တရုတ်ယွမ်ငွေတန်ဖိုးချလိုက်တာရဲ့ နောက်ဆက်တွဲ

UThanLwin တရုတ်ရဲ့စီးပွားရေးဟာ မကြာသေးမီကာလတွေအတွင်းမှာ အရှိန်ကျလာတာကို တွေ့ရပါတယ်။ အဲဒီလို စီးပွားရေး ကျဆင်းလာတာကြောင့်် ကျွန်တော့်အထင် တရုတ်ခေါင်းဆောင်တွေဟာ တိုင်းပြည်မှာ ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်လာရာကနေ နိုင်ငံရေးအသွင်ပြောင်းသွားမှာကို စိုးရိမ်တဲ့အတွက် ငွေတန်ဖိုးကျသွားတာကို အကြောင်းပြုပြီး ပို့ကုန်လုပ်ငန်းတိုးတက်လာအောင် လုပ်ချင်တဲ့သဘောမှာရှိတယ်လို့ မြင်ပါတယ်။ တရုတ်ဟာ သူ့စီးပွားရေးတက်အောင်လုပ်ဖို့ တခြားနည်းလမ်းတွေကို စဉ်းစားခဲ့ပြီးလည်း ဖြစ်နိုင်ပါတယ်။ အောင်မြင်ပုံမရတဲ့အတွက် ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြင်ပါတယ်။ ပို့ကုန်ကဏ္ဍ ပြန်လည်တိုးတက်လာလို့ တရုတ်စီးပွားရေးပြန်လည်နာလန်ထူလာရင် စက်မှုလက်မှုလုပ်ငန်းတွေ ပြန်ပြီးတော့ခေါင်းထောင်လာမယ်။ အဲဒါမှ တိုင်းပြည်စီးပွားရေးငြိမ်သက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပို့ကုန်ပစ္စည်းတွေ ဈေးသက်သာလာပြီး ပြည်ပမှ တရုတ်ပစ္စည်းတွေ ပိုမိုတင်သွားလာအောင်၊ ပို့ကုန်လုပ်ငန်းတိုးတက်လာအောင် ငွေတန်ဖိုးချပုံရပါတယ်။ တရုတ်ငွေတန်ဖိုးချလိုက်တာကြောင့် နိုင်ငံတကာမှာလည်း ဂယက်တွေ ရိုက်ကုန်ပါတယ်။ ဥပမာ- အမေရိကန်မှာဆိုရင် အခုရှယ်ယာဈေးတွေ အထိုက်အလျောက် ကျဆင်းသွားတာကို တွေ့ရပါတယ်။ ငွေတန်ဖိုးချတာရဲ့ အကျိုးအပြစ်က အမြဲတမ်းရှိပါတယ်။ ပို့ကုန်တန်ဖိုးတက်လာစေတဲ့အကျိုးတော့ ရှိတယ်ဆိုပေမဲ့ ပြည်ပကနေပစ္စည်းဝယ်တဲ့အခါမှာ ဈေးကြီးသွားတယ်။ နောက်ပြီး ပြည်ပမှာကြွေးမြီတွေရှိလို့ ရှိရင် ပြန်ဆပ်ရတဲ့အခါမှာ ပိုပြီးတော့တန်ဖိုးကြီးသွားတယ်။ ကြေးနည်းနည်းကြီးသွားတဲ့အတွက် ဒီအပိုင်း ကိုလည်း သူစဉ်းစားရတော့မှာ ဖြစ်ပါတယ်။ သွင်းကုန်တွေ ဈေးကြီးကြီးပေးဝယ်ရပြီး အပြင်ကို ကြွေးမြီတွေ ရှိလို့ ပြန်ဆပ်တဲ့အခါမှာ တန်ဖိုးကြီးကြီး ပြန်ပေးရတော့မှာ ဖြစ်ပါတယ်။ တရုတ်ခေါင်းဆောင်တွေက ဒီလိုတန်ဖိုးပေးဆပ်ရမယ့်အပိုင်း ရှိတာကိုသိပေမဲ့လို့ နိုင်ငံတည်ငြိမ်မှုရဖို့အတွက်ကို အဓိကထားပုံရပါတယ်။ ပို့ကုန်တန်ဖိုးကျလို့ သူ့ရဲ့ပို့ကုန်လုပ်ငန်းတွေ ကျဆင်းလာရမယ်ဆိုရင် အလုပ်လက်မဲ့တွေများလာပြီး နိုင်ငံ ရေးမတည်ငြိမ်မှုတွေ ရှိလာနိုင်ပါတယ်။ တကယ်လို့ တရုတ်ဟာ အခုလိုမျိုး ငွေတန်ဖိုးချလိုက်တာကြောင့် သူ့ရဲ့ပို့ကုန်ကဏ္ဍက သိသိသာသာ မတိုးတက်လာသေးဘူးဆိုရင် ဒီထက်ပိုပြီး ငွေတန်ဖိုးချလာနိုင်စရာ အကြောင်းရှိတယ်လို့ မြင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအပေါ်မှာလည်း ဂယက်ရိုက်နိုင်ပါတယ်။ တရုတ်နဲ့ မြန်မာကုန်သွယ်မှုပိုင်းကို ကြည့်ရင် တရုတ်ပစ္စည်းတွေက ဈေးသက်သာလာပြီး မြန်မာပစ္စည်းတွေက ဈေးကြီး လာနိုင်ပါတယ်။ ဒါကြောင့် မြန်မာ့ကုန်စည်တွေက တရုတ်မှာဝယ်လိုအားကျလာနိုင်ပြီး တရုတ်ကုန်စည်တွေကတော့ မြန်မာမှာဝယ်လိုအား များလာနိုင်ခြေရှိပါတယ်။ ဒီဂယက်ဟာ မြန်မာ-တရုတ်ကုန်သွယ်ရေး အပိုင်း၊ နယ်စပ်ကုန်သွယ်မှုအပိုင်းတွေမှာ ရိုက်ခတ်မှု ရှိလာနိုင်ပါတယ်။ အမေရိကန်ဒေါ်လာဈေးတွေ တက်နေတာကလည်း တရုတ်ငွေတန်ဖိုးချလိုက်တာရဲ့ တစ်စိတ်တစ်ဒေသကြောင့်လို့ ပြောလို့ရပါတယ်။ ခြုံပြီးကြည့်မယ်ဆိုရင် တရုတ်ငွေတန်ဖိုးချတာနဲ့ ပတ်သက်ပြီး တရုတ်နဲ့မြန်မာကြားမှာ Effect ကတော့ သိပ်များများစားစားရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်က သူ့ရဲ့ငွေတန်ဖိုးကို ဒီထက်ပိုပြီးချမယ်ဆိုရင်တော့ ဘာဖြစ်လာမလဲဆိုတာကို ကမ္ဘာ့စီးပွားရေးဈေးကွက်ပေါ် မူတည်ပြီး အသေးစိတ်ပြန်တွက်ဖို့လိုပါတယ်။ လက်ရှိမှာ တရုတ်-မြန်မာ ဆက်ဆံရေးကလည်းရှိနေတဲ့အတွက် ဘက်ပေါင်းစုံကနေစဉ်းစားမှပဲ တရုတ်ငွေ တန်ဖိုးချတာရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို တွက်ဆနိုင်မှာဖြစ်ပါတယ်။ အချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ငွေတန်ဖိုးအတက်အကျဆိုတာတော့ အမြဲတမ်းရှိနေမှာပါ။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ ငွေတန်ဖိုး ရုတ်တရက်ကျသွား၊ တက်သွားတာမျိုးကို မလိုလားကြပါဘူး။ ဖြည်းဖြည်းချင်းတက် ဖြည်းဖြည်းချင်းကျဆိုတာမျိုးကိုပဲ လိုလားကြပါတယ်။