လုပ်ငန်းခွင်ဘဝတစ်လျှောက်မှာ မိမိအလုပ်လုပ်ကိုင်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ရွေးချယ်ရခြင်းဟာ အလုပ်အကိုင်လမ်းကြောင်း ရွေးချယ်ရသလိုပဲ အရေးကြီးလှပါတယ်။ မိမိရဲ့လုပ်ငန်းအဖွဲ့အစည်းက နာမည်ကောင်းရှိတာ၊ လူမှုအဖွဲ့အစည်းအတွက် တာဝန်ယူတာစတဲ့ ပြင်ပအချက်တွေက အရေးကြီးသလို လုပ်ငန်းခွင်ပျော်ရွှင်မှု၊ မိမိအလုပ်တာဝန်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ လုပ်ခလစာနဲ့ ခံစားခွင့်တွေ၊ မိမိအထက်လူကြီးနဲ့ ဆက်ဆံရေးကောင်းမွန်မှု၊ Teamwork ရှိမှု စတာတွေကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့လုပ်ငန်းခွင်အလိုက် နေရာတစ်ခုမှာအောင်မြင်မှုရနေတဲ့ ဒါရိုက်တာတွေ၊ မန်နေဂျာတွေကို သူတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားတဲ့အချက်တွေကို မေးမြန်းခဲ့ပြီး Cover Story အဖြစ် တင်ဆက်လိုက်ပါတယ်။
ဒေါ်ချိုဦးလွင်
New Business Development & Office Manager
Du Pont (Myanmar) Co Ltd
ကိုယ်အလုပ်လုပ်မယ့် Organization ကို ဘယ်လိုရွေးချယ်မလဲ . . .
ကိုယ်အလုပ်လုပ်မယ့် Organization ကို ဘယ်လိုရွေးချယ်မလဲဆိုတာကို ပြောဖို့အတွက် ကျွန်မလုပ်ခဲ့တဲ့ အလုပ်အတွေ့အကြုံလေးတွေနဲ့ ပြောသွားချင်ပါတယ်။ ကျွန်မအခုလောလောဆယ်မှာတော့ Du Pont (Myanmar) Co Ltd မှာ New Business Development & Office Manager အနေနဲ့ လုပ်နေပါတယ်။ ဒီကုမ္ပဏီမှာ ကျွန်မလုပ်ခဲ့တာ လေးနှစ်ရှိပါပြီ။ ၁၉၉၆ ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ဝန်းကျင်လောက်ကတည်းက လုပ်ငန်းခွင် ဝင်ရောက်ခဲ့ပါတယ်။ ငယ်စဉ်အချိန်တုန်းက ဖခင်က သံတမန်တစ်ယောက်ဖြစ်တဲ့အတွက် ဖခင်တာဝန်ကျရာ နိုင်ငံရပ်ခြားနေရာတွေမှာ နေထိုင်ခဲ့ပြီး အင်္ဂလိပ်စာ လေ့လာခဲ့ပါတယ်။ တက္ကသိုလ်တက်မယ့် အချိန်မှာမှ မြန်မာနိုင်ငံကို ပြန်လာပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။ တက္ကသိုလ် တတိယနှစ်မှာ အလုပ်လုပ်ဖို့အတွက် စိတ်အားထက်သန်ခဲ့တယ်။ အဲဒီအချိန်ခါက Hotel Industry က Booming ဖြစ်ပြီး တခြားရွေးချယ်စရာလည်း သိပ်မရှိခဲ့ဘူး။ Inya Lake Hotel ကို Local Government Culture ကနေ International Culture ပြောင်းပြီး လူတွေကအစ အသစ်ပြန်ခန့်တဲ့ အချိန်ဖြစ်တယ်။ အလုပ်ရမယ်လို့ သိပ်မမျှော်လင့်ပေမယ့် အင်တာဗျူးမေးတဲ့သူက မလေးရှားလူမျိုးဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို အဓိကထားကြည့်ပြီး ကျွန်မကို ချက်ချင်းအလုပ်ခန့်လိုက်ပါတယ်။
အဲဒီမှာစပြီး Front Office မှာ အလုပ်စလုပ်ခဲ့တယ်။ အလုပ်လုပ်ရင်း Career Path အနေနဲ့ ကိုယ်ဘာကိုလုပ်ချင်သလဲ ဆိုတာကို လေ့လာဆန်းစစ်တဲ့အခါမှာ ကျွန်မက Marketing ကို စိတ်ဝင်စားတယ်ဆိုတာ သိလိုက်ရပါတယ်။ ၁၉၉၇-၁၉၉၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါ ဟိုတယ်လုပ်ငန်းကို ဆက်လုပ်သွားဖို့ကျတော့ ကျွန်မရွေးချယ်ချင်တာက Marketing ဖြစ်ပြီး Sales က ကိုယ်အရမ်းလုပ်ချင်တဲ့အထဲမှာ မပါတာကြောင့် ဟိုတယ်လုပ်ငန်းကနေ FMCG Industry ဖြစ်တဲ့ Myanmar Brewery မှာ Marketing Department တစ်ခုလုံးရဲ့ Commercial Assistant အနေနဲ့ လုပ်ခဲ့တယ်။ ဒီအလုပ်လုပ်ရင်း ကိုယ်က Marketing ထဲမှာမှ Brand Marketing ကိုပိုပြီးတော့ Specialize လုပ်ချင်တယ်ဆိုတာ သိလာတယ်။ ကိုယ်က Brand ဘက်ကို သွားချင်တာဖြစ်လို့ ဒီအလုပ်မှာ Opportunity မေးလိုက်တယ်။ သူတို့က Brand Executive အနေနဲ့ မပေးနိုင်တဲ့အတွက် တခြား Industry တစ်ခုဖြစ်တဲ့ ငါးသုံးလုံးစီးကရက်ကုမ္ပဏီမှာ အနေနဲ့လုပ်ခဲ့ပါတယ်။ အဲဒီမှာလည်း ကျွန်မရဲ့ အင်္ဂလိပ်စာနဲ့ စကားပြောစွမ်းရည်ကိုကြည့်ပြီး အလုပ်ခန့်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ကျွန်မပြောချင်တာက နောက်တက်မယ့်ကလေးတွေ အင်္ဂလိပ်စာကို များများလေ့လာဖို့ ပြောချင်ပါတယ်။ စီးကရက်ကုမ္ပဏီမှာ ရှစ်နှစ်အလုပ်လုပ်ခဲ့ပြီး အတွေ့အကြုံတွေလည်း အများကြီးရခဲ့ပါတယ်။ အဲဒီမှာ ပြောချင်တာက စီးကရက် ကုမ္ပဏီက Resource Training အင်မတန်ကောင်းတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ အလုပ်လုပ်ဖို့ ရွေးချယ်မယ်ဆိုရင် Resource Training ကောင်းတဲ့ နေရာမျိုးကိုရွေးချယ်သင့်ပါတယ်။ ကိုယ့်အတွက် တက်လမ်းတွေ အများကြီးရှိနေတဲ့နေရာကို ရွေးချယ်သင့်ပါတယ်။ လူတွေကို ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေကို ရွေးချယ်သင့်တယ်။ လူတွေကို ရင်းနှီးမြှုပ်နှံဖို့အတွက် ဒီလူတွေကို Training တွေပေးတယ်။ စီးကရက် ကုမ္ပဏီက Resource တွေ မြှင့်တင်ပေးဖို့ ပညာပေးနိုင်တဲ့သူတွေ၊ အတွေ့အကြုံဖလှယ်ပေးနိုင်တဲ့သူတွေ လွှတ်ပေးပြီး ကျွန်မတို့ကို Training ပေးခဲ့တယ်။ အဲဒီအပြင် On Job Training အနေနဲ့ တခြား နိုင်ငံမှာရှိတဲ့ ရုံးခွဲတွေမှာလည်း Marketing Project တွေသွားပြီး လေ့လာဆည်းပူးခဲ့ရတယ်။ အထူးသဖြင့် ကျွန်မက အဲဒီအချိန်ခါက တော်တော်နာမည်ကြီးတဲ့ ငါးသုံးလုံး စီးကရက် Brand ကို ကိုင်ရတော့ အဲဒီ Brand နဲ့ ပတ်သက်တဲ့ Project တွေကိုသွားပြီး လေ့လာခဲ့ရတယ်။ ဗီယက်နမ်၊ ကမ္ဘောဒီးယားလို နိုင်ငံတွေအထိ International Experience ရအောင်ဆိုပြီး အလုပ်တွေ သွားလုပ်ခဲ့ရတယ်။ အဲဒီနိုင်ငံတွေရဲ့ ဈေးကွက်တွေ အခြေအနေ၊ အသိပညာတွေ၊ အတွေ့အကြုံတွေ ကောင်းကောင်းရခဲ့သလို ကိုယ့်နိုင်ငံက ဈေးကွက်အနေအထားကိုလည်း သူတို့ကိုပြန်ပြီး ဖလှယ်ပေးနိုင်ခဲ့တယ်။ အဲဒီနောက်မှာ Kimberly Clark ဆိုတဲ့ လူသုံးပစ္စည်းကုမ္ပဏီမှာ Business Manager အနေနဲ့ ဝင်လုပ်ခဲ့တယ်။ Distribution ကိုပါ တွဲကိုင်ရတဲ့အတွက် အတွေ့အကြုံသစ် တွေရခဲ့ပါတယ်။ ကျွန်မပြောချင်တာက အလုပ်တစ်ခုမှာ ဆယ်လတစ်နှစ်လောက်နဲ့ ကိုယ့်အတွက် ဘာအတွေ့အကြုံမှမရပါဘူး။ တစ်နေရာမှာ စူးစူးစိုက်စိုက် လေ့လာဆည်းပူးပါ။ နက်နက်နဲနဲ သင်ယူပါ။ အလုပ်လုပ်ရင်းနဲ့ သင်ယူရတာတွေအများကြီးပါ။ ကိုယ်လုပ်ခဲ့တဲ့ ဧရိယာမှာ ကိုယ် တကယ်တတ်သိ ကျွမ်းကျင်ပြီဆိုမှ တခြားတဆင့်ကိုပြောင်းပါလို့ အကြံပေးချင်တယ်။
Kimberly Clark မှာ ငါးနှစ်ကြာ လုပ်ခဲ့ပြီးတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိတဲ့အတွက် Brand အသစ်လုပ်မယ့် အိမ်သုံးပစ္စည်းတွေထုတ်တဲ့ Thanakorn ဆိုတဲ့ ထိုင်းကုမ္ပဏီမှာ Marketing Manager အနေနဲ့ ဝင်လုပ်ခဲ့တယ်။ အဲဒီမှာ သုံးနှစ်လုပ်ပြီးတဲ့အခါ ကုမ္ပဏီကသေးပြီး Marketing Spending ကို လိုသလောက် မသုံးနိုင်တဲ့အတွက် ဒီ Brand ကို ရေရှည်အောင်မြင်ဖို့အတွက် ဆက်မသွားနိုင်ဘူး။ Brand ကလည်း ရှေ့ကို ဆက်သွားလို့ မရသလို ကိုယ်လည်း Career တစ်ခုအနေနဲ့ ဆက်သွားလို့ မရဘူး။ ဒါကြောင့် ၂၀၁၂ ခုနှစ်ရောက်လာတဲ့အခါ ကျွန်မ အလုပ်တစ်ခု ဆက်ရွေးခဲ့တယ်။ Samsung ကုမ္ပဏီမှာ Marketing Head အဖြစ် လုပ်ခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ Samsung က ကုမ္ပဏီကြီးတယ်၊ Technology လည်း ပေါက်ပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ကျွန်မ ထည့်မစဉ်းစားမိလိုက်တာက အချိန်ဖြစ်တယ်။ သူတို့က Technology နဲ့ သွားတယ်။ Mobile Industry ဖြစ်တဲ့အတွက် အချိန်ပြည့် ပြိုင်ဆိုင်မှုတွေက တအားများတယ်။ ကျွန်မ ကလေးတွေကိုလည်း အချိန်မပေးနိုင်ဘဲ ဖြစ်လာတယ်။ Work Life Balance မဖြစ်တဲ့အတွက်ကြောင့် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ အဲဒီအချိန်မှာ Du Pont ကလည်း ခေါ်နေခဲ့တယ်။ ဒီ Industry က ကျွန်မနဲ့ အင်မတန်စိမ်းတဲ့ Industry ပါ။ ဒါပေမဲ့ ကျွန်မက Challenging ကို တအားကြိုက်တဲ့သူဖြစ်တယ်။နောက်ပြီး ကျွန်မအသက်အရွယ်အရရော၊ ကျွန်မအလုပ်အတွေ့အကြုံတွေအရရော၊ မိသားစုအတွက်ရော အကုန်ပေါင်း စဉ်းစားပြီးတော့ အလုပ်တိုင်းက Stress များတယ်ဆိုပေမယ့် တခြားအလုပ်တွေထက် အဆင်ပြေမယ့် အလုပ်ဆိုပြီး ရွေးချယ်ခဲ့တာပါ။ ဒါကတော့ ကျွန်မရဲ့ အလုပ်အတွေ့အကြုံတွေနဲ့ ကျွန်မရဲ့အလုပ်ကိုရွေးချယ်ခဲ့တဲ့ ပုံစံတွေပါ။ လတ်တလောမှာ ဒီအလုပ်မှာ လုပ်နေတယ်ဆိုပေမယ့် နောင်မှာတခြားအလုပ်ကို လုပ်ရင်လည်း လုပ်သွားမှာပါ။ ရှေ့ဆက်ပြီးလည်း ဒီထက်မြင့်တဲ့ ရာထူးတွေကို ကျွန်မမှန်းထားပါတယ်။
ကိုယ်က အလုပ်တစ်ခုကို လျှောက်လို့ ဒီအလုပ်က သင့်တော်တယ်ထင်ရင်တော့ Offer လာမှာပါ။ ဒါပေမဲ့ Offer ရတိုင်းလည်း တအားမပျော်ကြပါနဲ့။ အဲဒီ Offer မှာ ကိုယ်စဉ်းစားစရာအချက်တွေ အများကြီးပါ။ ကျွန်မတို့ Level မှာ ဒီအလုပ်ရဲ့အချိန်ကို ကိုယ်တကယ်ပေးနိုင်သလား ဆိုတာ သေချာစဉ်းစားသင့်ပါတယ်။ လူငယ်တွေအနေနဲ့က ဝင်ငွေက စဉ်းစားသင့်တဲ့အချက်ပါ။ ဒါပေမဲ့ အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့အခါမှာ ဒီအလုပ်က ကိုယ့်ကိုဘာတွေပေးနိုင်မလဲဆိုတာ စဉ်းစားရမယ်။ ကျွန်မ အတွေ့အကြုံတွေအရ Skills Development ကိုကြည့်ရမယ်။ အဲဒီ Skills တွေက ကိုယ့်ရဲ့ဘဝကို ဘယ်လို Impact ဖြစ်မလဲ။ ကိုယ်လုပ်နေတဲ့အလုပ်ထဲက Skills တွေက ကိုယ်ပြောင်းသွားမယ့် အလုပ်အတွက် ဘယ်လိုအသုံးချလို့ရမလဲ။ နောက်တစ်ခုက ကိုယ်ပြောင်းမယ့် ကုမ္ပဏီရဲ့ Size and Culture ကို ကြည့်ရမယ်။ ကုမ္ပဏီရဲ့ အရွယ်အစားနဲ့ အလုပ်လုပ်တဲ့ Culture ကိုလည်း ထည့်စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝင်မယ့် ကုမ္ပဏီရဲ့ Culture နဲ့ ကိုယ်က ကိုက်ညီဖို့ လိုတယ်။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုက မတူညီတဲ့ Culture တွေ၊ မတူညီတဲ့ Structure တွေ ရှိကြတယ်။ ဥပမာ- ကိုရီးယားနဲ့ဆက်စပ်တဲ့ ကုမ္ပဏီက လူကြီးကို တအား Respect ထားတဲ့ ကိုရီးယား Culture ရှိမှာပဲ။ အမေရိကန်ကုမ္ပဏီတွေကျပြန်တော့လည်း Very Open ၊ Very Friend ဖြစ်တယ်။ မကြိုက်ရင် မကြိုက်သလို Fire ချက်ချင်းလုပ်တတ်တယ်။ ဒီလိုအဆင့်ဆင့် အမိန့်ပေးတဲ့ ကုမ္ပဏီတွေရှိသလို Very Open Type ဖြစ်တဲ့ ကုမ္ပဏီတွေလည်း ရှိတယ်။ ရွေးချယ်တဲ့အခါ ကုမ္ပဏီကြီးတာ သေးတာပေါ်မှာလည်း မူတည်ပါတယ်။ ကြီးတဲ့ကုမ္ပဏီဆိုရင် ကိုယ်က ကိုယ့်အထက်က ကိုယ့်အောက်က လူတွေအဆင့်ဆင့်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်။ သူတို့ဆီက အတွေ့အကြုံတွေ၊ သင်ယူမှုတွေနဲ့ ကိုယ့်ဘက်က Sharing လည်း လုပ်နိုင်မယ်။ သေးတဲ့ကုမ္ပဏီဆိုရင်လည်း အထင်သေးလို့ မရပါဘူး။ ကုမ္ပဏီသေးတွေမှာ ဘယ်လိုလုပ်ပိုင်ခွင့်တွေရှိမလဲဆိုတာ ကြည့်ပါ။ ကိုယ့်ကိုပေးလာတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အောင်မြင်တဲ့ Project တွေ လုပ်နိုင်မယ်။ ကုမ္ပဏီကြီးတွေလို လူအများနဲ့ တစ်စုတစ်ဝေးတည်း လုပ်တာမျိုးမဟုတ်ပေမယ့် Individual Development ဘယ်လိုလုပ်လို့ရမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပျိုးထောင်ရမလဲဆိုတဲ့ အချက်တွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်က ကုမ္ပဏီပေါ် မူတည်ပြီး ရွေးချယ်ရပါမယ်။ အလုပ်တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင် ကိုယ်တိုက်ရိုက် Report လုပ်ရမယ့်သူရဲ့ Performance က ကိုယ့်ကို ဘယ်လို Effect ဖြစ်နိုင်မလဲဆိုတာကို စဉ်းစားပါ။ လူဆိုတာ တစ်ယောက်နဲ့ တစ်ယောက် Character မတူကြဘူး။ ဒီလူနဲ့ ကိုယ်နဲ့ အဆင်ပြေနိုင်မလား ကြိုတင်လေ့လာပါ။ Professional Development Part ၊ ဒီအလုပ်မှာ ကိုယ့်အတွက် တက်လမ်းရှိနိုင်မလား။ ကိုယ့်ဘ၀ တက်လမ်းအတွက် အတားအဆီးဖြစ်လာမလားဆိုတာမျိုး စဉ်းစားပါ။ ကိုယ့်ရဲ့ Professional Job Development Area ကိုလည်း စဉ်းစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက ဒီနေရာမှာပဲ တရားသေနေချင်ကြမှာ မဟုတ်ပါဘူး။ နောက်တစ်ဆင့်တက်ဖို့ ကြိုးစားနေတဲ့ လူတွေပါပဲ။ ဒါကြောင့် လစာတစ်ခုတည်းနဲ့ ဆုံးဖြတ်ချက်မချကြပါနဲ့။ Career Part ရွေးချယ်တဲ့အခါ ကိုယ့်တက်လမ်းပေါ် မူတည်ပြီး ရွေးချယ်ပါ။ ကိုယ့်ရဲ့ Career လမ်းကြောင်းမှာ အမြင့်ကို မှန်းတယ်၊ ပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ တက်သွားချင်တယ်ဆိုရင်တော့ နာမည်ကောင်းရှိတဲ့ ကုမ္ပဏီကို ရွေးချယ်သင့်ပါတယ်။ Career ပြောင်းမယ့် သူတွေအနေနဲ့ လစာပဲ မကြည့်ပါနဲ့ အချိန်ယူပါ။ Offer ရတိုင်း၊ ရာထူးမြင့်ရတိုင်း ချက်ချင်းမဆုံးဖြတ်ပါနဲ့။ ကိုယ်စဉ်းစားရမယ့် အချက်တွေ အကုန်လုံးကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ အရေးကြီးဆုံးက ကိုယ်ဘာကို အဓိကထားပြီး ရွေးချယ်ချင်သလဲ၊ ကိုယ်က ဘာကိုလုပ်ချင်တာလဲဆိုတာ သေချာစဉ်းစားပါ။ ကျွန်မဆိုရင် လုပ်ငန်းစလုပ်ကတည်းက Marketing နဲ့ Branding ဘက်ကို သွားမယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ တကယ်လို့ ကျွန်မ အလုပ်မလုပ်လည်း နားလိုက်ပြီဆိုရင်လည်း Brand Consultants အနေနဲ့ လုပ်နေဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်မစိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခု၊ ကျွန်မ လုပ်ချင်တဲ့ဧရိယာ ဖြစ်နေလို့ပါ။
International ကုမ္ပဏီကြီးတွေမှာ နေတဲ့အခါမှာလည်း ကိုယ့် Career Part တိုးတက်မယ့် ဧရိယာကို အမြဲသွားနေရမယ်။ ကိုယ့်ကိုယ်ကိုယ် တော်မှန်းလည်း သိတယ်၊ ကိုယ့်ဝန်းကျင်က လူတွေကလည်း ကိုယ့်ကိုတော်မှန်း လက်ခံကြတယ်ဆိုပေမယ့် ကိုယ့် Career Part က ရှေ့မှာ မရှိဘူးဆိုရင် ကိုယ်စဉ်းစားရတော့မယ်။ တကယ်လို့ ကိုယ်သွားရမယ့် Career Part က ရှေ့မှာ ရှိနေတယ်ဆိုရင်တော့ အဲဒီနေရာကို ကိုယ်ရောက်အောင်သွားပြီး ရအောင်ယူရမယ်။ ကိုယ်ရအောင်ယူလို့မှ မရတော့ရင်တော့ ကိုယ်နဲ့ သင့်တော်မယ့် တခြားဧရိယာတစ်ခုကိုတော့ ပြောင်းရမှာပါ။
နောက်ဆုံးပြောချင်တာက လူငယ်တွေအနေနဲ့ အင်္ဂလိပ်စာကို ကောင်းအောင်လုပ်ပါ။ အလုပ်ကိုလည်း ခဏခဏ မပြောင်းပါနဲ့။ ကိုယ့် Brand Image ကို တည်ဆောက်ပါ။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာမူတည်ပြီး ကောင်းခြင်းဆိုးခြင်းက ကိုယ်အပေါ်မှာ ပြန်ပြီးရိုက်ခတ်မှာပါ။ ဒါကြောင့် Own Brand Building လုပ်ပါ။ အဲဒီလိုဆိုရင် Next Career ပြောင်းတဲ့အခါမှာလည်း သူတို့အတွက် နေရာမရှားပါဘူး။
Ms Julieta Juarez
Country Director, Myanmar
Oxford Business Group
ကိုယ်အလုပ်လုပ်မယ့် Organization ကို ရွေးချယ်တဲ့အခါ ဘယ်လိုအချက်တွေကို ကြည့်ပြီး ရွေးချယ်သင့်ပါသလဲ . . .
ဒီအတွက် အတိအကျကြီးဖြေဆိုနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး။ ကိုယ်အလုပ်လုပ်ဖို့ Organization တစ်ခု ရွေးချယ်တိုင်း ကျွန်မတို့က စွန့်စားမှုတစ်ခု ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။ အဓိကကတော့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မေးခွန်းများများမေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဘာလုပ်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတိုးတက်အောင် လုပ်ချင်တာလဲ၊ ကိုယ်ကောင်းကောင်းလုပ်တတ်တာ ဘာရှိသလဲ၊ လာမယ့်နှစ်တွေအတွင်း ကိုယ့်ဘဝအတွက် ဘာတွေလုပ်ချင်သလဲစတဲ့ မေးခွန်းတွေကိုအရင် ကိုယ့်ဘာသာ ဖြေကြည့်ရမှာပါ။ အဲဒီအဖြေတွေပေါ် မူတည်ပြီးမှ ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့်၊ ကိုယ့်တိုးတက်မှုနဲ့ ကိုယ့်အနာဂတ်အတွက် အကောင်းဆုံး Offer လုပ်နိုင်မယ့် ကုမ္ပဏီတွေကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အဲဒီနေရာမှာ အရေးကြီးတဲ့တစ်ချက်က ကိုယ်ဘာကြောင့် ဒီအလုပ်ကို ဝင်လုပ်တယ်၊ ဒီအလုပ်နဲ့အတူတူ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအတူတကွ တိုးတက်အောင်လုပ်ဖို့ မျှော်မှန်းထားတယ်၊ ဒီလုပ်ငန်းမှာ ကိုယ်ဘယ်လို ရာထူးတာဝန်မျိုးအထိ မျှော်မှန်းထားတယ်စတဲ့ အချက်တွေကို စဝင်ကတည်းက Upper Management နဲ့ နားလည်မှုယူထားဖို့ ဖြစ်ပါတယ်။ ကိုယ်ဝင်လုပ်မယ့် ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ အထွေထွေတန်ဖိုးတွေနဲ့ ရည်မှန်းချက်တွေက ကိုယ့်အတွက် အဓိပ္ပာယ်ရှိရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်။
Millennials တွေကြောင့် လူတွေ အလုပ်ရွေးချယ်တာ၊ ကုမ္ပဏီရွေးချယ်တာနဲ့ ပတ်သက်လို့ အခုခေတ်မှာ အမြင်တွေပြောင်းလဲလာပါပြီ။ ဒါကိုလည်း ပါရာဒိုင်း အရွေ့အပြောင်းကြောင့်ဖြစ်လာတယ်လို့ လူတွေလက်ခံ လာစေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ လူတွေက ကုမ္ပဏီ၊ အဖွဲ့အစည်းတစ်ခုတည်းမှာ အနှစ် သုံးဆယ်၊ ၃၅ နှစ်လောက် ဆက်တိုက်အလုပ်လုပ်လာကြတာပါ။ အခုအထိလည်း ကျွန်မအလုပ်လုပ်ရင်းနဲ့ အဲဒီလို ၁၅ နှစ် အနှစ်နှစ်ဆယ်နီးပါး ကုမ္ပဏီတစ်ခုတည်းမှာ လုပ်ပြီး ထိပ်ပိုင်းဦးဆောင်သူနေရာ ရောက်နေတဲ့သူတွေနဲ့ တွေ့ကြုံရပါတယ်။
ဒါပေမဲ့ Millennial တွေကတော့ မတူတော့ပါဘူး။ ကျွန်မ အသက်အရွယ်လောက်ရှိတဲ့ လူငယ်တစ်ယောက်ဆိုရင်တောင် လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေ လေး၊ ငါးခုလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ ကိုယ့်ဝန်ထမ်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလာနေရတဲ့ အနေအထားကို တွေ့ရပါတယ်။ အခုအချိန်မှာ Millennials တွေက အလုပ်ရှင်တွေရဲ့ အရည်အသွေးကိုလည်း သေချာကြည့်လာပြီလို့ ထင်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘက်ညီမျှဖို့ကိုလည်း ပိုပြီးကြည့်လာကြတယ်လို့ ကျွန်မထင်ပါတယ်။
ဒေါ်ခင်သက်ခိုင်
General Manager
Mango Marketing Services Co Ltd
ဒီနေ့ခေတ်မှာ ကိုယ်အလုပ်လုပ်မယ့် လုပ်ငန်းအဖွဲ့အစည်း ရွေးချယ်ရာမှာ ဘယ်အချက်တွေကို ဦးစားပေးရွေးချယ်သင့်ပါသလဲ . . .
အခုခေတ်မှာ ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး ရှိလာပြီ။ ကိုယ်ဝါသနာပါပြီး ကိုယ်တိုးတက်ရာ တိုးတက်ကြောင်း ရှိနိုင်မယ့် အဖွဲ့အစည်းကို ရွေးနိုင်မယ့် အခွင့်အရေးက ပိုများလာပြီ။ အခုချိန်က အပြောင်းအလဲတွေ သိပ်မြန်နေတဲ့အတွက် အရေးကြီးတဲ့အချိန်လည်း ဖြစ်နေပြီ။ ဒီတော့ ဘယ်အလုပ်ကိုပဲရွေးရွေး အချိန်မကုန်သွားစေချင်ဘူး။ ကိုယ်နဲ့မကိုက်ညီတဲ့ အလုပ်မှာ သွားလုပ်နေရတယ်ဆိုရင် ကိုယ့်အတွက် အချိန်ကုန်တယ်။
ဒီတော့ ကိုယ်က ဘာကျွမ်းကျင်သလဲ၊ ကိုယ်ဘယ်လိုကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေ ထပ်ရချင်သလဲဆိုတာ စဉ်းစားရမယ်။ ဝန်ထမ်းတစ်ယောက်က ရသင့်ရထိုက်တဲ့ ခံစားခွင့်တွေကိုတော့ ထည့်တွက်ရမှာပဲ။ ဒါပေမဲ့ လစာက နံပါတ်တစ်နေရာမှာ အမြဲတမ်းတော့မရှိပါဘူး။
ကိုယ်တိုင်အနေနဲ့ကကော ကိုယ့်ရဲ့ Career Life တစ်လျှောက်မှာ ဘယ်အချက်တွေနဲ့ ယှဉ်ထိုးစဉ်းစားပြီး အလုပ်လုပ်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ရွေးချယ်ခဲ့ပါသလဲ . . .
ကျွန်မက အခုဆိုရင် ကြော်ငြာလုပ်ငန်း အေဂျင်စီနယ်ပယ်ထဲမှာ လုပ်နေပြီး ၂၀၀၀ ပြည့်နှစ်ကတည်းက စလုပ်ခဲ့တာဆိုတော့ အခုဆိုရင် ၁၇ နှစ်ရှိပြီ။ အဲဒီရှေ့မှာ လူသုံးကုန်ပစ္စည်းတွေရောင်းတဲ့ ကုမ္ပဏီမှာလည်း လုပ်ခဲ့ဖူးပါတယ်။ ကြော်ငြာအေဂျင်စီအလုပ်ကိုပြောင်းပြီး အခုလို နှစ်ပေါင်းများစွာ လုပ်ဖြစ်နေတာက ကိုယ့်စိတ်ဝင်စားမှုကြောင့်ပါ။ ကုန်ပစ္စည်းတစ်မျိုး၊ အမှတ်တံဆိပ်တစ်မျိုးနဲ့စာရင် အမှတ်တံဆိပ် အမျိုးမျိုးအတွက် လုပ်ချင်တယ်။ ကြော်ငြာအေဂျင်စီအလုပ်က မတူတဲ့ အကြောင်းအရာတွေ၊ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေ၊ ပစ္စည်း အသစ်အကြောင်းတွေကို စဉ်ဆက်မပြတ် အမြဲသိနေရပြီး တီထွင်ဖန်တီးမှုတွေ၊ ဆန်းသစ်မှုတွေနဲ့လည်း အမြဲအလုပ်လုပ်ရတယ်။
နောက်ပြီး အေဂျင်စီဆိုတော့ Operation Management လည်း တအားလိုတယ်။ Timeline နဲ့ အလုပ်လုပ်ရတယ်။ Client လိုချင်တာကိုလည်း အပြည့်အဝပေးနိုင်ရမယ်။ အေဂျင်စီမှာ တခြားစိန်ခေါ်မှု အမျိုးမျိုးလည်း ရှိပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေကိုကြိုက်လို့ အေဂျင်စီမှာ လုပ်ဖြစ်နေတာပါ။ Stress တွေသိပ်များပေမယ့် ကိုယ်ကြိုက်တဲ့ အလုပ်ဖြစ်တဲ့အတွက် ပျော်ပါတယ်။
ကျွန်မအလုပ်တစ်ခုမှာ ရေရှည်လုပ်တဲ့အခါ လစာက နံပါတ်တစ်စဉ်းစားမယ့်နေရာမှာ ဘယ်တော့မှ မထားပါဘူး။ ဗဟုသုတ၊ အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေ ရလား၊ ပြီးတော့ Teamwork ကောင်းကောင်းရှိတဲ့ အလုပ်လား၊ Company Culture က ကျွန်မနဲ့ ကိုက်ညီလားဆိုတာတွေကို ဦးစားပေးစဉ်းစားပါတယ်။
နောက်ပြီး ကျွန်မရဲ့အလုပ်က Multitask ဖြစ်ပါတယ်။ Creative အတွက်ဆိုလည်း စဉ်းစားတယ်။ TVC ကြော်ငြာရိုက်တယ်ဆိုလည်း ထုတ်လုပ်မှုအဆင့်ဆင့်မှာ ဝင်လုပ်ရတယ်။ Events တွေလုပ်တယ်ဆိုရင်လည်း Events အတွက် အိုင်ဒီယာကို Team နဲ့အတူတူ စဉ်းစားတယ်။ Events တစ်ခုလုံး Operate လုပ်တယ်ဆိုတော့ ကြော်ငြာအေဂျင်စီမှာလုပ်တဲ့ လုပ်ငန်းခွင်ဘဝက Multitask ဖြစ်တယ်။ Scope အနေနဲ့လည်း တအားကျယ်ပြန့်တယ်။ ဒီတော့ ဒီအဖွဲ့အစည်းတစ်ခုတည်းမှာ ၁၃ နှစ်ကြာအောင် နှစ်အကြာကြီး လုပ်နေတယ်ဆိုပေမယ့်လည်း မရိုးနိုင်ဘူး။ နောက်ပြီး ကြော်ငြာအေဂျင်စီလုပ်ငန်းထဲမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ စဉ်ဆက်မပြတ် သင်ယူလေ့လာနေရတယ်။
လုပ်ငန်းအဖွဲ့အစည်းတစ်ခုကနေ ကိုယ်ထွက်သင့်ပြီဆိုတာကိုကော ဘယ်အချက်တွေကိုကြည့်ပြီး သိနိုင်မလဲ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပေးချင်ပါသလဲ . . .
ဒီမေးခွန်းအတွက်ဆိုရင် အလုပ်ထွက်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်တယ်။ အများအားဖြင့် လစာပိုရလို့၊ လစာကြောင့် လက်ရှိအလုပ်က ထွက်ကြတယ်။ ဥပမာ- တူညီတဲ့ရာထူးနေရာ၊ လုပ်ရမယ့်အလုပ်တာဝန်ကိုပဲ ကုမ္ပဏီတစ်ခုက တစ်ထောင်ပေးနိုင်တဲ့အချိန်မှာ နောက်တစ်ခုက ၁,၁၀၀ ပေးနိုင်တယ်။ တစ်ထောင်ပေးတဲ့ ကုမ္ပဏီကလည်း သူ့ရဲ့ Operation နဲ့ Business Model နဲ့ဆိုတော့ သူ့ရဲ့ ဝင်ငွေနဲ့တွက်မယ်ဆိုလို့ရှိရင် သူက ဒီထက်ပိုပြီး မပေးနိုင်ဘူး။ ဒီလိုဆိုတော့ ၁,၁၀၀ ပေးနိုင်တဲ့ဆီကို ပြောင်းဖို့ ထွက်ကြတာတွေ ရှိတယ်။
နောက်တစ်ချက်ကကျတော့ ကုမ္ပဏီမှာမပျော်လို့ ထွက်ကြတာတွေလည်း ရှိတယ်။ ဘာလို့မပျော်လဲဆိုရင် System တွေ၊ Procedure တွေ ကောင်းကောင်းမရှိဘူး။ အဲဒီတော့ အလုပ်လုပ်ရတဲ့သူက နေ့စဉ် လုပ်ငန်းခွင်မှာ အခက်အခဲတွေ ရှိနေတယ်။
နောက်ထပ်တစ်ချက်ကတော့ Teamwork ပေါ့။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Teamwork ကောင်းကောင်း မရှိရင်လည်း အဆင်မပြေဘူး၊ မပျော်ဘူး။ နောက်ပြီးတော့ Company Culture ပေါ့။ Company Culture ဆိုရင် မိသားစုပုံစံရှိတာလည်း ကောင်းသလို Professional Manner နဲ့ အလုပ်လုပ်တတ်ဖို့လည်း လိုတယ်။ အဲဒီလို မဟုတ်ဘဲ မိသားစုပုံစံနဲ့ပဲဆိုရင်လည်း အဆင်မပြေဘူး။ Company Culture လို့ပြောရင် အများကြီးပါ။ သေချာတာကတော့ ကိုယ်နဲ့ကိုက်ညီတဲ့ လုပ်ငန်းခွင်ဖြစ်လား၊ မဖြစ်လား ဆိုတာပါ။
ဒီအချက်တွေ ကြုံလာတဲ့အခါ ဘယ်လိုလုပ်သင့်လဲဆိုတော့ ကိုယ်အလုပ်ထွက်မယ်ဆိုရင်တော့ ကိုယ့်အထက်လူကြီးက ခေါ်မေးတာပဲ။ တကယ်လို့ လစာကြောင့်ချည်းပဲဆိုရင်တော့ ညှိမှာပဲ။ ဒီတော့ ကိုယ့်ဘက်ကလည်း လစာက ကိုယ်လိုချင်တာနဲ့ ဘယ်လောက်ကွာနေသလဲ။
တော်ရုံပမာဏကွာနေရုံနဲ့တော့ တခြား Risk ယူပြီး မသွားသင့်ဘူး။ အလုပ်တစ်ခုမှာ လစာထက်အရေးကြီးတဲ့ တခြားအချက်တွေ အများကြီးရှိတဲ့အတွက် ကျန်တဲ့အချက်တွေ အကုန်အဆင်ပြေနေပြီး လစာကြောင့် အလုပ်ပြောင်းချင်တာဆိုရင်တော့ အကြိမ်ကြိမ် ပြန်စဉ်းစားစေချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ပြောင်းချင်တဲ့ အလုပ်က တိုးတက်ရာတိုးတက်ကြောင်း ရှိမယ်၊ အတွေ့အကြုံ၊ ဗဟုသုတ၊ ကျွမ်းကျင်မှုတွေပါ ထပ်ပြီး ရနိုင်မယ်ဆိုလို့ရှိရင်တော့ လစာချင်းတူနေတယ်ဆိုရင်တောင်မှာ ကိုယ်လက်ရှိသိနေ၊ တတ်နေတာထက် ပိုပြီးသိနိုင်၊ တတ်နိုင်တယ်၊ ရေရှည်အတွက်လည်း ကောင်းတယ်ဆိုရင်တော့ ပြောင်းပါလို့ ဆိုချင်ပါတယ်။
System ၊ Process ကြောင့်၊ Teamwork အဆင်မပြေတာကြောင့် ပြောင်းရမှာ ဆိုရင်တော့ ကိုယ့်အထက်လူကြီး၊ ကိုယ့် Management ကို ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ်။ ဒါကို Management က သိနေပြီးသား ဖြစ်ရင်လည်းဖြစ်မယ်။ မသိသေးတာလည်း ရှိနိုင်တယ်။ တကယ်လို့ သူတို့ပြုပြင်နိုင်လို့ ပြောင်းသွားတယ်ဆိုရင်လည်း အဆင်ပြေသွားရင် ဆက်နေပေါ့။ အဲဒီလိုမဟုတ်ဘဲ သူတို့လည်း မပြင်နိုင်၊ ကိုယ်လည်း အဆင်မပြေ၊ မပျော်ဘူးဆိုရင်တော့ ဆက်မနေဘဲ အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ First Jobber တွေအနေနဲ့ အလုပ်ဘယ်လို ရွေးချယ်သင့်သလဲဆိုတာ အကြံပေးပေးပါ . . .
အရေးကြီးဆုံးကတော့ ကြိုးစားပြီး ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာဝါသနာပါလဲဆိုတာ အရင်စဉ်းစားပါ။ ကိုယ်နဲ့အကိုက်ညီဆုံးအလုပ်ကို ရွေးချယ်ပါ။ ထပ်မှာချင်တာက ရှေ့မှာပြောခဲ့တဲ့အချက်တွေကို အလေးမထားဘဲ လခများများရပြီး သက်သက်သာသာပဲ လုပ်ရမယ့်အလုပ်ကို ဦးစားပေးစဉ်းစားပြီး မရွေးချယ်မိဖို့ပါပဲ။ ကိုယ့်အတွက် အရေးကြီးတဲ့၊ အကျိုးရှိတဲ့အချိန်တွေကို မဆုံးရှုံးဖို့က အခုလို မြန်မာပြည်ရဲ့ လျင်မြန်စွာ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ အရေးကြီးပါတယ်။
ဦးမင်းဝင့်ဦး
Deputy Managing Director/ CTO
Ayeyarwady Bank Limited
ကိုယ်အလုပ်လုပ်မယ့် Organization ကို ရွေးချယ်တဲ့အခါ ဘယ်လိုအချက်တွေကိုကြည့်ပြီး ရွေးချယ်သင့်ပါသလဲ . . .
ဒါကတော့ ကိုယ့်ရဲ့ဝါသနာ၊ ကိုယ့်ရဲ့ Background နဲ့ ဆိုင်ပါတယ်။ အဲဒီအတွက် အကောင်းဆုံး ဖော်မြူလာဆိုတာတော့မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ အဓိက ကိုယ့်ရဲ့ Background ကဘာလဲ၊ ပြီးရင် ကိုယ်ရွေးလိုက်တဲ့ Industry ကဘာလဲ၊ ကိုယ်လုပ်ချင်တဲ့ ကုမ္ပဏီကဘာလဲဆိုတဲ့အပေါ် မူတည်ပြီးတော့မှ ဒီ Industry ၊ Career လမ်းကြောင်းမှာရှိတဲ့ Organization တွေကို ကြည့်လိုက်ပြီး၊ ကိုယ်ရွေးထားတဲ့ Career အတွက် ကိုယ့်မှာ Choice ဘယ်နှခုရှိလဲဆိုတာကို ကြည့်ရတော့မှာပါ။ အဲဒီထဲကမှ ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်တာကို ကျွန်တော်တို့က ပြန်ရွေးရတာ ဖြစ်ပါတယ်။ ဥပမာ- ကျွန်တော်က IT Background ၊ Engineering Background ရှိတယ်။ ကိုယ်စလုပ်တဲ့အချိန်မှာလည်း ကိုယ်လိုချင်တဲ့ အလုပ်အတွက် တခြားအဖွဲ့အစည်းတွေ မရှိသေးတဲ့အခါ ကိုယ့်ဘာသာကိုယ်ပဲ လုပ်မှရတော့မယ်ဖြစ်လို့ လုပ်ခဲ့တာပါ။ ဒီ Industry ထဲမှာ မရှိသေးတဲ့၊ သူများမလုပ်ရသေးတဲ့ အရာတစ်ခုကို လုပ်ချင်တယ်ဆိုပြီး စခဲ့တာက အဲဒီအချိန်မှာ အဲဒီ Organization က ကိုယ့်အတွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီကနေ နောက်ပိုင်းကျွန်တော်ဘဏ်ကို ပြောင်းလာခဲ့တော့ အဲဒီတုန်းက ဘဏ်ကိုယ်တိုင်ကိုယ်က အသစ်ဖြစ်နေခဲ့တာပါ။ ဘဏ်တွေ အသစ်ပြန်စတဲ့အချိန်၊ ဘဏ်အသစ်တွေထဲကမှ ကျွန်တော်ကတော့ Enterprise Level ကို ကြည့်လိုက်တာ ဖြစ်ပါတယ်။ ဒီလို Enterprise က မြန်မာပြည်မှာလည်း လက်ချိုးရေကြည့်လို့ရတယ်။ အဲဒီထဲမှာမှ Reputation ကိုကြည့်ပြီး ကိုယ်သွားချင်တဲ့နေရာနဲ့လည်း ကိုက်ညီမှုရှိတာကိုတွေ့လို့ ရွေးခဲ့တာဖြစ်ပါတယ်။
အလုပ်လုပ်ဖို့ Organization ရွေးချယ်တဲ့နေရာမှာ Industry Maturity ကိုလည်း ထည့်စဉ်းစားဖို့ လိုပါသေးတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေအရ Industry ပေါ်မူတည်ပြီး Mature ဖြစ်တဲ့ Industry မရှိသေးတာမျိုးတွေ ရှိပါတယ်။ ဥပမာ- IT လိုမျိုးဆိုရင် သူများနိုင်ငံတွေနဲ့ယှဉ်ရင် အတော်လေး အားနည်း၊ နောက်ကျနေသေးတယ်။ တခြား Mature ဖြစ်ပြီးသား Industry တချို့လည်း ရှိပါတယ်။ ဥပမာ- Construction နဲ့ပတ်သက်တာဆိုရင် သူ့ Level တစ်ခုမှာရှိနေပြီ။ Agriculture ဆိုရင်လည်း သူ့ Level တစ်ခုကို ရောက်နေပြီလို့ ပြောနိုင်ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ရွေးချယ်ထားတဲ့ Career လမ်းကြောင်းအတွက် သက်ဆိုင်ရာ Industry က ဘယ်လောက် Maturity ရှိနေပြီလဲဆိုတဲ့အပေါ် မူတည်ပြီး ကိုယ့်အတွက် ရွေးချယ်စရာတွေ ဖြစ်လာပါတယ်။ အခုမှ စခါစဖြစ်တဲ့ FinTech လို Industry လိုမျိုးဆိုရင် တော်တော်လည်း အသစ်ဖြစ်နေပါတယ်။ အဲဒီလို Industry မျိုးကို သွားမယ်ဆိုရင် Choice ကလည်း တော်တော်ကိုနည်းသွားပါပြီ။ ဒါကြောင့် အခြေအနေအရ ဘယ်လို Organization ကို ရွေးရမလဲဆိုတာနဲ့ ပတ်သက်လို့ ပုံသေ Formula တော့ မရှိနိုင်ပါဘူး။ ကိုယ်သွားချင်တဲ့ Industry နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ပြီးတော့ ကိုယ့်အသက်အရွယ်ပေါ်လည်း မူတည်ပါသေးတယ်။ Industry ရဲ့ Maturity ပေါ်မူတည်ပြီးတော့ ဘယ်လောက် Level ကနေ စဝင်ရမှာလဲလို့ ကြည့်တဲ့အခါ ကိုယ်ကငယ်နေသေးရင်တော့ Entry Level ကနေစဝင်ပြီး တစ်ဆင့်ချင်းတက်သွားဖို့ အချိန်ရှိနိုင်ပါသေးတယ်။ အဲဒီလို အသက်အရွယ် မဟုတ်တော့ဘူးဆိုရင်တော့ ဘယ် Level ကနေ စဝင်သင့်သလဲဆိုတာကိုလည်း ပြန်စဉ်းစားရပါမယ်။ Mature ဖြစ်ပြီးသား Stable ဖြစ်နေတဲ့ Infrastructure ၊ System တွေရှိပြီးသား Industry ဆိုရင်တော့ ကိုယ်ဘယ်လို Organization ကို ရွေးလို့ရတယ်ဆိုတဲ့ Option တွေ ရှိလာပါလိမ့်မယ်။ Option တွေများလေ၊ Choice လုပ်လို့ကောင်းလေ ဖြစ်ပါတယ်။
ဒေါ်နီနီထွန်း
Business Development Director
Myanmar Information Technology Pte Ltd
ကိုယ်အလုပ်လုပ်မယ့် Organization ကို ရွေးချယ်တဲ့အခါ ဘယ်လိုအချက်တွေကို ကြည့်ပြီး ရွေးချယ်သင့်ပါသလဲ . . .
Organization မရွေးခင် ကိုယ့်အတွက် Career Path ကို ရွေးချယ်တဲ့အခါ ကိုယ်က ဘာဝါသနာပါတာလဲဆိုတာကို လူတိုင်းနီးပါး အရင်ဆုံးစဉ်းစားတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝါသနာပါတာက ကိုယ်မကျွမ်းကျင်တာ ဖြစ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ်ဝါသနာပါတာက ကိုယ်ကျွမ်းကျင်တာ မဟုတ်ဘူးဆိုရင်လည်း ဝါသနာပါတာနဲ့ အနီးစပ်ဆုံးဆက်နွှယ်နေတဲ့ လုပ်ငန်းတစ်ခုခု၊ ကိုယ့်မှာရှိနေတဲ့ အားသာချက်တစ်ခုကို အသုံးချပြီး ကိုယ့်ရဲ့ Career Path ကို ရအောင်ယူရပါတယ်။ ဒါက ကိုယ့်အတွက် လုပ်ငန်းစပြီး ရွေးချယ်တဲ့အခါမှာ စဉ်းစားရတာပါ။
နောက်ပြီးတော့ လုပ်ငန်းထဲမှာရောက်သွားပြီဆိုရင်တော့ အလုပ်ကို ကိုယ့်အလုပ်၊ သူ့အလုပ် မခွဲခြားတတ်မှ ဖြစ်ပါမယ်။ ကိုယ်လုပ်ချင်တာပဲ လုပ်မယ်၊ ကိုယ်မလုပ်ချင်တာမို့လို့ သူများလုပ်တာပဲကြည့်ပြီး ထိုင်နေမယ်ဆိုတာမျိုးကတော့ ကျွန်မအမြင်နဲ့ပြောရရင် အဆင်မပြေပါဘူး။ ကိုယ့်ရဲ့ Career Path ကိုရွေးတဲ့အခါ ဝါသနာပါပြီး ကိုယ့်ရဲ့အားသာချက်က ဘာလဲဆိုတာကို သိရပါမယ်။ ဘယ်နေရာမှာ ကိုယ့်ရဲ့ Talent ရှိနေသလဲဆိုတာလည်း သိရပါမယ်။ ဥပမာ- စကားမပြောချင်တဲ့လူက Sales & Marketing လုပ်ချင်တယ်ဆိုရင် ဘယ်လိုမှမဖြစ်ပါဘူး။ ကိုယ့်ရဲ့ပညာရေးနဲ့ ကိုက်ညီမယ့်ဟာမျိုးလည်းဖြစ်ဖို့ လိုပါတယ်။ ကျွန်မတို့ ပညာရေးစနစ်ကြောင့် ပညာသင်လာတာက တစ်မျိုး၊ ဝါသနာပါပြီး အားသာနေတာက တစ်မျိုး ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဥပမာ- သင်ထားတာက Programming ၊ ဝါသနာပါတာက ပန်းချီဆွဲချင်တာ ဖြစ်နေတယ်။ အဲဒီအခါမျိုးမှာတော့ သူ့အနေနဲ့ သူဘယ်လိုလုပ်မလဲဆိုတာ စဉ်းစားရပါမယ်။ ပန်းချီဆွဲတာနဲ့ပဲ လူတစ်လုံး သူတစ်လုံးဖြစ်အောင် သူနေနိုင်မလားဆိုတာ စဉ်းစားရပါမယ်။ ကိုယ်က အဲဒီနေရာမှာ ထူးချွန်အောင် လုပ်နိုင်ရပါမယ်။ ပြီးတော့ အောင်မြင်နိုင်ဖို့ အခြေအနေပေးမယ့် ပတ်ဝန်းကျင်၊ ကိုယ့်အားသာချက်၊ ဈေးကွက်အခြေအနေ၊ ဒါတွေ အကုန်လုံးထည့်စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။
ကိုယ်အလုပ်လုပ်မယ့် Organization ရွေးချယ်တဲ့အခါမှာ ကိုယ့်ရဲ့ရှေ့တက်လမ်း ဘယ်လောက်ရှိနိုင်သလဲ ဆိုတာမျိုးပေါ်မှာလည်း စဉ်းစားသင့်ပါတယ်။ ကျွန်မဆိုလိုချင်တာက ကုမ္ပဏီကြီးရမယ်၊ သေးရမယ် ဆိုတာမျိုးကို ပြောချင်တာ မဟုတ်ပါဘူး။ Organization ကလည်း ကိုယ်ဝါသနာပါတာနဲ့ ကိုယ်စိတ်ဝင်စားတာနဲ့ နီးစပ်တာမျိုး ဖြစ်သင့်ပါတယ်။ အဲဒီအပေါ်မှာလည်း ကိုယ်ကတကယ်ကို ရူးသွပ်ဖို့လည်း လိုပါတယ်။ ဒီအလုပ်ပေါ်မှာ ကိုယ်တင်မကဘူး၊ ကိုယ့်အလုပ်ရှင်ကလည်း သူ့ရဲ့လုပ်ငန်းအပေါ်မှာ ဘယ်လောက်အထိ ရူးသွပ်သလဲဆိုတာကို သိဖို့လိုပါတယ်။ လူငယ်တွေအနေနဲ့ အလုပ်နဲ့ပတ်သက်ရင် ကုမ္ပဏီသေးတဲ့အခါ သူတို့အတွက် တက်လမ်းရှိရဲ့လားဆိုတာ စဉ်းစားတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် ကုမ္ပဏီကြီးတယ်၊ သေးတယ်၊ ကိုယ့်တက်လမ်းအတွက် နေရာရှိတယ်၊ မရှိဘူးဆိုတာ ကိုယ်နဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုအပေါ်လည်း မူတည်ပါတယ်။ ကိုယ်ကလည်း လမ်းထွင်နိုင်တဲ့လူဖြစ်ဖို့ လိုပါတယ်။
ကိုယ်ကလည်း ကြိုးစားပြီးတော့ Extend လုပ်နိုင်ရပါမယ်။ ဥပမာ- လူငယ်တစ်ယောက်က ကုမ္ပဏီသေးသေးမှာပဲ Sales စလုပ်တယ်၊ လုပ်တဲ့အခါမှာလည်း ကိုယ်ရောင်းစရာရှိတာကို ပုံစံအမျိုးမျိုး ပြောင်းရောင်းနေရုံပဲ လုပ်နေတယ်ဆိုရင်လည်း အခြေအနေက တိုးတက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Sales ကို ဘယ်လို Promote လုပ်မလဲဆိုတာ စဉ်းစားခဲ့ရင် ကိုယ်တစ်ယောက်တည်း လုပ်လို့မရတော့တဲ့အခါ နောက်ထပ် လူထပ်ခန့်ရတော့မယ်။ အဲဒီအခါ ကိုယ်ကမန်နေဂျာ မဟုတ်တောင် Senior/Supervisor လောက်တော့ ဖြစ်သွားမှာပါပဲ။ ဒီလိုမျိုးနဲ့ လုပ်ငန်းကို ကိုယ်လုပ်နေတဲ့ အလုပ်ကို Extension ဘယ်လိုလုပ်မလဲ၊ Modify လုပ်မလဲ၊ ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ ပိုစဉ်းစားလာရင်းနဲ့ ကိုယ့်ရဲ့ Career Path ကလည်း တဖြည်းဖြည်းရှေ့ကို ရောက်သွားနိုင်တယ်လို့ ကျွန်မက ခံယူထားပါတယ်။ တချို့ Organization မှာလည်း ဘယ်လိုမှချဲ့ထွင်လို့မရတဲ့နေရာမျိုးမှာ ရောက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါဆိုရင်တော့ ကိုယ့်အောင်မြင်မှုအတွက် ထိုက်သင့်တဲ့နေရာ၊ နေသင့်တဲ့နေရာ၊ ပြောင်းသင့်တဲ့နေရာကို ပြောင်းရမှာပါ။
အခုခေတ် ကလေးတွေက အလုပ်လုပ်မယ်ဆိုရင် တအားရွေးကြပါတယ်။ ဒါပေမဲ့ သူတို့ရွေးတာက လစာ ဘယ်လောက်ကောင်းသလဲ၊ ဘာ Facility ရမလဲဆိုတာတွေပါ။ ကိုယ်ဘာလုပ်ပေးနိုင်မလဲ၊ ကိုယ်ဘာလုပ်တတ်တယ်ဆိုတာ မပါသေးပါဘူး။ ကိုယ်ဘာလုပ်တတ်တယ်၊ ကိုယ်ဘာလုပ်ပေးနိုင်တယ် ဆိုတာကို သူတို့က Certificate နဲ့ပြကြပါတယ်။ Diploma တစ်ခု၊ ဒါမှမဟုတ် MBA ဘွဲ့ကို ဘယ်လောက်အကုန်အကျခံပြီး ရလာတာဆိုတာကြောင့် လစာအနေနဲ့ကတော့ ဒေါ်လာငါးရာ ရမှလုပ်နိုင်မယ် ဆိုတာမျိုးနဲ့ စလာကြပါတယ်။ ဒါပေမဲ့ ကိုယ်ဘာလုပ်တတ်သလဲဆိုတော့ သူတို့လုပ်တတ်တာတွေ ပြောပါတယ်။ အဲဒီလုပ်တတ်တာကို ကိုယ့်ကုမ္ပဏီကရှိတဲ့ ဥပမာ- Networking တတ်တဲ့သူက Technical Director က လက်တွေ့စမ်းလုပ်ခိုင်းတဲ့အခါ သူ့မှာ Acamedic ပဲရှိပြီး လက်တွေ့ Troubleshoot မလုပ်နိုင်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ Career Path ကို ရွေးတဲ့အခါမှာ ကိုယ်သင်ထားခဲ့တဲ့ပညာကို တကယ်အသုံးချနိုင်ဖို့က ဘယ်နေရာမှာမဆို အရေးကြီးဆုံးပါပဲ။ ကျွန်မအမြဲတမ်းပြောသလိုပဲ အလုပ်လုပ်ချင်စိတ်ရှိဖို့၊ အလုပ်ကို အချောင်မခိုဖို့၊ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဒီအတိုင်းမနေဖို့ပါ။ ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ဒီအတိုင်းမနေဘဲ အားလုံးကို Learn လုပ်လို့ရှိရင် ကိုယ်ကတဖြည်းဖြည်း ရှေ့ရောက်သွားမှာပဲ ဖြစ်ပါတယ်။ သင်ယူတယ်ဆိုတာက ဘယ်အရာမှ အလဟဿတော့ ဖြစ်မသွားဘူးဆိုတာကို ပြောချင်ပါတယ်။ သင်ယူလေ့လာဖို့လိုတယ်။ လုပ်ချင်စိတ်ရှိဖို့ လိုတယ်။သခင်စိတ်ရှိဖို့ လိုပါတယ်။ ဆိုလိုတာက ခိုင်းမှမလုပ်ဖို့ကို ပြောချင်တာပါ။ Career Path ကို ရွေးထားတာကလည်း ကောင်းတယ်၊ ကိုယ့်ရဲ့ အားသာချက်နဲ့လည်း ကိုက်ညီတယ်၊ ဝါသနာပါတဲ့အလုပ်လည်း ဖြစ်တယ်၊ ကုမ္ပဏီကြီးကလည်း အကြီးကြီးပဲ၊ ရှေ့တက်လမ်းတွေ အများကြီးလည်းရှိတယ်၊ ဒါပေမဲ့ ကိုယ့်ကိုခန့်လိုက်တဲ့နေ့ကတည်းကစပြီး ကိုယ့်ကိုခိုင်းတဲ့ အလုပ်ပဲပြီးအောင် လုပ်ပေးနေမယ်ဆိုရင်တော့ ကိုယ်ကသူများတွေလိုတော့ တက်ချင်မှတက်သွားပါမယ်။ ကိုယ်နဲ့တန်းတူဝင်လာတဲ့သူများတွေ ရာထူးတက်သွားတဲ့အချိန်မှာ ကိုယ်က ကျန်ချင်ကျန်နေခဲ့ပါလိမ့်မယ်။ ဘာကြောင့်ကျန်ခဲ့သလဲဆိုတာ ကိုယ်တိုင်စဉ်းစားမှရပါမယ်။ Career Path ကို အခုက ပြောခဲ့သလို ရွေးချယ်သင့်တယ်။
ဒါပေမဲ့ ဘယ်လိုပဲရွေးချယ်စေကာမူ အဓိကကတော့ မိမိကိုယ်သာ ကိုးကွယ်ရာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်လုပ်နေမှ ကိုယ်ရွေးချယ်တာ မှားနေတဲ့နေရာမှာ လုပ်နေခဲ့ဖြစ်ရင်တောင်မှ ကိုယ်ကအမြဲကြိုးစားနေတယ်ဆိုရင် တဖြည်းဖြည်းနဲ့ရှေ့ရောက်သွားမှာပါပဲ။ ဒီနေရာက ကိုယ်နဲ့မသင့်တော်လို့ သင့်တော်တဲ့ပတ်ဝန်းကျင်ကိုပြောင်းရင် ကိုယ့်မှာ ပြင်ဆင်ထားတဲ့အတွက်ကြောင့် ပြည့်နေပါပြီ။ အဲဒါကြောင့် ပြောင်းလိုက်တာနဲ့တက်သွားမှာပါပဲ။ မဟုတ်ဘဲနဲ့ ကိုယ်ဘာမှမလုပ်ဘဲနဲ့ဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဘယ်လိုပဲ Career Path ကို ရွေးထားတယ်ဆိုပါစေ၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီနေပါစေ ကိုယ့်အားသာချက်ကို Apply မလုပ်နိုင်ဘူးဆိုရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
ဒေါ်စန္ဒြာမင်း
Head of Corporate Development/ Affairs
Yoma Strategic Holdings Ltd
Career Life အတွက် စတင်စဉ်းစားချိန် . . .
မြန်မာနိုင်ငံမှာ ဆယ်တန်းဖြေပြီးချိန်မှာ အမေရိကားမှာ ကျောင်းဆက်တက်ဖြစ်ခဲ့တယ်။ ကျွန်မတက်တဲ့ကျောင်းကတော့ University of California, Los Angeles ပါ။ ဒုတိယနှစ်ရောက်တဲ့အချိန်မှာ ကျောင်းတက်ရင်း အလုပ်စလုပ်ခဲ့တယ်။ နောက်ပြီး Campus မှာလည်း Tutor ပြန်လုပ်ဖြစ်ပါတယ်။ မိဘတွေက Medical School တက်စေခဲ့တယ်။ အဲဒါနဲ့ Biochemisty ကို စပြီးတော့ Study လုပ်ခဲ့တယ်။ ဒီလိုနဲ့ Graduate ဖြစ်တဲ့အချိန်မှာ Human Interaction မှာ မျက်စိနဲ့ပတ်သက်တာကို Research လုပ်ရတဲ့အခါ Human Interaction မရှိဘူးဖြစ်လာတယ်။ တစ်ယောက်တည်းနေတဲ့အချိန်များတော့ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပိုသိလာတယ်။ နောက်ပြီး ဒါဟာ ငါလုပ်ချင်တာ မဟုတ်ဘူးဆိုတာကို သိလာတယ်။ အဓိကက ကျွန်မကလူတွေနဲ့ ဆက်ဆံရတာ ကြိုက်တယ်။ နောက်ပြီး ကျွန်မက စီးပွားရေးအကြောင်းကိုပဲ မရပ်မနေ စဉ်းစားနေတယ်။ ဒါနဲ့ဘာလုပ်မလဲဆိုပြီး အလုပ်တွေကို စပြီးကြည့်ပါတယ်။
လုပ်ငန်းခွင်စတင်ဝင်ရောက်ချိန် . . .
နောက် ကျောင်းပြီးတဲ့အချိန်မှာ FMCG လုပ်ငန်းတစ်ခုဖြစ်တဲ့ Belle American Group မှာ Franchise အဖြစ် လုပ်ခွင့်ရခဲ့တယ်။ ဒီ Group က အမေရိကားမှာ Top Franchise Company ထဲမှာ ပါပါတယ်။ အဓိကက ကုမ္ပဏီတစ်ခုကို ရွေးမယ်ဆိုရင် လုပ်ငန်းက ဘယ်လောက် Strong ဖြစ်သလဲ၊ နောက်ပြီး ကုမ္ပဏီရဲ့ Reputation ၊ အမေရိကားမှာကတော့ ကုမ္ပဏီတစ်ခုရဲ့ Website ကို တက်ကြည့်လိုက်ရင် သိနိုင်တယ်။ ပြီးတော့ အဲဒီမှာ အလုပ်ကို ကိုယ်က ရွေးချယ်တာထက် သူတို့က ကိုယ့်ကိုယ်ရွေးချယ်တာက ပိုပြီးတော့ အရေးကြီးတယ်။ ဒီဘွဲ့နဲ့လစာ ဒီလောက်ဆိုတာ Fix ဖြစ်ပြီးသားပဲ။ ဒီတော့ အလုပ်ရှင်ကနေ အလုပ်သမားကို ရွေးချယ်တာက ပိုများတယ်။
Master ရထားရင် အခွင့်အရေးအတွက် ပိုပြီး Strong ဖြစ်မယ်ဆိုတော့ UCLA မှာပဲ Apply လုပ်တော့ Sociology နဲ့ဝင်သွားတယ်။ တစ်ချိန်တည်းမှာပဲ Wells Fargo Bank မှာ Opportunity ရှိတဲ့အခါ လျှောက်လိုက်တော့ Management Training Program မှာ ဝင်သွားတယ်။ အဲဒီမှာ Master ကို အရင်လုပ်မလား၊ အလုပ်ဝင်လုပ်မလားဆိုပြီး ရွေးစရာဖြစ်လာတယ်။ အဲဒီမှာ Wells Fargo ကို ဘာလို့ရွေးသလဲဆိုရင် အဲဒီအချိန်မှာ စဉ်းစားလိုက်တာက Banking Industry ထဲဝင်ရင်တော့ ဘယ်နိုင်ငံရောက်ရောက် Banking က ရှိတယ်။ တခြားဘဏ်တွေကလည်း Offer ရတယ်။ အဲဒီတော့ သူတို့ Offer လုပ်တဲ့ Overrall Package ကိုကြည့်တယ်။ ပြီးတဲ့အခါ ကိုယ့်ရဲ့ Manager ကို ကြည့်တယ်။ ကုမ္ပဏီတစ်ခုရဲ့ Image နဲ့ Reputation က အရေးကြီးသလို ကိုယ် Report လုပ်ရမယ့် ကိုယ့်ရဲ့ Manager ကလည်း အရေးကြီးပါတယ်။ အင်တာဗျူးသွားတဲ့အချိန်မှာ Immediate Supervisor တွေကို တွေ့ရပြီ။ အဲဒီမှာစပြီး စကားပြောလိုက်ကတည်းက ကိုယ့် Personality နဲ့ သူ့ Personality က Match ဖြစ်တာကို သိနိုင်တယ်။ အဲဒီမှာ Wells Fargo က ကျွန်မရဲ့ Immediate Supervisor နဲ့ အဆင်ပြေတယ်။ Commercial Banking ရဲ့ VP ဖြစ်ခဲ့ပြီး ငါးနှစ်ကျော် ခြောက်နှစ်ကြာ လုပ်ဖြစ်ခဲ့ပါတယ်။
အဲဒီတော့ အလုပ်တစ်ခုကိုရွေးတဲ့အခါ ကိုယ့် Life ရဲ့ ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကလည်း အရေးကြီးပါတယ်။ ကျောင်းတက်ချိန်တုန်းက ကိုယ့်မှာ ဘာအတွေ့အကြုံမှ မရှိသေးဘဲ စာပဲရတဲ့အတွက် Tutor လုပ်ခဲ့တယ်။ Medical School သွားတဲ့အခါမှာလည်း Medical Research နဲ့ဆိုင်တဲ့ အလုပ်လုပ်ခဲ့တယ်။ အဲဒီနောက်မှာ လူတွေနဲ့ဆက်ဆံရတာ၊ စီးပွားရေးလုပ်ရတာကို ကြိုက်တဲ့အတွက် Wells Fargo Bank မှာ Management Trainiee အဖြစ် အလုပ်ဝင်ခဲ့တယ်။ Master Program တက်တယ်။
မြန်မာနိုင်ငံမှာ Organization ရွေးချယ်ပုံ . . .
၂၀၁၀ ပြည့်နှစ်မှာ ကျွန်မ မြန်မာနိုင်ငံကို အလည်ပြန်လာခဲ့တယ်။ အဲဒီအချိန်မှာ Today Ogilvy & Mather Myanmar မှာ သုံးလလောက် ဝင်လုပ်ဖြစ်ခဲ့တယ်။ အဲဒါက Advertising Agency ပါ။ ကျွန်မရဲ့ Field တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကလည်း Training သေချာပေးဖို့ ရည်ရွယ်ထားတာကြောင့် ဝင်လုပ်ဖြစ်ခဲ့တာပါ။ အဲဒီလိုဝင်လုပ်ဖြစ်တာက Opportunities ပေါ်မှာလည်း မူတည်ပါတယ်။ နောက်ပြီး ကျွန်မရဲ့ Immediate Boos ရယ်၊ လုပ်ဖော်ကိုင်ဖက်တွေရယ်နဲ့ စကားပြောရတာလည်း အဆင်ပြေတယ်။ နောက်ပြီး Ogilvy ဟာ နာမည်ရှိတယ်။ Immediate Boss ရဲ့ တွေးတာခေါ်တာကိုလည်း သဘောကျတယ်။ ဒါတွေကြောင့် ကိုယ့် Field မဟုတ်ဘူးဆိုတာကို သိပေမယ့် Try လုပ်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်မရဲ့ Professional မဟုတ်တဲ့အတွက် ဒီနေရာမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်လောက်ထပ်လုပ်ရမလဲဆိုတာကိုတော့ စဉ်းစားပါတယ်။ နောက်ပြီး ကျွန်မအမေရဲ့ ကျန်းမာရေးကိစ္စကြောင့် သုံးလပဲလုပ်ဖြစ်ခဲ့ပြီး အမေရိကားကို ပြန်သွားဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ Yoma လုပ်ဖြစ်ခဲ့တာကတော့ အခု Sandalina ရဲ့ Founder လည်းဖြစ်၊ TEDx Yangon စီစဉ်သူလည်းဖြစ်တဲ့ ဒေါ်သီရိသန့်မွန်က အဲဒီတုန်းက Yoma မှာ Join တာ ခြောက်လလောက်ရှိနေပြီး သူက ကျွန်မကို Refer လုပ်တယ်။ သူက အကြံဉာဏ်တွေလည်း အများကြီးပေးတယ်။ အဲဒီအချိန်တုန်းက ကျွန်မက မြန်မာပြည်နဲ့ကင်းကွာပြီး ဘာမှသိပ်မသိတော့တာကြောင့် သူ့ဆီက Market အခြေအနေ၊ Yoma Group ရဲ့ အခြေအနေစတာတွေကို ပြောပြတယ်။ အဲဒီမှာ သူက Banking Industry မှာ Talent တွေ တအားလိုနေတယ်ဆိုတာနဲ့ Yoma Bank ဟာဆိုရင် နှစ်ပေါင်းဘယ်လောက်ကြာပြီ၊ နောက်ပြီး Yoma Group ရဲ့ ပိုင်ရှင်အန်ကယ် Serge Pun ဆိုရင် လူတိုင်းသိတယ်၊ အင်မတန်ကို တော်တယ်၊ သူနဲ့ အလုပ်လုပ်ခြင်းအားဖြင့် လေ့လာစရာတွေ အများကြီးရတယ်၊ ကိုယ့်အတွက် Experience အပြင် Knowledge အသစ်တွေပါ ရတယ်၊ ဒီတော့ အဲဒီလိုလူမျိုးဦးဆောင်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် လုပ်သင့်တယ်ပေါ့။ ကျွန်မကိုယ်တိုင်လည်း Research တွေလုပ်တယ်။ ဒီလိုနဲ့ Yoma Bank ရဲ့ CEO Mar Hal Bosher နဲ့ တွေ့ပြီးတော့ စကားပြောကြည့်တယ်။ အဲဒီမှာ ကျွန်မအမေရိကားမှာ အလုပ်ရွေးတာနဲ့ မြန်မာပြည်မှာ အလုပ်ရွေးတာက မတူတော့ဘူး။ ဒီမှာကျတော့ Job Seekers ရဲ့ Market ဖြစ်သွားတယ်။ မြန်မာပြည်က စပြီးတော့ ပွင့်လာခါစ အချိန်မှာလိုတာက Skilled Professionals တွေ ဖြစ်တယ်။ လိုတဲ့အတွက်ကြောင့် Market ကို Repat တစ်ယောက်ပြန်လာမယ်ဆိုလို့ရှိရင် လိုချင်တဲ့ကုမ္ပဏီတွေ များတယ်။ အဲဒီတော့ ကျွန်မ အလုပ်ရွေးတဲ့အချိန်မှာ ကျွန်မရဲ့ လုပ်ပိုင်ခွင့်က ဘာလဲ၊ ဘယ် Role မှာ လုပ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားတယ်။ လစာက အဓိက အရေးမကြီးတော့ဘူး။ မြန်မာပြည်ပြန်လာတာဖြစ်တဲ့အတွက် ကိုယ်က Wall Street ရဲ့ လစာမျိုးလည်း မှန်းလို့မရတော့ဘူး။ ကိုယ်က ဘာဆိုပြီးတော့လည်း ပြောလို့မရဘူး။ ဒီမှာက အားလုံးက အစကပဲ လုပ်ရမယ်။ ကိုယ်ဘယ် Role မှာ လုပ်ရမလဲဆိုတဲ့နေရာမှာလည်း တချို့ Role တွေက ကိုယ်နဲ့ Fit ဖြစ်ချင်မှ ဖြစ်မယ်။ တချို့ Role တွေကတော့ ကိုယ်နဲ့တော်တော်အဆင်ပြေတယ်။ နောက်ပြီး ဟိုမှာလုပ်ခဲ့တဲ့ အတွေ့အကြုံနဲ့ ဒီကိုပြန်လာပြီး လုပ်ရတာကလည်း လုံးဝကိုကွာခြားနေတာလည်း ရှိတယ်။ အဓိက အားသာချက်ကတော့ Exposure ရှိတယ်၊ Bilingual ပြောနိုင်တယ်။ တချို့ဆိုလည်း Trilingual ပြောနိုင်တယ်။ Management ရှိတယ်။ ဒါတွေနဲ့ ရွေးသွားတယ်။ ဒီတော့ ကျွန်မလည်း စကားပြောကြည့်တဲ့အခါ ကျွန်မက ကံကောင်းစွာနဲ့ပဲ အလုပ်ရတယ်။ အဲဒီအချိန်မှာ Yoma Bank က လိုင်စင်ပြန်ရပြီးတော့ ပြန်ပြီး စဖွင့်တဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ သူတို့မှာ Retail Banking ပဲ၊ လုံး၀ Basic ပဲ ရှိသေးတယ်။ ငွေလွှဲတဲ့ လုပ်ငန်းပဲ ရှိတယ်။ အဲဒီမှာ ကျွန်မရဲ့ Immediate Boss ဖြစ်တဲ့ Hal Bosher က World Bank မှာလည်း Experience ရှိခဲ့တော့ Corporate Banking ကို သူတည်ထောင်ချင်တယ်။ ကျွန်မရဲ့ Background ကလည်း Corporate Banking ကလာတဲ့အတွက်ကြောင့် အဆင်ပြေမယ်ဆိုပြီးတော့ ကျွန်မကလည်း ကိုယ်တကယ် Contribute လုပ်နိုင်တဲ့အတွက် Lead လုပ်စေခဲ့တယ်။
နောက်ပြီး ကျွန်မ အလုပ်ရွေးတဲ့အချိန်က ကျွန်မက Market မှာ ဘယ်လောက် Impact ဖြစ်နိုင်သလဲ၊ ကိုယ့်ရဲ့ Skill ကို ဘယ်လောက်အထိ Contribute လုပ်နိုင်သလဲဆိုတာကို ကြည့်တယ်။ တခြားလစာတွေ၊ Title တွေက အရေးမကြီးတော့ဘူး။ နောက်ပြီး နိုင်ငံအတွက် ပြန်ပြီးပါဝင်ခွင့်ရတာကိုလည်း ကံကောင်းတယ်လို့ ပြောရမယ်။ ဒီလိုမျိုးစဉ်းစားပြီး ဒီအလုပ်ကို လက်ခံခဲ့တယ်။ စဝင်တဲ့အချိန်မှာ Corporate Banking လုပ်တယ်၊ Local Clients ရော International Clients ပါပါတယ်။ နောက်ပိုင်းမှာ MNC Clients တွေ ဝင်လာတဲ့အတွက် အဲဒီ Account တွေကို စပြီးတော့ Manage လုပ်လာတယ်။ ကျွန်မစဝင်ချိန်မှာ ကျွန်မ Team မှာ ကျွန်မတစ်ယောက်ပဲ ရှိတယ်။ ဒီကနေ ကျွန်မက Yoma Strategic Holdings ကို Promote ဖြစ်သွားတဲ့အချိန်မှာ ကျွန်မရဲ့ Team မှာ ၁၅ ယောက်လောက် ရှိလာတယ်။ Strong ဖြစ်တယ်ဆိုတဲ့ နေရာတစ်ခုကို ရလာချိန်မှာ အောင်မြင်တယ်လို့ ပြောလို့ရတယ်။ နောက်ပြီး ကျွန်မတို့ရဲ့ Portfolio ဆိုရင်လည်း သုညကနေ စပြီး ခုနစ်ရာဘီလီယံလောက် ဖြစ်လာတယ်။ Loan Portfolio ဆိုရင်လည်း လေးရာဘီလီယံလောက် ဖြစ်လာတယ်။ အဲဒီတော့ ကျွန်မတို့ Management ကနေ Appreciate ဖြစ်တဲ့ အတွက်ကြောင့် ကျွန်မကို Yoma Strategic Holdings Group Dirctor of Corporate Affairs အနေနဲ့ Lead လုပ်ခိုင်းတယ်။ Corporate Affairs က ကျွန်မရဲ့ Expertise တော့ မဟုတ်ဘူး။ ဒါပေမဲ့ Management က ကျွန်မနဲ့ဘာကြောင့် သင့်တော်တယ်လို့ထင်သလဲဆိုရင် ကျွန်မတို့ကုမ္ပဏီက ကြီးတယ်။ Diversity လည်း ဖြစ်တယ်။ နိုင်ငံတကာကလည်း သိတယ်။ Yoma Strategic လို့ပြောရင် နိုင်ငံတကာကသိပြီး FMI ဆိုရင်တော့ မြန်မာကုမ္ပဏီဆိုပြီး သိတယ်။ ဒီ Misconception ကို ကျွန်မက Local ရော Foreign မှာပါ Promote လုပ်ရမယ်။ Communicate လုပ်ရမယ်။ နောက်ပြီး ကျွန်မက Market ထဲမှာ Corporate Banking နဲ့ပတ်သက်ပြီးတော့ Market လည်း ရှိပြီးသား၊ နေရာတစ်ခုလည်း ရပြီးသားဖြစ်တာကြောင့် ဒီ Role က ကျွန်မနဲ့ သင့်တော်တယ်လို့ ဆုံးဖြတ်ကြတယ်။ ကျွန်မအနေနဲ့လည်း ကိုယ့် Field တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် Challenge လုပ်ချင်တယ်။ အဓိကက လူတွေနဲ့ဆက်ဆံတယ်။ ကုမ္ပဏီကို Promote လုပ်တယ်။ ကုမ္ပဏီရဲ့လက်ရှိအနေအထားနဲ့ Performance တွေကို Market မှာ Represent လုပ်ရတယ်။ နောက်ပြီး နိုင်ငံတကာအထိ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို အမှန်အတိုင်း ပြောပြလို့ရတယ်။ အဲဒီအတွက်ကြောင့် ကျွန်မက လက်ခံခဲ့တယ်။ ကျွန်မကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ Team အတွက် Hire လုပ်တဲ့အချိန်မှာ မေးတယ်။ Why Yoma ပေါ့။ ဘာကြောင့်မို့ ဒီကုမ္ပဏီကို ရွေးချယ်တာလဲ။ ပြီးသွားရင် ဒီ Specific Function ကို ဘာကြောင့်လုပ်ချင်သလဲ။ ဒီလို ဘာကြောင့်မေးသလဲဆိုရင် ကျွန်မတို့အနေနဲ့ကလည်း ဒါကို သိတော့မှ သူတို့ရဲ့ Career Development ကို ဖန်တီးပေးလို့ရမယ်။ လူတစ်ယောက်မှာ ရည်ရွယ်ချက်က သိပ်အရေးကြီးပါတယ်။ အဲဒီမှာ ပိုက်ဆံအတွက် အလုပ်မလုပ်ဖို့တော့ ကျွန်မအမြဲပြောပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း အလုပ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ပိုက်ဆံအတွက် မလုပ်ဘူး။ Professional တစ်ယောက် ဖြစ်လာချိန်မှာ ငွေက အရေးမကြီးဘူးဆိုတာကို သိလာတယ်။ အဲဒီအချိန်မှာ ကိုယ်ဘာလုပ်နိုင်သလဲ၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်က ဘာလဲ၊ ကိုယ့်ရဲ့ Management က ဘာလဲ၊ ဒါတွေက အရေးအကြီးဆုံးဖြစ်သွားတယ်။ ပြီးရင် ကိုယ်က ကိုယ့်အလုပ်ကို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုရင် ကိုယ့် Management က ကိုယ့်ကို Respect ပေးမယ်၊ ကိုယ့်လုပ်ဆောင်မှုအပေါ် Appreciate ဖြစ်လာတဲ့အခါ ဒီငွေဆိုတာက သူ့ဟာသူ ပါလာတယ်။
ဒီတော့ ပြန်ချုပ်ရမယ်ဆိုရင် ကျွန်မက ကုမ္ပဏီတစ်ခုကိုရွေးချယ်တဲ့အခါ ငွေကို လုံးဝမကြည့်ဘူး။ လုပ်ပိုင်ခွင့်ကို အရင်ကြည့်တယ်။ ပြီးရင် ကိုယ့် Management ကို ကြည့်တယ်။ ပြီးသွားရင် ဒီကုမ္ပဏီရဲ့ Corporate Governance ကို ကြည့်တယ်။ ဒါတွေက သိပ်အရေးကြီးတယ်။ ဒါတွေပေါ်ကနေ ပြီးတော့ပဲ ကောင်းမွန်တဲ့ အသိပညာတွေ ရနိုင်တယ်။ ကောင်းမွန်တဲ့ Training တွေ ရနိုင်တယ်။ Mentorshipတွေ၊ Inspiration တွေ ရမယ်။ ဒါတွေက ကိုယ်ဘယ်သွားသွား ပါသွားမယ့်အရာတွေ ဖြစ်တယ်။ အခုမြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဖြစ်တဲ့ Job Seeker Market မှာ အလုပ်အကိုင်ရွေးချယ်တဲ့နေရာမှာ ကိုယ်ဟာ အရင်ဆုံးလစာကို မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နိုင်သလဲ၊ သူများဆီက မတောင်းခင်မှာ ငါဘာပေးနိုင်သလဲဆိုတာကို အရင်ဆုံး စဉ်းစားစေချင်တယ်။ ကိုယ့်ကိုပေးတဲ့တာဝန်ကို ကျေပွန်အောင် လုပ်နိုင်မလား၊ နောက်ပြီး ဒီအလုပ်နဲ့ ကိုယ်ရတဲ့လစာ၊ ခံစားခွင့်ဟာ မျှတရဲ့လားဆိုတာကို အမြဲတမ်းစဉ်းစားစေချင်တယ်။
Tanakorn Promthep
Head of Marketing
Osotspa Loi Hein Company Limited
လက်ရှိ အလုပ်လုပ်နေတဲ့ Organization ကို ဘယ်လို ရွေးချယ်ခဲ့ပါသလဲ . . .
ကျွန်တော့်အနေနဲ့ကတော့ ကုမ္ပဏီရဲ့ခိုင်မာမှုနဲ့ Reputation ကို အဓိကကြည့်ပြီး ရွေးချယ်ပါတယ်။ ကျွန်တော် လက်ရှိမှာ အလုပ်လုပ်နေတဲ့ဆိုရင် ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၁၂၀ ကျော်ပြီဆိုတော့ ခိုင်မာမှုအနေနဲ့ကတော့ သေချာပြီးသားပါ။ Repution ဆိုရင်လည်း စတင်တည်ထောင်ကတည်းက လူမှုရေးပိုင်းဆိုင်ရာ ကြည့်ရှုထောက်ပံ့မှုတွေလည်း တောက်လျှောက်အများကြီးလုပ်တယ်။ M-150 ၊ SHARK ၊ Babi Mild စသဖြင့် ဖြန့်ချီနေတဲ့ ကုန်ပစ္စည်းတွေ ဆိုရင်လည်း အရည်အသွေးပိုင်းက ကောင်းမွန်တယ်။ အခုဆိုရင် Osotspa မှာ အလုပ်လုပ်တာ ငါးနှစ်နီးပါးရှိပြီး Osotaspa Loi Hein အနေနဲ့ဆိုရင်တော့ နှစ်နှစ်ရှိပါပြီ။
လုပ်ငန်းခွင်ဘဝတစ်လျှောက်မှာကော Organization တွေ ရွေးချယ်ရာမှာ ဘယ်လိုအချက်တွေကိုကြည့်ပြီး ရွေးချယ်ခဲ့ပါသလဲ . . .
ဒီလိုရွေးချယ်ရာမှာ အသက်အရွယ်နဲ့လည်း ဆိုင်ပါတယ်။ အသက်ငယ်တုန်းမှာတော့ လခဘယ်လောက်ရမလဲ၊ ကုမ္ပဏီက နာမည်ကြီးလားဆိုတဲ့အချက်တွေကို ကြည့်ခဲ့ကောင်းကြည့်ခဲ့မှာပါ။ ဒါပေမဲ့ အသက်အရွယ် နည်းနည်းရလာပြီး လုပ်သက်ရင့်လာတဲ့အချိန်မှာတော့ ဝင်ငွေအပြင် တခြားအချက်တွေကိုပါ ထည့်ပြီး စဉ်းစားလာတယ်။ ကိုယ်အလုပ်လုပ်မယ့်ကုမ္ပဏီက လူမှုပတ်ဝန်းကျင်အပေါ် ဘယ်လောက်တာဝန်ယူမှု ရှိသလဲ၊ ဒီကုမ္ပဏီကနေ ဘာတွေထပ်ပြီး လေ့လာနိုင်တဲ့ အခွင့်အရေးရှိမလဲ၊ ကိုယ့်ဘက်ကကော ဒီကုမ္ပဏီမှာ ဘယ်လောက် Contribution လုပ်နိုင်မလဲ ဆိုတာတွေပါ အဓိကထားပြီး ကြည့်လာတယ်။
ကျွန်တော် အလုပ်စဝင်ချိန်မှာ အိမ်ယာမြေလုပ်ငန်းမှာ Marketing ပိုင်းကို စလုပ်ခဲ့တယ်။ အဲဒီတုန်းက အလုပ်လုပ်ဖို့ ကုမ္ပဏီရွေးချယ်ခဲ့တုန်းကတော့ ကိုယ်ဝါသနာပါတဲ့ လုပ်ငန်းနယ်ပယ်ကို အဓိကထားပြီးတော့ ရွေးပြီးလုပ်တာပေါ့။ ကျွန်တော်က Mahidol University International College (Thailand) ကနေ Bachelor of Marketing ရခဲ့တယ်။ Marketing ကို တကယ်ကို သဘောကျ၊ စိတ်ဝင်စားတဲ့အတွက် အလုပ်စလုပ်ချိန်မှာတော့ Marketing နဲ့ပတ်သက်တဲ့ လုပ်ငန်းကိုပဲ ရွေးချယ်လိုက်တယ်။ တောက်လျှောက်လည်း Marketing ကိုပဲ Industry တွေပြောင်းပြီး လုပ်ခဲ့တယ်။ အိမ်ယာမြေလုပ်ငန်း ပြီးတော့ စားသောက်ကုန် (နို့ဆီ၊ နို့စိမ်း) လုပ်ငန်း၊ နောက်ပြီးတော့မှ အားဖြည့်အချိုရည်လုပ်ငန်းပိုင်းကို ရောက်လာပါတယ်။
အလုပ်တွေပြောင်းချိန်မှာကော ဘယ်အချက်တွေကြည့်ပြီး Organization တွေ ထပ်ရွေးခဲ့သလဲ . . .
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင် ကိုယ့်အတွက် ဘာခံစားခွင့်တွေ ထပ်ရမလဲဆိုတာကို အဓိက အခြေခံပါမယ်။ ဒီအပြင်ကတော့ ရှေ့မှာပြောခဲ့သလိုပဲ ကုမ္ပဏီရဲ့ခိုင်မာမှု၊ လူမှုပတ်ဝန်းကျင်အပေါ် ထောက်ပံ့မှုတွေကို ကြည့်ပါမယ်။
ကိုယ်လက်ရှိအလုပ်လုပ်နေတဲ့ Organization ကနေ ထွက်သင့်ပြီဆိုတာကိုကော ဘယ်အချက်တွေကိုကြည့်ပြီး ဆုံးဖြတ်နိုင်မလဲ . . .
ကိုယ်လက်ရှိလုပ်နေတဲ့ လုပ်ငန်းမှာ ကိုယ်မပျော်တော့ဘူးဆိုရင် စဉ်းစားသင့်ပါတယ်။ မပျော်ဘူးဆိုတာ တစ်ရက်၊ နှစ်ရက်ကိုပြောတာ မဟုတ်ဘူး။ သုံးလတန်သည်၊ ခြောက်လတန်သည် မပျော်ဘူး၊ စိတ်သက်သာမှု မရှိဘူးဆိုရင် စစဉ်းစားဖို့သင့်ပါပြီ။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုအကြံပေးချင်တာက ဘာကြောင့်မပျော်တာလဲ ဆိုတာကို Checklist လေးတစ်ခုလုပ်ဖို့ပါ။ လုပ်ဖော်ကိုင်ဖက်နဲ့ အဆင်မပြေလို့လား၊ လခပိုရသင့်တယ် ထင်လို့လား စသဖြင့် Checklist လုပ်လိုက်ပါ။ ပြီးရင် ဒါကို သင့်တော်တဲ့နည်းလမ်းနဲ့ ကြိုးစားပြီး ဖြေရှင်းကြည့်ပါ။ တချို့ကိစ္စတွေကျတော့ ကိုယ်နဲ့တင်မပြီးနိုင်ဘဲ ကိုယ့်အထက်လူကြီးကနေ ဆုံးဖြတ်ပြီး လုပ်ပေးမှ အဆင်ပြေနိုင်တာမျိုးလည်း ရှိမယ်။ ဒီလို ကြိုးစားလုပ်ကြည့်ပြီးမှ လုံးဝမရနိုင်တော့ဘူး၊ ဒီထက်ကောင်းတဲ့ အခွင့်အရေးလည်း ရှိနေပြီဆိုတော့မှ အလုပ်ပြောင်းပါလို့ အကြံပေးချင်ပါတယ်။
Thanaphon Arphasittinant
New Business Development Manager
Media Intelligence (Myanmar) Co Ltd
ကိုယ်အလုပ်လုပ်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ရွေးချယ်တာနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပေးချင်ပါသလဲ . . .
အလုပ်လုပ်ကိုင်နိုင်တဲ့ အဖွဲ့အစည်းတွေက အများကြီးရှိပါတယ်။ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ကိုင်နိုင်မယ့် အဖွဲ့အစည်းကိုရှာတာက အလွန်အရေးကြီးပါတယ်။ အလုပ်က ဘယ်လောက်ပဲကောင်းနေပါစေ၊ အဖွဲ့အစည်းက ကိုယ့်အတွက် နေရာမှန်မဟုတ်ဘူးလို့ထင်ရင် ပျော်ရွှင်ဖို့အတွက် ရုန်းကန်ကြိုးစားနေရလိမ့်မယ်။ ရေရှည်မှာ ကိုယ့်ကိုအောင်မြင်စေနိုင်မယ့်အချက်က ပျော်ရွှင်မှုဖြစ်ပြီး ကိုယ့်ကို စိတ်ချမ်းသာစေတဲ့အရာပဲ ဖြစ်ပါတယ်။ လစာ၊ အလုပ်အကိုင်၊ တာဝန်၊ နေရာ၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင် အစရှိတာတွေကို အရင်ဆုံး စဉ်းစားရပါမယ်။ သင့်အလုပ်အကိုင်အောင်မြင်ပြီး အကျိုးကျေးဇူးတွေ ရရှိခံစားနိုင်ဖို့အတွက် ရေရှည်အလုပ်လုပ်ကိုင်သွားဖို့ စီစဉ်ထားရပါမယ်။ တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ ဘယ်သူမှ အကျိုးအမြတ်မရပါဘူး။
အဖွဲ့အစည်းပေါင်းစုံနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တော်ရဲ့ အလုပ်အတွေ့အကြုံတွေအရ အလုပ်တစ်ခု မလျှောက်ခင်မှာ အဖွဲ့အစည်းကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ အချက်လေးချက်နဲ့ ပြောပြချင်ပါတယ်။
၁။ အဖွဲ့အစည်းအကြောင်းကို သေချာလေ့လာ စုံစမ်းပါ
ပထမဆုံးပြုလုပ်ရမယ့်အချက်ကတော့ အင်တာနက်နဲ့ တရားဝင်ဝက်ဘ်ဆိုဒ်တွေကနေ ရှာဖွေလေ့လာတာပဲ ဖြစ်ပါတယ်။ တချို့အဖွဲ့အစည်းတွေ၊ MLM စီးပွားရေးလုပ်ငန်းတွေဆိုရင် ဘယ်သူမဆို လုပ်ငန်းစတင်နိုင်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့ နည်းစနစ်ကျကျ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက တချို့ MLM စီးပွားရေးတွေက မမှန်မကန် လုပ်တာမျိုးတွေ ရှိတတ်ပါတယ်။ အဖွဲ့အစည်းကို ဘယ်လိုစီမံခန့်ခွဲ လုပ်ကိုင်နေတယ်ဆိုတာကို လေ့လာပါ။
အဖွဲ့အစည်းကိုရှာပြီး သူတို့ရဲ့ကိုယ်ပိုင် Website မဟုတ်တဲ့ တခြားနေရာတွေကနေ စုံစမ်းပါ။ အရင်တုန်းက သတင်းတွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ဝေဖန်အကြံပြုချက်တွေကို လေ့လာပါ။ ဒါအပြင် အဖွဲ့အစည်းရဲ့ လက်ရှိအခြေအနေအကြောင်း သုံးသပ်တဲ့ ပြည်တွင်းမီဒီယာတွေကို နားစွင့်ပါ။ ဥပမာ- အဖွဲ့အစည်းက ထိုင်းနိုင်ငံမှာ စီမံကိန်းတစ်ရပ်လုပ်ကိုင်နေတယ်ဆိုရင် အဖွဲ့အစည်းနာမည်နဲ့ ထိုင်းဘလော့ဂ် စာမျက်နှာတွေ၊ သတင်းဝက်ဘ်ဆိုဒ်တွေကို ရှာဖွေဖတ်ရှုပါ။
တတ်နိုင်ရင် ရုံးတည်နေရာကို သွားလေ့လာပြီး ရုံးပတ်ဝန်းကျင်နဲ့ အဲဒီမှာအလုပ်လုပ်နေတဲ့ လူတွေအကြောင်း အကျဉ်းချုံးသိအောင် လုပ်ပါ။ သူတစ်ပါးကိုတော့ စိတ်အနှောင့်အယှက် မဖြစ်ပါစေနဲ့။
၂။ အချက်အလက် ပြည့်ပြည့်စုံစုံသိရအောင် မေးမြန်းကြည့်ပါ
အဖွဲ့အစည်းမှာ လက်ရှိအလုပ်လုပ်နေတဲ့ လူတစ်ယောက်ယောက်ကို အဖွဲ့အစည်းအကြောင်း မေးမြန်းကြည့်တာက ပိုပြီးအထောက်အကူဖြစ်စေပါလိမ့်မယ်။ ပုံမှန်အားဖြင့်တော့ အဖွဲ့အစည်းအကြောင်း တစ်ဖက်သတ်အမြင်တွေ ရနိုင်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်းမေးတဲ့ သဘောတရားအရကြောင့် ဖြေပေးသူက အကျိုးအကြောင်းသင့်သင့်နဲ့ ရိုးရိုးသားသား ပြောပြပေးနိုင်ပါတယ်။
၃။ အဖွဲ့အစည်းမှာ အရင်က အလုပ်လုပ်ဖူးတဲ့သူတွေနဲ့ စကားပြောကြည့်ပါ
မေးမြန်းစုံစမ်းမယ်ဆိုရင် အဖွဲ့အစည်းမှာ အလုပ်လုပ်ခဲ့ဖူးတဲ့သူတွေ၊ အလုပ်တွဲလုပ်ဖူးသူတွေ၊ အဖွဲ့အစည်းအကြောင်း ကြားဖူးတဲ့သူတွေကို မေးမြန်းပါ။ သူတို့ရဲ့ ထင်မြင်ချက်တွေ အကုန်လုံးကို သေချာဆန်းစစ်လေ့လာဖို့ ပြင်ဆင်ထားပါ။ တချို့အလုပ်သမားတွေက အလုပ်ထုတ်ခံထားရတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် သိပ်မနှစ်သက်တာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့အစည်းရဲ့ မကောင်းသတင်းတွေ ကြားရရင်တောင် ဆက်ပြီးစုံစမ်းသင့်ပါသေးတယ်။
၄။ စေတနာ့ ဝန်ထမ်း၊ ဒါမှမဟုတ် အလုပ်သင်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ပါ
အဖွဲ့အစည်းအကြောင်း သေသေချာချာသိနားလည်ဖို့ စေတနာ့ဝန်ထမ်း၊ ဒါမှမဟုတ် အလုပ်သင်အနေနဲ့ လုပ်ကိုင်ကြည့်ပါ။ အဖွဲ့အစည်းရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေသလဲဆိုတာ သိနိုင်ပြီး အဲဒီနေရာကို စီမံအုပ်ချုပ်နေတဲ့သူတွေကိုလည်း သိကျွမ်းခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရာတွေနဲ့ စေတနာ့ဝန်ထမ်းလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေ ပေါင်းလိုက်ရင်တော့ ဒါက တကယ့်ကို လုပ်ဆောင်ကြည့်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဦးသူရိန်ငြိမ်း
Managing Director
Nielsen MMRD
လုပ်ငန်းခွင်ဘဝအစ . . .
ကျွန်တော်တို့ လုပ်ငန်းခွင်စဝင်တဲ့အချိန် ၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ဆိုရှယ်လစ်ခေတ်က အစိုးရဝန်ထမ်းပဲ လုပ်မယ်ဆိုတာထက် Private Sector နည်းနည်းပွင့်လင်းလာတော့ ရွေးချယ်စရာတွေ ပိုလာတယ်။ ငယ်ငယ်ကတည်းကတော့ ကိုယ်တတ်တဲ့ပညာနဲ့ ဘာလုပ်လို့ရမလဲဆိုတာ အမြဲစဉ်းစားတယ်။ စီးပွားရေးတက္ကသိုလ်ကနေ ဘွဲ့ရလာတဲ့အခါ အစိုးရဝန်ထမ်းအနေနဲ့ အောက်ခြေက စတာရှိမယ်၊ နောက်ပြီး National Planning လို ကိုယ့်ပညာနဲ့ကိုယ် အလုပ်လုပ်နိုင်မယ့် အခွင့်အရေးလေးတွေ ရှိမယ်။ ၉၀ ပြည့်နှစ်နောက်ပိုင်း Private Company တွေ ပေါ်လာတဲ့အခါကျတော့ Private Sector ထဲမှာ ကိုယ့်ပညာနဲ့ ဘာတွေ တိုက်ရိုက်အလုပ်လုပ်နိုင်တာရှိမလဲဆိုတာ ရှာခဲ့တယ်။
ငယ်သေးတဲ့အချိန်မှာတုန်းကတော့ ဘွဲ့တစ်ခုရပြီး အလုပ်တစ်ခု ဝင်ရမယ်။ ဒီအလုပ်က ကိုယ့်ပညာ၊ ကိုယ့်လုပ်အား၊ ကိုယ့်ပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ အလုပ်တစ်ခုကို လုပ်မယ်လို့ စဉ်းစားလိုက်တယ်။ အဲဒီအထဲမှာတော့ ကိုယ့်အတွက် လုပ်ငန်းခွင် ပျော်ရွှင်မှုလည်း ရှိမယ်၊ အကြီးအကဲတွေကလည်း ကိုယ့်စိတ်ဓာတ်နဲ့ သိပ်မကွာဘူးဆိုရင် ပိုကောင်းတယ်လို့ ရိုးရိုးရှင်းရှင်းပဲ စဉ်းစားမိတယ်။ ဝင်ငွေဆိုတဲ့ နေရာမှာတော့ မိဘအိမ်မှာ နေတယ်။ စားစရာနဲ့ ဝတ်စရာကတော့ သူ့ဟာနဲ့သူ လည်ပတ်သွားမှာပဲပေါ့။
အစိုးရဝန်ထမ်းဘဝကို စဉ်းစားကြည့်တော့ အဆင့်ဆင့်ရာထူးတက်မယ်၊ လစာလည်း သတ်မှတ်ထားတဲ့အတိုင်းပဲ တက်မယ်ဆိုတော့ လူငယ်အနေနဲ့ စဉ်းစားတဲ့အခါ ပျင်းစရာကြီးဖြစ်နေမလားလို့ တွေးမိတယ်။ ငယ်တုန်းကို စိန်ခေါ်မှုတွေ ယူချင်တယ်ဆိုပြီး ကြည့်ရင်းနဲ့ ရန်ကုန်လမ်းညွှန်ထုတ်တဲ့ MMRD Group ကိုတွေ့ပြီး အလုပ်လုပ်ဖြစ်ခဲ့တယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း ကျောင်းသားဘဝက Survey တွေ ဆင်းဖူးတယ်၊ Data တွေ ကောက်ဖူးတဲ့အခါ ဒီအလုပ်ကလည်း Data အချက်အလက်တွေကို အခြေခံပြီးတော့ လုပ်ရမယ့်အလုပ်ဆိုတော့ နီးစပ်တယ်ဆိုပြီးတော့ စမ်းကြည့်မယ်ဆိုပြီး လုပ်ခဲ့တယ်။
ကျွန်တော်မြင်တာကတော့ အလုပ်တစ်ခုကို ဘယ်လိုရွေးချယ်မလဲဆိုတာအပြင် ရွေးချယ်ပြီး အလုပ်လုပ်ပြီးတဲ့ အချိန်မှာလည်း လပိုင်း၊ နှစ်ပိုင်းကြာတဲ့အခါ ဒီအတိုင်းပဲ ဆက်လျှောက်မလား၊ အပြောင်းအလဲ လုပ်ချင်သေးသလား ဆိုတာတွေကလည်း အများကြီးရှိမယ်။
အလုပ်လုပ်ရင်းနဲ့ ဒီ Organization က ကိုယ့်အတွက် မှန်ကန်တဲ့ Organization မှန်း ဘယ်လိုအချက်တွေနဲ့ သိခဲ့ပါသလဲ . . .
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတည်ဆောက်ရတာ ပိုလွယ်တယ်။ ၁၀၀ ရာခိုင်နှုန်း အဆင်ပြေတာမျိုးတော့ မဟုတ်ပေမယ့် ရာခိုင်နှုန်း တော်တော်များများ ညှိယူလို့ရတယ်။ တစ်ယောက်ကိုတစ်ယောက် မှီခိုလို့ရတယ်။ အတူတူလုပ်လို့ရတယ်။ ဒါက ကျေနပ်စရာ ဖြစ်နေတယ်။ ငွေကြေးပိုင်းအရပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းအရပဲဖြစ်ဖြစ် စိန်ခေါ်မှုတွေ ကြုံလာတဲ့အခါမှာလည်း ကိုယ့်အခက်အခဲ သူကဖြေရှင်းပေး၊ သူ့အခက်အခဲ ကိုယ်ကဖြေရှင်းပေးရင်းနဲ့ အတူတူလက်တွဲလာတယ်။ နောက်တစ်ခုက Attachment ရှိလာတာပေါ့။ ဒီတော့ တော်ရုံတန်ရုံအလုပ်တွေက ခေါ်တာတွေ ရှိရင်တောင် မပြောင်းဖြစ်တော့ဘူး။ နောက်ပြီး ဒီအလုပ်မှာ ဝန်ထမ်းသစ်တွေ ဝင်လာတိုင်း ဒီအလုပ်ရဲ့ အကျိုးကျေးဇူးကို ဘယ်လိုရှင်းပြဖြစ်သလဲဆိုတော့ ကျွန်တော်တို့အလုပ်က အချက်အလက်တွေ ကောက်ရမယ်။ ကြော်ငြာတွေကောက်ရမယ်။ အပြင်ကို အမြဲတမ်းသွားနေရတယ်။ တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ အမြဲတမ်း တွေ့ရတယ်။ လုပ်ငန်းတွေက ဘာကြောင့်ကျွန်တော်တို့ဆီမှာ ကြော်ငြာထည့်သင့်သလဲဆိုတာကို မေးတဲ့အခါမှာ ကိုယ့်လုပ်ငန်းအကြောင်း ရှင်းပြရင်းနဲ့ သူတို့ကလည်း သူတို့အတွေ့အကြုံကို ပြန်ဖလှယ်တယ်။
နောက်ပြီး ကျွန်တော့်အလုပ်က ကုမ္ပဏီတစ်ခုကနေတစ်ခုကို ပြောင်းနေတာမျိုး မဟုတ်ပေမယ့် ဒီလုပ်ငန်းခွင်ထဲမှာပဲ လုပ်ငန်းတွေတိုးချဲ့လာတဲ့အခါ အသစ်အသစ်တွေ အများကြီး ပြောင်းလုပ်ရတယ်။ စိန်ခေါ်မှုတွေက အမြဲတမ်းရှိနေတယ်။ ကြော်ငြာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ သုတေသနနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဖြစ်လာတယ်။ ကျွန်တော်တို့ လမ်းညွှန်စာအုပ်လုပ်ငန်းကို စလုပ်တဲ့ ၉၂-၉၃ လောက်မှာ အများစုက ကျွန်တော့်ထက် စီနီယာတွေ များတယ်။ လုပ်ငန်းစချိန်မှာ ၁၅ ယောက်လောက်ကနေ ထွက်သွားတာတွေ၊ ထပ်ဝင်လာတာတွေ ရှိပြီးတော့ တဖြည်းဖြည်းနဲ့ Unique ဖြစ်တဲ့ Team လေးပဲ ကျန်တယ်။ အဲဒီအချိန်မှာပဲ လမ်းညွှန်စာအုပ်ထုတ်ရင်းနဲ့ လမ်းညွှန်စာအုပ်အတွက် အသုံးဝင်မယ့် အခြေခံကျတဲ့ အချက်အလက်တွေ စပြီးတော့ စုဆောင်းဖြစ်လာတယ်။ နောက်ပြီး ကြော်ငြာအလုပ်တွေ စလုပ်တဲ့အချိန်မှာလည်း ရှိတဲ့အမာခံ လူတွေကပဲ မျှပြီးလုပ်ရတာဖြစ်တဲ့အတွက် အတွေ့အကြုံတွေ ပိုရလာတယ်။
နောက်ပြီး Research အလုပ်ဆိုရင်လည်း Business နဲ့ပတ်သက်တဲ့ Data တွေလုပ်တော့ ဒီလို Basic Information တွေအပြင် Additional Information တွေ လိုချင်တယ်လို့ Clients တွေက ဆိုလာတဲ့အခါ လုပ်ပေးလာတယ်။ ဒီတော့ MMRD လို့ ပြောတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုတည်းမှာ လုပ်ပေမယ့်အတွေ့အကြုံကို ကြည့်လိုက်ရင်း Directory Publication နဲ့ ပတ်သက်တဲ့ အတွေ့အကြုံ၊ ကြော်ငြာနဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ Research နဲ့ ပတ်သက်တဲ့အတွေ့အကြုံဆိုပြီး တစ်ခုပြီးတစ်ခု ဆက်သွားတယ်။ Career တစ်ခုမှာ တစ်သမတ်တည်းနဲ့ ကိုယ့်နေပုံထိုင်ပုံ၊ ကိုယ့်စိတ်ဓာတ်၊ ကိုယ့်ဉာဏ်အား၊ ကိုယ့်ဝီရိယနဲ့ကိုက်တာ ဘာဖြစ်မလဲဆိုတဲ့ အချိန်မှာကျတော့ ကျွန်တော်အချိန်ပေးရမယ့်အထဲမှာ လမ်းညွှန်စာအုပ်တို့၊ ကြော်ငြာလုပ်ငန်းတို့နဲ့စာရင် Research ကို အချိန်ပေးရင် ပိုကောင်းမယ်ဆိုပြီး ကျွန်တော့်ရဲ့ Focus က တဖြည်းဖြည်းနဲ့ Research ဘက်မှာ ပိုများလာတယ်။ ကျွန်တော့်ဆရာသမားကလည်း Research ဘက်ကို အာရုံစိုက်ဖို့ တာဝန်ပေးလာတယ်။ ဒီတော့ ဒီ Organization မှာပဲ ဆက်လုပ်ဖြစ်တာ Challenge တွေ အမြဲရှိနေတာလည်းပါတယ်။ ရှေ့မှာပြောသလို လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု တိုးချဲ့လာတဲ့အခါဖြစ်အောင် လုပ်မယ်၊ ဒီတောင်ကိုကျော်အောင်ကြိုးစားမယ်ဆိုပြီး ဖြစ်လာတယ်။ ဒီလိုကြိုးစားရင်း ဒီ Organization ၊ ဒီ Carrer မှာပဲ မြဲနေတာလည်းပါပါတယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ အလုပ်က ကိုယ့်အတွက် ကောင်းတာရှိသလို ကိုယ်ကလည်း ဒီ Organization အတွက် ကောင်းတာ ဘာလုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားတယ်။ နောက်ပြီး ကိုယ့်ဘက်က အကောင်းဆုံး၊ အရိုးသားဆုံး ကြိုးစားပြီးတဲ့ကြားက ထပ်တူထပ်မျှ ရာနှုန်းပြည့်မဟုတ်တောင် ဆင်တူနီးပါးဖြစ်တဲ့ ကိုယ့်ရဲ့ကြိုးစားမှု ရလဒ်ကို ပြန်ပေးနိုင်တဲ့ Organization မျိုးဖြစ်မယ်။ ကုမ္ပဏီရဲ့ အကျိုးအမြတ်ကို Contribute လုပ်နိုင်တဲ့သူ ဖြစ်ချင်တယ်။
နောက်ထပ်အကြံပေးချင်တာရှိရင် . . .
အဓိကကတော့ လူငယ်တွေကိုပဲ ဦးတည်ပြီး ပြောချင်ပါတယ်။ အလုပ်လုပ်တယ်ဆိုတာ သက်တမ်းအရှည်ကြီး ဦးတည်ပြီးလုပ်ရမှာဖြစ်ပါတယ်။ ဒီတော့ ဘွဲ့တစ်ခုရပြီးချိန်၊ ပညာအရည်အချင်း တစ်ခုရပြီးချိန်မှာ အလုပ်လုပ်မယ်လို့ စဉ်းစားပြီဆိုရင် ကိုယ်ရွေးချယ်တဲ့ အလုပ်က အခြေခံအချက်ကတော့ တူချင်မှတူမယ်။ ဥပမာ - ကိုယ့်ပညာနဲ့ကိုက်ညီတာလား၊ ကိုယ့်ဝါသနာနဲ့ ကိုက်ညီတာလား၊ ကိုယ်ရည်မှန်းထားတဲ့ ဝင်ငွေနဲ့ ကိုက်ညီတာလား ဆိုတာတွေပေါ့။ ရေရှည်ကို ကြည့်မယ်ဆိုရင်တော့ ဘယ်လိုမျိုးလဲဆိုတာကို ကြည့်သင့်တယ်။ နောက်ပြီး Payment နဲ Benefits ဆိုတာကတော့ မဖြစ်မနေကြည့်ကြတဲ့အရာပဲ။ ဒီနေရာမှာလည်း လောဘတွေကြီးပြီးတော့ ကိုယ်လိုချင်တာ ဒီလောက်ဆိုပြီး ဒီလောက်ရမယ့်နေရာကို လိုက်ရှာပြီး အချိန်တွေကုန်မယ့်အစား ဘယ်လောက်ကြာရင် ဒီလောက်ရနိုင်မလဲ၊ ဒီလောက်ရအောင် ကိုယ့်ဘက်က အချိန်၊ လူ၊ ဉာဏ်ပညာတွေ စိုက်ထုတ်လိုက်မယ်ဆိုရင် ဘယ်လောက်ကြာကြာနေရင် ဒါကိုရနိုင်မလဲ၊ ဒီအထဲမှာမှ ငွေမဟုတ်တဲ့ တခြားအတွေ့အကြုံကို ဘာတွေပြန်ရနိုင်မလဲဆိုတာတွေလည်း ထည့်ပြီးတော့ စဉ်းစားသင့်ပါတယ်။ နောက်တစ်ခုကတော့ Working Environment ပေါ့။ အလုပ်ချိန်ဆိုတာ အိပ်ချိန်ကို ဖယ်လိုက်လို့ရှိရင် တစ်နေ့တာရဲ့ တစ်ဝက်ကျော်ကျော်လောက်က အလုပ်ခွင်ထဲမှာရှိတာဆိုတော့ အလုပ်ခွင်ထဲမှာနေရတဲ့ ပတ်ဝန်းကျင်၊ အလုပ်အတူတူလုပ်ရတဲ့လူတွေက ကိုယ့် Culture နဲ့ ဘယ်လောက်ကိုက်မလဲ၊ ဒီ Culture ထဲကို ကိုယ်က ဘယ်လောက်မြှုပ်နှံနိုင်မလဲဆိုတာတွေကလည်း ကြည့်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့