲ့သူက တကယ်လို့ပြောထားတဲ့အတိုင်း ပြန်မဆပ်ဘူးဆိုရင် တစ်လမှာ နှစ်ထောင်လောက်တော့ အတိုးအနေနဲ့ အကြမ်းဖျဉ်းတွက်ချက်လို့ရတယ်။ အကြမ်းဖျင်းအနေနဲ့ တစ်လကို ၂ ရာခိုင်နှုန်း အတိုးတော့ ခန့်မှန်းထားလို့ရမယ်။ ကျွန်တော်တို့က တစ်သိန်းသုံးလိုက်တယ်၊ ၄၅ ရက်အတွင်းမှာ ငါးသောင်းပဲပြန်ဆပ်တယ်ဆိုရင် တစ်သိန်းပေါ်မှာ အတိုးက နှစ်ထောင်တက်သွားမယ်။ နောက်လကျရင် ကျွန်တော်တို့က အတိုးကို ငါးသောင်းပေါ်မှာပဲ တွက်တော့မယ်။ နောက်လမှာလည်း ငါးသောင်းလုံးမပေးဘူး၊ သုံးသောင်းပဲပေးတယ်ဆိုရင် ငါးသောင်းပေါ်မှာ ၂ ရာခိုင်နှုန်းနဲ့ တစ်ထောင်အတိုးအနေနဲ့ ထပ်ပေးရမယ်။ သုံးသောင်းပေးပြီးပြီဆိုရင် နောက်ဆုံးကျန်တာ နှစ်သောင်းပဲ ကျန်တော့တယ်၊ နှစ်သောင်းကျန်တဲ့ အချိန်မှာလည်း တစ်သောင်းပဲပြန်ဆပ်နိုင်တယ်ဆိုရင် နှစ်သောင်းရဲ့ ၂ ရာခိုင်နှုန်း လေးရာကို အတိုးအနေနဲ့ ထည့်စဉ်းစားလို့ရတယ်။ နောက်ဆုံးအနေနဲ့ တစ်သောင်းကျန်တာကို တစ်သောင်းလုံးဆပ်ပြီးသွားတယ်ဆိုရင် ဒါကပြီးသွားပြီ။ သုံးလအတွင်းမှာ အကြိမ်ကြိမ် ခွဲဆပ်လိုက်တယ်ဆိုရင် အတိုးက ပထမလမှာ နှစ်ထောင်ပေးရမယ်၊ ဒုတိယလမှာ တစ်ထောင်ပေးရမယ်၊ နောက်လမှာက လေးရာ၊ ဒါမှမဟုတ် ငါးရာဖြစ်မယ်ဆိုရင် စုစုပေါင်း အတိုးယူတာက သုံးလဖြစ်သွားတဲ့အတွက် အကြမ်းဖျင်းပြောရရင် သုံးထောင်၊ လေးထောင်ပတ်ဝန်းကျင်တော့ ဖြစ်သွားမယ်။ ဒါကတစ်သိန်းကို Credit Card နဲ့ သုံးလိုက်ပြီးတော့ သုံးလအရစ်ကျဆပ်တယ်ဆိုရင် Minimum တွေပေးသွားပြီးတော့ ဆပ်သွားတယ်ဆိုရင်တော့ အတိုးအတွက် ကုန်ကျစရိတ်က အကြမ်းဖျင်းသုံးလေးထောင်လောက်ဖြစ်သွားမယ်လို့တော့ တွက်လို့ရတယ်။ တကယ်လို့သာ သုံးစွဲသူက အတိုးလည်းမပေးဘူး၊ Minimum လည်း လာမဆပ်ဘူးဆိုရင် သုံးလအတွင်းမှာ Minimum မဆပ်ဘူးဆိုရင် ဒီလူရဲ့ကတ်ကို Cancel လုပ်လိုက်တယ်။ သူ့ကို ကျွန်တော်တို့က Notice စာပို့တယ်၊ လူကြီးမင်းပိုက်ဆံလာဆပ်ပေးပါ၊ လာမဆပ်ပေးဘူးဆိုရင် Final Lawyer Notice ပို့တယ်၊ ပြီးရင် တရားစွဲတာတွေ၊ ဥပဒေအတိုင်း လုပ်သွားမှာဖြစ်ပါတယ်။ အဲဒီအခြေအနေမှာသုံးစွဲသူက ကျွန်တော်တို့နဲ့ လာညှိနှိုင်းလို့ရတယ်၊ Minimum ပြန်မဆပ်နိုင်ဘူးဆိုရင်တော့ ကတ်ကို ခဏရပ်ပြီးတော့ သူနဲ့ဆွေးနွေးမယ်။ တစ်လကို ဘယ်လောက်ဆပ်ပါ၊ စုစုပေါင်းသုံးတာက ဒီလောက်၊ အတိုးက ဒီလောက်ဆိုရင်တော့ ဒီလောက် ဒီလောက်တက်သွားမယ်၊ အဲဒါဆိုရင် တစ်လကို Minimum ဘယ်လောက်လာဆပ်ပါဆိုပြီး ဘဏ်နဲ့ညှိနှိုင်းလို့လည်း ရပါတယ်။ ဒါကြောင့် ကျွန်တော်ပြောထားတဲ့အတိုင်း အကြမ်းဖျင်းအတိုးကတော့ တစ်လကို ၂ ရာ ခိုင်နှုန်းလောက်တော့ မျှော်မှန်းပါ။ အဲဒါနဲ့တွက်ပြီးတော့ ချင့်ချိန်ပြီးတော့ သုံးစွဲပါ။ နောက်တစ်ခုက Emergency မမျှော်လင့်တဲ့ အခြေအနေမျိုးမှာ ဥပမာ- ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် အရေးပေါ်သုံးစွဲဖို့ လိုလာတဲ့အခါကျရင်လည်း Credit Card ကို ကောင်းကောင်းအသုံးချလို့ ရပါတယ်။ နောက်တစ်ခု ကျွန်တော်တို့မှာ ဘာရှိလဲဆိုရင် Installment Plan ဆိုပြီးရှိတယ်။ အရစ်ကျနဲ့ ပေးချေလို့ရတဲ့ ပုံစံမျိုးလည်းရှိတယ်။ တန်ဖိုးကြီးပစ္စည်းတွေဆိုရင် ဖုန်းဝယ်တာပဲဖြစ်ဖြစ်၊ အီလက်ထရောနစ်ပစ္စည်း ကွန်ပျူတာဝယ်တာပဲဖြစ်ဖြစ် ဆယ်သိန်း၊ ၁၅ သိန်း၊ ဒါမှမဟုတ် ခရီးထွက်တာပဲဖြစ်ဖြစ် အဲဒါတွေကို ကျွန်တော်တို့ခေါ်တဲ့ အရစ်ကျပေးချေနိုင်တဲ့ Service လည်းပေးထားတယ်။ CB ဘဏ်မှာ ခြောက်လအရစ်ကျ Plan နဲ့ ၁၂ လအရစ်ကျ Plan ဆိုပြီးရှိတယ်။ ခြောက်လအရစ်ကျ Plan ဆိုရင် တစ်လကို အတိုးနှုန်းက ၁ ရာခိုင်နှုန်း ယူတယ်။ Plan Fee က တစ်သောင်းယူတယ်။ ဥပမာ- ဖုန်းတစ်လုံး ဝယ်တယ်၊ ၁၂ သိန်းကျတယ်၊ ၁၂ သိန်းလုံး တစ်လုံးတစ်ခဲတည်းမပေးချင်ဘူးဆိုရင် ခြောက်လ Plan ယူလိုက်တယ်ဆိုရင် တစ်လကို နှစ်သိန်းနဲ့ အတိုး ၁ ရာခိုင်နှုန်း ပေးပြီးတော့ ခြောက်လအရစ်ကျ သွင်းလိုက်လို့ရတယ်။ ဖြစ်လာနိုင်တဲ့ Fraud တွေကို ဘယ်လိုထိန်းသိမ်းဖို့ လုပ်ထားပါသလဲ ---------------------- Credit Card တွေကိုပေးတဲ့အခါမှာ ကျွန်တော်တို့က လွယ်လွယ်ကူကူမပေးဘူး။ သေသေချာချာစိစစ်တယ်။ Credit Card သုံးမယ်ဆိုပြီး လျှောက်တဲ့သူက တကယ်ကောပေးနိုင်တဲ့အလုပ်အကိုင် ခိုင်ခိုင်မာမာရှိရဲ့လား၊ လုပ်ငန်းပိုင်ရှင်ဆိုရင်လည်း တကယ်ကောအလုပ်လုပ်နေသူလား၊ တကယ်ပဲ သုံးစွဲမယ့်သူလား၊ ပြန်ပေးနိုင်တဲ့ အနေအထားရှိလား၊ အဲဒီလိုအရင်ဆုံးသေချာကြည့်၊ စိစစ်ပြီးတော့မှ Credit Card ကို ထုတ်ပေးတာ ဖြစ်တယ်။ Credit Card သုံးတဲ့သူက Credit Card ထုတ်ပေးတဲ့ ဘဏ်တွေထဲက တစ်ဘဏ်တည်းကနေမဟုတ်ဘဲ အခြား Credit Card ထုတ်ပေးတဲ့ ဘဏ်လေး၊ ငါးဘဏ်ကနေလည်း Credit Card လျှောက်ထားသုံးစွဲလို့ ရပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ Credit Bureau ဆိုပြီးတော့ ရှိတယ်။ Credit Card လျှောက်ပြီဆိုတာနဲ့ Credit Bureau မှာ လျှောက်ထားသူရဲ့ Information တွေရှိတယ်။ လျှောက်ထားသူတစ်ယောက်က ဘယ်တုန်းက ဘယ် Credit Card လျှောက်ပြီးတော့ ဘယ်လိုပြန်ပေးတယ်၊ ဘယ်လိုပြန်မပေးဘူး၊ ဘယ်ဘဏ်ကတော့ သူ့ကိုနာမည်ပျက်စာရင်းသွင်းတယ်၊ ဘယ်ဘဏ်ကတော့ သူ့ကို နာမည်ကောင်းစာရင်းသွင်းတယ်ဆိုတဲ့ Information တွေကို တစ်နေရာတည်းမှာ စုထားပေးတဲ့နေရာကြီးရှိတယ်။ အဲဒီအတွက် နိုင်ငံခြားမှာက လုပ်ရတာလွယ်တယ်။ ဒီလူကို Credit Card ထုတ်ပေးတော့မယ်ဆိုတာနဲ့ အဲဒီ Bureau မှာ တစ်ချက်ကြည့်လိုက်တယ်။ ဒီလူကအခုဆိုရင် Credit Card ဘယ်နှကတ်ကိုင်ထားပြီးပြီလဲ၊ အဲဒီမှာ Information အပြည့်အစုံရှိတယ်။ ဥပမာ- AYA Card လည်းကိုင်ထားတယ်၊ KBZ Card လည်းကိုင်ထားတယ်၊ သူကကောင်းတယ်၊ ငွေလည်း ပြန်ပေးတယ်ဆိုရင် ကျွန်တော်တို့ CB ဘဏ်အနေနဲ့ CC ထုတ်ပေးလိုက်ရုံပဲ။ တကယ်လို့သာ သူက အသစ်ဆိုရင် ကျွန်တော်တို့က ဘယ်လိုမူနဲ့ ထုတ်ပေးမလဲဆိုတာ ဆုံးဖြတ်လို့ရတယ်။ တကယ်လို့သာ Information ရှိတယ်ဆိုရင် ဒီလူရဲ့ History ကောင်း၊ မကောင်းပေါ်မူတည်ပြီးတော့ ထုတ်ပေးလို့ရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဲဒီလိုမရှိဘူး။ မရှိတော့ ကျွန်တော်တို့က ဘာကိုမူတည်ပြီး ထုတ်ပေးရသလဲဆိုရင် ကျွန်တော့်တို့ရတဲ့ Document တွေပေါ်မူတည်ပြီးတော့ပဲ စစ်ဆေးပြီးတော့ ထုတ်ပေးရတယ်။ ဒီလူက ဒီကုမ္ပဏီမှာထုတ်တယ်ဆိုရင် ဒီလူ၊ ဒီကုမ္ပဏီမှာ တကယ်လုပ်လားဆိုတာကို ဖုန်းဆက်ရတယ်၊ ဒီလစာနဲ့လုပ်နေသလား၊ ဘယ်လောက်ကြာပြီလဲ၊ သူ့ရဲ့အခြေအနေက ဘယ်လိုလဲဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ Credit Card ထုတ်ပေးမယ်၊ မထုတ်ပေးဘူး၊ Limit ဘယ်လောက်ပေးမယ်ဆိုပြီး စဉ်းစားတယ်။ ပြီးတော့ ဘဏ်တွေအချင်းချင်းက ဆက်သွယ်မှုတွေရှိပါတယ်။ ဘဏ်တွေအချင်းချင်း နာမည်ပျက်စာရင်းတွေ Share တာ၊ Information Share တာတွေရှိတယ်။ ထုတ်ပေးတဲ့သူကလည်း နည်းသေးတယ်ဆိုတော့ ကျွန်တော်တို့က သေချာစိစစ်ပါတယ်။ အခုမှ စသုံးမယ့်သူတွေအတွက် အကြံပြုချက် --------------------- Credit Card က ကောင်းတယ်၊ သုံးပါ။ ဘဏ်ကိုအသုံးချမယ်လို့ရည်ရွယ်ပြီးတော့ Credit Card ကို သုံးပါ။ ဒါက အများကြီးလည်း အကျိုးရှိတယ်။ နောက်တစ်ခုက ငွေသားကိုင်ပြီးသုံးတဲ့နေရာကနေပြီးတော့ ငွေသားမလိုဘဲ သုံးတဲ့ Cashless Society ကို သွားရမှာပါ။ ဒါက တိုင်းပြည်အတွက်လည်း အများကြီးအကျိုးရှိတယ်။ ဘာလို့လဲဆိုတော့ ငွေသားကိုင်ပြီးသုံးတဲ့အခါမှာ ငွေထုတ်ရတာ၊ ငွေကိုထိန်းသိမ်းရတာတွေရှိတယ်။ နိုင်ငံတော်အတွက်လည်း အများကြီးကုန်ကျစရိတ်များတယ်၊ သုံးတဲ့သူအတွက်လည်း အများကြီးကုန်ကျစရိတ်များတယ်။ အကြွေး ဖြစ်တဲ့အတွက်ကြောင့်၊ အကြွေးပေးတဲ့အတွက်ကြောင့် ဘာကောင်းလာလဲဆိုတော့ သုံးစွဲမှုပမာဏကလည်း တက်လာမယ်။ ပုံမှန်ကျ လူတွေက ပစ္စည်းတစ်ခုဝယ်ချင်ရင်တောင်မှ လကုန်ရက်စောင့်ရတယ်။ ဒီပစ္စည်းလေးတွေ့တယ်၊ ငါ့လခနဲ့လည်းမီတယ်၊ ဒါပေမဲ့ လောလောဆယ်က လမကုန်သေးတော့ ဝင်ငွေက မရသေးဘူး။ မရသေးတော့ လကုန်ဝင်ငွေရမှ ဒီပစ္စည်းကို ဝယ်ရတယ်။ အခုချိန်ကျတော့ အဲဒီလိုမဟုတ်တော့ဘူး။ ၄၅ ရက်အချိန်ရှိတယ်။ လကုန်မှာက ၃၀ မှာကုန်မှာ၊ ခရီးသွားချင်လို့ ပစ္စည်းလေး တွေ့တာက ၁၀ ရက်နဲ့ ၁၅ ရက်နေ့မှာဆိုရင် လွယ်လွယ်ကူကူ Credit Card နဲ့ဝယ်လိုက်မယ်။ ဒီ Consumption က သုံးစွဲတဲ့သူတွေများလာတဲ့အတွက်ကြောင့် ဝင်ငွေလည်ပတ်စီးဆင်းမှုကလည်း ပိုပြီးကောင်းလာမယ်။ လူတွေက အချိန်ကိုစောင့်နေစရာမလိုဘူး။ နိုင်ငံတကာမှာ အကြွေးပေးတာလည်းရှိလာပြီဆိုရင် တဖြည်းဖြည်းသူ့ဘာသာ သူလည်သွားမယ်။ နိုင်ငံတကာမှာ ဘာပဲလုပ်လဲဆိုရင် လူတွေက သုံးစရာရှိတာကို စဉ်းစားစရာမလိုဘဲသုံးနိုင်တယ်။ သူ့ဝင်ငွေက ဝင်လာမယ်ဆိုတာ သိတယ်၊ သိတဲ့အတွက်ကြောင့် ကိုယ်လိုချင်တာ၊ ဝယ်ချင်တာ၊ စားချင်တာ၊ သွားချင်တာ၊ သုံးစရာရှိတာတွေကို လကုန်တဲ့အထိ စောင့်စရာမလိုဘူး၊ တန်ဖိုးကြီးတဲ့အရာတွေဆိုရင်လည်း အရစ်ကျပေးလို့ရတယ်။ ကျွန်တော်တို့အမေ၊ အဖွားတွေခေတ်တုန်းကဆိုရင် ပစ္စည်းတစ်ခုကို အကြာကြီးသုံးကြတယ်။ တီဗွီတစ်လုံးဆို လေး၊ ငါးနှစ်လောက်ကြည့်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအကြွေးနဲ့ နည်းစနစ်တွေ မပေါ်သေးတဲ့အတွက်ရှိတဲ့ဟာကို တတ်နိုင်သလောက် အကြာကြီးသုံးပြီးတော့မှ ပြောင်းလဲကြတယ်။ အဲဒီအတွက်ကြောင့် သုံးစွဲမှုက တအားနှေးတယ်။ အဲဒီတော့ ဝင်ငွေစီးဆင်းမှုကလည်း နှေးတယ်။ အခုကျတော့ အကြွေးဝယ်လို့ရမယ်၊ ဒါဆိုရင် သုံးစွဲမှုပမာဏကလည်း များမယ်၊ ပိုသုံးလာနိုင်မယ်။ များများသုံးတဲ့အတွက်ကြောင့် ဝင်ငွေလည်ပတ်စီးဆင်းမှုက ကောင်းလာပြီးတော့ တိုင်းပြည်စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ဖြစ်မယ်။ အဲဒါကြောင့် ကျွန်တော်တို့က နည်းပညာနဲ့သုံးတဲ့ အကြွေးသုံးတာက ကောင်းပါတယ်။ တန်ဖိုးရှိအောင်၊ အကျိုးရှိအောင်သုံးရင် သုံးတဲ့သူရော၊ တိုင်းပြည်ရော အဘက်ဘက်မှာ အကျိုးရှိပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပြုချင်တာကတော့ ကိုယ့်ရဲ့အသုံးချမှုအတွက်ကိုပဲ Credit Card ကို သုံးစေချင်တယ်။ Emergency Case မမျှော်လင့်ဘဲ ဖြစ်လာတဲ့အခါအတွက်ပဲ၊ ကိုယ်က ပုံမှန်ပိုက်ဆံသုံးတဲ့နေရာတွေမှာ အစားထိုးပါ။ ကိုယ်က ဈေးဝယ်တယ်၊ တစ်သိန်းကုန်တယ်၊ အဲဒီလို ပုံမှန်လတိုင်း တစ်သိန်းကုန်တဲ့ဟာကို ဘာဖြစ်လို့ Cash သုံးမှာလဲ၊ Credit Card နဲ့သုံး။ ဒါဆိုရင် အဆင်ပြေတယ်။ ဒါမှမဟုတ် ပစ္စည်းတစ်ခု ဝယ်ချင်တယ်၊ လောလောဆယ်မတတ်နိုင်ဘူး၊ ပစ္စည်းက တန်ဖိုးကြီးတယ်၊ ဒါဆိုရင်လည်း Credit Card နဲ့သုံး၊ ကိုယ့်ရဲ့လစာက ဘယ်လောက်ရှိတယ်၊ အတိုးနှုန်းက ဘယ်လိုတွက်တာလဲသိတယ်ဆိုရင် လစာက ဘယ်လောက်ရတယ်၊ တစ်လကို ဘယ်လောက်ပြန်ပေးလို့ရတယ်၊ ဒါဆိုရင်တော့ ငါတတ်နိုင်တယ်၊ ဒီလိုမျိုးအနေနဲ့ သုံးသွားတယ်ဆိုရင်တော့ Credit Card က တအားအကျိုးရှိတယ်၊ အသုံးလည်းဝင်တယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ဝင်ငွေနဲ့မမျှတဲ့ဟာကို သုံးမယ်ဆိုရင်တော့ ဒါက အဆင်ပြေမှာမဟုတ်ဘူး၊ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ အဲဒါကြောင့် မသုံးခင် တွက်ချက်ပုံ၊ တွက်ချက်နည်းတွေကို သေချာသိရမယ်။ ဘယ်လိုသုံးမယ်ဆိုတဲ့ Idea လည်းရှိရမယ်။ ကိုယ့်လုပ်ငန်းဝင်ငွေနဲ့ချင့်ချိန်ပြီးတော့ သုံးရမယ်။ Credit Card ကို ဘယ်လိုနေရာတွေမှာ မသုံးဖို့ အကြံပေးချင်ပါသလဲ ------------------ Credit Card ရဲ့ ရည်ရွယ်ချက်ကိုက အကြွေးသုံးဖို့ပါ။ Credit Card ကနေပြီးတော့ ATM မှာလည်း Cash ထုတ်လို့ရတယ်။ သူများကိုလည်း Account ကနေ လွှဲလို့ရတယ်။ Mobile Banking သုံးပြီးတော့ Account ကနေလည်း လွှဲလို့ရတယ်။ Credit Card ထဲကနေ ATM မှာ ငွေသုံးတာပဲဖြစ်ဖြစ်၊ ပစ္စည်းဝယ်တာမဟုတ်ဘဲနဲ့၊ ငွေပေးချေတာ မဟုတ်ဘဲနဲ့ ငွေသားသုံးရင် သူကသုံးတဲ့နေ့ကစပြီး အတိုးကရှိလာမယ်။ ၄၅ ရက် အတိုးကင်းလွတ်ခွင့်တွေ ခံစားရမှာမဟုတ်ဘူး။ တတ်နိုင်သမျှက နိုင်ငံတကာမှာရော Credit Card ရဲ့ သဘောတရားအရပါ ငွေသားထုတ်ဖို့၊ ငွေလွှဲဖို့မဟုတ်ဘူး၊ ပစ္စည်းဝယ်ယူမှု၊ ငွေပေးချေမှုအတွက်ကိုပဲ အဓိကထားတယ်။ ဒါကြောင့် ငွေပေးချေပါ၊ အဲဒီအချိန်ကျရင် အတိုးကင်းလွတ်ခွင့်ရှိပါတယ်။ ငွေပေးချေမှု မလုပ်ဘူး၊ ငွေသားထုတ်တယ်ဆိုရင် အတိုးကင်းလွတ်ခွင့်ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ငွေသားထုတ်တာတွေ၊ Credit Card ကနေ ATM မှာ ပိုက်ဆံထုတ်တာကို တတ်နိုင်သလောက် မသုံးစေချင်ပါဘူး။ သုံးရင် ဘဏ်အတွက်တော့ကောင်းတယ်။ ဒါပေမဲ့ သုံးတဲ့သူအတွက်က ဈေးကြီးတယ်။ Credit Card က ဘဏ်ကို အသုံးချဖို့အတွက်ပဲသုံးရင် အများကြီးအကျိုးရှိပါတယ်။
Credit Card သုံးတဲ့အခါ သိထားသင့်တဲ့ အခြေခံအချက် ၃ ချက်
[caption id="attachment_32683" align="alignnone" width="370"] ဦးအေးမောင်မောင်ကြည်CEO
Studio AMK Co Ltd[/caption] အခုမှ Credit Card စတင်ကိုင်ဆောင်သုံးစွဲမယ့်သူတွေအ တွက် သိထားသင့်တဲ့အခြေခံအချက်များ --------------------- Credit Card စသုံးတော့မယ်ဆိုရင် Credit Card အလုပ်လုပ်ပုံကို အရင်ဆုံးသိထားရမယ်ထင်ပါတယ်။ Credit Card ဆိုတာ ဘဏ်ကို ငွေကြေးဆိုင်ရာ လုပ်ကိုင်ခွင့်ရှိတဲ့အဖွဲ့အစည်းတွေက ပံ့ပိုးပေးတဲ့ Service/Product ဖြစ်တယ်။ သူတို့က ကိုယ်တွေကို ငွေပမာဏတစ်ခုကို အချိန်ကာလတစ်ခုအတွင်းမှာ အခမဲ့သုံးစွဲခွင့်ပြုတယ်။ အဲဒီအတွက် သူတို့က Service Fee တစ်ခု နှစ်စဉ်ကောက်ခံတယ်။ ပြီးတော့ ခုနကပြောသလို အချိန်ကာလတစ်ခုအတွင်းမှာသာ အခမဲ့အသုံးပြုခွင့်ပြုတာဖြစ်တဲ့အတွက်၊ ပြန်ပေးရမယ့်အချိန်မှာ အချိန်မီမပေးနိုင်ဘူးဆိုရင်တော့ သူတို့ဘက်က အတိုးနဲ့အခြား Charges တွေ ယူပါတယ်။ တစ်နည်းပြောရင် အကြွေးပေးသုံးမယ်။ အချိန်မှီပြန်မပေးရင် အတိုးအပြင် ဝန်ဆောင်ခယူမယ်။ နောက်ပြီးနှစ်စဉ်ကြေးလည်း ပေးရပါမယ်။ အဲဒီတော့ စသုံးတော့မယ်ဆိုရင် သူတို့ပေးတဲ့ ကတ်ကပိုက်ဆံဘယ်လောက်ထိ (Credit Limit) ကို အချိန်ဘယ်လောက်ထိ (သာမန်ကတစ်လ) သုံးနိုင်မလဲဆို တာ အရင်လေ့လာရမယ်။ အဲဒီလိုသုံးတဲ့အတွက် အကောင့်ဖွင့်ခ (Card Fee/Membership Fee) ၊ နှစ်စဉ်ဝန်ဆောင်ခ (Annual Fee) ဘယ်လောက်ယူမလဲဆိုတာတွေ သိထားရမယ်။ ကတ်ထုတ်ထုတ်ချင်းဆို သူတို့က အခမဲ့ပေးတာဆိုပြီး ပြောလေ့ရှိတယ်။ သာမန်ကကတ်ပေးပေးချင်း ပထမတစ်နှစ်ပဲ အခမဲ့၊ နောက်နှစ်တွေဆို Annual Fee စကောက်တတ်နေတယ်။ အဲဒီတော့ Annual Fee ဘယ်လောက်ဆိုတာ ကြိုမေးထားပါလို့ အကြံပြုချင်တယ်။ ဘဏ်တွေက သူအပြိုင်ကိုယ်အပြိုင် သူတို့ကတ်ကို သုံးစေချင်တာဖြစ်တဲ့အတွက် Annual Fee က သူတို့ကိုမကောက်ဖို့ လှမ်းပြောပြီး ပြန်အမ်းခိုင်းလို့ ရတတ်တယ်။ စမ်းကြည့်ပါ။ နောက်ပြီး အကြောင်းကြောင်းကြောင့် ပိုက်ဆံပြန်ဆပ်ရမယ့်အချိန် (Due Date) ကျော်သွားတာပဲဖြစ်စေ၊ ပြန်မဆပ်နိုင်သေးတာပဲဖြစ်စေ၊ သတ်မှတ်ချိန်ကျော်သွားရင် အတိုးရယ် (Interest)၊ နောက်ကျကြေးရယ် (Late Fee) ဆိုပြီးယူမှာဆိုတော့ ဘယ်လောက်တွေလည်းဆိုတာလည်း ကိုယ်က သိထားသင့်ပါတယ်။ Credit Limit ရယ်၊ Annual Fee ရယ်၊ အခြား Fee တွေကိုသိထားပြီးမှ ကတ်က ကိုယ်နဲ့လိုက်ဖက်လား၊ လျှောက်သင့်လား၊ ဘယ်မှာတွေ သုံးမှာလဲ၊ ATM Card လောက်နဲ့ အဆင်ပြေနေပြီလားဆိုတာစဉ်းစားပါ။ ဥပမာ- သုံးစရာနေရာဟုတ်တိပတ်တိမရှိဘဲ၊ လျှောက်ထားမိမယ်ဆိုရင် နှစ်စဉ်ကြေး အလကားနေရင်း ထိုင်ပေးနေရတတ်ပါတယ်။ လျှောက်ခဲ့ပြီး ကတ်လည်းရလာပြီဆိုရင်တော့ စာရင်းချုပ်တဲ့ရက် (Settlement Date) ကို သိထားရမယ်။ တစ်နည်းပြောရင် အဲဒါအကြွေးပြန်ဆပ်မယ့်ရက်ပါပဲ။ သာမန်အားဖြင့် တစ်လနဲ့ တစ်လရက်တူလေ့ရှိတတ်တယ်။ ဥပမာ- လစဉ်တိုင်းရဲ့ ၂၁ ရက်နေ့။ အဲဒီတော့ လစဉ် အဲဒီရက်ကိုဆို အမြဲသတိထားပြီး ပြန်ဆပ်ဖို့လိုမယ်။ မဟုတ်ရင် ခုနကရှင်းပြခဲ့သလို အတိုးနဲ့ အခြားဝန်ဆောင်ခတွေ တက်သွားမယ်။ နိုင်ငံတကာသွားလာနေတုန်း Credit Card အသုံးပြုမယ်ဆိုရင် ဘာတွေသတိထားသင့်သလဲဆိုတာနဲ့ ပတ်သက်လို့ အကြံပြုချက် ----------------------------- လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး ပြောပြပေးချင်တယ်။ အခု မြန်မာနိုင်ငံမှာ အဓိကအသုံးများတဲ့ ATM Card (Debit Card) တွေနဲ့ မတူတာက ATM Card တွေက Passcode သိမှ သုံးလို့ရနိုင်တယ်။ တစ်နည်းပြောရင် ကတ်ကော၊ လျှို့ဝှက်နံပါတ်ရောသိမှ အသုံးပြုလို့ရနိုင်မှာ။ Credit Card ကတော့ အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ရဲ့ ကတ်ပေါ်မှာပါတဲ့ ကတ်ပြားရဲ့နံပါတ်တွေသိရင် အဲဒီကတ်ထဲက ပိုက်ဆံကို လှမ်းသုံးလို့ရသွားပြီ ဖြစ်ပါတယ်။ အဲဒီလောက်တောင် လွယ်ကူပါတယ်။ အဲဒီတော့ နိုင်ငံတကာမှာပဲသုံးသုံး၊ ပြည်တွင်းမှာပဲသုံးသုံး၊ Online ပေါ်မှာပဲသုံးသုံး ကိုယ့်ရဲ့ကတ်ကို အခြားသူတွေနဲ့ မ Share လိုက်မိပါစေနဲ့။ အထူးသဖြင့် Online မှာဆို တွေ့ကရာ Website တွေ၊ App တွေ၊ Email တွေမှာ Credit Card နံပါတ်တောင်းနေပြီဆိုရင် အထူးသတိထားပြီး စိစစ်ပြီးမှ ထည့်သင့်တယ်။ သံသယရှိတယ်ဆိုရင် လုံးဝမထည့်ပါနဲ့။ အတုတွေ၊ အလိမ်တွေ အများကြီးရှိတတ်ပါတယ်။ နောက်ထပ် အရေးကြီးတာက၊ Credit Card အသုံးပြုတော့မယ့် ဖုန်းဖြစ်စေ၊ ကွန်ပျူတာဖြစ်စေ၊ Device တွေကလည်း Virus/Trojan စတာတွေ ကင်းရှင်းနေဖို့လိုပါမယ်။ မဟုတ်ရင် ကိုယ်ကအမှန်အကန် Website/App တွေမှာ အသုံးပြုနေပေမယ့်၊ ကိုယ်ရိုက်ထည့်သမျှ ကတ်နံပါတ်တွေကို Hacker တွေက ခိုးယူသိရှိနိုင်နေမှာ ဖြစ်တယ်။ အဲဒီတော့ Credit Card သုံးမယ့် စက်တွေကလည်း လုံခြုံရေးအတွက် အရေးကြီးပါတယ်။ Online မှာလိုပဲ၊ အပြင်မှာလည်း ကတ်ကိုလုံခြုံ စွာထိန်းသိန်းဖို့ လိုပါတယ်။ အခုခေတ်ကဖုန်း Camera တွေနဲ့ အလွယ်တကူမှတ်ယူနိုင်တော့ အထူးသတိထားမှ တော်ရာကြမယ်လို့ အကြံပြုလိုတယ်။ အပေါ်မှာရှင်းပြခဲ့သလို ကတ်ကအခြားသူလက်ထဲရောက်တာနဲ့ အလွယ်တကူသုံးနိုင်တာမို့ ကတ်ပျောက်ပြီဆိုတာနဲ့ သက်ဆိုင်ရာကတ် ထုတ်ပေးတဲ့အဖွဲ့အစည်းကို ချက်ချင်းအကြောင်းကြားဖို့လည်း လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ Monitor လုပ်နိုင်ဖို့ အရေးကြီးပုံကို အကြံပြုချင်ပါတယ်။ အခြားတစ်ဦးဦးက ခိုးယူသုံးစွဲနေပြီလား၊ ကိုယ့်ကတ်မှာဘာတွေ လာသုံးနေပြီလဲဆိုတာ အလွယ်တကူနဲ့ Up-to-date ကြည့်နိုင်တဲ့ Service ပေးတဲ့ ဘဏ်မျိုးကို ဦးစားပေးရွေးချယ်သင့်တယ်။ ဥပမာ- ပြည်တွင်းမှာဆိုရင် CB ဘဏ်က သူတို့ကတ်မှာ သုံးသမျှကို Online ကနေ ချက်ချင်းနီးပါးကြည့်နိုင်တယ်။ တစ်ခုခုလွဲချော်နေပြီ၊ မှားနေပြီထင်ရင် ချက်ချင်းသိနိုင်၊ ချက်ချင်းဘဏ်ကို အကြောင်းကြားနိုင်ပါတယ်။ Credit Card သုံးစွဲမှုအတွက် အားသာချက်၊ အားနည်းချက် ------------------------------- အားသာချက်၊ အားနည်းချက်ဆိုရင်တော့ မီးလိုပဲလို့ ဥပမာပေးချင်တယ်။ မီးကိုကိုင်တွယ်တတ်ရင် အကျိုးများသလို၊ မကိုင်တွယ်တတ်ရင်တော့ အလောင်ခံရနိုင်ပါတယ်။ အားသာချက်တွေကတော့ - - နိုင်ငံခြားမှာတော့ ဘယ်သွားသွား လက်ထဲမှာ ပိုက်ဆံများများ သယ်သွားဖို့ မလိုတော့ဘူး။ Credit Card နဲ့ အဆင်ပြေတယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်လာမှာပါ။ အရင်ကလို နိုင်ငံခြားသွားရင် ငွေတွေ အများကြီးလဲသွားဖို့ မလိုတော့ဘူး။ ကတ်လေး သယ်သွားရုံပဲ။ - ငွေလှည့်လို့ရတယ်။ သုံးသမျှကို ချက်ချင်းပေးစရာမလိုတဲ့အတွက် ကိုယ့်လက်ထဲမှာ ငွေမရှိသည့်တိုင်အောင် သုံးထားလို့ရတယ်။ ပြန်ဆပ်ရမယ့်အချိန်မှာ ငွေရှိနေဖို့ပဲ အရေးကြီးပါတယ်။ - Online ပေါ်ကနေငွေပေးချေလို့ ရသွားတယ်။ Game ၊ App တွေကအစ အလှအပ၊ အဝတ်အစားတွေ အကုန်လက်တစ်ကမ်း ဖြစ်သွားတယ်။ - သူတို့ကတ်တွေကိုသုံးစေချင်တဲ့အတွက် Credit Card Promotion တွေ အမြဲလိုလိုရှိနေတတ်တယ်။ အဲဒါတွေကို အသုံးပြုတတ်ရင် အကျိုးများတယ်။ လတ်တလော ဥပမာဆို Visa Credit Card နဲ့ Bangkok Hospital မှာ ဆေးစစ်ရင် ၁၀ ရာခိုင်နှုန်းလျှော့ပေးတာမျိုးတွေရှိတတ်တယ်။ စားသောက်ဆိုင်တွေမှာဆိုလည်း ဘယ်ကတ်နဲ့မဆို ဘယ်လောက်လျှော့မယ်ဆိုတာတွေ ရှိတတ်တယ်။ - Credit Card - Installment Payment Plan ဆိုတာလည်း ရှိတတ်တယ်။ သုံးလ၊ ခြောက်လ၊ တစ်နှစ် စသည်ဖြင့် လစဉ်အရစ်ကျခွဲပေးလို့ရတယ်။ အဲဒီအတွက် အပိုလည်းယူလေ့မရှိဘူး။ ဥပမာ- အချို့ကျောင်းတွေ၊ သင်တန်းတွေမှာ ကျောင်းလခကို အရစ်ကျခွဲပေးနိုင်တယ်။ နိုင်ငံခြားမှာကတော့ အရာအတော်များများကို Credit Card ကနေ အရစ်ကျပေးနိုင်တယ်။ အားနည်းချက်၊ ဒါမှမဟုတ် သတိထားသင့်တာတွေကတော့ - - တန်ဖိုးထက် လက်ခများတတ်တယ်။ အပေါ်မှာဆွေးနွေးခဲ့သလိုပဲ ဘယ်မှာသုံးမလဲ။ ဘယ်လောက်ကုန်မလဲ သေချာသိအောင် လုပ်ထားပါ။ - ကတ်လုံခြုံရေးအထူးသတိထားပါ။ အလွယ်တကူ ခိုးယူသုံးစွဲနိုင်တယ်။ - ဘယ်လောက်သုံးပြီးပြီလဲဆိုတာ အမြဲသတိထားပါ။ အရင်လိုပိုက်ဆံအိတ်ထဲက ပိုက်ဆံထုတ်ပေးရမှာ မဟုတ်တော့တဲ့အတွက်၊ ပိုက်ဆံဘယ်လောက်ကုန်သွားပြီလဲဆိုတာ တစ်ခါတစ်ရံမှာ သတိမမူဘဲ၊ မိမိပြန်ဆပ်နိုင်တဲ့ ပမာဏထက် ပိုပြီးသုံးစွဲမိတတ်တယ်။ - အဲဒီလိုအလွယ်တကူပိုသုံးမိပြီဆိုရင်၊ အကျင့်ပါသွားတတ်တယ်။ အကြွေးပေါ် အကြွေးဆင့်၊ အတိုးပေါ် အတိုးဆင့်ပြီး ဒုက္ခရောက်သွားတဲ့သူတွေလည်းရှိတယ်။ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် အမြဲချင့်ချိန်ပါ။ - Installment Payment Plan ကို သတိထားပါ။ အပြည့်အဝတတ်နိုင်ရင် Installment မယူပါနဲ့။ ငွေအကြေ ချေပါ။ ဥပမာ- မိမိအလုပ်ပြုတ်လို့ဖြစ်စေ၊ မိသားစုကျန်းမာရေးကြောင့်ဖြစ်စေ အခန့်မသင့်လို့ Installment ကို ပြန်မပေးနိုင်ခဲ့ရင် အတိုးနဲ့ အခြားဝန်ဆောင်စရိတ်တွေ တက်လာတတ်တယ်။ အဲဒီတော့ အတော်လည်းသိလောက်ပြီလို့ ယူဆပါတယ်။ အားလုံးပဲ Credit Card အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။
ပြည်တွင်းပြည်ပထုတ် Credit Card အမျိုးမျိုးသုံးစွဲနေသူများ အခုမှ Credit Card စတင်ကိုင်ဆောင်အသုံးပြုမည့်သူများကို သူတို့ရဲ့အတွေ့အကြုံ၊ မျှော်မှန်းချက်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ [caption id="attachment_32684" align="alignnone" width="370"] ဦးဇော်ထွဋ်
MD & CTO
Myanmar's NET[/caption] လက်ရှိမှာ Credit Card ကို သုံးနေလား -------------------------- လက်ရှိမှာ Visa နဲ့ MasterCard Credit Card တွေကို ပြည်တွင်းက MCB ၊ CB ၊ KBZ နဲ့ ပြည်ပကဆို Chase Bank ၊ Bangkok Bank ၊ POSB ဘဏ်ကတ်တွေကို သုံးနေပါတယ်။ သုံးစွဲရတာ အဆင်ပြေလား၊ အဆင်မပြေမှုတွေရှိရင်လည်း ပြောပြပေးပါ ----------------------------- ခုထိသုံးမရတဲ့ နေရာတွေ အများကြီးရှိပါသေးတယ်။ Online မှာလည်း ရတာမရတာ။ အများကြီးပဲ ခုထိ။ အများစုက နိုင်ငံခြား Payment Processor နဲ့ Acquirer Bank (ငွေလက်ခံတဲ့ဘဏ်) ဘက်က Policy ကြောင့်လို့ သိရပါတယ်။ တဖြည်းဖြည်းတော့ မရတဲ့ Site တွေ လျော့လျော့လာပါပြီလို့ ပြောနိုင်ပါတယ်။ Credit Card သုံးစွဲရတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာပါသလဲ --------------------------------- Credit Card သုံးတဲ့ အကျိုးကျေးဇူးအနေနဲ့ အကြွေးခဏယူသုံးဖို့က အဓိကမဟုတ်ပါဘူး။ လွယ်ကူချောမွေ့စေမှုက အဓိကအကျိုးကျေးဇူး ရတာပါ။ မြန်မာပြည်တွင်းမှာတော့ Credit Card တွေ မသုံးဖြစ်ပါဘူး။ Cloud Based Server Setup လုပ်တာမျိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။ ကျွန်တော်မှတ်မိသလောက်ဆိုရင် နားလည်ပေးရတော့ခက်တယ်။ မြန်မာဘဏ်က ထုတ်တဲ့ကတ်ချင်းအတူတူ Los Angeles က Disneyland ထဲမှာ လွန်ခဲ့တဲ့ ၅ လလောက်တုန်းက CB Visa Card က သုံးလို့ရတယ်။ CB MasterCard က သုံးလို့မရဘူး။ ဒါပေမဲ့ KBZ Visa Card က သုံးမရဖြစ်ပြီး၊ KBZ MasterCard က သုံးလို့ရနေပြန်ပါတယ်။
[caption id="attachment_32685" align="alignnone" width="370"]
ဦးအောင်ကျော်မိုး
Director
Client Focus Technology Group Co Ltd[/caption] လက်ရှိမှာ Credit Card ကို သုံးနေလား -------------------------- Credit Card သုံးပါတယ်။ KBZ Bank ကပါ။ သုံးစွဲရတာ အဆင်ပြေလား၊ အဆင်မပြေမှုတွေရှိရင်လည်း ပြောပြပေးပါ ----------------------------- အဆင်ပြေပါတယ်။ တစ်ခါကတော့ Credit Card ရတယ်ဆိုပြီး Restaurant တစ်ခုမှာ ဝင်စားတာပြီးတော့ လိုင်းကျနေလို့ ကတ်နဲ့ပေးမရဘူးတဲ့ Cash လည်း မပြည့်တော့ ရုံးကို ငွေလာပို့ခိုင်းရတယ်။ အဲဒီတစ်ခါတော့ အဆင်မပြေ ဖြစ်ဖူးတယ်။ ကျန်တာ အဆင်ပြေပါတယ်။ Credit Card သုံးစွဲမှုအတွက် အားသာချက်၊ အားနည်းချက် ------------------------------ Credit Card သုံးရတာ အကျိုးကျေးဇူးအများကြီး ရှိပါတယ်။ တစ်နေရာသွားရင် ငွေတွေအများကြီး သယ်သွားစရာမလိုဘူး။ ငွေပေးချေမှုအပိုင်းမှာလည်း ပိုအဆင်ပြေတယ်။ အကောင်းဆုံးကတော့ အကြွေးရတာပါ။ Credit Card သုံးစွဲသူတွေအနေနဲ့ ကိုယ့်ဝင်ငွေ ထွက်ငွေကို အမြဲတမ်းချိန်ဆနေဖို့လိုပါတယ်။ အရင်က လက်ထဲမှာငွေပါမှ သုံးလို့ရပါတယ်။ ကတ်နဲ့ဆိုတော့ ကိုယ့်မှာ အမြဲတမ်း ငွေပါနေသလို ဖြစ်နေပါတယ်။ အဲဒီတော့ တစ်ခါတလေ မလိုအပ်ပေမယ့် စိတ်အလိုလိုက်ပြီး သုံးမိတတ်ပါတယ်။ Credit Card က သုံးငွေပိုလာစေလို့ သတိထားသင့်ပါတယ်။
[caption id="attachment_32686" align="alignnone" width="370"] ဦးမြင့်ဇော်အောင်
Network Administrator (IT)
Myanmar National Airlines[/caption] လက်ရှိမှာ Credit Card ကို သုံးနေလား -------------------------- CB Credit Card (Visa) Gold Card အသုံးပြုနေပါတယ်။ သုံးစွဲရတာ အဆင်ပြေလား၊ အဆင်မပြေမှုတွေရှိရင်လည်း ပြောပြပေးပါ ----------------------------- အသုံးပြုရတာ အဆင်ပြေပါတယ်။ Card စစလုပ်ချင်းတုန်းက ဘဏ်ဘက်က ရှင်းပြပေးသလောက်တော့ အဆင်ပြေပါတယ်။ ပထမလမှာ စသုံးကြည့်ပြီး Bill Statement Email လာတော့ အင်းစိန်ဘဏ်ခွဲကိုသွားပြီး Statement က Transaction Description တွေနဲ့ပတ်သက်လို့ အသေးစိတ်မေးချင်တာရယ်၊ သုံးထားတဲ့ ပိုက်ဆံလည်း ပြန်သွင်းဖို့ရယ် နီးစပ်ရာဘဏ်မှာသွားလုပ်တာ အဆင်မပြေဖြစ်ခဲ့တာတော့ ရှိပါတယ်။ အဲဒါနဲ့ မြို့ထဲက CB ဘဏ်ရုံးချုပ်ကိုသွားလိုက်တော့မှ အဆင်ပြေသွားတယ်။ နောက်ပိုင်းလည်း မြို့ထဲက ဘဏ်မှာပဲ ငွေသွားသွင်းဖြစ်တယ်။ ငွေကလည်း ရုံးချိန်အတွင်းပဲ သွင်းလို့ရတာ။ ကျွန်တော့် အလုပ်က လေဆိပ်မှာဆိုတော့ လေဆိပ်ကနေ မြို့ထဲကို သက်သက်သွားရတာ အချိန်ပိုကုန်တာကြောင့်။ လေဆိပ်နဲ့နီးတဲ့နေရာက ဘဏ်ခွဲမှာ အဆင်ပြေပြေ ငွေသွင်းလို့ရတယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်လို့ထင်ပါတယ်။ Credit Card သုံးစွဲရတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာပါသလဲ ---------------------------------- Credit Card သုံးတဲ့အခါ တစ်ခါတလေ ကိုယ်က ငွေကို လက်ထဲကိုင်ပြီး ချန်ထားချင်တဲ့အခါမျိုးဆို အဆင်ပြေပါတယ်။ ကိုယ့်လက်ထဲက ပိုက်ဆံကိုချန်ထားပြီး ဝယ်စရာရှိရင် Credit Card နဲ့သုံးလိုက်တယ်။ လကုန်မှ ဘဏ်မှာ ငွေပြန်ရှင်းပေးလိုက်တယ်။ အဲဒီလိုဆိုတော့ အရေးပေါ် ငွေနည်းနည်းပါးပါးလိုတာမျိုးဆို Credit Card သုံးပြီး ရှင်းလိုက်ရုံပါပဲ။ ဘန်ကောက်သွားတုန်းက လေဆိပ်မှာ ပစ္စည်းဝယ်တော့ ဒေါ်လာနဲ့ရှင်းတာမှာ ရာတန်ပေးတော့ သူတို့က အကြွေအသေးတောင်းတယ်။ အဲဒါနဲ့ အကြွေမပါလို့ Credit Card နဲ့ရှင်းလို့ရလားဆိုတော့ ရတယ်ဆိုတာနဲ့ Credit Card နဲ့ ရှင်းခဲ့လိုက်တယ်။ မိတ်ဆွေတစ်ယောက်အတွက် ACCA စာမေးပွဲကြေးကို Credit Card သုံးပြီး စတာလင်ပေါင်နဲ့ သွင်းပေးဖူးတယ်။ ဒေါ်လာကနေ ပေါင်ကို Exchange လုပ်ပြီး ဖြတ်ထားတယ်။ အသုံးပြုရတာတော့ အဆင်ပြေပါတယ်။
[caption id="attachment_32687" align="alignnone" width="370"] ဦးခိုင်မိုးအောင်မင်း @ မိုးစွိ
MD
Home of Tone Pro Audio[/caption] လက်ရှိမှာ Credit Card ကို သုံးနေလား -------------------------- မြန်မာပြည်မှာ Credit Card မသုံးဖြစ်သေးပါဘူး။ စင်ကာပူမှာ သုံးခဲ့ပါတယ်။ American Express နဲ့ Visa သုံးခဲ့ပါတယ်။ အဲဒီခေတ်က လူတိုင်း Credit Card မရဘဲ လစာစင်ကာပူဒေါ်လာ ၂,၅၀၀ အထက်ရမှ Credit Card သုံးလို့ရတယ်။ Credit Card သုံးစွဲရခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ---------------------------- ကောင်းတာကတော့ ငွေအရေးပေါ်လိုရင် ဆွဲလို့ရတယ်။ တကယ်လိုတဲ့ပစ္စည်းတွေ အရစ်ကျဝယ်လို့ရတယ်။ ဒါပေမဲ့ မကောင်းတာက ပိုများပါတယ်။ ဥပမာ- လက်ထဲမှာ ပိုက်ဆံမရှိပဲ ဝယ်လို့ရတဲ့အတွက် မလိုတာတွေ ဝယ်မိတတ်ပါတယ်။ ပြီးတော့ ပြန်ဆပ်ရတာကြာတော့ ငြီးငွေ့ဖို့ ကောင်းလာတယ်။ ဆပ်ရမှာမေ့ရင် ဒဏ်ကြေးလည်း များပါတယ်။ ကိုယ်က ဘာမှမသုံးရင်တောင် နှစ်စဉ်ကြေးကောက်တယ်၊ အဲဒီနှစ်စဉ်ကြေးကို မပေးမိရင် ဒဏ်ကြေး ထပ်တက်ပြန်ပါတယ်။
လက်ရှိမှာ Credit Card ကို သုံးနေလား -------------------------- ဘဏ်တွေရဲ့ အတိုးနှုန်းကို သဘောမကျလို့ လက်ရှိမှာ Credit Card မသုံးဖြစ်သေးပါဘူး။ အနာဂတ်မှာ Credit Card သုံးဖို့ အစီအစဉ်ရှိပါသလား --------------------------- တကယ်လို့အတိုးနှုန်းနဲ့ ဝန်ဆောင်မှုတွေသဘောကျတာမျိုးတွေ့မိရင်တော့ Credit Card အသုံးပြုဖို့ အစီအစဉ်ရှိပါတယ်။ အတိုးနှုန်းတွေ ပြောင်းလဲမှုရှိလာမယ်ဆို အသုံးပြုသူတွေအနေနဲ့ ပိုပြီးအဆင်ပြေမယ်လည်း ထင်ပါတယ်။ ကျွန်တော်တို့လို လခစားဝန်ထမ်းတွေအတွက် Credit Card ဟာ တော်တော်အသုံးဝင်ပါတယ်။ အရေးပေါ်လိုအပ်တဲ့အခါသုံးဖို့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီအတွက် အသုံးပြုဖို့ အစီအစဉ်တော့ရှိပါတယ်။ Credit Card သုံးစွဲရတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိနိုင်ပါသလဲ --------------------------------- Credit Card သုံးတာက အားသာချက်တချို့လည်း ရှိတယ်ဆိုတာ သိပါတယ်။ ဥပမာ- တချို့ Online Payment တွေဟာ Credit Card Payment နဲ့ဆို Discount တွေရှိတတ်တယ်။ တချို့ Hotel ၊ Air Ticket ၊ Movie Ticket တွေ Booking လုပ်တယ်ဆို Credit Card Payment နဲ့ဆို Discount အမျိုးမျိုးရှိတာ တွေ့ရတယ်။ တချို့ဆို Credit Card နဲ့မှ ပေးလို့ရတာမျိုးတွေလည်းရှိတတ်တယ်။ တစ်ခုရှိတာက Credit Card ကို လျှောက်ထားပြီး မသုံးဘဲ ဒီအတိုင်းထားရင်လည်း Annual Fee တွေက ပေးနေရမှာဆိုတော့ အသုံးပြုပေးနေမှ အဆင်ပြေမယ် ထင်တယ်။ အရေးကြီးတာတစ်ခုက လိုအပ်တဲ့အချိန်မှာ သုံးပြီး Monthly Bill လာတာနဲ့ ချက်ခြင်းပြန်ဆပ်ဖို့ ဖြစ်ပါတယ်။ ချက်ခြင်းပြန်မဆပ်ခဲ့ရင် အသုံးပြုထားတဲ့ ပမာဏပေါ်မူတည်ပြီး အတိုးတက်မှာဖြစ်ပါတယ်။ ကျွန်တော်တို့တွေက လက်ထဲမှာ ကတ်ရှိနေရင် ဟိုဟာဝယ်ချင်၊ ဒီဟာဝယ်ချင်နဲ့ အရှိန်မထိန်းနိုင်ဖြစ်သွားတတ်တယ်။ အရှိန်တွေလွန်ပြီး မနိုင်မနင်းတွေဖြစ်လာပြီးတော့ ဒုက္ခရောက်တဲ့ မိတ်ဆွေတွေမြင်ဖူးတယ်။ အဲဒီတော့ ကိုယ်နိုင်သလောက် ကိုယ့် Limit လေးနဲ့ချိန်ပြီး အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ နောက်အရေးကြီးတာတစ်ခုက Credit Card ကို Online Payment ၊ Card Payment တွေမှာ အတိုးနှုန်းက တစ်မျိုး၊ ATM Machine ကနေ Cash ထုတ်ပြီးသုံးမယ်ဆို အတိုးနှုန်းက တစ်မျိုးရှိနေတတ်တယ်။ အဲဒီတော့ ကိုယ်အသုံးပြုမယ့် ဝန်ဆောင်မှုတွေရဲ့ အတိုးနှုန်းကို သေချာသိသင့်တယ်။ ဘာလို့လည်းဆိုတော့ ဝန်ဆောင်မှုတစ်ခုခြင်းဆီတိုင်းမှာ အတိုးနှုန်းမတူလို့ပါ။ တိုးတက်လာတဲ့ ကျွန်တော်တို့နိုင်ငံမှာ မြင့်မားလာတဲ့ လူနေမှုအဆင့်အတန်းနဲ့အတူ Credit Card ကို အကျိုးရှိစွာ အသုံးပြုနိုင်ကြဖို့ ကျွန်တော်မျှော်လင့်ပါတယ်။
[caption id="attachment_32689" align="alignnone" width="370"] ဦးခင်လတ်
MBA Graduate
Yangon University of Economics[/caption] လက်ရှိမှာ Credit Card ကို သုံးနေလား ------------------------- အခုလောလောဆယ်မှာတော့ Credit Card မသုံးဖြစ်သေးပါဘူး။ ဘာကြောင့်မသုံးဖြစ်သေးတာပါလဲ ------------------------------------ Annual Fee ကောက်တာများတယ်လို့ ထင်ပါတယ်။ Credit Card လုပ်ထားပြီး ပိုက်ဆံမသုံးဖြစ်လည်း Annual Fee က ပေးနေရမှာပါပဲ။ နောက်ပြီး ပိုက်ဆံထုတ်သုံးရင် ပေးရတဲ့အတိုးက များတဲ့အတွက် သိပ်အဆင်မပြေပါဘူး။ အနာဂတ်မှာ Credit Card သုံးဖို့ အစီအစဉ်ရှိပါသလား ----------------------------- နောင်ကျရင်တော့ Credit Card သုံးဖို့ အစီအစဉ်ရှိပါတယ်။ နိုင်ငံခြားသွားတဲ့အခါ Credit Card ကိုင်ထားတာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ လက်ထဲမှာ Foreign Currency ကိုင်ထားစရာမလိုတော့ဘူး။ အလွယ်တကူငွေပေးချေလို့ရတယ်။ မြန်မာနိုင်ငံကနေ နိုင်ငံခြားကပစ္စည်းမှာမယ်ဆိုရင်လည်း သုံးလို့ရတယ်။ ဘယ်အချက်တွေကိုကြည့်ပြီး Credit Card သုံးမယ်၊ မသုံးဘူး ဆုံးဖြတ်ဖြစ်မယ်ထင်ပါသလဲ ------------------------------ Credit Card လုပ်ဖြစ်မယ်ဆိုရင်တော့ Annual Fee နည်းတာ၊ အတိုးနှုန်းသက်သာတာ၊ ကိုယ်အသုံးပြုလို့ရနိုင်မယ့် ငွေပမာဏနဲ့ Card ကို မြန်မာနိုင်ငံအပြင် အခြားဘယ်နိုင်ငံတွေမှာ အသုံးပြုလို့ရနိုင်သလဲစတဲ့ အချက်တွေအပေါ်မူတည်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အယ်ဒီတာအဖွဲ့