စွန့်ဦးတီထွင် ကော်ပိုရေးရှင်း (Corporate Enterpreneurship)

Enterpreneurship ဝေါဟာရကို အမျိုးမျိုးပုံဖော်ကြပါသည်။ စွမ်းရည်ဉာဏ်ရည်သုံး၍ မဖြစ်မနေ လုပ်နိုင်သည့် ကြံရည်ဖန်ရည်ရှိပြီး လှုပ်ရှားစွန့်စားသည်ဟူ၍ ဆိုကြသည်။ ဝေါဟာရများ၏ သဘောအရဆိုပါက ကြီးမားသော ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းထားသော အဖွဲ့အစည်းမှာ စွန့်စားလှုပ်ရှားဖို့ မလွယ်ကူဟုပင် ဆိုနိုင်ပါမည်။ သို့ရာတွင် မလွယ်ကူသော်လည်း Enterpreneurship ပုံစံကိုယူ၍ လှုပ်ရှားစွန့်စားသည့် Corporate Enterpreneurship များ ထွက်ပေါ်လာသည်ကို တွေ့လာနေရပြီ ဖြစ်ပါသည်။

ကော်ပိုရေးရှင်းကြီးများက Enterpreneurship ဖြစ်အောင် ကြိုးစားရသောအကြောင်းမှာ မိမိဈေးကွက်ထဲတွင် အခြားသူများနေရာယူသွားသဖြင့် အခွင့်အရေးများ လက်မလွတ်ရန် ဖြစ်သည်။ ကော်ပိုရေးရှင်းကြီးမှာ မိမိဈေးကွက်ကြီး အကုန်နီးပါး လက်လွှတ်ခဲ့ရသည်များ၊ ပညာရှင်များခေတ်တွင် လိုက်လျောညီထွေမလုပ်ခဲ့၍ မိမိကျွမ်းကျင်ပညာရှင်များက ပြိုင်ဘက်အဖွဲ့အစည်း ဖြစ်သွားခြင်း သာဓကများ ရှိခဲ့သည်။ မိမိထက် လျင်မြန်စွာ စွန့်စားလှုပ်ရှားပြီး ရှေ့ရောက်သွားသော Enterpreneurs များကို မြင်တွေ့ခဲ့ကြသည်။

corentre

တစ်စိတ်တစ်ပိုင်းကို ဝယ်ယူခြင်း . . .

Enterpreneurship ပုံစံအမျိုးမျိုး ထွက်ပေါ်လာသည့်အနက် Enterpreneur ကဲ့သို့ လှုပ်ရှားနိုင်ရန်မှာ မှန်ကန်စွာ စွန့်စားသော Venture Corporate အဖြစ် လုပ်ရန်ဖြစ်သည်။ ယခုခေတ်တိုးတက်ဖွံ့ဖြိုးနေသော နည်းပညာကုမ္ပဏီများ၊ ဆေးဝါးထုတ်လုပ်သော ကုမ္ပဏီများတွင် ပညာရှင်များအတွက် ကုန်ကျမှုမှာသာ အများဆုံးဖြစ်သဖြင့် ကုမ္ပဏီအငယ်များအနေဖြင့် ကုန်ပစ္စည်းအသစ်များ အလွယ်တကူထုတ်လုပ်နိုင်ပြီး ကုမ္ပဏီကြီးများကို စိန်ခေါ်နိုင်သည်။ ကုမ္ပဏီငယ်က အပြိုင်ဖြစ်လာနိုင်သော အခြေအနေတွင် ကုမ္ပဏီငယ်၏ တစ်စိတ်တစ်ပိုင်းကို ဝယ်ယူ၍ လက်တွဲလုပ်ကိုင်နိုင်သည့် အခြေအနေရှိသည်။ Corporate Venturing ပုံစံအမှန်မှာ ကုမ္ပဏီကြီးက လုပ်ငန်းငယ်တွင် ပိုင်ဆိုင်မှုရာခိုင်နှုန်း အနည်းငယ်သာယူ၍ မိမိက နည်းပညာပေးရန် သဘောတူလုပ်နိုင်သည်။ အခြားနောက်တစ်နည်းအနေဖြင့် ရင်းနှီးငွေ မထည့်ဘဲ တွဲဖက်လုပ်နိုင်သည်။

Venture Company များနှင့် တွဲဖက်လုပ်ရသည့် နောက်အကြောင်းတစ်ခုမှာ Venture Company များသည် ဈေးကွက်နှင့် ကျွမ်းဝင်မှုရှိ၍ ဈေးကွက်အခြေအနေကိုကြည့်ကာ ထွက်ချိန်တွင် အမြန်ထွက်နိုင်သည်။ ဥပမာ- ဈေးကွက်အနေအထားမကောင်းဟု ယူဆပါက ဆက်မလုပ်ဘဲ ရပ်တန့်ထွက်ခွာသွားခြင်းမျိုး ဖြစ်သည်။

နောက် Enterpreneurship နှင့် မူကွဲလုပ်နည်းတစ်ခုမှာ ‘amtrapreneuring’ ဖြစ်သည်။ ဆိုလိုသော အဓိပ္ပာယ်မှာ Corporation ကြီးအတွင်း လုပ်ကိုင်သူတစ်ဦးအနေဖြင့် Corporations တစ်ခုလုံးအကျိုးအတွက် Enterpreneur တစ်ယောက်ကဲ့သို့ လုပ်ကိုင်ပြုမူခြင်းကို ဆိုလိုသည်။ Corporations များတွင် အလုပ်လုပ်သူတို့မှာ Dreamers or Doers ဟု ဆိုပါသည်။ Enterpreneur ကတော့  ‘Dreamers who do ’ ဟု ဆိုပါသည်။

Enterpreneurs အနေနှင့် မိမိစိတ်ကူးရှိသလို ဆန္ဒရှိသလို ခွင့်တောင်းရန်မလိုဘဲ လုပ်နိုင်ပြီး မှားသွားလျှင် တောင်းပန်မှုလုပ်သည့်ပုံစံကို အားပေးမှုများလည်း တွေ့လာရသည်။ ထိပ်ပိုင်းမဟာဗျူဟာ ချသည့်သူများအနေဖြင့် ယင်းပုံစံကိုပါ စဉ်းစားကြည့်သင့်သည်ဟု ဆိုလာကြပြန်ပါသည်။

မှတ်ချက် . . .

မြန်မာပြည်ကို ဝင်နေသည့် Corporations များထဲတွင် Venture Corporations များ ဖြစ်နိုင်သလို မြန်မာကုမ္ပဏီ တစ်စိတ်တစ်ပိုင်းသာပါဝင်သည့် ကုမ္ပဏီကြီးများလည်း ရှိနိုင်ပါသည်။

Non – equity အရင်းမပါသည့် ပူးပေါင်းခြင်း (Alliances) များလည်း ဖြစ်နိုင်ကြောင်း သိစေချင်ပါသည်။

ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း - ရန်ကုန်စီးပွားရေးတက္ကသိုလ်)