လိုရာခရီးကို မည်သို့မည်ပုံ အရောက်သွားမည်

Corporate Strategy Strategy မဟာဗျူဟာဆိုသည့် ဝေါဟာရမှာ စစ်ပွဲများနှင့် ပတ်သက်၍ အသိများသည်။ Strategy ကို မဟာဗျူဟာဟု ခြုံငုံသည့်ဗျူဟာအဖြစ်သုံးပြီး Tactics ကို နည်းဗျူဟာဟု သုံးသည်။ ယခုအခါတွင် စီးပွားရေးလောကနှင့်ပတ်သက်၍  အထူးသဖြင့် Corporate  လုပ်ငန်းကြီးများက စီးပွားရေး အောင်မြင်မှုအတွက် တိုက်ပွဲဆန်ဆန် အသုံးအနှုန်း များဖြင့် ပြင်ဆင်ရင်ဆိုင်ကြသည်။ Corporate Strategy အောက်တွင် ထုတ်လုပ်ရေး၊ ရောင်းချဖြန့်ဖြူးရေး၊ ဘဏ္ဍာရေး၊ စာရင်းကိုင်ကိစ္စ၊ ဝန်ထမ်းလူသားစီမံခန့် ခွဲမှုစသည်တို့အားလုံး အကျုံးဝင်သည်။ ၁၉၆၅ ခုနှစ်တွင် H Igor Ansoff က Corporate Strategy  အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပြီးနောက်ပိုင်း စီမံခန့်ခွဲမှုကိုလည်း Strategic Management အဖြစ် တွဲဖက် မြင်လာကြသည်။ Business Consultant  များကလည်း Corporation  များအတွက် ထားရှိသောမျော်မှန်းမှုများကို နှစ်ပတ်လည်အစီရင်ခံစာများ၌ Mission Statement  များဖြင့် လှပသားနားစွာ ဖော်ပြလာကြသည်။ ထည်ဝါလွန်းသော Mission Statement  များကိုလည်း တွေ့ရတတ်သည်။ အမှန်မှာ Mission Statement  တစ်ခုသည် ဖန်တီးဖော်ပြမှုများမဖြစ်သင့်ဘဲ အဖွဲ့အစည်းတွင် ရှိနေပြီးဖြစ်သည့်တန်ဖိုးထားမှု Values များကိုသာ တင်ပြရမည်။ အလေးအနက်ထားစဉ်းစားမည်ဆိုပါက Mission Statement တစ်ခုသည် စီမံခန့်ခွဲသူများနှင့်ဝန်ထမ်းများအတွက်ပါ တန်ဖိုးထားသည့်မှတ်ကျောက်အဖြစ် မိမိတို့၏တန်ဖိုးထားမှုနှင့် လုပ်ငန်းတွင်းယဉ်ကျေးမှုတို့ ရှင်သန်စုစည်းဖော်ပြခြင်း ဖြစ်သည်။ Mission Statement  တစ်ခုတွင် များသောအားဖြင့် အောက်ပါသုံးချက်ကို ဖော်ပြလေ့ရှိသည်။   Mission  အောင်မြင်မှုရရှိရမည်ဟု ခံယူထားသောတာဝန်   Values မိမိလုပ်ငန်း၏ပုံစံနှင့်ဟန် ပြောင်းလဲမှုမရှိသော အလေးထား တန်ဖိုးထားသည့်လုပ်ကိုင်ပုံ   Strategy မျှော်မှန်းဦးတည်ထားသည့်အတိုင်း မည်သည့်နှစ်တွင် ဖြစ်ရမည်။ သို့ရာတွင် Mission Statement သည် Strategy  မဟာဗျူဟာတော့ မဟုတ်ပါ။ မမှတ်ယူနိုင်ပါ။ Corporate Strategy ကို ဆုံးဖြတ်ချက်များချမှတ်ရန် နည်းဥပဒေသအဖြစ် အချို့က လက်ခံအသုံးပြုသည်။ Strategic Decisions များက အောက်ပါအဓိကကျသော မေးခွန်းများကို အဖြေပေးနိုင်ရသည်။ - လုပ်ငန်း၏ရည်မှန်းချက်များ၊ ပန်းတိုင်များမှာ မည်သည့် အရာများဖြစ်သည်။ - လုပ်ငန်းအနေဖြင့် မည်သို့မည်ပုံ တိုးချဲ့ရမည်။ - လုပ်ငန်းထုတ်ကုန်နှင့် လက်ရှိဈေးကွက်ကို မည်သို့တိုးချဲ့ ပိုမိုအောင်မြင်အောင် လုပ်ရမည်။ လုပ်ငန်းအလုပ်များကို တစ်နေ့အလုပ်တစ်နေ့ပြီး  နေရုံလုပ်နေ၍မရ။ အနာဂတ်အလားအလာ၊ လက်ရှိအခြေအနေတို့ကို သုံးသပ်၍ အကိုက်ညီဆုံးဖြစ်မည့် Strategy ကို ချမှတ်ခြင်း၊ အကောင်အထည်ဖော်မည့်အစီအစဉ်များကို စီမံခြင်း၊ အကောင်အထည်ဖော်မှုကို စောင့်ကြည့်ထိန်းသိမ်းခြင်းတို့ဖြင့် Corporate Strategy  ကို အောင်မြင်မှုရစေရမည်။

ဒေါ်ရီရီမြင့်